စာတန့်အုပ်ချုပ်ရေးသည် လူသားများအား အကျိုးမပြု
စာတန့်အုပ်ချုပ်ရေးသည် လူသားများအား အကျိုးမပြု
‘ဆိုးသောသူမူကား ကောင်းသောအကျိုးကို မခံရ။’—ဒေ. ၈:၁၃၊ သမ္မာ။
၁။ ဆိုးညစ်သူတွေအပေါ် ကျရောက်တော့မယ့် တရားစီရင်ချက်က ဘာကြောင့် နှစ်သိမ့်မှုဖြစ်စေတဲ့သတင်းဖြစ်သလဲ။
ဆိုးသောသူများသည် အနှေးနှင့်အမြန် တရားစီရင်ခံရတော့မည်။ သူတို့ပြုလုပ်ခဲ့ရာများအတွက် ဖြေရှင်းချက်ပေးရတော့မည်။ (သု. ၅:၂၂; ဒေ. ၈:၁၂၊ ၁၃) ယင်းသည် အထူးသဖြင့် ဖြောင့်မတ်မှုကိုနှစ်သက်သူများ၊ ဆိုးသောသူ၏လက်တွင် မတရားပြုမူခံရသူများနှင့် နှိပ်စက်ခံရသူများအတွက် နှစ်သိမ့်မှုဖြစ်စေသောသတင်းဖြစ်သည်။ တရားစီရင်ခံရမည့်သူများထဲမှ အဆိုးဆုံးပုဂ္ဂိုလ်မှာ ဆိုးသွမ်းမှုကိုအစပြုသူ စာတန်ဖြစ်သည်။—ယော. ၈:၄၄။
၂။ ဧဒင်မှာဖြစ်ခဲ့တဲ့ အရေးကိစ္စကိုဖြေရှင်းဖို့ ဘာကြောင့် အချိန်လိုသလဲ။
၂ စိတ်ကြီးဝင်နေသော စာတန်သည် ဧဒင်တွင် ယေဟောဝါ၏အုပ်ချုပ်မှုနည်းလမ်းကို လူတို့ငြင်းပယ်အောင် ပြုလုပ်ခဲ့သည်။ ယင်းကြောင့် ကျွန်ုပ်တို့၏ ကနဦးမိဘသည် ယေဟောဝါ၏တော်မှန်သောအခွင့်အာဏာကို စိန်ခေါ်ရာတွင် စာတန်နှင့်ပူးပေါင်းကာ ကိုယ်တော့်အမြင်တွင် အပြစ်သားများဖြစ်လာကြသည်။ (ရော. ၅:၁၂-၁၄) သို့ရာတွင် သူတို့၏ အရိုအသေကင်းမဲ့သော၊ ပုန်ကန်သောလမ်းစဉ်၏ အကျိုးဆက်ကို ကိုယ်တော်သိမြင်တော်မူ၏။ သို့သော် အသိဉာဏ်ရှိသတ္တဝါအားလုံးရှေ့တွင် သူတို့မလွဲမသွေ ခံစားရမည့်ထိုအကျိုးဆက် သိသာထင်ရှားရမည်ဖြစ်သည်။ ထို့ကြောင့် အရေးကိစ္စကိုဖြေရှင်းရန်နှင့် ပုန်ကန်သူများလုံးလုံးမှားကြောင်း ယုံကြည်လက်ခံနိုင်လောက်အောင် သက်သေပြရန် အချိန်လိုသည်။
၃။ လူ့အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သဘောထားက ဘာလဲ။
၃ လူသားများသည် ယေဟောဝါ၏အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့သောကြောင့် သူတို့၏ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံကို ဖွဲ့စည်းရန်လိုသည်။ တမန်တော်ပေါလုက ရောမရှိ ယုံကြည်သူချင်းများထံ စာရေးသောအခါ ဤသို့သော အုပ်ချုပ်မှုကို “အထက်မင်းအာဏာစက်” ဟုရည်ညွှန်းခဲ့သည်။ ပေါလုခေတ်တွင် အထက်မင်းအာဏာစက်မှာ အဓိကအားဖြင့် စီအီး ၅၄-၆၈ ထိအုပ်စိုးခဲ့သော ဧကရာဇ်မင်း နီရိုလက်အောက်မှ ရောမအင်ပါယာ၏ အုပ်ချုပ်မှုဖြစ်သည်။ ဤသို့သော အထက်မင်းအာဏာစက်များသည် “ဘုရားသခင်၏အခွင့်နှင့် အသီးသီးတည်ရှိကြ၏” ဟုပေါလု ပြောခဲ့သည်။ (ရောမ ၁၃:၁၊ ၂ ကိုဖတ်ပါ။) ယင်းသို့ခွင့်ပြုလိုက်ခြင်းက လူ့အုပ်ချုပ်မှုသည် ဘုရားသခင့်အုပ်ချုပ်မှုနည်းလမ်းထက် ပိုကောင်းသည်ဟု ပေါလုပြောနေခြင်းလော။ လုံး၀မဟုတ်ပါ။ ယင်းအစား လူ့အုပ်ချုပ်မှုတည်ရှိဖို့ ယေဟောဝါခွင့်ပြုနေသရွေ့ ခရစ်ယာန်များသည် “ဘုရားသခင့်အစီအစဉ်” နှင့် ဤသို့သောအုပ်ချုပ်မှုများကို လေးစားသင့်သည်ဟု သူဆိုလိုနေခြင်းသာဖြစ်သည်။
ပျက်စီးခြင်းသို့ရောက်စေသောလမ်း
၄။ လူ့အုပ်ချုပ်ရေး ဘာကြောင့်ကျရှုံးရတယ်ဆိုတာ ရှင်းပြပါ။
၄ သို့သော် စာတန်၏လွှမ်းမိုးမှုအောက်ရှိ လူ့အုပ်ချုပ်ရေးသည် ကျဆုံးမည်မှာ သေချာသည်။ အကြောင်းရင်းတစ်ခုမှာ ယင်းသည် ဘုရားသခင့်ဉာဏ်ပညာအပေါ် အခြေမခံသောကြောင့်ဖြစ်သည်။ ယေဟောဝါတစ်ပါးတည်းသာလျှင် ပြည့်၀စုံလင်သည့်ဉာဏ်ပညာ ပိုင်ဆိုင်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်တစ်ပါးတည်းသာလျှင် အောင်မြင်သောအုပ်ချုပ်မှုရရှိရန် လမ်းညွှန်ပေးနိုင်သည့် အရှင်ဖြစ်သည်။ (ယေ. ၈:၉; ရော. ၁၆:၂၇) အမှားများမှသင်ခန်းစာယူရလေ့ရှိသည့် လူသားများနှင့်မတူဘဲ ယေဟောဝါသည် အမြဲပင် အကောင်းဆုံးနည်းလမ်းကို သိတော်မူသည်။ ကိုယ်တော်၏လမ်းညွှန်မှုကို မလိုက်လျှောက်သော မည်သည့်အုပ်ချုပ်ရေးမဆို ရှုံးနိမ့်မည်မှာ မလွဲဧကန်ပင်။ ဤအကြောင်းရင်းတစ်ခုတည်းသာမက စာတန်၏ဆိုးညစ်သောသဘောကြောင့်လည်း လူ့အစိုးရအားဖြင့် စာတန်ဖန်တီးသောအုပ်ချုပ်မှု နည်းလမ်းသည် အစကတည်းက ရှုံးနိမ့်နေပြီဖြစ်သည်။
၅၊ ၆။ အဘယ်အရာက စာတန်ကို ယေဟောဝါကိုဆန့်ကျင်တဲ့လမ်းစဉ် လိုက်စေခဲ့သလဲ။
၅ ပိုင်းခြားဝေဖန်တတ်သူသည် ရှုံးနိမ့်ဖို့သေချာသည့်အရာကို အစပြုလုပ်ဆောင်ခြင်းကို ရှောင်လေ့ရှိသည်။ သူသည် ခေါင်းမာမာဖြင့် ရှေ့ဆက်တိုးမည်ဆိုပါက မိမိ၏အမှားကို သိကိုသိလာရမည်ဖြစ်သည်။ အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သော ဖန်ဆင်းရှင်အား ဆန့်ကျင်ခြင်းသည် အချည်းနှီးဖြစ်ကြောင်း သမိုင်းက အကြိမ်ကြိမ် သက်သေထူခဲ့ပြီဖြစ်သည်။ (သု. ၂၁:၃၀ ကိုဖတ်ပါ။) သို့သော် စာတန်သည် အဆင်အခြင်ကင်းမဲ့စွာ စိတ်ကြီးဝင်၊ မာနထောင်လွှားကာ ယေဟောဝါကို ကျောခိုင်းခဲ့သည်။ ထို့ကြောင့် စာတန်သည် မလွဲမသွေပျက်စီးခြင်းကိန်းဆိုက်မည့်လမ်းစဉ်ကို တမင်တကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၆ နောက်ပိုင်းတွင် စာတန်၏ရောင့်တက်သော သဘောထားမျိုးကို ဗာဗုလုန်အုပ်စိုးရှင်တစ်ပါး တင်ပြခဲ့၏။ သူ၏ဝါကြွားမှုကို ဤသို့မှတ်တမ်းတင်ထားသည်– ‘ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက် တောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသော ဘုရားသခင်ကဲ့သို့ ငါနေမည်။’ (ဟေရှာ. ၁၄:၁၃-၁၅) ထိုအုပ်စိုးရှင်၏ ဆင်ခြင်ဉာဏ်ကင်းမဲ့သည့်အကြံအစည် မအောင်မြင်ဘဲ ဗာဗုလုန်မင်းဆက်သည် အရှက်တကွဲဖြင့်အဆုံးတိုင်သွားသည်။ အလားတူ စာတန်နှင့် သူ၏လောကသည် မကြာမီ လုံးလုံးရှုံးနိမ့်သည့်အဖြစ်သို့ ဆိုက်ရောက်တော့မည်။
ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြု
၇၊ ၈။ ဆိုးသွမ်းမှုတွေကို ခဏတာတည်ရှိဖို့ ယေဟောဝါခွင့်ပြုလိုက်ခြင်းကြောင့် ဘယ်လိုအကျိုးတွေ ရရှိခဲ့သလဲ။
၇ လူသားများ စာတန့်နောက်လိုက်ခြင်းနှင့် ကျိန်းသေကျဆုံးမည့် အုပ်ချုပ်ရေးနောက်လိုက်ခြင်းကို ယေဟောဝါ အဘယ်ကြောင့် မတားဆီးခဲ့သနည်းဟု လူအချို့ စဉ်းစားပေမည်။ အတိုင်းအဆမဲ့တန်ခိုးရှင်တစ်ပါးအနေနှင့် ကိုယ်တော် အမှန်ပင် ထိုသို့ပြုလုပ်နိုင်ပါသည်။ (ထွ. ၆:၃) သို့သော် ကိုယ်တော် ထိုသို့မလုပ်ခဲ့ချေ။ ကိုယ်တော်၏ဉာဏ်ပညာကြောင့် လူသားတို့၏ပုန်ကန်မှုတွင် အခိုက်အတန့်မျှ ဝင်မစွက်ဖက်ခြင်းက ရေရှည်အတွက် အကောင်းဆုံးဖြစ်သည်ကို ကိုယ်တော်သိရှိခဲ့သည်။ နောက်ဆုံးတွင် ယေဟောဝါသည် ဖြောင့်မတ်၍ မေတ္တာရှိသော အုပ်စိုးရှင်တစ်ပါးဖြစ်ကြောင်း သံသယကင်းရှင်းသွားမည်ဖြစ်ပြီး သစ္စာရှိသောလူသားများသည် ကိုယ်တော့်ဆုံးဖြတ်ချက်မှ အကျိုးခံစားကြရမည်ဖြစ်သည်။
၈ လူသားများသာ စာတန်၏သွေးဆောင်မှုကို ငြင်းပယ်ကာ ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံမည်ဟု အခိုင်အမာဆုံးဖြတ်ခဲ့မည်ဆိုလျှင် လူ့မိသားစုကြီးသည် ဆင်းရဲဒုက္ခကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော် လူသားများ မိမိတို့ဘာသာအုပ်ချုပ်ရန် အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုဖို့ ယေဟောဝါဆုံးဖြတ်ခဲ့ခြင်းဖြင့် အကျိုးများစွာ ရရှိစေခဲ့သည်။ ယင်းက ဘုရားသခင့်စကားတော်ကို နားထောင်ခြင်းနှင့် ကိုယ်တော့်ကိုယုံကြည်ကိုးစားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ကြောင်း စိတ်နှလုံးရိုးဖြောင့်သူများအား အမှန်ပင်စိတ်စွဲမှတ်စေသည်။ ရာစုနှစ်များတစ်လျှောက် လူသားများသည် အုပ်ချုပ်မှုအမျိုးမျိုးကို စမ်းသပ်ခဲ့ကြသော်လည်း အကောင်းဆုံးဟူ၍ တစ်ခုမျှမရှိပါ။ ဤအချက်က ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်ကြသော ဘုရားသခင်အား ဝတ်ပြုသူများ၏ယုံကြည်ချက်ကို ပို၍ခိုင်မာစေသည်။ စာတန်၏ဆိုးညစ်သောအုပ်စိုးမှုကို ယေဟောဝါခွင့်ပြုခဲ့သောကြောင့် ဘုရားသခင်အား သစ္စာရှိရှိဝတ်ပြုနေသူများ အပါအဝင် လူသားများ အခက်အခဲများ ကြုံတွေ့ရသည်မှာ မှန်ပါသည်။ သို့တိုင် ဆိုးသွမ်းမှုကို ယေဟောဝါ အခိုက်အတန့် ခွင့်ပြုခဲ့ခြင်းကြောင့် ဤသစ္စာရှိဝတ်ပြုသူများအတွက် အကျိုးဖြစ်ထွန်းခဲ့သည်။
ပုန်ကန်မှုဖြစ်သော်လည်း ယေဟောဝါအားဘုန်းထင်ရှားစေ
၉၊ ၁၀။ စာတန့်အုပ်ချုပ်မှုက ယေဟောဝါကို ဘယ်လို ဂုဏ်တင်မှုဖြစ်စေသလဲဆိုတာ ရှင်းပြပါ။
၉ လူသားများအား စာတန်၏လွှမ်းမိုးမှုခံရန်နှင့် မိမိတို့ဘာသာ အုပ်ချုပ်ရန်ခွင့်ပြုလိုက်ခြင်းသည် မည်သည့်နည်းဖြင့်မျှ ယေဟောဝါ၏အုပ်ချုပ်မှုနည်းလမ်းအပေါ် အယုံအကြည်မမဲ့စေပါ။ ယင်းအစား လူသားများ၌ မိမိတို့ဘာသာအုပ်ချုပ်နိုင်စွမ်းမရှိဟု ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုဖြင့် ယေရမိရေးသားခဲ့သည့်စကားများ မှန်ကန်ကြောင်း သမိုင်းကသက်သေထူသည်။ (ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။) ထို့ပြင် စာတန်၏ပုန်ကန်မှုလမ်းစဉ်က ယေဟောဝါ၏ မွန်မြတ်သောအရည်အသွေးများကို ပို၍သိသာထင်ရှားစွာ ပြသခွင့်ရရှိစေသည်။ မည်သို့အားဖြင့်နည်း။
၁၀ စာတန့်အုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခများက ယေဟောဝါ၏ ကောင်းမြတ်လှသောအရည်အသွေးများကို ပို၍သိသာထင်ရှားစွာ မြင်တွေ့စေသည်။ ဤနည်းဖြင့် ကိုယ်တော့်ကို ချစ်မြတ်နိုးသူများ၏အမြင်တွင် ကိုယ်တော်သည် ပို၍ဂုဏ်ရှိလာ၏။ ယင်းသည် ယုတ္တိရှိပုံမပေါက်သော်လည်း စာတန့်အုပ်ချုပ်ပုံနည်းလမ်းများသည် အမှန်ပင် ဘုရားသခင်ကို ဂုဏ်တင်မှုဖြစ်စေသည်။ ယေဟောဝါသည် မိမိ၏ပိုင်သအုပ်စိုးခွင့်အား အန်တုခြင်းကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းခဲ့ကြောင်း ယင်းက ပေါ်လွင်ထင်ရှားစေသည်။ ယင်းအချက်ကို ပို၍နားလည်စေရန် ယေဟောဝါ၏ အရည်အသွေးတော်တချို့ကို သုံးသပ်ကာ စာတန့်ဆိုးညစ်သောအုပ်ချုပ်မှုက ယေဟောဝါအား ဤအရည်အသွေးကောင်းများကို အခြားနည်းလမ်းများဖြင့်ပြသရန် မည်သို့လှုံ့ဆော်ပုံကို ကြည့်ကြစို့။
၁၁။ ယေဟောဝါက မိမိရဲ့မေတ္တာတော်ကို ဘယ်လို ပြသခဲ့သလဲ။
၁၁ မေတ္တာ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ” ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဖော်ပြထားသည်။ (၁ ယော. ၄:၈) လူသားများကို ဖန်ဆင်းခြင်းကိုယ်နှိုက်က ဘုရားသခင်၏မေတ္တာတော် ဖော်ပြချက်ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့ကို ထူးဆန်းအံ့ဩဖွယ်နည်းဖြင့် ဖန်ဆင်းထားခြင်းသည်လည်း ဘုရားသခင့်မေတ္တာတော်၏ သက်သေခံချက်ဖြစ်သည်။ လူသားများပျော်ရွှင်နိုင်ရန် လိုအပ်ရာမှန်သမျှပါရှိသည့် သာယာလှပသောစံအိမ်တစ်ခုကိုလည်း မေတ္တာဖြင့် ယေဟောဝါ ပြင်ဆင်ပေးတော်မူသည်။ (က. ၁:၂၉-၃၁; ၂:၈၊ ၉; ဆာ. ၁၃၉:၁၄-၁၆) သို့သော် လူ့မိသားစုတွင် ဆိုးသွမ်းမှုပေါ်ပေါက်လာသောအခါ ယေဟောဝါသည် မိမိ၏မေတ္တာတော်ကို နည်းလမ်းသစ်များဖြင့် ဖော်ပြတော်မူသည်။ မည်သို့အားဖြင့်နည်း။ တမန်တော်ယောဟန်က ယေရှုဤသို့ပြောခဲ့ကြောင်း ရေးသားခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာ၀ရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယော. ၃:၁၆) အပြစ်သားများကို ရွေးနုတ်ရန် မိမိ၏တစ်ပါးတည်းသောသားတော်ကို မြေကြီးပေါ်သို့စေလွှတ်ခြင်းထက် လူသားတို့ကိုချစ်ကြောင်းဖော်ပြသည့် အထင်းရှားဆုံးနည်းလမ်း ရှိနိုင်ပါဦးမည်လော။ (ယော. ၁၅:၁၃) ဤထူးမြတ်သော မေတ္တာဖော်ပြချက်သည်လည်း လူသားများအတွက် စံနမူနာဖြစ်သည်၊ ယင်းက ယေရှုပြုလုပ်ခဲ့သကဲ့သို့ပင် နေ့စဉ်အသက်တာတွင် ဘုရားသခင့်ကိုယ်ကျိုးစွန့်မေတ္တာကို တင်ပြနိုင်သည့် အခွင့်အရေး ရရှိစေသည်။—ယော. ၁၇:၂၅၊ ၂၆။
၁၂။ ယေဟောဝါရဲ့တန်ခိုးတော် ဘယ်လိုနည်းနဲ့ ထင်ရှားသလဲ။
၁၂ တန်ခိုးတော်။ ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်’ တစ်ပါးတည်းသာလျှင် အသက်ကို ဖန်ဆင်းနိုင်သည့်တန်ခိုး ရှိတော်မူ၏။ (ဗျာ. ၁၁:၁၇; ဆာ. ၃၆:၉) ဥပမာ၊ လူသားတစ်ဦး စတင်မွေးဖွားချိန်တွင် ၎င်းသည် ဘာမျှမရေးထားသောစာရွက်တစ်ရွက်နှင့်တူသည်။ သေဆုံးချိန်တွင် စာရွက်ပေါ်တွင် သူသည် မည်သို့သောလူစားမျိုးဖြစ်သည်ကိုဖော်ပြသည့် ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်မှုများ၊ ဘ၀အတွေ့အကြုံများဖြင့် ဖြည့်ထားပြီးဖြစ်သည်။ ထိုအချက်အလက်များကို ဘုရားသခင့်မှတ်ဉာဏ်ထဲတွင် သိမ်းဆည်းထားနိုင်သည်။ အချိန်တန်သော် ယေဟောဝါသည် ထို သူကို သူ၏ဘ၀ပုံစံအတိုင်း ပြန်ရှင်အောင်ပြုလုပ်ပေးနိုင်တော်မူသည်။ (ယော. ၅:၂၈၊ ၂၉) ထို့ကြောင့် သေခြင်းသည် ဘုရားသခင့်မူလရည်ရွယ်ချက် မဟုတ်သော်လည်း ယင်းက ဘုရားသခင်သည် သေလွန်သူများကို ပြန်ရှင်စေနိုင်သည့်တန်ခိုးရှိကြောင်း ဖော်ပြခွင့်ရရှိစေသည်။ ယေဟောဝါသည် အမှန်ပင် ကြီးမားသောတန်ခိုးရှင် ဖြစ်တော်မူ၏။
၁၃။ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်က ယေဟောဝါရဲ့ စုံလင်တဲ့တရားမျှတမှုကို ဘယ်လိုနည်းနဲ့ ဖော်ပြသလဲ။
၁၃ တရားမျှတခြင်း။ ယေဟောဝါသည် မုသားမသုံးသကဲ့သို့ မတရားလည်း ပြုတော်မမူချေ။ (တရား. ၃၂:၄; တိ. ၁:၂) ကိုယ်တော့်အဖို့ အကျိုးယုတ်စေသည့်အရာ ဖြစ်ပုံရလျှင်ပင် ကိုယ်တော်သည် အမှန်တရားနှင့် တရားမျှတခြင်းတွင် အမြင့်မားဆုံးစံနှုန်းကို အမြဲစွဲကိုင်တော်မူသည်။ (ရော. ၈:၃၂) ဘုရားသခင်အား စော်ကားပြောဆိုသူအဖြစ် စွပ်စွဲခံရကာ ညှဉ်းဆဲရာသစ်တိုင်ပေါ်တွင် မိမိ၏ချစ်သား အသေခံရသည်ကို မြင်တွေ့ရခြင်းသည် ယေဟောဝါအတွက် မည်မျှနာကျင်လိုက်မည်ဖြစ်ခြင်း။ သို့သော် မစုံလင်သောလူသားများကို ချစ်တော်မူသောကြောင့် ယေဟောဝါသည် မိမိ၏စုံလင်သော တရားမျှတခြင်းစံနှုန်းအရ ဤနာကျင်စေသောအဖြစ်အပျက်ကို လိုလိုလားလား ဖြစ်ပျက်ခွင့်ပြုခဲ့သည်။ (ရောမ ၅:၁၈-၂၁ ကိုဖတ်ပါ။) မတရားမှုဖြင့်ပြည့်နေသောလောက,က ယေဟောဝါသည် တရားမျှတမှုတင်ပြရာတွင် အကောင်းဆုံးစံနမူရှင်ဖြစ်ကြောင်း ပြသခွင့်ရရှိစေသည်။
၁၄၊ ၁၅။ ယေဟောဝါရဲ့အမြင့်မြတ်ဆုံး ဉာဏ်ပညာနဲ့ စိတ်ရှည်မှုကို ဘယ်လိုနည်းတွေနဲ့ ဖော်ပြခဲ့သလဲ။
၁၄ ဉာဏ်ပညာ။ အာဒံနှင့်ဧ၀ အပြစ်ပြုပြီးနောက် ချက်ချင်းပင် ယေဟောဝါသည် သူတို့၏ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးအားလုံးကို ချေဖျက်မည့်နည်းလမ်းကို ဖော်ပြတော်မူခဲ့သည်။ (က. ၃:၁၅) ဤသို့ ချက်ချင်းအရေးယူလုပ်ဆောင်မှုအပြင် ဤရည်ရွယ်ချက်၏အသေးစိတ်အချက်အလက်ကို မိမိ၏ကျေးကျွန်များအား အဆင့်ဆင့်ဖော်ပြခြင်းတွင် ယေဟောဝါ၏ဉာဏ်ပညာကို ထင်ထင်ရှားရှားတွေ့မြင်ရသည်။ (ရော. ၁၁:၃၃) ကိစ္စရပ်များကို အောင်မြင်စွာကိုင်တွယ်နိုင်သည့် ဘုရားသခင့်အစွမ်းကို အဘယ်အရာကမျှ မတားဆီးနိုင်ပါ။ အကျင့်ပျက်မှု၊ စစ်ပွဲ၊ မတရားမှု၊ အာဏာဖီဆန်မှု၊ အကြင်နာကင်းမဲ့မှု၊ ဘက်လိုက်မှု၊ အရေခြုံမှုတို့နှင့် ပြည့်နှက်နေသောလောကတွင် ယေဟောဝါသည် မိမိ၏ဖန်ဆင်းခံသတ္တဝါများအား စစ်မှန်သောဉာဏ်ပညာသည် အဘယ်အရာဖြစ်ကြောင်း ပြသနိုင်သည့် အခွင့်အရေးများစွာရရှိသည်။ တပည့်ဖြစ်သူ ယာကုပ်က ဤသို့ဆိုသည်– “အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ နာခံရန်အသင့်ရှိ၏။ သနားကြင်နာခြင်းနှင့်လည်းကောင်း၊ ကောင်းသောအကျင့်များနှင့်လည်းကောင်း ပြည့်စုံ၏။ မျက်နှာလိုက်ခြင်းမရှိ။ အရေခြုံခြင်းမရှိ။”—ယာ. ၃:၁၇။
၁၅ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်း။ လူတို့၏မစုံလင်မှု၊ အပြစ်များနှင့် ချို့ယွင်းချက်များကို ယေဟောဝါကိုင်တွယ်ဖြေရှင်းရာတွင် ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအရည်အသွေး ပို၍ပေါ်လွင်ထင်ရှားသည်။ ယေဟောဝါသည် နှစ်ထောင်နှင့်ချီ၍ ထိုသို့လိုလိုလားလားပြုလုပ်ခဲ့ခြင်းက ကိုယ်တော်တွင် ဤထူးမြတ်လှသော အရည်အသွေးများ အပြည့်ဝဆုံးပိုင်ဆိုင်ထားကြောင်း ပြသခဲ့ပြီး ယင်းအတွက် ကိုယ်တော့်ကို ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်လေးမြတ်သင့်သည်။ တမန်တော်ပေတရုက “ငါတို့သခင်၏ စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်” သင့်သည်ဟု တော်မှန်စွာ ဖော်ပြခဲ့သည်။—၂ ပေ. ၃:၉၊ ၁၅။
၁၆။ ယေဟောဝါ လိုလိုလားလားခွင့်လွှတ်ခြင်းက ဘာကြောင့် ရွှင်လန်းစရာအကြောင်းဖြစ်သလဲ။
၁၆ လိုလိုလားလားခွင့်လွှတ်ခြင်း။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ယာ. ၃:၂; ၁ ယော. ၁:၈၊ ၉) ယေဟောဝါသည် “အထူးသဖြင့် အပြစ်ကိုလွှတ်” ရန် လိုလိုလားလား ရှိတော်မူသောကြောင့် အလွန်ကျေးဇူးတင်လေးမြတ်သင့်သည်။ (ဟေရှာ. ၅၅:၇) ဤအချက်ကိုလည်း စဉ်းစားကြည့်ပါ– မစုံလင်သောအပြစ်သားများအဖြစ် မွေးဖွားခံရလျက်နှင့် ဘုရားသခင်၏ခွင့်လွှတ်မှုခံရသောကြောင့် ကျွန်ုပ်တို့သည် အလွန်ရွှင်လန်းနိုင်ကြသည်။ (ဆာ. ၅၁:၅၊ ၉၊ ၁၇) ယေဟောဝါ၏နွေးထွေးသော ဤအရည်အသွေးတော်ကို ကိုယ်တိုင်ခံစားရခြင်းဖြင့် ကိုယ်တော်အား ပို၍ချစ်မြတ်နိုးလာကာ အခြားသူများနှင့်ဆက်ဆံရာတွင် ကိုယ်တော်၏ပုံသက်သေကိုတုပရန် ကျွန်ုပ်တို့ အားပေးခံရသည်။—ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။
သားများဖြစ်ကြပြီး ကြိမ်ဖန်များစွာ မှားတတ်ကြ၏။ (ဤလောက အဘယ်ကြောင့် ဤမျှဆိုးသွမ်းနေရ
၁၇၊ ၁၈။ စာတန့်အုပ်ချုပ်ပုံနည်းလမ်းက ဘာကြောင့်ကျရှုံးခဲ့တာလဲ။
၁၇ စာတန့်လောကစနစ်တစ်ခုလုံးသည် ရာစုနှစ်များတစ်လျှောက်တွင် အကြိမ်ကြိမ်ပင် ကျရှုံးခဲ့သည်။ စာတန့်သြဇာလွှမ်းမိုးမှုအောက်တွင် ကျွန်ုပ်တို့၏ကနဦးမိဘတို့သည် ယေဟောဝါ၏အုပ်ချုပ်မှုအစား လူ့အုပ်ချုပ်မှုကို ရွေးချယ်ခဲ့သည်။ ဤနည်းအားဖြင့် သူတို့သည် မအောင်မြင်နိုင်သည့် အုပ်ချုပ်ပုံနည်းလမ်းများကို ပေါ်ပေါက်စေခဲ့သည်။ ကမ္ဘာတစ်ဝန်းမှလူတို့ နာကျင်မှုနှင့် ဆင်းရဲဒုက္ခများခံစားနေရခြင်းက လူ့အုပ်ချုပ်ရေးသည် လုံးလုံးကျရှုံးနေကြောင်း ဖော်ပြသည်။
၁၈ စာတန့်အုပ်ချုပ်မှုနည်းလမ်းသည် တစ်ကိုယ်ကောင်းဆန်သောနည်းဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် မေတ္တာကို ဘယ်တော့မျှ အနိုင်မယူနိုင်ပါ။ မေတ္တာသည် ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်းဖြစ်သည်။ စာတန့်အုပ်ချုပ်နည်းသည် တည်ငြိမ်မှု၊ ပျော်ရွှင်မှု သို့မဟုတ် လုံခြုံမှုကို မရရှိစေနိုင်ပါ။ ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်းသာလျှင် တော်တည့်မှန်ကန်ကြောင်း ထင်ရှားပေါ်လွင်ပါသည်။ ယင်းအတွက် ခေတ်သစ်အထောက်အထားရှိပါသလော။ နောက်ဆောင်းပါးတွင် ယင်းကို တွေ့ရပါလိမ့်မည်။
အောက်ပါကျမ်းချက်တွေကိုဖတ်ပြီး ကျွန်ုပ်တို့ ဘာတွေကို သိရှိခဲ့သလဲ
• ရောမ ၁၃:၁၊ ၂။
• သု. ၂၁:၃၀။
• ယေရမိ ၁၀:၂၃။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၅ ပါရုပ်ပုံ]
စာတန့်အုပ်ချုပ်ရေးက လူသားတွေကို ဘယ်တော့မှအကျိုးမပြု
[Credit lines]
U.S. Army photo
WHO photo by P. Almasy
[စာမျက်နှာ ၂၆ ပါရုပ်ပုံ]
ယေဟောဝါမှာ လူသေတွေကို ထမြောက်ပေးနိုင်တဲ့တန်ခိုးရှိ
[စာမျက်နှာ ၂၇ ပါရုပ်ပုံ]
သားတော်ရဲ့ရွေးနုတ်ဖိုးမှာ ယေဟောဝါရဲ့ မေတ္တာနဲ့ တရားမျှတခြင်းထင်ရှား