မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏အမှုတော်ဆောင်များအနေဖြင့် အမူအကျင့်ကောင်းများတင်ပြခြင်း

ဘုရားသခင်၏အမှုတော်ဆောင်များအနေဖြင့် အမူအကျင့်ကောင်းများတင်ပြခြင်း

ဘုရားသခင်၏အမှုတော်ဆောင်များအနေဖြင့် အမူအကျင့်ကောင်းများတင်ပြခြင်း

“ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။”—ဧ. ၅:၁

၁၊ ၂။ (က) အမူအကျင့်ကောင်းတွေက ဘာကြောင့်အရေးကြီးသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းတွေကို သုံးသပ်ကြမလဲ။

လေးစားဖွယ်အပြုအမူနှင့်ပတ်သက်၍ စာရေးဆရာမ ဆူးဖော့စ်က ဤသို့ရေးခဲ့သည်– “ကျွန်ုပ်တို့သည် အမူအကျင့်ကောင်းများ အမြဲတင်ပြသင့်သည်။ ယဉ်ကျေးခြင်းသည် နေရာတိုင်း၊ အချိန်တိုင်းတွင် အကျိုးပြုသည်။” လူတို့သည် ယဉ်ကျေးရည်မွန်မှုကို အလေ့အကျင့်တစ်ခုဖြစ်စေသောအခါ အခြားသူများနှင့် ပြဿနာဖြစ်ဖို့အကြောင်းနည်းပြီး ပြဿနာများကိုပင် ပပျောက်စေနိုင်သည်။ သို့သော် အခြားသူများကို ရိုင်းပျစွာဆက်ဆံပါက ပဋိပက္ခ၊ နာကြည်းစရာနှင့် ဝမ်းနည်းစရာများ ပေါ်ပေါက်စေနိုင်သည်။

အများအားဖြင့် ခရစ်ယာန်စစ်များ၏အသင်းတော်တွင် အမူအကျင့်ကောင်းများ တွေ့ရသည်။ သို့တိုင် ယနေ့ကမ္ဘာပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ရိုင်းပျသောအမူအကျင့်များကို မကျင့်ကြံမိရန် တွန်းလှန်ရမည်။ ယဉ်ကျေးရည်မွန်မှုနှင့်ပတ်သက်သော ကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့ မည်သို့အကာအကွယ်ရနိုင်ပုံနှင့် လူများကို စစ်မှန်သောဝတ်ပြုရေးသို့ ဆွဲဆောင်နိုင်ပုံတို့ကို သုံးသပ်ကြည့်ကြပါစို့။ အမူအကျင့်ကောင်းတင်ပြရာတွင် အဘယ်အရာပါဝင်ပတ်သက်ကြောင်း နားလည်ရန် ယေဟောဝါနှင့် သားတော်ယေရှု၏ပုံနမူနာများကို သုံးသပ်ကြည့်ပါ။

အမူအကျင့်ကောင်းတင်ပြသော ယေဟောဝါနှင့်ကိုယ်တော်၏သားတော်

၃။ ယေဟောဝါဘုရားသခင်က ယဉ်ကျေးရည်မွန်မှုနဲ့ပတ်သက်ပြီး ဘာပုံသက်သေချမှတ်သလဲ။

ယေဟောဝါဘုရားသခင်သည် ယဉ်ကျေးရည်မွန်မှုတွင် အကောင်းဆုံးပုံသက်သေဖြစ်၏။ ကိုယ်တော်သည် စကြ၀ဠာတွင် အမြင့်ဆုံးပိုင်သအုပ်စိုးရှင်ဖြစ်သော်လည်း လူသားများကို အလွန်ကြင်နာလေးစားစွာ ဆက်ဆံခဲ့သည်။ မူရင်းကျမ်းတွင် ယေဟောဝါသည် အာဗြဟံနှင့်မောရှေကို မိန့်တော်မူရာ၌ “ကျေးဇူးပြု၍” ဟုပြန်ဆိုလေ့ရှိသော ဟေဗြဲစကားလုံးကို အသုံးပြုခဲ့သည်။ (က. ၁၃:၁၄; ထွ. ၄:၆) မိမိကျေးကျွန်များ အမှားပြုသောအခါ ကိုယ်တော်သည် “သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘော” ပြတော်မူ၏။ (ဆာ. ၈၆:၁၅) မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ ဒေါသပေါက်ကွဲတတ်သော လူသားအချို့နှင့် အလွန်ကွာခြားလှသည်။

၄။ တခြားသူတွေ ကျွန်ုပ်တို့ကို စကားလာပြောတဲ့အခါ ယေဟောဝါကို ဘယ်လိုတုပနိုင်သလဲ။

ဘုရားသခင်၏အမူအကျင့်ကောင်းများသည် လူသားများပြောဆိုရာကို နားထောင်ပေးသည့်နည်းလမ်းတွင်လည်း ပေါ်လွင်ထင်ရှားသည်။ သောဒုံမြို့သားများနှင့်ပတ်သက်၍ အာဗြဟံမေးခွန်းထုတ်ခဲ့သောအခါ ယေဟောဝါသည် မေးခွန်းတစ်ခုချင်းစီကို စိတ်ရှည်စွာပြန်ဖြေခဲ့သည်။ (က. ၁၈:၂၃-၃၂) အာဗြဟံ၏စိုးရိမ်ပူပန်မှုသည် မိမိ၏အချိန်ကို ဖြုန်းတီးခြင်းမျှသာဖြစ်သည်ဟု ကိုယ်တော်မယူဆခဲ့ချေ။ ယေဟောဝါသည် ကိုယ်တော့်ကျေးကျွန်များ၏ ဆုတောင်းချက်များနှင့် နောင်တရသောအပြစ်သားများ၏ ငိုကြွေးသံကို နားထောင်တော်မူသည်။ (ဆာလံ ၅၁:၁၁၊ ၁၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကို အခြားသူများ စကားပြောသောအခါ နားထောင်ပေးခြင်းဖြင့် ယေဟောဝါကိုတုပသင့်သည် မဟုတ်လော။

၅။ ယေရှုရဲ့ ယဉ်ကျေးရည်မွန်မှုကို တုပခြင်းက အခြားသူတွေနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဘယ်လိုတိုးတက်စေနိုင်သလဲ။

ခမည်းတော်ထံမှ ယေရှုခရစ်သင်ယူခဲ့သည့် အရာများစွာထဲတွင် ယဉ်ကျေးရည်မွန်ခြင်း ပါဝင်သည်။ ယေရှုသည် ဓမ္မအမှုတွင် အချိန်နှင့်ခွန်အားများစွာ စိုက်ထုတ်ရသောအခါများရှိသော်လည်း အမြဲပင် စိတ်ရှည်၊ ကြင်နာတော်မူ၏။ အနူသည်များ၊ တောင်းရမ်းနေသည့် မျက်ကန်းများနှင့် အကူအညီလိုအပ်နေသူများသည် မိမိတို့ကို ယေရှုကူညီပေးရန် အသင့်ရှိကြောင်း တွေ့ရှိခဲ့ကြ၏။ သူတို့သည် မချိန်းဆိုထားဘဲ ရောက်လာကြသော်လည်း သူတို့ကို ကိုယ်တော်လျစ်လျူမရှုခဲ့ပါ။ ထို့ပြင် စိတ်သောကရောက်နေသူကို ကူညီပေးရန် မိမိလုပ်နေသည့်အရာကို ရပ်ထားလေ့ရှိသည်။ ယေရှုသည် မိမိကိုယုံကြည်သူများအား အထူးသဖြင့် ထောက်ထားစာနာတော်မူသည်။ (မာ. ၅:၃၀-၃၄; လု. ၁၈:၃၅-၄၁) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ကြင်နာမှုပြကာ ကူညီပေးခြင်းဖြင့် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ကြသည်။ ဤလုပ်ရပ်များကို ကျွန်ုပ်တို့၏ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် အခြားသူများ သတိမပြုမိဘဲမနေပါ။ ထို့ပြင် ဤအမူအကျင့်များသည် ယေဟောဝါကို ဂုဏ်တင်ရာရောက်ပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်စေသည်။

၆။ ခင်မင်လှိုက်လှဲမှု၊ ဖော်ရွေမှုနဲ့ ပတ်သက်ပြီး ယေရှုဘာပုံသက်သေချမှတ်ခဲ့သလဲ။

ယေရှုသည် လူတို့၏အမည်ကို အသုံးပြုခြင်းဖြင့် သူတို့ကို လေးစားကြောင်း ပြသခဲ့သည်။ ဂျူးဘာသာရေးခေါင်းဆောင်များ ထိုနည်းဖြင့် အခြားသူများကို ဂုဏ်တင်ပါသလော။ ဂုဏ်မတင်ပါ။ သူတို့သည် ပညတ်တရားကို မသိသူများအား “ကျိန်ခြင်းခံရသူများ” ဟုရှုမြင်ခဲ့ပြီး သူတို့ကို ထိုအတိုင်းဆက်ဆံခဲ့သည်။ (ယော. ၇:၄၉) ဘုရားသခင့်သားတော်သည် လူများကို ထိုသို့မဆက်ဆံခဲ့ချေ။ မာသ၊ မာရိ၊ ဇက္ခဲနှင့် အခြားသူများစွာသည် ယေရှု သူတို့အမည်များ ခေါ်ဆိုသည်ကို ကြားခဲ့ကြရသည်။ (လု. ၁၀:၄၁၊ ၄၂; ၁၉:၅) ယနေ့ ယဉ်ကျေးမှုများနှင့် အခြေအနေများက လူများအားခေါ်ဆိုပုံကို သတ်မှတ်ပြဋ္ဌာန်းပေးသော်လည်း ယေဟောဝါ၏ကျေးကျွန်များသည် လူတို့ကို ခင်မင်လှိုက်လှဲစွာ ဆက်ဆံရန်ကြိုးစားကြသည်။ * သူတို့သည် လူမှုရေးအဆင့်အတန်းများကြောင့် သူတို့၏ယုံကြည်သူချင်းများနှင့် အခြားသူများအပေါ် လေးစားမှုမလျော့နည်းကြချေ။—ယာကုပ် ၂:၁-၄ ကိုဖတ်ပါ။

၇။ လူသားချင်းကို နေရာမရွေး ယဉ်ကျေးဖော်ရွေမှုတင်ပြရာမှာ ကျမ်းစာမူတွေက ဘယ်လို အထောက်အကူပြုသလဲ။

ဘုရားသခင်နှင့် ကိုယ်တော်၏သားတော်သည် လူမျိုးအပေါင်းမှလူများနှင့် လူမျိုးစုများကို ယဉ်ကျေးဖော်ရွေသည့်နည်းဖြင့် ဆက်ဆံခြင်းက လူတို့ကို ဂုဏ်တင်ကြောင်း ဖော်ပြပြီး တလိုတလားရှိသူများကို အမှန်တရားသို့ ဆွဲဆောင်သည်။ အမူအကျင့်ကောင်းများသည် တစ်နေရာနှင့် တစ်နေရာ ကွာခြားသည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် အမူအကျင့်ကောင်းနှင့်ပတ်သက်သည့် တင်းကျပ်သောစည်းမျဉ်းများကို မလိုက်ကြပါ။ ယင်းအစား ကျွန်ုပ်တို့သည် နေရာတိုင်းရှိလူတို့ကို အလိုက်အထိုက်ဂုဏ်တင်ရန် ကျမ်းစာမူများကို လိုက်လျှောက်ကြသည်။ လူများကို ယဉ်ကျေးရည်မွန်စွာဆက်ဆံခြင်းက ခရစ်ယာန်ဓမ္မအမှုတွင် သာ၍အကျိုးဖြစ်ထွန်းစေနိုင်ပုံကို လေ့လာကြည့်ကြစို့။

လူများကိုနှုတ်ဆက်ခြင်းနှင့် သူတို့အား စကားပြောဆိုခြင်း

၈၊ ၉။ (က) အဘယ်အမူအကျင့်က ရိုင်းပျသောအပြုအမူများအဖြစ် ထင်မှတ်သွားစေနိုင်သနည်း။ (ခ) မဿဲ ၅:၄၇ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့စကားတွေက လူတွေနဲ့ ကျွန်ုပ်တို့ပြုမူဆက်ဆံပုံအပေါ် ဘာကြောင့် အကျိုးသက်ရောက်စေသင့်သလဲ။

အလျင်စလိုနိုင်သောဘဝပုံစံကြောင့် ယနေ့ ဒေသအတော်များများ၌ လူနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံမိသောအခါ “မင်္ဂလာပါ၊” “နေကောင်းလား” ဟူသော နှုတ်ခွန်းဆက်စကားများကို မပြောဆိုဘဲ ကျော်သွားလေ့ရှိသည်။ လူရှုပ်နေသောလူသွားစင်္ကြံတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စကားပြောရန် မည်သူမျှ မမျှော်လင့်သည်မှာ မှန်ပါသည်။ သို့သော် အခြားအခြေအနေများစွာတွင် အခြားသူများကို နှုတ်ဆက်စကားပြောခြင်းက သင့်လျော်ပါသည်။ သင်၌ အခြားသူများကို နှုတ်ဆက်တတ်သောအကျင့်ရှိသလော။ သို့မဟုတ် သင်သည် မျက်နှာထားတည်တည်နှင့် ချိုသာသောစကားတစ်ခွန်းမျှမပြောဘဲ ဖြတ်လျှောက်သွားတတ်သလော။ လူတစ်ဦးသည် မကောင်းသောရည်ရွယ်ချက်မရှိဘဲ ရိုင်းပျသောအမူအကျင့်တစ်ခုကို ကျင့်မိလျက်သားဖြစ်သွားနိုင်သည်။

“သင့်ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် အဘယ်သို့ ထူးမြတ်သနည်း။ လူမျိုးခြားတို့လည်း ထိုနည်းတူပြုတတ်ကြသည် မဟုတ်လော” ဟု ယေရှုမိန့်ဆိုစဉ် ကျွန်ုပ်တို့ကို သတိပေးချက်တစ်ခု ပေးခဲ့သည်။ (မ. ၅:၄၇) ဤအကြောင်းနှင့်ပတ်သက်၍ အတိုင်ပင်ခံ ဒေါ်နယ်ဝစ်က ဤသို့ရေးခဲ့သည်– “လူများသည် အခြားသူတို့က မိမိတို့ကို အရေးတယူမဆက်ဆံသောအခါ အမျက်ထွက်တတ်၏။ ထို့ကြောင့် အခြားသူများအားလျစ်လျူရှုခြင်းသည် လက်ခံနိုင်ဖွယ်ရာမရှိချေ။ ဖြေရှင်းနည်းမှာ ရိုးရိုးလေးသာဖြစ်သည်– လူများကို နှုတ်ဆက်ပါ။ သူတို့နှင့်စကားပြောပါ။” ကျွန်ုပ်တို့သည် ဘာသိဘာသာ၊ အေးတိအေးစက် မနေပါက ရလဒ်ကောင်းများ ရရှိပါလိမ့်မည်။

၁၀။ အမူအကျင့်ကောင်းတွေက ဓမ္မအမှုမှာ အကျိုးဖြစ်ထွန်းဖို့ ဘယ်လိုကူညီပေးသလဲ။ ( “နွေးထွေးသည့်အပြုံးဖြင့် အစပြုပါ” ဟူသော လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၀ အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းရှိ မြို့ကြီးတစ်မြို့တွင်နေထိုင်သော တွမ်နှင့်ကာရိုလ်အမည်ရှိ ခရစ်ယာန်မောင်နှံအကြောင်း သုံးသပ်ကြည့်ပါ။ သူတို့သည် ဓမ္မအမှုတွင်ဆုံတွေ့ရသူတို့နှင့် နှစ်သက်ဖွယ်စကားစမြည်ပြောဆိုနိုင်ရန် ကြိုးစားကြသည်။ သူတို့ မည်သို့ပြုလုပ်ကြသနည်း။ ယာကုပ် ၃:၁၈ ကိုကိုးကား၍ တွမ်ဤသို့ပြောသည်– “လူတွေနဲ့ခင်မင်ရင်းနှီးဖို့၊ သင့်မြတ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ အိမ်အပြင်ဘက်မှာ ခြံဝင်းထဲမှာ အလုပ်လုပ်နေတဲ့သူတွေဆီ ကျွန်တော်တို့ချဉ်းကပ်ပြီး သူတို့ကို ပြုံးပြတယ်၊ နှုတ်ဆက်တယ်။ သူတို့စိတ်ဝင်စားရာတွေဖြစ်တဲ့ သူတို့ရဲ့သားသမီးတွေ၊ ခွေးတွေ၊ သူတို့ရဲ့အိမ်တွေနဲ့ အလုပ်တွေအကြောင်းပြောတဲ့အခါ ကျွန်တော်တို့ကို သူတို့ရဲ့မိတ်ဆွေတွေအဖြစ် ရှုမြင်ကြတယ်။” ကာရိုလ် ဤသို့ပြောပြသည်– “နောက်တစ်ကြိမ်တွေ့ဆုံတဲ့အခါ ကျွန်မတို့ရဲ့ နာမည်ကိုပြောပြပြီး သူတို့နာမည်ကိုလည်းမေးတယ်။ ဒီအနီးအနားမှာ ကျွန်မတို့ ဘာတွေလုပ်တယ်ဆိုတာကို အသိပေးပြီး လိုရင်းကိုပဲပြောတယ်။ နောက်ဆုံးတော့ သူတို့ကို သက်သေခံနိုင်ခဲ့တယ်။” တွမ်နှင့်ကာရိုလ်တို့သည် ဓမ္မအမှုတွင် တွေ့ဆုံရသူများစွာ၏ ယုံကြည်စိတ်ချမှုကို ရရှိခဲ့ကြသည်။ အတော်များများက သမ္မာကျမ်းစာအခြေပြုစာပေများကို လက်ခံခဲ့ကြပြီး အနည်းစုမှာ အမှန်တရားကိုလေ့လာရန် စိတ်ဝင်စားခဲ့ကြသည်။

ခက်ခဲသောအခြေအနေများတွင် ယဉ်ကျေးရည်မွန်မှု တင်ပြခြင်း

၁၁၊ ၁၂။ သတင်းကောင်းဟောပြောနေစဉ် မတော်မတရားပြောဆိုခံရနိုင်တယ်လို့ ကျွန်ုပ်တို့ ဘာကြောင့်မျှော်လင့်ထားသင့်သလဲ။ အဲဒါကို ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ။

၁၁ တစ်ခါတစ်ရံ၊ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောစဉ် ရိုင်းပျသည့်တုံ့ပြန်မှုများ ကြုံရသည်။ ယင်းကို ကျွန်ုပ်တို့မျှော်လင့်ထားကြ၏၊ အကြောင်းမှာ မိမိနောက်လိုက်များကို ခရစ်တော်ယေရှု ဤသို့ကြိုသတိပေးသောကြောင့်ဖြစ်သည်– “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။” (ယော. ၁၅:၂၀) သို့သော် အဆိုးကို အဆိုးဖြင့်တုံ့ပြန်ခြင်းက ရလဒ်ကောင်းများ မထွက်ပေါ်စေနိုင်ပါ။ သို့ဆိုလျှင် မည်သို့တုံ့ပြန်သင့်သနည်း။ တမန်တော်ပေတရု ဤသို့ရေးသည်– “သင်တို့၏စိတ်နှလုံးထဲတွင် ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်သောသခင်အဖြစ် အသိအမှတ်ပြုကြလော့။ သင်တို့၏မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ် အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆိုလော့။” (၁ ပေ. ၃:၁၅) နူးညံ့သောသဘော၊ လေးစားသောသဘောဖြင့် ယဉ်ကျေးစွာတုံ့ပြန်ခြင်းက ကျွန်ုပ်တို့အား ဆန့်ကျင်သူများ၏ သဘောထားကို ပျော့ပျောင်းသွားစေနိုင်သည်။—တိ. ၂:၇၊ ၈

၁၂ ကျွန်ုပ်တို့သည် ရင့်သီးရိုင်းပျသောပြောအဆိုကို ဘုရားသခင်နှစ်သက်လက်ခံသောနည်းလမ်းဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ပါသည်။ ပေါလုဤသို့ဖော်ပြသည်– “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ စဉ်နှစ်လို့ဖွယ်ဖြစ်ပါစေ။” (ကော. ၄:၆) ကျွန်ုပ်တို့သည် မိသားစုဝင်များ၊ ကျောင်းနေဖက်များ၊ အလုပ်ဖော်များ၊ ညီအစ်ကိုညီအစ်မများ၊ အိမ်နီးနားချင်းများနှင့် ယဉ်ကျေးစွာပြောဆိုပြုမူသည့်အကျင့်ရှိမည်ဆိုလျှင် ကဲ့ရဲ့လှောင်ပြောင်မှုများနှင့် မထီလေးစားမှုများကို ခရစ်ယာန်လမ်းစဉ်နှင့်အညီ တုံ့ပြန်ရန် ပို၍အသင့်ဖြစ်နေမည်။—ရောမ ၁၂:၁၇-၂၁ ကိုဖတ်ပါ။

၁၃။ ယဉ်ကျေးရည်မွန်မှုက ဆန့်ကျင်တဲ့သူတွေရဲ့ သဘောထားကို ပျော့ပျောင်းသွားစေနိုင်တယ်ဆိုတဲ့ ဥပမာတစ်ခုပေးပါ။

၁၃ ခက်ခဲသောအခြေအနေများတွင် ယဉ်ကျေးစွာပြုမူပြောဆိုခြင်းသည် ရလဒ်ကောင်းများရရှိစေသည်။ ဥပမာ၊ ဂျပန်နိုင်ငံတွင် သက်သေခံတစ်ဦးသည် အိမ်ရှင်နှင့် သူ့ဧည့်သည်၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံခဲ့ရသည်။ ထိုအခါ ညီအစ်ကိုသည် အေးအေးဆေးဆေး ပြန်လှည့်ထွက်သွားသည်။ သူသည် ရပ်ကွက်တွင်ဆက်ဟောပြောစဉ် ဧည့်သည်အမျိုးသားက ခပ်လှမ်းလှမ်းမှကြည့်နေကြောင်း သတိပြုမိသည်။ ညီအစ်ကိုသည် ထိုအမျိုးသားထံချဉ်းကပ်သွားသောအခါ ထိုသူက ဤသို့ပြောသည်– “ခုနက လှောင်ပြောင်ကဲ့ရဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့က ခင်ဗျားကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပေမယ့် ခင်ဗျားကတော့ အမြဲပြုံးနေတာပဲ။ ခင်ဗျားလိုဖြစ်အောင် ကျွန်တော်ဘာလုပ်ရမလဲ။” ထိုအမျိုးသားသည် အလုပ်လက်မဲ့ဖြစ်နေသည့်အပြင် မိခင်မှာလည်း ကွယ်လွန်သွားခါစဖြစ်သောကြောင့် ဝမ်းနည်းပူဆွေးကာ မျှော်လင့်ချက်ကင်းမဲ့နေသူဖြစ်သည်။ ညီအစ်ကိုက ကျမ်းစာလေ့လာရန် ကမ်းလှမ်းခဲ့ရာ သူလက်ခံခဲ့သည်။ မကြာမီ၊ သူသည် တစ်ပတ်လျှင်နှစ်ကြိမ် ကျမ်းစာသင်ခဲ့သည်။

ယဉ်ကျေးသည့်အပြုအမူကို တိုးတက်စေနိုင်သည့် အကောင်းဆုံးနည်း

၁၄၊ ၁၅။ ကျမ်းစာခေတ်က ယေဟောဝါရဲ့ကျေးကျွန်တွေ သူတို့ရဲ့သားသမီးတွေကို ဘယ်လိုလေ့ကျင့်ပေးခဲ့ကြသလဲ။

၁၄ မိဘတို့သည် အိမ်တွင် လိမ္မာယဉ်ကျေးမှု၏ အခြေခံသဘောတရားများကို သားသမီးများအား သင်ပေးရမည်။ ကမ္ဘာဦး ၂၂:၇ တွင် အာဗြဟံနှင့် သားဖြစ်သူဣဇာက်သည် တစ်ဦးကိုတစ်ဦး ယဉ်ကျေးစွာ ခေါ်ဝေါ်ပြောဆိုကြသည်ကို သုံးသပ်ကြည့်ပါ။ ယောသပ်၏မှတ်တမ်းတွင်လည်း သူသည် မိဘ၏လေ့ကျင့်မှုကို ကောင်းစွာရရှိခဲ့ကြောင်း ထင်ရှားသည်။ သူထောင်ကျနေစဉ် ဘဝတူထောင်သားများကိုပင် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံခဲ့သည်။ (က. ၄၀:၈၊ ၁၄ကဘ) ယောသပ်သည် အထက်အရာရှိတစ်ဦးအား မည်သို့ပြောဆိုသင့်သည်ကို ကောင်းစွာသင်ယူခဲ့ကြောင်း ဖာရောအားပြောသော သူ၏စကားများက ဖော်ပြသည်။—က. ၄၁:၁၆၊ ၃၃၊ ၃၄

၁၅ အစ္စရေးလူမျိုးကိုပေးသော ပညတ်တော်ဆယ်ပါးတွင် ဤပညတ်လည်းပါဝင်သည်– ‘သင်၏ဘုရားသခင်ယေဟောဝါ ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့။’ (ထွ. ၂၀:၁၂) မိဘကို သားသမီးများဂုဏ်တင်နိုင်သည့် နည်းတစ်နည်းမှာ အိမ်တွင် အမူအကျင့်ကောင်း တင်ပြခြင်းအားဖြင့်ဖြစ်သည်။ အလွန်ခက်ခဲသောအခြေအနေတွင် ယေဖသ၏သမီးသည် ဖခင်ပြုခဲ့သောကတိသစ္စာနှင့်အညီ လုပ်ဆောင်ခြင်းဖြင့် ဖခင်ကိုလေးစားကြောင်း တင်ပြခဲ့သည်။—သူကြီး. ၁၁:၃၅-၄၀

၁၆-၁၈။ (က) သားသမီးတွေကို အမူအကျင့်ကောင်း သင်ပေးရာမှာ ဘာတွေလုပ်ဆောင်နိုင်သလဲ။ (ခ) သားသမီးတွေ အမူအကျင့်ကောင်းရှိအောင် သင်ပေးခြင်းရဲ့ အကျိုးကျေးဇူးအချို့က ဘာတွေလဲ။

၁၆ သားသမီးများအား ယဉ်ကျေးသူများဖြစ်လာရန် လေ့ကျင့်ပေးခြင်း၏တန်ဖိုးကို လျှော့မတွက်သင့်ပါ။ လူကြီးများအဖြစ်ကောင်းစွာကြီးပြင်းလာရန်မှာ ဧည့်သည်များကို နှုတ်ဆက်ရာတွင်၊ တယ်လီဖုန်းဖြေဆိုရာတွင်၊ အခြားသူများနှင့်စားသောက်ရာတွင် အမူအကျင့်ကောင်းရှိရန် သင်ယူဖို့လိုသည်။ လူတို့အတွက် အဘယ်ကြောင့် တံခါးဖွင့်ပေးရကြောင်း၊ သက်ကြီးရွယ်အိုနှင့် ဖျားနာသူတို့ကို အဘယ်ကြောင့် ကြင်နာမှုတင်ပြသင့်ကြောင်း၊ လေးလံသောပစ္စည်းများသယ်ဆောင်ထားသူတို့ကို အဘယ်ကြောင့်ကူညီသင့်ကြောင်း လူငယ်များနားလည်အောင် ကူညီသင့်သည်။ “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်၊” “ရပါတယ်၊” “ကူညီပါရစေ၊” “ဆောရီးနော်” ဟူ၍ စိတ်ရင်းမှန်ဖြင့်ပြောဆိုခြင်းသည် အရေးကြီးကြောင်း သူတို့သဘောပေါက်ဖို့လိုသည်။

၁၇ ကလေးများကို ယဉ်ကျေးရည်မွန်သူဖြစ်ရန် လေ့ကျင့်ပေးရာတွင် ခက်ထန်ဖို့မလိုပါ။ ပုံသက်သေကောင်းချမှတ်ခြင်းသည် အကောင်းဆုံးနည်းဖြစ်သည်။ ၂၅ နှစ်အရွယ် ခါ့ထ်သည် သူနှင့်သူ့ညီအစ်ကိုသုံးဦးတို့ မည်သို့လိမ္မာရေးခြားရှိလာပုံကို ဤသို့ပြောပြသည်– “အဖေနဲ့အမေက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာပြောဆိုတာ၊ တခြားသူတွေအပေါ်စိတ်ရှည်ပြီး ထောက်ထားစာနာတာကို ကျွန်တော်တို့မြင်ရကြားရတယ်။ ဝတ်ပြုရာခန်းမမှာ၊ အစည်းအဝေးတွေမစခင်နဲ့ အပြီးမှာ တခြားညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောဖို့ ကျွန်တော့်ကို ခေါ်သွားတတ်တယ်။ သူတို့ကို နှုတ်ဆက်စကားပြောတာ၊ လေးစားမှုပြတာကိုလည်း မြင်ရကြားရတယ်။ ကြာလာတော့ ကျွန်တော်လည်း အဖေ့လိုဖြစ်လာပြီး လူတွေကို ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံတတ်လာတယ်။ ဒါတွေကို မဖြစ်မနေလုပ်ရမှာမို့ လုပ်နေတာမဟုတ်ဘဲ လုပ်ချင်လို့လုပ်နေတာဖြစ်တယ်။”

၁၈ မိဘများ မိမိတို့သားသမီးများကို အမူအကျင့်ကောင်းများ သင်ပေးသောအခါ အဘယ်ရလဒ် ရလာဖွယ်ရှိသနည်း။ သားသမီးများသည် အခြားသူများနှင့် မိတ်ဖွဲ့တတ်လာပြီး လူများနှင့်အသင့်အတင့် နေတတ်လာမည်။ အလုပ်ရှင်များ၊ အလုပ်ဖော်များနှင့် တွဲ၍လုပ်ဆောင်တတ်လာမည်။ ထို့ပြင် လိမ္မာရေးခြားရှိသော၊ ဖြောင့်မတ်သောသားသမီးများသည် မိဘများကို ကျေနပ်ပျော်ရွှင်စေပါလိမ့်မည်။—သု. ၂၃:၂၄၊ ၂၅ ကိုဖတ်ပါ။

အမူအကျင့်ကောင်းက လောကနဲ့သီးခြားဖြစ်စေ

၁၉၊ ၂၀။ ယဉ်ကျေးရည်မွန်တဲ့ ဘုရားသခင်နဲ့ ကိုယ်တော့်သားတော်ကို တုပဖို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားဖို့လိုသလဲ။

၁၉ “ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့” ဟု ပေါလုရေးခဲ့သည်။ (ဧ. ၅:၁) ယေဟောဝါဘုရားသခင်နှင့်သားတော်ကို တုပခြင်းတွင် ဤဆောင်းပါး၌ သုံးသပ်ခဲ့သော ကျမ်းစာမူများကို လိုက်နာခြင်းပါဝင်သည်။ သို့ဖြင့် အထက်လူကြီးတစ်ဦးကို မျက်နှာလုပ်ရန် သို့မဟုတ် အကျိုးအမြတ်ရရန် ဟန်ဆောင်ယဉ်ကျေးပြခြင်းကို ရှောင်နိုင်ပေလိမ့်မည်။—ယု. ၁၆

၂၀ စာတန်သည် သူအုပ်စိုးနေသော ဤနောက်ဆုံးကာလတွင် ယေဟောဝါချမှတ်ထားသော လေးစားဖွယ်အမူအကျင့်များနှင့်ဆိုင်သော စံနှုန်းများကို ဖယ်ရှားရန် ကြိုးစားနေသည်။ သို့သော် ခရစ်ယာန်စစ်များ၏ အမူအကျင့်ကောင်းများပျက်စီးစေရန် စာတန်၏ကြိုးစားမှုများသည် ရှုံးနိမ့်ပါလိမ့်မည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ယဉ်ကျေးရည်မွန်သော ဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏ ပုံနမူနာကိုလိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်နိုင်ကြပါစေ။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ အပြုအမူအပြောအဆိုသည် ရိုင်းပျသူတို့၏အပြုအမူအပြောအဆိုနှင့် အမြဲကွာခြားနေပါလိမ့်မည်။ အမူအကျင့်ကောင်းတင်ပြသော ဘုရားသခင်ယေဟောဝါ၏ နာမတော်ကို ချီးမွမ်းမှုဖြစ်စေပြီး စိတ်ရင်းမှန်သူများအား စစ်မှန်သောဝတ်ပြုရေးသို့ ဆွဲဆောင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယဉ်ကျေးမှုအချို့တွင် မိမိထက်အသက်ကြီးသူတို့ကို ခွင့်ပြုချက်မရှိဘဲ နာမည်တပ်၍ခေါ်ခြင်းသည် ရိုင်းသည်ဟု ယူဆသည်။ ခရစ်ယာန်များသည် ထိုဓလေ့များကို လေးစားလိုက်နာကြပါသည်။

သင်မှတ်မိသလော

• ယေဟောဝါနဲ့ ကိုယ်တော့်သားတော် အမူအကျင့်ကောင်းတင်ပြခြင်းကနေ ကျွန်ုပ်တို့ဘာသင်ယူနိုင်သလဲ။

• လူတွေကို လှိုက်လှဲဖော်ရွေစွာ နှုတ်ဆက်ခြင်းက ကျွန်ုပ်တို့ခရစ်ယာန်တွေအပေါ် ဘာကြောင့် အကောင်းမြင်သဘောထားရှိစေသလဲ။

• ခရစ်ယာန်ဓမ္မအမှုမှာ အကျိုးဖြစ်ထွန်းဖို့ ယဉ်ကျေးရည်မွန်ခြင်းက ဘယ်လိုအထောက်အကူပြုသလဲ။

• မိမိတို့ရဲ့သားသမီးတွေကို အမူအကျင့်ကောင်းတွေသင်ပေးရာမှာ မိဘတွေ ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

 နွေးထွေးသည့်အပြုံးဖြင့် အစပြုပါ

လူများစွာသည် မိမိတို့မသိကျွမ်းသူများနှင့် အစပြုစကားပြောဆိုရန် တွန့်ဆုတ်တတ်ကြသည်။ သို့သော်၊ ဘုရားသခင်နှင့် လူသားချင်းကို ချစ်သောမေတ္တာကြောင့် ယေဟောဝါသက်သေများသည် အခြားသူများအား သမ္မာကျမ်းစာအမှန်တရားအကြောင်း ဝေမျှရန် စကားစမြည်ပြောဆိုတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင်ယူကြသည်။ ဤကဏ္ဍတွင်တိုးတက်ရန် အဘယ်အရာက သင့်ကို ကူညီပေးနိုင်သနည်း။

ဖိလိပ္ပိ ၂:၄ တွင် အဖိုးတန်မူတစ်ခုကို ဤသို့ဖော်ပြထားသည်– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။” ယင်းစကားများကို ဤသို့စဉ်းစားကြည့်ပါ– သင့်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးသူသည် သင့်အား သူစိမ်းတစ်ဦးအဖြစ် ရှုမြင်ပါလိမ့်မည်။ သူစိတ်သက်သောင့်သက်သာရှိအောင် သင်မည်သို့ ပြုလုပ်ပေးနိုင်သနည်း။ နွေးထွေးသည့်အပြုံးနှင့် ဖော်ရွေသည့် နှုတ်ဆက်စကားတို့က အကူအညီဖြစ်စေပေမည်။ သို့သော် သုံးသပ်စရာများ ရှိပါသေးသည်။

တစ်စုံတစ်ဦးကို သင်စကားစတင်ပြောဆိုရန် ကြိုးစားခြင်းသည် သူ၏အတွေးများကို ကြားဖြတ်လိုက်ခြင်းဖြစ်ပေမည်။ သူ့ကို ထည့်မစဉ်းစားဘဲ သင့်စိတ်တွင်ရှိသောအရာများကိုသာ ပြောဆိုရန် ကြိုးစားပါက သူသည် သင့်ကို ကောင်းစွာတုံ့ပြန်မည်မဟုတ်ပါ။ ထို့ကြောင့် သူအဘယ်အရာစဉ်းစားနေသည်ကို သင်ပိုင်းခြားသိမြင်နိုင်ပါက ယင်းအကြောင်းဖြင့် အစပြုပြောဆိုပါ။ ရှမာရိမြို့ရှိ ရေတွင်းတစ်တွင်း၌ အမျိုးသမီးတစ်ဦးနှင့် ယေရှုတွေ့ဆုံချိန်တွင် ထိုအတိုင်း ပြုလုပ်ခဲ့သည်။ (ယော. ၄:၇-၂၆) ထိုအမျိုးသမီးသည် ရေခပ်ဖို့သာ စဉ်းစားနေသည်။ ယေရှုသည် ယင်းအပေါ်အခြေခံပြီး စကားစမြည်စတင် ပြောဆိုခဲ့ရာမှ ဝတ်ပြုရေးနှင့်ဆိုင်သောအရာများကို အပြန်အလှန်ပြောဆိုခြင်းသို့ ပြောင်းလဲသွားသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံခြင်းက ကောင်းစွာသက်သေခံခွင့်ရစေနိုင်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အမူအကျင့်ကောင်းတွေက အချိန်အခါမရွေးသင့်လျော်