မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား သင်၏ဖခင်အဖြစ် ရှုမြင်ပါသလော

ယေဟောဝါအား သင်၏ဖခင်အဖြစ် ရှုမြင်ပါသလော

ယေဟောဝါအား သင်၏ဖခင်အဖြစ် ရှုမြင်ပါသလော

‘သခင်၊ ကျွန်ုပ်တို့အား မည်သို့ဆုတောင်းရမည်ကို သွန်သင်ပေးတော်မူပါ’ ဟုကိုယ်တော်၏ တပည့်တော်များထဲမှတစ်ယောက်က လျှောက်သောအခါ ယေရှုက “သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ’” ဟုတောင်းလျှောက်ရန် သင်ပေးခဲ့သည်။ (လု. ၁၁:၁၊ ၂) ယေရှုသည် ယေဟောဝါအား ‘အတိုင်းအဆမဲ့တန်ခိုးရှင်၊’ ‘ကြီးမြတ်သောဆရာ၊’ “ဖန်ဆင်းတော်မူသောအရှင်၊” “အသက်ကြီးသောသူ၊” နှင့် “ထာဝရဘုရင်” ကဲ့သို့သော အထူးမှတ်သားဖွယ် ဘွဲ့ထူးများကိုအသုံးပြု၍ ရည်ညွှန်းနိုင်ပါသည်။ (က. ၄၉:၂၅; ဟေရှာ. ၃၀:၂၀; ၄၀:၂၈; ဒံ. ၇:၉; ၁ တိ. ၁:၁၇) ယင်းအစား ယေရှုက “အဖ” ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့သည်။ အဘယ်ကြောင့်နည်း။ ဖြစ်နိုင်သည်မှာ စကြဝဠာတွင် အမြင့်ဆုံးသောပုဂ္ဂိုလ်ထံ ကျွန်ုပ်တို့ချဉ်းကပ်ရာတွင် မေတ္တာရှိသော ဖခင်တစ်ဦးထံ ကလေးငယ်တစ်ဦးချဉ်းကပ်သကဲ့သို့ ချဉ်းကပ်စေလိုသောကြောင့် ဖြစ်ပေမည်။

သို့သော် အချို့သူတို့သည် ဘုရားသခင်အား သူတို့၏ဖခင်အဖြစ် သဘောထားရန် ခက်ခဲကြသည်။ အက်စူကို * အမည်ရှိ ခရစ်ယာန်တစ်ဦး ဤသို့ဝန်ခံခဲ့သည်– “ကျွန်မနှစ်ခြင်းခံပြီး နောက်ပိုင်းနှစ်အတော်ကြာအထိ ယေဟောဝါကို ဖခင်တစ်ယောက်လိုသဘောထားပြီး ဆုတောင်းချဉ်းကပ်ဖို့ ကျွန်မအတွက် ခက်ခဲခဲ့တယ်။” ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို သူ ဤသို့ပြောပြခဲ့သည်– “ကျွန်မရဲ့ ဖခင်အရင်းက ကျွန်မကို ချစ်ကြောင်း တစ်ခါမှ မဖော်ပြခဲ့ဖူးဘူး။”

ဤနောက်ဆုံးသောနေ့ရက်များတွင် ဖခင်ထံမှမျှော်လင့်သော “မိသားစုချစ်ခင်စုံမက်ခြင်း” မှာ ပျောက်ကွယ်လျက်ရှိသည်။ (၂ တိ. ၃:၁၊) ထို့ကြောင့် အက်စူကိုကဲ့သို့ ခံစားရသူများ ရှိနေခြင်းမှာ မထူးဆန်းပါ။ သို့သော် ယေဟောဝါကို ကျွန်ုပ်တို့၏ မေတ္တာပြည့်၀သောဖခင်အဖြစ် ယူမှတ်နိုင်သည့် အကြောင်းရင်းများစွာရှိသည်ကို သိထားခြင်းက နှစ်သိမ့်မှုဖြစ်စေသည်။

ယေဟောဝါ—မေတ္တာဖြင့် ထောက်မပေးသောအရှင်

ယေဟောဝါအား ကျွန်ုပ်တို့၏ ဖခင်တစ်ဦးအဖြစ် ရှုမြင်ဖို့ဆိုလျှင် ကိုယ်တော့်အကြောင်း ကောင်းစွာသိရှိဖို့လိုသည်။ “ခမည်းတော်မှလွဲ၍ သားတော်ကို သိကျွမ်းသူမရှိ” ဟု ယေရှုမိန့်ဆိုခဲ့သည်။ “သားတော်မှစ၍ သားတော်ဖော်ပြလိုသူမှတစ်ပါး ခမည်းတော်ကို သိကျွမ်းသူမရှိ။” (မ. ၁၁:၂၇) ယေဟောဝါသည် မည်သို့သော ဖခင်မျိုးဖြစ်ကြောင်း သိရှိနိုင်သည့် အကောင်းဆုံးနည်းမှာ စစ်မှန်သော ဘုရားသခင်အကြောင်း ယေရှုဖော်ပြခဲ့ရာကို စဉ်းစားဆင်ခြင်ခြင်းဖြစ်သည်။ သို့ဆိုလျှင် ခမည်းတော်အကြောင်း ယေရှု အဘယ်အရာ ပြောဆိုခဲ့သနည်း။

ယေဟောဝါအား မိမိအသက်၏ပင်ရင်းအဖြစ် အသိအမှတ်ပြုကာ ‘ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏’ ဟုယေရှုပြောခဲ့သည်။ (ယော. ၆:၅၇) ကျွန်ုပ်တို့တည်ရှိနေရခြင်းသည်လည်း ခမည်းတော်ကြောင့်ဖြစ်သည်။ (ဆာ. ၃၆:၉; တ. ၁၇:၂၈) အခြားသူများ အသက်ရှင်သန်အောင် ပြုလုပ်ပေးရန် အဘယ်အရာက ယေဟောဝါကို လှုံ့ဆော်ခဲ့သနည်း။ မေတ္တာပင် မဟုတ်ပေလော။ ကျွန်ုပ်တို့သည် ယင်းဆုကျေးဇူးအတွက် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ချစ်တုံ့ပြန်သင့်သည်မှာ သေချာသည်။

လူသားတို့အတွက် ဘုရားသခင့်မေတ္တာ၏ အကြီးမားဆုံး သက်သေပြချက်မှာ ကိုယ်တော်ပြင်ဆင်ပေးသည့် ယေရှု၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်ဖြစ်သည်။ ရွေးနုတ်ဖိုးသည် အပြစ်သားများအား ကိုယ်တော်၏ ချစ်သားတော်မှတစ်ဆင့် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေး ရရှိစေခဲ့သည်။ (ရော. ၅:၁၂; ၁ ယော. ၄:၉၊ ၁၀) ထို့ပြင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကတိတော်များကို ပြည့်စုံစေသောအရှင်ဖြစ်သောကြောင့် ကိုယ်တော့်ကိုချစ်၍ နာခံမှုတင်ပြသူအားလုံးသည် အဆုံး၌ “ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေ” တွင် ပျော်မွေ့ကြပါလိမ့်မည်။—ရော. ၈:၂၁

ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အပေါ် နေ့စဉ် “နေကိုထွက်စေ” သည်။ (မ. ၅:၄၅) နေထွက်ဖို့ ဆုတောင်းရမည်ဟု ကျွန်ုပ်တို့စဉ်းစားမည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် နေ၏အနွေးဓာတ်ရောင်ခြည်ကို အလွန်လိုအပ်ပြီး နှစ်သက်ကြသည်တကား။ ထို့ပြင် ကျွန်ုပ်တို့၏ခမည်းတော်သည် အနှိုင်းမဲ့ထောက်ပံ့ပေးရှင်ဖြစ်ပြီး ကျွန်ုပ်တို့ ကိုယ်တော့်ထံ မတောင်းလျှောက်မီကပင် ကျွန်ုပ်တို့၏ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သိတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဖန်ဆင်းရာများအား မည်မျှဂရုစိုက်စောင့်ရှောက်သည်ကို သိရှိရန်နှင့် ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် တွေးတောဆင်ခြင်ရန် အချိန်ယူသင့်သည်မဟုတ်လော။—မ. ၆:၈၊ ၂၆

ကျွန်ုပ်တို့၏ဖခင် —“သနားခြင်းကရုဏာစိတ်ရှိတော်မူသော ကွယ်ကာရှင်”

ဟေရှာယ၏ ပရောဖက်ပြုချက်က ဘုရားသခင်၏ရှေးခေတ်လူမျိုးအား ဤသို့အာမခံထားသည်–“တောင်ကြီးတို့သည်ရွေ့၍ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း ငါ၏မိတ်ဖွဲ့ခြင်းသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ကွယ်ကာရှင် ယေဟောဝါ မိန့်တော်မူ၏။” (ဟေရှာ. ၅၄:၁၀The Bible in Living English) ဤအချက်ကို ထောက်ခံလျက် ယေရှု၏မြေကြီးအသက်တာ နောက်ဆုံးညတွင် တောင်းလျှောက်ခဲ့သော ဆုတောင်းချက်၌ ယေဟောဝါသည် အမှန်ပင် “သနားခြင်းကရုဏာစိတ်ရှိတော်မူသော ကွယ်ကာရှင်” ဖြစ်ကြောင်း ဖော်ပြသည်။ ကိုယ်တော်၏ တပည့်တော်များနှင့် ပတ်သက်၍ ယေရှုဤသို့ ဆုတောင်းခဲ့သည်– ‘ကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာရပါတော့မည်။ ဤသူတို့မူကား ဤလောက၌ ရှိနေရစ်ပါမည်။ သန့်ရှင်းတော်မူသောအဖ၊ ကိုယ်တော်၏နာမတော်အတွက် သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။’ (ယော. ၁၇:၁၁၊ ၁၄) ယေဟောဝါသည် ယေရှု၏နောက်လိုက်များအား ကာကွယ်၍ စောင့်ရှောက်တော်မူသည်။

ယနေ့ စာတန်၏ပရိယာယ်များမှ ကျွန်ုပ်တို့အား ကာကွယ်ပေးသည့် နည်းတစ်နည်းမှာ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် အချိန်တန်အစာ ကျွေးမွေးခြင်းဖြစ်သည်။ (မ. ၂၄:၄၅) ကျွန်ုပ်တို့သည် “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်” ထားလိုလျှင် ထိုခွန်အားရှိစေသော အစားအစာကိုစားသုံးခြင်းသည် အလွန်ပင်အရေးပါသည်။ ဥပမာအနေနှင့် “ဆိုးညစ်သူပစ်ခတ်သော မီးမြားလက်နက်မှန်သမျှကို ကာသတ်နိုင်သည့် ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှား” ကိုလည်း သုံးသပ်ကြည့်ပါ။ (ဧ. ၆:၁၁၊ ၁၆) ကျွန်ုပ်တို့တင်ပြသည့် ယုံကြည်ခြင်းက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ဘေးသင့်မှုမှ ကာကွယ်ပေးနိုင်ပြီး ယင်းက ကိုယ်တော်၏ ကာကွယ်နိုင်စွမ်းကို အသိအမှတ်ပြုရာရောက်သည်။

ဘုရားသခင်၏သားတော် မြေကြီးပေါ်တွင်ရှိစဉ် မည်သို့ကျင့်ကြံပြုမူသည်ကို အနီးကပ်သုံးသပ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ သနားခြင်းကရုဏာအကြောင်းကို ကျွန်ုပ်တို့ ပို၍သင်ယူနိုင်ကြမည်ဖြစ်သည်။ မာကု ၁၀:၁၃-၁၆ တွင် မှတ်တမ်းတင်ထားရာကို မှတ်သားပါ။ ထိုတွင် တပည့်များအား ယေရှုပြောဆိုခဲ့ရာကို မှတ်တမ်းတင်ထားသည်– “ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။” ကလေးငယ်များ ကိုယ်တော့်ပတ်လည်တွင် စုရုံးရောက်ရှိလာသောအခါ ယေရှုသည် သူတို့ကို ကြင်နာစွာပွေ့ပိုက်လျက် ကောင်းချီးပေးတော်မူသည်။ သူတို့၏မျက်နှာများသည် အပြုံးများဖြင့် တောက်ပနေမည်မှာ သေချာသည်။ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” ဟု ပြောခဲ့သောကြောင့် စစ်မှန်သော ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော့်ထံ လာစေလိုကြောင်း သိရှိရသည်။—ယော. ၁၄:၉

ယေဟောဝါဘုရားသခင်သည် မေတ္တာ၏ အတိုင်းအဆမဲ့ ရင်းမြစ်ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကိုယ်တော့်ထံ ကျွန်ုပ်တို့အား ချဉ်းကပ်စေလိုတော်မူသော ပြိုင်ဘက်ကင်းသည့် အနှိုင်းမဲ့ ထောက်ပံ့ပေးရှင်နှင့် ကာကွယ်ပေးရှင် ဖြစ်တော်မူသည်။ (ယာ. ၄:၈) ထို့ကြောင့် ယေဟောဝါသည် စိတ်ကူးကြည့်နိုင်သမျှတွင် အကောင်းဆုံးဖခင်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။

ကျွန်ုပ်တို့အကျိုးများစွာရရှိကြ

မေတ္တာရှိ၍ သနားကရုဏာစိတ်ရှိတော်မူသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါအပေါ် ယုံကြည်ကိုးစားခြင်းဖြင့် အကျိုးများစွာရရှိမည်ဖြစ်သည်။ (သု. ၃:၅၊ ၆) ယေရှုသည် မိမိ၏ခမည်းတော်ကို အပြည့်အဝယုံကြည်ကိုးစားခြင်းမှ အကျိုးရရှိခဲ့သည်။ “ငါသည် တစ်ကိုယ်တည်းမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါနှင့်အတူရှိ၏” ဟု တပည့်များအား ခရစ်တော်ပြောကြားခဲ့သည်။ (ယော. ၈:၁၆) ယေရှုသည် ယေဟောဝါ၏ ထောက်မမှုကို အစဉ်အမြဲရရှိခဲ့သည်။ ဥပမာအနေနှင့် ယေရှုနှစ်ခြင်းခံချိန်တွင် “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော ခမည်းတော်ထံမှ မေတ္တာပါထောက်ခံချက်ကို ကိုယ်တော် ရရှိခဲ့သည်။ (မ. ၃:၁၅-၁၇) ယေရှုမသေဆုံးမီ အချိန်ပိုင်းအတွင်းတွင် “အဖ၊ ကျွန်ုပ်၏အသက်ကို ကိုယ်တော့်လက်၌ အပ်ပါ၏” ဟု ကြွေးကြော်ခဲ့သည်။ (လု. ၂၃:၄၆) ခမည်းတော်အပေါ် ယေရှု၏ယုံကြည်ကိုးစားမှုသည် အမြဲခိုင်မာခဲ့သည်။

ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်နိုင်ပါသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူသောကြောင့် အဘယ်အရာကိုမျှ ကြောက်စရာမလိုပါ။ (ဆာ. ၁၁၈:၆) အစပိုင်းတွင် ဖော်ပြခဲ့သည့် အက်စူကိုသည် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ မိမိ၏ကိုယ်ပိုင်အစွမ်းခွန်အားကို အားကိုးလေ့ရှိခဲ့သည်။ သို့သော် သူသည် ယေရှု၏ ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေးအကြောင်းကို အဓိကအာရုံစိုက်ကာ ယေရှု၏ဘဝအသက်တာနှင့် ဓမ္မအမှုအကြောင်းကို လေ့လာခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ “ဖခင်တစ်ယောက်ရှိခြင်းနဲ့ ဖခင်အပေါ်မှီခိုအားထားခြင်းက ဘယ်အရာကို ဆိုလိုတယ်ဆိုတာ ကျွန်မ သိရှိခဲ့တယ်” ဟု အက်စူကို ပြောပြသည်။ “စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်သက်မှုကို ကျွန်မ ခံစားခဲ့ရတယ်။ တကယ်ပါပဲ၊ ဘယ်အရာအတွက်မှ စိုးရိမ်ပူပန်နေဖို့ အကြောင်းမရှိဘူး” ဟု သူမပြော၏။

ယေဟောဝါအား ကျွန်ုပ်တို့၏ဖခင်အဖြစ် ရှုမြင်ခြင်းမှ ကျွန်ုပ်တို့ နောက်ထပ်မည်သို့ အကျိုးရရှိနိုင်သနည်း။ ကလေးများသည် ပုံမှန်အားဖြင့် သူတို့၏မိဘများကို ချစ်မြတ်နိုးပြီး မိဘများအား ပျော်ရွှင်စေလိုကြသည်။ ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်၏သားတော်သည် ‘မိမိ၏ ခမည်းတော် နှစ်သက်တော်မူရာများကို အစဉ်မပြတ်ပြုခဲ့’ သည်။ (ယော. ၈:၂၉) အလားတူပင် ကောင်းကင်ခမည်းတော်အားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာက ကျွန်ုပ်တို့အား ပညာရှိရှိလုပ်ဆောင်ရန်နှင့် “ကိုယ်တော်အား ချီးမွမ်း” ရန် လှုံ့ဆော်ပေးနိုင်ပါသည်။—မ. ၁၁:၂၅; ယော. ၅:၁၉

ကျွန်ုပ်တို့၏ဖခင်သည် ‘ကျွန်ုပ်တို့၏ လက်ယာလက်ကို ကိုင်စွဲတော်မူ၏’

ကျွန်ုပ်တို့၏ ကောင်းကင်ဖခင်သည် “ကူညီမစသူ” အဖြစ် ကိုယ်တော်၏ သန့်ရှင်းသောစွမ်းအားတော်ကိုလည်း ပေးတော်မူသည်။ ယင်းသည် “အမှန်တရားကို သင်တို့အပြည့်အဝနားလည်စေရန် သွန်သင်ပြသလိမ့်မည်” ဟု ယေရှု မိန့်တော်မူခဲ့သည်။ (ယော. ၁၄:၁၅-၁၇; ၁၆:၁၂၊ ၁၃) ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့၏ ကောင်းကင်ဖခင်အကြောင်း ကောင်းစွာနားလည်သဘောပေါက်ရန် ကူညီပေးနိုင်သည်။ စိတ်ကူးဆန္ဒများ၊ မှားယွင်းသည့် အတွေးအခေါ်များ၊ သို့မဟုတ် လွဲမှားသည့် ရှုမြင်ချက်များပါဝင်သည့် “အခိုင်အမာအမြစ်စွဲနေသော အရာများ” ကို ဖြိုဖျက်ပေးရန် သန့်ရှင်းသောစွမ်းအားတော်က ထောက်ကူပေးနိုင်သောကြောင့် “အကြံအစည်ရှိသမျှကိုလည်း ထိန်းချုပ်လျက် ခရစ်တော်ကို နာခံစေကြ၏။” (၂ ကော. ၁၀:၄၊ ၅) ထို့ကြောင့် “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” ဖြစ်ကြောင်း ယုံကြည်စိတ်ချကာ ကတိပြုထားသည့် “ကူညီမစသူ” အတွက် ယေဟောဝါထံ ကျွန်ုပ်တို့တောင်းလျှောက်ကြပါစို့။ (လု. ၁၁:၁၃) ယေဟောဝါနှင့် ပို၍ရင်းနှီးရန် သန့်ရှင်းသောစွမ်းအားတော် ကူညီပေးဖို့ တောင်းလျှောက်ခြင်းသည်လည်း သင့်တော်ပေသည်။

ကလေးငယ်တစ်ဦးသည် ဖခင်လက်ကိုတွဲ၍ လမ်းလျှောက်သောအခါ ကြောက်ရွံ့စိတ်မရှိဘဲ စိတ်ချမှု၊ လုံခြုံမှုကို ခံစားရပေမည်။ သင်လည်း ယေဟောဝါကို သင်၏ဖခင်အဖြစ် ရှုမြင်ပါက ဤနှစ်သိမ့်မှုဖြစ်စေသောစကားများကို ယုံကြည်စိတ်ချနိုင်ပါသည်– ‘သင်၏ဘုရားသခင် ယေဟောဝါက မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်။’ (ဟေရှာ. ၄၁:၁၃) သင်၌ ဘုရားသခင်နှင့်အတူ “သွားလာ” နိုင်သည့် အလွန်ကောင်းသောအခွင့်ထူး ရရှိနိုင်ပါသည်။ (မိ. ၆:၈သမ္မာ) ကိုယ်တော့်အလိုတော်ကို ဆက်လက်ထမ်းဆောင်သွားခြင်းဖြင့် ယေဟောဝါအား သင်၏ဖခင်အဖြစ် ရှုမြင်ခြင်းမှ မေတ္တာ၊ ရွှင်လန်းမှုနှင့် လုံခြုံမှုရှိသည်ဟူသော အသိစိတ်ကို ခံစားရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 အမည်များကို ပြောင်းထားသည်။