မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေပါ

ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေပါ

ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေပါ

‘အိုယေဟောဝါ၊ ကိုယ်တော်ကျွန်၏ဆုတောင်းစကားကို နားထောင်တော်မူပါ။’—နေ. ၁:၁၁

၁၊ ၂။ ကျမ်းစာမှာပါတဲ့ ဆုတောင်းချက်တချို့ကို သုံးသပ်ခြင်းက ဘာကြောင့်အကျိုးရှိသလဲ။

ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးပါသောကဏ္ဍများဖြစ်သည်။ (၁ သက်. ၅:၁၇; ၂ တိ. ၃:၁၆၊ ၁၇) အမှန်မှာ၊ သမ္မာကျမ်းစာသည် ဆုတောင်းစာအုပ်မဟုတ်ပါ။ သို့သော် ယင်းတွင် ဆာလံကျမ်းမှ ဆုတောင်းချက်များစွာအပါအဝင် ဆုတောင်းစကားအမြောက်အမြားပါရှိသည်။

သင်သည် ကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ ယင်းတွင် သင်ရင်ဆိုင်နေရသောအခြေအနေနှင့်ကိုက်ညီသည့် ဆုတောင်းချက်များပါရှိကြောင်း တွေ့ရှိပေမည်။ သင့်ဆုတောင်းချက်၌ ကျမ်းချက်များတွင်ပါသော ဆုတောင်းစကားများကို ထည့်သွင်းတောင်းလျှောက်သည့်အခါ သင့်ဆုတောင်းချက်များ၏အရည်အသွေး ပိုတိုးတက်လာသည်။ အကူအညီအတွက် ဆုတောင်းချက်များ ဖြေကြားခံရသူများနှင့် သူတို့၏ဆုတောင်းချက်ပါစကားများမှ သင် အဘယ်အရာသင်ယူသိရှိနိုင်သနည်း။

ဘုရားသခင်၏လမ်းညွှန်ချက်ကို ရှာဖွေပြီး လိုက်နာပါ

၃၊ ၄။ အာဗြဟံရဲ့ကျွန် ဘာတာဝန်ရရှိခဲ့သလဲ၊ ယေဟောဝါရဲ့ဖြေဆိုပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ကျမ်းစာလေ့လာခြင်းက ဘုရားသခင်၏လမ်းညွှန်ချက်ရရန် အမြဲဆုတောင်းသင့်ကြောင်း သင့်ကိုသိရှိစေသည်။ ဘိုးဘေးအာဗြဟံသည် ဣဇာက်အတွက် ဘုရားသခင်ကိုကြောက်ရွံ့သော ဇနီးတစ်ဦးကိုရှာရန် ဧလျာဇာဖြစ်နိုင်သော မိမိ၏အသက်အကြီးဆုံးကျွန်ကို မေသောပေါတာမိတိုင်းပြည်သို့ စေလွှတ်ခဲ့သောအခါ အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ရေတွင်းတစ်တွင်းတွင် အမျိုးသမီးများရေလာခပ်စဉ် ကျွန်သည် ယေဟောဝါထံ ဤသို့ဆုတောင်း၏– “အကြင်သတို့သမီးကို ‘ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါ’ ဟုဆိုသော် ‘သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါမည်’ ဟုပြန်ဆိုသောသတို့သမီးသည် ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူ ဖြစ်ပါစေသော။ ထိုသို့အားဖြင့် အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို အကျွန်ုပ်သိရပါမည်။”—က. ၂၄:၁၂-၁၄

ရေဗက္ကသည် ကုလားအုတ်များကို ရေတိုက်သောအခါ အာဗြဟံကျွန်၏ဆုတောင်းချက် ဖြေကြားခံခဲ့ရသည်။ မကြာမီ၊ သူသည် ထိုကျွန်နှင့်အတူ ခါနာန်ပြည်သို့လိုက်သွားပြီး ဣဇာက်၏ချစ်ဇနီးဖြစ်လာသည်။ သို့သော် ဘုရားသခင်သည် သင့်ဆုတောင်းချက်ကို အထူးအမှတ်အသားတစ်ခုဖြင့် ဖြေကြားမည်ဟု မမျှော်လင့်နိုင်ပါ။ သို့သော် သင်သည် ကိုယ်တော့်ထံဆုတောင်းကာ စွမ်းအားတော်၏လမ်းညွှန်မှုခံယူရန် စိတ်ပိုင်းဖြတ်ထားပါက သင့်အသက်တာကို ကိုယ်တော်လမ်းညွှန်ပါလိမ့်မည်။—ဂလ. ၅:၁၈

ဆုတောင်းချက်က စိုးရိမ်ပူပန်မှုကို လျော့ပါးစေ

၅၊ ၆။ ဧသောနဲ့တွေ့ဆုံခါနီးမှာ ယာကုပ်ရဲ့ဆုတောင်းချက်နဲ့ပတ်သက်ပြီး ဘာမှတ်သားစရာရှိသလဲ။

ဆုတောင်းချက်က စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်သည်။ ယာကုပ်သည် မိမိ၏အမြွှာညီအစ်ကိုကို ကြောက်ရွံ့သောကြောင့် ဤသို့ဆုတောင်းခဲ့သည်– “ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ . . . သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။ ကိုယ်တော်က ‘ငါသည် သင်၌ အမှန်ကျေးဇူးပြု၍ မရေတွက်နိုင်အောင်များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်’ ဟုမိန့်တော်မူပါပြီ။”—က. ၃၂:၉-၁၂

ယာကုပ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်မှာမှန်သော်လည်း သူနှင့်ဧသော ပြန်လည်သင့်မြတ်သွားခြင်းမှာ သူ့ဆုတောင်းချက်များ ဖြေကြားခံခဲ့ရသောကြောင့်ဖြစ်သည်။ (က. ၃၃:၁-၄) ထိုအသနားခံချက်ကို သေချာစွာဖတ်ရှုသောအခါ ယာကုပ်သည် အကူအညီတောင်းရုံမျှသာမဟုတ်ကြောင်း သင်တွေ့ရပေမည်။ သူသည် ကတိထားရာအမျိုးအနွယ်ကို ယုံကြည်ကြောင်းတင်ပြပြီး ဘုရားသခင်၏ကရုဏာအတွက် ကျေးဇူးတင်ခဲ့သည်။ သင်ကော ‘အတွင်း၌ စိုးရိမ်ခြင်း’ ရှိသလော။ (၂ ကော. ၇:၅) သို့ဆိုလျှင် ယာကုပ်၏အသနားခံဆုတောင်းချက်များက ဆုတောင်းခြင်းသည် စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်ကြောင်း သင့်အား သတိရစေပေမည်။ သို့သော် ယင်းတို့တွင် တောင်းဆိုချက်များသာမဟုတ်ဘဲ ယုံကြည်ကြောင်းဖော်ပြချက်များလည်း ပါဝင်သင့်သည်။

ဉာဏ်ပညာအတွက် ဆုတောင်းပါ

၇။ ယေဟောဝါရဲ့နည်းလမ်းတော်နဲ့ဆိုင်တဲ့ အသိပညာရဖို့ မောရှေ ဘာကြောင့် ဆုတောင်းခဲ့သလဲ။

ယေဟောဝါ၏ မျက်နှာသာရလိုသည့်ဆန္ဒက ဉာဏ်ပညာအတွက် ဆုတောင်းရန် သင့်ကိုလှုံ့ဆော်သင့်သည်။ မောရှေသည် ဘုရားသခင့်နည်းလမ်းတော်နှင့်ဆိုင်သော အသိပညာရရန် ဤသို့ဆုတောင်းခဲ့သည်– “‘[အီဂျစ်ပြည်မှ] ဤလူတို့ကို ပို့ဆောင်လော့’ ဟုကိုယ်တော် [ယေဟောဝါ] မိန့်တော်မူသည်တွင် . . . အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင် မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း ကိုယ်တော်၏လမ်းကိုပြတော်မူပါ။” (ထွ. ၃၃:၁၂၊ ၁၃) ထိုအခါ ဘုရားသခင်သည် မောရှေအား နည်းလမ်းတော်နှင့်ဆိုင်သော အသိပညာများစွာပေးခဲ့သည်။ ယင်းသည် ယေဟောဝါ၏လူမျိုးကိုဦးဆောင်ရာတွင် လိုအပ်သောအသိပညာဖြစ်၏။

၈။ ၃ ဓမ္မရာဇဝင် ၃:၇-၁၄ ကို တွေးတောဆင်ခြင်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

‘အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ’ ဟုဒါဝိဒ်ဆုတောင်းခဲ့သည်။ (ဆာ. ၂၅:၄) ဒါဝိဒ်၏သားတော် ရှောလမုန်သည်လည်း အစ္စရေးနိုင်ငံတွင် ဘုရင့်တာဝန်များကိုထမ်းဆောင်ရန် လိုအပ်သောဉာဏ်ပညာအတွက် ဘုရားသခင်ထံ အသနားခံခဲ့သည်။ ရှောလမုန်၏ဆုတောင်းချက်ကို ယေဟောဝါနှစ်သက်ခဲ့ပြီး သူတောင်းဆိုရာအပြင် စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၇-၁၄ ကိုဖတ်ပါ။) သင်သည် ခက်ခဲပုံရသောလုပ်ငန်းတော်တာဝန်များ ရရှိပါက ဉာဏ်ပညာအတွက် ဆုတောင်းပြီး နှိမ့်ချမှုတင်ပြပါ။ သို့ဆိုလျှင် အသိပညာရရှိရန်၊ သင့်တာဝန်များကို ဉာဏ်ပညာနှင့်အညီ မေတ္တာပါပါ၊ ကောင်းစွာထမ်းဆောင်နိုင်ရန် ဘုရားသခင်ကူညီပါလိမ့်မည်။

စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲဆုတောင်းပါ

၉၊ ၁၀။ ဝတ်ပြုရာအိမ်တော်အပ်နှံပွဲကျင်းပတုန်းက ရှောလမုန်ရဲ့ဆုတောင်းချက်မှာ စိတ်နှလုံးနဲ့ပတ်သက်တဲ့ သူ့ဖော်ပြချက်ကနေ အရေးပါတဲ့ ဘယ်အချက်ကို တွေ့ရှိရသလဲ။

ကျွန်ုပ်တို့သည် စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲဆုတောင်းပါက ဘုရားသခင်နားထောင်မည်ဖြစ်၏။ ဘီစီအီး ၁၀၂၆၊ ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်အပ်နှံပွဲတွင် ပရိသတ်အပေါင်းရှေ့၌ ရှောလမုန် လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့သည်။ ယင်းကို ၃ ဓမ္မရာဇဝင်အခန်းကြီး ၈ တွင် မှတ်တမ်းတင်ထားသည်။ အလွန်သန့်ရှင်းရာဌာနတွင် ပဋိညာဉ်သေတ္တာကိုထားပြီး ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သည် မိုးတိမ်နှင့်ပြည့်ပြီးနောက် ဘုရားသခင်ကို ရှောလမုန် ချီးမွမ်းခဲ့သည်။

၁၀ ရှောလမုန်၏ဆုတောင်းချက်ကို လေ့လာပြီး စိတ်နှလုံးနှင့်ပတ်သက်သော သူ၏ဖော်ပြချက်ကို မှတ်သားပါ။ ယေဟောဝါတစ်ပါးတည်းသာ လူ့စိတ်နှလုံးကိုသိတော်မူကြောင်း ရှောလမုန် အသိအမှတ်ပြုခဲ့သည်။ (၃ ရာ. ၈:၃၈-၄၀) “စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ” သော အပြစ်သားတစ်ဦးအတွက် မျှော်လင့်ချက်ရှိကြောင်း ယင်းဆုတောင်းချက်က ဖော်ပြသည်။ ရန်သူ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဘုရားသခင်၏လူမျိုးသည် စိတ်နှလုံးအကြွင်းမဲ့တောင်းလျှောက်ပါက သူတို့၏အသနားခံချက်များကို ကိုယ်တော်နားထောင်တော်မူမည်။ (၃ ရာ. ၈:၄၈၊ ၅၈၊ ၆၁) ထို့ကြောင့် သင်လည်း စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲဆုတောင်းသင့်သည်။

ဆာလံကျမ်းက သင့်ဆုတောင်းချက်များ၏ အရည်အသွေးကို တိုးတက်စေနိုင်ပုံ

၁၁၊ ၁၂။ ဘုရားသခင့်သန့်ရှင်းရာဌာနကို အချိန်အတော်ကြာ မသွားနိုင်တဲ့ လေဝိသားတစ်ဦးရဲ့ဆုတောင်းချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၁ ဆာလံကျမ်းကို လေ့လာခြင်းက သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေနိုင်ပြီး ဘုရားသခင်၏ဖြေကြားမှုကို စောင့်ဆိုင်းရန် အထောက်အကူပြုနိုင်သည်။ နယ်နှင်ခံလေဝိသားတစ်ဦး၏စိတ်ရှည်မှုကို သုံးသပ်ကြည့်ပါ။ သူသည် ယေဟောဝါ၏သန့်ရှင်းရာဌာနသို့ အချိန်အတန်ကြာ မသွားနိုင်သော်လည်း ဤသို့သီဆိုခဲ့၏– ‘ငါ့စိတ် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့သတည်း။’—ဆာ. ၄၂:၅၊ ၁၁; ၄၃:၅

၁၂ ထိုလေဝိသားထံမှ သင် အဘယ်အရာသင်ယူနိုင်သနည်း။ သင်သည် ဖြောင့်မတ်ခြင်းတရားအတွက် အကျဉ်းချခံရသောကြောင့် ယုံကြည်သူချင်းများရှိသည့် ဝတ်ပြုစည်းဝေးရာနေရာသို့ အချိန်အတန်ကြာမသွားနိုင်ဘဲဖြစ်နေပါက ယေဟောဝါ၏အကူအညီကို စိတ်ရှည်စွာစောင့်ဆိုင်းပါ။ (ဆာ. ၃၇:၅) ဘုရားသခင့်အမှုတော်ဆောင်ရာတွင် သင်ခံစားခဲ့ရသောပျော်ရွှင်မှုကို ပြန်တွေးတောပြီး ကိုယ်တော့်လူမျိုးနှင့် ပြန်လည်ပေါင်းသင်းနိုင်ရန် ‘ယေဟောဝါကိုစောင့်မျှော်’ စဉ် ခံနိုင်ရည်ရှိဖို့ ဆုတောင်းပါ။

ယုံကြည်ခြင်းဖြင့်ဆုတောင်းပါ

၁၃။ ယာကုပ် ၁:၅-၈ အရ ဘာကြောင့် ယုံကြည်ခြင်းနဲ့ ဆုတောင်းသင့်သလဲ။

၁၃ သင့်အခြေအနေ မည်သို့ပင်ရှိပါစေ ယုံကြည်ခြင်းဖြင့် အမြဲဆုတောင်းပါ။ သမာဓိစောင့်သိမှုနှင့်ပတ်သက်သော စမ်းသပ်မှုများရင်ဆိုင်ရပါက တပည့်ဖြစ်သူယာကုပ်၏အကြံပြုချက်ကို လိုက်နာပါ။ ယေဟောဝါကို ဆုတောင်းပါ၊ ကိုယ်တော်သည် သင်ရင်ဆိုင်ရသောစမ်းသပ်မှုကို ဖြေရှင်းနိုင်ရန် ဉာဏ်ပညာပေးနိုင်ကြောင်း သံသယမရှိပါနှင့်။ (ယာကုပ် ၁:၅-၈ ကိုဖတ်ပါ။) ဘုရားသခင်သည် သင်ရင်ဆိုင်ရသောစမ်းသပ်မှုကို သိရှိတော်မူပြီး ကိုယ်တော့်စွမ်းအားတော်ဖြင့် သင့်ကိုလမ်းညွှန်ကာ နှစ်သိမ့်ပေးနိုင်သည်။ “ယုံမှားသံသယလုံးဝမရှိဘဲ” ယုံကြည်ခြင်းအပြည့်ဖြင့် စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲဆုတောင်း၍ စွမ်းအားတော်လမ်းညွှန်မှုနှင့် ကျမ်းစာအကြံပြုချက်ကို လက်ခံပါ။

၁၄၊ ၁၅။ ယုံကြည်ခြင်းနှင့်အညီ ဟန္န ဆုတောင်း၊ လုပ်ဆောင်ခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၄ လေဝိအမျိုးသားဧလကာန၏ ဇနီးနှစ်ဦးအနက် တစ်ဦးဖြစ်သူဟန္နသည် ယုံကြည်ခြင်းနှင့်အညီ ဆုတောင်း၊ လုပ်ဆောင်ခဲ့သည်။ ကလေးများစွာရှိသော နောက်ဇနီးတစ်ဦးဖြစ်သူ ပေနိန္နသည် ကလေးမရှိသောဟန္နကို ကဲ့ရဲ့လေ၏။ သားတစ်ဦးပေးသနားလျှင် ယေဟောဝါ၌အပ်ပါမည်ဟု တဲတော်တွင် ဟန္နသစ္စာကတိပြုခဲ့သည်။ ဟန္နဆုတောင်းနေစဉ် နှုတ်ခမ်းများလှုပ်နေသောကြောင့် ယဇ်ပုရောဟိတ်မင်းဧလိက သူအရက်မူးနေသည်ဟု ထင်မှတ်ခဲ့၏။ ယင်းသို့မဟုတ်ကြောင်း သိသွားသောအခါ ဧလိက “ယခုဆုတောင်းသည်အတိုင်း ဣသရေလအမျိုး၏ဘုရားသခင် ပေးသနားတော်မူပါစေသော” ဟုပြောခဲ့သည်။ မည်သို့ဖြစ်လာမည်ကို ဟန္နအတိအကျ မသိသော်လည်း သူ၏ဆုတောင်းချက် ဖြေကြားခံရမည်ကို သူယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် “နောက်တစ်ဖန် မျက်နှာညှိုးငယ်ခြင်း မရှိချေ။” သူသည် ဝမ်းနည်းခြင်း သို့မဟုတ် မှိုင်တွေခြင်း မရှိတော့ချေ။—၁ ရာ. ၁:၉-၁၈သမ္မာ။

၁၅ ရှမွေလကိုမွေးဖွားကာ နို့ဖြတ်ပြီးနောက် တဲတော်တွင် မြင့်မြတ်သောအမှုတော် ထမ်းဆောင်ရန် ယေဟောဝါထံ အပ်ခဲ့သည်။ (၁ ရာ. ၁:၁၉-၂၈) ဟန္န၏ဆုတောင်းချက်ကို အချိန်ယူတွေးတောဆင်ခြင်ခြင်းက သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေနိုင်သည်၊ ယေဟောဝါဖြေကြားမည်ကို ယုံကြည်စိတ်ချလျက် ဆုတောင်းပါက စိတ်ပျက်စရာအခြေအနေကြောင့် ခံစားရသော ဝမ်းနည်းပူဆွေးမှုကိုပင် သင်အောင်မြင်ကျော်လွှားနိုင်ကြောင်း သိမြင်စေသည်။—၁ ရာ. ၂:၁-၁၀

၁၆၊ ၁၇။ ယုံကြည်ခြင်းနဲ့အညီ နေဟမိ ဆုတောင်း၊ လုပ်ဆောင်ခဲ့တဲ့အတွက် ဘာရလဒ်ရခဲ့သလဲ။

၁၆ ဘီစီအီးငါးရာစုမှ ဖြောင့်မတ်သူနေဟမိသည် ယုံကြည်ခြင်းနှင့်အညီ ဆုတောင်း၊ လုပ်ဆောင်ခဲ့သည်။ သူဤသို့အသနားခံခဲ့၏– ‘အိုဘုရားသခင်၊ ကိုယ်တော်ကျွန်ပြုသော ဆုတောင်းစကားနှင့် နာမတော်ကိုရိုသေချင်သော ကျွန်တော်များပြုသော ဆုတောင်းစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါ။’ “ဤလူ” ကား မည်သူနည်း။ ပါးရှားဘုရင် အာတဇေရဇ်ဖြစ်ပြီး နေဟမိမှာ သူ၏ဖလားတော်ဝန်ဖြစ်သည်။—နေ. ၁:၁၁

၁၇ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာသော ဂျူးများသည် “ကြီးစွာသောဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ” ပြီး “ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်” ရှိသည်ကို နေဟမိသိရှိပြီးနောက် ယုံကြည်ခြင်းဖြင့် ရက်အတန်ကြာ ဆုတောင်းခဲ့သည်။ (နေ. ၁:၃၊ ၄) ဘုရင်အာတဇေရဇ်သည် မြို့ရိုးပြန်လည်တည်ဆောက်ရန် နေဟမိကို ယေရုရှလင်မြို့သို့ သွားခွင့်ပြုလိုက်ချိန်တွင် သူ၏ဆုတောင်းချက်များသည် မျှော်လင့်ထားသည်ထက် ပြည့်စုံခဲ့၏။ (နေ. ၂:၁-၈) မကြာမီ၊ မြို့ရိုးကို ပြန်လည်ပြုပြင်ခဲ့သည်။ နေဟမိသည် စစ်မှန်သောဝတ်ပြုရေးကို အဓိကထားပြီး ယုံကြည်ခြင်းဖြင့် ဆုတောင်းခဲ့သောကြောင့် သူ၏ဆုတောင်းချက်များ ဖြေကြားခံခဲ့ရသည်။ သင်လည်း ထိုအတိုင်းဆုတောင်းသလော။

ကျေးဇူးတင်ချီးမွမ်းရန် သတိရပါ

၁၈၊ ၁၉။ ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးက ဘာအကြောင်းရင်းတွေကြောင့် ကိုယ်တော့်ကို ကျေးဇူးတော်ချီးမွမ်းသင့်သလဲ။

၁၈ ဆုတောင်းသည့်အခါ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းရန် သတိရပါ။ ထိုသို့ပြုရန် အကြောင်းရင်းများစွာရှိပါသည်။ ဥပမာ၊ ဒါဝိဒ်သည် ယေဟောဝါ၏ဘုရင်အဖြစ်တော်ကို ထက်သန်စွာချီးမွမ်းခဲ့သည်။ (ဆာလံ ၁၄၅:၁၀-၁၃ ကိုဖတ်ပါ။) ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာရသည့်အခွင့်ထူးကို လေးမြတ်ကြောင်း သင့်ဆုတောင်းချက်များက ဖော်ပြပါသလော။ ထို့ပြင် ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ဆုတောင်းဖော်ပြရန် ဆာလံဆရာ၏စကားများက သင့်အားကူညီပေးပေမည်။—ဆာ. ၂၇:၄; ၁၂၂:၁

၁၉ ဘုရားသခင်နှင့် သင်၏အဖိုးတန်ဆက်ဆံရေးကို ကျေးဇူးတင်လေးမြတ်ခြင်းက အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲဆုတောင်းရန် သင့်အား လှုံ့ဆော်ပေမည်– ‘အို၊ ယေဟောဝါ ပရိသတ်အလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်။ အကြောင်းမူကား ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ အိုဘုရားသခင် ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ထည်ဝါသောအသရေ လွှမ်းမိုးပါစေသတည်း။’ (ဆာ. ၅၇:၉-၁၁) လှိုက်လှဲသောဆုတောင်းချက်ပါတကား။ ဆာလံကျမ်းမှ စိတ်ထိမိစေသော ထိုစကားလုံးများက သင့်ဆုတောင်းချက်၏အရည်အသွေးကို တိုးတက်စေနိုင်သည်မဟုတ်လော။

ကြောက်ရွံ့ရိုသေမှုဖြင့် ဘုရားသခင်ထံ တိုးလျှိုးတောင်းပန်ပါ

၂၀။ မာရိက ဘုရားသခင်ကိုကြည်ညိုလေးမြတ်တယ်ဆိုတာကို ဘယ်လိုဖော်ပြသလဲ။

၂၀ သင့်ဆုတောင်းချက်များတွင် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေကြောင်း ပေါ်လွင်ထင်ရှားသင့်သည်။ မေရှိယ၏မိခင်ဖြစ်တော့မည်ကို သိရှိပြီးနောက် ဘုရားသခင်အား ကြောက်ရွံ့ရိုသေမှုဖြင့်ပြောဆိုခဲ့သော မာရိ၏စကားများသည် ရှမွေလငယ်လေးကို တဲတော်တွင်အမှုဆောင်ရန် အပ်နှံခဲ့ချိန်တွင် ဟန္နပြောဆိုခဲ့သောစကားများနှင့် ဆင်တူပါသည်။ ‘ငါ့စိတ်နှလုံးသည် ယေဟောဝါကိုချီးမွမ်း၏။ ငါ့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏’ ဟုပြောခဲ့သော မာရိ၏စကားများက ဘုရားသခင်ကို သူကြောက်ရွံ့ရိုသေကြောင်း သိမြင်နိုင်သည်။ (လု. ၁:၄၆၊ ၄၇) သင့်ဆုတောင်းချက်များ၏အရည်အသွေး တိုးတက်စေရန် ခံစားချက်ပါသောထိုစကားမျိုးကို ထည့်သွင်းနိုင်မည်လော။ ဘုရားသခင်ကိုကြောက်ရွံ့သော မာရိကို မေရှိယဖြစ်သောယေရှု၏ မိခင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

၂၁။ ယေရှုက ကြောက်ရွံ့ရိုသေမှု၊ ယုံကြည်မှုနဲ့ ဆုတောင်းတယ်ဆိုတာ ဘယ်လိုထင်ရှားသလဲ။

၂၁ ယေရှုသည် ယုံကြည်မှုအပြည့်ဖြင့် ကြောက်ရွံ့ရိုသေစွာ ဆုတောင်းခဲ့သည်။ ဥပမာ၊ လာဇရုကို ရှင်ပြန်ထမြောက်အောင် မလုပ်ပေးမီ ကိုယ်တော်သည် “အထက်သို့မျှော်ကြည့်လျက် ‘အဖ၊ ကျွန်ုပ်၏စကားကို နားညောင်းတော်မူသောကြောင့် ကျေးဇူးကြီးလှပါ၏။’ ကိုယ်တော်သည် ကျွန်ုပ်၏စကားကို အမြဲနားညောင်းတော်မူကြောင်း ကျွန်ုပ်သိပါ၏” ဟုဆုတောင်းခဲ့သည်။ (ယော. ၁၁:၄၁၊ ၄၂) သင်လည်း ယုံကြည်မှုအပြည့်ဖြင့် ကြောက်ရွံ့ရိုသေစွာ ဆုတောင်းပါသလော။ ယေရှု၏စံပြဆုတောင်းချက်ကို လေ့လာပါ၊ ယင်း၏အဓိကအချက်မှာ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်ရန်၊ ကိုယ်တော့်နိုင်ငံတော်လာရန်၊ ကိုယ်တော့်အလိုတော်ပြည့်စုံရန်ဖြစ်ကြောင်း သင်တွေ့ရပါလိမ့်မည်။ (မ. ၆:၉၊ ၁၀) သင်၏သီးသန့်ဆုတောင်းချက်များကို သုံးသပ်ပါ။ ယင်းတို့သည် ယေဟောဝါ၏နိုင်ငံတော်၊ ကိုယ်တော့်အလိုတော်ဆောင်ခြင်းနှင့် နာမတော်သန့်ရှင်းမြင့်မြတ်စေခြင်းတို့ကို သင်အလွန်စိတ်ဝင်စားကြောင်း ဖော်ပြသလော။ ဖော်ပြသင့်ပါသည်။

၂၂။ သတင်းကောင်းကြေညာရဲတဲ့သတ္တိကို ယေဟောဝါပေးမယ်လို့ သင် ဘာကြောင့်ယုံကြည်စိတ်ချသလဲ။

၂၂ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အခြားစုံစမ်းမှုများ ခံရသောကြောင့် ရဲစွမ်းသတ္တိဖြင့် ယေဟောဝါ၏အမှုဆောင်နိုင်ဖို့ ကူညီပေးပါရန် အသနားခံဆုတောင်းလေ့ရှိသည်။ ပေတရုနှင့်ယောဟန်ကို “ယေရှု၏နာမတော်ကိုအမှီပြုလျက် ဟောပြောသွန်သင်ခြင်း” မပြုရန် ဆန်ဟီဒရင်က တားမြစ်သောအခါ ထိုတမန်တော်များသည် သတ္တိရှိရှိငြင်းဆိုခဲ့ကြသည်။ (တ. ၄:၁၈-၂၀) သူတို့လွတ်မြောက်လာပြီးနောက် ယုံကြည်သူချင်းများအား ဖြစ်ပျက်ခဲ့ရာများကို ပြောပြခဲ့သည်။ ထို့နောက် ထိုတွင်ရောက်ရှိနေသူအားလုံးသည် ကိုယ်တော့်စကားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့် ပေးသနားပါဟု ဘုရားသခင်ထံ အသနားခံဆုတောင်းခဲ့ကြသည်။ ထိုသူအပေါင်းတို့သည် ‘သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’ ၍ သူတို့၏ဆုတောင်းချက်များ ဖြေကြားခံရသောအခါ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ (တမန်တော် ၄:၂၄-၃၁ ကိုဖတ်ပါ။) ရလဒ်အနေနှင့် လူများစွာသည် ယေဟောဝါကို ဝတ်ပြုသူများဖြစ်လာကြသည်။ ဆုတောင်းခြင်းက သတင်းကောင်းကို ရဲရင့်စွာဟောပြောရန် ခွန်အားရှိစေသည်။

သင့်ဆုတောင်းချက်၏အရည်အသွေးကို ဆက်၍တိုးတက်စေပါ

၂၃၊ ၂၄။ (က) ကျမ်းစာလေ့လာမှုက သင့်ဆုတောင်းချက်အရည်အသွေးကို တိုးတက်စေနိုင်ကြောင်းဖော်ပြတဲ့ နောက်ထပ်ပုံဥပမာတွေကို ပြောပြပါ။ (ခ) သင့်ဆုတောင်းချက်အရည်အသွေး တိုးတက်အောင် သင်ဘာလုပ်ဆောင်မလဲ။

၂၃ ကျမ်းစာကို ဖတ်ရှုလေ့လာခြင်းက သင့်ဆုတောင်းချက်များ၏အရည်အသွေးကို တိုးတက်စေနိုင်ကြောင်း အခြားဥပမာများစွာက ဖော်ပြနိုင်သည်။ ဥပမာ၊ ယောနကဲ့သို့ သင်လည်း ‘ကယ်တင်ခြင်းကို ယေဟောဝါပိုင်ဆိုင်’ ကြောင်း သိမှတ်လျက် ဆုတောင်းနိုင်သည်။ (ယောန ၂:၁-၁၀) သင်သည် ကြီးလေးသောအပြစ်တစ်ခု ကျူးလွန်မိ၍ စိတ်အနှောင့်အယှက်ဖြစ်နေပြီး အကြီးအကဲများထံမှ အကူအညီကို ရှာယူသောအခါ သင့်သီးသန့်ဆုတောင်းချက်များတွင် သင့်နောင်တကိုဖော်ပြရန် ဒါဝိဒ်၏ ခံစားချက်ပါသောဆုတောင်းချက်များက အထောက်အကူပြုပါလိမ့်မည်။ (ဆာ. ၅၁:၁-၁၂) သင်၏ဆုတောင်းချက်အချို့တွင် ယေရမိကဲ့သို့ ယေဟောဝါကို ချီးမွမ်းနိုင်သည်။ (ယေ. ၃၂:၁၆-၁၉) သင်သည် အိမ်ထောင်ဖက်ရှာနေသူဖြစ်မည်ဆိုလျှင် ဧဇရအခန်းကြီး ၉ တွင်ပါသော ဆုတောင်းချက်ကိုလေ့လာပြီး ကိုယ်တိုင်အသနားခံတောင်းလျှောက်ခြင်းက “သခင်၌ရှိသောသူကိုသာ ထိမ်းမြား” ပါဟူသော ဘုရားသခင့်ပညတ်ကို လိုက်နာရန် သင့်စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မြဲစေနိုင်သည်။—၁ ကော. ၇:၃၉; ဧဇ. ၉:၆၊ ၁၀-၁၅

၂၄ ကျမ်းစာကို ဆက်၍ဖတ်ရှုလေ့လာကာ သုတေသနပြုပါ။ သင့်ဆုတောင်းချက်တွင် ထည့်တောင်းနိုင်သောအချက်များကို ရှာဖွေပါ။ သင်၏ တိုးလျှိုးအသနားခံချက်များနှင့် ကျေးဇူးတင်ချီးမွမ်းသော ဆုတောင်းချက်များတွင် ထိုအချက်များကို ထည့်သွင်းတောင်းလျှောက်နိုင်ပါသည်။ ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်၏အရည်အသွေးကို တိုးတက်စေသည်နှင့်အမျှ ယေဟောဝါဘုရားသခင်နှင့် သင်ပို၍ရင်းနှီးလာမည်ကို စိတ်ချနိုင်ပါသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ဘုရားသခင့်လမ်းညွှန်ချက်ကို ကျွန်ုပ်တို့ ဘာကြောင့် ရှာဖွေပြီးလိုက်နာသင့်သလဲ။

• ဉာဏ်ပညာအတွက် ဆုတောင်းဖို့ ကျွန်ုပ်တို့ကို ဘာက လှုံ့ဆော်သင့်သလဲ။

• ဆာလံကျမ်းက ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်အရည်အသွေးကို ဘယ်လိုတိုးတက်စေနိုင်သလဲ။

• ကျွန်ုပ်တို့ ဘာကြောင့် ယုံကြည်မှု၊ ကြောက်ရွံ့ရိုသေမှုနဲ့ ဆုတောင်းသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အာဗြဟံရဲ့ကျွန်ဟာ ဘုရားသခင့်လမ်းညွှန်မှုရဖို့ ဆုတောင်းခဲ့တယ်။ သင်ကော

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိသားစုဝတ်ပြုမှုက သင့်ဆုတောင်းချက်တွေရဲ့ အရည်အသွေးကို တိုးတက်စေနိုင်