မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်း မှန်ကန်ကြောင်း သက်သေထင်ရှားပြီ

ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်း မှန်ကန်ကြောင်း သက်သေထင်ရှားပြီ

ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်း မှန်ကန်ကြောင်း သက်သေထင်ရှားပြီ

‘အမြင့်ဆုံးသောဘုရားသခင်သည် လောကနိုင်ငံကို အုပ်စိုးတော်မူသည်။’—ဒံ. ၄:၁၇

၁၊ ၂။ လူ့အုပ်ချုပ်ရေး ဘာကြောင့်ရှုံးနိမ့်ရတာလဲ။

လူ့အုပ်ချုပ်ရေးသည် ကျရှုံးလေပြီ။ ယင်းကို သံသယရှိစရာမလိုပေ။ ယင်းသို့ကျရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ လူသားတို့တွင် အောင်မြင်စွာအုပ်ချုပ်နိုင်သည့်ဉာဏ်ပညာ မရှိသောကြောင့်ဖြစ်သည်။ လူ့အုပ်ချုပ်မှုကျရှုံးနေခြင်းကို ယနေ့ အထင်အရှား တွေ့မြင်ရသည်။ အကြောင်းမှာ လူသားအုပ်စိုးရှင်များစွာသည် ‘ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ သစ္စာမရှိသူ၊ ကျေးဇူးကန်းသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူနှင့် မာနထောင်လွှားသူ’ များဖြစ်ကြောင်း တင်ပြသောကြောင့်ဖြစ်သည်။—၂ တိ. ၃:၂-၄

ကြာမြင့်စွာကတည်းက ကျွန်ုပ်တို့၏ ကနဦးမိဘသည် ဘုရားသခင်၏အုပ်ချုပ်ပုံနည်းလမ်းကို ငြင်းပယ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် လွတ်လပ်မှုကို ရွေးချယ်ခြင်းဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။ အမှန်တကယ်တွင်မူ သူတို့သည် စာတန်၏အုပ်ချုပ်ပုံနည်းလမ်းကို လက်အောက်ခံခဲ့ကြခြင်းဖြစ်သည်။ “ဤလောကကို အစိုးရသောမင်း” စာတန်သည် လူသားတို့၏တလွဲအုပ်ချုပ်ပုံအပေါ် နှစ်ခြောက်ထောင်ကြာ အရှိန်အဝါကြီးစွာ ကြီးစိုးလာခဲ့ရာ ယင်းက လူ့သမိုင်းတွင် ကျွန်ုပ်တို့အား အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိစေခဲ့ပြီဖြစ်သည်။ (ယော. ၁၂:၃၁) ယနေ့ လူသားထုအခြေအနေနှင့် ပတ်သက်၍ ၂၀ ရာစု အောက်စ်ဖို့ဒ်သမိုင်းစာအုပ်က ဤသို့ဆိုသည်– “စုံလင်ပြည့်ဝသောကမ္ဘာကို ရှာဖွေခြင်း” သည် အချည်းနှီးသာဖြစ်သည်။ “တွေ့ရှိဖို့မဆိုထားနှင့် ယင်းကို ရရှိဖို့ကြိုးစားခြင်းသည် ဘေးဒုက္ခ၊ အကြွင်းမဲ့အာဏာရှင်ဝါဒနှင့် အဆိုးဆုံးစစ်ပွဲများကို ဖြစ်ပွားစေခဲ့ပြီ။” ပွင့်လင်းသော ဖွင့်ဟဝန်ခံချက်ပါတကား။

၃။ အာဒံနှင့်ဧဝတို့သာ အပြစ်မပြုလုပ်ခဲ့ရင် ဘုရားသခင်အုပ်ချုပ်မှုပုံစံနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ဘာပြောနိုင်သလဲ။

ကျွန်ုပ်တို့၏ ကနဦးမိဘသည် တစ်ခုတည်းသော အောင်မြင်သည့်အုပ်ချုပ်ရေးဖြစ်သည့် ဘုရားသခင်၏ အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့ကြသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ အကယ်၍ အာဒံနှင့်ဧဝသာ ဘုရားသခင်အပေါ် ဆက်၍သစ္စာရှိသွားမည်ဆိုလျှင် ယေဟောဝါသည် ကမ္ဘာမြေကြီးကို မည်သို့စီမံအုပ်ချုပ်သွားမည်ကို ကျွန်ုပ်တို့ အတိအကျမသိနိုင်သည်မှာ မှန်ပါသည်။ သို့သော် ဘုရားသခင်သည် လူသားတို့ကို မေတ္တာပါပြီး ဘက်လိုက်မှုမရှိဘဲ အုပ်ချုပ်သွားမည်မှာ သေချာသည်။ (တ. ၁၀:၃၄; ၁ ယော. ၄:၈) ဘုရားသခင်၏ အနှိုင်းမဲ့ဉာဏ်ပညာကိုကြည့်ခြင်းဖြင့် လူသားတို့သည် ယေဟောဝါ၏အုပ်ချုပ်မှုအောက် ဆက်ရှိခဲ့ကြမည်ဆိုလျှင် လူ့အုပ်စိုးမှုကို ထောက်ခံအားပေးသူများကြောင့် ဖြစ်ပေါ်လာသည့် အမှားအားလုံးကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သေချာပါသည်။ ဘုရားသခင့်အုပ်ချုပ်မှုဖြစ်သော သီအိုကရေစီအုပ်ချုပ်ရေးသည် “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” ရာ၌ အောင်မြင်ပါလိမ့်မည်။ (ဆာ. ၁၄၅:၁၆) အချုပ်ဆိုရလျှင် ယင်းသည် စုံလင်သောအုပ်ချုပ်မှုတစ်ခု ဖြစ်ခဲ့ပါလိမ့်မည်။ (တရား. ၃၂:၄) လူသားများ ယင်းအုပ်ချုပ်ရေးကို ငြင်းဆန်ခဲ့ကြခြင်းသည် ဝမ်းနည်းစရာပင်။

၄။ အဘယ်အတိုင်းအတာအထိ အုပ်ချုပ်ဖို့ စာတန်ကို ခွင့်ပြုခဲ့သလဲ။

သို့တိုင် မှတ်သားစရာကောင်းသည်မှာ ယေဟောဝါသည် လူသားတို့အား မိမိကိုယ်ကိုအုပ်ချုပ်ခွင့်ပေးသော်လည်း ဖန်ဆင်းခံသတ္တဝါများအပေါ် ကိုယ်တော့်အုပ်ချုပ်ပိုင်ခွင့်ကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ပေ။ တန်ခိုးအာဏာကြီးမားသည့် ဗာဗုလုန်ရှင်ဘုရင်ပင်လျှင် ‘အမြင့်ဆုံးသောဘုရားသခင်သည် လောကနိုင်ငံကို အုပ်စိုးတော်မူသည်’ ဟူ၍ မဖြစ်မနေ အသိအမှတ်ပြုခဲ့ရသည်။ (ဒံ. ၄:၁၇) အဆုံးတွင် ဘုရားသခင်၏နိုင်ငံတော်သည် ကိုယ်တော့်အလိုတော်ကို ပြည့်စုံစေပါလိမ့်မည်။ (မ. ၆:၁၀) သို့သော် ယေဟောဝါသည် စာတန်ပေါ်ပေါက်စေခဲ့သည့် အရေးကိစ္စအတွက် ကျေနပ်ဖွယ်အဖြေပေးနိုင်ရန်အလို့ငှာ ထိုဆန့်ကျင်သူကို ‘ဤလောကစနစ်၏ ဘုရားသခင်’ အဖြစ် အခိုက်အတန့် ခွင့်ပြုခဲ့သည်။ (၂ ကော. ၄:၄; ၁ ယော. ၅:၁၉) မည်သို့ပင်ဆိုစေ စာတန်သည် ဘယ်သောအခါမျှ ယေဟောဝါခွင့်ပြုသည်ထက် ပို၍လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ (၆ ရာ. ၂၀:၆; ယောဘ ၁:၁၁၊၁၂; ၂:၃-၆ နှင့်နှိုင်းယှဉ်ပါ။) ဘုရားသခင်၏ရန်သူကြီး အုပ်ချုပ်နေသည့်လောကတွင် အသက်ရှင်နေကြရသည့်တိုင် ဘုရားသခင်အား လက်အောက်ခံရန် ရွေးချယ်သူများ အမြဲရှိခဲ့သည်။

အစ္စရေးလူမျိုးအပေါ် ဘုရားသခင့်အုပ်ချုပ်မှု

၅။ အစ္စရေးလူတွေ ဘုရားသခင်ကို ဘယ်သစ္စာကတိပြုခဲ့ကြသလဲ။

အာဗေလလက်ထက်မှ အစ္စရေးလူမျိုးပေါ်ပေါက်လာချိန်အထိ သစ္စာရှိသူအချို့သည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော့်အမိန့်တော်များကို နာခံခဲ့ကြသည်။ (ဟေဗြဲ ၁၁:၄-၂၂) မောရှေခေတ်တွင် ယေဟောဝါသည် ဘိုးဘေးယာကုပ်၏ သားမြေးများနှင့် ပဋိညာဉ်ဖွဲ့ခဲ့ပြီး သူတို့သည် အစ္စရေးလူမျိုးဖြစ်လာသည်။ ဘီစီအီး ၁၅၁၃ ခုနှစ်တွင် အစ္စရေးလူမျိုးသည် မိမိတို့ကိုယ်တိုင်နှင့် သူတို့၏သားစဉ်မြေးဆက်များပါ ယေဟောဝါအား အုပ်စိုးရှင်အဖြစ်လက်ခံကြောင်းကို ‘ယေဟောဝါမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည်ပြုပါမည်’ ဟုဆိုကာ သစ္စာကတိပြုခဲ့ကြသည်။—ထွ. ၁၉:၈

၆၊ ၇။ အစ္စရေးလူမျိုးကို ဘုရားသခင်အုပ်ချုပ်ပုံက ဘယ်လိုထူးခြားသလဲ။

အစ္စရေးလူမျိုးအား ကိုယ်တော့်လူမျိုးအဖြစ် ရွေးချယ်ရာ၌ ယေဟောဝါတွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ (တရားဟောရာ ၇:၇၊ ၈ ကိုဖတ်ပါ။) ယင်းရွေးချယ်မှုတွင် အစ္စရေးလူမျိုး၏ အကျိုးထက်မက ပါဝင်ပတ်သက်သည်။ သာ၍အရေးကြီးသည့်အရာမှာ ဘုရားသခင့်နာမတော်နှင့် ကိုယ်တော့်ပိုင်သအုပ်စိုးမှုဖြစ်သည်။ အစ္စရေးလူမျိုးသည် ယေဟောဝါတစ်ပါးတည်းသာ စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း သက်သေအဖြစ် လုပ်ဆောင်ခဲ့သည်။ (ဟေရှာ. ၄၃:၁၀; ၄၄:၆-၈) ထို့ကြောင့် ယေဟောဝါသည် ထိုလူမျိုးအား ‘သင်တို့သည် သင်တို့၏ဘုရားသခင် ယေဟောဝါအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ယေဟောဝါသည် မြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက် ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ’ ဟုမိန့်တော်မူခဲ့သည်။—တရား. ၁၄:၂

အစ္စရေးလူမျိုးအား ဘုရားသခင်အုပ်ချုပ်ရာတွင် သူတို့၏မစုံလင်မှုကိုလည်း ထည့်တွက်စဉ်းစားပေးသည်။ တစ်ချိန်တည်းတွင် ကိုယ်တော်၏ပညတ်များသည် စုံလင်ပြီး ပညတ်ပေးရှင်၏ အရည်အသွေးများကို ထင်ဟပ်ဖော်ပြသည်။ မောရှေမှတစ်ဆင့်ပေးခဲ့သော ယေဟောဝါ၏ ပညတ်များတွင် ဘုရားသခင်၏ သန့်ရှင်းမှု၊ တရားမျှတမှု၊ ခွင့်လွှတ်ရန်တလိုတလားရှိမှုနှင့် စိတ်ရှည်မှုတို့ အထင်အရှားပေါ်လွင်သည်။ နောက်ပိုင်း ယောရှုနှင့် သူ့လူမျိုးဆက်အချိန်တွင် ထိုလူမျိုးသည် ယေဟောဝါ၏ ပညတ်တော်များကိုနာခံခဲ့ကြသောကြောင့် ငြိမ်းချမ်းမှုနှင့် ဘုရားသခင့်ကောင်းချီးများစွာ ခံစားခဲ့ကြရသည်။ (ယောရှု ၂၄:၂၁၊ ၂၂၊ ၃၁) အစ္စရေးလူမျိုးသမိုင်း၏ ထိုအချိန်ကာလတွင် ယေဟောဝါအုပ်ချုပ်ပုံနည်းလမ်း အောင်မြင်သည်ကို အထင်အရှားတွေ့မြင်နိုင်သည်။

များစွာပေးဆက်ရသည့် လူ့အုပ်ချုပ်မှု

၈၊ ၉။ အစ္စရေးလူမျိုးတွေက ဘယ်ပညာမဲ့တဲ့ တောင်းဆိုမှုပြုလုပ်ခဲ့သလဲ၊ ဘာရလဒ်ရရှိခဲ့သလဲ။

အချိန်ကြာလာသည်နှင့်အမျှ အစ္စရေးလူမျိုးသည် ဘုရားသခင့်အုပ်ချုပ်မှုကို မကြာခဏ ကျောခိုင်းခဲ့ကြပြီး ကိုယ်တော်၏ ကွယ်ကာမှုဆုံးရှုံးခဲ့ကြသည်။ အဆုံးတွင် ပရောဖက်ရှမွေလမှတစ်ဆင့် မျက်မြင်ရ လူသားအုပ်စိုးရှင်တစ်ပါးကို သူတို့တောင်းဆိုခဲ့ကြသည်။ ယေဟောဝါသည် ရှမွေလအား သူတို့တောင်းဆိုရာကိုပေးရန် မိန့်တော်မူခဲ့သည်။ သို့သော် ယေဟောဝါက ဤသို့မိန့်ဆိုခဲ့သည်– “သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။” (၁ ရာ. ၈:၇) ယေဟောဝါသည် အစ္စရေးလူမျိုးအား မျက်မြင်ရဘုရင်တစ်ပါးရှိရန် ခွင့်ပြုခဲ့သော်လည်း လူသားဘုရင်အုပ်ချုပ်သည့်အတွက် များစွာပေးဆက်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။—၁ ဓမ္မရာဇဝင် ၈:၉-၁၈ ကိုဖတ်ပါ။

ယေဟောဝါ၏ သတိပေးချက်မှန်ကန်ကြောင်း သမိုင်းကသက်သေထူသည်။ အထူးသဖြင့် ဘုရင်သည် သစ္စာမရှိသောအခါ လူသားဘုရင်တစ်ပါး အုပ်စိုးခြင်းသည် အစ္စရေးလူမျိုးအဖို့ ကြီးလေးသောပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။ အစ္စရေးလူမျိုး၏ ပုံနမူနာကို စိတ်စွဲမှတ်ကာ ခေတ်ကာလတစ်လျှောက် ယေဟောဝါကိုမသိသည့် လူသားများလက်ထဲရှိ အုပ်ချုပ်ရေးသည် တည်မြဲသောကောင်းကျိုးကို မဆောင်ကြဉ်းပေးနိုင်သည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ မှန်ပါသည်၊ နိုင်ငံရေးသမားအချို့သည် ငြိမ်သက်မှုနှင့် လုံခြုံမှုရရှိရန် သူတို့၏လုပ်ဆောင်မှုများအပေါ် ဘုရားသခင်ကောင်းချီးပေးဖို့ တောင်းလျှောက်ကြသည်။ သို့သော် ကိုယ်တော်၏ အုပ်ချုပ်ပုံနည်းလမ်းအား လက်အောက်မခံသူတို့ကို ဘုရားသခင် မည်သို့ကောင်းချီးပေးနိုင်ပါမည်နည်း။—ဆာ. ၂:၁၀-၁၂

ဘုရားသခင့်အုပ်ချုပ်မှုအောက်ရှိ လူမျိုးသစ်တစ်မျိုး

၁၀။ အစ္စရေးလူမျိုးကို ဘုရားသခင်ရွေးချယ်ထားတဲ့လူမျိုးနဲ့ ဘာကြောင့် အစားထိုးခဲ့သလဲ။

၁၀ အစ္စရေးလူမျိုးသည် ယေဟောဝါအား သစ္စာရှိရှိဝတ်မပြုလိုကြောင်း ထင်ရှားလာသည်။ နောက်ဆုံးတွင် သူတို့သည် ဘုရားသခင်၏ ခန့်အပ်ခံမေရှိယအား ငြင်းပယ်ခဲ့သောကြောင့် ယေဟောဝါသည် သူတို့ကိုငြင်းပယ်ကာ သူတို့၏နေရာတွင် အသစ်ဖွဲ့စည်းထားသောလူမျိုးဖြင့် အစားထိုးရန် ရည်ရွယ်ခဲ့သည်။ ရလဒ်အနေနှင့် စီအီး ၃၃ ခုနှစ်တွင် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများဖြစ်သည့် ဘိသိက်ပေးခံရသူများဖြင့် ဖွဲ့စည်းထားသော ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့သည်။ ထိုအသင်းတော်သည် ယေဟောဝါ၏ အုပ်ချုပ်ခွင့်အာဏာအောက်ရှိ လူမျိုးအသစ်တစ်မျိုးဖြစ်လာလေသည်။ ပေါလုက ယင်းလူမျိုးကို “ဘုရားသခင်၏ အစ္စရေးလူမျိုး” ဟုခေါ်ဆိုခဲ့သည်။—ဂလ. ၆:၁၆

၁၁၊ ၁၂။ အစ္စရေးလူမျိုးနဲ့ “ဘုရားသခင်၏ အစ္စရေးလူမျိုး” ကြားမှာ ကြီးကြပ်မှုနဲ့ပတ်သက်ပြီး ဘာဆင်တူချက်တွေရှိသလဲ။

၁၁ မူလအစ္စရေးလူမျိုးနှင့် “ဘုရားသခင်၏ အစ္စရေးလူမျိုး” အကြားတွင် တူညီချက်နှင့် ကွာခြားချက်နှစ်မျိုးစလုံးရှိသည်။ ရှေးအစ္စရေးလူမျိုးများနှင့်မတူဘဲ ခရစ်ယာန်အသင်းတော်တွင် မည်သည့်လူသားဘုရင်မျှမရှိပါ၊ အပြစ်သားများအတွက် တိရစ္ဆာန်ယဇ်များ ပူဇော်ရန်လည်းမလိုပေ။ အစ္စရေးလူမျိုးနှင့် ခရစ်ယာန်အသင်းတော်အကြား ဆင်တူချက်တစ်ခုမှာ အသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများအစီအစဉ်ရှိခြင်းဖြစ်သည်။ (ထွ. ၁၉:၃-၈) ထိုအကြီးအကဲများသည် သိုးတော်စုကို အစိုးတရမပြုကြပါ။ ထို့ပြင် သူတို့သည် အသင်းတော်ကို ထိန်းကျောင်းကြပြီး ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် တလိုတလား ဦးဆောင်ကြသည်။ သူတို့သည် အသင်းတော်ရှိယောက်တိုင်းအား ဂုဏ်တင်လေးစား၍ မေတ္တာပါပါဆက်ဆံကြသည်။—၂ ကော. ၁:၂၄; ၁ ပေ. ၅:၂၊ ၃

၁၂ အစ္စရေးလူမျိုးနှင့် ဘုရားသခင်ဆက်ဆံပုံနည်းလမ်းကို စဉ်းစားတွေးတောခြင်းဖြင့် “ဘုရားသခင်၏ အစ္စရေးလူမျိုး” အဖွဲ့ဝင်များနှင့် သူတို့၏ “အခြားသိုး” အပေါင်းပါများသည် ယေဟောဝါနှင့် ကိုယ်တော်၏အုပ်ချုပ်ပုံနည်းလမ်းအပေါ် ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားလာပါလိမ့်မည်။ (ယော. ၁၀:၁၆) ဥပမာအနေနှင့် အစ္စရေးအုပ်စိုးရှင်များသည် သူတို့၏လက်အောက်ခံများအပေါ် အကောင်းတွင်ရော အဆိုးတွင်ပါ ဩဇာလွှမ်းမိုးခဲ့ကြကြောင်း သမိုင်းကဖော်ပြသည်။ ထိုအချက်ကို ကောင်းစွာသိမှတ်ကာ ခရစ်ယာန်များကို ဦးဆောင်နေသူများသည် ရှေးဘုရင်များကဲ့သို့ အုပ်ချုပ်သူများ မဟုတ်သော်လည်း ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောပုံသက်သေကို အစဉ်အမြဲချမှတ်ကြရမည်ဖြစ်သည်။—ဟေဗြဲ ၁၃:၇

ယနေ့ ယေဟောဝါ၏အုပ်ချုပ်ပုံ

၁၃။ ၁၉၁၄ ခုနှစ်မှာ ဘယ်အရေးကြီးတဲ့အဖြစ်အပျက် ဖြစ်ခဲ့သလဲ။

၁၃ ယနေ့ ခရစ်ယာန်များသည် ကမ္ဘာတစ်ဝန်းတွင် လူ့အုပ်ချုပ်မှု အဆုံးတိုင်တော့မည်ဖြစ်ကြောင်း ကြွေးကြော်နေကြသည်။ ၁၉၁၄ ခုနှစ်၌ ယေဟောဝါသည် ကောင်းကင်တွင် ကိုယ်တော်၏ခန့်အပ်ခံဘုရင် ယေရှုခရစ်လက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ ထိုအချိန်တွင် ကိုယ်တော်သည် ယေရှုအား “အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း” ထွက်သွားရန် အာဏာအပ်နှင်းခဲ့သည်။ (ဗျာ. ၆:၂) ထိုနန်းတက်စဘုရင်သည် “ရန်သူတို့၏အလယ်၌ အုပ်စိုး” ရန်မိန့်မှာခံခဲ့ရသည်။ (ဆာ. ၁၁၀:၂) ဝမ်းနည်းစရာမှာ လူမျိုးတို့သည် ယေဟောဝါ၏အုပ်ချုပ်မှုကို လက်အောက်ခံရန် တစ်သမတ်တည်း ငြင်းဆန်ခဲ့ကြသည်။ သူတို့သည် ‘ယေဟောဝါမရှိ’ သကဲ့သို့ ဆက်လုပ်ဆောင်ခဲ့ကြသည်။—ဆာ. ၁၄:၁

၁၄၊ ၁၅။ (က) ယနေ့ ဘုရားသခင့်နိုင်ငံတော်က ကျွန်ုပ်တို့ကို ဘယ်လို အုပ်ချုပ်နေသလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘာမေးခွန်းတွေ မေးသင့်သလဲ။ (ခ) ယနေ့အချိန်မှာတောင် ဘုရားသခင့်အုပ်ချုပ်ရေးရဲ့ သာလွန်ကောင်းမွန်မှုကို ဘယ်လိုမြင်တွေ့နေရသလဲ။

၁၄ “ဘုရားသခင်၏ အစ္စရေးလူမျိုး” ဖြစ်သော ဘိသိက်ပေးခံရသည့်အဖွဲ့ဝင် အနည်းငယ် ကျန်ရှိနေပြီး ယေရှု၏ညီတော်များအနေနှင့် သူတို့သည် “ခရစ်တော်၏ကိုယ်စား သံအမတ်များ” အဖြစ် ဆက်၍လုပ်ဆောင်နေကြသည်။ (၂ ကော. ၅:၂၀) သူတို့သည် သစ္စာနှင့်သတိပညာရှိကျွန်အဖြစ် ခန့်အပ်ခံရပြီး မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသော သန်းနှင့်ချီတိုးများလာသည့် ခရစ်ယာန်လူအုပ်ကြီးနှင့် ဘိသိက်ပေးခံရသူများကို ဂရုစိုက်စောင့်ရှောက်ကာ ပုံဆောင်အစားအစာ ကျွေးမွေးကြသည်။ (မ. ၂၄:၄၅-၄၇; ဗျာ. ၇:၉-၁၅) ယနေ့ စစ်မှန်သောဝတ်ပြုသူများ ခံစားနေရသော ကောင်းချီးများက ထိုအစီအစဉ်ကို ယေဟောဝါနှစ်သက်ကြောင်း ထင်ရှားသည်။

၁၅ ကျွန်ုပ်တို့တစ်ဦးချင်းစီသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ခရစ်ယာန်အသင်းတော်အတွင်းမှာ ငါထမ်းဆောင်သင့်တဲ့ တာဝန်တွေကို ငါ ကောင်းကောင်းသိရဲ့လား။ ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းတွေကို ငါခြွင်းချက်မရှိ ထောက်ခံနေသလား။ ယေဟောဝါအုပ်စိုးမယ့် နိုင်ငံတော်လက်အောက်ခံ တစ်ဦးဖြစ်ရတဲ့အတွက် ငါဂုဏ်ယူသလား။ အခြားသူတွေကို ငါ တတ်နိုင်သမျှ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အခိုင်အမာ ဆုံးဖြတ်ထားသလား။’ အုပ်စုလိုက်အနေနှင့် ကျွန်ုပ်တို့သည် အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအတိုင်း တလိုတလားလက်အောက်ခံကာ အသင်းတော်ရှိ ခန့်အပ်ခံအကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ ထိုနည်းများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အုပ်ချုပ်ပုံနည်းလမ်းကို လက်ခံကြောင်း ပြသကြသည်။ (ဟေဗြဲ ၁၃:၁၇ ကိုဖတ်ပါ။) ကွဲပြားနေသည့်ဤလောကအလယ်တွင် တလိုတလားလက်အောက်ခံခြင်းကြောင့် ရရှိလာသည့် စည်းလုံးမှုသည် ထူးခြားလှပေသည်။ ယင်းက ငြိမ်းချမ်းမှုနှင့် ဖြောင့်မတ်မှုကို ဖြစ်ထွန်းစေသောကြောင့် ယေဟောဝါအားဂုဏ်တင်ကာ ကိုယ်တော်၏အုပ်ချုပ်ရေးသည်သာ အကောင်းဆုံးဖြစ်ကြောင်း ဖော်ပြသည်။

ယေဟောဝါ၏အုပ်ချုပ်မှု အောင်ပွဲခံ

၁၆။ ယနေ့ လူတွေအားလုံး ဘယ်ဆုံးဖြတ်ချက် ချဖို့လိုသလဲ။

၁၆ ဧဒင်တွင် ပေါ်ပေါက်ခဲ့သောအရေးကိစ္စကို အပြီးသတ်ဖြေရှင်းတော့မည့်အချိန် နီးကပ်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် လူတို့ဆုံးဖြတ်ချက်တစ်ခု ချရမည့်အချိန် ဖြစ်သည်။ တစ်ဦးချင်းစီသည် ယေဟောဝါ၏ အုပ်ချုပ်ပုံနည်းလမ်းကို လက်ခံမည်လော သို့မဟုတ် လူ့အုပ်ချုပ်ရေးကို ဖက်တွယ်ထားမည်လောဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ မှန်ကန်သည့်ဆုံးဖြတ်ချက်ချနိုင်ရန် စိတ်နှလုံးရိုးဖြောင့်သူများကို ကူညီပေးရခြင်းသည် ကျွန်ုပ်တို့အတွက် အခွင့်ထူးဖြစ်သည်။ များမကြာမီ အာမဂေဒုန်တွင် ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်းသည် စာတန့်သြဇာလွှမ်းမိုးမှုအောက်ရှိ လူ့အစိုးရများကို အပြီးသတ်အစားထိုးပါလိမ့်မည်။ (ဒံ. ၂:၄၄၊ ၄၅; ဗျာ. ၁၆:၁၆) လူ့အုပ်စိုးမှု အဆုံးတိုင်မည်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် ကမ္ဘာမြေတစ်ခုလုံးကို အုပ်ချုပ်ပါလိမ့်မည်။ အပြည့်ဝဆုံးသဘောဖြင့် ယေဟောဝါ၏ အုပ်ချုပ်ပုံနည်းလမ်းသည် တော်တည့်မှန်ကန်ကြောင်း သက်သေထင်ရှားလာပါလိမ့်မည်။—ဗျာ. ၂၁:၃-၅ ကိုဖတ်ပါ။

၁၇။ အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး စိတ်နှိမ့်ချသူတွေ ဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့ ဘယ်အချက်တွေက ထောက်ကူပေးမလဲ။

၁၇ ယေဟောဝါ၏ မျက်နှာသာရရှိဖို့ ဆုံးဖြတ်ချက်မချရသေးသူများသည် လူသားတို့အတွက် ဘုရားသခင့်အုပ်ချုပ်ပုံနည်းလမ်းမှ ရရှိမည့်အကျိုးကျေးဇူးများကို ဆုတောင်းသုံးသပ်သင့်သည်။ လူ့အုပ်စိုးမှုသည် အကြမ်းဖက်မှုအပါအဝင် ရာဇဝတ်မှုပြဿနာများကို မဖြေရှင်းပေးနိုင်ပါ။ ဘုရားသခင့်အုပ်ချုပ်မှုသည် ကမ္ဘာမြေတစ်ခွင်မှ ဆိုးညစ်မှုများကို ဖယ်ရှားပေးပါလိမ့်မည်။ (ဆာ. ၃၇:၁၊ ၂၊) လူ့အုပ်ချုပ်မှုက စစ်ပွဲများတရစပ်ဖြစ်ပွားစေသော်လည်း ဘုရားသခင့်အုပ်ချုပ်မှုက “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေ’’ ပါလိမ့်မည်။ (ဆာ. ၄၆:၉) ဘုရားသခင့်အုပ်ချုပ်မှုက လူသားတို့နှင့် တိရစ္ဆာန်များကိုပင် ပြန်လည်သင့်မြတ်စေပါလိမ့်မည်။ (ဟေရှာ. ၁၁:၆-၉) ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မှုတို့သည် လူ့အုပ်ချုပ်မှုအောက်တွင် သမားရိုးကျ မြင်တွေ့နေရသည့်အရာများဖြစ်သော်လည်း ဘုရားသခင့်အုပ်ချုပ်မှုက ယင်းတို့ကို ဖယ်ရှားပစ်ပါလိမ့်မည်။ (ဟေရှာ. ၆၅:၂၁) လူ့အုပ်စိုးရှင်များတွင် ရည်ရွယ်ချက်ကောင်းများရှိကြသော်လည်း ဖျားနာခြင်းနှင့် သေခြင်းကိုမူ မဖယ်ရှားပေးနိုင်ကြချေ၊ သို့သော် ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် အိုမင်းသူနှင့် ဖျားနာသူတို့သည် တစ်ဖန်ပြန်၍ လူငယ့်အားမာန်ဖြင့် ပြည့်၀လာကြမည်ဖြစ်သည်။ (ယောဘ ၃၃:၂၅; ဟေရှာ. ၃၅:၅၊ ၆) အမှန်ပင် ကမ္ဘာမြေကြီးသည် ပရဒိသုဘုံတစ်ခုဖြစ်လာပြီး သေလွန်သူများပင် ရှင်ပြန်ထမြောက်လာကြမည်။—လု. ၂၃:၄၃; တ. ၂၄:၁၅

၁၈။ ယေဟောဝါရဲ့အုပ်ချုပ်ပုံနည်းလမ်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ယုံကြည်ကြောင်း ဘယ်လိုတင်ပြနိုင်ကြသလဲ။

၁၈ ဘုရားသခင့်အုပ်ချုပ်မှုသည် ကျွန်ုပ်တို့၏ ကနဦးမိဘကို ဖန်ဆင်းရှင်ထံမှ သွေဖယ်သွားအောင် သွေးထိုးခဲ့သည့် စာတန်ကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးအားလုံးကို ပယ်ဖျက်ပေးမည်ဖြစ်သည်။ စာတန်သည် နှစ်ပေါင်း ၆,၀၀၀ ကြာ ဘေးဒုက္ခများကို ဖြစ်ပေါ်စေခဲ့သော်လည်း ဘုရားသခင်သည် အနှစ် ၁,၀၀၀ အတွင်း ထိုဘေးဒုက္ခများကို ခရစ်တော်အားဖြင့် ဖယ်ရှားမည်။ ဘုရားသခင့်အုပ်ချုပ်ပုံနည်းလမ်း သာလွန်ကောင်းမြတ်ကြောင်းဖော်ပြသည့် အကောင်းဆုံးသက်သေပါတကား။ ဘုရားသခင်၏ သက်သေများအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို အုပ်စိုးရှင်အဖြစ် လက်ခံကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်ရှင်ပုံအားဖြင့် နေ့ရက်တိုင်း၊ နာရီတိုင်း ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများဖြစ်ကြောင်း၊ ကိုယ်တော်၏နိုင်ငံတော်အား လက်အောက်ခံကြောင်းနှင့် ကိုယ်တော်၏သက်သေများဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း ပြသကြပါစို့။ ယေဟောဝါ၏ အုပ်ချုပ်ပုံနည်းလမ်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း နားထောင်လိုသူမည်သူ့ကိုမဆို ပြောပြရန်အခွင့်အရေးမှန်သမျှကို အသုံးပြုကြပါစို့။

ဘုရားသခင့်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး အောက်ပါကျမ်းချက်တွေကနေ ကျွန်ုပ်တို့ဘာသင်ယူနိုင်သလဲ

တရားဟောရာ ၇:၇၊ ၈

၁ ဓမ္မရာဇဝင် ၈:၉-၁၈

ဟေဗြဲ ၁၃:၁၇

ဗျာ. ၂၁:၃-၅

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ယေဟောဝါက မိမိရဲ့အုပ်ချုပ်ပိုင်ခွင့်ကို အမြဲဆုပ်ကိုင်ထား

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို တလိုတလား လက်အောက်ခံခြင်းက ကမ္ဘာချီစည်းလုံးစေ