မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်၏ဝါဒဖြန့်မှုကို တွန်းလှန်ပါ

စာတန်၏ဝါဒဖြန့်မှုကို တွန်းလှန်ပါ

စာတန်၏ဝါဒဖြန့်မှုကို တွန်းလှန်ပါ

‘လှည့်စားခံမနေကြနဲ့။ မင်းတို့ရဲ့ဘုရားသခင်က မင်းတို့ကို ကူညီမှာမဟုတ်ဘူး။ လက်နက်ချလိုက်၊ မဟုတ်ရင် ဒုက္ခရောက်သွားမယ်။’ ဤကား အာရှုရိရှင်ဘုရင် သနာခရိပ်၏တမန် ရာဗာရှာခက ဂျေရုဆလင်မြို့သားများအား ပြောသောစကားများဖြစ်သည်။ ဘုရင်၏စစ်တပ်သည် ယုဒပြည်သို့ ကျူးကျော်ဝင်ရောက်လာသည်။ တမန်၏စကားများက ဂျေရုဆလင်မြို့သူမြို့သားတို့၏စိတ်ဓာတ်ကို ပျက်ပြားစေပြီး လက်လျှော့အရှုံးပေးအောင် ခြောက်လှန့်ဖို့ တမင်ကြံရွယ်ခြင်းဖြစ်သည်။—၄ ရာ. ၁၈:၂၈-၃၅

အာရှုရိလူတို့သည် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ကြီးသည်။ သူတို့သည် သုံ့ပန်းများအား မည်သို့ရက်စက်သည်ကို ကြောက်စရာကောင်းအောင် အသေးစိတ်ပြောပြခြင်းဖြင့် ရန်သူများအား ထိတ်လန့်စေကြသည်။ သမိုင်းပညာရှင် ဖိလစ်တေလာ၏အဆိုအရ သူတို့သည် “မိမိတို့အနိုင်ရထားသူတို့ကို ထိတ်လန့်ကြောက်ရွံ့စေရာတွင်နှင့် မိမိတို့၏ရန်သူဖြစ်လာနိုင်သည့်သူများအား ခြိမ်းခြောက်ရာတွင် မိမိတို့သည် မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း သတင်းလွှင့်ခြင်းအားဖြင့် မဟုတ်မမှန်ဝါဒဖြန့်မှုပါဝင်သော ခြိမ်းခြောက်နည်းကို” အသုံးပြုကြသည်။ ဝါဒဖြန့်မှုသည် အစွမ်းထက်သောလက်နက်ဖြစ်၏။ “လူတို့၏စဉ်းစားတွေးခေါ်ပုံကို ပျက်ပြားစေသည်” ဟု တေလာကဆိုသည်။

ခရစ်ယာန်စစ်များသည် “အသွေးအသားဖြစ်သောလူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြသည်မဟုတ်။” ဘုရားသခင်အား ပုန်ကန်သည့် နာမ်ဝိညာဉ်သတ္တဝါများဖြစ်သော “နတ်ဆိုးများ” နှင့်ဆိုင်ပြိုင်တိုက်လှန်နေကြရသည်။ (ဧ. ၆:၁၂) ၎င်းတို့ထဲမှ အဓိကပုဂ္ဂိုလ်မှာ စာတန်ဖြစ်သည်။ သူသည်လည်း ခြောက်လှန့်မှုနှင့် ဝါဒဖြန့်မှုကို တွဲအသုံးပြုသည်။

ကျွန်ုပ်တို့တစ်ဦးစီ၏ တည်ကြည်မှုကို ချိုးဖျက်နိုင်သည်ဟု သူအခိုင်အမာပြောဆိုသည်။ ရှေးဘိုးဘေး ယောဘခေတ်တွင် ယေဟောဝါဘုရားသခင်အား သူဤသို့ပြောခဲ့သည်– “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။” အခြားတစ်နည်းဖြင့်ပြောရလျှင် လူတစ်ဦးသည် ဖိအားအတော်အတန်ပေးခံရမည်ဆိုလျှင် အနှေးနှင့်အမြန် ဘုရားသခင်အား သစ္စာဖောက်လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ (ယောဘ ၂:၄) စာတန်မှန်သလော။ ဖိအားများသည် ခံနိုင်သည့်အတိုင်းအတာထက် ကျော်လွန်သွားလျှင် ကျွန်ုပ်တို့အားလုံးသည် ဆက်အသက်ရှင်နိုင်ဖို့ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို စွန့်လွှတ်လိုက်မည်လော။ စာတန်သည် ကျွန်ုပ်တို့ကို ထိုသို့ပင် ယူဆစေလိုသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲ ထိုအယူအဆ မသိမသာစိမ့်ဝင်စေသော ဝါဒဖြန့်မှုကို သူအသုံးပြုသည်။ ထိုသို့ပြုလုပ်သော သူ၏နည်းလမ်းအချို့နှင့် ကျွန်ုပ်တို့ မည်သို့တွန်းလှန်နိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

သူတို့သည် “မြေမှုန့် ၌တည်” ၏

စာတန်သည် ယောဘ၏မိတ်ဆွေတစ်ဦးဖြစ်သူ ဧလိဖတ်ကိုသုံး၍ လူသည် ခုခံတွန်းလှန်နိုင်စွမ်းမရှိသူဖြစ်ကြောင်း ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ လူသည် “မြေမှုန့်၌တည်၍ မြေအိမ်ထဲတွင်နေလျက် ပိုးရွထက်ပင် ကြေမွလွယ်သောသူ” များဖြစ်ကာ “တစ်နေ့ချင်းတွင် ကြေမွခြင်းခံရတတ်ကြ၏။ အဘယ်သူမျှ ပမာဏမပြုဘဲ ထာ၀ရပျက်စီးခြင်းသို့ ရောက်တတ်သည်” ဟု ယောဘအား ပြောခဲ့သည်။—ယောဘ ၄:၁၉၊ ၂၀သမ္မာ။

အခြားကျမ်းချက်များတွင် ကျွန်ုပ်တို့သည် ရွှံ့ဖြင့်ပြုလုပ်ထားသော ကွဲလွယ်သည့် “မြေအိုးများ” နှင့်တူသည်ဟု ဖော်ပြထား၏။ (၂ ကော. ၄:၇) ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်းကို အမွေခံထားရသောကြောင့် အားနည်းကြသည်။ (ရော. ၅:၁၂) စာတန်၏တိုက်ခိုက်မှုများကို မိမိဘာသာ မတွန်းလှန်နိုင်ချေ။ သို့သော် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အကူအညီမဲ့မဟုတ်ကြပါ။ ကျွန်ုပ်တို့သည် အားနည်းကြသော်လည်း ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိသည်။ (ဟေရှာ. ၄၃:၄) ထို့ပြင် ယေဟောဝါသည် တောင်းသောသူတို့အား ကိုယ်တော်၏ သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူသည်။ (လု. ၁၁:၁၃) ကိုယ်တော်၏စွမ်းအားတော်သည် ကျွန်ုပ်တို့ကို “သာမန်ထက်ထူးကဲသောတန်ခိုး” ပေးနိုင်ပြီး ကျွန်ုပ်တို့အပေါ် စာတန်ကျရောက်စေသည့် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ဖြေရှင်းနိုင်ပါသည်။ (၂ ကော. ၄:၇; ဖိ. ၄:၃) “ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံ” ကာ စာတန်ကို အခိုင်အမာ တိုက်လှန်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြံ့ခိုင်သန်စွမ်းစေပါလိမ့်မည်။ (၁ ပေ. ၅:၈-၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် စာတန်ကို ကြောက်စရာမလိုပါ။

လူသည် “ဒုစရိုက်အပြစ်ကိုသောက်” ၏

“လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း” ဟု ဧလိဖတ်ကမေးခဲ့သည်။ ထို့နောက် သူ ဤသို့ဖြေခဲ့သည်– “ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌ မစင်ကြယ်။ သို့ဖြစ်လျှင် ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကိုသောက်လျက် ဆိုးညစ်ရွံရှာဖွယ်သောလူသတ္တဝါ၌ အဘယ်ဆိုဖွယ်ရှိသနည်း။” (ယောဘ ၁၅:၁၄-၁၆) ယေဟောဝါသည် မည်သည့်လူသားတစ်ဦးကိုမျှ ဖြောင့်မတ်သည်ဟု မသတ်မှတ်ကြောင်း ဧလိဖတ်က ယောဘအား ပြောခဲ့သည်။ စာတန်သည်လည်း အပျက်သဘောထားကို အသုံးပြုသည်။ သူသည် ကျွန်ုပ်တို့၏အတိတ်မှ အမှားများအတွက် စိုးရိမ်ပူပန်စေလိုပြီး ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းအပြစ်တင်ကာ ကျွန်ုပ်တို့သည် အဖတ်ဆယ်၍မရတော့ဟု ယူဆစေလိုသည်။ ထို့ပြင် သူက ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ မတန်တဆတောင်းဆိုပြီး သနားကြင်နာမှု၊ ခွင့်လွှတ်မှု၊ ထောက်မမှုတွင်မူ နည်းပါးသည်ဟု ယူမှတ်စေလိုသည်။

ကျွန်ုပ်တို့အားလုံးသည် အပြစ်ကျူးလွန်တတ်ကြသည်မှာ မှန်ပါသည်။ မစုံလင်သည့် မည်သည့်လူသားတစ်ဦးကမျှ ယေဟောဝါ၏စုံလင်သောစံနှုန်းကို မပြည့်မီနိုင်ပါ။ (ရော. ၃:၂၃; ၇:၂၁-၂၃) သို့သော် ယင်းကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် တန်ဖိုးမရှိဟု မဆိုလိုပါ။ “စာတန်ခေါ် မူလမြွေ” သည် ကျွန်ုပ်တို့၏မစုံလင်သောအခြေအနေကို အခွင့်ကောင်းယူလိုကြောင်း ယေဟောဝါ သိတော်မူ၏။ (ဗျာ. ၁၂:၉၊ ၁၀) ကျွန်ုပ်တို့သည် “မြေမှုန့်” ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသောကြောင့် ကျွန်ုပ်တို့ကို “အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။”—ဆာ. ၁၀၃:၈၊ ၉၊ ၁၄

ကျွန်ုပ်တို့သည် ဆိုးညစ်သောလမ်းစဉ်ကို စွန့်လွှတ်ကာ ကြေကွဲသောနှလုံး၊ နောင်တစိတ်နှင့် ယေဟောဝါထံ ချဉ်းကပ်ပါက ကိုယ်တော်သည် “အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။” (ဟေရှာ. ၅၅:၇; ဆာ. ၅၁:၁၇) ကျွန်ုပ်တို့၏အပြစ်များသည် “နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်” ဟု သမ္မာကျမ်းစာကဆိုသည်။ (ဟေရှာ. ၁:၁၈) ထို့ကြောင့် ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ဘယ်တော့မျှ လက်မလျှော့ဖို့ စိတ်ပိုင်းဖြတ်ထားကြစို့။

ကျွန်ုပ်တို့၏မစုံလင်မှုအခြေအနေကြောင့် ဘုရားသခင့်ရှေ့တော်တွင် ဖြောင့်မတ်သောအနေအထား ဘယ်တော့မျှ မရနိုင်ပါ။ စုံလင်မှုနှင့် ထာ၀ရအသက်ရှင်နိုင်သည့် အလားအလာကို အာဒံနှင့်ဧ၀တို့သာမက ကျွန်ုပ်တို့အားလုံးပါ ဆုံးရှုံးခဲ့ရသည်။ (ရော. ၆:၂၃) သို့သော် လူတို့အပေါ်ထားရှိသော ယေဟောဝါ၏ကြီးမားလှသည့် မေတ္တာတော်ကြောင့် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ရန် ကိုယ်တော် အစီအစဉ်ပြုလုပ်ခဲ့သည်၊ ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြမည်ဆိုလျှင် ခွင့်လွှတ်ခံရမည်ဖြစ်သည်။ (မ. ၂၀:၂၈; ယော. ၃:၁၆) ဘုရားသခင်၏ “မဟာကရုဏာ” ဖော်ပြချက်ပါတကား။ (တိ. ၂:၁၁) ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခံရနိုင်ပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် အပြစ်မှခွင့်လွှတ်မှုမခံရနိုင်ဟု စဉ်းစားစေလိုသည့် စာတန်ကို အဘယ်ကြောင့် ခွင့်ပြုမည်နည်း။

‘သူ့အရိုးနှင့်သူ့အသားကို ထိခိုက်လျှင်’

ယောဘ၏ကျန်းမာရေး ထိခိုက်လျှင် သူ၏ယုံကြည်ခြင်းကို စွန့်လွှတ်လိမ့်မည်ဟု စာတန် အခိုင်အမာပြောခဲ့သည်။ စာတန်သည် ယေဟောဝါကို စိန်ခေါ်၍ ဤသို့ပြောခဲ့သည်– “သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။” (ယောဘ ၂:၅) ကျွန်ုပ်တို့သည် မကျန်းမာသောကြောင့် အသုံးမဝင်သူဖြစ်သည်ဟု ခံစားရလျှင် ဘုရားသခင့်ရန်သူသည် အလွန်ပျော်နေမည်မှာ သေချာပါသည်။

သို့သော် ကိုယ်တော်၏အမှုတော်တွင် ကျွန်ုပ်တို့ ယခင်ကလောက် မပါဝင်နိုင်တော့သည့်အတွက် ယေဟောဝါ ကျွန်ုပ်တို့ကို ငြင်းပယ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့မိတ်ဆွေတစ်ဦး ရုတ်တရက်ဖျားနာလာသည် သို့မဟုတ် ထိခိုက်ဒဏ်ရာရသည်ဆိုလျှင် မည်သို့နည်း။ သူယခင်ကလောက် ကျွန်ုပ်တို့အတွက် မလုပ်ဆောင်ပေးနိုင်သောကြောင့် သူ့အပေါ် တန်ဖိုးထားစိတ် လျော့နည်းသွားမည်လော။ ထိုသို့မဟုတ်သည်မှာ သေချာသည်။ အထူးသဖြင့် သူသည် ထိခိုက်ဒဏ်ရာရနေသည့်ကြားမှ ကျွန်ုပ်တို့အကျိုးအတွက် တစ်စုံတစ်ခုလုပ်ဆောင်ပေးရန် ကြိုးစားသည်ဆိုလျှင် ကျွန်ုပ်တို့သည် သူ့ကို ဆက်ပြီး ချစ်မြတ်နိုးကာ ဂရုစိုက်ကြည့်ရှုမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါထံမှ ထိုမျှလောက်ပင် မမျှော်လင့်နိုင်ပေလော။ “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသော မေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်” ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည်။—ဟေဗြဲ ၆:၁၀

သမ္မာကျမ်းစာတွင် ဘုရားသခင့်ဝတ်ပြုရေးကို နှစ်ပေါင်းများစွာ ထောက်မခဲ့ပုံရသည့် “ဆင်းရဲသောမုဆိုးမတစ်ဦး” အကြောင်းဖော်ပြထားသည်။ ဝတ်ပြုရာအိမ်တော် အလှူငွေပုံးထဲသို့ “အလွန်တန်ဖိုးနည်းသော ဒ င်္ဂါး ငယ်နှစ်ပြား” ထည့်နေသည်ကို ယေရှုမြင်သောအခါ သူနှင့် သူ၏အလှူငွေသည် အဖိုးမတန်ဟု ကိုယ်တော် ယူဆခဲ့သလော။ ယင်းအစား သူ့အခြေအနေကခွင့်ပြုသလောက် စစ်မှန်သောဝတ်ပြုရေးကို ထောက်မမှုအတွက် ကိုယ်တော် သူ့ကို အလွန်ချီးမွမ်းခဲ့လေသည်။—လု. ၂၁:၁-၄

ကျွန်ုပ်တို့သည် မစုံလင်မှုကြောင့် မည်မျှပင် အသက်ကြီးပြီး ဖျားနာနေပါစေ ကျွန်ုပ်တို့၏တည်ကြည်မှုကို ဆက်ထိန်းသိမ်းပါက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ဆက်တည်မြဲနေမည်မှာ သေချာပါသည်။ ဒုက္ခဝေဒနာများ ခံစားရသောကြောင့် ကိုယ်တော့်အမှုတော်တွင် အကန့်အသတ်ဖြင့်သာပါဝင်နိုင်သော သစ္စာရှိသူတို့ကို ဘုရားသခင် ဘယ်တော့မျှ စွန့်ပစ်တော်မူမည်မဟုတ်ချေ။—ဆာ. ၇၁:၉၊ ၁၇၊ ၁၈

“ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကို” လက်ခံပါ

စာတန့်ဝါဒဖြန့်မှုမှ မိမိကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘သခင်ထံတော်မှ တန်ခိုးတော်ကိုခံယူလျက် အစွမ်းခွန်အား တိုးပွားနေကြလော့။ စာတန်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်နိုင်ရန် ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြလော့။’ ချပ်ဝတ်တန်ဆာထဲမှ တစ်ခုမှာ “ကယ်တင်ခြင်းတည်းဟူသော သံခမောက်” ဖြစ်သည်။ (ဧ. ၆:၁၀၊ ၁၁၊ ၁၇) စာတန်၏ဝါဒဖြန့်မှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် သံခမောက်ကိုလက်ခံပြီး ဝတ်ဆင်ထားကြောင်း သေချာစေသင့်သည်။ စစ်သားတစ်ဦး၏ သံခမောက်သည် သူ၏ဦးခေါင်းကို ကာကွယ်ပေးသည်။ ကမ္ဘာသစ်နှင့်ပတ်သက်သည့် ဘုရားသခင့် ကတိတော်ပြည့်စုံခြင်းအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုဖြစ်သော “ကယ်တင်ခြင်းမျှော်လင့်ချက်” သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို စာတန်၏မုသားများမှ ကာကွယ်ပေးပါလိမ့်မည်။ (၁ သက်. ၅:၈) ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ ကိုယ်ပိုင်လေ့လာမှုကို ဝီရိယရှိရှိလုပ်ဆောင်ခြင်းဖြင့် ဤမျှော်လင့်ချက်ကို တောက်ပနေစေရမည်။

ယောဘသည် စာတန်ထံမှလာသော ရက်စက်၍ စက်ဆုပ်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ ယောဘ၏ ရှင်ပြန်ထမြောက်ခြင်းယုံကြည်ချက်သည် အလွန်ခိုင်ခံ့သောကြောင့် သေခြင်းကပင် သူ့ကို စိတ်ပျက်အားလျော့အောင် မလုပ်နိုင်ခဲ့ချေ။ ယင်းအစား ယေဟောဝါအား သူဤသို့ပြောခဲ့သည်– “အကျွန်ုပ်ကို ခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့်ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်။” (ယောဘ ၁၄:၁၅သမ္မာ) သမာဓိစောင့်သိသောကြောင့် ယောဘ သေဆုံးရလျှင်ပင် ဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များကိုချစ်သောကြောင့် သူတို့ကို ရှင်ပြန်ထမြောက်စေမည်ဟု ယောဘယုံကြည်ခဲ့သည်။

ကျွန်ုပ်တို့လည်း ဘုရားသခင်အပေါ် ထိုသို့သောယုံကြည်စိတ်ချမှုမျိုး ရှိနိုင်ပါစေ။ စာတန်နှင့် သူ၏ကိုယ်စားလှယ်များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်သော မည်သည့်အရာကိုမဆို ယေဟောဝါချေဖျက်ပေးနိုင်သည်။ ထို့ပြင် ပေါလု၏ ဤအာမခံချက်ကိုလည်း သတိရပါ– “ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။”—၁ ကော. ၁၀:၁၃

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

သင့်သစ္စာရှိဝတ်ပြုမှုကို ယေဟောဝါတန်ဖိုးထား

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

ယုံကြည်ခြင်းသံခမောက်ကို လက်ခံပြီး ဝတ်ဆင်ထားပါ