မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း

မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း

မေတ္တာကင်းမဲ့သောလောကတွင် မိတ်ဆွေများအဖြစ် ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း

“သင်တို့သည် အချင်းချင်း ချစ်ကြစေရန် ထိုအရာများကို ငါပညတ်၏။”—ယောဟန် ၁၅:၁၇

၁။ ပထမရာစုကခရစ်ယာန်တွေ ဘာကြောင့် ရင်းနှီးတဲ့မိတ်ဆွေတွေ ဆက်ဖြစ်နေဖို့လိုသလဲ။

ယေရှုသည် မိမိ၏မြေကြီးအသက်တာနောက်ဆုံးညတွင် သစ္စာရှိတပည့်များအချင်းချင်း မိတ်ဆွေများအဖြစ် ဆက်၍ခင်မင်ရင်းနှီးနေကြရန် အားပေးခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ကိုယ်တော်က မိမိနောက်လိုက်များ၏ အမှတ်အသားမှာ အချင်းချင်းချစ်သောမေတ္တာဖြစ်မည်ဟု ပြောခဲ့သည်။ (ယော. ၁၃:၃၅) တမန်တော်များသည် ရှေ့တွင်ကြုံတွေ့ရမည့် စုံစမ်းမှုများကို ခံရပ်နိုင်ရန်၊ မကြာမီ သူတို့အား ယေရှုပေးအပ်တော့မည့်လုပ်ငန်းကို ပြီးမြောက်နိုင်ရန် ရင်းနှီးသောမိတ်ဆွေများ ဆက်ဖြစ်နေဖို့လိုသည်။ မှန်ပါသည်၊ ပထမရာစုမှ ခရစ်ယာန်များသည် ဘုရားသခင်အား အလွန်ကြည်ညိုလေးမြတ်ခြင်း၊ တစ်ဦးကိုတစ်ဦး နက်ရှိုင်းစွာချစ်ခြင်းတို့ကြောင့် လူသိများလာသည်။

၂။ (က) ဘာလုပ်ဆောင်ဖို့ ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားသလဲ၊ ဘာကြောင့်လဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ယနေ့၊ ပထမရာစုမှခရစ်ယာန်များ ချမှတ်ခဲ့သောစံနမူနာကို လိုက်လျှောက်သူများနှင့် ဖွဲ့စည်းထားသည့် ကမ္ဘာချီအဖွဲ့အစည်းနှင့် ပူးပေါင်းရသည်မှာ ရွှင်လန်းဖွယ်ပင်။ အချင်းချင်း စစ်မှန်သောမေတ္တာပြပါဟူသော ယေရှု၏မိန့်မှာချက်ကို လိုက်နာရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားသည်။ သို့သော် ဤနောက်ဆုံးသောနေ့ရက်များတွင် လူအများစုသည် သစ္စာမဲ့ပြီး မိသားစုချစ်ခင်စုံမက်မှုမရှိကြပေ။ (၂ တိ. ၃:၁-၃) သူတို့၏ခင်မင်ရင်းနှီးမှုသည် ကိုယ်ကျိုးဖက်ပြီး အပေါ်ယံသာဖြစ်လေ့ရှိသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်၏အမှတ်အသားကို ဆက်ထိန်းသိမ်းရန် ထိုသဘောထားမျိုးကို ရှောင်ရှားရမည်ဖြစ်သည်။ ထို့ကြောင့် အောက်ပါမေးခွန်းများကို သုံးသပ်ကြည့်ကြစို့– မိတ်ဆွေကောင်းဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ကား အဘယ်နည်း။ မိတ်ဆွေကောင်းကို မည်သို့ဖွဲ့နိုင်သနည်း။ အဘယ်အချိန်တွင် မိတ်ဆွေအဖြစ်မှ အဆက်ဖြတ်ဖို့လိုသနည်း။ အကျိုးပြုသော ခင်မင်ရင်းနှီးမှုကို မည်သို့ဆက်ထိန်းသိမ်းနိုင်သနည်း။

မိတ်ဆွေကောင်းဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ကား အဘယ်နည်း

၃၊ ၄။ အခိုင်မြဲဆုံးခင်မင်ရင်းနှီးမှုနှောင်ကြိုးဆိုတာ ဘယ်အရာအပေါ် အခြေခံသလဲ၊ ဘာကြောင့်လဲ။

အခိုင်မြဲဆုံးခင်မင်ရင်းနှီးမှုနှောင်ကြိုးသည် ယေဟောဝါအား ချစ်ခြင်းအပေါ် အခြေခံသည်။ “လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုသူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သောကြိုးသည်လည်း အလွယ်တကူမပြတ်တတ်” ဟုဘုရင်ရှောလမုန်ရေးခဲ့သည်။ (ဒေ. ၄:၁၂) ခင်မင်ရင်းနှီးမှုတွင် ယေဟောဝါသည် တတိယနှောင်ကြိုးဖြစ်ပါက ထိုခင်မင်ရင်းနှီးမှုသည် တည်မြဲနေပါလိမ့်မည်။

ယေဟောဝါကို မချစ်သောသူတို့လည်း ကျေနပ်ဖွယ်ခင်မင်ရင်းနှီးမှု ရှိနိုင်ကြသည်။ သို့သော် လူနှစ်ဦးသည် ဘုရားသခင်ကိုချစ်မြတ်နိုးပါက သူတို့၏ခင်မင်ရင်းနှီးမှုမှာ ခိုင်မြဲနေပါလိမ့်မည်။ မိတ်ဆွေစစ်များသည် နားလည်မှုလွဲပါက ယေဟောဝါနှစ်သက်သော နည်းလမ်းအတိုင်း အချင်းချင်း ပြုမူဆက်ဆံကြပါလိမ့်မည်။ ဘုရားသခင်ကိုဆန့်ကျင်သူတို့သည် စစ်မှန်သောခရစ်ယာန်များကို စိတ်ဝမ်းကွဲစေရန် ကြိုးစားလျှင် သူတို့၏ခင်မင်ရင်းနှီးမှုနှောင်ကြိုးမှာ အလွန်ခိုင်မြဲကြောင်း ဤရန်သူတို့ တွေ့ရှိရပါလိမ့်မည်။ သမိုင်းတစ်လျှောက်တွင် ယေဟောဝါ၏ကျေးကျွန်များသည် တစ်ဦးကိုတစ်ဦး သစ္စာဖောက်မည့်အစား အသက်စွန့်ရန် လိုလိုလားလားရှိကြသည်။—၁ ယောဟန် ၃:၁၆ ကိုဖတ်ပါ။

၅။ ရုသနဲ့နောမိရဲ့ ခင်မင်ရင်းနှီးမှုက ဘာကြောင့် အလွန်ခိုင်မြဲသလဲ။

ယေဟောဝါကိုချစ်မြတ်နိုးသူတို့နှင့် ခင်မင်ရင်းနှီးရခြင်းသည် စိတ်ကျေနပ်ဖွယ်အကောင်ဆုံးဖြစ်သည်မှာ သေချာသည်။ နောမိနှင့်ရုသ၏ပုံဥပမာကို သုံးသပ်ကြည့်ပါ။ ကျမ်းစာပါ နှစ်သက်ဖွယ်အကောင်းဆုံးမှတ်တမ်းများတွင် သူတို့နှစ်ဦး၏ခင်မင်ရင်းနှီးမှုမှတ်တမ်း ပါဝင်သည်။ သူတို့၏ခင်မင်ရင်းနှီးမှုသည် အဘယ်ကြောင့် အလွန်ခိုင်မြဲရသနည်း။ နောမိကို ရုသပြောသော ဤစကားတွင် အကြောင်းရင်းကို တွေ့ရသည်– ‘ကိုယ်တော်၏အမျိုးသည် ကျွန်မ၏အမျိုး၊ ကိုယ်တော်၏ဘုရားသခင်သည် ကျွန်မ၏ဘုရားသခင်ဖြစ်ပါစေ။ . . . သေခြင်းမှတစ်ပါး အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင် ယေဟောဝါသည် ကျွန်မ၌ထိုမျှမက ပြုတော်မူပါစေသော။’ (ရု. ၁:၁၆၊ ၁၇) ရုသနှင့်နောမိတို့သည် ဘုရားသခင်ကို အလွန်ချစ်မြတ်နိုးပြီး သူတို့အချင်းချင်းဆက်ဆံပုံတွင် ယင်းမေတ္တာ ပေါ်လွင်ထင်ရှားသည်။ ထို့ကြောင့် ထိုအမျိုးသမီးနှစ်ဦးစလုံးသည် ယေဟောဝါ၏ကောင်းချီး ခံစားခဲ့ရ၏။

မိတ်ဆွေကောင်းဖွဲ့နိုင်ပုံ

၆-၈။ (က) ခိုင်မြဲတဲ့ခင်မင်ရင်းနှီးမှုက ဘယ်အရာအပေါ် အခြေခံသလဲ။ (ခ) မိတ်ဆွေဖွဲ့နိုင်ဖို့ သင် ဘယ်လိုအစပြုလုပ်ဆောင်နိုင်သလဲ။

မိတ်ဆွေကောင်းဟူသည် အလိုအလျောက်ရလာခြင်းမဟုတ်ကြောင်း ရုသနှင့်နောမိ၏ပုံနမူနာက ဖော်ပြသည်။ ယေဟောဝါကိုချစ်သော နှစ်ဦးနှစ်ဖက်၏မေတ္တာသည် အခြေခံအုတ်မြစ်ဖြစ်၏။ သို့သော် တည်မြဲသောခင်မင်ရင်းနှီးမှုသည် ကြိုးစားမှုနှင့် ကိုယ်ကျိုးစွန့်မှုမှ ဖြစ်ပေါ်လာသည်။ ခရစ်ယာန်မိသားစုမှ ယေဟောဝါကိုဝတ်ပြုသောမွေးချင်းများပင် ခင်မင်ရင်းနှီးမှုနှောင်ကြိုးဖွဲ့ရန် ကြိုးစားလုပ်ဆောင်ဖို့လိုသည်။ သို့ဆိုလျှင် မည်သို့မိတ်ဆွေကောင်းဖွဲ့နိုင်သနည်း။

အစပြုလုပ်ဆောင်ပါ။ “ဧည့်သည်ဝတ်ကို ပြုမြဲပြုကြလော့” ဟု ရောမအသင်းတော်ရှိ မိတ်ဆွေများကို တမန်တော်ပေါလု တိုက်တွန်းခဲ့သည်။ ဧည့်သည်ဝတ်ပြုခြင်းတွင် ပုံမှန်လုပ်ဆောင်ရသည့် အသေးအဖွဲလုပ်ရပ်များ ပါဝင်ပြီး ယင်းကို သင်ကိုယ်တိုင် လုပ်ဆောင်ရမည်။ (သု. ၃:၂၇ ကိုဖတ်ပါ။) ဧည့်ဝတ်ပြုနိုင်သည့်နည်းတစ်နည်းမှာ အသင်းတော်ရှိညီအစ်ကိုညီအစ်မများကို အလှည့်ကျဖိတ်ခေါ်၍ ရိုးရှင်းသောအစားအသောက်ဖြင့် ဧည့်ခံခြင်းဖြစ်သည်။ သင်သည် အသင်းတော်ရှိညီအစ်ကိုညီအစ်မများကို ဧည့်ဝတ်ပြုတတ်သည့်အကျင့်ရှိအောင် ကြိုးစားနိုင်သလော။

မိတ်ဆွေဖွဲ့ရာတွင် အစပြုလုပ်ဆောင်နိုင်သည့် နောက်တစ်နည်းမှာ ဟောပြောခြင်းလုပ်ငန်းတွင် သင်နှင့်အတူပါဝင်ရန် အခြားသူများကို အလှည့်ကျဖိတ်ခေါ်ခြင်းဖြစ်သည်။ သင်နှင့်တွဲသောအဖော်သည် သူစိမ်းတစ်ဦး၏အိမ်တံခါးဝတွင် ယေဟောဝါအကြောင်း စိတ်ပါလက်ပါဟောပြောသည်ကို သင် ကြားရသည့်အခါ သူ့ကို ပို၍ခင်မင်ရင်းနှီးလာသည်မဟုတ်လော။

၉၊ ၁၀။ ပေါလု ဘာပုံသက်သေချမှတ်ခဲ့ပြီး သူ့ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

သင်တို့၏ချစ်ခင်စုံမက်မှုကို ကျယ်ဝန်းစေကြလော့။ (၂ ကောရိန္သု ၆:၁၂၊ ၁၃ ကိုဖတ်ပါ။) သင့်အသင်းတော်တွင် သင်မိတ်ဆွေဖွဲ့နိုင်မည့်သူ တစ်ယောက်မျှမရှိဟု ခံစားဖူးပါသလော။ သို့ဆိုလျှင် မိတ်ဆွေဖွဲ့ခြင်းနှင့်ပတ်သက်၍ သင့်အမြင် ကျဉ်းမြောင်းနေခြင်းကြောင့် ဖြစ်နိုင်သလော။ တမန်တော်ပေါလုသည် ချစ်ခင်စုံမက်မှုကိုကျယ်ဝန်းစေရာတွင် ပုံသက်သေကောင်းချမှတ်ခဲ့သည်။ သူသည် ဂျူးမဟုတ်သူတို့နှင့် ရင်းနှီးသောမိတ်ဆွေဖြစ်လာမည်ဟု တစ်ခါမျှ စဉ်းစားခဲ့ဖူးမည်မဟုတ်ပေ။ သို့သော် သူသည် “လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်” ဖြစ်လာသည်။—ရော. ၁၁:၁၃

၁၀ ထို့ပြင် ပေါလုသည် သက်တူရွယ်တူများနှင့်သာ မိတ်ဆွေဖွဲ့ခဲ့သည် မဟုတ်ပါ။ ဥပမာ၊ သူနှင့် တိမောသေသည် အသက်အရွယ်နှင့် နောက်ခံမတူသော်လည်း ရင်းနှီးသောမိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ယနေ့ လူငယ်များစွာသည် အသင်းတော်ရှိ မိမိတို့ထက်အသက်ကြီးသူများနှင့် မိတ်ဖွဲ့ရသည်ကို တန်ဖိုးထားလေးမြတ်ကြသည်။ အသက် ၂၀ ကျော်အရွယ်ရှိ ဗာနက်စာက ဤသို့ပြောသည်– “ကျွန်မမှာ အရမ်းခင်တဲ့ အသက် ၅၀ ကျော်အရွယ် မိတ်ဆွေတစ်ယောက်ရှိတယ်။ ကျွန်မနဲ့ သက်တူရွယ်တူတွေကို ပြောပြနိုင်တဲ့အရာမှန်သမျှ သူ့ကို ပြောပြနိုင်တယ်။ သူက ကျွန်မကို အရမ်းဂရုစိုက်တယ်။” ထိုမိတ်ဆွေမျိုးကို မည်သို့ရရှိခဲ့သနည်း။ “ကိုယ့်ကို မိတ်လာဖွဲ့မှာကိုပဲ စောင့်နေမယ့်အစား ကိုယ်တိုင်အစပြုပြီး မိတ်ဖွဲ့ခဲ့တာ” ဟု ဗာနက်စာက ပြောပြသည်။ သက်တူရွယ်တူမဟုတ်သူများနှင့် မိတ်ဖွဲ့ပေါင်းသင်းရန် သင်ကြိုးစားလိုစိတ်ရှိသလော။ သင့်ကြိုးစားမှုကို ယေဟောဝါ အမှန်ကောင်းချီးပေးပါလိမ့်မည်။

၁၁။ ယောနသန်နဲ့ဒါဝိဒ်ရဲ့ ပုံနမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၁ သစ္စာရှိပါ။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟုရှောလမုန်ရေးခဲ့သည်။ (သု. ၁၇:၁၇) ဤစကားများကို ရှောလမုန်ရေးသားခဲ့ချိန်တွင် သူ့ဖခင်ဒါဝိဒ်နှင့် ယောနသန်တို့၏ ခင်မင်ရင်းနှီးမှုကို အမှတ်ရနေပေမည်။ (၁ ရာ. ၁၈:၁) ဘုရင်ရှောလုသည် သားဖြစ်သူ ယောနသန်ကို အစ္စရေးနိုင်ငံ၏ထီးနန်း ဆက်ခံစေလိုသည်။ သို့သော် ယေဟောဝါသည် ဤအရိုက်အရာကိုအပ်နှင်းရန် ဒါဝိဒ်အား ရွေးချယ်သည်ဟူသောအချက်ကို ယောနသန်လက်ခံခဲ့သည်။ ထို့ကြောင့် ရှောလုနှင့်မတူဘဲ ဒါဝိဒ်အား မနာလိုမဖြစ်ခဲ့ပေ။ ဒါဝိဒ် ချီးမွမ်းခံရသည်ကို သူမခံချိမခံသာ မဖြစ်ခဲ့သည့်အပြင် ဒါဝိဒ်နှင့်ပတ်သက်၍ ရှောလု မဟုတ်မမှန်စွပ်စွဲသည်ကို မယုံကြည်ခဲ့ချေ။ (၁ ရာ. ၂၀:၂၄-၃၄) ကျွန်ုပ်တို့သည် ယောနသန်နှင့်တူသလော။ ကျွန်ုပ်တို့၏မိတ်ဆွေများ အသင်းတော်တွင် အခွင့်ထူးရရှိသောအခါ သူတို့အတွက် ဝမ်းမြောက်သလော။ သူတို့အခက်အခဲကြုံသောအခါ အားပေးနှစ်သိမ့်၍ ထောက်မပေးပါသလော။ မိတ်ဆွေတစ်ဦးနှင့်ပတ်သက်သော ထိခိုက်နစ်နာစေသည့် အတင်းအဖျင်းများ ကြားသောအခါ ချက်ချင်းယုံကြည်လိုက်သလော။ သို့မဟုတ် ယောနသန်ကဲ့သို့ပင် ကျွန်ုပ်တို့၏မိတ်ဆွေဘက်မှနေ၍ သစ္စာရှိရှိ ကာကွယ်ပေးသလော။

မိတ်ဆွေအဖြစ်မှ အဆက်ဖြတ်ဖို့လိုသောအခါ

၁၂-၁၄။ ကျမ်းစာသင်သားတချို့ ဘယ်လိုအခက်အခဲ ရင်ဆိုင်နေရသလဲ၊ သူတို့ကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ ကျမ်းစာသင်သားတစ်ဦးသည် သူ၏ဘ၀ပုံစံကို စတင်ပြောင်းလဲသောအခါ မိတ်ဆွေဖွဲ့ခြင်းနှင့်ပတ်သက်၍ အမှန်ပင် အခက်ကြုံရနိုင်သည်။ သူခင်မင်ရင်းနှီးသော အပေါင်းအသင်းများသည် ကျမ်းစာစံနှုန်းကို မလိုက်နာသူများ ဖြစ်နေပေမည်။ ယခင်က သူသည် ထိုသူတို့နှင့်အတူ ပုံမှန်ပေါင်းသင်းခဲ့ပေမည်။ သို့သော် ယခု သူ့မိတ်ဆွေများ၏လုပ်ရပ်များက သူ့အပေါ် မကောင်းသောသြဇာလွှမ်းမိုးနိုင်သည်ကို တွေ့ရပြီး သူတို့နှင့်ပေါင်းသင်းခြင်းကို ကန့်သတ်ဖို့လိုသည်ဟု ယူဆသည်။ (၁ ကော. ၁၅:၃၃) သို့တိုင် သူသည် သူတို့နှင့်မပေါင်းသင်းတော့ပါက သူတို့အပေါ် သစ္စာမဲ့ရာရောက်မည်ဟု ခံစားရပေမည်။

၁၃ သင်သည် ထိုအခြေအနေကို ကြုံတွေ့နေရသော ကျမ်းစာသင်သားတစ်ဦးလော၊ သို့ဆိုလျှင် သင့်ဘဝတိုးတက်အောင်ကြိုးစားနေသည်ကို မိတ်ဆွေစစ်တစ်ဦး ဝမ်းမြောက်လိမ့်မည်ဖြစ်ကြောင်း သတိရပါ။ သူသည် သင်နှင့်အတူ ယေဟောဝါအကြောင်းကိုပင် သင်ယူလိုပေမည်။ သို့သော် မိတ်ဆွေအတုအယောင်များမှာမူ သူတို့နှင့်အတူ ‘အပျော်ကြူးခြင်းနွံထဲတွင် နစ်မြုပ်မနေသဖြင့်’ သင့်ကို “ကဲ့ရဲ့” ပါလိမ့်မည်။ (၁ ပေ. ၄:၃၊ ၄) အမှန်မှာ သင်သစ္စာမဲ့ခြင်းမဟုတ်ဘဲ ထိုသူတို့ကသာ သင့်အပေါ် သစ္စာမဲ့နေခြင်းဖြစ်သည်။

၁၄ ကျမ်းစာသင်သားများသည် ဘုရားသခင်ကိုမချစ်သော မိတ်ဆွေဟောင်းများ၏ ပစ်ပယ်မှုခံရသောအခါ အသင်းတော်ရှိညီအစ်ကိုညီအစ်မများက သူ့အတွက် မိတ်ဆွေများဖြစ်လာနိုင်သည်။ (ဂလ. ၆:၁၀) အစည်းအဝေးများတက်ရောက်နေသည့် ကျမ်းစာလေ့လာနေသောထိုသူတို့ကို သင်သိကျွမ်းသလော။ သင်သည် အခါအားလျော်စွာ သူတို့နှင့်အတူ အကျိုးရှိသောပေါင်းသင်းမှု ပြုလုပ်နိုင်သလော။

၁၅၊ ၁၆။ (က) မိတ်ဆွေတစ်ဦး ယေဟောဝါကို ဆက်ဝတ်မပြုတော့တဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ။ (ခ) ဘုရားသခင်ကိုချစ်တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသက်သေပြနိုင်သလဲ။

၁၅ သို့သော် အသင်းတော်အတွင်းရှိမိတ်ဆွေတစ်ဦးသည် ယေဟောဝါကို ကျောခိုင်းရန်ဆုံးဖြတ်ပြီး နှင်ထုတ်ခံရမည့်အခြေအနေ ရောက်နေလျှင်ကော အသို့နည်း။ ထိုအခြေအနေမျိုးသည် အလွန်စိတ်ထိခိုက်စရာ ဖြစ်နိုင်သည်။ ရင်းနှီးသောမိတ်ဆွေတစ်ဦးသည် ယေဟောဝါအား ဆက်၍ဝတ်မပြုတော့သည့်အခါ ညီအစ်မတစ်ဦးက မိမိ၏ခံစားချက်ကို ဤသို့ပြောပြသည်– “ကျွန်မ ယူကျုံးမရဖြစ်ခဲ့ရတယ်။ ကျွန်မရဲ့ မိတ်ဆွေက ယုံကြည်ခြင်းမှာခိုင်မြဲတယ်လို့ ထင်ထားခဲ့တာ၊ တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။ သူ့မိသားစုကို ပျော်ရွှင်စေချင်လို့သာ ယေဟောဝါကိုဝတ်ပြုနေတာလားလို့ ကျွန်မစဉ်းစားမိတယ်။ ယေဟောဝါကိုဝတ်ပြုတဲ့ ငါ့ရည်ရွယ်ချက်ကော မှန်ကန်ရဲ့လားဆိုပြီး ကျွန်မပြန်သုံးသပ်မိတယ်။” ထိုညီအစ်မသည် မည်သို့ဖြေရှင်းခဲ့သနည်း။ “ကျွန်မရဲ့ဝန်တွေကို ယေဟောဝါဆီ အပ်ထားလိုက်တယ်။ ကိုယ်တော့်ကိုချစ်တဲ့အကြောင်းရင်းက အဖွဲ့အစည်းမှာ မိတ်ဆွေတွေပေးထားလို့သာမဟုတ်ဘဲ ယေဟောဝါကိုယ်တော်တိုင်ကို ချစ်လို့ဖြစ်တယ်ဆိုတာ သက်သေပြဖို့ စိတ်ဆုံးဖြတ်ထားတယ်။”

၁၆ ကျွန်ုပ်တို့သည် လောကနှင့်မိတ်ဖွဲ့ရန်ဆုံးဖြတ်သူတို့ကို ပေါင်းသင်းနေလျက်နှင့် ဘုရားသခင်၏မိတ်ဆွေ ဆက်မဖြစ်နိုင်ပါ။ တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့သည်– “လောကနှင့် မိတ်ဆွေဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ငြိုးဖွဲ့ခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်၍ လောကနှင့်မိတ်ဆွေဖြစ်လိုသူ မည်သူမဆိုသည် မိမိကိုယ်ကို ဘုရားသခင်၏ရန်သူ ဖြစ်စေ၏။” (ယာ. ၄:၄) ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်သစ္စာရှိပါက မိတ်ဆွေတစ်ဦးဆုံးရှုံးသွားခြင်းကို ရင်ဆိုင်ဖြေရှင်းရန် ကိုယ်တော်ကူညီပေးမည်ဟု ယုံကြည်စိတ်ချခြင်းအားဖြင့် ဘုရားသခင်ကိုချစ်ကြောင်း သက်သေပြနိုင်ကြသည်။ (ဆာလံ ၁၈:၂၅ ကိုဖတ်ပါ။ *) အစောပိုင်းတွင်ဖော်ပြခဲ့သောညီအစ်မက ဤသို့ဆိုသည်– “တစ်ဦးတစ်ယောက်က ယေဟောဝါကို ဒါမှမဟုတ် ကျွန်မတို့ကို ချစ်လာအောင် အတင်းလုပ်ယူလို့မရနိုင်ဘူးဆိုတာ ကျွန်မသိလာတယ်။ အဲဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်။” သို့သော် အသင်းတော်တွင်ရှိနေသူတို့နှင့် အကျိုးပြုသောခင်မင်ရင်းနှီးမှုရှိရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

အကျိုးပြုသောခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းခြင်း

၁၇။ မိတ်ဆွေကောင်းတွေ အချင်းချင်း ဘယ်လိုပြောဆိုဆက်ဆံကြသလဲ။

၁၇ ကောင်းစွာပြောဆိုဆက်သွယ်ခြင်းသည် ခင်မင်ရင်းနှီးမှုကို ရှင်သန်ခိုင်မြဲစေသည်။ ရုသနှင့်နောမိ၊ ဒါဝိဒ်နှင့်ယောနသန်၊ ပေါလုနှင့်တိမောသေတို့နှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းများကို သင်ဖတ်ရှုရသည့်အခါ မိတ်ဆွေကောင်းဟူသည် လွတ်လပ်ပွင့်လင်းစွာ၊ ရိုသေလေးစားစွာ အပြန်အလှန်ပြောဆိုကြသည်ကို သတိပြုမိပေမည်။ အခြားသူတို့နှင့် ပြောဆိုဆက်သွယ်သင့်ပုံနှင့်ပတ်သက်၍ ပေါလု ဤသို့ရေးသည်– “သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ်ဖြစ်ပါစေ။” ခရစ်ယာန်ညီအစ်ကိုများမဟုတ်သော “ပြင်ပလူတို့ကို” မည်သို့ပြောဆိုဆက်ဆံသင့်ကြောင်း ပေါလု အထူးသဖြင့်ရည်ညွှန်းနေခြင်းဖြစ်သည်။ (ကော. ၄:၅၊ ၆) မယုံကြည်သူတို့ကို လေးစားစွာပြောဆိုဆက်ဆံသင့်သည်ဆိုလျှင် အသင်းတော်အတွင်းရှိ ကျွန်ုပ်တို့၏မိတ်ဆွေများကို သာ၍ပင် လေးစားစွာပြောဆိုဆက်ဆံသင့်သည်။

၁၈၊ ၁၉။ ခရစ်ယာန်မိတ်ဆွေတစ်ဦးဆီက ရရှိတဲ့ ဘယ်သွန်သင်ချက်ကိုမဆို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်သင့်သလဲ။ ဧဖက်မြို့မှာရှိတဲ့အကြီးအကဲတွေက ကျွန်ုပ်တို့အတွက် ဘာပုံသက်သေချမှတ်ခဲ့သလဲ။

၁၈ မိတ်ဆွေကောင်းများသည် အချင်းချင်း၏ထင်မြင်ချက်ကို တန်ဖိုးထားသောကြောင့် သူတို့၏ပြောဆိုဆက်ဆံရေးသည် နှစ်လို့ဖွယ်ကောင်းပြီး ပွင့်လင်းရန် လိုသည်။ ပညာရှိဘုရင် ရှောလမုန် ဤသို့ရေးသည်– “နံ့သာဆီနှင့်နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့ ကြည်ညိုသောစိတ်နှင့်အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဖွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏။” (သု. ၂၇:၉) မိတ်ဆွေတစ်ဦးထံမှရရှိသော အကြံဉာဏ်ကို သင် ထိုသို့ပင် သဘောထားသလော။ (ဆာလံ ၁၄၁:၅ ကိုဖတ်ပါ။) မိတ်ဆွေတစ်ဦးသည် သင့်လုပ်ရပ်အချို့ကို စိုးရိမ်မိကြောင်း ပြောလာပါက သင်မည်သို့ တုံ့ပြန်သနည်း။ သူသည် သင့်ကို ချစ်ခင်မြတ်နိုးသောကြောင့် ထိုသို့ပြောရခြင်းဖြစ်သည်ဟု သင်ယူမှတ်သလော သို့မဟုတ် စိတ်ဆိုးသလော။

၁၉ တမန်တော်ပေါလုသည် ဧဖက်အသင်းတော်မှ အကြီးအကဲများနှင့် အလွန်ရင်းနှီးခင်မင်ခဲ့သည်။ သူတို့ထဲမှအချို့ ယုံကြည်သူများ စဖြစ်လာချိန်တွင် သူတို့ကို ပေါလု သိကျွမ်းခဲ့ဖွယ်ရှိသည်။ သူတို့နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံချိန်တွင်ပင် ရှင်းလင်းပြတ်သားသော သွန်သင်ချက်အချို့ ပေးခဲ့သည်။ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ပေါလု၏မိတ်ဆွေများသည် စိတ်မဆိုးခဲ့ကြပါ။ ယင်းအစား မိမိတို့အပေါ် ပေါလုစိတ်ဝင်တစားရှိသည်ကို တန်ဖိုးထားလေးမြတ်ခဲ့ကြသည်။ နောက်တစ်ကြိမ် သူ့ကို ထပ်မတွေ့နိုင်တော့ဟု ထင်မှတ်ကာ ငိုကြွေးခဲ့ကြ၏။—တ. ၂၀:၁၇၊ ၂၉၊ ၃၀၊ ၃၆-၃၈

၂၀။ မိတ်ဆွေစစ်တစ်ဦးဆိုရင် ဘာလုပ်ဆောင်သလဲ။

၂၀ မိတ်ဆွေကောင်းများသည် အကြံဉာဏ်ကောင်းကိုသာ လက်ခံသည်မဟုတ်ဘဲ အကြံဉာဏ်ကောင်းလည်း ပေးတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် အဘယ်အခါမျိုးတွင် “ကိုယ့်အမှုကိစ္စကို အာရုံစိုက်” ရမည်ကို ပိုင်းခြားသိမြင်ဖို့လိုသည်။ (၁ သက်. ၄:၁၁) ထို့ပြင် ကျွန်ုပ်တို့တစ်ဦးစီသည် “ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်” ဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ (ရော. ၁၄:၁၂) သို့သော် မိတ်ဆွေစစ်တစ်ဦးသည် လိုအပ်သည့်အခါ ယေဟောဝါ၏စံနှုန်းများအကြောင်း ကြင်နာစွာသတိပေးပါလိမ့်မည်။ (၁ ကော. ၇:၃၉) ဥပမာ၊ အိမ်ထောင်မရှိသောမိတ်ဆွေတစ်ဦးသည် မယုံကြည်သူတစ်ဦးကို ချစ်ကြိုက်နေကြောင်း သတိပြုမိပါက သင် အဘယ်အရာပြုလုပ်မည်နည်း။ မိတ်ပျက်သွားမည်စိုးသောကြောင့် သင့်စိုးရိမ်မှုကို ဖွင့်မပြောဘဲနေမည်လော။ သို့မဟုတ် သင့်အကြံပေးချက်ကို သူလျစ်လျူရှုပါက သင်ဘာလုပ်မည်နည်း။ မိတ်ဆွေကောင်းသည် ခြေလှမ်းမှားနေသောမိတ်ဆွေကို ကူညီရန် မေတ္တာရှိသောအကြီးအကဲများ၏ အကူအညီကို တောင်းခံလိမ့်မည်။ ထိုသို့လုပ်ဆောင်နိုင်ရန် သတ္တိရှိဖို့လိုသည်။ သို့တိုင် ယေဟောဝါအားချစ်သောမေတ္တာကို အခြေခံသည့် ခင်မင်ရင်းနှီးမှုသည် ကြာရှည်မပြတ်တောက်နိုင်ပါ။

၂၁။ ကျွန်ုပ်တို့အားလုံး မကြာမကြာ ဘာလုပ်မိနိုင်သလဲ၊ အသင်းတော်မှာ ခိုင်မြဲတဲ့ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးသလဲ။

၂၁ ကောလောသဲ ၃:၁၃၊ ၁၄ ကိုဖတ်ပါ။ ကျွန်ုပ်တို့သည် မိတ်ဆွေများအား ‘မကျေမနပ်’ ဖြစ်အောင် လုပ်မိသည့်အခါများရှိသကဲ့သို့ သူတို့ကလည်း ကျွန်ုပ်တို့ကို ဒေါသထွက်အောင် ပြောဆိုပြုမူမိသည့်အခါများလည်း ရှိပေမည်။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏” ဟုယာကုပ်ရေးခဲ့သည်။ (ယာ. ၃:၂) သို့သော် ခင်မင်ရင်းနှီးမှုဟူသည် တစ်ဦးကိုတစ်ဦး အကြိမ်မည်မျှ ပြစ်မှားသည်ဆိုသည့်အချက်နှင့် မတိုင်းတာဘဲ ထိုမကျေနပ်မှုများကို ကျွန်ုပ်တို့ မည်မျှအကြွင်းမဲ့ခွင့်လွှတ်သည် ဆိုသည့်အချက်နှင့် တိုင်းတာသည်။ ခိုင်မြဲသောခင်မင်ရင်းနှီးမှု တည်ဆောက်ရာတွင် ပွင့်လင်းစွာပြောဆိုဆက်သွယ်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အကြွင်းမဲ့ခွင့်လွှတ်ခြင်းသည် မရှိမဖြစ်လိုအပ်၏။ ထိုသို့သောမေတ္တာကို ကျွန်ုပ်တို့တင်ပြပါက ယင်းသည် “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်လာပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 “ယေဟောဝါသည် သစ္စာစောင့်သောသူအား သစ္စာစောင့်သောသဘောကိုလည်းကောင်း၊ အပြစ်မဲ့သောသူအား အပြစ်မဲ့သောသဘောကိုလည်းကောင်း ပြတော်မူ၏။”—ဆာလံ ၁၈:၂၅၊ ကဘ။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့ မိတ်ဆွေကောင်းတွေကို ဘယ်လိုဖွဲ့နိုင်သလဲ။

• ဘယ်အချိန်မှာ မိတ်ဆွေအဖြစ်ကနေ အဆက်ဖြတ်ဖို့ လိုမလဲ။

• ခိုင်မြဲတဲ့ခင်မင်ရင်နှီးမှုကို ထိန်းသိမ်းဖို့ ကျွန်ုပ်တို့ ဘာလုပ်ဆောင်ရမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ရုသနဲ့နောမိရဲ့ ခိုင်မြဲတဲ့ခင်မင်ရင်းနှီးမှုက ဘယ်အရာအပေါ် အခြေခံသလဲ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သင့်မှာဧည့်ဝတ်ပြုတတ်တဲ့ အကျင့် ရှိသလား