မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”

“စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”

“စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”

“စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’ ဟုမပြတ်ဆို၏။ . . . ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။”—ဗျာ. ၂၂:၁၇

၁၊ ၂။ ဘုရားသခင့်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့အရာတွေက ကျွန်ုပ်တို့ဘ၀ရဲ့ ဘယ်နေရာမှာ ရှိသင့်သလဲ၊ ဘာကြောင့်လဲ။

ဘုရားသခင့်နိုင်ငံတော်နှင့် ဆက်နွှယ်သောအရာများသည် ကျွန်ုပ်တို့အသက်တာတွင် မည်သည့်နေရာ၌ရှိသနည်း။ ယေရှုသည် မိမိနောက်လိုက်များအား ‘ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာရှာလျက်နေ’ ရန် တိုက်တွန်းခဲ့ပြီး ယင်းသို့ပြုလုပ်ပါက လိုအပ်ရာများကို ဘုရားသခင်ထောက်မပေးမည်ဟု အာမခံထားသည်။ (မ. ၆:၂၅-၃၃) ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်ကို နယ်လှည့်ကုန်သည်တစ်ဦး ‘ရှိသမျှကို ရောင်းလျက်’ ဝယ်ယူခဲ့သော အလွန်အဖိုးတန်သည့်ပုလဲတစ်လုံးနှင့် နှိုင်းယှဉ်ခဲ့သည်။ (မ. ၁၃:၄၅၊ ၄၆) ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်သင့်သည် မဟုတ်လော။

ရှေ့ဆောင်းပါးနှစ်ခုတွင် ဖော်ပြခဲ့သည့်အတိုင်း ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ ရဲစွမ်းသတ္တိရှိရှိ ဟောပြောခြင်းနှင့် သမ္မာကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုကို ခံယူနေကြောင်း ထင်ရှားသည်။ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့ မှန်မှန်ပါဝင်ခြင်းတွင်လည်း ထိုစွမ်းအားတော်သည် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ မည်သို့ပါဝင်သည်ကို ကြည့်ကြစို့။

လူတိုင်းအတွက်ဖိတ်ခေါ်ချက်တစ်ခု

၃။ လူသားတွေကို “လာ” သောက်ဖို့ ဖိတ်ခေါ်ထားတဲ့ရေက ဘယ်လိုရေမျိုးလဲ။

စွမ်းအားတော်အားဖြင့် လူတိုင်းကို ဖိတ်ခေါ်ချက်တစ်ခု ကမ်းလှမ်းထားသည်။ (ဗျာ. ၂၂:၁၇ ကိုဖတ်ပါ။) ယင်းသည် ရေငတ်သူများ ရေငတ်ပြေစေရန် အထူးရေတစ်မျိုးကို “လာ” ၍သောက်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ ယင်းသည် ဟိုက်ဒရိုဂျင်နှစ်ဆနှင့် အောက်ဆီဂျင်တစ်ဆ ပါဝင်သော ရိုးရိုးရေမဟုတ်ပါ။ ကမ္ဘာပေါ်တွင် အသက်ဆက်ရှင်ရန် ပကတိရေသည် မရှိမဖြစ်လိုအပ်သည်၊ သို့သော် ရေတွင်းတစ်တွင်းတွင် ယေရှုက ရှမာရိအမျိုးသမီးအား “ငါပေးသောရေကို သောက်သူတိုင်း ဘယ်သောအခါမျှ ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာ၀ရအသက်ရစေရန် ထွက်သောစမ်းရေဖြစ်လိမ့်မည်” ဟုမိန့်တော်မူရာတွင် အခြားရေတစ်မျိုးကို ဆိုလိုနေခြင်းဖြစ်သည်။ (ယော. ၄:၁၄) လူသားတို့သောက်သုံးရန် ဖိတ်ခေါ်ထားသောအထူးရေသည် ထာ၀ရအသက်ရစေသည်။

၄။ ဘာကြောင့်အသက်ရေ လိုအပ်လာသလဲ၊ ရေက ဘာကိုဆိုလိုတာလဲ။

အာဒံနှင့်ဧ၀သည် စာတန်နှင့် ပူးပေါင်း၍ သူတို့ကို ဖန်ဆင်းခဲ့သော ယေဟောဝါဘုရားသခင်အား မနာခံခဲ့သောအခါ ယင်းအသက်ရေ လိုအပ်လာသည်။ (က. ၂:၁၆၊ ၁၇; ၃:၁-၆) “[အာဒံ] သည်ထာ၀ရအသက်ကိုရခြင်းငှာ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစား” နိုင်ရန် ထိုကနဦးလူသားမောင်နှံကို သူတို့၏ဥယျာဉ်စံအိမ်မှ နှင်ထုတ်ခဲ့၏။ (က. ၃:၂၂) အာဒံသည် လူသားတို့၏ဘိုးဘေးအနေနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို သေခြင်းသို့ ကျရောက်စေခဲ့သည်။ (ရော. ၅:၁၂) အသက်ရေသည် နာခံသူလူသားများအား အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေပြီး မြေကြီးပရဒိသုတွင် အဆုံးမဲ့ စုံလင်သောအသက်ရရှိမည့် ဘုရားသခင့်ပြင်ဆင်ပေးချက်အားလုံးကို ဆိုလိုသည်။ ဤပြင်ဆင်ပေးချက်များသည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်အပေါ် အခြေခံသည်။—မ. ၂၀:၂၈; ယော. ၃:၁၆; ၁ ယော. ၄:၉၊ ၁၀

၅။ လာပြီး “အသက်ရေကို အခမဲ့ယူပါ” ဆိုတဲ့ဖိတ်ခေါ်ချက်က ဘယ်သူ့ထံကလာသလဲ။ ရှင်းပြပါ။

လာ၍ “အသက်ရေကို အခမဲ့ယူပါ” ဟူသော ဖိတ်ခေါ်ချက်၏ရင်းမြစ်မှာ မည်သူနည်း။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အသက်အတွက် ယေရှုမှတစ်ဆင့်ပြင်ဆင်ပေးသောအရာအားလုံး လူသားများ အပြည့်အ၀ရရှိခြင်းကို “သလင်းကျောက်ကဲ့သို့ ကြည်လင်သည့်အသက်ရေစီးရာမြစ်” အဖြစ်ပုံဖော်ထားသည်။ ၎င်းမြစ်သည် “ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်တို့မှ စီးထွက်လာ” သည်ဟု ဖော်ပြထားသည်။ (ဗျာ. ၂၂:၁) ထို့ကြောင့် အသက်ပေးရှင်ယေဟောဝါသည် အသက်ရေ၏ ပင်ရင်းဖြစ်သည်။ (ဆာ. ၃၆:၉) “သိုးသငယ်” ယေရှုခရစ်မှတစ်ဆင့် ထိုရေရရှိအောင် ပြင်ဆင်ပေးသူမှာ ကိုယ်တော်သာလျှင်ဖြစ်သည်။ (ယော. ၁:၂၉) ဤပုံဆောင်မြစ်သည် အာဒံ၏မနာခံမှုကြောင့် လူသားများခံစားရသော ဆိုးကျိုးအားလုံးကိုချေဖျက်မည့် ယေဟောဝါ၏နည်းလမ်းဖြစ်သည်။ မှန်ပါသည်၊ “လာလော့” ဟူသောဖိတ်ခေါ်ချက်၏ရင်းမြစ်မှာ ယေဟောဝါဘုရားသခင်ဖြစ်၏။

၆။ “အသက်ရေစီးရာမြစ်” က ဘယ်အချိန်မှာ စတင်စီးဆင်းသလဲ။

“အသက်ရေစီးရာမြစ်” သည်ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်းတွင် အပြည့်၀ဆုံးသဘောဖြင့် စီးဆင်းမည်ဖြစ်သည်၊ သို့သော် ၎င်းမြစ်စတင်စီးဆင်းချိန်မှာ “သခင့်နေ့တော်” စတင်သော ကောင်းကင်၌ “သိုးသငယ်” စတင်နန်းထိုင်သည့် ၁၉၁၄ ခုနှစ်ဖြစ်သည်။ (ဗျာ. ၁:၁၀) ထို့ကြောင့် ထိုအချိန်နောက်ပိုင်းမှစ၍ အသက်အတွက် ပြင်ဆင်ချက်တချို့ကို စတင်ရရှိပြီဖြစ်သည်။ ၎င်းတို့တွင် “ရေ” အဖြစ်ဖော်ပြထားသည့် သမ္မာကျမ်းစာပါဝင်သည်။ (ဧ. ၅:၂၆) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြား၍ တုံ့ပြန်ခြင်းဖြင့် “အသက်ရေ” ကိုယူရန် ဖိတ်ခေါ်ချက်သည် လူတိုင်းအတွက်ဖြစ်သည်။ သို့သော် သခင့်နေ့တော်တွင် ထိုသို့ အမှန်ဖိတ်ခေါ်နေသူမှာ မည်သူနည်း။

“သတို့သမီးက ‘လာလော့’” ဟုဆို

၇။ “သခင့်နေ့တော်” အတွင်းမှာ “လာလော့” လို့ အစပြုဖိတ်ခေါ်သူက ဘယ်သူလဲ၊ ဘယ်သူတွေကို ဖိတ်ခေါ်သလဲ။

ဘိသိက်ပေးခံရသော ခရစ်ယာန်များဖြစ်သည့် သတို့သမီးအတန်းအစားဝင်များသည် “လာလော့” ဟု ဦးဆုံးဖိတ်ခေါ်သူများဖြစ်သည်။ မည်သူ့ကိုဖိတ်ခေါ်သနည်း။ သတို့သမီးသည် မိမိကိုယ်ကို “လာလော့” ဟုပြောမည်မဟုတ်ပါ။ သူ၏စကားများက ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ ပြီးနောက် မြေကြီးပေါ်တွင် ထာ၀စဉ်အသက်ရှင်ရန် မျှော်လင့်သူများကို ဦးတည်ပြောဆိုခြင်းဖြစ်သည်။—ဗျာ. ၁၆:၁၄၊ ၁၆ ကိုဖတ်ပါ။

၈။ ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေဟာ ၁၉၁၈ ခုနှစ်ကတည်းကစပြီး ယေဟောဝါရဲ့ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းတယ်ဆိုတာ ဘာကဖော်ပြသလဲ။

ဘိသိက်ပေးခံရသော ခရစ်တော်၏နောက်လိုက်များသည် ၁၉၁၈ ခုနှစ်ကတည်းက ဖိတ်ခေါ်နေပြီဖြစ်သည်။ ထိုနှစ်တွင်ဟောခဲ့သည့် “ယနေ့အသက်ရှင်သူသန်းပေါင်းများစွာ ဘယ်တော့မျှ မသေတော့” ဟူသော လူထုဟောပြောချက်က လူများစွာသည် အာမဂေဒုန်စစ်ပွဲပြီးနောက် မြေကြီးပရဒိသု၌ အသက်ရှင်ကြမည်ဟူသော မျှော်လင့်ချက်ကို ပေးခဲ့သည်။ ၁၉၂၂ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင်ကျင်းပသည့် ကျမ်းစာကျောင်းသားများ၏ စည်းဝေးကြီးတွင်ပေးသော ဟောပြောချက်တစ်ခု၌ နားထောင်နေသူများအား ‘ဘုရင်နှင့် သူ၏နိုင်ငံတော်ကို ကြေညာကြ’ ဟုတိုက်တွန်းခဲ့သည်။ ဤတိုက်တွန်းချက်ကြောင့် သတို့သမီးအတန်းအစားအကြွင်းအကျန်သည် ဖိတ်ခေါ်ချက်ကို သာ၍များသောလူတို့ထံ ရောက်ရှိစေခဲ့သည်။ ၁၉၂၉၊ မတ် ၁၅ ရက်ထုတ်ကင်းမျှော်စင်တွင် “ထူးမြတ်သောဖိတ်ခေါ်ချက်” ဟူသော ဆောင်းပါးပါရှိပြီး အဓိကကျမ်းချက်မှာ ဗျာ. ၂၂:၁၇ ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းနေနှင့် ဆောင်းပါးက ဤသို့ဖော်ပြသည်– “သစ္စာရှိအကြွင်းအကျန်အုပ်စုသည် ထူးမြတ်သောဖိတ်ခေါ်ချက်တွင် [အမြင့်ဆုံးအရှင်] နှင့်ပူးပေါင်းကာ ‘လာလော့’ ဟုဆိုသည်။ ဤသတင်းစကားကို ဖြောင့်မတ်ခြင်းနှင့် အမှန်တရားကို အလိုရှိသူများအား ကြေညာရန်ဖြစ်သည်။ ယင်းကို ယခုပင် ပြုလုပ်ရမည်။” သတို့သမီးအတန်းအစားသည် ယနေ့အထိ ထိုဖိတ်ခေါ်ချက်ကို ကမ်းလှမ်းလျက်ရှိသည်။

“ကြားသူတိုင်းလည်း ‘လာလော့’ ဟုဆိုပါစေ”

၉၊ ၁၀။ “လာလော့” ဆိုတဲ့ဖိတ်ခေါ်ချက်ကို ကြားတဲ့သူတွေဟာ ဘယ်လိုတုံ့ပြန်ကြသလဲ။

“လာလော့” ဟူသောဖိတ်ခေါ်ချက်ကို ကြားသူများကော မည်သို့နည်း။ သူတို့လည်း “လာလော့” ဟုဆို၍ တုံ့ပြန်ရန် ဖိတ်ခေါ်ခံရသည်။ ဥပမာ၊ ၁၉၃၂၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၃၂ တွင် ဤသို့ဖော်ပြသည်– “ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် ပါဝင်မည့်သူအားလုံးကို ဘိသိက်ပေးခံရသူများ အားပေးပါစေ။ သခင်၏သတင်းကိုကြေညာရန် သခင်၏ဘိသိက်ပေးခံရသူဖြစ်ရန် မလိုပါ။ ယေဟောဝါသက်သေများသည် အာမဂေဒုန်ကိုကပ်ကျော်ပြီး ကမ္ဘာပေါ်ထာ၀ရအသက်ရရှိမည့်သူများအတွက် အသက်ရေကို သယ်ပေးခွင့်ရှိကြောင်း ယခုသိရှိရ၍ ယင်းသည် သူတို့အတွက် နှစ်သိမ့်မှုကြီးပင်ဖြစ်သည်။”

၁၀ ကြားသောသူများသည်လည်း “လာလော့” ဟုပြောရမည့်တာဝန်ရှိကြောင်း ၁၉၃၄၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၄၉ တွင် ဤသို့ဖော်ပြထားသည်– “ယောနဒပ်အတန်းအစားဝင်တို့သည် ပုံဆောင်ယေဟုအတန်းအစားဖြစ်သော ဘိသိက်ပေးခံရသူများနှင့်အတူ သွားရမည်ဖြစ်ပြီး သူတို့သည် ယေဟောဝါ၏ဘိသိက်ခံများမဟုတ်သော်လည်း နိုင်ငံတော်သတင်းကို ကြေညာရမည်။” ၁၉၃၅ ခုနှစ်တွင် ဗျာ. ၇:၉-၁၇ တွင်ဖော်ပြထားသော “လူအုပ်ကြီး” မှာမည်သူဖြစ်ကြောင်း ရှင်းလင်းထင်ရှားလာသည်။ ယင်းက ဘုရားသခင့်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းသည့်လုပ်ငန်းအတွက် ကြီးမားသောတွန်းအားဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ ယင်းဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့ကြသည့် တိုးများလာလျက်ရှိသော စစ်မှန်သောဝတ်ပြုသူများအဝင် လူအုပ်ကြီးအရေအတွက်သည် ယခုအချိန်တွင် ခုနစ်သန်းကျော်အထိရှိလာပြီ။ သူတို့သည် သတင်းကောင်းကို ကျေးဇူးတင်လေးမြတ်စွာလက်ခံပြီးနောက် ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်ထံအပ်နှံခဲ့ကြကာ သတို့သမီးအတန်းအစားနှင့်အတူ အခြားသူများအား ‘လာ၍ အသက်ရေကို အခမဲ့ယူပါ’ ဟုတက်ကြွစွာ ဖိတ်ခေါ်လျက်ရှိသည်။

“စွမ်းအားတော်” က “လာလော့” ဟုဆို

၁၁။ စီအီးပထမရာစု ဟောပြောခြင်းလုပ်ငန်းမှာ သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုပါဝင်ခဲ့သလဲ။

၁၁ နာဇရက်မြို့ရှိ ဝတ်ပြုစုဝေးသည့်နေရာတွင် ယေရှုဟောပြောစဉ် ပရောဖက်ဟေရှာယ၏ကျမ်းလိပ်ကိုဖွင့်ကာ ဤသို့ဖတ်၏– ‘ယေဟောဝါ၏စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကိုဘိသိက်ပေးတော်မူ၏။ ငါ့ကိုစေလွှတ်တော်မူရခြင်းမှာ သုံ့ပန်းများလွတ်မြောက်ခွင့်နှင့် မျက်မမြင်များ ပြန်မြင်ခွင့်အကြောင်းကို ဟောပြောရန်၊ နှိပ်စက်ခံရသူတို့အား လွတ်မြောက်စေရန် ယေဟောဝါ၏ နှစ်သက်လက်ခံဖွယ်နှစ်ကာလအကြောင်းကို ဟောပြောရန်ဖြစ်၏။’ ထို့နောက် ယေရှုက ထိုစကားများသည် မိမိနှင့်သက်ဆိုင်ကြောင်း ဤသို့ဆိုသည်– “ယခု သင်တို့ကြားရသောကျမ်းချက်သည် ယနေ့ပြည့်စုံလေပြီ။” (လု. ၄:၁၇-၂၁) ယေရှုကောင်းကင်သို့မတက်ကြွမီ မိမိ၏တပည့်များအား ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော်သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်းသက်သေခံသူများ ဖြစ်ကြလိမ့်မည်။” (တ. ၁:၈) ပထမရာစုတွင် သန့်ရှင်းသောစွမ်းအားတော်သည် ဟောပြောခြင်းလုပ်ငန်းတွင် ထူးခြားသည့်ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။

၁၂။ ကျွန်ုပ်တို့ခေတ်မှာ ဖိတ်ခေါ်ချက်ကိုကမ်းလှမ်းရာမှာ ဘုရားသခင့်စွမ်းအားတော်က ဘယ်လိုပါဝင်ပတ်သက်သလဲ။

၁၂ ကျွန်ုပ်တို့အချိန်တွင် လူတို့အား ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရာတွင် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်သည် မည်သို့ပါဝင်ပတ်သက်သနည်း။ ယေဟောဝါသည် သန့်ရှင်းသောစွမ်းအားတော်၏ ရင်းမြစ်ဖြစ်သည်။ သတို့သမီးအတန်းအစား သမ္မာကျမ်းစာကိုနားလည်ရန် ကိုယ်တော်သည် သူတို့၏စိတ်နှလုံးကို စွမ်းအားတော်ဖြင့် ဖွင့်ပေးတော်မူခဲ့သည်။ စွမ်းအားတော်သည် သူတို့အား မြေကြီးပရဒိသုတွင် အသက်ရှင်ရန် အလားအလာရှိသူများကို ဖိတ်ခေါ်ချက်ကမ်းလှမ်းရန်နှင့် ကျမ်းစာအမှန်တရားများကို ရှင်းပြရန် လှုံ့ဆော်သည်။ ဖိတ်ခေါ်ချက်ကိုလက်ခံကာ ယေရှုခရစ်၏တပည့်ဖြစ်လာပြီး အခြားသူများအား ဖိတ်ခေါ်ချက်ကို ထပ်ဆင့်ကမ်းလှမ်းနေသူများကော အသို့နည်း။ သူတို့၏လုပ်ဆောင်မှုတွင်လည်း စွမ်းအားတော် ပါဝင်ပတ်သက်သည်။ သူတို့သည် “သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်း” ခံခဲ့ကြသောကြောင့် ယင်း၏လမ်းညွှန်မှုနှင့်အညီ လုပ်ဆောင်ကြပြီး ယင်းကို အားကိုးကြသည်။ (မ. ၂၈:၂၀) ဘိသိက်ပေးခံရသူများနှင့် တိုးများလာသောလူအုပ်ကြီးတို့ ဟောပြောသော သတင်းကိုလည်း စဉ်းစားကြည့်ပါ။ ၎င်းသည် စွမ်းအားတော်လမ်းညွှန်မှုဖြင့်ရေးသားထားသော စာအုပ်ဖြစ်သည့် သမ္မာကျမ်းစာမှဖြစ်သည်။ ထို့ကြောင့် ဖိတ်ခေါ်ချက်သည် စွမ်းအားတော်ဖြင့် ကမ်းလှမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အမှန်ပင် စွမ်းအားတော်၏လမ်းညွှန်မှုကို ခံယူနေကြသည်။ ယင်းက အခြားသူများအား ဖိတ်ခေါ်ခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့သုံးသည့် အချိန်ပမာဏအပေါ် မည်သို့ အကျိုးသက်ရောက်သင့်သနည်း။

သူတို့က “‘လာလော့’ ဟုမပြတ်ဆို၏”

၁၃။ “စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏” ဆိုတဲ့ဖော်ပြချက်က ဘာအဓိပ္ပာယ်ရှိသလဲ။

၁၃ “စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’” ဟု တစ်ကြိမ်တည်းသာ မပြောပါ။ ဤတွင် အသုံးပြုသော မူရင်းဘာသာစကား၏ ကြိယာသည် ဆက်လက်လုပ်ဆောင်ခြင်း သဘောဆောင်၏။ ဤအချက်ကို ထည့်သွင်းသုံးသပ်ထားသော ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ဤသို့ဖတ်ရသည်– “စွမ်းအားတော်နှင့် သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏။” ဤအချက်က ဘုရားသခင့်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရာတွင် မှန်မှန်ပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဖိတ်ခေါ်ချက်ကို ကြားပြီး လက်ခံသူများကော အသို့နည်း။ သူတို့ကလည်း “လာလော့” ဟုဆိုကြသည်။ စစ်မှန်သောဝတ်ပြုသူများအဝင် လူအုပ်ကြီးသည် ‘ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် အမှုတော်မြတ်ကို နေ့ညမပြတ် ထမ်းရွက်နေကြသည်’ ဟုဆိုထားသည်။ (ဗျာ. ၇:၉၊ ၁၅) အဘယ်သဘောဖြင့် ‘နေ့ညမပြတ် ထမ်းရွက်နေကြ’ သနည်း။ (လုကာ ၂:၃၆၊ ၃၇; တမန်တော် ၂၀:၃၁; ၂ သက်သာလောနိတ် ၃:၈ တို့ကိုဖတ်ပါ။) ‘နေ့ညမပြတ် ထမ်းရွက်’ ခြင်းဆိုရာတွင် ခရစ်ယာန်ဓမ္မအမှု၌ ပုံမှန်နှင့် အားကြိုးမာန်တက်ပါဝင်ခြင်းဖြစ်ကြောင်း သက်ကြီးပရောဖက်မ အန္နနှင့် တမန်တော်ပေါလု၏ပုံသက်သေက ဖော်ပြသည်။

၁၄၊ ၁၅။ ဝတ်ပြုရေးမှာ ပုံမှန်ပါဝင်ခြင်းရဲ့အရေးကြီးပုံကို ပရောဖက်ဒံယေလ ဘယ်လိုဖော်ပြခဲ့သလဲ။

၁၄ ပရောဖက်ဒံယေလသည်လည်း ဝတ်ပြုရေးတွင် ပုံမှန်ပါဝင်ခြင်း၏အရေးကြီးမှုကို ဖော်ပြခဲ့သည်။ (ဒံယေလ ၆:၄-၁၀၊ ၁၆ ကိုဖတ်ပါ။) ခြင်္သေ့တွင်းထဲပစ်ချခံရနိုင်သော်လည်း “ပြုလေ့ရှိသည့်အတိုင်း တစ်နေ့သုံးကြိမ်” ဆုတောင်းသည့် သူ၏ဝတ်ပြုမှုအလေ့အထကို တစ်လပင် မရပ်နားခဲ့ပါ။ သူ၏လုပ်ဆောင်ပုံက ယေဟောဝါအား ပုံမှန်ဝတ်ပြုခြင်းထက် ပို၍အရေးကြီးသောအရာ ဘာမျှမရှိကြောင်း သူ့အားစောင့်ကြည့်နေသူများအား အထင်အရှားသိမြင်စေသည်။—မ. ၅:၁၆

၁၅ ခြင်္သေ့တွင်းထဲ၌ ဒံယေလ တစ်ည နေပြီးနောက် ဘုရင်ကိုယ်တိုင် ကြွလာကာ ဤသို့အော်ပြောခဲ့သည်– “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကို ခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလော။” ဒံယေလ ဤသို့ ချက်ချင်း ပြန်ဖြေခဲ့သည်– “အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ်ကိုပိတ်ထားတော်မူသဖြင့် အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့်လွတ်ပါ၏။ အကြောင်းမူကား ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါ။” ဒံယေလ၏ “မပြတ်ကိုးကွယ်” မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့သည်။—ဒံ. ၆:၁၉-၂၂

၁၆။ ဒံယေလရဲ့ပုံသက်သေက ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ပါဝင်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်မေးခွန်းတွေမေးဖို့ လှုံ့ဆော်ပေးသလဲ။

၁၆ ဒံယေလသည် ယေဟောဝါအား ဝတ်ပြုခြင်းကို လျစ်လျူရှုမည့်အစား အသေခံရန် ရွေးချယ်ခဲ့သည်။ ကျွန်ုပ်တို့ကော မည်သို့နည်း။ ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းလုပ်ငန်းတွင် မပြတ်ပါဝင်ရန် အဘယ်အရာကို စွန့်လွှတ်နေသနည်း သို့မဟုတ် နောက်ထပ် အဘယ်အရာကို စွန့်လွှတ်ရန် တလိုတလားရှိသနည်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသူများအား ယေဟောဝါအကြောင်းမပြောဘဲ တစ်လပင် ကုန်လွန်မသွားစေသင့်ပါ။ ကျွန်ုပ်တို့သည် ဖြစ်နိုင်သည့်အခါတိုင်း ခရစ်ယာန်ဓမ္မအမှုတွင် ပတ်စဉ်ပါဝင်ရန် ကြိုးစားသင့်သည်မဟုတ်လော။ ကျွန်ုပ်တို့သည် ကျန်းမာရေးအလွန်ချို့တဲ့နေကာ တစ်လအတွင်း ၁၅ မိနစ်ခန့် သက်သေခံခဲ့သည်ဆိုလျှင်ပင် ယင်းကို မှတ်တမ်းသွင်းသင့်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် စွမ်းအားတော်နှင့် သတို့သမီးနှင့်အတူ “လာလော့” ဟု မပြတ်ပြောလိုသောကြောင့်ဖြစ်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် မှန်မှန်ကြေညာသူများဖြစ်ရန် အတတ်နိုင်ဆုံးပြုလုပ်လိုကြသည်။

၁၇။ ယေဟောဝါရဲ့ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရာမှာ ဘယ်အခွင့်အရေးတွေကို ကျွန်ုပ်တို့ လက်လွတ်မခံသင့်သလဲ။

၁၇ ယေဟောဝါ၏ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရာတွင် ကျွန်ုပ်တို့သည် လူထုဓမ္မအမှုအတွက် သတ်မှတ်ထားချိန်တွင်သာမဟုတ်ဘဲ အခွင့်အရေးရတိုင်းပါဝင်ရန် ကြိုးစားသင့်သည်။ စျေးဝယ်စဉ်၊ ခရီးသွားစဉ်၊ အားလပ်ခွင့်ယူစဉ်၊ အလုပ်လုပ်စဉ် သို့မဟုတ် ကျောင်းတွင် စသောအခြားအချိန်များ၌ ရေငတ်နေသူများအား ‘လာ၍ အသက်ရေကို အခမဲ့ယူပါ’ ဟုဖိတ်ခေါ်ရခြင်းသည် အခွင့်ထူးတစ်ခုဖြစ်၏။ အာဏာပိုင်များက ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားလျှင်ပင် သတိရှိရှိဖြင့် အိမ်ခြား၍၊ အချိန်ခြား၍ ဟောပြောနိုင်သည် သို့မဟုတ် အလွတ်သဘောသက်သေခံခြင်းကို တိုး၍လုပ်ဆောင်နိုင်သည်။

“လာလော့” ဟုမပြတ်ဆို

၁၈၊ ၁၉။ ဘုရားသခင့်လုပ်ဖော်ဆောင်ဖက်တစ်ဦး ဖြစ်ရတဲ့အခွင့်ထူးကို သင်တန်ဖိုးထားကြောင်း ဘယ်လိုဖော်ပြသလဲ။

၁၈ စွမ်းအားတော်နှင့် သတို့သမီးသည် အသက်ရေဆာငတ်နေသူတိုင်းအား “လာလော့” ဟုပြောနေသည်မှာ အနှစ်ကိုးဆယ်ကျော်ရှိပြီဖြစ်သည်။ သူတို့၏စိတ်လှုပ်ရှားဖွယ်ဖိတ်ခေါ်ချက်ကို သင် ကြားပါသလော။ ကြားလျှင် ဤဖိတ်ခေါ်ချက်ကို အခြားသူများအား ဆက်၍ကမ်းလှမ်းရန် သင့်အား တိုက်တွန်းပါသည်။

၁၉ ယေဟောဝါ၏မေတ္တာပါဖိတ်ခေါ်ချက်ကို အဘယ်အချိန်အထိ ဆက်ကမ်းလှမ်းရမည်ကို ကျွန်ုပ်တို့ မသိပါ၊ သို့သော် အခြားသူများအား “လာလော့” ဟုဆိုကာ ယင်းဖိတ်ခေါ်ချက်ကို တုံ့ပြန်ခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ ဖြစ်စေသည်။ (၁ ကော. ၃:၆၊) ယင်းသည် အခွင့်ထူးတစ်ခုဖြစ်သည်။ ယင်းအခွင့်ထူးကို တန်ဖိုးထားကြောင်းဖော်ပြကာ ကျွန်ုပ်တို့ မှန်မှန်ဟောပြောခြင်းဖြင့် ‘ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား အစဉ်မပြတ်ပူဇော်’ နိုင်ကြပါစေ။ (ဟေဗြဲ ၁၃:၁၅) သတို့သမီးအတန်းအစားနှင့်အတူ မြေကြီးမျှော်လင့်ချက်ရှိသော ကျွန်ုပ်တို့သည် “လာလော့” ဟုဆက်၍ဆိုနေကြပါစို့။ သာ၍များသောလူများလည်း “အသက်ရေကို အခမဲ့ယူ” နိုင်ကြပါစေ။

သင်အဘယ်အရာ သင်ယူသိရှိခဲ့သနည်း

• ဘယ်သူတွေကို “လာလော့” ဆိုတဲ့ဖိတ်ခေါ်ချက် ကမ်းလှမ်းခဲ့သလဲ။

• “လာလော့” ဆိုတဲ့ဖိတ်ခေါ်ချက်ရဲ့ရင်းမြစ်က ယေဟောဝါဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

• “လာလော့” ဆိုတဲ့ဖိတ်ခေါ်ချက်ကိုကမ်းလှမ်းရာမှာ သန့်ရှင်းတဲ့စွမ်းအားတော်က ဘယ်ကဏ္ဍကနေ ပါဝင်သလဲ။

• ခရစ်ယာန်ဓမ္မအမှုမှာ ပုံမှန်ပါဝင်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် ကြိုးစားသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

“လာလော့” ဟုမပြတ်ဆို

၁၉၁၄

ကြေညာသူ ၅,၁၀၀

၁၉၁၈

မြေကြီးပရဒိသုမှာ လူများစွာ အသက်ရကြမယ်

၁၉၂၂

“ဘုရင်နဲ့ သူ၏နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ”

၁၉၂၉

သစ္စာရှိအကြွင်းအကျန်က “လာလော့” ဟုဆို

၁၉၃၂

“လာလော့” ဆိုတဲ့ဖိတ်ခေါ်ချက်က ဘိသိက်ပေးခံရတဲ့သူတွေအတွက်သာ မဟုတ်

၁၉၃၄

ယောနဒပ်အတန်းအစားလည်း ဟောပြောဖို့ဖိတ်ခေါ်ခံရ

၁၉၃၅

“လူအုပ်ကြီး” ထင်ရှားလာ

၂၀၀၉

ကြေညာသူ ၇,၃၁၃,၁၇၃