မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”

“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”

“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”

“သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။” —ရော. ၁၂:၁၈

၁၊ ၂။ (က) မိမိရဲ့နောက်လိုက်တွေကို ယေရှု ဘယ်လိုသတိပေးခဲ့သလဲ။ (ခ) ဆန့်ကျင်မှုကိုတုံ့ပြန်ပုံနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကို ဘယ်နေရာမှာတွေ့ရှိနိုင်သလဲ။

မိမိနောက်လိုက်များသည် လောက၏ဆန့်ကျင်မှုနှင့် ကြုံတွေ့ရမည်ဟု ယေရှုသတိပေးပြီး အကြောင်းရင်းကို ကိုယ်တော်မသေဆုံးမီညနေတွင် ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည် ဤလောကနှင့်သက်ဆိုင်လျှင် လောကသည် မိမိနှင့်ဆိုင်သော သင်တို့ကို ချစ်လိမ့်မည်။ ယခုမူကား သင်တို့သည် ဤလောကနှင့်မသက်ဆိုင်၊ ဤလောကထဲက ငါရွေးကောက်ထားသောကြောင့် လောကသည် သင်တို့ကိုမုန်း၏။”—ယော. ၁၅:၁၉

ယေရှု၏စကားများမှန်ကန်ကြောင်း တမန်တော်ပေါလုကိုယ်တိုင် ကြုံတွေ့ခဲ့သည်။ မိမိ၏လုပ်ဖော်ဆောင်ဖက် လူငယ်တိမောသေထံရေးသော ဒုတိယစာတွင် ပေါလုဤသို့ရေးခဲ့သည်– ‘သင်မူကား ငါ၏သွန်သင်ခြင်း၊ ငါ၏ဘဝလမ်းစဉ်၊ ငါ၏ရည်ရွယ်ချက်၊ ငါ၏ယုံကြည်ခြင်း၊ ငါ၏စိတ်ရှည်ခြင်း၊ ငါ၏ချစ်ခြင်းမေတ္တာ၊ ငါ၏ခံနိုင်ရည်၊ ငါခံခဲ့ရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို ထက်ကြပ်မကွာ လိုက်လျှောက်ခဲ့ပြီ။’ ထို့နောက် ပေါလု ဤသို့ဆက်ပြောသည်– ‘အမှန်ဆိုရသော် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိလျက် ဘုရားသခင်အား ဆည်းကပ်မှုဖြင့် အသက်ရှင်နေထိုင်လိုသူအပေါင်းတို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရလိမ့်မည်။’ (၂ တိ. ၃:၁၀-၁၂) ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များထံရေးသော သူ၏စာမှ အခန်းကြီး ၁၂ တွင် ဆန့်ကျင်မှုကို မည်သို့တုံ့ပြန်သင့်ကြောင်း အကြံဉာဏ်ကောင်းပေးခဲ့သည်။ သူ၏စကားများသည် ဤဆုံးခန်းကာလတွင် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးနိုင်သည်။

“ကောင်းမွန်ရာကို ပြုကြလော့”

၃၊ ၄။ ရောမ ၁၂:၁၇ မှာပါတဲ့အကြံပေးချက်ကို (က) ဘာသာမတူတဲ့ မိသားစုမှာ (ခ) အိမ်နီးချင်းတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ ဘယ်လိုကျင့်သုံးနိုင်သလဲ။

ရောမ ၁၂:၁၇ ကိုဖတ်ပါ။ ရန်လိုမှုကြုံရသောအခါ ယင်းအတိုင်း ပြန်လက်စားမချေသင့်ကြောင်း ပေါလုဖော်ပြခဲ့သည်။ သူ၏အကြံပေးချက်ကို လိုက်နာခြင်းသည် ဘာသာမတူသောမိသားစုတွင် အထူးအရေးကြီး၏။ ခရစ်ယာန်အိမ်ထောင်ဖက်တစ်ဦးသည် ခက်ထန်သောစကားနှင့် အကြင်နာမဲ့သောလုပ်ရပ်ဖြင့် မတုံ့ပြန်မိစေရန် ကြိုးစားသည်။ ‘အဆိုးကိုအဆိုးဖြင့် တုံ့ပြန်’ ခြင်းသည် အကျိုးမရှိပေ။ အခြေအနေကို ပို၍ဆိုးစေနိုင်သည်။

“လူအပေါင်းတို့ရှေ့တွင် ကောင်းမွန်ရာကို ပြုကြလော့” ဟူသော သာ၍ကောင်းသည့်လမ်းစဉ်ကို ပေါလုအကြံပေးသည်။ အိမ်ထောင်တွင် ဇနီးတစ်ဦးသည် မိမိ၏ဘာသာရေးယုံကြည်ချက်များကို လင်ယောက်ျားက ကဲ့ရဲ့ဝေဖန်သည့်အခါတွင်ပင် သူ့ကို စိတ်ရင်းမှန်ဖြင့်ကြင်နာမှုပြလျှင် ဒေါသပေါက်ကွဲမည့်အခြေအနေကို ရှောင်နိုင်ပေမည်။ (သု. ၃၁:၁၂) ဖခင်သည် ပြင်းပြင်းထန်ထန်ဆန့်ကျင်သော်လည်း မိခင်က ကြင်နာမှုဆက်ပြကာ မိသားစုကို ကောင်းစွာကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် ဆန့်ကျင်မှုကို အောင်မြင်ကျော်လွှားခဲ့ကြောင်း ယခု ဗေသလမိသားစုဝင်တစ်ဦးဖြစ်သော ကားလို့စ်က ပြောပြသည်။ “အဖေ့ကို အမြဲရိုသေလေးစားဖို့ အမေက ကျွန်တော်တို့ကို အားပေးတယ်။ ဘိုးလင်းလို့ခေါ်တဲ့ကစားနည်းတစ်မျိုးကို ကျွန်တော်မကြိုက်ပေမဲ့ အဖေနဲ့အတူ ကစားခိုင်းတယ်။ အဲလိုကစားတာက အဖေ့ကိုပျော်ရွှင်စေတယ်။” နောက်ဆုံးတွင် ဖခင်သည် ကျမ်းစာစတင်လေ့လာပြီး နှစ်ခြင်းခံခဲ့သည်။ သဘာဝဘေးဒဏ်ကျရောက်သောအခါ ယေဟောဝါသက်သေများသည် အိမ်နီးချင်းများကို လက်တွေ့ကျကျကူညီကာ “လူအပေါင်းတို့ရှေ့တွင် ကောင်းမွန်ရာကို ပြု” ခြင်းဖြင့် လူတို့၏မလိုမုန်းထားမှုကို ချေဖျက်နိုင်လေ့ရှိသည်။

“မီးခဲ” ဖြင့် ဆန့်ကျင်မှုကို အရည်ပျော်စေခြင်း

၅၊ ၆။ (က) ရန်သူ့ခေါင်းပေါ်မှာ “မီးခဲ” ပုံထားတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ (ခ) ရောမ ၁၂:၂၀ မှာပါတဲ့အကြံဉာဏ်ကို ကျင့်သုံးခြင်းက ရလဒ်ကောင်းတွေရစေနိုင်ကြောင်း ဖော်ပြတဲ့ ဒေသခံတွေ့ ကြုံမှုတစ်ခု ပြောပြပါ။

ရောမ ၁၂:၂၀ ကိုဖတ်ပါ။ ပေါလုသည် ဤအခန်းငယ်ပါစကားလုံးများကို ရွေးချယ်ရာတွင် နယပုံပြင် ၂၅:၂၁၊ ၂၂ ကိုကိုးကားခဲ့ပုံရသည်။ ယင်းကျမ်းချက်တွင် ဤသို့ဖော်ပြ၏– ‘သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍ ယေဟောဝါသည်လည်း သင်၌ဆုချတော်မူမည်။’ ရောမအခန်းကြီး ၁၂ မှ ပေါလု၏အကြံပေးချက်အရ ပုံဆောင်သဘောဖြင့်ဖော်ပြထားသောမီးခဲဟူသည် ဆန့်ကျင်သူအား ဒဏ်ပေးရာတွင်၊ အရှက်ရစေရာတွင် အသုံးပြုခြင်းကို မဆိုလိုပါ။ ယင်းအစား ထိုပညာရှိစကားနှင့် ရောမကျမ်းပါ ပေါလု၏ထပ်တူစကားများသည် ရှေးခေတ်မှသတ္တုကျိုသောနည်းကို ရည်ညွှန်းနေပုံရသည်။ ၁၉ ရာစု အင်္ဂလိပ်ကျမ်းပညာရှင် ချားလ်စ်ဘရစ်ခ်ျက ဤသို့ဖော်ပြသည်– “မာကျောသောသတ္တုကို မီးပေါ်တင်ရုံသာမဟုတ်ဘဲ သတ္တုပေါ်တွင်လည်း မီးခဲပုံထားသည်။ စိတ်ရှည်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနှင့် အားကြီးသောမေတ္တာ၏လွှမ်းမိုးမှုအောက် အရည်မပျော်နိုင်လောက်အောင် မာကျောလှသည့်နှလုံးသား မရှိသလောက်ပင်။”

ကြင်နာသောလုပ်ရပ်များသည် “မီးခဲ” ကဲ့သို့ပင် ဆန့်ကျင်သူများ၏စိတ်နှလုံးကို နွေးထွေးစေကာ သူတို့၏ရန်လိုမှုကိုပင် အရည်ပျော်သွားစေနိုင်သည်။ ကြင်နာသောလုပ်ရပ်များသည် လူတို့အား ယေဟောဝါ၏လူမျိုးတော်နှင့် သူတို့ဟောပြောသော ကျမ်းစာသတင်းတရားကို ပို၍နှစ်သက်လက်ခံလိုစိတ် ရှိစေနိုင်သည်။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “လောကရှိ လူများရှေ့တွင် ကောင်းမွန်စွာ ကျင့်ကြံလျက်နေကြလော့။ သူတို့သည် သင်တို့ကို လူဆိုးများဟု ဆန့်ကျင်ပြောဆိုသော်လည်း သင်တို့၏ကောင်းသောအကျင့်ကို မြင်သောကြောင့် ကြည့်ရှုစစ်ဆေးတော်မူသောနေ့တွင် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည်။” —၁ ပေ. ၂:၁၂

လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့

၇။ တပည့်တွေကို ခရစ်တော်ပေးခဲ့တဲ့ ငြိမ်သက်ခြင်းဆိုတာ ဘာလဲ၊ အဲဒီငြိမ်သက်ခြင်းက ကျွန်ုပ်တို့ကို ဘာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။

ရောမ ၁၂:၁၈ ကိုဖတ်ပါ။ တမန်တော်များနှင့်အတူရှိသော နောက်ဆုံးညတွင် ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။” (ယော. ၁၄:၂၇) မိမိတပည့်များအတွက် ခရစ်တော်ပေးခဲ့သော ငြိမ်သက်ခြင်းသည် ယေဟောဝါဘုရားသခင်နှင့်ကိုယ်တော့်ချစ်သား၏ မေတ္တာနှင့်နှစ်သက်မြတ်နိုးမှုကို ခံစားရသည်ဟူသော အသိစိတ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ငြိမ်သက်မှုကို ဆိုလိုသည်။ ထိုငြိမ်သက်ခြင်းက အခြားသူများနှင့်သင့်မြတ်စွာနေရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်။ ခရစ်ယာန်စစ်များသည် ငြိမ်သက်မှုကို မြတ်နိုးသူများ၊ ရန်ငြိမ်းစေသူများဖြစ်ကြသည်။—မ. ၅:၉

၈။ ကျွန်ုပ်တို့က မိသားစုနဲ့အသင်းတော်မှာ ရန်ငြိမ်းစေသူတွေ ဘယ်လိုဖြစ်နိုင်ကြသလဲ။

မိသားစုအသိုင်းအဝိုင်းတွင် ရန်ငြိမ်းစေသူဖြစ်နိုင်သည့်နည်းတစ်နည်းမှာ သဘောထားကွဲလွဲမှုများကို အခြေအနေမဆိုးမီ မြန်နိုင်သမျှအမြန်ဆုံး ဖြေရှင်းခြင်းဖြစ်သည်။ (သု. ၁၅:၁၈; ဧ. ၄: ၂၆) ခရစ်ယာန်အသင်းတော်တွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ တမန်တော်ပေတရုသည် ငြိမ်သက်စွာနေထိုင်ရန် အစဉ်ကြိုးစားခြင်းနှင့် လျှာကိုထိန်းချုပ်ခြင်းကို ဆက်စပ်ဖော်ပြသည်။ (၁ ပေ. ၃:၁၀၊ ၁၁) ယာကုပ်သည် လျှာကိုထိန်းချုပ်ရန်နှင့် မနာလိုခြင်း၊ ငြင်းခုံရန်တွေ့ခြင်းကိုရှောင်ရန် လိုအပ်ကြောင်း ပြတ်သားစွာအကြံပေးပြီးနောက် ဤသို့ဆက်ပြောသည်– “အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ နာခံရန် အသင့်ရှိ၏။ သနားကြင်နာခြင်းနှင့်လည်းကောင်း၊ ကောင်းသောအကျင့်များနှင့်လည်းကောင်း ပြည့်စုံ၏။ မျက်နှာလိုက်ခြင်းမရှိ။ အရေခြုံခြင်းမရှိ။ ထို့ပြင် ဖြောင့်မတ်ခြင်းအသီးသည် သင့်မြတ်စေသူများအတွက် ငြိမ်သက်သောအခြေအနေတွင် မိမိ၏မျိုးစေ့ကိုကြဲထား၏။”—ယာ. ၃:၁၇၊ ၁၈

၉။ “လူအားလုံးနှင့် သင့်မြတ်စွာ” နေဖို့ ကျွန်ုပ်တို့ကြိုးစားတဲ့အခါ ဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သလဲ။

ရောမ ၁၂:၁၈ ပါ ပေါလု၏ဖော်ပြချက်သည် မိသားစုနှင့် အသင်းတော်၌သာ ငြိမ်သက်မှုရှိရန်လိုသည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် “လူအားလုံးနှင့် သင့်မြတ်စွာ” နေသင့်သည်ဟု သူပြော၏။ ယင်းတွင် အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် ဓမ္မအမှုတွင်တွေ့ဆုံရသူများ ပါဝင်သည်။ ထို့နောက် ပေါလုက “သင်တို့သည် တတ်နိုင်သမျှအတိုင်း” ဟုထပ်ပြောသည်။ ယင်းက ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်သောမူများကို မချိုးဖောက်သရွေ့ အတတ်နိုင်ဆုံး “လူအားလုံးနှင့် သင့်မြတ်စွာ” နေရန် လုပ်ဆောင်ခြင်းကိုဆိုလိုသည်။

လက်စားချေခြင်းသည် ယေဟောဝါနှင့်သာဆိုင်

၁၀၊ ၁၁။ ဘယ်သဘောမျိုးနဲ့ “အမျက်တော်ကို” ကျွန်ုပ်တို့ “အခွင့်ပေး” ကြသလဲ။ အဲဒါက ဘာကြောင့်သင့်လျော်သလဲ။

၁၀ ရောမ ၁၂:၁၉ ကိုဖတ်ပါ။ ပေါ်ပေါ်ထင်ထင်အတိုက်အခံပြုသူတို့အပါအဝင် ကျွန်ုပ်တို့၏လုပ်ငန်းနှင့် သတင်းတရားကို “ဆန့်ကျင်သူတို့” နှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့သည် “အဆိုးကို သည်းခံ” ပြီး “နူးညံ့သိမ်မွေ့သောသဘော” တင်ပြရမည်။ (၂ တိ. ၂:၂၃-၂၅) ကိုယ်တိုင်လက်စားမချေဘဲ “အမျက်တော်ကို အခွင့်ပေး” ကြရန် ခရစ်ယာန်များကို ပေါလုအကြံပေးသည်။ ဘုရားသခင်၏အမျက်တော်ကို ကျွန်ုပ်တို့ အခွင့်ပေးရမည်ဖြစ်ကြောင်း ထင်ရှားသည်။ ခရစ်ယာန်များဖြစ်သောကျွန်ုပ်တို့အနေနှင့် လက်စားချေခြင်းသည် ကျွန်ုပ်တို့နှင့်မဆိုင်ကြောင်း သိထားကြသည်။ ဆာလံဆရာဤသို့ရေးသည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။” (ဆာ. ၃၇:၈) ထို့ပြင် ရှောလမုန် ဤသို့အကြံပြုသည်– ‘“ငါသည် ရန်တုံ့ပြုမည်” ဟုမဆိုနှင့်၊ ယေဟောဝါကိုငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။’—သု. ၂၀:၂၂

၁၁ ဆန့်ကျင်သူများ ကျွန်ုပ်တို့ကို ရန်မူလာသောအခါ ယင်းကို ယေဟောဝါလက်ထဲအပ်ထားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်၏၊ ပြစ်ဒဏ်ပေးထိုက်သည်ဟု ကိုယ်တော်ယူဆလျှင် သူတို့ကိုပြစ်ဒဏ်ပေးပါလိမ့်မည်။ ယေဟောဝါ၏အမျက်တော်ကို စိတ်စွဲလျက် ပေါလုဤသို့ဆက်ပြောသည်– “‘လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားသခင်မိန့်တော်မူ၏’ ဟူ၍ ကျမ်းစာ၌ရေးထား၏။” (တရားဟောရာ ၃၂:၃၅ နှင့်နှိုင်းယှဉ်ပါ။) ကျွန်ုပ်တို့သည် လက်စားချေဖို့ကြိုးစားမည်ဆိုလျှင် ယေဟောဝါတစ်ပါးတည်းသာ လုပ်ပိုင်ခွင့်ရှိသောအရာကို ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ယင်းသည် ရောင့်တက်ခြင်းဖြစ်သည်။ ထို့ပြင် “အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်” ဟူသော ယေဟောဝါ၏ကတိတော်ကို မယုံကြည်ရာကျပေမည်။

၁၂။ ယေဟောဝါရဲ့အမျက်တော်က ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ထင်ရှားမလဲ။

၁၂ ရောမမြို့သားများထံရေးသော မိမိစာ၏အစပိုင်းတွင် ပေါလုဤသို့ဖော်ပြသည်– ‘မတရားသောနည်းဖြင့် အမှန်တရားကို ဖုံးကွယ်ထားသူတို့၏ ဘာသာတရားမဲ့မှုနှင့် မတရားမှုအပေါင်းတို့အပေါ် ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက်ရှိ၏။’ (ရော. ၁:၁၈) “ကြီးစွာသောဒုက္ခ” တွင် ယေဟောဝါ၏အမျက်တော်သည် သားတော်အားဖြင့် ကောင်းကင်မှ ထင်ရှားလိမ့်မည်။ (ဗျာ. ၇:၁၄) စွမ်းအားတော်လမ်းညွှန်မှုဖြင့်ရေးသော နောက်စာတစ်စောင်တွင် ပေါလုရှင်းပြသည့်အတိုင်း ယင်းသည် “ဘုရားသခင်၏တရားစီရင်ချက် ဖြောင့်မှန်ကြောင်း သက်သေထူ” ပါလိမ့်မည်။ “ထိုအမှုကိုထောက်၍ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခဆပ်ပေးတော်မူခြင်းသည် ဘုရားသခင်ဘက်မှ ဖြောင့်မတ်တော်မူ၏။ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံမှ ပေါ်ထွန်းတော်မူသောအခါ ဆင်းရဲဒုက္ခခံရသော သင်တို့သည် ငါတို့နှင့်အတူ သက်သာရာရကြမည်။ ကိုယ်တော်သည် မီးလျှံနှင့်တကွ ပေါ်ထွန်း၍ ဘုရားသခင်ကို မသိသောသူတို့နှင့် ငါတို့၏သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူသောသူတို့အား လက်စားချေတော်မူမည်။”—၂ သက်. ၁:၅-၈

အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူနေလော့

၁၃၊ ၁၄။ (က) ဆန့်ကျင်မှုကြုံရတဲ့အခါ ကျွန်ုပ်တို့ ဘာကြောင့်မအံ့သြကြသလဲ။ (ခ) ကျွန်ုပ်တို့ကို ညှဉ်းဆဲသူတွေကို ဘယ်လိုကောင်းချီးပေးနိုင်သလဲ။

၁၃ ရောမ ၁၂:၁၄၊ ၂၁ ကိုဖတ်ပါ။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို ပြည့်စုံစေမည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်ပေးအပ်ထားသောလုပ်ငန်းကို ကောင်းစွာအာရုံစိုက်လုပ်ဆောင်စေနိုင်သည်၊ ယင်းလုပ်ငန်းမှာ ‘ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို’ “လူနေရာ မြေတစ်ပြင်လုံး၌” ဟောပြောခြင်းဖြစ်သည်။ (မ. ၂၄:၁၄) ဤလုပ်ငန်းသည် ရန်သူများအား အမျက်ထွက်စေမည်ကို ကျွန်ုပ်တို့ သိထားကြသည်။ အကြောင်းမှာ “လူအမျိုးမျိုးတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်” ဟုယေရှုသတိပေးခဲ့သောကြောင့်ဖြစ်သည်။ (မ. ၂၄:၉) ထို့ကြောင့် ကျွန်ုပ်တို့သည် ဆန့်ကျင်မှုကြုံရသောအခါ အံ့သြခြင်း၊ စိတ်ပျက်အားလျော့ခြင်း မရှိကြချေ။ တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “ချစ်ရသောသူတို့၊ မီးကဲ့သို့ပူလောင်သော ပြဿနာများဖြင့် စမ်းသပ်ခံရသောအခါ ထူးဆန်းသောအမှုဖြစ်ပျက်သည့်အလား အံ့သြခြင်းမရှိကြနှင့်။ သို့အစား သင်တို့သည် . . . ကိုယ်တော်၏ဆင်းရဲဒုက္ခများကို မျှဝေခံစားနေရသည်ဖြစ်၍ ဝမ်းမြောက်လျက်နေကြလော့။”—၁ ပေ. ၄:၁၂၊ ၁၃

၁၄ ကျွန်ုပ်တို့ကို ညှဉ်းဆဲသူများအား အငြိုးထားမည့်အစား သူတို့ထဲမှ အချို့မှာ မသိ၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိမှတ်လျက် သူတို့ကိုသွန်သင်ပေးရန် ကြိုးစားကြသည်။ (၂ ကော. ၄:၄) ကျွန်ုပ်တို့သည် ပေါလု၏ဤအကြံပေးချက်ကို ကြိုးစားလိုက်နာကြသည်– “သင်တို့ကို ညှဉ်းဆဲသူတို့အား ကောင်းချီးပေးမြဲပေးကြလော့။ ကျိန်ဆဲခြင်းကို မပြုကြနှင့်၊ ကောင်းချီးပေးကြလော့။” (ရော. ၁၂:၁၄) ဆန့်ကျင်သူများကို ကောင်းချီးပေးနိုင်သည့်နည်းတစ်နည်းမှာ သူတို့အတွက် ဆုတောင်းပေးခြင်းဖြစ်သည်။ ယေရှုသည် တောင်ပေါ်တရားတော်တွင် ဤသို့ပြောခဲ့သည်– “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကောင်းမှုပြုမြဲပြုကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။” (လု. ၆:၂၇၊ ၂၈) ညှဉ်းဆဲသူတစ်ဦးသည် ခရစ်တော်၏ တည်ကြည်သောတပည့်တစ်ဦးနှင့် ယေဟောဝါ၏ ထက်သန်သော ကျေးကျွန်တစ်ဦးဖြစ်လာနိုင်ကြောင်း မိမိ၏ကိုယ်တွေ့ဖြစ်ရပ်မှ တမန်တော်ပေါလုသိရှိခဲ့သည်။ (ဂလ. ၁:၁၃-၁၆၊ ၂၃) နောက်စာတစ်စောင်တွင် ပေါလုက “[ငါတို့သည်] ကဲ့ရဲ့ခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ သည်းခံကြ၏။ အသရေရှုတ်ချခံရသောအခါ တောင်းပန်ကြ၏” ဟုဖော်ပြခဲ့သည်။—၁ ကော. ၄:၁၂၊ ၁၃

၁၅။ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူနိုင်တဲ့ အကောင်းဆုံးနည်းက ဘာလဲ။

၁၅ ခရစ်ယာန်စစ်တစ်ဦးသည် “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့” ဟူသော ရောမအခန်းကြီး ၁၂ ၏နောက်ဆုံးအခန်းငယ်ကို လိုက်နာသည်။ အဆိုးအားလုံး၏ရင်းမြစ်မှာ စာတန်ဖြစ်သည်။ (ယော. ၈:၄၄; ၁ ယော. ၅:၁၉) တမန်တော်ယောဟန်ကိုပေးခဲ့သော အဆင်းအာရုံတွင် ယေရှုက ဘိသိက်ပေးခံရသောညီများသည် “သိုးသငယ်၏ အသွေးတော်ကြောင့်လည်းကောင်း၊ မိမိတို့သက်သေခံသော တရားစကားတော်ကြောင့်လည်းကောင်း [စာတန်]ကို အောင်မြင်ခဲ့ပြီ” ဟုပြောခဲ့သည်။ (ဗျာ. ၁၂:၁၁) စာတန်နှင့် ဤလောကစနစ်အပေါ်လွှမ်းမိုးလျက်ရှိသည့် သူ၏ဆိုးညစ်သောသြဇာကို အောင်မြင်နိုင်သည့် အကောင်းဆုံးနည်းမှာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောသက်သေခံခြင်းဖြစ်ကြောင်း ဤအချက်က ဖော်ပြသည်။

မျှော်လင့်ခြင်း၌ ဝမ်းမြောက်ကြလော့

၁၆၊ ၁၇။ (က) ကျွန်ုပ်တို့ရဲ့အသက်တာကို ဘယ်လိုအသုံးပြုသင့်ကြောင်း (ခ) အသင်းတော်မှာ ဘယ်လိုပြုမူသင့်ကြောင်း (ဂ) ကျွန်ုပ်တို့ယုံကြည်ခြင်းကို ဆန့်ကျင်သူတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံသင့်ကြောင်း ရောမအခန်းကြီး ၁၂ က ဘာသင်ပေးသလဲ။

၁၆ ရောမရှိခရစ်ယာန်များထံ ပေါလုရေးသောစာ၏အခန်းကြီး ၁၂ ကို အကျဉ်းချုပ်သုံးသပ်ခြင်းက ကျွန်ုပ်တို့အား အကြောင်းအရာများစွာကို သတိရစေသည်။ ယေဟောဝါထံအပ်နှံထားသော ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ယဇ်အဖြစ် တလိုတလားပေးဆက်သင့်သည်။ ဘုရားသခင့်စွမ်းအားတော်လှုံ့ဆော်မှုကြောင့် ကျွန်ုပ်တို့ ထိုသို့ပေးဆက်ကြ၏၊ အကြောင်းမှာ ယင်းသည် ဘုရားသခင့်အလိုတော်ဖြစ်ကြောင်း ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းက ယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် စွမ်းအားတော်ဖြင့် စိတ်ထက်သန်ပြီး ဆုကျေးဇူးအမျိုးမျိုးကို ဇွဲနပဲဖြင့် အသုံးပြုကြသည်။ ကျွန်ုပ်တို့သည် နှိမ့်ချကျိုးနွံစွာ အမှုဆောင်ပြီး ခရစ်ယာန်စည်းလုံးမှုကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံးလုပ်ဆောင်ကြသည်။ ထို့ပြင် ဧည့်ဝတ်ကျေပွန်ပြီး စာနာစိတ်တင်ပြကြသည်။

၁၇ ရောမအခန်းကြီး ၁၂ သည် ဆန့်ကျင်မှုကို မည်သို့တုံ့ပြန်သင့်ပုံနှင့်ပတ်သက်၍ အကြံဉာဏ်များစွာ ဖော်ပြသည်။ ကျွန်ုပ်တို့သည် လက်တုံ့မပြန်သင့်ပါ။ ဆန့်ကျင်မှုကို ကြင်နာသောလုပ်ရပ်များဖြင့် အနိုင်ယူသင့်သည်။ ကျမ်းစာမူများကို မချိုးဖောက်သရွေ့ လူအားလုံးနှင့် အတတ်နိုင်ဆုံး သင့်မြတ်စွာနေရန် ကြိုးစားသင့်သည်။ မိသားစုတွင်၊ အသင်းတော်တွင်၊ အိမ်နီးချင်းများနှင့်ဆက်ဆံရာတွင်၊ အလုပ်တွင်၊ ကျောင်းတွင်၊ ဓမ္မအမှုတွင် ယင်းကို ကျင့်သုံးရန်ဖြစ်၏။ ပေါ်ပေါ်ထင်ထင်ရန်မူခံရသည့်တိုင် လက်စားချေခြင်းသည် ယေဟောဝါနှင့်သာဆိုင်ကြောင်း သတိရကာ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူဖို့ ကျွန်ုပ်တို့ အတတ်နိုင်ဆုံးကြိုးစားကြသည်။

၁၈။ ရောမ ၁၂:၁၂ မှာ ဘာအကြံပြုချက်သုံးချက် ပါရှိသလဲ။

၁၈ ရောမ ၁၂:၁၂ ကိုဖတ်ပါ။ အထက်ပါအကြံဉာဏ်ကောင်းများအပြင် အကြံပြုချက်သုံးချက်ကိုလည်း ပေါလုဖော်ပြသည်။ ထိုအရာအားလုံးကို ယေဟောဝါ၏အကူအညီမပါဘဲ ပြီးမြောက်နိုင်မည်မဟုတ်သောကြောင့် “ဆုတောင်းခြင်း၌ စွဲမြဲကြ” ရန် ပေါလုအကြံပေးသည်။ ယင်းက “ဆင်းရဲဒုက္ခရောက်သောအခါ ခံနိုင်ရည်ရှိ” ပါဟူသော သူ၏ထပ်ဆင့်အကြံဉာဏ်ကို လိုက်နာစေနိုင်သည်။ နောက်ဆုံး၊ ကျွန်ုပ်တို့အတွက် ယေဟောဝါကတိ ပြုထားသော အနာဂတ်ကိုသာ မပြတ်အာရုံစိုက်ပြီး ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးတွင်ဖြစ်စေရရှိမည့် “မျှော်လင့်ခြင်း၌ ဝမ်းမြောက်” ဖို့လိုသည်။

ပြန်လည်သုံးသပ်ချက်

• ဆန့်ကျင်မှုတွေကို ကျွန်ုပ်တို့ ဘယ်လိုတုံ့ ပြန်သင့်သလဲ။

• ကျွန်ုပ်တို့ ဘယ်ကဏ္ဍတွေမှာ ရန်ငြိမ်းစေသူတွေဖြစ်သင့် သလဲ၊ ဘာကြောင့်လဲ။

• ကျွန်ုပ်တို့ ဘာကြောင့် ကိုယ်တိုင်လက်တုံ့မပြန် သင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အိမ်နီးချင်းတွေကို လက်တွေ့ကျကျကူညီခြင်းက မလိုမုန်းထားမှုတွေကို ချေဖျက်နိုင်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အသင်းတော်အတွင်း ရန်ငြိမ်းစေသူဖြစ်ဖို့ သင်ကြိုးစားသလော