မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း

သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း

သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း

‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရားသခင်၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။’—ဆာ. ၆၅:၂

၁၊ ၂။ ယေဟောဝါရဲ့ကျေးကျွန်တွေ ကိုယ်တော့်ထံ ဘာကြောင့် ယုံကြည်စိတ်ချမှုနဲ့ ဆုတောင်းနိုင်သလဲ။

ယေဟောဝါသည် ကိုယ်တော့်သစ္စာရှိကျေးကျွန်များ၏ အသနားခံချက်များကို အစဉ်နားထောင်တော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ သန်းနှင့်ချီသောယေဟောဝါသက်သေများသည် တစ်ချိန်တည်းတွင် ဆုတောင်းလျှင်ပင် တစ်ဦးစီ၏ဆုတောင်းချက်ကို ကိုယ်တော်နားထောင်တော်မူသည်။

ဆာလံဆရာဒါဝိဒ်သည် မိမိ၏အသနားခံတောင်းလျှောက်ချက်များကို ဘုရားသခင်နားထောင်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချလျက် ‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရားသခင်၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်’ ဟုသီဆိုခဲ့၏။ (ဆာ. ၆၅:၂) ဒါဝိဒ်သည် ယေဟောဝါအား သစ္စာရှိစွာဝတ်ပြုသူတစ်ဦးဖြစ်သောကြောင့် သူ၏ဆုတောင်းချက်များ ဖြေကြားခံခဲ့ရသည်။ ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဤသို့မေးသင့်သည်– ‘ငါ့ရဲ့တိုးလျှိုးအသနားခံချက်တွေက ငါဟာ ယေဟောဝါကိုယုံကြည်ကိုးစားပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို အဓိကထားတယ်ဆိုတာ ဖော်ပြနေသလား။ ငါ့ရဲ့ဆုတောင်းချက်တွေက ငါ့အကြောင်း ဘာဖော်ပြနေသလဲ။’

ယေဟောဝါထံ နှိမ့်ချစွာဆုတောင်းပါ

၃၊ ၄။ (က) ဘုရားသခင်ထံဆုတောင်းချဉ်းကပ်တဲ့အခါ ဘယ်လိုသဘောထားမျိုးရှိသင့်သလဲ။ (ခ) ကြီးလေးတဲ့အပြစ်ကြောင့် ကျွန်ုပ်တို့ စိတ်မငြိမ်မသက်ဖြစ်ပြီး သောကဖိစီးနေရင် ဘာလုပ်သင့်သလဲ။

ကျွန်ုပ်တို့၏ဆုတောင်းချက်များ ဖြေကြားခံရရန် ဘုရားသခင်ထံ နှိမ့်ချစွာချဉ်းကပ်ဖို့လိုသည်။ (ဆာ. ၁၃၈:၆) “အိုဘုရားသခင်၊ ကျွန်ုပ်ကိုစစ်ကြော၍ ကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ” ဟုဒါဝိဒ်တောင်းလျှောက်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ကိုစစ်ဆေးပေးပါဟု တောင်းလျှောက်သင့်သည်။ (ဆာ. ၁၃၉:၂၃၊ ၂၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုတောင်းရုံမျှသာမဟုတ်ဘဲ ဘုရားသခင်၏စစ်ဆေးမှုကိုခံယူပြီး ကျမ်းစာအကြံဉာဏ်ကို လိုက်နာကြပါစို့။ ယေဟောဝါသည် ကျွန်ုပ်တို့ကို “ထာဝရလမ်းထဲသို့” သွေးဆောင်ပြီး ထာဝရအသက်ရစေသော လမ်းစဉ်တွင် လျှောက်လှမ်းနေရန် ကူညီပေးနိုင်သည်။

ကြီးလေးသောအပြစ်တစ်ခုကြောင့် ကျွန်ုပ်တို့ စိတ်မငြိမ်မသက်ဖြစ်ကာ သောကဖိစီးနေလျှင်ကော မည်သို့နည်း။ (ဆာလံ ၃၂:၁-၅ ကိုဖတ်ပါ။) နွေရာသီ၏ပြင်းထန်သောအပူရှိန်က သစ်ပင်တစ်ပင်ကို သွေ့ခြောက်စေနိုင်သကဲ့သို့ အပြစ်ရှိသည်ဟူသောအသိစိတ်ကို ကြိုးစားဖုံးကွယ်ထားခြင်းကလည်း ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့စေနိုင်သည်။ ဒါဝိဒ်သည် မိမိ၏အပြစ်ကြောင့် ပျော်ရွှင်မှုပျောက်ဆုံးကာ ဖျားနာသည်အထိဖြစ်ခဲ့ပေမည်။ သို့သော် သူသည် ဘုရားသခင်ထံ ဝန်ချတောင်းပန်ပြီးနောက်တွင် အလွန်စိတ်သက်သာရာရသွားလေသည်။ ဒါဝိဒ်သည် ‘အပြစ်လွတ်ခံရ’ ပြီ၊ သူ့ကို ယေဟောဝါခွင့်လွှတ်ပြီဟု ခံစားရသောအခါ မည်မျှပျော်ရွှင်ခဲ့မည်ကို မြင်ယောင်ကြည့်ပါ။ လူတစ်ဦးသည် ဘုရားသခင်ထံ အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့် စိတ်သက်သာရာရနိုင်ပြီး ခရစ်ယာန်အကြီးအကဲများ၏အကူအညီက ထိုသူကို ဘုရားသခင်နှင့်ဆက်ဆံရေး ပြန်ကောင်းမွန်လာစေရန် ထောက်ကူပေးပါလိမ့်မည်။—သု. ၂၈:၁၃; ယာ. ၅:၁၃-၁၆

ဘုရားသခင်ထံ တိုးလျှိုးအသနားခံ၍ ကျေးဇူးတော်ချီးမွမ်းပါ

၅။ ယေဟောဝါထံ တိုးလျှိုးအသနားခံခြင်းဆိုတာ ဘာကိုဆိုလိုသလဲ။

ကျွန်ုပ်တို့သည် အကြောင်းတစ်ခုခုကြောင့် အလွန်စိတ်သောကရောက်နေလျှင် ပေါလု၏ အောက်ပါအကြံပြုချက်ကို လိုက်နာသင့်သည်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” (ဖိ. ၄:၆) “တိုးလျှိုးအသနားခံခြင်း” ဟူသည် “နှိမ့်ချစွာ အသနားခံတောင်းလျှောက်ခြင်း” ကိုဆိုလိုသည်။ အထူးသဖြင့် အန္တရာယ်နှင့်ကြုံတွေ့ချိန် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခံရချိန်တွင် ယေဟောဝါ၏အကူအညီနှင့် လမ်းညွှန်မှုအတွက် တောင်းလျှောက်သင့်သည်။

၆၊ ၇။ ဘယ်အကြောင်းရင်းတွေကြောင့် ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေထဲမှာ ကျေးဇူးတော်ချီးမွမ်းခြင်း ပါဝင်သင့်သလဲ။

သို့သော် ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကိုလိုအပ်သည့်အခါမှသာ ဆုတောင်းမည်ဆိုလျှင် ကျွန်ုပ်တို့၏သဘောထားနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြမည်နည်း။ ကျွန်ုပ်တို့သည် “ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ” ဘုရားသခင်ထံ အသနားခံသင့်သည်ဟု ပေါလုဆိုသည်။ ဒါဝိဒ်ကဲ့သို့ ကျေးဇူးတင်ကြောင်းဖော်ပြရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းများရှိမည်မှာ သေချာသည်။ ဒါဝိဒ်ဤသို့ရေးသည်– ‘အို ယေဟောဝါ၊ ကိုယ်တော်သည် ထည်ဝါသောအသရေ၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အို ယေဟောဝါ၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏။ . . . သို့ဖြစ်၍ အကျွန်ုပ်တို့၏ဘုရားသခင် ကျေးဇူးတော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ နာမတော်ကို ချီးမွမ်းကြပါ၏။’—၅ ရာ. ၂၉:၁၁-၁၃

ယေရှုသည် အစားအစာအတွက်နှင့် သခင့်ညစာစားပွဲတွင်အသုံးပြုသော မုန့်နှင့်စပျစ်ရည်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းခဲ့သည်။ (မ. ၁၅:၃၆; မာ. ၁၄:၂၂၊ ၂၃) ကျွန်ုပ်တို့လည်း အလားတူကျေးဇူးတင်လေးမြတ်မှုမျိုး ဖော်ပြသည့်အပြင် ‘လူသားတို့၌ပြုတော်မူသော အံ့ဖွယ်သောအမှုတော်၊’ “တရားသဖြင့်စီရင်တော်မူချက်” နှင့် သမ္မာကျမ်းစာပါ ဘုရားသခင်၏တရားစကားများအတွက် ‘ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း’ သင့်သည်။—ဆာ. ၁၀၇:၁၅; ၁၁၉:၆၂၊ ၁၀၅

အခြားသူများအတွက် ဆုတောင်းပါ

၈၊ ၉။ ညီအစ်ကိုညီအစ်မတွေအတွက် ဘာကြောင့် ဆုတောင်းပေးသင့်သလဲ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် ဆုတောင်းကြမည်မှာသေချာသော်လည်း အခြားသူများနှင့် အမည်မသိသောခရစ်ယာန်ချင်းများအတွက်ပင် ထည့်ဆုတောင်းပေးသင့်သည်။ ပေါလုသည် ကောလောသဲမြို့ရှိ ခရစ်ယာန်အားလုံးကို သိမည်မဟုတ်သော်လည်း ဤသို့ရေးခဲ့၏– “ငါတို့သည် သင်တို့အတွက် ဆုတောင်းပေးသည့်အခါတိုင်း ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ အကြောင်းမူကား ခရစ်တော်ယေရှုနှင့်ပတ်သက်၍ သင်တို့၏ယုံကြည်ခြင်း၊ သန့်ရှင်းသူအားလုံးအပေါ်ထားရှိသည့် သင်တို့၏ချစ်ခြင်းမေတ္တာကို ကြားသိရပါ၏။” (ကော. ၁:၃၊ ၄) သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များအတွက်လည်း ပေါလုဆုတောင်းပေးခဲ့သည်။ (၂ သက်. ၁:၁၁၊ ၁၂) ထိုသို့သောဆုတောင်းချက်များက ကျွန်ုပ်တို့အကြောင်းနှင့် ညီအစ်ကိုညီအစ်မများအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို များစွာဖော်ပြသည်။

ဘိသိက်ပေးခံရသောခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါ “အခြားသိုး” များအတွက် ကျွန်ုပ်တို့ ဆုတောင်းပေးခြင်းက ဘုရားသခင့်အဖွဲ့အစည်းအပေါ် စိတ်ဝင်စားကြောင်း ဖော်ပြရာရောက်သည်။ (ယော. ၁၀:၁၆) ‘သတင်းကောင်း၏ မြင့်မြတ်သောလျှို့ဝှက်ချက်ကို ဟောပြောနိုင်သည့် နှုတ်သတ္တိရှိ’ ဖို့ မိမိအတွက် ဆုတောင်းပေးကြရန် ယုံကြည်သူချင်းများကို ပေါလုတောင်းဆိုခဲ့သည်။ (ဧ. ၆:၁၇-၂၀) ကျွန်ုပ်တို့လည်း အခြားခရစ်ယာန်များအတွက် ထိုသို့ဆုတောင်းပေးပါသလော။

၁၀။ အခြားသူတွေအတွက် ဆုတောင်းပေးခြင်းက ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

၁၀ အခြားသူများအတွက် ဆုတောင်းပေးခြင်းက သူတို့အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏သဘောထားကို ပြောင်းလဲစေနိုင်သည်။ ကျွန်ုပ်တို့မနှစ်မြို့သူတစ်ဦးအတွက် ဆုတောင်းပေးပါက သူ့အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏သဘောထား ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။ (၁ ယော. ၄:၂၀၊ ၂၁) ထိုဆုတောင်းချက်များသည် တည်ဆောက်မှုဖြစ်စေပြီး ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ပို၍စည်းလုံးစေသည်။ ထို့ပြင် ဤသို့သောဆုတောင်းချက်များက ကျွန်ုပ်တို့တွင် ခရစ်တော်ကဲ့သို့သော ချစ်ခြင်းမေတ္တာရှိကြောင်းကိုလည်း ဖော်ပြသည်။ (ယော. ၁၃:၃၄၊ ၃၅) ယင်းသည် ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတည်းဟူသော အရည်အသွေးများကို တင်ပြနိုင်ရန် ယေဟောဝါထံမှ သန့်ရှင်းသောစွမ်းအားတော်အကူအညီ တောင်းခံပါသလော။ (လု. ၁၁:၁၃; ဂလ. ၅:၂၂၊ ၂၃) သို့ဆိုလျှင် ကျွန်ုပ်တို့သည် စွမ်းအားတော်ဖြင့်လျှောက်လှမ်းနေကြောင်း ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူများက ဖော်ပြပါလိမ့်မည်။—ဂလာတိ ၅:၁၆၊ ၂၅ ကိုဖတ်ပါ။

၁၁။ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးဖို့ တခြားသူတွေကို တောင်းဆိုခြင်းက သင့်လျော်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၁ ကျွန်ုပ်တို့၏ကလေးများ စာမေးပွဲတွင် စာခိုးချဖို့ သွေးဆောင်ခံခဲ့ရကြောင်း ကျွန်ုပ်တို့သိရှိပါက သူတို့အတွက် ဆုတောင်းပေးပြီး ကျမ်းချက်များသုံး၍ ကူညီသင့်သည်။ သို့မှသာ သူတို့သည် ရိုးသားစွာကျင့်ကြံပြီး အမှားများကိုရှောင်နိုင်မည်ဖြစ်သည်။ “သင်တို့သည် မည်သည့်အမှားကိုမျှ မပြုကြစေရန် ဘုရားသခင်ထံ ငါတို့ဆုတောင်းပါ၏” ဟူ၍ ကောရိန္သုမြို့ရှိခရစ်ယာန်များအား ပေါလုပြောခဲ့သည်။ (၂ ကော. ၁၃:၇) ထိုသို့နှိမ့်ချစွာဆုတောင်းသည်ကို ယေဟောဝါနှစ်သက်တော်မူပြီး ကျွန်ုပ်တို့သည် အဘယ်လူစားမျိုးဖြစ်ကြောင်း ကောင်းစွာဖော်ပြသည်။ (သု. ၁၅:၈ ကိုဖတ်ပါ။) ‘ငါတို့အတွက် ဆက်၍ဆုတောင်းပေးနေကြလော့။ အကြောင်းမူကား ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် ကိုယ်ကိုကိုယ်သိစိတ်ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏’ ဟုတမန်တော်ပေါလုရေးခဲ့သည်။ ပေါလုနည်းတူ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကြရန် အခြားသူများကို တောင်းဆိုနိုင်သည်။—ဟေဗြဲ ၁၃:၁၈

ဆုတောင်းချက်များက များစွာဖော်ပြ

၁၂။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်မှာ ဘယ်အချက်တွေ အဓိကပါဝင်သင့်သလဲ။

၁၂ ကျွန်ုပ်တို့သည် ပျော်ရွှင်ပြီးစိတ်ထက်သန်သော ယေဟောဝါသက်သေများဖြစ်ကြောင်း ကျွန်ုပ်တို့၏ဆုတောင်းချက်များက ဖော်ပြပါသလော။ ကျွန်ုပ်တို့၏တိုးလျှိုးအသနားခံချက်များတွင် ဘုရားသခင်၏အလိုတော်ကိုနာခံခြင်း၊ သတင်းကောင်းဟောပြောခြင်း၊ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းခြင်းနှင့် ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းတို့ အဓိကပါဝင်သလော။ ကျွန်ုပ်တို့၏ဆုတောင်းချက်တွင် ထိုအချက်များ အဓိကပါဝင်သင့်သည်။ ယေရှု၏စံပြဆုတောင်းချက်သည်လည်း ထိုအချက်များဖြင့် အစပြုထား၏– ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။ ဘုရားသခင့်နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။’—မ. ၆:၉၊ ၁၀

၁၃၊ ၁၄။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်က ကျွန်ုပ်တို့အကြောင်း ဘာဖော်ပြသလဲ။

၁၃ ကျွန်ုပ်တို့၏ဆုတောင်းချက်များက ကျွန်ုပ်တို့၏ သဘောထား၊ စိတ်ဝင်စားရာများနှင့် အလိုဆန္ဒများကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် အဘယ်လူစားမျိုးဖြစ်ကြောင်း ယေဟောဝါသိတော်မူသည်။ ‘ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်းသုံးတတ်၏။ စိတ်နှလုံးကိုကား ယေဟောဝါစစ်တော်မူ၏’ ဟုကျမ်းစာကဆိုသည်။ (သု. ၁၇:၃) ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံးကို သိမြင်တော်မူ၏။ (၁ ရာ. ၁၆:၇) အစည်းအဝေးများ၊ ခရစ်ယာန်ဓမ္မအမှုနှင့် ညီအစ်ကိုညီအစ်မများအပေါ် ကျွန်ုပ်တို့မည်သို့သဘောထားကြောင်း ကိုယ်တော်သိမြင်တော်မူသည်။ ခရစ်တော်၏ “ညီတို့” ကို ကျွန်ုပ်တို့ မည်သို့သဘောထားကြောင်းကိုလည်း ကောင်းစွာသိသည်။ (မ. ၂၅:၄၀) ကျွန်ုပ်တို့သည် အမှန်တကယ်ဆန္ဒရှိ၍ တောင်းနေခြင်းလော သို့မဟုတ် စကားစုတစ်ခုကို အထပ်ထပ်ရွတ်ဆိုနေခြင်းလောဆိုသည်ကို ကိုယ်တော်သိတော်မူသည်။ “ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် နားညောင်းခံရမည်ဟု [တလွဲ] ထင်မှတ်ကြ၏” ဟုယေရှုမိန့်တော်မူသည်။—မ. ၆:၇

၁၄ ကျွန်ုပ်တို့၏ဆုတောင်းချက်များက ဘုရားသခင်အား ကျွန်ုပ်တို့ မည်မျှယုံကြည်အားထားကြောင်းကိုလည်း ဖော်ပြသည်။ ‘ယေဟောဝါသည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်’ ဟုဒါဝိဒ်ပြောခဲ့သည်။ (ဆာ. ၆၁:၃၊ ၄) ဘုရားသခင်သည် ပုံဆောင်သဘောအရ ‘ကျွန်ုပ်တို့အပေါ်တွင် မိမိ၏တဲတော်ကို ဖြန့်မိုး’ သောအခါ လုံခြုံမှုနှင့် ကိုယ်တော်၏ကာကွယ်မှုကို ကျွန်ုပ်တို့ခံစားရသည်။ (ဗျာ. ၇:၁၅) ယုံကြည်ခြင်းစမ်းသပ်မှုကြုံရချိန်တွင် ‘ကျွန်ုပ်တို့ဘက်၌’ ယေဟောဝါရှိတော်မူကြောင်း ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဆုတောင်းခြင်းက စိတ်သက်သာရာရစေသည်။—ဆာလံ ၁၁၈:၅-၉ ကိုဖတ်ပါ။

၁၅၊ ၁၆။ ဆုတောင်းခြင်းက လုပ်ငန်းတော်အခွင့်ထူးတွေကို လက်လှမ်းယူလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒနဲ့ပတ်သက်ပြီး ဘာတွေကိုသိမြင်စေနိုင်သလဲ။

၁၅ ကျွန်ုပ်တို့၏သဘောထားနှင့်ပတ်သက်၍ ယေဟောဝါထံ ရိုးသားစွာဆုတောင်းခြင်းက သဘောထားအမှန်ကို ပိုင်းခြားသိမြင်စေနိုင်သည်။ ဥပမာ၊ ဘုရားသခင့်လူမျိုးတော်ကို ကြီးကြပ်သောအနေအထားတွင် အမှုဆောင်လိုစိတ်ပြင်းပြနေခြင်းမှာ ဟောပြောခြင်းနှင့် အသင်းတော်လုပ်ငန်းများတွင် အတတ်နိုင်ဆုံး နှိမ့်ချစွာ ကူညီလုပ်ဆောင်လိုသောကြောင့်လော။ သို့မဟုတ် “ထိပ်ဆုံးနေရာ” ရလိုသောကြောင့်လော၊ “နိုင်လိုမင်းထက်” ပင်ပြုလိုသောကြောင့်လော။ ယေဟောဝါ၏လူမျိုးအလယ်တွင် ထိုသဘောထားမျိုး မရှိသင့်ပါ။ (၃ ယောဟန် ၉၊ ၁၀; လုကာ ၂၂:၂၄-၂၇ တို့ကိုဖတ်ပါ။) ကျွန်ုပ်တို့တွင် မှားယွင်းသောဆန္ဒများရှိနေမည်ဆိုလျှင် ယေဟောဝါဘုရားသခင်ထံ ရိုးသားစွာဆုတောင်းခြင်းက ယင်းတို့ကို သိမြင်စေပြီး ခိုင်မာစွာအမြစ်မတွယ်မီ ပြုပြင်ပြောင်းလဲရန် ကူညီပေးနိုင်သည်။

၁၆ ခရစ်ယာန်ဇနီးသည်များသည် မိမိတို့၏ခင်ပွန်းများကို ဓမ္မအမှုထမ်းများ၊ ထိုမှတစ်ဆင့် ကြီးကြပ်မှူးများ သို့မဟုတ် အကြီးအကဲများအဖြစ် အမှုဆောင်စေလိုသည့်ဆန္ဒ ပြင်းပြပေမည်။ ထိုညီအစ်မများသည် ပုံသက်သေကောင်းပြရန် ကြိုးစားခြင်းဖြင့် မိမိတို့၏ကိုယ်ပိုင်ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ကြပေမည်။ ယင်းသည် အရေးကြီး၏၊ အကြောင်းမှာ အမျိုးသားတစ်ဦးအပေါ် အသင်းတော်၏ရှုမြင်ပုံသည် သူ့မိသားစု၏ပြောဆိုပြုမူပုံအပေါ် မူတည်သည်။

လူအများနှင့်အတူ ဆုတောင်းချိန်တွင်

၁၇။ ကျွန်ုပ်တို့ သီးသန့်ဆုတောင်းတဲ့အခါ တစ်ဦးတည်းရှိနေခြင်းက ဘာကြောင့်ပိုကောင်းသလဲ။

၁၇ ယေရှုသည် ခမည်းတော်ထံ သီးသန့်ဆုတောင်းရန် လူအုပ်နှင့်ဝေးရာတွင် နေသည့်အခါများရှိသည်။ (မ. ၁၄:၁၃; လု. ၅:၁၆; ၆:၁၂) ကျွန်ုပ်တို့လည်း လူသူကင်းမဲ့ရာနေရာတွင် ဆုတောင်းဖို့လိုသည့်အခါများရှိသည်။ ကျွန်ုပ်တို့သည် အေးဆေးငြိမ်သက်သည့်အခြေအနေတွင် ဆုတောင်းသည့်အခါ ယေဟောဝါနှစ်သက်သော ဆုံးဖြတ်ချက်များချနိုင်ပြီး ကိုယ်တော်အားဝတ်ပြုရာတွင် ဆက်၍ထက်သန်နေစေသည်။ သို့သော် ယေရှုသည် လူအများရှေ့တွင်လည်း ဆုတောင်းခဲ့ရာ ကျွန်ုပ်တို့လည်း လျောက်ပတ်သည့်အပြုအမူဖြင့် လူအများရှေ့ဆုတောင်းနိုင်ပုံကို သုံးသပ်ခြင်းမှာ သင့်လျော်ပါသည်။

၁၈။ ညီအစ်ကိုတွေ အသင်းတော်မှာ လူအများရှေ့ ကိုယ်စားပြုဆုတောင်းတဲ့အခါ ဘယ်အချက်တွေကို မှတ်သားသင့်သလဲ။

၁၈ ကျွန်ုပ်တို့၏အစည်းအဝေးများတွင် သစ္စာရှိအမျိုးသားများသည် အသင်းတော်ကိုကိုယ်စားပြု၍ ဆုတောင်းကြသည်။ (၁ တိ. ၂:၈) ညီအစ်ကိုညီအစ်မများသည် ဆုတောင်းချက်အဆုံးတွင် “ထိုအတိုင်းဖြစ်ပါစေ” ဟူ၍အဓိပ္ပာယ်ရှိသော “အာမင်” ဟုပြောနိုင်သင့်သည်။ သို့သော် ထိုသို့ပြောနိုင်ရန် ဆုတောင်းချက်ကို သူတို့သဘောတူရမည်။ ယေရှု၏စံပြဆုတောင်းချက်တွင် လူတို့ကိုထိတ်လန့်သွားစေသော သို့မဟုတ် လိမ္မာပါးနပ်မှုမရှိသော စကားလုံးများ မပါဝင်ပါ။ (လု. ၁၁:၂-၄) ထို့ပြင် ကိုယ်တော်သည် ပရိသတ်ရှိလူတစ်ဦးစီ၏ လိုအပ်ရာများ သို့မဟုတ် ပြဿနာများအားလုံးကို အသေးစိတ် မဖော်ပြခဲ့ပါ။ ကိုယ်ရေးကိုယ်တာကိစ္စများကို လူထုရှေ့တွင်မဟုတ်ဘဲ သီးသန့်ဆုတောင်းချက်တွင် ထည့်တောင်းသင့်သည်။ လူအများရှေ့ဆုတောင်းရာတွင် အတွင်းရေးကိစ္စများကို ထည့်မတောင်းသင့်ပါ။

၁၉။ လူအများနဲ့ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုပြုမူသင့်သလဲ။

၁၉ ကျွန်ုပ်တို့သည် လူအများနှင့်အတူ ဆုတောင်းနေချိန်တွင် “ဘုရားသခင်ကိုကြောက်ရွံ့” ကြောင်း ပြသဖို့လိုသည်။ (၁ ပေ. ၂:၁၇) အချို့အပြုအမူများသည် သူ့အချိန်နှင့်သူ၊ သူ့နေရာနှင့်သူ သင့်တော်သော်လည်း ခရစ်ယာန်အစည်းအဝေးတွင် မသင့်တော်ပါ။ (ဒေ. ၃:၁) ဥပမာ၊ အုပ်စုတစ်စုသည် ဆုတောင်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်လျက်၊ လက်ကိုင်လျက်နေသည်ကို လူတစ်ဦးတွေ့သွားသည်ဆိုပါစို့။ ယင်းက ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသော ဧည့်သည်များအပါအဝင် အချို့သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အိမ်ထောင်သည်အချို့သည် လူအများနှင့်ဆုတောင်းနေချိန်တွင် မသိမသာလက်ကိုင်ထားကြပေမည်၊ သို့သော် သူတို့နှစ်ဦးဖက်နေပါက ယင်းအပြုအမူကို အမှတ်တမဲ့တွေ့သွားသူတို့အတွက် တိုက်မိလဲစရာဖြစ်နိုင်သည်။ ထိုမောင်နှံသည် ယေဟောဝါကို ကြောက်ရွံ့ရိုသေမည့်အစား သူတို့၏အချစ်စိတ်အပေါ်တွင် အာရုံရောက်နေသည်ဟု မြင်တွေ့သူတို့က ယူဆသွားနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အလွန်ရိုသေလေးစားသောကြောင့် “ဘုရားသခင်၏ဘုန်းတော် အတွက် အရာခပ်သိမ်းကိုပြု” ပြီး တစ်ဦးတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော၊ ထိတ်လန့်စေသော သို့မဟုတ် တိုက်မိ၍လဲစေနိုင်သော အပြုအမူများကို ရှောင်ရှားကြစို့။—၁ ကော. ၁၀:၃၁၊ ၃၂; ၂ ကော. ၆:၃

အဘယ်အရာအတွက် ဆုတောင်းမည်နည်း

၂၀။ ရောမ ၈:၂၆၊ ၂၇ ကို သင် ဘယ်လိုရှင်းပြမလဲ။

၂၀ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏သီးသန့်ဆုတောင်းချက်များတွင် အဘယ်အရာပြောဆိုရမည်ကို မသိဘဲဖြစ်ပေမည်။ “ငါတို့သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း မသိကြ။ သို့ရာတွင် နှုတ်မမြွက်နိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး၏။ စိတ်နှလုံးကို စစ်တော်မူသောအရှင် [ဘုရားသခင်]သည် စွမ်းအားတော်၏သဘောကို သိတော်မူ၏” ဟုပေါလုရေးခဲ့သည်။ (ရော. ၈:၂၆၊ ၂၇) ယေဟောဝါသည် ဆုတောင်းချက်များစွာကို ကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့သည်။ ကိုယ်တော်သည် ကျမ်းစာပါအသနားခံချက်များကို ကျွန်ုပ်တို့၏ဆုတောင်းချက်များအဖြစ်လက်ခံကာ ယင်းတို့ကို ဖြေကြားတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသိတော်မူသည့်အပြင် ကိုယ်တော့်စွမ်းအားတော်၏လှုံ့ဆော်မှုဖြင့် ကျမ်းရေးသူများ ရေးသားသည့်အရာများ၏ အဓိပ္ပာယ်ကိုလည်း သိတော်မူ၏။ စွမ်းအားတော်က ကျွန်ုပ်တို့အတွက် “အသနားခံပေး” သောအခါ ကျွန်ုပ်တို့၏တိုးလျှိုးအသနားခံချက်များကို ယေဟောဝါဖြေကြားတော်မူသည်။ သို့သော် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် အကျွမ်းတဝင်ဖြစ်လာသည်နှင့်အမျှ ကျွန်ုပ်တို့တောင်းလျှောက်သင့်သည့်အရာများ စိတ်တွင် အလိုအလျောက်ပေါ်လာပေမည်။

၂၁။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၁ ကျွန်ုပ်တို့လေ့လာခဲ့ကြသည့်အတိုင်း ကျွန်ုပ်တို့၏ဆုတောင်းချက်များက ကျွန်ုပ်တို့အကြောင်း များစွာဖော်ပြသည်။ သာဓကအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် မည်မျှရင်းနှီးကြောင်း၊ သမ္မာကျမ်းစာနှင့် မည်မျှအကျွမ်းတဝင်ရှိကြောင်း ယင်းတို့က ဖော်ပြပေမည်။ (ယာ. ၄:၈) နောက်ဆောင်းပါးတွင် ကျမ်းစာ၌မှတ်တမ်းတင်ထားသော ဆုတောင်းချက်အချို့ကို လေ့လာကြမည်။ ထိုဆုတောင်းချက်များကို ဆန်းစစ်ခြင်းက ကျွန်ုပ်တို့၏ဆုတောင်းချက်ပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါထံ ဆုတောင်းတဲ့အခါ ဘယ်သဘောထားမျိုး ရှိသင့်သလဲ။

• ယုံကြည်သူချင်းတွေအတွက် ဘာကြောင့်ဆုတောင်းပေးသင့်သလဲ။

• ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်က ကျွန်ုပ်တို့အကြောင်း၊ ကျွန်ုပ်တို့သဘောထားအကြောင်း ဘာကိုဖော်ပြနိုင်သလဲ။

• လူအများရှေ့ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုပြုမူသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယေဟောဝါကို သင် မှန်မှန်ကျေးဇူးတင်ချီးမွမ်းသလား

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

လူအများရှေ့ဆုတောင်းချိန်မှာ ကျွန်ုပ်တို့ရဲ့ အပြုအမူနဲ့ ယေဟောဝါကို အမြဲဂုဏ်တင်သင့်