မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စွမ်းအားတော်ဓား” ကို ကျွမ်းကျင်စွာ အသုံးပြုပါ

“စွမ်းအားတော်ဓား” ကို ကျွမ်းကျင်စွာ အသုံးပြုပါ

“စွမ်းအားတော်ဓား” ကို ကျွမ်းကျင်စွာ အသုံးပြုပါ

‘ဘုရားသခင့်စကားတော်တည်းဟူသော စွမ်းအားတော်ဓားကို ခံယူကြလော့။’—ဧ. ၆:၁၇

၁၊ ၂။ ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူတွေ လိုအပ်နေတဲ့အတွက် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

လူအုပ်သည် ဘုရားသခင်နှင့်ဆိုင်သော အသိပညာလိုအပ်ကြောင်း ယေရှုတွေ့ရှိရသောကြောင့် တပည့်များအား ဤသို့မိန့်ဆိုခဲ့၏– “စပါးရိတ်စရာများစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့။” ယေရှုသည် ထိုသို့မိန့်တော်မူရုံထက်မက လုပ်ဆောင်ခဲ့သည်။ ထိုစကားများကို မိန့်တော်မူပြီးနောက် ‘ကိုယ်တော်သည် တပည့်တစ်ဆယ့်နှစ်ပါးကို ခေါ်တော်မူပြီးလျှင်’ လှည့်လည်ဟောပြောရန် သို့မဟုတ် ‘ရိတ်သိမ်းခြင်း’ အမှုဆောင်ရွက်ရန် သူတို့ကို စေလွှတ်ခဲ့သည်။ (မ. ၉:၃၅-၃၈; ၁၀:၁၊) နောက်ပိုင်းတွင် ယေရှုသည် “အခြားသောသူ ခုနစ်ဆယ်ကို ခန့်ထားပြီးမှ” ထိုအလုပ်ကိုဆောင်ရွက်ရန် “နှစ်ဦးစီ စေလွှတ်” ခဲ့သည်။—လု. ၁၀:၁၊ ၂

ယနေ့အချိန်တွင်လည်း  ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများ အလွန်လိုအပ်လျက်ရှိသည်။ ၂၀၀၉ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အောက်မေ့ရာပွဲတက်ရောက်သူ ၁၈,၁၆၈,၃၂၃ ဦးရှိခဲ့သည်။ ယင်းသည် ယေဟောဝါသက်သေ အရေအတွက်ထက် ၁၀ သန်းကျော်ပိုများသည်။ လယ်ကွင်းသည် ရိတ်သိမ်းရန် အမှန်ပင် မှည့်ဝင်းလျက်ရှိနေသည်။ (ယော. ၄:၃၄၊ ၃၅) ထို့ကြောင့် ကျွန်ုပ်တို့သည် လုပ်သားများစွာ စေလွှတ်ပေးပါရန် ဆုတောင်းသင့်သည်။ သို့သော် ကျွန်ုပ်တို့သည် ထိုဆုတောင်းချက်နှင့်အညီ မည်သို့လုပ်ဆောင်နိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်နေစဉ် ပို၍ထိရောက်သောဓမ္မအမှုဆောင်များ ဖြစ်လာခြင်းအားဖြင့်ဖြစ်သည်။—မ. ၂၈:၁၉၊ ၂၀; မာ. ၁၃:၁၀

၃။ ပိုပြီးထိရောက်တဲ့ ဓမ္မအမှုဆောင်တွေဖြစ်လာစေဖို့ ဘုရားသခင့်စွမ်းအားတော်က ကျွန်ုပ်တို့ကို ဘယ်လိုနည်းနဲ့ အဓိကကဏ္ဍကနေ ကူညီပေးသလဲ။

ဘုရားသခင်၏ စွမ်းအားတော်သည် ‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြော’ စေရန် ကျွန်ုပ်တို့အား ကူညီပေးပုံကို ရှေ့ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ခဲ့သည်။ (တ. ၄:၃၁) ထိုစွမ်းအားတော်ကပင် ကျွန်ုပ်တို့ကို ကျွမ်းကျင်သောဓမ္မအမှုဆောင်များဖြစ်စေရန် အထောက်အကူပြုနိုင်သည်။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ ပိုမိုထိရောက်နိုင်သည့်နည်းတစ်နည်းမှာ ယေဟောဝါဘုရားသခင် ပြင်ဆင်ပေးသော အကောင်းဆုံးကိရိယာဖြစ်သည့် သမ္မာကျမ်းစာကို ကောင်းစွာအသုံးပြုခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုဖြင့် ရေးသားထားရာဖြစ်သည်။ (၂ တိ. ၃:၁၆) ယင်းတွင်ပါရှိသောသတင်းစကားသည် ဘုရားသခင်၏သတင်းစကားဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြု၍ သွန်သင်သည့်အခါ သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုကိုခံယူကာ သွန်သင်နေခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်ပုံကို မသုံးသပ်မီ ယင်း၏တန်ခိုးပါပုံကို သုံးသပ်ကြည့်ကြစို့။

‘ဘုရားသခင်၏စကားတော်သည် တန်ခိုးရှိ၏’

၄။ သမ္မာကျမ်းစာပါ ဘုရားသခင့်သတင်းစကားတွေက လူတစ်ဦးကို ဘယ်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်စေနိုင်သလဲ။

သမ္မာကျမ်းစာတွင်ပါရှိသော ဘုရားသခင်၏စကားတော်သည် အလွန်တန်ခိုးပါသည်။ (ဟေဗြဲ ၄:၁၂) ပုံဆောင်သဘောအရပြောရလျှင် သမ္မာကျမ်းစာထဲမှ သတင်းစကားသည် လူတို့ပြုလုပ်သော မည်သည့်ဓားထက်မဆို ပို၍ထက်ကာ အရိုးအဆစ်နှင့် ခြင်ဆီတို့ကို ခွဲခြား၍ ထွင်းဖောက်တတ်၏။ သမ္မာကျမ်းစာအမှန်တရားသည် လူတစ်ဦး၏ အတွင်းအကျဆုံးအပိုင်းသို့ ရောက်ရှိကာ ထိုသူ၏အတွင်းစိတ် မည်သို့ရှိသည်ကိုဖော်ပြသည့် ထိုသူ၏အတွေးအခေါ်နှင့် စိတ်လှုပ်ရှားမှုတို့အထိ ထွင်းဖောက်ဝင်ရောက်သည်။ သမ္မာကျမ်းစာအမှန်တရားသည် တန်ခိုးပါသောကြောင့် လူတစ်ဦးကို အမှန်ပင် ပြုပြင်ပြောင်းလဲစေနိုင်သည်။ (ကောလောသဲ ၃:၁၀ ကိုဖတ်ပါ။) မှန်ပါသည်၊ သမ္မာကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေနိုင်သည်။

၅။ သမ္မာကျမ်းစာက ဘယ်လိုနည်းတွေနဲ့ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးသလဲ၊ ဘယ်ရလဒ်ရရှိသလဲ။

ထို့ပြင် မည်သည့်နေရာ၌မျှ ရှာမတွေ့နိုင်သော ဉာဏ်ပညာကို သမ္မာကျမ်းစာ၌တွေ့ရသည်။ ဤခက်ခဲရှုပ်ထွေးသောလောကကြီးတွင် မည်သို့အသက်ရှင်နေနိုင်ပုံနှင့်ပတ်သက်သော အထောက်အကူပြု အချက်အလက်များ ပါရှိသည်။ သမ္မာကျမ်းစာသည် လက်ရှိခြေလှမ်းများကိုသာမက အနာဂတ်လမ်းခရီးကိုပါ အလင်းပေးသည်။ (ဆာ. ၁၁၉:၁၀၅) ပြဿနာများ ကိုင်တွယ်ဖြေရှင်းရာတွင် သို့မဟုတ် အပေါင်းအသင်း၊ အပန်းဖြေမှု၊ အလုပ်အကိုင်၊ အဝတ်အစား စသည်တို့ကို ရွေးချယ်သည့် ဆုံးဖြတ်ချက်များချရာတွင် ကျွန်ုပ်တို့ကို အလွန်အထောက်အကူပြုသည်။ (ဆာ. ၃၇:၂၅; သု. ၁၃:၂၀; ယော. ၁၅:၁၄; ၁ တိ. ၂:၉) သမ္မာကျမ်းစာတွင်တွေ့ရသောမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် အခြားသူများနှင့် အသင့်အတင့်ရှိစေသည်။ (မ. ၇:၁၂; ဖိ. ၂:၃၊ ၄) လမ်းမီးရှိသည့်လမ်းပေါ်တွင် လျှောက်နေသူတစ်ဦးသည် အဝေးကို မြင်နိုင်သကဲသို့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏လမ်းပြမှုကို ခံယူပါက ကျွန်ုပ်တို့ဆုံးဖြတ်ချက်များ၏ ရေရှည်အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်သည်။ (၁ တိ. ၆:၉) သမ္မာကျမ်းစာတွင် အနာဂတ်နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ကိုလည်း ကြိုဟောထားသောကြောင့် ထိုရည်ရွယ်ချက်နှင့်အညီ အသက်ရှင်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။ (မ. ၆:၃၃; ၁ ယော. ၂:၁၇၊ ၁၈) လူတစ်ဦးသည် ဘုရားသခင်၏မူများနှင့်အညီ အသက်ရှင်နေထိုင်မည်ဆိုပါက အလွန်အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာကို ပိုင်ဆိုင်နိုင်သည်။

၆။ ခရစ်ယာန်ဓမ္မအမှုမှာ သမ္မာကျမ်းစာက ဘယ်လောက်တန်ခိုးပါတဲ့ လက်နက်ဖြစ်သလဲ။

မှားယွင်းသောအယူဝါဒများကို ဆန့်ကျင်သည့်တိုက်ပွဲတွင် သမ္မာကျမ်းစာသည် အလွန်တန်ခိုးပါသော လက်နက်တစ်ခုဖြစ်ကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ပေါလုက ဘုရားသခင့်တရားစကားတော်ကို “စွမ်းအားတော်ဓား” ဟု ခေါ်ခဲ့သည်။ (ဧဖက် ၆:၁၂၊ ၁၇ ကိုဖတ်ပါ။) သမ္မာကျမ်းစာပါသတင်းစကားကို ထိရောက်စွာတင်ဆက်သည့်အခါ လူတို့အား စာတန်၏ချုပ်နှောင်မှုအောက်မှ လွတ်မြောက်စေရန် အထောက်အကူပြုနိုင်သည်။ ယင်းဓားသည် လူတို့ကို ဖျက်ဆီးမည့်အစား အသက်ကယ်သည်။ ကျွန်ုပ်တို့သည် ယင်းဓားကို ကျွမ်းကျင်စွာအသုံးပြုတတ်ရန် ကြိုးစားသင့်သည် မဟုတ်လော။

မှန်ကန်စွာ ကိုင်တွယ်ပါ

၇။ “စွမ်းအားတော်ဓား” ကိုကောင်းစွာအသုံးပြုတတ်အောင် သင်ယူဖို့ ဘာကြောင့်အရေးကြီးသလဲ။

စစ်သားတစ်ဦးသည် မိမိ၏လက်နက်များကို ကောင်းစွာကိုင်တွယ်တတ်ရန် လေ့ကျင့်သင်ယူထားမှသာ တိုက်ပွဲတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မှားယွင်းသောအယူဝါဒများကိုဆန့်ကျင်သည့်တိုက်ပွဲတွင် အသုံးပြုသော “စွမ်းအားတော်ဓား” နှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။ “သင်သည် အမှန်တရားကို မှန်ကန်စွာ ကိုင်တွယ်တတ်သောသူဖြစ်လျက် နှစ်သက်တော်မူဖွယ်ကောင်းသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်လော့” ဟု ပေါလုရေးခဲ့သည်။—၂ တိ. ၂:၁၅

၈၊ ၉။ ကျမ်းစာက ဘာကိုပြောနေသလဲဆိုတာကို နားလည်သဘောပေါက်ဖို့ ဘာက အထောက်အကူပြုမလဲ။ ဥပမာပေးပါ။

ဓမ္မအမှုတွင် “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်တတ်” ရန်အဘယ်အရာက အထောက်အကူပြုမည်နည်း။ သမ္မာကျမ်းစာစကားကို အခြားသူတို့အား မရှင်းပြမီ ကျွန်ုပ်တို့ကိုယ်တိုင် ယင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ဖို့လိုသည်။ ယင်းသို့ဖြစ်ရန် အခန်းငယ်တစ်ခု သို့မဟုတ် ကျမ်းပိုဒ်တစ်ပိုဒ်၏ စကားစပ်ကို ကောင်းစွာအာရုံစိုက်ဖို့လိုသည်။ အဘိဓာန်တစ်အုပ်၏အဆိုအရ “စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း သို့မဟုတ် စာသားတစ်ခု၏ စကားစပ်ဆိုသည်မှာ ယင်းမတိုင်မီ သို့မဟုတ် ယင်းပြီးနောက်တွင်ပါရှိသည့် စကားလုံးများ၊ စာကြောင်းများ သို့မဟုတ် စာသားများဖြစ်ပြီး ယင်းတို့သည် အဓိပ္ပာယ်ကို ပို၍ရှင်းလင်းစွာ နားလည်စေသည်။”

ကျမ်းချက်တစ်ချက်ကို မှန်မှန်ကန်ကန်နားလည်သဘောပေါက်ရန် အထက်အောက်ကျမ်းချက်များကို သုံးသပ်ဖို့လည်းလိုသည်။ ယင်းသို့လိုအပ်ကြောင်း ဂလာတိ ၅:၁၃ တွင်တွေ့ရသော ပေါလု၏စကားသည် သာဓကတစ်ခုဖြစ်သည်။ သူဤသို့ရေးခဲ့၏– “ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်ခွင့်ရရန် ခေါ်တော်မူခြင်းကို ခံကြရ၏။ ထိုလွတ်လပ်ခွင့်ကို ခုတုံးလုပ်၍ လူ့ဇာတိအလိုဆန္ဒနောက်သို့ မလိုက်ကြနှင့်။ ချစ်ခြင်းမေတ္တာဖြင့် အချင်းချင်း အစေခံကြလော့။” ဤတွင် အဘယ်လွတ်လပ်ခွင့်အကြောင်း ပေါလုပြောနေခြင်းနည်း။ အပြစ်နှင့်သေခြင်းမှ၊ မှားယွင်းသောအယူဝါဒများ၏ ချုပ်နှောင်မှုမှ သို့မဟုတ် အခြားအရာတစ်ခုခုမှ လွတ်လပ်ခြင်းကို ရည်ညွှန်းနေခြင်းလော။ ‘ပညတ်တရား၏ကျိန်ခြင်းမှ လွတ်မြောက်’ ခြင်းအကြောင်း ပေါလုပြောနေခြင်းဖြစ်သည်ကို စကားစပ်က ဖော်ပြသည်။ (ဂလ. ၃:၁၃၊ ၁၉-၂၄; ၄:၁-၅) ခရစ်ယာန်လွတ်လပ်ခွင့်အကြောင်း သူရည်ညွှန်းနေခြင်းဖြစ်သည်။ ယင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားလေးမြတ်သူတို့သည် မေတ္တာဖြင့် အချင်းချင်းအစေခံကြသည်။ ထိုသူတို့သည် နောက်ကွယ်မှ အတင်းပြောခြင်း၊ ငြင်းခုံရန်တွေ့ခြင်းတွင် မပါဝင်ကြပါ။—ဂလ. ၅:၁၅

၁၀။ ကျမ်းချက်တွေရဲ့အဓိပ္ပာယ်ကို တိတိကျကျနားလည်ဖို့ ဘယ်အချက်အလက်တွေကို သုံးသပ်သင့်သလဲ၊ အဲဒီအချက်အလက်တွေကို ဘယ်ကနေရနိုင်သလဲ။

၁၀ “စကားစပ်” ဟူသောအသုံးအနှုန်းတွင် နောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိသည်။ “စကားစပ်” အတွက် ကြောင်းတူသံကွဲ စကားလုံးများထဲတွင် “နောက်ခံ၊ အခြေအနေ၊ . . . ပတ်ဝန်းကျင်အနေအထား” တို့ပါဝင်သည်။ ကျမ်းချက်တစ်ချက်၏အဓိပ္ပာယ်ကို မှန်မှန်ကန်ကန်နားလည်ရန် ယင်းကျမ်းကို မည်သူရေးသည်၊ အဘယ်အချိန်တွင်ရေးသည်၊ အဘယ်အခြေအနေအောက်တွင်ရေးသည်စသည့် နောက်ခံအချက်အလက်များကို သုံးသပ်သင့်သည်။ ယင်းကျမ်းကို ရေးရသည့်ရည်ရွယ်ချက်နှင့် ဖြစ်နိုင်မည်ဆိုလျှင် ထိုခေတ်အချိန်က လူတို့၏ လူမှုရေး၊ ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးအကျင့်ဓလေ့များကို သိထားခြင်းကလည်း အထောက်အကူပြုသည်။ *

၁၁။ ကျမ်းချက်တွေကို ရှင်းပြတဲ့အခါ ဘယ်အချက်ကို ဂရုစိုက်သင့်သလဲ။

၁၁ “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်” ခြင်းတွင် သမ္မာကျမ်းစာပါ အမှန်တရားများကို တိကျမှန်ကန်စွာ ရှင်းပြခြင်းထက်မက ပို၍ပါဝင်သည်။ ကျွန်ုပ်တို့သည် လူတို့အား ထိတ်လန့်စေရန် သမ္မာကျမ်းစာကို အသုံးမပြုကြောင်း သေချာစေသင့်သည်။ စာတန်၏သွေးဆောင်မှုခံရချိန်တွင် ယေရှုပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် အမှန်တရားကို ခုခံကာကွယ်ရန် ကျမ်းချက်များကို အသုံးပြုနိုင်ကြသော်လည်း နားထောင်နေသူတို့ကို ထိုးနှက်ရန် သမ္မာကျမ်းစာကို အသုံးမပြုသင့်ပါ။ (တရား. ၆:၁၆; ၈:၃; ၁၀:၂၀; မ. ၄:၄၊ ၇၊ ၁၀) ကျွန်ုပ်တို့သည် တမန်တော်ပေတရု၏ ဤသတိပေးချက်ကို လိုက်နာသင့်သည်– “သင်တို့၏စိတ်နှလုံးထဲတွင် ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်သောသခင်အဖြစ် အသိအမှတ်ပြုကြလော့။ သင်တို့၏မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆိုလော့။”—၁ ပေ. ၃:၁၅

၁၂၊ ၁၃။ “အခိုင်အမာအမြစ်စွဲနေ” တဲ့ ဘယ်အရာတွေကို သမ္မာကျမ်းစာအမှန်တရားက ဖြိုဖျက်ပေးနိုင်သလဲ။ ဥပမာပေးပါ။

၁၂ သမ္မာကျမ်းစာပါအမှန်တရားကို မှန်ကန်စွာ ကိုင်တွယ်သောအခါ အဘယ်အကျိုးရရှိနိုင်သနည်း။ (၂ ကောရိန္သု ၁၀:၄၊ ၅ ကိုဖတ်ပါ။) မစုံလင်သော လူ့ဉာဏ်ပညာကို ထင်ဟပ်ပြသည့် မှားယွင်းသည့်အယူဝါဒများ၊ အကျိုးယုတ်စေသောအမူအကျင့်များနှင့် အတွေးအခေါ်များဖြစ်သည့် “အခိုင်အမာအမြစ်စွဲနေသောအရာများ” ကို သမ္မာကျမ်းစာအမှန်တရားက ဖြိုဖျက်ပေးနိုင်သည်။ “ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဆန့်ကျင်သည့်” သဘောထားမှန်သမျှကို ဖြတ်တောက်ပစ်ရန် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။ အခြားသူများ၏အတွေးအခေါ်ကို အမှန်တရားနှင့်အညီဖြစ်စေရန် ကူညီပေးရာတွင် သမ္မာကျမ်းစာသွန်သင်ချက်များကို အသုံးပြုနိုင်သည်။

၁၃ အိန္ဒိယတွင်နေထိုင်သော အသက် ၉၃ နှစ်ရှိ အမျိုးသမီးတစ်ဦး၏အဖြစ်ကို ဥပမာအနေနှင့် သုံးသပ်ကြည့်ပါ။ သူသည် ကလေးဘဝမှစ၍ ပြန်ဝင်စားခြင်းအယူဝါဒကို သွန်သင်ခံခဲ့ရသည်။ သူသည် တိုင်းတစ်ပါးတွင်နေထိုင်သော သားဖြစ်သူနှင့် စာအဆက်အသွယ်ဖြင့် ကျမ်းစာစလေ့လာသည့်အခါ သူသိရှိလာသည့် ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များအကြောင်းကို တလိုတလားလက်ခံယုံကြည်ခဲ့သည်။ သို့သော် ပြန်ဝင်စားခြင်း သွန်သင်ချက်သည် သူ၏စိတ်ထဲ အခိုင်အမာအမြစ်စွဲနေသောကြောင့် သားဖြစ်သူက လူသေတို့၏အခြေအနေနှင့်ပတ်သက်၍ စာရေးသည့်အခါ သူလက်မခံနိုင်ခဲ့ချေ။ “သားရဲ့ကျမ်းစာထဲကအမှန်တရားကို အမေနားမလည်နိုင်တော့ဘူး။ ဝတ်ပြုရေးအားလုံးက ခန္ဓာကိုယ်ထဲမှာ မသေနိုင်တဲ့အရာတစ်ခုခုရှိတယ်လို့ပဲ သွန်သင်ကြတယ်။ လူသေသွားတဲ့အခါ မမြင်နိုင်တဲ့အပိုင်းက တခြားခန္ဓာနဲ့ အကြိမ်ပေါင်း ၈,၄၀၀,၀၀၀ အထိ ပြန်ပြန်ဝင်စားတယ်လို့ပဲ အမေ အမြဲယုံကြည်လာခဲ့တာ။ ဒါက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။ ဝတ်ပြုရေးအများစုက မှားနေလို့လား” ဟုပြောခဲ့သည်။ “စွမ်းအားတော်ဓား” သည် ထိုကဲ့သို့အခိုင်အမာအမြစ်စွဲနေသော ယုံကြည်ချက်ကို ဖြိုဖျက်နိုင်ပါသလော။ ယင်းအကြောင်း ထပ်ဆင့်ကျမ်းစာဆွေးနွေးမှုများပြုလုပ်ပြီး ရက်သတ္တပတ်အနည်းငယ် အကြာတွင် သူ ဤသို့ရေးခဲ့သည်– “အခုတော့ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို စပြီးနားလည်လာပါပြီ။ ရှင်ပြန်ထမြောက်ရာကာလမှာ သေဆုံးသွားတဲ့ချစ်မြတ်နိုးရတဲ့သူတွေနဲ့ ပြန်ဆုံတွေ့ရမယ်ဆိုတာ သိရတဲ့အတွက် တကယ့်ကို စိတ်ရွှင်လန်းစေပါတယ်။ ဘုရားသခင့်နိုင်ငံတော် အမြန်လာပါစေလို့ အမေမျှော်လင့်တယ်။”

သွေးဆောင်ရာတွင် အသုံးပြုပါ

၁၄။ နားထောင်နေသူကို သွေးဆောင်ခြင်းဆိုတာ ဘာကိုဆိုလိုသလဲ။

၁၄ ဓမ္မအမှုတွင် သမ္မာကျမ်းစာကို ထိရောက်စွာအသုံးပြုခြင်းသည် ကျမ်းချက်များကို ကိုးကားရုံမျှသာ မဟုတ်ပါ။ ပေါလုသည် “သွေးဆောင်” လျက်ဟောပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်သင့်သည်။ (တမန်တော် ၁၉:၈၊ ၉; ၂၈:၂၃ တို့ကိုဖတ်ပါ။) “သွေးဆောင်” ဟူသည် “မိမိဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းခြင်း” ဟု အဓိပ္ပာယ်ရသည်။ သွေးဆောင်ခံရသူတစ်ဦးသည် “သူလက်ခံသည့်အရာတစ်ခုအပေါ် အလွန်ယုံကြည်စိတ်ချသည်။” ကျွန်ုပ်တို့သည် သမ္မာကျမ်းစာသွန်သင်ချက်တစ်ခုကို လူတစ်ဦးလက်ခံအောင် သွေးဆောင်သည့်အခါ ယင်းသွန်သင်ချက်ကို ထိုသူယုံကြည်ပြီး ကျွန်ုပ်တို့ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်။ ယင်းသို့ဖြစ်နိုင်ရန် ကျွန်ုပ်တို့ပြောသည့်အရာသည် မှန်ကန်ကြောင်း နားထောင်နေသူ ယုံကြည်စိတ်ချလာအောင် ပြုလုပ်ဖို့လိုသည်။ ယင်းကို အောက်ပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည်။

၁၅။ ဘယ်လိုနည်းနဲ့ သမ္မာကျမ်းစာကို လေးမြတ်လာအောင်ပြုလုပ်ပြီး တိုက်ရိုက်အာရုံစိုက်စေနိုင်သလဲ။

၁၅ သမ္မာကျမ်းစာကို လေးမြတ်လာအောင်ပြုလုပ်ကာ တိုက်ရိုက်အာရုံစိုက်စေပါ။ ကျမ်းချက်တစ်ချက်ကို ဖတ်ပြတော့မည်ဆိုလျှင် အကြောင်းအရာအပေါ် ဘုရားသခင့်စဉ်းစားပုံကိုသိရှိခြင်း၏ အရေးကြီးမှုကို အာရုံစိုက်စေပါ။ မေးခွန်းတစ်ခုမေးကာ အိမ်ရှင်၏အဖြေကို ရရှိပြီးနောက် ဤကဲ့သို့ပြောနိုင်ပါသည်– ‘ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ပုံကို ကြည့်ရအောင်။’ သို့မဟုတ် သင်ဤသို့မေးနိုင်သည်– ‘ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုပြောသလဲ။’ ကျမ်းချက်ကို ဤနည်းဖြင့်မိတ်ဆက်ပေးခြင်းက သမ္မာကျမ်းစာသည် ဘုရားသခင်ထံတော်မှဖြစ်ကြောင်း အလေးပေးဖော်ပြခြင်းဖြစ်ပြီး နားထောင်နေသူ သမ္မာကျမ်းစာကို လေးမြတ်တန်ဖိုးထားလာစေရန် ကူညီပေးရာရောက်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာကျမ်းစာသွန်သင်ချက်များနှင့် အကျွမ်းတဝင်မရှိသူကို သက်သေခံသည့်အခါ ယင်းသို့ပြုလုပ်ခြင်းသည် အထူးသဖြင့် အရေးကြီးသည်။—ဆာ. ၁၉:၇-၁၀

၁၆။ ကျမ်းချက်တွေကို မှန်မှန်ကန်ကန်ရှင်းပြနိုင်ဖို့ ဘာကအထောက်အကူပြုမလဲ။

၁၆ ကျမ်းချက်များကို ဖတ်ရုံသာမဟုတ်ဘဲ ရှင်းပြပါ။ မိမိသွန်သင်ပေးသည့် အကြောင်းအရာကို “အကိုးအကားများဖြင့် ရှင်းလင်းထောက်ပြ” ခြင်းသည် ပေါလု၏ထုံးစံဖြစ်သည်။ (တ. ၁၇:၃) ကျမ်းချက်တစ်ချက်တွင် များသောအားဖြင့် အချက်တစ်ချက်ထက်မက ပါဝင်တတ်သောကြောင့် သင်ဆွေးနွေးနေသည့် အကြောင်းအရာနှင့်သက်ဆိုင်သော အဓိကအသုံးအနှုန်းကို အလေးပေးဖော်ပြဖို့လိုပေမည်။ အဓိကအချက်ပါသော စကားလုံးများကို ပြန်ပြောနိုင်သည် သို့မဟုတ် မေးခွန်းများမေးခြင်းက ယင်းအချက်ကို အိမ်ရှင်သိမြင်လာစေရန် အထောက်အကူပြုပေမည်။ ယင်းနောက် ကျမ်းချက်ပါ ထိုအပိုင်း၏အဓိပ္ပာယ်ကို ရှင်းပြပါ။ ရှင်းပြပြီးသည့်အခါ ဤကျမ်းချက်သည် သူနှင့်မည်သို့သက်ဆိုင်သည်ကို သိမြင်စေရန် ကူညီပေးပါ။

၁၇။ သမ္မာကျမ်းစာကို လက်ခံယုံကြည်နိုင်ဖွယ်နည်းနဲ့ သင် ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်မလဲ။

၁၇ ယုံကြည်လက်ခံလာစေရန် သမ္မာကျမ်းစာမှ ကျိုးကြောင်းဆင်ခြင်ပါ။ ပေါလုသည် လှိုက်လှိုက်လှဲလှဲမေတ္တာရပ်ခံခြင်း၊ ခိုင်လုံသောကျိုးကြောင်းဆင်ခြင်ခြင်းတို့ကိုသုံးကာ ‘ကျမ်းစာကိုအခြေခံ၍ ကျိုးကြောင်းဆင်ခြင်’ ခဲ့သည်။ (တ. ၁၇:၂၊) ပေါလုကဲ့သို့ပင် နားထောင်နေသူ၏နှလုံးကို ထိမိစေရန် ကြိုးစားအားထုတ်ပါ။ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုရှိကြောင်းဖော်ပြသည့် သင့်တော်သောမေးခွန်းများကို အသုံးပြုခြင်းဖြင့် ထိုသူ၏ စိတ်နှလုံးထဲတွင်ရှိသောအရာကို “ခပ်ယူ” ပါ။ (သု. ၂၀:၅) တဲ့တိုးပြောခြင်းကိုရှောင်ပါ။ အပြန်အလှန်ပြောဆိုချက်များသည် ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်မှု ရှိရမည်။ စိတ်ကျေနပ်စေသည့် ထပ်ဆင့်အထောက်အထားများဖြင့် ရှင်းပြသင့်သည်။ သင်၏ပြောဆိုချက်များသည် သမ္မာကျမ်းစာအပေါ် အခိုင်အမာအခြေပြုသင့်သည်။ ကျမ်းချက်တစ်ချက်ကိုဖတ်ကာ အဓိကအချက်ကို ကောင်းစွာရှင်းပြခြင်း၊ ဥပမာနှင့်ထပ်ဆင့်ဖော်ပြခြင်းသည် ကျမ်းချက်နှစ်ချက်၊ သုံးချက်ကို ဆက်တိုက်ဖတ်ပြခြင်းထက် ပို၍ကောင်းသည်။ ခိုင်လုံသောအထောက်အထားများဖြင့်လည်း ‘သင်၏နှုတ်၌ သွေးဆောင်ခြင်းတန်ခိုးကို ထပ်လောင်း’ နိုင်ပါသည်။ (သု. ၁၆:၂၃သမ္မာ) တစ်ခါတစ်ရံ ထပ်ဆင့်အချက်အလက်များ ရှင်းပြနိုင်ဖို့ သုတေသနပြုဖို့လိုပေမည်။ အစောပိုင်းတွင်ဖော်ပြခဲ့သော အသက် ၉၃ နှစ်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးက မသေနိုင်သောဝိညာဉ် သွန်သင်ချက်သည် အဘယ်ကြောင့် ဤမျှလွှမ်းမိုးပျံ့နှံ့နေကြောင်း သိလိုခဲ့သည်။ ထိုအယူအဆသည် အဘယ်နေရာမှ အခြေခံကြောင်းနှင့် ဝတ်ပြုရေးအများစုသို့ မည်သို့ဝင်ရောက်လာကြောင်းကို သိနားလည်လာခြင်းက သူမအား ထိုကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို လက်ခံယုံကြည်စေရာ၌ အရေးပါခဲ့သည်။ *

ကျွမ်းကျင်စွာဆက်၍အသုံးပြုပါ

၁၈၊ ၁၉။ ကျွန်ုပ်တို့ ဘာကြောင့် “စွမ်းအားတော်ဓားကို” ကျွမ်းကျင်စွာဆက်ပြီးအသုံးပြုသင့်သလဲ။

၁၈ “ဤလောက၏ဇာတ်ကွက်သည် ပြောင်းလဲလျက်ရှိ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ ဆိုးညစ်သောသူတို့သည် ဆိုးသည်ထက် ပိုဆိုးလာကြသည်။ (၁ ကော. ၇:၃၁; ၂ တိ. ၃:၁၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင့် စကားတော်တည်းဟူသော စွမ်းအားတော်ဓား’ ကို အသုံးပြုခြင်းဖြင့် “အခိုင်အမာ အမြစ်စွဲနေသောအရာများကို” ဆက်၍ဖြိုဖျက်ရန် အရေးကြီးသည်။

၁၉ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာကို ပိုင်ဆိုင်ခွင့်ရပြီး မှားယွင်းသောသွန်သင်ချက်များကို ဖယ်ရှားပစ်ရန်နှင့် ရိုးဖြောင့်သူတို့၏နှလုံးကိုထိမိစေရန် သမ္မာကျမ်းစာ၏ တန်ခိုးပါသောသတင်းစကားကို အသုံးပြုခွင့်ရခြင်းသည် အလွန်ဝမ်းမြောက်စရာပင်။ ယင်းသတင်းစကားထက် ပို၍ခိုင်မာစွာအမြစ်စွဲနိုင်သည့်အရာ မရှိပါ။ ထို့ကြောင့် ဘုရားသခင်ပေးအပ်ထားသော လုပ်ငန်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်ရာတွင် “စွမ်းအားတော်ဓား” ကို ကျွမ်းကျင်စွာအသုံးပြုရန် အတတ်နိုင်ဆုံး ကြိုးစားကြစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ကျမ်းစာစောင်များနှင့်ပတ်သက်၍ နောက်ခံအချက်အလက်များရရှိရန် အကောင်းဆုံးအထောက်အကူများမှာ ‘ကျမ်းစာတစ်ကျမ်းလုံး ဘုရားသခင်မှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု၊’ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်နှင့် ကင်းမျှော်စင်တွင်ပါရှိသော “ယေဟောဝါ၏ နှုတ်မြွက်စကားတော်သည် အသက်ရှင်၏” ကဲ့သို့သော ဆောင်းပါးများဖြစ်သည်။

^ အပိုဒ်၊ 17 ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း [အင်္ဂလိပ်] ဘရိုရှာ စာမျက်နှာ ၅-၁၆ ကိုကြည့်ပါ။

သင်အဘယ်အရာ သင်ယူသိရှိခဲ့သနည်း

• သမ္မာကျမ်းစာက ဘယ်လောက်တန်ခိုးရှိသလဲ။

• ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ ‘အမှန်တရားကို မှန်ကန်စွာ ကိုင်တွယ်’ နိုင်မလဲ။

• “အခိုင်အမာအမြစ်စွဲနေသောအရာများ” ကို သမ္မာကျမ်းစာပါသတင်းစကားက ဘာလုပ်ပေးနိုင်သလဲ။

• ဓမ္မအမှုမှာ သင့်ရဲ့သွေးဆောင်နိုင်စွမ်းကို ဘယ်လို တိုးတက်စေနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

သမ္မာကျမ်းစာကို အသုံးပြုကာ သွေးဆောင်နိုင်ပုံ

▪ သမ္မာကျမ်းစာကို လေးမြတ်စေပါ

▪ ကျမ်းချက်များကို ရှင်းပြပါ

▪ နှလုံးထဲရောက်စေရန်အလို့ငှာ ယုံကြည်လက်ခံလာအောင် ကျိုးကြောင်းဆင်ခြင်ပြပါ

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

“စွမ်းအားတော်ဓား” ကို သင်,ကျွမ်းကျင်စွာအသုံးပြုတတ်ဖို့ သင်ယူရမယ်