မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’

‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’

‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’

“သင်တို့သည် ငါပညတ်သောအရာများကို ကျင့်ကြံလျှင် ငါ၏မိတ်ဆွေဖြစ်ကြ၏။” —ယော. ၁၅:၁၄

၁၊ ၂။ (က) ယေရှုရဲ့မိတ်ဆွေတွေမှာ ဘယ်လိုနောက်ခံတွေရှိကြသလဲ။ (ခ) ယေရှုရဲ့မိတ်ဆွေဖြစ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

ယေရှုနှင့်အတူ အထက်ခန်းမတွင်ထိုင်နေသော အမျိုးသားများသည် နောက်ခံအသီးသီးရှိသူများဖြစ်ကြသည်။ ညီအစ်ကိုများဖြစ်သော ပေတရုနှင့်အန္ဒြေတို့သည် တံငါသည်များဖြစ်ကြသည်။ မဿဲသည် ယခင်က ဂျူးများအထင်သေးသည့် အခွန်ခံတစ်ဦးဖြစ်ခဲ့သည်။ ယာကုပ်နှင့်ယောဟန်သည် ငယ်စဉ်ဘဝမှစ၍ ယေရှုကို သိခဲ့ဖွယ်ရှိသည်။ နာသနေလသည် ကိုယ်တော်ကို သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိပေဦးမည်။ (ယော. ၁:၄၃-၅၀) သို့တိုင် ဂျေရုဆလင်မြို့တွင် ထိုအရေးကြီးသောပသခါည၌ ရောက်ရှိနေသူအားလုံးသည် ယေရှုကို အသက်ရှင်သောဘုရားသခင့်သားတော်၊ ကတိထားရာမေရှိယဖြစ်ကြောင်း ယုံကြည်ကြသူများဖြစ်သည်။ (ယော. ၆:၆၈၊ ၆၉) “သင်တို့ကို မိတ်ဆွေဟု ငါခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံမှကြားသမျှကို သင်တို့အား ပြောပြ၏” ဟုကိုယ်တော်မိန့်တော်မူသည်ကို သူတို့ကြားသည့်အခါ စိတ်နွေးထွေးခဲ့မည်မှာ သေချာသည်။—ယော. ၁၅:၁၅

သစ္စာရှိတမန်တော်များကိုပြောခဲ့သော ယေရှု၏ထိုစကားများသည် ယနေ့ ဘိသိက်ခံခရစ်ယာန်အားလုံးအပြင် သူတို့၏အပေါင်းပါ “အခြားသိုး” များနှင့်လည်း မူအရ သက်ဆိုင်သည်။ (ယော. ၁၀:၁၆) ကျွန်ုပ်တို့၏နောက်ခံ မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်တို့သည် ယေရှု၏မိတ်ဆွေဖြစ်ခွင့် ရနိုင်သည်။ ကိုယ်တော်နှင့်မိတ်ဆွေဖြစ်ခွင့်ရခြင်းသည် အရေးကြီးဆုံးဖြစ်၏၊ အကြောင်းမှာ ကိုယ်တော်၏မိတ်ဆွေဖြစ်ခြင်းက ယေဟောဝါနှင့်လည်း မိတ်ဆွေဖြစ်စေသောကြောင့်ဖြစ်သည်။ အမှန်မှာ ခရစ်တော်ထံ ဦးစွာမချဉ်းကပ်ဘဲ ယေဟောဝါထံချဉ်းကပ်ရန်မှာ မဖြစ်နိုင်ပါ။ (ယောဟန် ၁၄:၆၊ ၂၁ ကိုဖတ်ပါ။) သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယေရှု၏မိတ်ဆွေဖြစ်လာရန်နှင့် မိတ်ဆွေဆက်၍ဖြစ်နေရန် အဘယ်အရာပြုလုပ်ရမည်နည်း။ ယင်းအရေးကြီးသောအကြောင်းကို မဆွေးနွေးမီ ကျွန်ုပ်တို့သည် မိတ်ဆွေကောင်းဖြစ်ခြင်းဆိုင်ရာ ယေရှု၏ပုံနမူနာကို ဆန်းစစ်ပြီး ယေရှု၏တပည့်များ ကိုယ်တော့်ကိုတုံ့ပြန်ပုံမှ ကျွန်ုပ်တို့သင်ယူနိုင်ရာကို ကြည့်ကြစို့။

မိတ်ဆွေကောင်းဖြစ်ခြင်းဆိုင်ရာ ယေရှု၏ပုံနမူနာ

၃။ ဘယ်အချက်တွေကြောင့် ယေရှုကို လူသိများသလဲ။

“ငွေရတတ်သောသူ၌မူကား များစွာသောအဆွေခင်ပွန်းရှိလိမ့်မည်” ဟုပညာရှိဘုရင်ရှောလမုန် ရေးခဲ့သည်။ (သု. ၁၄:၂၀) ယင်းအချက်က မစုံလင်သောလူသားများသည် မိမိတို့ပေးနိုင်သည့်အရာပေါ်မဟုတ်ဘဲ မိမိတို့ရနိုင်သည့်အရာပေါ်အခြေခံကာ မိတ်ဆွေဖွဲ့တတ်သည်ကို အကျဉ်းချုံးဖော်ပြ၏။ ယေရှုမူ ယင်းသဘောထားမျိုး မတင်ပြခဲ့ပါ။ ကိုယ်တော်သည် လူတစ်ဦး၏ငွေကြေး သို့မဟုတ် လူမှုရေးအဆင့်အတန်းကြောင့် စိတ်တိမ်းညွတ်ခြင်းမရှိခဲ့ပါ။ ယေရှုသည် ချမ်းသာကြွယ်ဝသောလူငယ်အရာရှိကို ချစ်သောစိတ်ရှိ၍ မိမိနောက်လိုက်ရန် ဖိတ်ခေါ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် ယေရှုသည် ထိုသူအား မိမိတွင်ရှိသောအရာများကိုရောင်းပြီး ဆင်းရဲသူများကိုပေးကမ်းရန် ညွှန်ကြားခဲ့သည်။ (မာ. ၁၀:၁၇-၂၂; လု. ၁၈:၁၈၊ ၂၃) ယေရှုကို ချမ်းသာကြွယ်ဝသူတို့၊ ထင်ပေါ်သူတို့နှင့်ပေါင်းဖော်ခြင်းကြောင့်မဟုတ်ဘဲ နိမ့်ကျသူတို့၊ အထင်သေးခံရသူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းကြောင့် လူသိများခဲ့သည်။—မ. ၁၁:၁၉

၄။ ယေရှုရဲ့မိတ်ဆွေတွေဟာ ချွတ်ယွင်းချက်ရှိသူတွေဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

ယေရှု၏မိတ်ဆွေများသည် ချွတ်ယွင်းချက်ရှိသူများဖြစ်သည်။ ပေတရုသည် ရံဖန်ရံခါ ကိစ္စရပ်များကို ဘုရားသခင့်ရှုထောင့်မှကြည့်မြင်ရန် ပျက်ကွက်ခဲ့သည်။ (မ. ၁၆:၂၁-၂၃) ယာကုပ်နှင့်ယောဟန်သည် ဘုရားသခင့်နိုင်ငံတော်တွင် ထင်ပေါ်သောရာထူးရရန် ယေရှုထံတောင်းဆိုသောအခါ ရည်မှန်းချက်ကြီးသည့်စိတ်ကို တင်ပြခဲ့ကြသည်။ သူတို့၏လုပ်ရပ်က အခြားတမန်တော်များကို စိတ်ဆိုးစေပြီး ထင်ပေါ်လိုသည့်ကိစ္စကြောင့် သူတို့ကြားတွင် အငြင်းအခုံဆက်ဖြစ်ခဲ့ကြသည်။ သို့သော် ယေရှုသည် မိမိမိတ်ဆွေများ၏အတွေးအခေါ်ကို စိတ်ရှည်စွာတည့်မတ်ပေးကာ သူတို့ကို အလွယ်တကူ စိတ်မပျက်ခဲ့ချေ။—မ. ၂၀:၂၀-၂၈

၅၊ ၆။ (က) ယေရှုက ဘာကြောင့် တမန်တော်အများစုနဲ့ ဆက်ပြီးမိတ်ဆွေဖြစ်ခဲ့သလဲ။ (ခ) ယုဒနဲ့မိတ်ဆွေဖြစ်တာကို ယေရှု ဘာကြောင့် အဆက်ဖြတ်ခဲ့သလဲ။

ယေရှုသည် မစုံလင်သော ဤအမျိုးသားများအား အလိုလိုက်လွန်းခြင်း သို့မဟုတ် သူတို့၏မစုံလင်မှုကို မမြင်ခြင်းကြောင့် သူတို့နှင့်မိတ်ဆွေဆက်ဖြစ်နေခြင်းမဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် သူတို့၏စိတ်ရင်းနှင့် အရည်အသွေးကောင်းများကို အာရုံစိုက်ခဲ့သည်။ ဥပမာ၊ ယေရှုအတွက်အခက်ခဲဆုံးအချိန်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ကိုယ်တော်ကို ထောက်မမည့်အစား အိပ်ပျော်နေကြသည်။ ယေရှု စိတ်ပျက်မည်ဆိုလည်း စိတ်ပျက်လောက်ပါသည်။ သို့တိုင် ကိုယ်တော်သည် သူတို့၏စိတ်ရင်းကောင်းကို တွေ့မြင်ကာ “စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကား အားနည်းသည်” ဟုမိန့်တော်မူခဲ့၏။—မ. ၂၆:၄၁

သို့သော် ယေရှုသည် ယုဒရှကာရုတ်နှင့် မိတ်ဆွေဖြစ်ခြင်းကို အဆက်ဖြတ်လိုက်သည်။ ယုဒသည် အပေါ်ယံအားဖြင့် မိတ်ဆွေဖြစ်ယောင်ဆောင်နေသော်လည်း ယခင်က မိတ်ဆွေရင်းချာဖြစ်ခဲ့သောဤသူသည် စိတ်နှလုံးယိုယွင်းဖောက်ပြန်နေကြောင်း ယေရှုတွေ့မြင်ခဲ့သည်။ ယုဒသည် လောကနှင့်မိတ်ဆွေဖွဲ့ခြင်းဖြင့် မိမိကိုယ်ကို ဘုရားသခင်၏ရန်သူ ဖြစ်စေခဲ့သည်။ (ယာ. ၄:၄) ထို့ကြောင့် ယေရှုသည် ကျန်ရှိသောသစ္စာရှိတမန်တော် ၁၁ ပါးနှင့် မိမိ၏မိတ်ဆွေဖြစ်မှုကို အလေးအနက်ပြောဆိုချိန်တွင် ယုဒကို ထွက်သွားစေခဲ့ပြီးဖြစ်သည်။—ယော. ၁၃:၂၁-၃၅

၇၊ ၈။ ယေရှုက မိတ်ဆွေတွေအတွက် ကိုယ်တော့်မေတ္တာကို ဘယ်လိုဖော်ပြသလဲ။

ယေရှုသည် သစ္စာရှိမိတ်ဆွေများ၏အမှားများကို အာရုံမစိုက်ဘဲ သူတို့၏အကောင်းဆုံးအကျိုးအတွက် လုပ်ဆောင်ခဲ့သည်။ ဥပမာ၊ စုံစမ်းမှုများကြုံရချိန်တွင် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးပါရန် ခမည်းတော်ထံ ကိုယ်တော်ဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၁၁ ကိုဖတ်ပါ။) ယေရှုသည် သူတို့၏ကာယရေးကန့်သတ်ချက်များကို ထည့်စဉ်းစားပေးခဲ့သည်။ (မာ. ၆:၃၀-၃၂) ထို့ပြင် ကိုယ်တော်သည် မိမိ၏သဘောထားကို သူတို့အားပြောပြရုံသာမဟုတ်ဘဲ သူတို့၏သဘောထားနှင့် ခံစားချက်ကို နားထောင်ပြီး နားလည်ပေးခဲ့သည်။—မ. ၁၆:၁၃-၁၆၊ ၁၇:၂၄-၂၆

ယေရှုသည် မိမိမိတ်ဆွေများအတွက် အသက်ရှင်ခဲ့ပြီး သူတို့အတွက် သေဆုံးခဲ့သည်။ ကိုယ်တော်သည် ခမည်းတော်၏တရားမျှတမှုစံနှုန်းကို ပြည့်မီရန် တရားဝင်တောင်းဆိုချက်အဖြစ် မိမိအသက်ကို ပေးဆက်ရမည်ဖြစ်ကြောင်း သိတော်မူခဲ့သည်မှာ မှန်ပါသည်။ (မ. ၂၆:၂၇၊ ၂၈; ဟေဗြဲ ၉:၂၂၊ ၂၈) သို့သော် ယေရှုသည် မိမိမေတ္တာကိုဖော်ပြရန် အသက်စွန့်ခဲ့သည်။ “ကိုယ့်မိတ်ဆွေတို့အတွက် အသက်ကိုစွန့်သောမေတ္တာထက် သာ၍ကြီးမြတ်သောမေတ္တာမရှိ” ဟုယေရှုဆို၏။—ယော. ၁၅:၁၃

ယေရှု၏မိတ်ဖွဲ့မှုကို တပည့်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း

၉၊ ၁၀။ ယေရှုရဲ့ရက်ရောမှုကို လူတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

ယေရှုသည် မိမိ၏အချိန်၊ ချစ်ခင်စုံမက်မှုနှင့် ရုပ်ပစ္စည်းများကို ရက်ရောစွာပေးကမ်းခဲ့သည်။ ရလဒ်အနေနှင့် လူတို့သည် ကိုယ်တော့်ထံဆွဲဆောင်ခံရကြပြီး ကိုယ်တော့်အား ဝမ်းမြောက်ဝမ်းသာ ပြန်ပေးကြသည်။ (လု.၈:၁-၃) ယေရှုသည် မိမိ၏အတွေ့အကြုံမှ ဤသို့ပြောနိုင်ခဲ့သည်– “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်းရမည့်အပြင် ဖိသိပ်လှုပ်ခါပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။”—လု. ၆:၃၈

၁၀ အချို့သည် ယေရှုထံမှရယူဖို့အတွက်သာ ကိုယ်တော်နှင့်ပေါင်းဖော်ခဲ့ကြသည်။ ဤမိတ်ဆွေအတုအယောင်များသည် ကိုယ်တော်မိန့်ဆိုသည့် အကြောင်းအရာတစ်ခုကို နားလည်မှုလွဲသောအခါ ကိုယ်တော်ကို စွန့်သွားခဲ့ကြသည်။ သူတို့နားမလည်သည့်အရာအတွက် ယေရှုကို ယုံကြည်စိတ်ချမည့်အစား မှားယွင်းစွာကောက်ချက်ချကာ ကိုယ်တော်ကို ကျောခိုင်းခဲ့သည်။ သို့သော် တမန်တော်များမူ သစ္စာစောင့်သိခဲ့သည်။ ခရစ်တော်နှင့်မိမိတို့မိတ်ဆွေဖြစ်မှု မကြာခဏစမ်းသပ်ခံရသော်လည်း သူတို့သည် အဆင်ပြေချိန်တွင်ရော၊ ခက်ခဲချိန်တွင်ပါ ကိုယ်တော်ကို အတတ်နိုင်ဆုံးထောက်မခဲ့ကြသည်။ (ယောဟန် ၆:၂၆၊ ၅၆၊ ၆၀၊ ၆၆-၆၈ ကိုဖတ်ပါ။) ယေရှုသည် မြေကြီးအသက်တာ၏ နောက်ဆုံးညတွင် မိတ်ဆွေများကို မည်မျှချစ်ကြောင်း ဤသို့ပြောသည်– “စုံစမ်းသွေးဆောင်ခြင်းကို ငါခံရစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူများ ဖြစ်ကြ၏။”—လု. ၂၂:၂၈

၁၁၊ ၁၂။ တပည့်တွေနဲ့ မိတ်ဆွေဖြစ်မှုကို ယေရှု ဘယ်လိုစိတ်ချစေခဲ့သလဲ၊ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

၁၁ ယေရှုသည် တပည့်များ၏သစ္စာစောင့်သိမှုကို ချီးမွမ်းပြီးနောက် မကြာမီတွင် ဤတပည့်များပင် ကိုယ်တော်ကို စွန့်ပစ်ခဲ့ကြသည်။ ခရစ်တော်ကိုချစ်သည့်မေတ္တာထက် လူကိုကြောက်ရွံ့သည့်စိတ်က သူတို့အပေါ် အခိုက်အတန့်လွှမ်းမိုးခဲ့၍ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း သူတို့ကို ယေရှုခွင့်လွှတ်ခဲ့သည်။ ကိုယ်တော်သေဆုံးပြီး ရှင်ပြန်ထမြောက်ပြီးနောက် သူတို့အား ကိုယ်ကိုထင်ရှားပြခြင်းဖြင့် မိတ်ဆွေဖြစ်မှုကို စိတ်ချစေခဲ့သည်။ ထို့ပြင် “လူမျိုးတကာမှလူတို့ကို” တပည့်ဖြစ်စေရန်နှင့် “မြေကြီးစွန်းတိုင်အောင်” ကိုယ်တော်၏သက်သေဖြစ်ရန်ဟူသော မြင့်မြတ်သည့်တာဝန်ကို သူတို့အား အပ်နှင်းခဲ့သည်။ (မ. ၂၈:၁၉; တ. ၁:၈) တပည့်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၁၂ တပည့်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းတွင် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြသည်။ မကြာမီ၊ ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော်ထောက်မမှုကြောင့် ဂျေရုဆလင်မြို့တွင် သူတို့၏သွန်သင်ချက်များ ပျံ့နှံ့သွားလေသည်။ (တ. ၅:၂၇-၂၉) အသက်အန္တရာယ်ကြုံရသော်လည်း တပည့်ဖြစ်စေပါဟူသော ယေရှု၏မိန့်မှာချက်ကို ဆက်၍နာခံခဲ့ကြသည်။ ယေရှု၏မိန့်မှာချက်ကိုရရှိပြီး ဆယ်စုနှစ်အနည်းငယ်တွင် တမန်တော်ပေါလုက သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့ပြီ” ဟုရေးနိုင်ခဲ့သည်။ (ကော. ၁:၂၃) ဤတပည့်များသည် ယေရှုနှင့်မိတ်ဆွေဖြစ်မှုနှောင်ကြိုးကို အမှန်ပင် လေးမြတ်တန်ဖိုးထားကြောင်း သက်သေထူခဲ့ကြသည်။

၁၃။ ယေရှုရဲ့တပည့်တွေက ကိုယ်တော့်သွန်သင်ချက်တွေကို ဘယ်လိုနည်းတွေနဲ့ လက်တွေ့ကျင့်သုံးခဲ့ကြသလဲ။

၁၃ တပည့်များဖြစ်လာကြသူတို့သည်လည်း ယေရှု၏သွန်သင်ချက်များကို မိမိတို့အသက်တာတွင် လက်တွေ့ကျင့်သုံးခဲ့ကြသည်။ ယင်းသည် လူများစွာအတွက် မိမိတို့၏အကျင့်စရိုက်များ အကြီးအကျယ်ပြောင်းလဲခြင်းကို ဆိုလိုသည်။ တပည့်သစ်အချို့သည် ယခင်က လိင်တူမေထုန်ပြုသူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ သောက်ကြူးသူများ သို့မဟုတ် သူ့ဥစ္စာကိုခိုးသူများ ဖြစ်ခဲ့ကြသည်။ (၁ ကော. ၆:၉-၁၁) အခြားသူတို့မှာမူ လူမျိုးခြားတို့နှင့်ပတ်သက်၍ မိမိတို့သဘောထားကို ပြောင်းလဲခဲ့ကြရသည်။ (တ. ၁၀:၂၅-၂၈) သို့တိုင် သူတို့သည် ယေရှုကို နာခံခဲ့ကြပြီး ပင်ကိုစရိုက်ဟောင်းကိုချွတ်ပယ်ကာ စရိုက်သစ်ကို ဝတ်ဆင်ခဲ့ကြသည်။ (ဧ. ၄:၂၀-၂၄) သူတို့သည် “ခရစ်တော်၏စိတ်သဘောထား” ကို ကောင်းစွာသိရှိလာပြီး ကိုယ်တော်၏စဉ်းစားပုံနှင့် ပြုမူပုံကို သဘောပေါက်ကာ တုပခဲ့ကြသည်။—၁ ကော. ၂:၁၆

ယနေ့ ခရစ်တော်နှင့်မိတ်ဆွေဖွဲ့ခြင်း

၁၄။ “ဤလောကစနစ်နိဂုံးပိုင်း”မှာဘာလုပ်မယ်လို့ယေရှုကတိပြုခဲ့သလဲ။

၁၄ ပထမရာစုမှ ခရစ်ယာန်များစွာသည် ယေရှုကို ကိုယ်တိုင်ကိုယ်ကျ သိရှိခဲ့ကြသည် သို့မဟုတ် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော့်ကို မြင်တွေ့ခဲ့ကြသည်။ ကျွန်ုပ်တို့မှာမူ ယင်းအခွင့်ထူး မရရှိကြပါ။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၏မိတ်ဆွေ မည်သို့ဖြစ်နိုင်သနည်း။ တစ်နည်းမှာ ကမ္ဘာပေါ်သက်ရှိထင်ရှားဆဲဖြစ်ပြီး စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသည့် ယေရှု၏ညီများဖြင့် ဖွဲ့စည်းထားသော သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားမှပေးသည့် ညွှန်ကြားချက်ကိုနာခံခြင်းဖြစ်သည်။ “ဤလောကစနစ်နိဂုံးပိုင်း” အတွင်း ထိုကျွန်ကို “မိမိ၏ဥစ္စာရှိသမျှအပေါ်” ခန့်အပ်လိမ့်မည်ဟု ယေရှုကတိပြုခဲ့သည်။ (မ. ၂၄:၃၊ ၄၅-၄၇) ယနေ့၊ ခရစ်တော်၏မိတ်ဆွေများဖြစ်ရန် ကြိုးစားသူအများစုသည် ထိုကျွန်အတန်းအစားတွင် မပါဝင်ကြပါ။ သစ္စာရှိကျွန်အတန်းအစားမှရရှိသည့် ညွှန်ကြားချက်ကို သူတို့တုံ့ပြန်ပုံက ခရစ်တော်နှင့် သူတို့၏မိတ်ဆွေဖြစ်မှုအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

၁၅။ လူတစ်ဦးကို သိုး ဒါမှမဟုတ် ဆိတ်ဖြစ်တယ်ဆိုတာ ဘာက ဆုံးဖြတ်ပေးမလဲ။

၁၅ မဿဲ ၂၅:၃၁-၄၀ ကိုဖတ်ပါ။ ယေရှုသည် သစ္စာရှိကျွန်အတန်းအစားအဖြစ် ဖွဲ့စည်းမည့်သူတို့ကို မိမိ၏ညီများဟုခေါ်ခဲ့သည်။ သိုးနှင့်ဆိတ်ခွဲခြားခြင်း ပုံဥပမာတွင် ယေရှုက မိမိညီများအပေါ် ကျွန်ုပ်တို့ဆက်ဆံပုံသည် ကိုယ်တော့်ကို ဆက်ဆံပုံဖြစ်သည်ဟု ယူမှတ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ သိုးနှင့်ဆိတ်ခွဲခြားရာတွင် ကိုယ်တော်၏ “ညီတို့တွင် အငယ်ဆုံးသောသူတစ်ဦးကို” ကျွန်ုပ်တို့ဆက်ဆံပုံပေါ်မူတည်၍ ဆုံးဖြတ်မည်ဟု ယေရှုပြောခဲ့သည်။ ထို့ကြောင့် မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် ခရစ်တော်နှင့်မိတ်ဆွေဖြစ်လိုကြောင်း တင်ပြနိုင်သည့်အဓိကနည်းမှာ သစ္စာရှိကျွန်အတန်းအစားကို ထောက်မခြင်းဖြစ်သည်။

၁၆၊ ၁၇။ ခရစ်တော်ရဲ့ညီတွေနဲ့ ကျွန်ုပ်တို့ ဘယ်လိုမိတ်ဖွဲ့နိုင်သလဲ။

၁၆ သင်သည် ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပေါ်အသက်ရှင်ရန် မျှော်လင့်ပါက ခရစ်တော်၏ညီများနှင့် သင်မည်သို့မိတ်ဖွဲ့နိုင်သနည်း။ နည်းသုံးနည်းကို ဆန်းစစ်ကြစို့။ ပထမနည်းမှာ ဟောပြောခြင်းလုပ်ငန်းတွင် စိတ်နှလုံးအကြွင်းမဲ့ ပါဝင်ခြင်းဖြစ်သည်။ ခရစ်တော်သည် မိမိညီများကို ကမ္ဘာတစ်ဝန်း သတင်းကောင်းဟောပြောရန် မိန့်ကြားခဲ့သည်။ (မ. ၂၄:၁၄) သို့သော် ယနေ့ မြေကြီးပေါ်ရှိ ခရစ်တော်၏ညီအကြွင်းအကျန်သည် အခြားသိုးအပေါင်းပါ၏ အကူအညီမပါလျှင် ယင်းတာဝန်ကို ပြီးမြောက်ရန် ခက်ခဲမည်ဖြစ်သည်။ အခြားသိုးအဝင်ဖြစ်သူများသည် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်သည့်အခါတိုင်း မြင့်မြတ်သောတာဝန်ပြီးမြောက်ရန် ခရစ်တော်၏ညီများကို ကူညီပေးနေခြင်းဖြစ်၏။ သစ္စာနှင့်သတိပညာရှိသော ကျွန်အတန်းအစားသည် မိတ်ဆွေဖြစ်ကြောင်းဖော်ပြသည့် ယင်းလုပ်ရပ်ကို ခရစ်တော်ကဲ့သို့ များစွာတန်ဖိုးထားသည်။

၁၇ ခရစ်တော်၏ညီများကို အခြားသိုးအတန်းအစားအဝင်များ ကူညီပေးနိုင်သည့်ဒုတိယနည်းမှာ ဟောပြောခြင်းလုပ်ငန်းကို ငွေကြေးဖြင့်ထောက်မခြင်းဖြစ်သည်။ ယေရှုသည် မိမိနောက်လိုက်များကို “မဖြောင့်မတ်သောလောက၏ စည်းစိမ်ဖြင့်” မိတ်ဆွေဖွဲ့ကြရန် တိုက်တွန်းခဲ့သည်။ (လု. ၁၆:၉) ယေရှု သို့မဟုတ် ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းကို ကျွန်ုပ်တို့ဝယ်၍မရနိုင်ပါ။ ယင်းအစား ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ထောက်မဖို့ ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်မှုနှင့် မေတ္တာသည် အပြောအားဖြင့်သာမဟုတ်ဘဲ “စိတ်ရောကိုယ်ပါ” ဖြစ်ကြောင်း သက်သေထူကြသည်။ (၁ ယော. ၃:၁၆-၁၈) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်သည့်အခါ၊ ဝတ်ပြုစည်းဝေးရာနေရာများဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ငွေကြေးလှူဒါန်းသည့်အခါ၊ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ရန်ပုံငွေထည့်ဝင်သည့်အခါ ထိုသို့ထောက်မနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ထည့်ဝင်သည့်အလှူငွေသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျွန်ုပ်တို့၏စေတနာစိတ်ဖြင့်လှူခြင်းကို ယေဟောဝါနှင့်ယေရှု အမှန်ပင်လေးမြတ်တန်ဖိုးထားသည်။—၂ ကော. ၉:၇

၁၈။ အသင်းတော်အကြီးအကဲတွေပေးတဲ့ ကျမ်းစာအခြေပြုညွှန်ကြားချက်ကို ဘာကြောင့်နာခံသင့်သလဲ။

၁၈ ခရစ်တော်၏မိတ်ဆွေများဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံးသက်သေပြနိုင်သည့် တတိယနည်းမှာ အသင်းတော်အကြီးအကဲများပေးသော ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းဖြစ်သည်။ ထိုအမျိုးသားများသည် ခရစ်တော်၏ညွှန်ကြားမှုအောက်တွင် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်အပ်ခံရသူများဖြစ်သည်။ (ဧ. ၅:၂၃) “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့” ဟုတမန်တော်ပေါလုရေးခဲ့သည်။ (ဟေဗြဲ ၁၃:၁၇) ဒေသခံအကြီးအကဲများပေးသော ကျမ်းစာအခြေပြုညွှန်ကြားချက်ကိုနာခံဖို့ ခက်ခဲသည့်အခါများရှိပေမည်။ ကျွန်ုပ်တို့သည် သူတို့၏မစုံလင်မှုများကို သတိပြုမိပေမည်၊ ယင်းကြောင့် သူတို့၏အကြံပေးချက်အပေါ် ကျွန်ုပ်တို့အမြင်စောင်းနေပေမည်။ သို့တိုင် အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်သည် ထိုမစုံလင်သောအမျိုးသားများကို လိုလိုလားလားအသုံးပြုသည်။ ထို့ကြောင့် သူတို့၏အခွင့်အာဏာကို ကျွန်ုပ်တို့တုံ့ပြန်ပုံက ခရစ်တော်နှင့်ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ အကြီးအကဲများ၏ ချွတ်ယွင်းချက်များကိုမကြည့်ဘဲ သူတို့၏ညွှန်ကြားချက်ကို ဝမ်းမြောက်စွာလိုက်နာသောအခါ ခရစ်တော်ကို ကျွန်ုပ်တို့ချစ်ရာရောက်သည်။

မိတ်ဆွေကောင်းများ တွေ့ရှိနိုင်သည့်နေရာ

၁၉၊ ၂၀။ အသင်းတော်အတွင်းမှာ ဘယ်အရာကို တွေ့ရှိနိုင်သလဲ၊ နောက်ဆောင်းပါးမှာ ဘယ်အချက်ကို သုံးသပ်ကြမလဲ။

၁၉ ယေရှုသည် ကျွန်ုပ်တို့ကိုမေတ္တာရှိသိုးထိန်းများ၏ ကြီးကြပ်မှုမှတစ်ဆင့် ဂရုစိုက်နေသည့်အပြင် အသင်းတော်တွင် မိခင်သဖွယ်ညီအစ်မများနှင့် ခရစ်ယာန်ညီအစ်ကိုညီအစ်မများ ပေးထားခြင်းဖြင့်လည်း ဆက်၍ဂရုစိုက်သည်။ (မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။) သင်သည် ယေဟောဝါ၏အဖွဲ့အစည်းနှင့် စတင်ပေါင်းသင်းသည့်အခါ သင့်ဆွေမျိုးများ မည်သို့တုံ့ပြန်ကြသနည်း။ ဘုရားသခင်နှင့် ခရစ်တော်ထံချဉ်းကပ်ဖို့ သင့်ကြိုးစားအားထုတ်မှုကို ထောက်မခဲ့မည်ဟု မျှော်လင့်ရပါသည်။ သို့သော် တစ်ခါတစ်ရံ “ကိုယ့်အိမ်သူအိမ်သားတို့သည် ကိုယ့်ရန်သူဖြစ်ကြလိမ့်မည်” ဟုယေရှုသတိပေးသည်။ (မ. ၁၀:၃၆) အသင်းတော်အတွင်းတွင် ညီအစ်ကိုအရင်းထက် သာ၍တွယ်တာရင်းနှီးသူများကို တွေ့နိုင်ကြောင်းသိရခြင်းက အလွန်နှစ်သိမ့်မှုဖြစ်စေသည်။—သု. ၁၈:၂၄

၂၀ ရောမအသင်းတော်ထံရေးသော ပေါလု၏စာ နိဂုံးပိုင်းနှုတ်ဆက်စကားတွင် ဖော်ပြသည့်အတိုင်း သူသည် ရင်းနှီးသောမိတ်ဆွေများစွာ ဖွဲ့ခဲ့သည်။ (ရော. ၁၆:၈-၁၆) တမန်တော်ယောဟန်သည် သူ၏တတိယစာစောင်တွင် “မိတ်ဆွေများကို နာမည်နှင့်တကွ နှုတ်ဆက်ပေးပါ” ဟုနိဂုံးချုပ်သည်။ (၃ ယော. ၁၄) သူ့တွင်လည်း မိတ်ဆွေစစ်များစွာရှိခဲ့ကြောင်း ထင်ရှား၏။ ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုညီအစ်မများနှင့် အကျိုးပြုသောမိတ်ဖွဲ့ခြင်း၊ ယင်းကို ထိန်းသိမ်းခြင်းဖြင့် ယေရှုနှင့်အစောပိုင်းတပည့်များ၏ပုံနမူနာကို မည်သို့တုပနိုင်သနည်း။ နောက်ဆောင်းပါးတွင် ယင်းမေးခွန်းကို အဖြေပေးပါလိမ့်မည်။

သင်မည်သို့ဖြေဆိုမည်နည်း

• မိတ်ဆွေကောင်းဖြစ်ခြင်းနဲ့ပတ်သက်လို့ ဘယ်ပုံနမူနာကို ယေရှု ချမှတ်ခဲ့သလဲ။

• ယေရှုရဲ့မိတ်ဖွဲ့မှုကို တပည့်တွေ ဘယ်လိုတုံ့ပြန်ခဲ့ကြ သလဲ။

• ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့မိတ်ဆွေတွေဖြစ်ကြတယ်ဆိုတာကို ဘယ်လိုသက်သေပြနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မိတ်ဆွေများရဲ့သဘောထားနဲ့ ခံစားချက်ကို ယေရှုစိတ်ဝင်စားခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ခရစ်တော်ရဲ့ မိတ်ဆွေဖြစ်လိုကြောင်း ကျွန်ုပ်တို့ ဘယ်လို တင်ပြနိုင်သလဲ