မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” သလော

သင်သည် “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” သလော

သင်သည် “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” သလော

လေပြင်းတိုက်ခတ်၍ သစ်ပင်ကြီးတစ်ပင် ယိမ်းထိုးနေသည်ကို သင်မြင်ဖူးပါသလော။ ထိုသစ်ပင်သည် လေပြင်းဒဏ်ခံရသော်လည်း မပြိုလဲဘဲ ကြံ့ကြံ့ခံ ရပ်တည်နေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်း၏သန်မာသောအမြစ်များသည် မြေကြီးတွင် အခိုင်အမာကုပ်တွယ်ထားသောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ထိုသစ်ပင်နှင့်တူနိုင်သည်။ ဘဝတွင် မုန်တိုင်းသဖွယ် စမ်းသပ်မှုများရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့သည် “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” နေမည်ဆိုလျှင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါသည်။ (ဧ. ၃:၁၄-၁၇) ထိုအုတ်မြစ်ကား အဘယ်နည်း။

“ခရစ်တော်ယေရှုကိုယ်နှိုက်မူကား” ခရစ်ယာန်အသင်းတော်၏ “အုတ်မြစ်ကျောက်ဖြစ်၏” ဟုကျမ်းစာတွင်ဖော်ပြသည်။ (ဧ. ၂:၂၀; ၁ ကော. ၃:၁၁) “ကိုယ်တော်နှင့်အတူ စည်းလုံးညီညွတ်စွာ လျှောက်လှမ်းနေကြလော့။ . . . ကိုယ်တော်၌ စွဲမြဲလျက်၊ တည်ဆောက်လျက်၊ ယုံကြည်ခြင်း၌ တည်မြဲလျက် နေကြလော့” ဟုကျွန်ုပ်တို့ခရစ်ယာန်များကို တိုက်တွန်းထားသည်။ ကျွန်ုပ်တို့ ထိုသို့လုပ်ဆောင်ပါက “အကျိုးမဲ့လှည့်ဖြားပြောဆိုခြင်း” ကိုအခြေပြုသော “ဖြားယောင်းသောစကား” အပါအဝင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတိုက်ခိုက်သည့် အရာမှန်သမျှကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ပါလိမ့်မည်။—ကော. ၂:၄-၈

“အလျား၊ အနံ၊ အမြင့်၊ အနက်”

ကျွန်ုပ်တို့သည် မည်သို့ “အမြစ်စွဲလျက်” “ယုံကြည်ခြင်း၌ တည်မြဲ” နေနိုင်မည်နည်း။ ထိုသို့အမြစ်စွဲနိုင်ရန် အရေးကြီးဆုံးနည်းလမ်းတစ်ခုမှာ သမ္မာကျမ်းစာကို ဇွဲထက်သန်စွာ လေ့လာခြင်းဖြစ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့အား “သန့်ရှင်းသူအပေါင်းတို့နှင့်အတူ” အမှန်တရား၏ “အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ကောင်းစွာပိုင်းခြား၍သိမြင်” စေလိုသည်။ (ဧ. ၃:၁၈) ထို့ကြောင့် ခရစ်ယာန်များသည် ကျမ်းစာပါ “အခြေခံအကြောင်းများ” ကို အပေါ်ယံသိနားလည်ရုံဖြင့် ကျေနပ်မနေသင့်ပါ။ (ဟေဗြဲ ၅:၁၂; ၆:၁) ကျွန်ုပ်တို့အားလုံးသည် ကျမ်းစာအမှန်တရားများကို အတွင်းကျကျသဘောပေါက်နိုင်ရန် စိတ်ထက်သန်စွာကြိုးစားသင့်သည်။—သု. ၂:၁-၅

အသိပညာများစွာရှိရုံဖြင့် အမှန်တရားတွင် “အမြစ်စွဲလျက် အခြေခိုင်” နေမည်ဟူ၍ မဆိုလိုသည်မှာ မှန်ပါသည်။ စာတန်ကိုယ်တိုင်ပင် ကျမ်းစာတွင်ပါရှိသည့်အရာများကို သိထားသည်။ ထို့ကြောင့် ယင်းထက်မကလိုအပ်သည်။ ကျွန်ုပ်တို့သည် “အသိပညာထက် သာလွန်ကောင်းမွန်သည့် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သိကျွမ်း” ဖို့လိုသည်။ (ဧ. ၃:၁၉) ကျွန်ုပ်တို့သည် ယေဟောဝါနှင့်အမှန်တရားကို ချစ်မြတ်နိုးသောကြောင့် ကျမ်းစာလေ့လာသည်နှင့်အမျှ တိကျမှန်ကန်သော ကျမ်းစာအသိပညာတိုးပွားလာပြီး ယုံကြည်ခြင်းလည်း ခိုင်မြဲလာပါလိမ့်မည်။—ကော. ၂:၂

သင်၏သိနားလည်မှုကို ဆန်းစစ်ပါ

ကျမ်းစာမှ အရေးကြီးသောအမှန်တရားအချို့နှင့်ပတ်သက်သည့် သင်၏သိနားလည်မှုကို ယခုပင် ဆန်းစစ်ပါလေ။ ယင်းက ကျမ်းစာကို ပို၍ထက်သန်စွာ လေ့လာလိုစိတ်ရှိရန်ပင် လှုံ့ဆော်ပေးနိုင်သည်။ ဥပမာ၊ ဧဖက်မြို့သားများထံရေးသော တမန်တော်ပေါလု၏စာပါ အဖွင့်စကားများကို ဖတ်ရှုကြည့်ပါ။ ( “ဧဖက်သြဝါဒစာ” လေးထောင့်ကွက်ကို ကြည့်ပါ။) ထိုကျမ်းချက်များကို ဖတ်ရှုပြီးနောက် ‘လေးထောင့်ကွက်မှာ စာလုံးစောင်းထားတဲ့ ကျမ်းစကားတွေရဲ့အဓိပ္ပာယ်ကို ငါနားလည်ရဲ့လား’ ဟု မိမိကိုယ်ကိုမေးပါ။ ယင်းတို့တစ်ခုချင်းစီကို သုံးသပ်ကြည့်ကြစို့။

“ဤလောက မတည်မီကပင်” ကြိုတင်ခွဲခန့်ထား

ဘုရားသခင်သည် “ယေရှုခရစ်အားဖြင့် မွေးစားခြင်းကိုခံရရန် [ငါတို့ကို] ကြိုတင်သတ်မှတ်ထားတော်မူသည်” ဟုယုံကြည်သူချင်းများကို ပေါလုပြောခဲ့သည်။ ယေဟောဝါသည် လူသားအချို့ကို ကောင်းကင်ရှိ စုံလင်သောမိသားစုဝင်အဖြစ် မွေးစားရန် ရည်ရွယ်ခဲ့သည်။ ဘုရားသခင်၏မွေးစားသားများသည် ခရစ်တော်နှင့်အတူ ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် စိုးစံကြမည်။ (ရော. ၈:၁၉-၂၃; ဗျာ. ၅:၉၊ ၁၀) စာတန်သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ဦးဆုံးအကြိမ်စိန်ခေါ်ခဲ့စဉ်က ဘုရားသခင်ဖန်ဆင်းသောလူသားများတွင် အပြစ်အနာအဆာရှိသည်ဟု သွယ်ဝိုက်ပြောဆိုခဲ့သည်။ ဆိုးသွမ်းမှု၏ရင်းမြစ်ဖြစ်သော စာတန်အပါအဝင် မကောင်းမှုမှန်သမျှကို ဖယ်ရှားရန် ထိုလူသားများကိုပင် ယေဟောဝါရွေးချယ်အသုံးပြုသည်မှာ အလွန်သင့်လျော်လိုက်လေခြင်း။ သို့သော် ယေဟောဝါသည် မိမိ၏သားများအဖြစ် မွေးစားမည့်သူများကို တစ်ဦးစီအနေနှင့် ကြိုတင်သတ်မှတ်မထားပါ။ ယင်းအစား ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးမည့် လူသားအုပ်စုတစ်စုအဖြစ် ဘုရားသခင်သတ်မှတ်ထားခြင်းဖြစ်သည်။—ဗျာ. ၁၄:၃၊ ၄

“ဤလောက မတည်မီကပင်” အုပ်စုတစ်စုကို ရွေးချယ်ထားသည်ဟု ခရစ်ယာန်များထံ ပေါလုရေးရာတွင် အဘယ် “လောက” ကို ဆိုလိုနေခြင်းဖြစ်သနည်း။ ကမ္ဘာမြေနှင့်လူသားအား ဘုရားသခင်မဖန်ဆင်းမီကာလကို သူရည်ညွှန်းနေခြင်းမဟုတ်ပါ။ ထိုသို့ရည်ညွှန်းသည်မှန်လျှင် တရားမျှတခြင်းဆိုင်ရာ အခြေခံစံနှုန်းကို ချိုးဖောက်ရာရာက်ပေမည်။ အာဒံနှင့်ဧဝ ဖန်ဆင်းမခံရမီကပင် သူတို့ကိုကျရှုံးစေရန် ဘုရားသခင်ကြိုတင်သတ်မှတ်ခဲ့ပါက သူတို့၏လုပ်ရပ်များအတွက် စာရင်းရှင်းစရာလိုမည်မဟုတ်ပေ။ အာဒံနှင့်ဧဝသည် စာတန်နှင့်ပူးပေါင်းကာ ဘုရားသခင်၏ပိုင်သအုပ်စိုးမှုကို ပုန်ကန်ခဲ့သည်။ ယင်းကြောင့်ဖြစ်ပေါ်လာသည့်အခြေအနေကို ဘုရားသခင် အဘယ်နည်းဖြင့် တည့်မတ်ပေးမည်ဆိုသည်ကို အဘယ်အချိန်တွင်ဆုံးဖြတ်ခဲ့သနည်း။ ကျွန်ုပ်တို့၏ကနဦးမိဘများ ပုန်ကန်ပြီးနောက် မစုံလင်သောလူသားလောက မပေါ်ထွန်းမီ၊ လူသားမျိုးဆက် မမွေးဖွားမီအချိန်တွင် ယေဟောဝါဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဘုရားသခင်၏မဟာကရုဏာတော် ကြွယ်ဝမှုကြောင့်”

ဧဖက်သြဝါဒစာ၏ အဖွင့်စကားများတွင်ပါသော အစီအစဉ်သည် “ဘုရားသခင်၏ မဟာကရုဏာတော်ကြွယ်ဝမှုကြောင့်” ဖြစ်သည်ဟု ပေါလု အဘယ်ကြောင့်ဖော်ပြသနည်း။  ယေဟောဝါသည်  မစုံလင်သောလူသားများကို ရွေးနုတ်ရန်တာဝန်မရှိကြောင်း သူအလေးပေးလို၍ဖြစ်၏။

ကျွန်ုပ်တို့တွင် ရွေးနုတ်ဖိုးနှင့်ထိုက်တန်သော ကောင်းမှုတစ်စုံတစ်ခုမျှ မရှိပါ။ သို့သော် ယေဟောဝါသည် လူသားတို့ကို အလွန်ချစ်မြတ်နိုးသောကြောင့် ကျွန်ုပ်တို့ကိုကယ်တင်ဖို့ အထူးအစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်နှင့်မစုံလင်မှုကို ထည့်တွက်လျှင် ကျွန်ုပ်တို့ကိုရွေးနုတ်ခြင်းသည် ပေါလုဖော်ပြသည့်အတိုင်း အမှန်ပင် မဟာကရုဏာတော်ဖြစ်သည်။

ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ဆိုင်သော မြင့်မြတ်သောလျှို့ဝှက်ချက်

ဘုရားသခင်သည် စာတန်ကြောင့်ဖြစ်ပေါ်သော ပျက်စီးမှုကို မည်သို့ပြုပြင်မည်ဖြစ်ကြောင်း အစပိုင်းတွင်မဖော်ပြခဲ့ပါ။ ယင်းသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” ဖြစ်၏။ (ဧ. ၃:၄၊ ၅) နောက်ပိုင်း၊ ခရစ်ယာန်အသင်းတော် တည်ထောင်သောအခါ ယေဟောဝါသည် ကမ္ဘာမြေနှင့်လူသားတို့အတွက် ကိုယ်တော်၏မူလရည်ရွယ်ချက်ကို မည်သို့အကောင်အထည်ဖော်မည်ကို အသေးစိတ်ဖော်ပြခဲ့သည်။ “ချိန်းချက်သည့်ကာလစေ့သောအခါ” အသိဉာဏ်ရှိသတ္တဝါအားလုံးကို ပြန်လည်စုစည်းမည့် ‘စီမံခန့်ခွဲမှုတစ်ရပ်’ ကို ဘုရားသခင်လုပ်ဆောင်တော်မူသည်ဟု ပေါလုရှင်းပြခဲ့၏။

ကောင်းကင်၌ ခရစ်တော်နှင့်အတူ အုပ်ချုပ်မည့်သူများကို ယေဟောဝါ စတင်စုသိမ်းသည့် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ထိုပြန်လည်စုစည်းခြင်း၏ပထမအဆင့် စတင်သည်။ (တ. ၁: ၁၃-၁၅; ၂:၁-၄) ဒုတိယအဆင့်သည် ခရစ်တော်၏မေရှိယနိုင်ငံတော်အောက်ရှိ မြေကြီးပရဒိသုတွင် နေထိုင်မည့်သူများကို စုသိမ်းခြင်းဖြစ်ပေမည်။ (ဗျာ. ၇:၁၄-၁၇;၂၁:၁-၅) ‘စီမံခန့်ခွဲမှု’ ဟူသောစကားလုံးသည် မေရှိယနိုင်ငံတော်ကို ရည်ညွှန်းနေခြင်းမဟုတ်ပါ၊ အကြောင်းမှာ ထိုနိုင်ငံတော်သည် ၁၉၁၄ ခုနှစ်ရောက်မှ တည်ထောင်ခဲ့သောကြောင့်ဖြစ်သည်။ ယင်းအစား စကြဝဠာတစ်ခွင် တစည်းတလုံးတည်း ပြန်ဖြစ်ရန်ဟူသော မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ကိစ္စရပ်များအား ဘုရားသခင် ကိုင်တွယ်စီမံခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

“သိနားလည်နိုင်စွမ်း၌မူကား ကြီးရင့်သောသူဖြစ်ကြလော့”

ကိုယ်ပိုင်လေ့လာမှုအလေ့အကျင့်ကောင်းရှိခြင်းက အမှန်တရား၏ “အလျား၊ အနံ၊ အမြင့်၊ အနက်” ကို ကောင်းစွာပိုင်းခြားသိမြင်နိုင်ရန် သင့်ကို ထောက်ကူပေးပါလိမ့်မည်။ သို့သော် လူတို့၏ ဗျာများလှသောလက်ရှိဘဝပုံစံကြောင့် ထိုအကျင့်ကောင်းများကို ပျက်စီးအောင်လုပ်ဖို့၊ မပျက်စီးလျှင်ပင် အားနည်းသွားအောင်လုပ်ဖို့ စာတန်အတွက် လွယ်ကူလှသည်မှာ သေချာ၏။ သင့်ကို ထိုအခြေအနေမျိုးရောက်အောင်လုပ်ဖို့ စာတန်ကို ခွင့်မပြုပါနှင့်။ “သိနားလည်နိုင်စွမ်း၌ ကြီးရင့်သောသူဖြစ်” လာနိုင်ရန် ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားသော “ဉာဏ်စွမ်း” ကို အသုံးပြုပါ။ (၁ ယော. ၅:၂၀; ၁ ကော. ၁၄:၂၀) အဘယ်အရာကို အဘယ်ကြောင့်ယုံကြည်ကြောင်း ကောင်းစွာနားလည်ထားမည်ဆိုလျှင် “သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို” ရှင်းပြဖို့ အမြဲအသင့်ရှိနိုင်မည်ဖြစ်သည်။—၁ ပေ. ၃:၁၅

ပေါလုထံမှရသောစာကို ဧဖက်အသင်းတော်၌ ဦးဆုံးအကြိမ်ဖတ်ပြချိန်တွင် သင်ရောက်ရှိနေသည်ဟု စိတ်ကူးကြည့်ပါ။ သူ၏စကားများက “ဘုရားသခင်၏သားတော်ကို တိကျမှန်ကန်စွာသိကျွမ်း” လိုစိတ် တိုးများလာစေရန် သင့်ကိုလှုံ့ဆော်မည်မဟုတ်ပေလော။ (ဧ. ၄:၁၃၊ ၁၄) အမှန်ပင် လှုံ့ဆော်ပေးခဲ့သည်။ ထို့ကြောင့် ယနေ့လည်း ပေါလု၏စကားများသည် သင့်အတွက် အလားတူ လှုံ့ဆော်မှုဖြစ်စေပါ။ ယေဟောဝါကို နှစ်နှစ်ကာကာချစ်ခြင်း၊ တိကျမှန်ကန်သော ကျမ်းစာအသိပညာကို တန်ဖိုးထားလေးမြတ်ခြင်းတို့က ခရစ်တော်တည်းဟူသော “အုတ်မြစ်ပေါ်တွင် အမြစ်စွဲလျက် အခြေခိုင်” စေနိုင်ပါလိမ့်မည်။ ဤသို့ဖြင့် ဆိုးယုတ်သောလောက၏ အပြီးသတ်နိဂုံးမရောက်မီ သင့်အပေါ် စာတန်ကျရောက်စေသော မည်သည့်ဘဝမုန်တိုင်းကိုမဆို ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါလိမ့်မည်။—ဆာ. ၁:၁-၃; ယေ. ၁၇:၇၊ ၈

[စာမျက်နှာ ၂၇ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 “ဧဖက်သြဝါဒစာ”

‘ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ အကြောင်းမူကား ငါတို့သည် ခရစ်တော်နှင့် တစည်းတလုံးတည်းရှိခြင်းကြောင့် ကောင်းကင်အရပ်တွင် ကောင်းချီးအမျိုးမျိုးကို ငါတို့အား ဘုရားသခင်ပေးသနားတော်မူပြီ။ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ချစ်ခြင်းမေတ္တာအားဖြင့် သန့်ရှင်းပြီး အပြစ်အနာအဆာကင်းမဲ့မည်အကြောင်း ဤလောကမတည်မီကပင် ငါတို့ကို ခရစ်တော်နှင့် တစည်းတလုံးတည်းဖြစ်စေရန် ရွေးကောက်တော်မူ၏။ အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏ သဘောတော်နှင့် အလိုတော်အတိုင်း ယေရှုခရစ်အားဖြင့် သားများအဖြစ် မွေးစားခြင်းကို ခံရရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ သို့ဖြင့် ဘုရားသခင်ချစ်တော်မူသော သားတော်အားဖြင့် ငါတို့အား ပေးသနားတော်မူသည့် ကျက်သရေရှိသော မဟာကရုဏာတော်အတွက် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ငါတို့သည် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်တော်မူခြင်းခံရ၏။ ဘုရားသခင်၏ မဟာကရုဏာတော် ကြွယ်ဝမှုကြောင့် အပြစ်လွတ်ခွင့်ရ၏။ ကိုယ်တော်သည် ခပ်သိမ်းသော ဉာဏ်ပညာ၊ အသိတရားတို့အပြင် မဟာကရုဏာတော်ကို ငါတို့အား များစွာပေးသနားတော်မူ၏။ သို့ဖြင့် ကိုယ်တော်သည် အလိုတော်နှင့်ဆိုင်သော မြင့်မြတ်သောလျှို့ဝှက်ချက်ကို ငါတို့အား ဖော်ပြတော်မူ၏။ ထိုလျှို့ဝှက်ချက်သည် ကိုယ်တော်၏သဘောတော်နှင့် ရည်ရွယ်တော်မူချက်အတိုင်းဖြစ်၏။ ဤသို့ဖြင့် ကိုယ်တော်သည် ချိန်းချက်သည့်ကာလစေ့သောအခါ ကောင်းကင်ပေါ်ရှိအရာများနှင့် မြေကြီးပေါ်ရှိအရာများကို ခရစ်တော်၌ ပြန်လည်စုစည်းရန် စီမံခန့်ခွဲတော်မူ၏။’—ဧ. ၁:၃-၁၀