မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခက်ခဲချိန်များတွင် ဝမ်းမြောက်မှုကို ဆက်ထိန်းထားပါ

ခက်ခဲချိန်များတွင် ဝမ်းမြောက်မှုကို ဆက်ထိန်းထားပါ

ခက်ခဲချိန်များတွင် ဝမ်းမြောက်မှုကို ဆက်ထိန်းထားပါ

‘ယေဟောဝါ၌ ခိုလှုံသောသူတို့သည် ဝမ်းမြောက်ကြပါလိမ့်မည်။ ဝမ်းမြောက်သည်နှင့် အစဉ်ကြွေးကြော်ကြပါလိမ့်မည်။’ —ဆာ. ၅:၁၁

၁၊ ၂။ (က) ယနေ့အချိန်မှာ ဘယ်အရာတွေက ပူပင်သောကများစွာရောက်စေသလဲ။ (ခ) စစ်မှန်တဲ့ခရစ်ယာန်တွေက လူသားအားလုံးကြုံရတဲ့ ဆင်းရဲဒုက္ခတွေအပြင် ဘာတွေကိုပါ ခံရပ်ရမလဲ။

 ယေဟောဝါသက်သေများသည် လူသားများကြုံတွေ့ရသော ဆင်းရဲဒုက္ခများနှင့် မလွတ်ကင်းကြပါ။ ဘုရားသခင့်လူမျိုးအများစုသည် ရာဇဝတ်မှု၊ စစ်မှုနှင့် အခြားမတရားမှုများစွာ၏ဒဏ်ကို ခံစားကြရ၏။ သဘာ၀ဘေးဒဏ်၊ နွမ်းပါးမှု၊ အဖျားအနာနှင့် သေခြင်းတို့က ပူပင်သောကများစွာဖြစ်စေသည်။ တမန်တော်ပေါလု ဤသို့သင့်လျော်စွာ ဖော်ပြသည်– “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်ကို ငါတို့သိကြ၏။” (ရော. ၈:၂၂) ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်မှုအကျိုးဆက်ကိုလည်း ခံစားကြရသည်။ သက်ကြီးဘုရင်ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့လည်း ပြောမိနိုင်သည်– “အကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။”—ဆာ. ၃၈:၄

လူအများစုကြုံတွေ့ရသော ဆင်းရဲဒုက္ခများ ခံစားရသည့်အပြင် ခရစ်ယာန်စစ်များသည် ပုံဆောင်ညှဉ်းဆဲရာသစ်တိုင်ကိုလည်း ထမ်းကြရသည်။ (လု. ၁၄:၂၇) မှန်ပါသည်၊ ယေရှု၏တပည့်များသည် ကိုယ်တော်ကဲ့သို့ပင် မုန်းတီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရသည်။ (မ. ၁၀:၂၂၊ ၂၃; ယော. ၁၅:၂၀; ၁၆:၂) ထို့ကြောင့် ကမ္ဘာသစ်တွင်ရရှိမည့်ကောင်းချီးများကို စောင့်မျှော်နေစဉ် ခရစ်တော်နောက်လိုက်ရာ၌ ကြိုးစားအားထုတ်မှုနှင့် ခံနိုင်ရည်လိုအပ်သည်။—မ. ၇:၁၃၊ ၁၄; လု. ၁၃:၂၄

၃။ ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ ခရစ်ယာန်တွေ ဆင်းရဲဒုက္ခခံရမယ်လို့ သမ္မာကျမ်းစာက ဆိုသလား။

သို့ဆိုလျှင် ခရစ်ယာန်စစ်များ၏အသက်တာသည် ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှုကင်းမဲ့နေသည်ဟု ဆိုလိုသလော။ ကျွန်ုပ်တို့၏အသက်တာသည် အဆုံးရောက်သည်အထိ ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် ပြည့်နေသောအသက်တာ ဖြစ်သင့်သလော။ ယေဟောဝါ၏ကတိတော်များ ပြည့်စုံချိန်ကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် ကိုယ်တော်သည် ကျွန်ုပ်တို့အား ပျော်ရွှင်စေလိုသည်မှာ ထင်ရှားပါသည်။ စစ်မှန်သောဝတ်ပြုသူများသည် ပျော်ရွှင်သူများဖြစ်ကြကြောင်း သမ္မာကျမ်းစာတွင် အကြိမ်ကြိမ်ဖော်ပြထားသည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။) ‘ယေဟောဝါ၌ခိုလှုံသောသူတို့သည် ဝမ်းမြောက်ကြပါလိမ့်မည်။ ဝမ်းမြောက်သည်နှင့် အစဉ်ကြွေးကြော်ကြပါလိမ့်မည်’ ဟု ဆာလံ ၅:၁၁ တွင်ဖော်ပြထားသည်။ မှန်ပါသည်၊ ဆင်းရဲဒုက္ခများကြားမှပင် ဝမ်းမြောက်မှု၊ စိတ်ငြိမ်သက်မှုနှင့် ကျေနပ်ရောင့်ရဲမှု အတော်အတန်ခံစားရနိုင်ပါသည်။ အကျပ်အတည်းများကို ရင်ဆိုင်ရလျက်နှင့် ဝမ်းမြောက်နိုင်ရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

“ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါ

၄။ ဘုရားသခင်ရဲ့အခွင့်အာဏာတော် ငြင်းပယ်ခံရတဲ့အခါ ကိုယ်တော် ဘယ်လိုခံစားရသလဲ။

ဥပမာအနေနှင့် ယေဟောဝါအကြောင်း သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သောကြောင့် စကြ၀ဠာတစ်ခွင်လုံးသည် ကိုယ်တော့်သြဇာအာဏာအောက်တွင်ရှိ၏။ ကိုယ်တော်၌ အရာခပ်သိမ်းပြည့်စုံသောကြောင့် နောက်ထပ်အဘယ်အရာမျှ မလိုအပ်ချေ။ သို့သော် ကိုယ်တော်၌ ပြိုင်ဘက်ကင်းသောတန်ခိုးအာဏာရှိလျက်နှင့် နာမ်ဝိညာဉ်သားတစ်ဦး ပုန်ကန်ပြီး စာတန်ဖြစ်လာသောအခါ ကိုယ်တော်စိတ်ပျက်ခဲ့မည်ဖြစ်သည်။ နောက်ပိုင်း ကောင်းကင်တမန်တချို့ ပုန်ကန်မှုတွင် ပါဝင်သွားကြသောအခါ ကိုယ်တော်စိတ်ထိခိုက်ခဲ့သည်။ ကိုယ်တော်၏ မြေကြီးဆိုင်ရာဖန်ဆင်းခြင်းတွင် အပြောင်မြောက်ဆုံးလက်ရာဖြစ်သော အာဒံနှင့်ဧ၀ ကိုယ်တော့်ကိုကျောခိုင်းသွားစဉ်က ကိုယ်တော်ခံစားခဲ့ရသည့် နာကျင်မှုကိုလည်း စဉ်းစားကြည့်ပါ။ ထိုအချိန်မှစ၍ သူတို့၏ သန်းထောင်နှင့်ချီသော သားစဉ်မြေးဆက်သည် ယေဟောဝါ၏အခွင့်အာဏာကို ငြင်းဆန်ခဲ့ကြ၏။—ရော. ၃:၂၃

၅။ အဘယ်အရာက ယေဟောဝါကို အထူးသဖြင့် ဝမ်းနည်းစေသလဲ။

စာတန်၏ပုန်ကန်မှုသည် ယခုတိုင် ဆက်လက်တည်ရှိနေသည်။ နှစ်ပေါင်း ၆၀၀၀ ကျော်အတွင်း မှားယွင်းသောဝတ်ပြုမှု၊ အကြမ်းဖက်မှု၊ သေကျေပျက်စီးမှုနှင့် လိင်အကျင့်ဖောက်ပြန်မှုတို့ကို ယေဟောဝါ မြင်တွေ့ခဲ့ရသည်။ (က. ၆:၅၊ ၆၊ ၁၁၊ ၁၂) ထို့ပြင် ကိုယ်တော်သည် စက်ဆုပ်ဖွယ်မုသားများနှင့် ဘုရားသခင်အား စော်ကားပြောဆိုမှုများကို ကြားခဲ့ရသည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူများပင်လျှင် တစ်ခါတစ်ရံ ကိုယ်တော်အား စိတ်ထိခိုက်စေသည်။ ယင်းသို့ဖြစ်ခဲ့သည့် အခြေအနေတစ်ခုကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘သူတို့သည် ကိုယ်တော်ကိုတော၌ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သောအကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။ ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြပါသည်တကား။’ (ဆာ. ၇၈:၄၀၊ ၄၁) ကိုယ်တော့်လူမျိုးများ ကိုယ်တော့်ကို ငြင်းပယ်သောအခါ ကိုယ်တော်အလွန်နာကျင်စွာ ခံစားရမည်ဖြစ်သည်။ (ယေ. ၃:၁-၁၀) သူတို့ ဆိုးညစ်သောအမှုများ ပြုကျင့်သောအခါ ယေဟောဝါ စိတ်တော်နာကျင်သည်မှာ ထင်ရှားပါသည်။—ဟေရှာယ ၆၃:၉၊ ၁၀ ကိုဖတ်ပါ။

၆။ ဝမ်းနည်းစရာအခြေအနေတွေကို ဘုရားသခင် ဘယ်လို ရင်ဆိုင်သလဲ။

သို့သော် ယေဟောဝါသည် နာကြည်းစရာ၊ စိတ်ပျက်စရာများကြောင့် လုပ်စရာရှိသည်တို့ကို မလုပ်ဘဲမနေခဲ့ပါ။ ပြဿနာများပေါ်လာသောအခါ အဖြစ်အပျက်၏ဆိုးကျိုးများ လျော့နည်းစေရန် ချက်ချင်းအရေးယူ လုပ်ဆောင်ခဲ့သည်။ ကိုယ်တော်သည် ရေရှည်ကိုလည်း ထည့်တွက်လုပ်ဆောင်သောကြောင့် အဆုံးတွင် ကိုယ်တော်၏ကတိတော်များ ပြည့်စုံလာပါလိမ့်မည်။ ဤအပြုသဘောပါသော အရေးယူလုပ်ဆောင်မှုကြောင့် ယေဟောဝါသည် မိမိ၏ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးနှင့် ယင်းမှ ကိုယ်တော်၏သစ္စာရှိဝတ်ပြုသူများ ခံစားရမည့်ကောင်းချီးများကို ဝမ်းမြောက်စွာ စောင့်မျှော်လျက်ရှိသည်။ (ဆာ. ၁၀၄:၃၁) မှန်ပါသည်၊ ယေဟောဝါသည် မည်မျှပင် ပြစ်တင်ရှုတ်ချခံရသော်လည်း “ပျော်ရွှင်သောဘုရားသခင်” ဆက်ဖြစ်နေသည်။—၁ တိ. ၁:၁၁; ဆာ. ၁၆:၁၁

၇၊ ၈။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ပြဿနာဖြေရှင်းနိုင်စွမ်းတွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မနှိုင်းသာသည်မှာ မှန်ပါသည်။ သို့သော် ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရသောအခါ ယေဟောဝါကို ကျွန်ုပ်တို့ တုပနိုင်ပါသည်။ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်ဝမ်းနည်းတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်၊ သို့သော် ကျွန်ုပ်တို့သည် ထိုအခြေအနေ၌ပင် ဆက်၍နစ်မြုပ်မနေရပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယေဟောဝါ၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရသောကြောင့် ကျွန်ုပ်တို့တွင် စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် လက်တွေ့ကျဉာဏ်ပညာရှိသည်။ ယင်းတို့ကိုသုံး၍ ကျွန်ုပ်တို့၏ပြဿနာကို ဆန်းစစ်နိုင်ပြီး အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်သည်။

ဘ၀ပြဿနာများကို ဖြေရှင်းရာတွင် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည့် အရေးပါသောအချက်တစ်ချက်မှာ ကျွန်ုပ်တို့မဖြေရှင်းနိုင်သော ပြဿနာများရှိကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ထိုပြဿနာများအတွက်သာ ပူပန်နေပါက စိတ်ပျက်စရာများ ထပ်တိုးလာနိုင်ပြီး စစ်မှန်သောဝတ်ပြုရေးမှရရှိသော ဝမ်းမြောက်မှု ဆုံးရှုံးသွားပေမည်။ ပြဿနာဖြေရှင်းရာတွင် လုပ်သင့်ရာကို လုပ်ဆောင်ပြီးနောက် ယင်းအကြောင်းကို ဆက်တွေးမနေတော့ဘဲ ပို၍အကျိုးရှိသော လုပ်ဆောင်မှုများကို အာရုံစိုက်ခြင်းသည် အကောင်းဆုံးဖြစ်၏။ ယင်းအချက်ကို အောက်ပါကျမ်းစာမှတ်တမ်းများက ထိမိစွာဖော်ပြသည်။

မျှတသောသဘောသည် အရေးပါ

၉။ မျှတတဲ့သဘောကို ဟန္န ဘယ်လိုပြသခဲ့သလဲ။

ပရောဖက်ရှမွေလ၏ မိခင်ဖြစ်လာသူ ဟန္န၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ကလေးမရနိုင်သောကြောင့် အလွန်စိတ်ပျက်အားငယ်ခဲ့သည်။ မြုံနေသောကြောင့် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ဟန္နသည် အကြိမ်ကြိမ်ပင် အလွန်စိတ်ပျက်အားငယ်ကာ အစားမစားနိုင်ဘဲ ငိုလျက်နေတတ်၏။ (၁ ရာ. ၁:၂-၇) ယေဟောဝါ၏အိမ်တော်သို့ ဟန္နလည်ပတ်စဉ် တစ်ကြိမ်တွင် ‘ဟန္နသည် ညှိုးငယ်သောစိတ်နှင့် မျက်ရည်များစွာကျလျက် ယေဟောဝါကို ဆုတောင်းသည်။’ (၁ ရာ. ၁:၁၀) ဟန္နသည် ယေဟောဝါထံရင်ဖွင့်ဆုတောင်းပြီးနောက် ယဇ်ပုရောဟိတ်မင်း ဧလိသည် သူမအနားချဉ်းကပ်ကာ “ယခုဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ဘုရားသခင် ပေးသနားတော်မူပါစေသောဟု မြွက်ဆို၏။” (၁ ရာ. ၁:၁၇) ဤတွင် ဟန္နသည် မိမိတတ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း သဘောပေါက်သွားသည်မှာ သေချာသည်။ မြုံနေသောအဖြစ်မှ လွတ်မြောက်အောင် သူကိုယ်တိုင် မည်သို့မျှမလုပ်ဆောင်နိုင်ချေ။ မျှတသောသဘောကို ဟန္နတင်ပြခဲ့သည်။ ထို့နောက် သူမသည် “ခြားနားသောမျက်နှာနှင့်သွား၍ အစာစားလေ၏။”—၁ ရာ. ၁:၁၈

၁၀။ ပေါလုက သူမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုကိုကြုံတွေ့ရတဲ့အခါ ဘယ်လက်တွေ့ကျသဘောထားကို ပြသခဲ့သလဲ။

၁၀ တမန်တော်ပေါလုသည် အခက်အခဲနှင့် ကြုံတွေ့ရချိန်တွင် အလားတူသဘောထား တင်ပြခဲ့သည်။ သူ့အား အလွန်ပူပင်သောကရောက်စေသော ဝေဒနာတစ်ခုကို သူခံစားခဲ့ရ၏။ ၎င်းကို “ကိုယ်၌စူးသောဆူး” ဟု သူခေါ်ဆိုခဲ့သည်။ (၂ ကော. ၁၂:၇) ယင်းသည် မည်သည့်အရာပင်ဖြစ်ပါစေ ယင်းကိုဖယ်ရှားပေးရန် ယေဟောဝါထံဆုတောင်းခြင်းဖြင့် သူတတ်နိုင်ရာကို လုပ်ဆောင်ခဲ့သည်။ ယင်းကိစ္စကို ယေဟောဝါထံ သူအကြိမ်မည်မျှ တိုးလျှိုးအသနားခံခဲ့သနည်း။ သုံးကြိမ်တိုင်တိုင်ဖြစ်သည်။ တတိယအကြိမ် တိုးလျှိုးအသနားခံပြီးနောက် “ကိုယ်၌စူးသောဆူး” ကို အံ့ဖွယ်နည်းဖြင့် ဖယ်ရှားပေးမည်မဟုတ်ကြောင်း ပေါလုအား ဘုရားသခင် မိန့်တော်မူခဲ့သည်။ ပေါလုသည် ယင်းအချက်ကိုလက်ခံကာ ယေဟောဝါ၏ အမှုတော်ကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။၂ ကောရိန္သု ၁၂:၈-၁၀ ကိုဖတ်ပါ။

၁၁။ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ဆုတောင်းချက်နဲ့ အသနားခံချက်တွေက ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

၁၁ ယင်းနမူနာများက စိတ်ပျက်စရာကိစ္စများနှင့်ပတ်သက်၍ ယေဟောဝါထံ ဆက်ဆုမတောင်းသင့်တော့ဟု မဆိုလိုပါ။ (ဆာ. ၈၆:၇) ယင်းနှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက ဤသို့ဆို၏– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” ယေဟောဝါသည် ထိုကဲ့သို့သော တိုးလျှိုးအသနားခံခြင်းနှင့် ဆုတောင်းချက်များကို မည်သို့ဖြေကြားမည်နည်း။ သမ္မာကျမ်းစာက ဤသို့ဆက်ဆို၏– “ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” (ဖိ. ၄:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့၏ပြဿနာကို ဖယ်ရှားပေးမည်မဟုတ်သော်လည်း ကျွန်ုပ်တို့၏ဉာဏ်ကို စောင့်ရှောက်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားပေးနိုင်သည်။ ကိစ္စရပ်နှင့်ပတ်သက်၍ ဆုတောင်းပြီးနောက် စိုးရိမ်ပူပန်မှုများနှင့် လုံးပန်းနေခြင်း၏ အန္တရာယ်ကို ကျွန်ုပ်တို့ သိမြင်လာပေမည်။

ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ရွှင်လန်းမှုရှာယူပါ

၁၂။ ကြာရှည်စွာ စိတ်ပျက်အားလျော့ခြင်းက ဘာကြောင့် ထိခိုက်နစ်နာစေနိုင်သလဲ။

၁၂ နယပုံပြင် ၂၄:၁၀ က ဤသို့အသိအမှတ်ပြုသည်– “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” နောက်ကျမ်းတစ်ချက်က ဤသို့ဆို၏– “ညှိုးငယ်ခြင်းအားဖြင့်ကား စိတ်ပျက်တတ်၏။” (သု. ၁၅:၁၃) ခရစ်ယာန်အချို့သည် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် တွေးတောဆင်ခြင်ခြင်းတို့ကို ဆက်မလုပ်ဆောင်တော့သည်အထိ စိတ်ပျက်အားလျော့လာခဲ့ကြသည်။ သူတို့၏ဆုတောင်းချက်များသည် ဝတ်ကျေတမ်းကျေဖြစ်လာပြီး ယုံကြည်သူချင်းများနှင့် ခပ်ခွာခွာနေလာကြပေမည်။ ကြာရှည်စွာ စိတ်ပျက်ဝမ်းနည်းခြင်းက ထိခိုက်နစ်နာစေနိုင်သည်မှာ ထင်ရှားပါသည်။—သု. ၁၈:၁ကဘ၊ ၁၄။

၁၃။ အဘယ်လုပ်ဆောင်မှုတွေက စိတ်ပျက်အားလျော့မှုကို ဖယ်ရှားပေးပြီး ပျော်ရွှင်မှုပေးနိုင်သလဲ။

၁၃ ယင်းအစား အပြုသဘောဖြင့်ရှုမြင်ခြင်းက ကျွန်ုပ်တို့ဘဝတွင် ရွှင်လန်းမှုရရှိစေသည့် အရာများအပေါ် အာရုံစိုက်ရန် အထောက်အကူပြုမည်။ ဒါဝိဒ် ဤသို့ရေးခဲ့၏– “အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။” (ဆာ. ၄၀:၈) ကျွန်ုပ်တို့၏အသက်တာတွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ ဝတ်ပြုရေးနှင့်ပတ်သက်သော အကျိုးပြုသည့် လုပ်ရိုးလုပ်စဉ်များကို ရပ်လိုက်ခြင်းမျိုး လုံး၀မဖြစ်သင့်ပါ။ အမှန်တွင် ဝမ်းနည်းမှုကို ကုစားနည်းမှာ ပျော်ရွှင်မှုရရှိစေသည့် လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို ပုံမှန်ဖတ်ရှုကာ စေ့စေ့ကြည့်ရှုခြင်းဖြင့် ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှု ခံစားနိုင်ကြောင်း ကျွန်ုပ်တို့အား ယေဟောဝါ မိန့်တော်မူသည်။ (ဆာ. ၁:၁၊ ၂; ယာ. ၁:၂၅) သမ္မာကျမ်းစာနှင့် ခရစ်ယာန်အစည်းအဝေးများမှ ရရှိသော “သာယာသောစကား” များသည် ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်စေပြီး စိတ်နှလုံးကို ရွှင်လန်းစေသည်။—သု. ၁၂:၂၅; ၁၆:၂၄

၁၄။ ယေဟောဝါဆီက ဘယ်အာမခံချက်က ကျွန်ုပ်တို့ကို အခုအချိန်မှာတောင် ပျော်ရွှင်စေသလဲ။

၁၄ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဝမ်းမြောက်စေသည့် အကြောင်းရင်းများစွာကို ပေးထားသည်။ ကိုယ်တော်၏ကယ်တင်ခြင်းကတိတော်သည် ပျော်ရွှင်မှု၏ အဓိကရင်းမြစ်အမှန်ဖြစ်သည်။ (ဆာ. ၁၃:၅) ယခုအချိန်တွင် အဘယ်အရာပင် ဖြစ်နေပါစေ အဆုံးတွင် ကိုယ်တော်အား စိတ်ရင်းမှန်နှင့်ရှာဖွေသူများကို ဘုရားသခင်ဆုချတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိထားကြသည်။ (ဒေ. ၈:၁၂ ကိုဖတ်ပါ။) ပရောဖက် ဟဗက္ကုတ်က ထိုသို့သော ယုံကြည်စိတ်ချမှုကို ဤသို့လှပစွာရေးစပ်၍ ဖော်ပြခဲ့သည်– ‘သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကိုမပေးရ၊ သိုးခြံ၌သိုးကုန်၍ တင်းကုပ်၌နွားမရှိရ။ သို့သော်လည်း ယေဟောဝါ၌ ငါဝမ်းမြောက်၍ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။’—ဟဗ. ၃:၁၇၊ ၁၈

“ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏”

၁၅၊ ၁၆။ အနာဂတ်ကောင်းချီးတွေကို စောင့်ဆိုင်းနေစဉ်မှာ ကျွန်ုပ်တို့ရရှိနိုင်တဲ့ ဘုရားသခင်ရဲ့ဆုကျေးဇူးအချို့ကို ဖော်ပြပါ။

၁၅ ကျွန်ုပ်တို့အတွက် သိုမှီးထားသော အနာဂတ်ကောင်းချီးများကို စောင့်မျှော်နေစဉ် ယေဟောဝါ၏အလိုတော်မှာ ကိုယ်တော်ပေးထားသော ကောင်းသောအရာများနှင့် ကျွန်ုပ်တို့ပျော်မွေ့နေရန်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။” (ဒေ. ၃:၁၂၊ ၁၃) “ကျေးဇူးပြုခြင်းအမှု” တွင် အခြားသူများအတွက် ကောင်းမှုများပြုလုပ်ခြင်း ပါဝင်သည်။ ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်ဟု ယေရှုမိန့်တော်မူခဲ့၏။ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်၊ သားသမီးများ၊ မိဘများနှင့် ဆွေမျိုးသားချင်းများအပေါ် ကြင်နာမှုလုပ်ရပ်များ တင်ပြခြင်းဖြင့် အလွန်စိတ်ကျေနပ်မှု ရရှိစေသည်။ (သု. ၃:၂၇) ညီအစ်ကို ညီအစ်မများအပေါ် နူးညံ့သိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကလည်း ကျွန်ုပ်တို့ကို အလွန်ဝမ်းမြောက်စေပြီး ယေဟောဝါအား ပျော်ရွှင်စေသည်။ (ဂလ. ၆:၁၀; ကော. ၃:၁၂-၁၄; ၁ ပေ. ၄:၈၊ ၉) ထို့ပြင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ခရစ်ယာန်ဓမ္မအမှုကို ပြီးမြောက်အောင် ကျွန်ုပ်တို့ဆောင်ရွက်နေခြင်းသည် အမှန်ပင်အကျိုးဖြစ်ထွန်း၏။

၁၆ အထက်တွင်ကိုးကားထားသော ဒေ.ကျမ်းပါစကားများတွင် စားသောက်ခြင်းကဲ့သို့သော ရိုးရှင်းသည့်ပျော်မွေ့စရာများကို ဖော်ပြထားသည်။ မှန်ပါသည်၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင်ပင် ကျွန်ုပ်တို့သည် ယေဟောဝါထံမှရရှိသော ရုပ်ပိုင်းဆိုင်ရာဆုကျေးဇူးဖြင့် ရွှင်လန်းနိုင်ပါသည်။ ထို့ပြင် ရင်သပ်ရှုမောဖွယ်ကောင်းသော နေဝင်ဆည်းဆာအလှ၊ ခန့်ညားထည်ဝါလှသောရှုမျှော်ခင်း၊ တိရစ္ဆာန်အကောင်ငယ်လေးများ၏ ကိုးရိုးကားရားပုံစံလေးများနှင့် အခြားသော သဘာဝအံ့ဖွယ်ရာများက ငွေကုန်ကြေးကျမရှိဘဲ ကျွန်ုပ်တို့ကို ရင်သပ်ရှုမောစေပြီး ဝမ်းမြောက်မှုခံစားရစေနိုင်သည်။ ထိုကဲ့သို့သောအရာများကို စဉ်းစားတွေးတောသည့်အခါ ကောင်းသောအရာရှိသမျှကို ပေးတော်မူသည့်အရှင် ယေဟောဝါအား ကျွန်ုပ်တို့ပို၍ ချစ်မြတ်နိုးလာသည်။

၁၇။ အဘယ်အရာက ကျွန်ုပ်တို့ကို အခက်အခဲတွေကနေ လုံးလုံးလွတ်မြောက်စေမလဲ၊ ဒီအတောအတွင်းမှာ ဘာက ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးသလဲ။

၁၇ နောက်ဆုံးတွင် ဘုရားသခင်ကိုချစ်သောမေတ္တာ၊ ကိုယ်တော့်ပညတ်များကို နာခံခြင်းနှင့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြခြင်းတို့က မစုံလင်သောအသက်၏ အခက်အခဲများမှ လုံးလုံးလွတ်မြောက်စေပြီး ထာ၀စဉ်ဝမ်းမြောက်ခြင်း ခံစားရစေပါလိမ့်မည်။ (၁ ယော. ၅:၃) ဤအတောအတွင်း ကျွန်ုပ်တို့အား ထိခိုက်နာကျင်စေသောအရာအားလုံးကို ယေဟောဝါ ကောင်းစွာသိရှိတော်မူကြောင်း သိထားခြင်းက ကျွန်ုပ်တို့ကို နှစ်သိမ့်မှုရရှိစေသည်။ ဒါဝိဒ် ဤသို့ရေးခဲ့၏– ‘ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍ အကျွန်ုပ်တွေ့သောအမှုကို သိမှတ်တော်မူ၏။’ (ဆာ. ၃၁:၇) ကျွန်ုပ်တို့ကိုချစ်သော ကိုယ်တော့်မေတ္တာ၏ လှုံ့ဆော်မှုကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခများမှ ကယ်တင်ပါလိမ့်မည်။—ဆာ. ၃၄:၁၉

၁၈။ ဘုရားသခင့်လူမျိုးအလယ်မှာ ဘာကြောင့် ရွှင်လန်းမှုရှိသင့်သလဲ။

၁၈ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကတိတော်များ ပြည့်စုံလာမည်ကို စောင့်မျှော်နေစဉ် ပျော်ရွှင်သောဘုရားသခင်ဖြစ်သည့် ကိုယ်တော့်ကို တုပနိုင်ကြပါစေ။ အပျက်သဘောထားများကြောင့် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို ရပ်တန့်လိုက်ခြင်းမျိုး လုံး၀မဖြစ်သင့်ပါ။ ပြဿနာများပေါ်ပေါက်လာသောအခါ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် လက်တွေ့ကျဉာဏ်ပညာက ကျွန်ုပ်တို့ကို လမ်းညွှန်ပေးပါစေ။ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန်နှင့် ဆင်းရဲဒုက္ခများ ခံစားရခြင်းကြောင့်ဖြစ်ပေါ်လာသော အပျက်သဘောထားများလျော့နည်းစေရန် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများကို လုပ်ဆောင်ဖို့ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကာယရေးတွင်ရော ဝတ်ပြုရေးတွင်ပါ ကိုယ်တော်ထံမှရရှိသည့် ကောင်းသောအရာများနှင့် ပျော်မွေ့ကြပါစို့။ ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းဖြင့် ကျွန်ုပ်တို့လည်း ဝမ်းမြောက်နိုင်ကြပါလိမ့်မည်။ အကြောင်းမှာ “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏။”—ဆာ. ၁၄၄:၁၅ကဘ။

သင်အဘယ်အရာသိရှိခဲ့သနည်း

• အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

• အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မျှတတဲ့သဘောက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

• စိတ်ပျက်အားလျော့နေချိန်တွေမှာ ယေဟောဝါရဲ့အလိုတော်ကို ထမ်းဆောင်ခြင်းကနေ ဝမ်းမြောက်မှုဘယ်လိုရရှိနိုင်မလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံများ]

ဆိုးညစ်တဲ့အမှုတွေကြောင့် ယေဟောဝါစိတ်တော်နာကျင်

[Credit Line]

© G.M.B. Akash/Panos Pictures

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါက ကျွန်ုပ်တို့ကို ပျော်ရွှင်မှုဆက်ထိန်းထားနိုင်တဲ့ နည်းလမ်းများပေးထား