မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ

ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ

ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ

‘ခရစ်တော်သည် သင်တို့ကို ချစ်တော်မူသည့်နည်းတူ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့။’—ဧ. ၅:၂

၁။ ကိုယ်တော့်နောက်လိုက်တွေရဲ့ ထူးခြားထင်ရှားတဲ့အရည်အသွေးက ဘယ်အရာဖြစ်တယ်လို့ ယေရှုပြောခဲ့သလဲ။

တစ်အိမ်မှတစ်အိမ် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းသည် ယေဟောဝါသက်သေများ၏ အမှတ်အသားဖြစ်သည်။ သို့သော် ကိုယ်တော်၏စစ်မှန်သောတပည့်များကို ခွဲခြားသိရှိနိုင်ရန် ထူးခြားထင်ရှားသော ခရစ်ယာန်အရည်အသွေးတစ်ခုကို ခရစ်တော်ယေရှု ဤသို့ဖော်ပြ၏– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။”—ယော. ၁၃:၃၄၊ ၃၅

၂၊ ၃။ ကျွန်ုပ်တို့ရဲ့ ညီရင်းအစ်ကိုမေတ္တာက ခရစ်ယာန်အစည်းအဝေးတက်ရောက်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။

စစ်မှန်သောခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ မေတ္တာမျိုးကို မည်သည့်လူ့အဖွဲ့အစည်းတွင်မျှ မတွေ့ရပါ။ သံလိုက်သည် သံကိုဆွဲယူနိုင်သကဲ့သို့ မေတ္တာသည် ယေဟောဝါ၏ကျေးကျွန်များကို စည်းလုံးစေကာ စိတ်ရင်းမှန်သူများကို စစ်မှန်သောဝတ်ပြုရေးသို့ ဆွဲဆောင်သည်။ ဥပမာ၊ အလုပ်ခွင်တွင် မတော်တဆထိခိုက်မှုကြောင့် မျက်စိကွယ်သွားသော ကင်မရွန်းနိုင်ငံမှ မာစီလီနို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် စုန်းကဝေတစ်ဦးဖြစ်သောကြောင့် မျက်စိကွယ်သွားခြင်းဖြစ်သည်ဟူသော ကောလာဟလထွက်ပေါ်လာ၏။ သူ၏ဓမ္မဆရာနှင့် အခြားအသင်းသားများသည် သူ့ကိုနှစ်သိမ့်ပေးမည့်အစား အသင်းတော်မှ နှင်ထုတ်လိုက်သည်။ ယေဟောဝါသက်သေတစ်ဦးက မာစီလီနိုကို အစည်းအဝေးတက်ရန် ဖိတ်ခေါ်သောအခါ သူတွန့်ဆုတ်ခဲ့သည်။ သူသည် နောက်တစ်ဖန် အပယ်မခံလိုတော့၍ဖြစ်သည်။

မာစီလီနိုသည် ဝတ်ပြုရာခန်းမတွင် တွေ့ကြုံခဲ့ရသောအရာကြောင့် အံ့သြသွားသည်။ သူသည် လှိုက်လှိုက်လှဲလှဲကြိုဆိုခံရပြီး ကြားရသည့်ကျမ်းစာသွန်သင်ချက်များမှ နှစ်သိမ့်မှုခံစားခဲ့ရသည်။ သူသည် အသင်းတော်အစည်းအဝေးအားလုံးကို စတင်တက်ရောက်ခဲ့ပြီး ကျမ်းစာအသိပညာတိုးများလာရာ ၂၀၀၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ ယခု၊ သူသည် သူ့မိသားစုနှင့်အိမ်နီးချင်းများကို အမှန်တရားအကြောင်းဟောပြောနေပြီး ကျမ်းစာသင်အံမှုများစွာ စတင်ပြုလုပ်နေသည်။ မာစီလီနိုသည် ဘုရားသခင့်လူမျိုးအလယ်တွင် သူခံစားရသောမေတ္တာမျိုး လူတို့ခံစားရရန် သူတို့ကို မိမိနှင့်ကျမ်းစာလေ့လာစေလိုသည်။

၄။ “ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့” ဆိုတဲ့ ပေါလုရဲ့တိုက်တွန်းချက်ကို ကျွန်ုပ်တို့ ဘာကြောင့်နာခံသင့်သလဲ။

ညီရင်းအစ်ကိုမေတ္တာသည် နှစ်သက်ဖွယ်ကောင်းလှသဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် ယင်းကို အတတ်နိုင်ဆုံးထိန်းသိမ်းလိုကြသည်။ ချက်ပြုတ်ရာတွင်သုံးသော မီးဖိုတစ်ခုကို စဉ်းစားကြည့်ပါ၊ ၎င်း၏အပူရှိန်နှင့် မီးတောက်များကြောင့် ချက်ပြုတ်စားသောက်နိုင်သည်။ သို့သော် လောင်စာများကို ထပ်မထည့်ပါက မီးငြိမ်းသွားမည်ဖြစ်သည်။ အလားတူ၊ ခရစ်ယာန်တစ်ဦးစီသည် အသင်းတော်အတွင်းရှိ နှစ်သက်ဖွယ်ကောင်းသော မေတ္တာနှောင်ကြိုးခိုင်မြဲအောင် မလုပ်ဆောင်ပါက ယင်းသည် အားလျော့လာနိုင်သည်။ ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။ တမန်တော်ပေါလု ဤသို့ဖြေဆို၏– ‘ခရစ်တော်သည် သင်တို့ကိုချစ်၍ မိမိကိုယ်ကို မွှေးကြိုင်သောပူဇော်ရာယဇ်အဖြစ် ဘုရားသခင်ထံပူဇော်လျက် သင်တို့အတွက် ကိုယ်ကိုစွန့်တော်မူသည်နည်းတူ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့။’ (ဧ. ၅:၂) ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာ၌ မည်သို့လျှောက်လှမ်းနေနိုင်သနည်းဟူသော မေးခွန်းကို သုံးသပ်ကြမည်။

သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့

၅၊ ၆။ ကောရိန္သုမြို့က ခရစ်ယာန်တွေကို “စိတ်နှလုံးကျယ်ဝန်းစေကြလော့” ဆိုပြီး ပေါလု ဘာကြောင့်တိုက်တွန်းခဲ့ရသလဲ။

ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်များအား တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အားဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။ ငါတို့၌ သင်တို့သည် ကျဉ်းမြောင်းသည်မဟုတ်။ ကိုယ်မေတ္တာကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။ ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှာ ကျယ်ဝန်းသောစိတ်ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကိုဆိုသကဲ့သို့ ငါဆို၏။” (၂ ကော. ၆:၁၁-၁၃) မေတ္တာကျယ်ဝန်းစေပါဟု ကောရိန္သုမြို့သားများကို ပေါလု အဘယ်ကြောင့်တိုက်တွန်းခဲ့သနည်း။

ရှေးကောရိန္သုအသင်းတော် မည်သို့အစပြုခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ပေါလုသည် စီအီး ၅၀ နှောင်းပိုင်းတွင် ကောရိန္သုမြို့သို့ ရောက်ရှိလာသည်။ အခက်အခဲကြားတွင် ဟောပြောခြင်းလုပ်ငန်းကို စတင်ခဲ့ရသော်လည်း သူစိတ်ဓာတ်မကျခဲ့ပါ။ အချိန်တိုအတွင်းမှာပင် ထိုမြို့သားများသည် သတင်းကောင်းကို ယုံကြည်ခဲ့ကြ၏။ ပေါလုသည် “တစ်နှစ်နှင့်ခြောက်လပတ်လုံး” ထိုအသင်းတော်အသစ်ကို သွန်သင်၊ အားပေးခဲ့သည်။ သူသည် ကောရိန္သုမြို့ရှိခရစ်ယာန်များအပေါ် နှစ်နှစ်ကာကာချစ်ခဲ့မည်မှာ ထင်ရှားသည်။ (တ. ၁၈:၅၊ ၆၊ ၉-၁၁) သူတို့တွင်လည်း ပေါလုကို ချစ်ခင်လေးစားရသည့် အကြောင်းရင်းများစွာရှိသည်။ သို့သော် အသင်းတော်မှအချို့သည် ပေါလုကိုရှောင်ဖယ်၍ ထွက်သွားကြသည်။ အချို့သည် သူ၏ပွင့်လင်းပြတ်သားသောသွန်သင်ချက်ကို မကြိုက်သောကြောင့် ဖြစ်နိုင်သည်။ (၁ ကော. ၅:၁-၅; ၆:၁-၁၀) အခြားသူတို့မူ “ထူးချွန်တမန်တော်ကြီးများ” ပြောဆိုသည့် မဟုတ်မမှန်သောစကားကို နားယောင်မိခြင်းဖြစ်နိုင်သည်။ (၂ ကော. ၁၁:၅၊ ၆) ညီအစ်ကိုညီအစ်မများအားလုံး မိမိအပေါ် စစ်မှန်သောမေတ္တာထားရန် ပေါလုအလိုရှိသည်။ ထို့ကြောင့် မိမိနှင့်အခြားယုံကြည်သူချင်းများကို ခင်မင်ရင်းနှီးမှုပြခြင်းဖြင့် “စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့” ဟုကောရိန္သုမြို့သားများအား ပေါလုတောင်းပန်ခဲ့သည်။

၇။ ညီရင်းအစ်ကိုမေတ္တာတင်ပြတဲ့အခါ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ဘယ်လို “ကျယ်ဝန်းစေ” နိုင်သလဲ။

ကျွန်ုပ်တို့ကော မည်သို့နည်း။ ညီရင်းအစ်ကိုမေတ္တာတင်ပြရာတွင် ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့ “ကျယ်ဝန်းစေ” နိုင်သနည်း။ အသက်အရွယ်တူသူများနှင့် လူမျိုးတူသူများသည် ပင်ကိုအားဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုမေတ္တာတင်ပြရန် လွယ်ကူပေမည်။ အပန်းဖြေရာတွင် အကြိုက်တူသူများသည် အချိန်များစွာ အတူတကွ အကုန်ခံလေ့ရှိကြသည်။ သို့သော် အကြိုက်ချင်းမတူသော ခရစ်ယာန်များနှင့်မူ ကျွန်ုပ်တို့၏ “စိတ်နှလုံးကိုကျယ်ဝန်းစေ” ဖို့လိုသည်။ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးခြင်းက ပညာရှိရာရောက်သည်– ‘ခရစ်ယာန်ဓမ္မအမှုမှာ ဒါမှမဟုတ် လူမှုရေးပေါင်းသင်းမှုတွေမှာ မရင်းနှီးတဲ့ညီအစ်ကိုညီအစ်မတွေနဲ့အတူ ငါပါဝင်လေ့ရှိသလား။ ဝတ်ပြုရာခန်းမမှာ လူသစ်တွေကို ရင်းရင်းနှီးနှီးပေါင်းသင်းဖို့ အချိန်ယူရဦးမယ်လို့ ယူဆတဲ့အတွက် သိပ်မပေါင်းဘဲနေသလား။ အသင်းတော်မှာရှိတဲ့ လူကြီးလူငယ်အားလုံးကို ငါနှုတ်ဆက်သလား။’

၈၊ ၉။ ရောမ ၁၅:၇ မှာ မှတ်တမ်းတင်ထားတဲ့ ပေါလုရဲ့အကြံပေးချက်က ညီရင်းအစ်ကိုမေတ္တာတိုးပွားစေတဲ့နည်းနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ဖို့ ဘယ်လိုကူညီပေးသလဲ။

တစ်ဦးကိုတစ်ဦးနှုတ်ဆက်သည့်ကိစ္စတွင် ရောမအသင်းသားများထံရေးသော ပေါလု၏စာက ကျွန်ုပ်တို့၏ယုံကြည်သူချင်းများအပေါ် ထားရှိအပ်သောသဘောထားကို မွေးမြူရန် ကူညီပေးနိုင်ပါသည်။ (ရောမ ၁၅:၇ ကိုဖတ်ပါ။) “ကြိုဆိုလက်ခံ” ဟုပြန်ဆိုသော ဂရိစကားလုံးမှာ “ကြင်နာစွာ သို့မဟုတ် ဧည့်ဝတ်ပျူငှာစွာ လက်ခံခြင်း၊ မိမိ၏အပေါင်းအသင်းနှင့် မိတ်ဆွေအဖြစ် လက်ခံခြင်း” ကိုဆိုလိုသည်။ ကျမ်းစာခေတ်တွင် ဧည့်ဝတ်ကျေသောအိမ်ရှင်တစ်ဦးသည် အိမ်တွင် မိတ်ဆွေများကို ဧည့်ခံသောအခါ သူတို့နှင့်တွေ့ဆုံရ၍ မိမိမည်မျှပျော်ရွှင်ကြောင်း သူတို့ကိုသိရှိစေသည်။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ခရစ်ယာန်အသင်းတော်တွင် ကြိုဆိုလက်ခံသောကြောင့် ကျွန်ုပ်တို့လည်း ကိုယ်တော့်ကိုတုပကာ ခရစ်ယာန်ချင်းတို့ကို ကြိုဆိုလက်ခံရန် တိုက်တွန်းခံရသည်။

ကျွန်ုပ်တို့သည် ဝတ်ပြုရာခန်းမနှင့် စည်းဝေးပွဲများ၊ စည်းဝေးကြီးများတွင် ညီအစ်ကိုများကို နှုတ်ဆက်သောအခါ မကြာသေးမီက မတွေ့ဖြစ်သူများ သို့မဟုတ် စကားမပြောဖြစ်သူများကို အာရုံစိုက်နိုင်သည်။ သူတို့နှင့် မိနစ်အနည်းငယ်အချိန်ယူကာ စကားပြောပါ။ နောက်အစည်းအဝေးတွင် အခြားသူများကို ထိုသို့ပင် အချိန်ပေးပြောဆိုနိုင်သည်။ အချိန်တိုအတွင်းမှာပင် ကျွန်ုပ်တို့သည် ညီအစ်ကိုညီအစ်မအားလုံးနှင့် တရင်းတနှီး စကားစမြည် ပြောဆိုနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် တစ်ရက်တည်းတွင် လူတိုင်းနှင့် စကားမပြောဖြစ်ပါက စိတ်မပူပါနှင့်။ ကျွန်ုပ်တို့သည် အစည်းအဝေးတိုင်းတွင် သူတို့ကို နှုတ်မဆက်နိုင်လျှင် မည်သူမျှ အပြစ်မတင်သင့်ပါ။

၁၀။ အသင်းတော်မှာရှိသူတိုင်း အဖိုးထိုက်တဲ့ဘယ်အခွင့်အရေးကို ရရှိနိုင်သလဲ။ အဲဒီအခွင့်အရေးကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးအပြည့်အဝ ရယူနိုင်သလဲ။

၁၀ အခြားသူများကိုနှုတ်ဆက်ခြင်းသည် သူတို့ကိုကြိုဆိုခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ ယင်းသည် တရင်းတနှီးပြောဆိုဆွေးနွေးစေနိုင်ပြီး တည်မြဲသောမိတ်ဆွေများ ရရှိစေနိုင်သည်။ ဥပမာ၊ စည်းဝေးကြီးများနှင့် စည်းဝေးပွဲများတွင် တက်ရောက်သူများသည် အခြားသူများကို မိတ်ဆက်သောအခါ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် မျှော်လင့်ကြသည်။ ဝတ်ပြုရာခန်းမဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်သူများသည် သူတို့မျှဝေခံစားခဲ့သော အတွေ့အကြုံများမှ တစ်ဦးစီ၏အရည်အချင်းကောင်းများကို တွေ့ရှိကာ မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ ယေဟောဝါ၏အဖွဲ့အစည်းတွင် တည်မြဲသောမိတ်ဆွေဖွဲ့နိုင်သည့် အခွင့်အရေးများစွာရှိသည်။ ကျွန်ုပ်တို့၏ မေတ္တာကို “ကျယ်ဝန်းစေ” ပါက မိတ်ဆွေတိုးများလာမည်ဖြစ်ပြီး စစ်မှန်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့ကိုစည်းလုံးစေသော မေတ္တာလည်း ပို၍အားကြီးလာမည်။

အခြားသူများအတွက် အချိန်ပေးပါ

၁၁။ မာကု ၁၀:၁၃-၁၆ မှာ ဖော်ပြထားတဲ့အတိုင်း ယေရှု ဘယ်ပုံသက်သေချမှတ်ခဲ့သလဲ။

၁၁ ခရစ်ယာန်အားလုံးသည် ယေရှုကဲ့သို့ ချဉ်းကပ်ရလွယ်သူဖြစ်အောင် ကြိုးစားနိုင်သည်။ မိဘများ မိမိတို့၏ကလေးများကို ယေရှုထံခေါ်ဆောင်လာသည်ကို တပည့်များတားဆီးသောအခါ ကိုယ်တော် မည်သို့တုံ့ပြန်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ကိုယ်တော် ဤသို့မိန့်တော်မူ၏– “ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။ မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။” ထို့နောက် “သူငယ်တို့ကို ချီပိုက်လျက်၊ သူတို့ပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” (မာ. ၁၀:၁၃-၁၆) ကလေးများသည် ကြီးမြတ်သောဆရာ၏ မေတ္တာပါသောဂရုစိုက်မှုကို ခံစားရသောကြောင့် မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း။

၁၂။ တခြားသူတွေနဲ့ ကျွန်ုပ်တို့ စကားစမြည်မပြောဆိုဖြစ်အောင် ဘာက တားဆီးသလဲ။

၁၂ ခရစ်ယာန်ယောက်တိုင်းသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘တခြားသူတွေအတွက် ငါအချိန်ပေးသလား။ ဒါမှမဟုတ် ငါအရမ်းအလုပ်များနေတဲ့ပုံ ပေါက်နေသလား။’ အမူအကျင့်များကိုယ်နှိုက်သည် မမှားသော်လည်း တစ်ခါတစ်ရံ လူတို့နှင့်စကားစမြည်ပြောဆိုရာတွင် အတားအဆီးဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့သည် လူအများကြားတွင်ရှိနေစဉ် အခြားအရာတစ်ခုခုကို အာရုံရောက်နေတတ်သလော။ ဥပမာ၊ စာဖတ်နေခြင်း၊ အသံသွင်းထားရာများကို နားကြပ်ဖြင့် နားထောင်ခြင်းတို့ကို အခြားသူများ မကြာခဏ မြင်တွေ့နေရပါက သူတို့နှင့်အပေါင်းအသင်းမလုပ်လိုဟု ထင်မှတ်သွားနိုင်သည်။ “တိတ်ဆိတ်စွာနေရသောအချိန်” ရှိသည်မှာ မှန်ပါသည်။ သို့သော် လူအများနှင့်အတူရှိနေချိန်သည် “စကားပြောရသောအချိန်” ဖြစ်သည်။ (ဒေ. ၃:၇) “ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးပဲနေချင်တယ်” သို့မဟုတ် “မနက်ပိုင်းဆို စကားပြောချင်စိတ်မရှိဘူး” ဟုအချို့က ပြောပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် တရင်းတနှီး စကားစမြည်ပြောလိုစိတ်မရှိလျှင်ပင် ထိုသို့တရင်းတနှီးပြောဆိုခြင်းက ‘ကိုယ်ကျိုးမရှာသော’ မေတ္တာရှိကြောင်း ဖော်ပြရာရောက်သည်။—၁ ကော. ၁၃:၅

၁၃။ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေအပေါ် ရှုမြင်ပုံနဲ့ပတ်သက်ပြီး တိမောသေကို ပေါလု ဘယ်လိုအားပေးခဲ့သလဲ။

၁၃ ပေါလုသည် လူငယ်တိမောသေအား အသင်းတော်တွင်ရှိသူတိုင်းကို လေးစားရန် အားပေးခဲ့သည်။ (၁ တိမောသေ ၅:၁၊ ၂ ကိုဖတ်ပါ။) ကျွန်ုပ်တို့လည်း အသက်ကြီးသူများကို အမိအဖကဲ့သို့၊ ငယ်ရွယ်သူများကို မောင်နှမအရင်းကဲ့သို့ ပြောဆိုဆက်ဆံသင့်သည်။ ကျွန်ုပ်တို့တွင် ထိုသဘောထားမျိုးရှိပါက ချစ်ခင်ရသောညီအစ်ကိုညီအစ်မများသည် ကျွန်ုပ်တို့ကို သူစိမ်းများဟု သတ်မှတ်မည်မဟုတ်ပါ။

၁၄။ အခြားသူတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့စကား ပြောဆိုခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးတချို့က ဘာလဲ။

၁၄ ကျွန်ုပ်တို့သည် အခြားသူများနှင့် တည်ဆောက်မှုဖြစ်စေသောစကား ပြောဆိုသောအခါ အခြားသူများ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး သူတို့ကို စိတ်ပျော်ရွှင်ကျေနပ်စေသည်။ ဌာနခွဲရုံးတစ်ရုံးတွင် အမှုဆောင်နေသော ညီအစ်ကိုတစ်ဦးသည် ဗေသလသို့စရောက်ချိန်တွင် သူ့ကို အချိန်ပေးစကားပြောခဲ့သော သက်ကြီးဗေသလအိမ်သားအချို့ကို မြတ်မြတ်နိုးနိုးအမှတ်ရနေသည်။ သူတို့၏အားပေးစကားများက သူ့ကို ဗေသလမိသားစုဝင်တစ်ဦးအဖြစ် အမှန်တကယ်ခံစားရစေသည်။ ယခု၊ သူသည် ယင်းကိုကြိုးစားတုပသည့်အနေဖြင့် ဗေသလအိမ်သားများကို အားပေးစကားပြောဆိုသည်။

စိတ်နှိမ့်ချမှုက ပြန်လည်သင့်မြတ်စေရန်ကူညီပေး

၁၅။ အငြင်းပွားမှုတွေနဲ့ ကျွန်ုပ်တို့ မလွတ်ကင်းကြောင်း ဘယ်အချက်က ဖော်ပြသလဲ။

၁၅ ရှေးဖိလိပ္ပိအသင်းတော်ရှိ ညီအစ်မများဖြစ်သော ဧဝေါဒိနှင့်သုန္တုတ်ကြားတွင် ပြဿနာတစ်ခုကြောင့် စိတ်ဝမ်းကွဲနေပုံရသည်။ (ဖိ. ၄:၂၊ ၃) ပေါလုနှင့်ဗာနဗသည် အကြီးအကျယ်အငြင်းပွားခဲ့ရာ လူသိရှင်ကြားဖြစ်ခဲ့ပြီး ခဏတာ လမ်းခွဲခဲ့ကြသည်။ (တ. ၁၅:၃၇-၃၉) စစ်မှန်သောဝတ်ပြုသူများသည် အငြင်းပွားမှုများနှင့် မလွတ်ကင်းကြောင်း ထိုမှတ်တမ်းများက ဖော်ပြ၏။ အငြင်းပွားမှုများကိုဖြေရှင်းပြီး ပြန်လည်သင့်မြတ်စေရန် ကျွန်ုပ်တို့အတွက် အကူအညီများကို ယေဟောဝါပြင်ဆင်ပေးထားသည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ထံမှ တစ်စုံတစ်ရာတောင်းဆိုသည်။

၁၆၊ ၁၇။ (က) ပုဂ္ဂိုလ်ရေးအငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ နှိမ့်ချမှုက ဘယ်လောက်တောင်အရေးကြီးသလဲ။ (ခ) ဧသောထံ ယာကုပ်ချဉ်းကပ်တဲ့မှတ်တမ်းက နှိမ့်ချမှုရဲ့တန်ဖိုးကို ဘယ်လိုပေါ်လွင်စေသလဲ။

၁၆ လက်သမားတစ်ဦးသည် သော့ခတ်ထားသောအိမ်အတွင်းသို့ဝင်၍ ပြုပြင်မှုတချို့ပြုလုပ်တော့မည်ဟု မြင်ယောင်ကြည့်ပါ။ သော့ခတ်ထားသောတံခါးကိုဖွင့်ရန် သော့လိုပေမည်။ အလားတူ ကျွန်ုပ်တို့လည်း အခြားသူများနှင့် ပြန်လည်သင့်မြတ်အောင် ပြုလုပ်ရာတွင် သော့လိုသည်။ ယင်းသော့မှာ နှိမ့်ချမှုဖြစ်သည်။ (ယာကုပ် ၄:၁၀ ကိုဖတ်ပါ။) အောက်ပါကျမ်းစာပုံနမူနာတွင် ဖော်ပြသည့်အတိုင်း နှိမ့်ချမှုသည် အငြင်းပွားနေသူများအား ကျမ်းစာမူများကို စတင်ကျင့်သုံးရန် ကူညီပေးသောသော့ချက်ဖြစ်၏။

၁၇ ဧသောသည် သူ၏သားဦးအရာကို ဆုံးရှုံးခဲ့ပြီးနောက် အမြွှာညီဖြစ်သူယာကုပ်အား ခါးခါးသီးသီးမုန်းတီးကာ သတ်လိုစိတ်ဖြစ်ပေါ်ခဲ့သည်မှာ အနှစ်နှစ်ဆယ်တိုင်လေပြီ။ ထိုနှစ်များကုန်လွန်ပြီးနောက် ထိုအမြွှာညီအစ်ကိုနှစ်ဦး ပြန်ဆုံခါနီးတွင် “ယာကုပ်သည် အလွန်ကြောက်၍ စိတ်ပူပန်” ခဲ့သည်။ မိမိကို ဧသောသတ်လိမ့်မည်ဟု ယာကုပ်တစ်ထစ်ချယူဆခဲ့သည်။ သို့သော် သူတို့နှစ်ဦးဆုံတွေ့သောအခါ ဧသော မမျှော်လင့်ထားသောလုပ်ရပ်ကို ယာကုပ်လုပ်ဆောင်ခဲ့သည်။ သူသည် သွား၍ သူ့အစ်ကိုအနီးသို့ချဉ်းကပ်ပြီး “ဦးညွတ်ပြပ်ဝပ်” လိုက်သောအခါ ဘာဖြစ်ပျက်ခဲ့သနည်း။ “ဧသောသည် ကြိုဆိုခြင်းငှာပြေးလာ၍ လည်ချင်းယှက်လျက်၊ ပိုက်ဖက်နမ်းရှုပ်ခြင်းကိုပြု၍ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။”—က. ၂၇:၄၁; ၃၂:၃-၈; ၃၃:၃၊ ၄

၁၈၊ ၁၉။ (က) ပုဂ္ဂိုလ်ရေးအငြင်းပွားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ကျမ်းစာသွန်သင်ချက်တွေကို ကျွန်ုပ်တို့ဘက်က အစပြုလုပ်ဆောင်ဖို့ ဘာကြောင့်အရေးကြီးရတာလဲ။ (ခ) တကယ်လို့ တစ်ဖက်သားက အစပိုင်းမှာ ကောင်းကောင်းမတုံ့ပြန်ခဲ့ရင်တောင် ဘာကြောင့် လက်မလျှော့သင့်သလဲ။

၁၈ အငြင်းပွားမှုများကိုဖြေရှင်းရန် အကောင်းဆုံးအကြံဉာဏ်များကို ကျမ်းစာတွင်ဖော်ပြထားသည်။ (မ. ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇; ဧ. ၄:၂၆၊ ၂၇) * သို့သော် ကျွန်ုပ်တို့သည် ထိုအကြံပေးချက်များကို နှိမ့်ချစွာ လက်တွေ့မကျင့်သုံးလျှင် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ရန် ခက်ပေလိမ့်မည်။ ကျွန်ုပ်တို့နှစ်ဦးနှစ်ဖက်စလုံးမှ နှိမ့်ချမှုပြနိုင်လျက်နှင့် တစ်ဖက်မှ အရင်နှိမ့်ချမှုပြရန် စောင့်ဆိုင်းခြင်းသည် ဖြေရှင်းနည်းမဟုတ်ပါ။

၁၉ ပြန်လည်သင့်မြတ်ရန် ကျွန်ုပ်တို့၏အစပြုလုပ်ဆောင်မှုသည် အကြောင်းတစ်ခုခုကြောင့် အရာမထင်ပုံပေါက်နေပါက လက်မလျှော့သင့်ပေ။ တစ်ဖက်သားသည်လည်း သူ၏ခံစားချက်များကို သိမြင်ဖို့ အချိန်လိုပေမည်။ ယောသပ်၏အစ်ကိုများသည် ယောသပ်အား သစ္စာဖောက်ခဲ့သည်။ သူ၏အစ်ကိုများ ယောသပ်ကို အီဂျစ်ဝန်ကြီးချုပ်အနေနှင့် ပြန်မတွေ့မီ နှစ်ပေါင်းများစွာ ကြာခဲ့သည်။ နောက်ဆုံးတွင် အစ်ကိုများ၏စိတ်နှလုံးပြောင်းလဲသွားပြီး ခွင့်လွှတ်ပေးပါရန် တောင်းပန်ခဲ့သည်။ ယောသပ်သည် သူတို့ကိုခွင့်လွှတ်ခဲ့ပြီး ယာကုပ်၏သားများသည် ယေဟောဝါ၏နာမတော်ကို ခံယူခွင့်ရသော လူမျိုးတစ်မျိုးဖြစ်လာသည်။ (က. ၅၀:၁၅-၂၁) ကျွန်ုပ်တို့သည် ညီအစ်ကိုညီအစ်မများနှင့် အမြဲသင့်မြတ်အောင်နေခြင်းဖြင့် အသင်းတော်၏ စည်းလုံးမှုနှင့် ရွှင်လန်းမှုကို တိုးပွားစေနိုင်သည်။—ကောလောသဲ ၃:၁၂-၁၄ ကိုဖတ်ပါ။

စိတ်ရောကိုယ်ပါအမှန်ချစ်ကြစို့

၂၀၊ ၂၁။ တမန်တော်တွေရဲ့ခြေကို ယေရှုဆေးပေးခြင်းကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။

၂၀ ယေရှုမသေဆုံးမီ တမန်တော်များကို ဤသို့ပြောခဲ့သည်– “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့လည်း ပြုရမည်အကြောင်း ပုံသက်သေကို ပြခဲ့ပြီ။” (ယော. ၁၃:၁၅) ကိုယ်တော်သည် တမန်တော် ၁၂ ပါး၏ခြေကို ဆေးပြီးခါစသာ ရှိသေးသည်။ ယေရှု ထိုသို့ခြေဆေးပေးခြင်းသည် ဝတ်ကျေတမ်းကျေလုပ်ရပ် သို့မဟုတ် ကြင်နာသောလုပ်ရပ်တစ်ခုမျှသာ မဟုတ်ပါ။ ယေရှုခြေဆေးပေးသည့်အကြောင်းကို မဖော်ပြမီ ယောဟန်ဤသို့ရေးသည်– “ဤလောကရှိ မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။” (ယော. ၁၃:၁) တပည့်များအားချစ်သောမေတ္တာက ကျွန်တစ်ဦးလုပ်ဆောင်လေ့ရှိသောအရာကို လုပ်ဆောင်ရန် ယေရှုအား လှုံ့ဆော်ပေးသည်။ ယခု သူတို့သည် နှိမ့်ချစွာဖြင့် အချင်းချင်းအတွက် မေတ္တာပါသောလုပ်ရပ်များကို လုပ်ဆောင်ရမည်ဖြစ်သည်။ မှန်ပါသည်၊ စစ်မှန်သောညီရင်းအစ်ကိုမေတ္တာက ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မအားလုံးကို ဂရုစိုက်ရန်နှင့် စိုးရိမ်မှုတင်ပြရန် လှုံ့ဆော်ပေးသင့်သည်။

၂၁ ဘုရားသခင့်သားတော် ခြေဆေးပေးသည်ကို ခံခဲ့ရသော တမန်တော်ပေတရုသည် ယေရှုလုပ်ရပ်၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခဲ့ပြီး ဤသို့ရေးခဲ့သည်– “ယခု သင်တို့သည် ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံခြင်းဖြင့် သင်တို့ကိုယ်ကို စင်ကြယ်စေပြီဖြစ်ရာ အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာ ချစ်ကြလော့။” (၁ ပေ. ၁:၂၂) သခင် ခြေဆေးပေးသည်ကို ခံခဲ့ရသော တမန်တော်ယောဟန်လည်း ဤသို့ရေးခဲ့သည်– “သားသမီးတို့၊ နှုတ်လျှာအားဖြင့်သာမချစ်ဘဲ စိတ်ရောကိုယ်ပါ အမှန်ချစ်ကြစို့။” (၁ ယော. ၃:၁၈) ကျွန်ုပ်တို့သည် ညီရင်းအစ်ကိုမေတ္တာကို လုပ်ရပ်ဖြင့်တင်ပြရန် လှုံ့ဆော်ခံရပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်၊ စာမျက်နှာ ၁၄၄-၁၅၀ ကို ကြည့်ပါ။

သင်မှတ်မိသလော

• အခြားသူတွေအတွက် ကျွန်ုပ်တို့ရဲ့မေတ္တာကို ဘယ်လိုနည်းတွေနဲ့ “ကျယ်ဝန်း” စေနိုင်သလဲ။

• အခြားသူတွေအတွက် အချိန်ပေးဖို့ ဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

• ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်ရာမှာ နှိမ့်ချမှုက ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

• ယုံကြည်သူချင်းတွေကို ဂရုစိုက်ဖို့ ဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယုံကြည်သူချင်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အခြားသူတွေအတွက် အချိန်ပေးဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့