မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများကို ချစ်ခင်မြတ်နိုးပါ

သင်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများကို ချစ်ခင်မြတ်နိုးပါ

သင်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများကို ချစ်ခင်မြတ်နိုးပါ

ယေဟောဝါ၏လူမျိုးတော်သည် ရှေးခေတ် သစ္စာရှိအမျိုးသားအမျိုးသမီးများဖြစ်သော ရှမွေလ၊ ဒါဝိဒ်၊ ရှံဆုန်၊ ရာခပ်၊ မောရှေ၊ အာဗြဟံ၊ စာရာ၊ နောဧ၊ အာဗေလတို့မှအစပြုကာ ယနေ့ခေတ် ညီအစ်ကိုညီအစ်မများဖြင့်ဖွဲ့စည်းထားသော မိသားစုကြီးဖြစ်သည်။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များတွင် နားမကြားသူများစွာ ပါဝင်သည်။ ဥပမာ၊ မွန်ဂိုလီးယားရှိ ဦးဆုံးယေဟောဝါသက်သေဖြစ်လာသူနှစ်ဦးမှာ နားမကြားသောမောင်နှံစုံဖြစ်သည်။ ရုရှားနိုင်ငံရှိ နားမကြားသောသက်သေခံများ၏ သမာဓိစောင့်သိမှုကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးတွင် ကျွန်ုပ်တို့အမှုနိုင်ခဲ့သည်။

မျက်မှောက်ခေတ်တွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် လက်ဟန်ပြစာပေများ ပြင်ဆင်ပေးပြီး လက်ဟန်ပြဘာသာစကားပြော အသင်းတော်များနှင့် စည်းဝေးပွဲများ၊ စည်းဝေးကြီးများကိုလည်း ဖွဲ့စည်းပေးသည်။ (မ. ၂၄:၄၅) ယင်းတို့သည် နားမကြားသူများအတွက် အလွန်အကျိုးရှိသည်။ * နားမကြားသူများသည် ထိုပြင်ဆင်ပေးချက်များမရှိဘဲ စစ်မှန်သောဘုရားသခင်နှင့် အမှန်တရားအကြောင်း မည်သို့ပိုမိုသိရှိနိုင်မည်ကို သင်စဉ်းစားဖူးပါသလော။ သင့်ရပ်ကွက်ရှိ နားမကြားသူများကို မည်သို့ကူညီပေးနိုင်ကြောင်း စဉ်းစားဖူးပါသလော။

မျက်မှောက်ခေတ်ပြင်ဆင်ပေးချက်များ မရရှိမီက

ဘုရားသခင်အကြောင်း သိရှိလာပုံနှင့်ပတ်သက်၍ နားမကြားသောအသက်ကြီးသူများကို သင်မေးမြန်းကြည့်ပါက ဘုရားသခင်တွင် နာမတော်ရှိသည်ကို ဦးဆုံးအကြိမ်ကြားသိရချိန်၌ သူတို့မည်သို့ခံစားခဲ့ရကြောင်း ပြောပြကြပေမည်။ နက်နဲသောကျမ်းစာအမှန်တရားများကို သိရှိစေသည့် လက်ဟန်ပြစကားဖြင့် ဗီဒီယိုအစီအစဉ်နှင့် ဒီဗီဒီချပ်များ မရှိသေးသောနှစ်များတစ်လျှောက်တွင် ထိုရိုးရှင်းသည့်အမှန်တရားက သူတို့၏အသက်တာကို ပြောင်းလဲစေပြီး ကူညီထောက်မပေးသည်။ လက်ဟန်ပြစကားပြောအစည်းအဝေးများ မရှိစဉ်က အစည်းအဝေးများကို မည်သို့တက်ရောက်နားထောင်ကြောင်း သူတို့ရှင်းပြပေမည်။ တစ်စုံတစ်ဦးသည် သူတို့ဘေးတွင်ထိုင်ကာ ဟောပြောချက်များကို စာရွက်တွင်ရေးပြရသည်။ လက်ဟန်ပြစကားဖြင့် ဘာသာပြန်သည့်အစီအစဉ်မရှိမီ နားမကြားသောညီအစ်ကိုတစ်ဦးသည် ကျမ်းစာအမှန်တရားများကို ထိုနည်းဖြင့် ခုနစ်နှစ်ကြာ သင်ယူခဲ့သည်။

နားမကြားသောသက်ကြီးသူများသည် ခရစ်ယာန်ဓမ္မအမှုတွင် မည်သို့ပါဝင်ခဲ့ကြောင်း ပြန်အမှတ်ရမိသည်။ သူတို့သည် ရိုးရှင်းသောတင်ဆက်နည်း ရေးထားသောကတ်ကို လက်တစ်ဖက်တွင်ကိုင်ပြီး ကျန်လက်တစ်ဖက်တွင် နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများကို ကိုင်ထားသည်။ ကောင်းစွာနားမလည်သော စာပေများကိုသုံး၍ နားမကြားသူနောက်တစ်ဦးကို ကျမ်းစာသင်ပေးရခြင်းသည် ခက်ခဲလှသည်။ နားမကြားသော သက်ကြီးကြေညာသူများသည် သူတို့ကောင်းစွာနားမလည်၍ အမှန်တရားအကြောင်း ထပ်ဆင့်မရှင်းပြနိုင်သောကြောင့် မည်မျှစိတ်ပျက်ခဲ့ရကြောင်း ပြန်ပြောပြကြသည်။ သူတို့သည် ယေဟောဝါကို နှစ်နှစ်ကာကာချစ်ကြောင်း ခံစားနိုင်သော်လည်း ထိုမေတ္တာကို လုပ်ရပ်ဖြင့်ဖော်ပြရန် ယုံကြည်စိတ်ချမှုမရှိပေ။ အကြောင်းမှာ အကြောင်းအရာတစ်ခုကို သူတို့ မှန်ကန်စွာနားလည်မလည် မသေချာ၍ဖြစ်၏။

နားမကြားသော ညီအစ်ကိုညီအစ်မများသည် ထိုအခက်အခဲများကြားတွင် သမာဓိစောင့်သိလျက်ရှိသည်။ (ယောဘ ၂:၃) သူတို့သည် ယေဟောဝါကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ (ဆာ. ၃၇:၇) ယခု၊ ကိုယ်တော်သည် သူတို့မျှော်လင့်ထားသည်ထက် ပို၍ကောင်းချီးပေးနေသည်။

နားမကြားသောဖခင်တစ်ဦးဖြစ်သူ ညီအစ်ကို၏ ကြိုးစားအားထုတ်မှုကို သုံးသပ်ကြည့်ပါ။ လက်ဟန်ပြစကားဖြင့်ဗီဒီယိုခွေများ မထုတ်ဝေမီ သူသည် မိသားစုသင်အံမှုကို သစ္စာရှိရှိဦးဆောင်ပြုလုပ်ခဲ့သည်။ သူ့သား ဤသို့ပြန်ပြောပြသည်– “မိသားစုသင်အံမှုလုပ်တဲ့အခါ စာပေတွေကိုသုံးပြီး သင်ပေးရတော့ အဖေ့အတွက် သိပ်ခက်ခဲတယ်။ အဖေက စာသားတွေကို အပြည့်အဝနားမလည်တဲ့အပြင် ကျွန်တော်တို့ကလည်း လေ့လာမှုကို ပိုခက်ခဲစေတယ်။ အကြောင်းအရာတွေကို မှန်မှန်ကန်ကန်မရှင်းပြတဲ့အခါ ကျွန်တော်တို့က အဖေ့ကိုထောက်ပြဖို့ မတွန့်ဆုတ်ကြဘူး။ အဲဒီလိုဖြစ်ပေမဲ့လည်း အဖေက မိသားစုသင်အံမှုကို အမြဲလုပ်တယ်။ အင်္ဂလိပ်စာကို ကောင်းကောင်းနားမလည်တဲ့အတွက် တစ်ခါတလေ ရှက်ကိုးရှက်ကန်းဖြစ်စရာတွေရှိပေမဲ့ ယေဟောဝါအကြောင်း သင်ယူတာက ပိုအရေးကြီးတယ်လို့ အဖေယူဆတယ်။”

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘရွတ်ကလင်တွင်နေထိုင်သော အသက် ၇၀ ကျော်အရွယ် နားမကြားသော မျက်မမြင်ညီအစ်ကိုရစ်ချက်၏ ပုံသက်သေကိုလည်း သုံးသပ်ကြည့်ပါ။ သူသည် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်သောကြောင့် လူသိများသည်။ အစည်းအဝေးတက်ရန် အဖော်မပါဘဲ မြေအောက်ရထားဖြင့်သွားပြီး ဆင်းရမည့်နေရာကိုသိနိုင်ရန် ဘူတာများကို ရေတွက်သွားသည်။ ဆောင်းရာသီတစ်ခုတွင် နှင်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ်သောကြောင့် အစည်းအဝေးဖျက်သိမ်းလိုက်ရသည်။ ထိုသို့ဖျက်သိမ်းလိုက်ကြောင်း အသင်းတော်ရှိ ညီအစ်ကိုညီအစ်မအားလုံးသိကြသော်လည်း ရစ်ချက်မှာမူ မသိလိုက်ဘဲ ဖြစ်သွားသည်။ ယင်းကို ညီအစ်ကိုများသိရှိသောအခါ သူ့ကိုလိုက်ရှာကြရာ ဝတ်ပြုရာခန်းမအပြင်ဘက်တွင် တံခါးဖွင့်မည့်အချိန်ကို စိတ်ရှည်စွာရပ်စောင့်နေကြောင်း တွေ့ရှိရသည်။ နှင်းမုန်တိုင်းတိုက်ခတ်နေသည့်ကြားမှ အဘယ်ကြောင့်အပြင်ထွက်သနည်းဟု မေးသောအခါ သူက “ယေဟောဝါကို ချစ်လို့ပါ” ဟူ၍ဖြေခဲ့သည်။

သင် အဘယ်အရာလုပ်နိုင်သနည်း

သင့်ဒေသတွင် နားမကြားသူများရှိသလော။ သူတို့နှင့်ပြောဆိုဆက်သွယ်နိုင်ရန် လက်ဟန်ပြဘာသာစကားတချို့ လေ့လာသင်ယူနိုင်သလော။ နားမကြားသူတို့သည် မိမိတို့၏ဘာသာစကားကို အခြားသူများအား သင်ပေးရာတွင် အလွန်စိတ်ရှည်လေ့ရှိသည်။ သင်သည် ဓမ္မအမှုတွင် သို့မဟုတ် သွားရင်းလာရင်းဖြင့် နားမကြားသူတစ်ဦးကို တွေ့ဆုံမိပေမည်။ သင် အဘယ်အရာလုပ်နိုင်သနည်း။ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါလေ။ လက်ဟန်အမူအရာများ၊ မှတ်စုများ၊ ရုပ်ပုံများကို သုံးပါ၊ ပုံဆွဲပြပါ။ သို့မဟုတ် ယင်းတို့အားလုံးကို သုံးပါ။ အကယ်၍ သူသည် သမ္မာတရားကို စိတ်ဝင်စားမှုမရှိလျှင်ပင် နားမကြားသော သို့မဟုတ် လက်ဟန်ပြစကားကိုတတ်ကျွမ်းသော သက်သေခံတစ်ဦးအား သင့်လည်ပတ်မှုအကြောင်း ပြောပြပါ။ သတင်းတရားကို လက်ဟန်ပြဘာသာစကားဖြင့် တင်ဆက်ခြင်းသည် နားမကြားသူအတွက် ပို၍နှစ်သက်စရာကောင်းပေမည်။

သင်သည် လက်ဟန်ပြစကားကို သင်ယူနေပြီး လက်ဟန်ပြစကားပြောအသင်းတော်တစ်ခုတွင် တက်ရောက်နေသူဖြစ်ကောင်းဖြစ်ပေမည်။ သို့ဆိုလျှင် လက်ဟန်ပြစကားကို ပိုမိုကျွမ်းကျင်စွာနားလည်စေရန် သင် မည်သို့လုပ်ဆောင်နိုင်သနည်း။ သင့်အသင်းတော်တွင် နားကြားသောကြေညာသူများနှင့် ပြောဆိုသည့်အခါ၌ပင် လက်ဟန်ပြစကားကိုသုံးရန် ကြိုးစားပါလေ။ ယင်းက လက်ဟန်ပြစကားဖြင့် စဉ်းစားတတ်ရန်၊ ဆိုလိုသည်မှာ ကြည့်မြင်ဆက်သွယ်တတ်ရန် အထောက်အကူပြုလိမ့်မည်။ တစ်ခါတစ်ရံ၊ အသံထွက်ပြောလိုက်ခြင်းဖြင့် အလွယ်လိုက်မိသည့်အခါများလည်း ရှိပေမည်။ သို့သော် မည်သည့်ဘာသာစကားကိုမဆိုသင်ယူသည့်အခါ ကျွမ်းကျင်စွာပြောတတ်ရန် မပြတ်ကြိုးစားအားထုတ်ရသည်။

လက်ဟန်ပြစကားတတ်ဖို့ ဇွဲရှိရှိကြိုးစားခြင်းသည် နားမကြားသောညီအစ်ကိုညီအစ်မများကို မေတ္တာနှင့်ရိုသေလေးစားမှုရှိကြောင်း တင်ပြရာရောက်သည်။ အလုပ်ခွင် သို့မဟုတ် ကျောင်းတွင် လူတို့ပြောဆိုသည့်အရာများကို နားမလည်သောကြောင့် နားမကြားသူတစ်ဦး နေ့စဉ်တွေ့ကြုံခံစားရသော မချင့်မရဲဖြစ်မှုကို မြင်ယောင်ကြည့်ပါ။ နားမကြားသောညီအစ်ကိုတစ်ဦး ဤသို့ပြောသည်– “ကျွန်တော့်အနားမှာရှိတဲ့လူတွေ နေ့တိုင်း စကားပြောကြတယ်။ ငါဟာ အထီးကျန်တဲ့သူ၊ အပယ်ခံနေရသူပါလားဆိုပြီး ခံစားမိတယ်၊ နာကြည်းစိတ်တွေဝင်လာပြီး ဒေါသထွက်တဲ့အထိ ဖြစ်မိတယ်။ တစ်ခါတလေ၊ ဘယ်လိုခံစားရတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။” အစည်းအဝေးများသည် ကျွန်ုပ်တို့၏ နားမကြားသောညီအစ်ကိုညီအစ်မများအတွက် ကျမ်းစာအမှန်တရားများသိရှိစေသော၊ အပြန်အလှန်အားပေးမှုနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းမှုရရှိစေသော အိုအေစစ်တစ်ခုဖြစ်သင့်သည်။—ယော. ၁၃:၃၄၊ ၃၅

နားကြားသူတို့၏အသင်းတော်များတွင် တက်ရောက်သော နားမကြားသူအနည်းစုကို ကျွန်ုပ်တို့လျစ်လျူမရှုကြပါ။ အစည်းအဝေးများကို လက်ဟန်ပြစကားဖြင့် ဘာသာပြန်ပေးသည်။ နားမကြားသူတို့သည် တင်ဆက်သည့်အကြောင်းအရာကို အပြည့်အဝနားလည်နိုင်ရန် ဝတ်ပြုရာခန်းမ၏အရှေ့ပိုင်းတွင် ထိုင်ကြသည်။ ယင်းက ဟောပြောသူနှင့် ဘာသာပြန်ပေးသူကို ကောင်းစွာမြင်တွေ့စေနိုင်သည်။ ယင်းသည် ကျန်ညီအစ်ကိုညီအစ်မများအတွက် အနှောင့်အယှက်မဖြစ်ဘဲ ကျင့်သားရလာကြောင်း အတွေ့အကြုံက ဖော်ပြသည်။ ယင်းအစီအစဉ်များသည် လက်ဟန်ပြစကားဖြင့်ဘာသာပြန်ပေးသော စည်းဝေးပွဲများ၊ စည်းဝေးကြီးများနှင့်လည်း သက်ဆိုင်သည်။ နားမကြားသူတစ်ဦးကဲ့သို့ အကြောင်းအရာများကို အဓိပ္ပာယ်ရှိရှိ၊ သဘာဝကျကျ ကြိုးစားဘာသာပြန်ပေးသော ညီအစ်ကိုညီအစ်မများကို လှိုက်လှဲစွာချီးမွမ်းထိုက်ပါသည်။

သင်သည် လက်ဟန်ပြစကားပြောအုပ်စုကို တာဝန်ယူထားသောအသင်းတော် သို့မဟုတ် နားမကြားသူအနည်းငယ်ရှိသောကြောင့် အစည်းအဝေးများကို ထိုဘာသာစကားဖြင့်ဘာသာပြန်သော အသင်းတော်တွင် တက်ရောက်ရသူဖြစ်ပေမည်။ သို့ဆိုလျှင် နားမကြားသောညီအစ်ကိုညီအစ်မများကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက်ကြောင်း သင်မည်သို့ဖော်ပြနိုင်သနည်း။ သင့်အိမ်သို့ ဖိတ်ခေါ်ပါ။ ဖြစ်နိုင်လျှင် လက်ဟန်ပြစကားကို အနည်းအကျဉ်းပြောတတ်အောင် သင်ယူပါ။ ပြောဆိုဆက်သွယ်ဖို့ ခက်ခဲသောကြောင့် မစိုးရိမ်ပါနှင့်။ ပြောဆိုဆက်သွယ်နိုင်မည့်နည်းလမ်းကို တွေ့ရှိပါလိမ့်မည်။ ထိုသို့မေတ္တာပြခြင်းက ပျော်စရာအမှတ်တရလေးများ ရရှိစေပါလိမ့်မည်။ (၁ ယော. ၄:၈) နားမကြားသောသက်သေခံများတွင် ပြောစရာများစွာရှိသည်။ သူတို့သည် အပြောကောင်းသူများ၊ ထိုးထွင်းသိမြင်တတ်သူများ၊ ဟာသဉာဉ်ရှိသူများဖြစ်ကြသည်။ နားမကြားသောမိဘနှစ်ပါးရှိသည့် ညီအစ်ကိုတစ်ဦးက ဤသို့ပြော၏– “ကျွန်တော့်ဘဝတစ်လျှောက်လုံး နားမကြားသူတွေနဲ့ပဲ နေလာခဲ့တယ်၊ သူတို့က ကျွန်တော်ပြန်ပေးနိုင်တာထက်ပိုပြီး ကျွန်တော့်ကိုပေးကြတယ်။ နားမကြားတဲ့ညီအစ်ကိုညီအစ်မတွေဆီကနေ များစွာသင်ယူနိုင်ပါတယ်။”

ယေဟောဝါသည် နားမကြားသူများအပါအဝင် သစ္စာရှိကျေးကျွန်များအားလုံးကို ချစ်မြတ်နိုးတော်မူသည်။ သူတို့၏ယုံကြည်ခြင်းနှင့် ခံနိုင်ရည်သည် ယေဟောဝါ၏အဖွဲ့အစည်းကို အမှန်ကြွယ်ဝပြည့်စုံစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နားမကြားသောညီအစ်ကိုညီအစ်မများကို ချစ်မြတ်နိုးနိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 သြဂုတ် ၁၅၊ ၂၀၀၉ ကင်းမျှော်စင်မှ “ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူ၏” ဟူသောဆောင်းပါးကိုကြည့်ပါ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လက်ဟန်ပြဘာသာစကားနဲ့ တင်ဆက်ခြင်းက နားမကြားသူအတွက် ပိုနှစ်သက်စရာကောင်း

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

အစည်းအဝေးတွေဟာ ကျွန်ုပ်တို့ရဲ့ နားမကြားတဲ့ညီအစ်ကိုညီအစ်မတွေအတွက် အားပေးမှုရရှိစေတဲ့ အိုအေစစ်တစ်ခုဖြစ်သင့်