မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်တွင် သင်၏အခန်းကဏ္ဍကို တန်ဖိုးထားပါ

အသင်းတော်တွင် သင်၏အခန်းကဏ္ဍကို တန်ဖိုးထားပါ

အသင်းတော်တွင် သင်၏အခန်းကဏ္ဍကို တန်ဖိုးထားပါ

“ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း အင်္ဂါအသီးသီးကို ခန္ဓာကိုယ်၌ နေရာချထားတော်မူ၏။”—၁ ကော. ၁၂:၁၈

၁၊ ၂။ (က) အသင်းတော်မှာရှိတဲ့သူတိုင်းမှာ တန်ဖိုးထားရမယ့်အခန်းကဏ္ဍ ကိုယ်စီရှိတယ်ဆိုတာ ဘာကဖော်ပြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ရှေးဣသရေလအချိန်တွင် မိမိလူမျိုးကိုကြည့်ရှုစောင့်ရှောက်ရန်နှင့် လမ်းညွှန်ချက်များပေးရန် ပရိသတ်ကိုစုဝေးစေခြင်းသည် ယေဟောဝါ၏အစီအစဉ်ဖြစ်၏။ အာဣမြို့ကို ဣသရေလလူတို့သိမ်းပိုက်ပြီးနောက်တွင် ယောရှုသည် ‘ပညတ္တိကျမ်း၌ရေးထားသမျှသော ကောင်းချီးနှင့် ကျိန်ခြင်းတည်းဟူသော တရားစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဖတ်ရွတ်လေ၏။’—ယောရှု ၈:၃၄၊ ၃၅

စီအီးပထမရာစုတွင် တမန်တော်ပေါလုက ခရစ်ယာန်အကြီးအကဲဖြစ်သော တိမောသေအား ခရစ်ယာန်အသင်းတော်သည် “ဘုရားသခင်၏အိမ်ထောင်စု” နှင့် “အမှန်တရား၏အမာခံနှင့် အမှီသဟဲဖြစ်”ကြောင်းပြောခဲ့သည်။ (၁ တိ. ၃:၁၅) ယခုအချိန်တွင် ဘုရားသခင်၏ “အိမ်ထောင်စု” မှာ ခရစ်ယာန်စစ်များဖြင့်ဖွဲ့စည်းထားသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်သည်။ ဘုရားသခင့်လမ်းညွှန်မှုဖြင့် ကောရိန္သုမြို့သားများထံရေးသော ပထမစာစောင်၏အခန်းကြီး ၁၂ တွင် ပေါလုက အသင်းတော်ကို လူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ခဲ့သည်။ ကိုယ်အင်္ဂါအသီးသီး၏လုပ်ဆောင်မှုများ မတူညီကြသော်လည်း အားလုံးသည် မရှိမဖြစ်လိုအပ်ကြောင်း သူပြောခဲ့သည်။ “ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း အင်္ဂါအသီးသီးကို ခန္ဓာကိုယ်၌ နေရာချထားတော်မူ၏” ဟုပေါလုရေးခဲ့သည်။ “အသရေနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းများသည် သာ၍ကြီးသောအသရေကို ရကြ၏” ဟူ၍ပင် သူထောက်ပြခဲ့သည်။ (၁ ကော. ၁၂:၁၈၊ ၂၃) ထို့ကြောင့် ဘုရားသခင့်အိမ်ထောင်စုတွင် ဖြောင့်မတ်သူတစ်ဦး၏အခန်းကဏ္ဍသည် အခြားသစ္စာရှိခရစ်ယာန်တစ်ဦးထက် သာလွန်သည်၊ နိမ့်ကျသည်ဟူ၍ မရှိပါ။ အခန်းကဏ္ဍချင်း မတူညီကြရုံသာဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင့်အစီအစဉ်ဖြစ်သော အသင်းတော်တွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍကို မည်သို့သိရှိကာ တန်ဖိုးထားနိုင်မည်နည်း။ အဘယ်အချက်များက ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် အကျိုးသက်ရောက်နိုင်သနည်း။ ‘လူအပေါင်းတို့ရှေ့တွင် ကျွန်ုပ်တို့၏တိုးတက်မှုကို ထင်ရှားစေရန်’ မည်သို့လုပ်ဆောင်နိုင်သနည်း။—၁ တိ. ၄:၁၅

ကျွန်ုပ်တို့၏အခန်းကဏ္ဍကို တန်ဖိုးထားလေးမြတ်နိုင်ပုံ

၃။ အသင်းတော်မှာ ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍကိုသိရှိပြီး အဲဒါကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

အသင်းတော်တွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍကိုသိရှိပြီး ယင်းကိုတန်ဖိုးထားကြောင်း ဖော်ပြနိုင်သည့်နည်းတစ်နည်းမှာ “သစ္စာနှင့်သတိပညာရှိသောကျွန်၊” ယင်းကိုကိုယ်စားပြုသော အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇ ကိုဖတ်ပါ။) ကျွန်အတန်းအစား၏လမ်းညွှန်ချက်များကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြောင်း ဆန်းစစ်ဖို့လိုသည်။ ဥပမာ၊ နှစ်များတစ်လျှောက်တွင် ဝတ်စားဖြီးလိမ်းပုံ၊ ဖျော်ဖြေမှု၊ အင်တာနက်တလွဲအသုံးပြုခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသောညွှန်ကြားချက်များ ရရှိခဲ့ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ကာကွယ်ရန် ထိုသွန်သင်ချက်ကောင်းများကို အလေးထားလိုက်နာပါသလော။ မိသားစုဝတ်ပြုမှုအစီအစဉ်ကို ပုံမှန်လုပ်ဆောင်ပါဟူသော တိုက်တွန်းချက်နှင့်ပတ်သက်၍ကော အသို့နည်း။ ထိုအကြံပေးချက်ကို နှလုံးသွင်းကာ မိသားစုဝတ်ပြုမှုအတွက် ညချမ်းချိန်တစ်ချိန်ကို သတ်မှတ်ထားပြီးပြီလော။ ကျွန်ုပ်တို့သည် တစ်ကိုယ်ရေသမားများဖြစ်ပါက ကျမ်းစာကို ကိုယ်ပိုင်လေ့လာရန် အချိန်ဖယ်ထားပါသလော။ ကျွန်ုပ်တို့သည် ကျွန်အတန်းအစား၏လမ်းညွှန်ချက်ကို လိုက်နာပါက တစ်ဦးချင်းစီဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။

၄။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘယ်အချက်ကို ထည့်သွင်းစဉ်းစားသင့်သလဲ။

ဖျော်ဖြေမှု၊ ဝတ်စားဖြီးလိမ်းမှုကဲ့သို့သောကိစ္စရပ်များသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၏ဟု အချို့က ဆင်ခြေပေးကြပေမည်။ သို့သော် အသင်းတော်တွင် မိမိတို့၏အခန်းကဏ္ဍကိုတန်ဖိုးထားသည့် အပ်နှံထားသောခရစ်ယာန်များသည် ကိုယ့်အကြိုက်တစ်ခုတည်းနှင့် မဆုံးဖြတ်သင့်ပါ။ အထူးသဖြင့် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ယေဟောဝါ၏ရှုမြင်ချက်ကို သူတို့ထည့်သွင်းစဉ်းစားသင့်သည်။ ကျမ်းစာပါသတင်းတရားသည် ‘ကျွန်ုပ်တို့ခြေရှေ့မှာ မီးခွက်ဖြစ်၍ ကျွန်ုပ်တို့လမ်းခရီးကို လင်းစေ’ သင့်သည်။ (ဆာ. ၁၁၉:၁၀၅) ကိုယ်ရေးကိုယ်တာကိစ္စနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ရွေးချယ်မှုများက ကျွန်ုပ်တို့၏ဓမ္မအမှုနှင့် အသင်းတော်အတွင်းအပြင်ရှိ အခြားသူတို့အပေါ် မည်သို့အကျိုးသက်ရောက်ကြောင်း သုံးသပ်ခြင်းက ပညာရှိရာရောက်သည်။—၂ ကောရိန္သု ၆:၃၊ ၄ ကိုဖတ်ပါ။

၅။ လွတ်လပ်လိုစိတ်ကို ကျွန်ုပ်တို့ ဘာကြောင့် တွန်းလှန်သင့်သလဲ။

“နာခံမှုမရှိသောသူတို့တွင် ရှင်သန်လျက်ရှိ” သော စိတ်ဓာတ်သည် ကျွန်ုပ်တို့ရှုရှိုက်သည့်လေကဲ့သို့ပင် ပျံ့နှံ့နေသည်။ (ဧ. ၂:၂) ထိုစိတ်ဓာတ်က ယေဟောဝါ၏အဖွဲ့အစည်းမှ လမ်းညွှန်ချက်များ ကျွန်ုပ်တို့မလိုအပ်ဟု စဉ်းစားတွေးခေါ်စေနိုင်သည်။ ‘တမန်တော်ယောဟန်ထံမှ အဘယ်အရာကိုမျှ လေးလေးစားစားဖြင့် လက်ခံခြင်း မရှိ’ သော ဒယောတရပ်ကဲ့သို့ ကျွန်ုပ်တို့မဖြစ်လိုကြသည်မှာ သေချာပါသည်။ (၃ ယော. ၉၊ ၁၀) ကျွန်ုပ်တို့သည် လွတ်လပ်လိုသောစိတ်ဓာတ်ကို တွန်းလှန်ဖို့လို၏။ ယနေ့ ယေဟောဝါအသုံးပြုနေသော ဆက်သွယ်ရေးလမ်းကြောင်းကို အပြောအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ဘယ်တော့မျှ မထီမဲ့မြင်မပြုမိပါစေနှင့်။ (တော. ၁၆:၁-၃) ယင်းအစား ကျွန်အတန်းအစားနှင့် ပူးပေါင်းလုပ်ဆောင်ရသည့်အခွင့်ထူးကို တန်ဖိုးထားလေးမြတ်သင့်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဒေသခံအသင်းတော်တွင် ဦးဆောင်နေသူတို့ကို နာခံပြီး လက်အောက်ခံဖို့ ကြိုးစားသင့်သည်မဟုတ်လော။—ဟေဗြဲ ၁၃:၇၊ ၁၇ ကိုဖတ်ပါ။

၆။ ကျွန်ုပ်တို့ရဲ့အခြေအနေကို ဘာကြောင့် ဆန်းစစ်သင့်သလဲ။

အသင်းတော်တွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်သည့်နောက်တစ်နည်းမှာ ကျွန်ုပ်တို့၏အခြေအနေများကို သေချာစွာဆန်းစစ်ကာ ‘အမှုတော်ဆောင်ခြင်းကို ချီးမြှောက်’ ၍ ယေဟောဝါကို ဂုဏ်တင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းဖြစ်သည်။ (ရော. ၁၁:၁၃) အချို့သူတို့သည် မှန်မှန်ရှေ့ဆောင်များအဖြစ် အမှုဆောင်နိုင်ပေမည်။ အခြားသူများသည် အထူးအချိန်ပြည့်အမှုဆောင်ခြင်းဖြစ်သော ခရစ်ယာန်သာသနာပြုများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် ဗေသလအိမ်သားများအဖြစ် ကမ္ဘာတစ်ဝန်းတွင် အမှုဆောင်ကြသည်။ ညီအစ်ကိုညီအစ်မများစွာသည် ဝတ်ပြုရာခန်းမဆောက်လုပ်ရေးတွင် ပါဝင်ခြင်းဖြင့် ကူညီပေးကြသည်။ ယေဟောဝါ၏လူမျိုးတော်အများစုသည် သူတို့၏မိသားစုများအား ကိုယ်တော့်ကို ဆက်ပြီးဝတ်ပြုသွားနိုင်အောင် ကူညီပေးရင်း အပတ်စဉ် ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝပါဝင်နေကြသည်။ (ကောလောသဲ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။) ဘုရားသခင့်အမှုတော်တွင် ကျွန်ုပ်တို့ကိုယ်ကို တလိုတလားပေးဆက်ပြီး ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုရန် အတတ်နိုင်ဆုံးလုပ်ဆောင်မည်ဆိုလျှင် အသင်းတော်တွင် ကျွန်ုပ်တို့အတွက် အခန်းကဏ္ဍတစ်ခု အမြဲရှိနေမည်ကို စိတ်ချနိုင်ပါသည်။

ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် အကျိုးသက်ရောက်နိုင်သည့်အချက်များ

၇။ ကျွန်ုပ်တို့ရဲ့အခြေအနေက အသင်းတော်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍအပေါ် သက်ရောက်မှုရှိနိုင်ပုံကို ရှင်းပြပါ။

အသင်းတော်တွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍသည် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့်အရာအပေါ် အတော်အတန်မူတည်သောကြောင့် ကျွန်ုပ်တို့၏အခြေအနေကို ပြန်ဆန်းစစ်ရန် အရေးကြီးသည်။ ဥပမာ၊ အသင်းတော်တွင် ညီအစ်ကိုတစ်ဦး၏အခန်းကဏ္ဍသည် ညီအစ်မတစ်ဦး၏အခန်းကဏ္ဍနှင့် ကွာခြားသည်။ အသက်အရွယ်၊ ကျန်းမာရေးနှင့် အခြားအချက်များကလည်း ယေဟောဝါ၏အမှုတော်တွင် ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရာအပေါ် အကျိုးသက်ရောက်မှုရှိသည်။ “လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏” ဟုကျမ်းစာကဆိုသည်။ (သု. ၂၀:၂၉) အသင်းတော်တွင် လူငယ်များသည် လူငယ့်ခွန်အားကြောင့် ကာယအလုပ်များကို ပို၍လုပ်ဆောင်နိုင်ကြပြီး အသက်အရွယ်ကြီးသူများ၏ ဉာဏ်ပညာနှင့်အတွေ့အကြုံက အသင်းတော်အတွက် အကျိုးများစွာဖြစ်ထွန်းစေနိုင်သည်။ ယေဟောဝါ၏အဖွဲ့အစည်းတွင် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သမျှသည် ကိုယ်တော်၏မဟာကရုဏာတော်အပေါ် မူတည်ကြောင်းကိုလည်း စိတ်စွဲမှတ်ထားဖို့လိုသည်။—တ. ၁၄:၂၆; ရော. ၁၂:၆-၈

၈။ အသင်းတော်မှာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုအပေါ် စိတ်ဆန္ဒက ဘယ်လောက်အကျိုးသက်ရောက်မှုရှိသလဲ။

အသင်းတော်တွင် ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် သက်ရောက်မှုရှိနိုင်သော နောက်အချက်တစ်ချက်ကို ညီအစ်မအရင်းနှစ်ဦး၏ပုံဥပမာက ဖော်ပြသည်။ သူတို့နှစ်ဦးစလုံး အထက်တန်းကျောင်းပြီးသူများဖြစ်ပြီး အခြေအနေချင်းလည်း တူကြသည်။ သူတို့ကျောင်းပြီးသွားသည့်နောက် မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ရန် မိဘများက အတတ်နိုင်ဆုံး အားပေးခဲ့သည်။ ကျောင်းပြီးသွားသောအခါ တစ်ဦးမှာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ပြီး ကျန်တစ်ဦးမှာ လောကလုပ်ငန်းကို အချိန်ပြည့်လုပ်ကိုင်ခဲ့သည်။ ခြားနားချက်မှာ အဘယ်နည်း။ သူတို့၏စိတ်ဆန္ဒဖြစ်သည်။ နောက်ဆုံးတွင် သူတို့တစ်ဦးစီ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့အများစုလည်း ထိုအတိုင်းပင် မဟုတ်ပေလော။ ဘုရားသခင့်အမှုတော်တွင် အဘယ်အရာလုပ်ဆောင်လိုသည်နှင့်ပတ်သက်၍ သေချာစွာ စဉ်းစားဖို့လိုသည်။ ကျွန်ုပ်တို့၏အခြေအနေကို ပြုပြင်ပြောင်းလဲရမည်ဆိုလျှင်ပင် ထိုလုပ်ငန်းတွင် တိုး၍ပါဝင်နိုင်မည်လော။—၂ ကော. ၉:၇

၉၊ ၁၀။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပိုပြီးပါဝင်လုပ်ဆောင်လိုစိတ် ကင်းမဲ့နေမယ်ဆိုရင် ဘာလုပ်သင့်သလဲ။

ယေဟောဝါ၏လုပ်ငန်းတော်တွင် တိုး၍လုပ်ဆောင်လိုစိတ်မရှိဘဲ အသင်းတော်တွင် စတိလောက်သာလုပ်ဆောင်နေမည်ဆိုလျှင်ကော။ ဖိလိပ္ပိမြို့သားများထံရေးသော စာတွင် ပေါလု ဤသို့ဖော်ပြသည်– “သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်၏။” ယေဟောဝါသည် ကျွန်ုပ်တို့အထဲတွင် လုပ်ဆောင်နိုင်ပြီး ယင်းက ကျွန်ုပ်တို့၏သဘောထားနှင့် ဆန္ဒအပေါ် အကျိုးသက်ရောက်နိုင်သည်။—ဖိ. ၂:၁၃; ၄:၁၃

၁၀ သို့ဆိုလျှင် ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်လိုစိတ်ရှိလာရန် တောင်းလျှောက်သင့်သည်မဟုတ်လော။ ရှေးဣသရေလဘုရင်ဒါဝိဒ် ထိုအတိုင်းလုပ်ဆောင်ခဲ့သည်။ ‘အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏’ ဟုတောင်းလျှောက်ခဲ့သည်။ (ဆာ. ၂၅:၄၊ ၅) ကျွန်ုပ်တို့လည်း ထိုသို့ဆုတောင်းမည်ဆိုလျှင် ယေဟောဝါနှစ်သက်ရာကို လုပ်ဆောင်လိုစိတ်ရှိလာအောင် ကိုယ်တော် ပြုလုပ်ပေးနိုင်သည်။ ယေဟောဝါနှင့် ကိုယ်တော့်သားတော်ကြိုက်နှစ်သက်ရာကို ကျွန်ုပ်တို့လုပ်ဆောင်သောအခါ သူတို့မည်သို့ခံစားရမည်ကို စဉ်းစားခြင်းက ကျေးဇူးတင်လေးမြတ်စိတ် ဖြစ်ပေါ်စေသည်။ (မ. ၂၆:၆-၁၀; လု. ၂၁:၁-၄) ထိုသို့ကျေးဇူးတင်လေးမြတ်ခြင်းက ယေဟောဝါနှင့်ရင်းနှီးသော ဆက်ဆံရေးရှိရန် တောင်းလျှောက်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။ ပရောဖက် ဟေရှာယက ကျွန်ုပ်တို့မွေးမြူသင့်သော သဘောထားနှင့်ပတ်သက်၍ ပုံသက်သေပြခဲ့သည်။ ယေဟောဝါက “အဘယ်သူကိုစေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း” ဟုမေးတော်မူသောအခါ ပရောဖက်က “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုတုံ့ပြန်လေ၏။—ဟေရှာ. ၆:၈

တိုးတက်အောင်လုပ်ဆောင်နိုင်ပုံ

၁၁။ (က) အဖွဲ့အစည်းအတွင်း တာဝန်တွေကို လက်လှမ်းယူနေတဲ့ ညီအစ်ကိုတွေ ဘာလုပ်ဖို့လိုသလဲ။ (ခ) လုပ်ငန်းတော်အခွင့်ထူးတွေကို ညီအစ်ကိုတစ်ဦး ဘယ်လိုလက်လှမ်းယူနိုင်သလဲ။

၁၁ ၂၀၀၈ လုပ်ငန်းတော်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ နှစ်ခြင်းခံသူ ၂၈၉,၆၇၈ ဦးရှိသောကြောင့် ဦးဆောင်မည့်ညီအစ်ကိုများစွာ လိုအပ်ကြောင်း ထင်ရှားသည်။ ယင်းလိုအပ်ချက်ကို ညီအစ်ကိုတစ်ဦး မည်သို့တုံ့ပြန်သင့်သနည်း။ ရိုးရိုးလေးပြောရလျှင် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများအတွက် ချမှတ်ထားသော သမ္မာကျမ်းစာပါအရည်အချင်းများကို ပြည့်မီရန် ကြိုးစားခြင်းဖြင့်ဖြစ်၏။ (၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃; တိ. ၁:၅-၉) ညီအစ်ကိုတစ်ဦးသည် ဤကျမ်းစာတောင်းဆိုချက်များကို မည်သို့ ပြည့်မီနိုင်သနည်း။ ဓမ္မအမှုတွင် တက်ကြွစွာပါဝင်ခြင်း၊ အသင်းတော်တာဝန်များကို ဝီရိယရှိစွာထမ်းဆောင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများတွင် မှတ်ချက်များကို ပို၍ထိရောက်စွာပေးနိုင်ရန် ကြိုးစားခြင်းနှင့် ယုံကြည်သူချင်းများကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု တင်ပြခြင်းဖြင့်ဖြစ်သည်။ အသင်းတော်ရှိ သူ၏အခန်းကဏ္ဍကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

၁၂။ အမှန်တရားအတွက် ဇွဲထက်သန်ကြောင်း လူငယ်တွေ ဘယ်လိုပြသနိုင်သလဲ။

၁၂ အသင်းတော်ရှိ ညီအစ်ကိုငယ်များသည် အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွင် တိုးတက်မှုရှိရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ သမ္မာကျမ်းစာအသိပညာ ဆည်းပူးခြင်းဖြင့် “ဘုရားသခင်ထံမှရသော သိနားလည်မှု၊ ဉာဏ်ပညာ” တိုးပွားစေရန် ကြိုးစားနိုင်သည်။ (ကော. ၁:၉) ကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်းနှင့် အသင်းတော်အစည်းအဝေးများတွင် တက်ကြွစွာပါဝင်ခြင်းတို့ဖြင့် အမှန်ပင် ထိုသို့တိုးတက်နိုင်ပါသည်။ လူငယ်များသည် အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးပါဝင်သည့် “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး” ထဲဝင်ရောက်ရန် အရည်အချင်းပြည့်မီအောင် ကြိုးစားခြင်းဖြင့် တက်လှမ်းနိုင်သည်။ (၁ ကော. ၁၆:၉) ယေဟောဝါ၏အမှုတော်ကို အသက်မွေးလုပ်ငန်းအဖြစ် လုပ်ဆောင်ခြင်းက အမှန်ကျေနပ်ဖွယ်ကောင်းသော ဘ၀လမ်းစဉ်ဖြစ်ပြီး ကြွယ်ဝသောကောင်းချီးများ ခံစားရစေသည်။—ဒေ. ၁၂:၁ ကိုဖတ်ပါ။

၁၃၊ ၁၄။ ညီအစ်မတွေဟာ အသင်းတော်မှာ မိမိတို့ရဲ့အခန်းကဏ္ဍကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်နည်းတွေနဲ့ ပြသနိုင်သလဲ။

၁၃ သမ္မာကျမ်းစာတော် ဘာသာပြန်ကျမ်းမှ ဆာလံ ၆၈:၁၁ ၏ပြည့်စုံမှုတွင် ကိုယ်တိုင်ပါဝင်ရသည့်အခွင့်ထူးကို တန်ဖိုးထားလေးမြတ်ကြောင်း ညီအစ်မများလည်း တင်ပြနိုင်ကြသည်။ ယင်းကျမ်းချက်တွင် ဤသို့ဖတ်ရ၏– ‘ယေဟောဝါသည် အမိန့်တော်ရှိ၍ သတင်းကောင်းကို ကြားပြောသောမိန်းမတို့သည် အလွန်များကြပါ၏။’ အသင်းတော်တွင် မိမိတို့၏အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း ညီအစ်မများတင်ပြနိုင်သည့် အကောင်းဆုံးနည်းတစ်နည်းမှာ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) ထို့ကြောင့် ညီအစ်မများသည် ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝပါဝင်ကာ လိုလိုလားလားကိုယ်ကျိုးစွန့်ခြင်းဖြင့် အသင်းတော်တွင် မိမိတို့၏အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း တင်ပြကြသည်။

၁၄ တိတုထံ ပေါလုဤသို့ရေးခဲ့သည်– ‘အသက်အရွယ်ကြီးသော အမျိုးသမီးတို့သည်လည်း ကြည်ညိုလေးစားထိုက်သော အပြုအမူရှိသူ၊ . . . ကောင်းမြတ်သောအရာကို သွန်သင်ပေးသူ ဖြစ်ပါစေ။ သို့မှသာ သူတို့သည် ငယ်ရွယ်သောအမျိုးသမီးတို့အား ကိုယ့်ခင်ပွန်းကို ချစ်သောသူ၊ မိမိ၏သားသမီးတို့ကို ချစ်မြတ်နိုးသူများဖြစ်ရန် ပြန်လည်သတိရစေနိုင်ကြမည်။ ထို့ပြင် သတိရှိသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူ၊ ကောင်းမွန်သူ၊ ခင်ပွန်းကိုလက်အောက်ခံသူများ ဖြစ်ကြရန် ပြန်သတိရစေနိုင်မည်။ ဤသို့ဖြင့် ဘုရားသခင်၏ တရားစကားတော်သည် ကဲ့ရဲ့ ခြင်းနှင့်ကင်းလွတ်နိုင်မည်။’ (တိ. ၂:၃-၅) ရင့်ကျက်သောညီအစ်မများသည် အသင်းတော်အပေါ် အလွန်ကောင်းသောသြဇာ သက်ရောက်နိုင်သည်။ ဦးဆောင်သူညီအစ်ကိုများအား လေးစားခြင်း၊ ဝတ်စားဖြီးလိမ်းပုံနှင့် ဖျော်ဖြေရေးတို့တွင် ပညာရှိဆုံးဖြတ်ချက်များချခြင်းတို့ဖြင့် အခြားသူများအတွက် ပုံသက်သေကောင်းပြကာ အသင်းတော်တွင် မိမိတို့၏အခန်းကဏ္ဍကို အလွန်လေးမြတ်ကြောင်း ပြသကြသည်။

၁၅။ အထီးကျန်ခြင်းကို ရင်ဆိုင်ဖြေရှင်းဖို့ တစ်ကိုယ်ရေညီအစ်မတစ်ဦး ဘာလုပ်နိုင်သလဲ။

၁၅ တစ်ခါတစ်ရံ၊ အိမ်ထောင်မရှိသော ညီအစ်မများသည် အသင်းတော်တွင် မိမိတို့၏အခန်းကဏ္ဍကိုသိရှိရန် အခက်တွေ့နိုင်ပေမည်။ ထိုသို့ခံစားခဲ့ရသော ညီအစ်မတစ်ဦးက “တစ်ခါတလေ တစ်ကိုယ်ရေဘ၀ဟာ အထီးကျန်တယ်လို့ ခံစားမိနိုင်တယ်” ဟုပြောခဲ့သည်။ အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းကြောင်း မေးမြန်းသောအခါ ညီအစ်မက ဤသို့ပြန်ဖြေခဲ့သည်– “ဆုတောင်းခြင်းနဲ့ လေ့လာမှုပြုလုပ်ခြင်းက ကျွန်မရဲ့အခန်းကဏ္ဍကို သိမြင်လာစေတယ်။ ယေဟောဝါ ကျွန်မအပေါ် ဘယ်လိုရှုမြင်တယ်ဆိုတာကို စဉ်းစားတယ်။ ပြီးတော့ အသင်းတော်မှာရှိတဲ့ တခြားသူတွေကို ကူညီဖို့ ကြိုးစားတယ်။ ဒီလိုလုပ်တာက ကိုယ့်အတွက်ပဲစဉ်းစားမယ့်အစား တခြားသူတွေအတွက် စဉ်းစားစေတယ်။” ဆာလံ ၃၂:၈ တွင် ယေဟောဝါက ငါသည် “သင့်ကိုကြည့်ရှုပြုစုမည်” ဟုဒါဝိဒ်အား မိန့်တော်မူသည်။ မှန်ပါသည်၊ ယေဟောဝါသည် တစ်ကိုယ်ရေညီအစ်မများအပါအဝင် ကိုယ်တော့်ကျေးကျွန်တစ်ဦးစီကို စိတ်ဝင်စားပြီး အသင်းတော်တွင် ၎င်းတို့၏အခန်းကဏ္ဍကို သိမြင်ရန် ကူညီပေးပါလိမ့်မည်။

သင့်အခန်းကဏ္ဍကို ဆက်ထိန်းသိမ်းထားပါ

၁၆၊ ၁၇။ (က) ယေဟောဝါရဲ့အသင်းတော်အဝင်ဖြစ်ဖို့ ကိုယ်တော့်ဖိတ်ခေါ်ချက်ကို လက်ခံခြင်းက ဘာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သလဲ။ (ခ) ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍကို ဘယ်လိုထိန်းသိမ်းထားနိုင်သလဲ။

၁၆ ယေဟောဝါသည် ကျေးကျွန်တစ်ဦးစီကို မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် မေတ္တာဖြင့်သွေးဆောင်တော်မူ၏။ “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်” ဟုယေရှုပြောခဲ့၏။ (ယော. ၆:၄၄) ယနေ့အချိန်တွင် ယေဟောဝါသည် ကမ္ဘာပေါ်ရှိ သန်းထောင်နှင့်ချီသောလူသားများထဲမှ ကျွန်ုပ်တို့တစ်ဦးစီကို ကိုယ်တော့်အသင်းတော်အဝင်ဖြစ်ရန် ဖိတ်ခေါ်တော်မူ၏။ ယင်းဖိတ်ခေါ်ချက်ကို လက်ခံခြင်းသည် ကျွန်ုပ်တို့ချခဲ့သမျှဆုံးဖြတ်ချက်တွင် အကောင်းဆုံးဖြစ်သည်။ ယင်းက ကျွန်ုပ်တို့၏အသက်တာကို အဓိပ္ပာယ်ရှိစေသည်။ အသင်းတော်တွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် ကျွန်ုပ်တို့ပါဝင်ခွင့်ရရှိသောကြောင့် အလွန်ပျော်ရွှင်ကျေနပ်ဖွယ်ပါတကား။

၁၇ ‘အို ယေဟောဝါ၊ အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။ အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ယေဟောဝါကို ကောင်းချီးပေးပါမည်’ ဟုဆာလံဆရာသီဆိုခဲ့သည်။ (ဆာ. ၂၆:၈၊ ၁၂) စစ်မှန်သောဘုရားသခင်သည် ကိုယ်တော့်အဖွဲ့အစည်းတွင် ကျွန်ုပ်တို့တစ်ဦးစီအတွက် နေရာတစ်နေရာစီ ပေးထား၏။ ကျွန်ုပ်တို့သည် သီအိုကရက်တစ်ညွှန်ကြားချက်ကို မပြတ်လိုက်လျှောက်ခြင်းနှင့် ဘုရားသခင့်လုပ်ငန်းတော်တွင် အလုပ်များနေခြင်းဖြင့် ယေဟောဝါ၏အစီအစဉ်တွင် ကျွန်ုပ်တို့၏တန်ဖိုးရှိအခန်းကဏ္ဍကို ဆက်၍ ထိန်းသိမ်းနိုင်ကြမည်ဖြစ်သည်။

သင်မှတ်မိသလော

• အသင်းတော်မှာ ခရစ်ယာန်တွေအားလုံးအတွက် အခန်းကဏ္ဍကိုယ်စီရှိတယ်လို့ ကောက်ချက်ချတာ ဘာကြောင့် ဆီလျော်သလဲ။

• ဘုရားသခင်အဖွဲ့အစည်းမှာ ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လိုပြသကြသလဲ။

• ဘယ်အချက်တွေက အသင်းတော်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍအပေါ် အကျိုးသက်ရောက်နိုင်သလဲ။

• ဘုရားသခင့်အစီအစဉ်မှာ မိမိတို့ရဲ့အခန်းကဏ္ဍကို တန်ဖိုးထားလေးမြတ်ကြောင်း ခရစ်ယာန်လူကြီးလူငယ်တွေ ဘယ်လိုပြနိုင်ကြသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အသင်းတော်အခွင့်ထူးတွေအတွက် ညီအစ်ကိုတွေ ဘယ်လိုတက်လှမ်းနိုင်ကြသလဲ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အသင်းတော်မှာ မိမိတို့ရဲ့အခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားကြောင်း ညီအစ်မတွေ ဘယ်လိုတင်ပြနိုင်ကြသလဲ