မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

မည်သို့သောအခြေအနေများကြောင့် ပြန်နှစ်ခြင်းခံရန် စဉ်းစားသုံးသပ်နိုင်သနည်း။

နှစ်ခြင်းခံပြီးသူတစ်ဦးသည် တချို့သောအခြေအနေများကြောင့် မိမိနှစ်ခြင်း၏ တရားဝင်ဖြစ်မှုကို သုံးသပ်ကာ ပြန်နှစ်ခြင်းခံရန် စဉ်းစားပေမည်။ ဥပမာ၊ တစ်စုံတစ်ဦးသည် နှစ်ခြင်းခံချိန်တွင် တရားဝင်နှစ်ခြင်းခံပြီးသားဖြစ်လျှင် နှင်ထုတ်ခံရနိုင်သည့် အခြေအနေတွင်ရှိနေ သို့မဟုတ် အကျင့်တစ်ခုကို ပြုကျင့်နေသော်လည်း ယင်းကိုလျှို့ဝှက်ထားခဲ့ပေမည်။ ထိုသို့သော အခြေအနေများတွင် ဘုရားသခင်ထံ အပ်နှံနိုင်မည်လော။ ထိုကဲ့သို့သောသူတစ်ဦးသည် သမ္မာကျမ်းစာနှင့်မညီသောအမူအကျင့်ကို ဆက်၍မပြုကျင့်တော့မှသာလျှင် ယေဟောဝါထံ တရားဝင်အပ်နှံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ကြီးမားသည့်အတားအဆီးရှိလျက်နှင့် နှစ်ခြင်းခံခဲ့သူတစ်ဦးသည် ပြန်၍နှစ်ခြင်းခံသင့်၊ မသင့်ကို သုံးသပ်ခြင်းသည် သင့်လျော်ပေမည်။

တစ်စုံတစ်ဦးသည် နှစ်ခြင်းခံချိန်တွင် အပြစ်ပြုကျင့်ခြင်းမရှိသော်လည်း နှစ်ခြင်းခံပြီးနောက်ပိုင်းတွင် တရားရေးကော်မတီဖွဲ့ရန်လိုအပ်သည့် အပြစ်ပြုကျင့်သူတစ်ဦးဖြစ်လျှင်ကော အသို့နည်း။ ထိုသူက သူနှစ်ခြင်းခံချိန်တွင် သူအဘယ်အရာလုပ်ဆောင်သည်ကို အပြည့်အဝ သဘောမပေါက်ခဲ့ဟုဆိုကာ သူ၏နှစ်ခြင်းသည် အမှန်တကယ်တရားမဝင်ဟု ဆိုပေမည်။ အကြီးအကဲများသည် အမှားပြုသူနှင့် တွေ့ဆုံချိန်တွင် သူ၏နှစ်ခြင်းသည် တရားမဝင်ဟူသည့် သဘောသက်ရောက်သော မေးခွန်းများသော်လည်းကောင်း၊ သူ၏အပ်နှံခြင်းနှင့်နှစ်ခြင်း တရားဝင်မဝင်နှင့်ပတ်သက်၍ သူမည်သို့ခံစားရသနည်းဟူသည့်မေးခွန်းများကိုသော်လည်းကောင်း မမေးသင့်ပါ။ အမှန်ဆိုလျှင် သူသည် နှစ်ခြင်း၏အရေးကြီးမှုနှင့်ပတ်သက်သည့် ကျမ်းစာဟောပြောချက်တစ်ခုကို ကြားခဲ့ပြီးဖြစ်သည်။ အပ်နှံခြင်း၊ နှစ်ခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းများကို သဘောတူကြောင်း ဖြေဆိုခဲ့ပြီးဖြစ်သည်။ ထို့နောက် သူသည် ရေတွင် ကိုယ်တိုင်ကိုယ်ကျ နှစ်ခြင်းခံခဲ့သည်။ သို့ဖြစ်၍ သူလုပ်ဆောင်ခဲ့သည့်အရာ၏ အရေးကြီးမှုကို သူအပြည့်အဝသဘောပေါက်ခဲ့သည်ဟု ကျိုးကြောင်းဆီလျော်စွာ ယူမှတ်နိုင်ပါသည်။ ထို့ကြောင့် အကြီးအကဲများသည် ထိုသူအား နှစ်ခြင်းခံပြီးသူတစ်ဦးအဖြစ် ဆက်ဆံပါမည်။

တစ်စုံတစ်ဦးက မိမိ၏နှစ်ခြင်းသည် တရားမဝင်ဟူ၍ ပြောဆိုလှာပါက အကြီးအကဲများသည် ပြန်၍နှစ်ခြင်းခံခြင်းအကြောင်းကို အသေးစိတ်ဆွေးနွေးသုံးသပ်ထားသည့် ကင်းမျှော်စင် မတ် ၁၊ ၁၉၆၀၊ စာမျက်နှာ ၁၅၉ နှင့် ၁၆၀ နှင့် ဖေဖော်ဝါရီ ၁၅၊ ၁၉၆၄၊ စာမျက်နှာ ၁၂၃ မှ ၁၂၆ [အင်္ဂလိပ်] ကိုအသေအချာသုံးသပ်ရန် လမ်းညွှန်ပေမည်။ အဆုံးတွင် (နှစ်ခြင်းခံချိန်၌ သမ္မာကျမ်းစာကို ကောင်းစွာနားလည်သဘောပေါက်မှုမရှိခဲ့ခြင်း ကဲ့သို့သော) တစ်စုံတစ်ရာသောအခြေအနေကြောင့် ပြန်၍နှစ်ခြင်းခံခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။

ခရစ်ယာန်များသည် စုပေါင်းနေထိုင်ဖို့ လိုအပ်လာသည့်အခါ အဘယ်အချက်များကို သုံးသပ်သင့်သနည်း။

လူတိုင်း နေထိုင်ဖို့ နေရာတစ်နေရာလိုအပ်သည်။ သို့သော် ယနေ့အချိန်တွင် များစွာသောသူတို့သည် ကိုယ်ပိုင်အိမ်မရှိကြပါ။ လူတစ်ဦး၏ စီးပွားရေးအခြေအနေ၊ ကျန်းမာရေး သို့မဟုတ် အခြားအချက်များကြောင့် ဆွေမျိုးအတော်များများအပါအဝင် မိသားစုဝင်များနှင့် အတူတကွနေထိုင်ဖို့ လိုအပ်လာပေမည်။ ကမ္ဘာ့ဒေသအချို့တွင် ဆွေမျိုးသားချင်းများသည် လွတ်လပ်မှုမရှိသလောက်ဖြစ်သော အခန်းတစ်ခုတွင် ပြွတ်သိပ်နေထိုင်ကြပေမည်။

ယေဟောဝါ၏အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းရှိအသင်းတော်အားလုံးအတွက် စုပေါင်းနေထိုင်ခြင်းနှင့်ပတ်သက်သော သင့်တော်သည့်စည်းမျဉ်းရှည်ကြီးကို ပြင်ဆင်ပေးရန် တာဝန်မရှိပါ။ စုပေါင်းနေထိုင်ရန် မိမိတို့ပြုလုပ်ထားသောအစီအစဉ်များသည် ဘုရားသခင် နှစ်သက်သည်၊ မနှစ်သက်သည်ကိုသိနိုင်ရန် ကျမ်းစာမူများကိုသုံးသပ်ဖို့ ခရစ်ယာန်များကို အားပေးပါသည်။ ကျမ်းစာမူတချို့မှာ အဘယ်နည်း။

သုံးသပ်သင့်သည့် အဓိကအချက်မှာ အခြားသူများနှင့်အတူနေထိုင်ခြင်းသည် ကျွန်ုပ်တို့ကိုရော ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကိုပါ ထိခိုက်နိုင်သည် ဟူသည့်အချက်ဖြစ်သည်။ အတူနေထိုင်ရမည့်သူတို့မှာ မည်သို့သောသူတို့နည်း။ သူတို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများလော။ သူတို့သည် သမ္မာကျမ်းစာစံနှုန်းများနှင့်အညီ နေထိုင်ကြပါသလော။ “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” ဟု တမန်တော်ပေါလုရေးခဲ့သည်။—၁ ကော. ၁၅:၃၃

ယေဟောဝါသည် မတရားမေထုန်ပြုခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကို ပြစ်တင်ရှုတ်ချကြောင်း သမ္မာကျမ်းစာ၌ဖော်ပြထားသည်။ (ဟေဗြဲ ၁၃:၄) ထို့ကြောင့် လက်မထပ်ထားသော ဆန့်ကျင်ဘက်လိင်ရှင်များသည် ခင်ပွန်း၊ ဇနီးအလား အတူတကွစုပေါင်းအိပ်သည့် မည်သည့်အစီအစဉ်ကိုမဆို ဘုရားသခင်လက်မခံသည်မှာ ရှင်းနေပါသည်။ အကျင့်ယိုယွင်းမှုကို သည်းခံခွင့်ပြုသည့်နေရာတွင် ခရစ်ယာန်တစ်ဦး နေထိုင်လိုမည်မဟုတ်ပေ။

ထို့ပြင် ဘုရားသခင့်မျက်နှာသာရလိုသူအားလုံးသည် “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြ” ရန် သမ္မာကျမ်းစာက တိုက်တွန်းသည်။ (၁ ကော. ၆:၁၈) ထို့ကြောင့် ခရစ်ယာန်များသည် အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရနိုင်သည့် မည်သည့်စုပေါင်းနေထိုင်ခြင်းအစီအစဉ်ကိုမဆို ရှောင်ကြဉ်ခြင်းသည် ပညာရှိရာရောက်သည်။ ဥပမာ၊ အိမ်တစ်အိမ်တည်းတွင် ခရစ်ယာန်အချို့ အတူနေထိုင်သည့်အခြေအနေကို သုံးသပ်ကြည့်ပါ။ ထိုတွင်နေထိုင်ခြင်းသည် ကြိုတင်မမြင်နိုင်သော အခြေအနေများကြောင့် သွေးဆောင်မှုအဖြစ်သို့ ရောက်ရှိသွားနိုင်သလော။ ပုံမှန်ဆိုလျှင် အခြားသူများ ရှိနေမည်ဖြစ်သော်လည်း ထိုသူတို့ခေတ္တခဏမရှိချိန်တွင် လက်မထပ်ထားသူနှစ်ဦးတည်းသာ ရှိနေသည့်အခြေအနေမျိုးဖြစ်နေပါက အသို့နည်း။ အလားတူပင် တစ်အိမ်တည်းတွင်နေထိုင်ပြီး တစ်ဦးနှင့်တစ်ဦးချစ်ကြိုက်နေသည့် မည်သည့်လူလွတ်မဆိုအတွက်လည်း ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ အန္တရာယ်ရှိပေမည်။ ထိုအခြေအနေများရှိပါက စုပေါင်းနေထိုင်ရန် အစီအစဉ်များမပြုလုပ်ခြင်းသည် ပညာရှိရာရောက်သည်။

တစ်ဦးနှင့်တစ်ဦး ကွာရှင်းထားသူနှစ်ဦးတို့လည်း တစ်အိမ်တည်းတွင် ဆက်၍အတူနေခြင်းသည် မသင့်လျော်ပါ။ တစ်ဦးနှင့်တစ်ဦး အရင်းနှီးဆုံးဆက်ဆံရေးရှိခဲ့ကြသောကြောင့် ကိုယ်ကျင့်တရားယိုယွင်းမှုအဖြစ်သို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။—သု. ၂၂:၃

သုံးသပ်ရန် နောက်ထပ်အရေးကြီးသည့်အချက်မှာ တစ်ဦးတစ်ယောက်၏ရွေးချယ်မှုကို ပတ်ဝန်းကျင်က မည်သို့ရှုမြင်သည်ဟူသည့်အချက်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးက စုပေါင်းနေထိုင်ခြင်းအစီအစဉ်ကို လက်သင့်ခံဖွယ်ဖြစ်သည်ဟု ဆုံးဖြတ်သော်လည်း ပတ်ဝန်းကျင်၌ပြောစရာဖြစ်မည်ဆိုလျှင် ယင်းသည် ထည့်တွက်သုံးသပ်စရာဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်ကို ရှုတ်ချစရာဖြစ်စေသည့် အပြုအမူများကို ဘယ်တော့မျှ မပြုလုပ်လိုကြပါ။ ယင်းအချက်ကို ပေါလု ဤသို့ဖော်ပြ၏– “ဂျူးလူနှင့် ဂရိလူတို့ကိုလည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်ကိုလည်းကောင်း တိုက်မိ၍လဲစရာအကြောင်း မဖြစ်စေကြနှင့်။ လူတို့ကယ်တင်ခြင်းရစေရန် ငါသည် ကိုယ့်အကျိုးကိုမရှာဘဲ လူအပေါင်း၏အကျိုးကိုရှာ၍ အရာရာ၌ သူတို့အလိုအတိုင်းပြုသကဲ့သို့ ပြုကြလော့။”—၁ ကော. ၁၀:၃၂၊ ၃၃

ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများကို ကိုင်စွဲလိုသူတို့အဖို့ သင့်တော်သည့်နေစရာ၊ စုပေါင်းနေထိုင်ရန် အစီအစဉ်များ စီစဉ်ရှာဖွေခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်ပေမည်။ သို့သော် ခရစ်ယာန်များသည် “သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာဖြစ်ကြောင်း ဆန်းစစ်လျက်” နေကြရမည်။ စုပေါင်းနေထိုင်သည့်အိမ်များတွင် မတော်လျော်သောအရာ တစ်စုံတစ်ခုမျှမဖြစ်ကြောင်း သေချာနေဖို့လိုသည်။ (ဧ. ၅:၅၊ ၁၀) ယင်းကြောင့် ခရစ်ယာန်များသည် ဘုရားသခင့်လမ်းညွှန်မှုရရန် ဆုတောင်းဖို့လိုအပ်ပြီး ယေဟောဝါ၏နာမတော်အပြင် အချင်းချင်း၏ ကာယပိုင်း၊ ကိုယ်ကျင့်တရားပိုင်းကို ကာကွယ်ရန် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ဖို့လိုသည်။