မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းဆုံး ဘ၀လမ်းစဉ်တွင် ဆက်လျှောက်လှမ်းပါ

အကောင်းဆုံး ဘ၀လမ်းစဉ်တွင် ဆက်လျှောက်လှမ်းပါ

အကောင်းဆုံး ဘ၀လမ်းစဉ်တွင် ဆက်လျှောက်လှမ်းပါ

‘ငါတို့အသက်ရှင်လျှင် ယေဟောဝါအတွက် ရှင်၏။ သေလျှင်လည်း ယေဟောဝါအတွက် သေ၏။’—ရော. ၁၄:၈

၁။ အကောင်းဆုံးဘ၀လမ်းစဉ်နဲ့ပတ်သက်ပြီး ယေရှုဘာသင်ပေးခဲ့သလဲ။

ယေဟောဝါသည် ကျွန်ုပ်တို့ကို အကောင်းဆုံးဘ၀လမ်းစဉ်ဖြင့် အသက်ရှင်စေလိုသည်။ လူတို့သည် ဘ၀လမ်းစဉ်အမျိုးမျိုးဖြင့် အသက်ရှင်နိုင်သော်လည်း အကောင်းဆုံးလမ်းစဉ်မှာ တစ်ခုတည်းသာရှိသည်။ ကိုယ်တော့်သားတော်ယေရှုခရစ်အကြောင်း သင်ယူကာ သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်နေထိုင်သည့်ဘ၀လမ်းစဉ်သည် အကောင်းဆုံးဘ၀လမ်းစဉ်ဖြစ်၏။ ယေရှုသည် မိမိနောက်လိုက်များအား စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ဘုရားသခင်ကိုကိုးကွယ်ရန် သွန်သင်ပေးခဲ့ပြီး တပည့်ဖြစ်စေခြင်းတာဝန်ကို အပ်နှင်းခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀; ယော. ၄:၂၄) ယေရှု၏သွန်သင်ချက်နှင့်အညီ အသက်ရှင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေပြီး ကိုယ်တော့်ကောင်းချီးများကို ခံစားရစေသည်။

၂။ ပထမရာစုကလူတွေ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ၊ သခင့်ရဲ့ “လမ်းစဉ်” ကိုလိုက်ခြင်းက ဘာကိုဆိုလိုသလဲ။

“ထာ၀ရအသက်ကိုလိုလားသူ” များသည် ယုံကြည်သူများဖြစ်လာပြီး နှစ်ခြင်းခံကြသောအခါ သူတို့ကို “အကောင်းဆုံးဘ၀လမ်းစဉ်တွင် ဆက်လျှောက်လှမ်းပါ” ဟုပြောရန် ကျွန်ုပ်တို့တွင် ခိုင်လုံသောအကြောင်းရင်းများရှိပါသည်။ (တ. ၁၃:၄၈) ပထမရာစုတွင် လူမျိုးအသီးသီးမှ ထောင်နှင့်ချီသောလူတို့သည် အမှန်တရားကိုလက်ခံကာ ဘုရားသခင်ထံအပ်နှံကြောင်း နှစ်ခြင်းခံခြင်းဖြင့် လူထုရှေ့ အထင်အရှားဖော်ပြခဲ့ကြသည်။ (တ. ၂:၄၁) ထိုအစောပိုင်းတပည့်များသည် သခင်၏ “လမ်းစဉ်” ကိုလိုက်ခဲ့ကြ၏။ (တ. ၉:၂; ၁၉:၂၃) ဤအသုံးအနှုန်းသည် သင့်တော်၏၊ အကြောင်းမှာ ခရစ်တော်၏နောက်လိုက်ဖြစ်လာသူများသည် ကိုယ်တော်၏ပုံသက်သေကို တုပကာ ယေရှုခရစ်ကိုယုံကြည်ခြင်းအပေါ် ဗဟိုပြုသော ဘ၀လမ်းစဉ်အတိုင်း လိုက်လျှောက်သောကြောင့်ဖြစ်သည်။—၁ ပေ. ၂:၂၁

၃။ ယေဟောဝါရဲ့လူတွေ ဘာကြောင့်နှစ်ခြင်းခံကြသလဲ၊ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ဘယ်နှယောက်နှစ်ခြင်းခံခဲ့သလဲ။

တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ဤနောက်ဆုံးသောနေ့ရက်များတွင် အရှိန်အဟုန်တိုးမြှင့်လျက်ရှိပြီး နိုင်ငံပေါင်း ၂၃၀ နိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်းတွင် လူပေါင်း ၂,၇၀၀,၀၀၀ ကျော် ယေဟောဝါအား အမှုဆောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကိုယ်တော့်ထံအပ်နှံသည့် အထိမ်းအမှတ်အဖြစ် ရေတွင် နှစ်ခြင်းခံခဲ့ကြသည်။ ယင်းသည် တစ်ပတ်လျှင် ပျမ်းမျှ ၅,၀၀၀ ကျော်ဖြစ်သည်။ နှစ်ခြင်းခံရန်ဆုံးဖြတ်ချက်သည် ဘုရားသခင်ကိုချစ်သောမေတ္တာ၊ သမ္မာကျမ်းစာအသိပညာနှင့် ယင်း၏သွန်သင်ချက်များကို ယုံကြည်ခြင်းတို့အပေါ် အခြေခံသည်။ နှစ်ခြင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ရင်းနှီးသောဆက်ဆံရေးအစကို မှတ်သားဖော်ပြသည့် ဘ၀မှတ်တိုင်တစ်ခုဖြစ်သည်။ ယင်းက ကိုယ်တော့်လမ်းစဉ်တွင် လျှောက်လှမ်းခဲ့ကြသော ရှေးခေတ်ကျေးကျွန်များကို ကိုယ်တော်ကူညီပေးသကဲ့သို့ ကိုယ်တော့်ကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်ရန် ကျွန်ုပ်တို့ကိုလည်း ကူညီပေးမည်ကို ယုံကြည်စိတ်ချကြောင်း ဖော်ပြရာလည်းရောက်သည်။—ဟေရှာ. ၃၀:၂၁

အဘယ်ကြောင့်နှစ်ခြင်းခံရ

၄၊ ၅။ နှစ်ခြင်းခံခြင်းကြောင့်ရရှိမယ့် ကောင်းချီးနဲ့ ကောင်းကျိုးတချို့ကို ဖော်ပြပါ။

ယခု သင်သည် ဘုရားသခင်အကြောင်း သင်ယူပြီး သင့်အသက်တာကို ပြုပြင်ပြောင်းလဲကာ နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်ပေမည်။ ဤသို့သောတိုးတက်မှုသည် ချီးမွမ်းထိုက်ပါသည်။ သို့သော် သင်သည် နှစ်ခြင်းခံရန်မျှော်လင့်လျက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံအပ်နှံပြီးပြီလော။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေခြင်း သို့မဟုတ် ရုပ်ပစ္စည်းများ ရှာဖွေခြင်းတွင်သာ သင့်ဘ၀ကို နှစ်မြှုပ်မထားဘဲ ယေဟောဝါအား ချီးမွမ်းခြင်းတွင် အာရုံစိုက်သင့်ကြောင်း သမ္မာကျမ်းစာလေ့လာခြင်းမှ သင် ယခုသိရှိပြီးဖြစ်မည်။ (ဆာလံ ၁၄၈:၁၁-၁၃; လုကာ ၁၂:၁၅ တို့ကိုဖတ်ပါ။) သို့ဆိုလျှင် နှစ်ခြင်းခံခြင်းကြောင့် ခံစားရသည့်ကောင်းချီးနှင့် ကောင်းကျိုးအချို့ကား အဘယ်နည်း။

အပ်နှံထားသောခရစ်ယာန်တစ်ဦးအနေနှင့် သင့်အသက်တာသည် အလွန်အဓိပ္ပာယ်ရှိလာမည်။ သင်သည် ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်နေသောကြောင့် ပျော်ရွှင်လာမည်။ (ရော. ၁၂:၁၊ ၂) ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်ကြောင့် သင်၌ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းစသော ဘုရားသခင်နှစ်သက်သည့် အရည်အသွေးများရှိလာမည်။ (ဂလ. ၅:၂၂၊ ၂၃) ဘုရားသခင်သည် သင့်ဆုတောင်းချက်များကို ဖြေကြားပေးကာ သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်ဖို့ကြိုးစားသည့် သင့်အားထုတ်မှုများကို ကောင်းချီးပေးမည်ဖြစ်သည်။ သင့်ခရစ်ယာန်ဓမ္မအမှုသည် ရွှင်လန်းဖွယ်ဖြစ်လာပြီး ဘုရားသခင့်မျက်နှာသာရလမ်းစဉ်ဖြင့် အသက်ရှင်ခြင်းက သင့်ထာ၀ရအသက်မျှော်လင့်ချက်ကို ပို၍ခိုင်မြဲစေမည်ဖြစ်သည်။ ထို့ပြင် အပ်နှံ၍ နှစ်ခြင်းခံခြင်းဖြင့် သင်သည် ယေဟောဝါသက်သေတစ်ဦး အမှန်ဖြစ်လိုကြောင်း ဖော်ပြရာရောက်သည်။—ဟေရှာ. ၄၃:၁၀-၁၂

၆။ ကျွန်ုပ်တို့ရဲ့နှစ်ခြင်းက ဘာကိုဖော်ပြသလဲ။

မိမိကိုယ်ကို ဘုရားသခင်ထံအပ်နှံကာ နှစ်ခြင်းခံခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပိုင်ဆိုင်ရာဖြစ်လိုကြောင်း လူအများရှေ့ ထင်ရှားပြသကြသည်။ ‘ငါတို့တွင် မည်သူမျှ ကိုယ့်အတွက်သာ အသက်မရှင်။ မည်သူမျှ ကိုယ့်အတွက်သာ မသေ။ ငါတို့ အသက်ရှင်လျှင် ယေဟောဝါအတွက်ရှင်၏။ သေလျှင်လည်း ယေဟောဝါအတွက်သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ယေဟောဝါနှင့်သာဆိုင်၏’ ဟုတမန်တော်ပေါလု ရေးခဲ့သည်။ (ရော. ၁၄:၇၊ ၈) ဘုရားသခင်သည် ကျွန်ုပ်တို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးခြင်းဖြင့် ဂုဏ်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်သောကြောင့် ဤလမ်းစဉ်ကိုလိုက်လျှောက်ရန် အခိုင်အမာဆုံးဖြတ်သောအခါ ကိုယ်တော့်စိတ်တော် ရွှင်လန်းတော်မူသည်။ (သု. ၂၇:၁၁) ကျွန်ုပ်တို့၏နှစ်ခြင်းက ဘုရားသခင်ထံအပ်နှံခြင်း အထိမ်းအမှတ်ဖြစ်သည့်အပြင် ယေဟောဝါသည် ကျွန်ုပ်တို့၏အုပ်စိုးရှင်ဖြစ်ကြောင်း လူသိရှင်ကြားဖော်ပြရာလည်းရောက်သည်။ စကြ၀ဠာပိုင်သအုပ်စိုးမှုအရေးကိစ္စတွင် ကျွန်ုပ်တို့သည် ကိုယ်တော့်ဘက်တွင်ရပ်တည်ကြောင်း ယင်းကဖော်ပြသည်။ (တ. ၅:၂၉၊ ၃၂) ယင်းကြောင့် ယေဟောဝါသည်လည်း ကျွန်ုပ်တို့ဘက်တွင် ရှိတော်မူ၏။ (ဆာလံ ၁၁၈:၆ ကိုဖတ်ပါ။) နှစ်ခြင်းခံခြင်းသည် ယခုရော အနာဂတ်တွင်ပါ အခြားကောင်းချီးများစွာကို ခံစားရစေရန်လည်း လမ်းဖွင့်ပေးသည်။

မေတ္တာရှိညီအစ်ကိုအသင်းအပင်းအားဖြင့် ကောင်းချီးခံစားရ

၇-၉။ (က) ရှိသမျှကိုစွန့်ပြီး ကိုယ်တော့်နောက် လိုက်ခဲ့ကြသူတွေကို ယေရှု ဘာအာမခံချက် ပေးခဲ့သလဲ။ (ခ) မာကု ၁၀:၂၉၊ ၃၀ မှာပါတဲ့ ယေရှုရဲ့ကတိ ဘယ်လိုပြည့်စုံနေသလဲ။

တမန်တော်ပေတရုက ယေရှုကို ဤသို့ပြောခဲ့သည်– “ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ သို့ဖြစ်၍ အဘယ်အကျိုးကို ရကြပါမည်နည်း။” (မ. ၁၉:၂၇) မိမိနှင့် ယေရှု၏အခြားတပည့်များအတွက် အဘယ်အနာဂတ်ရှိကြောင်း ပေတရုသိလိုခဲ့သည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်နိုင်ရန် အရေးပါသောစွန့်လွှတ်မှုများ ပြုလုပ်ခဲ့ကြသည်။ (မ. ၄:၁၈-၂၂) သူတို့အတွက် ယေရှု အဘယ်အာမခံချက် ပေးခဲ့သနည်း။

ကျမ်းပြိုင်ဖြစ်သော မာကု၏မှတ်တမ်းအရ မိမိ၏တပည့်များသည် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်မည်ဟု ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော် ဤသို့ပြောခဲ့သည်– “မည်သူမဆို ငါ့နာမနှင့် သတင်းကောင်းကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတည်းဟူသော တစ်ပါးပါးကိုစွန့်လျှင် ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အဆတစ်ရာသော အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတို့ကို ရမည့်အပြင် အနာဂတ်ကာလတွင် ထာ၀ရအသက်ကိုလည်း ရလိမ့်မည်။” (မာ. ၁၀:၂၉၊ ၃၀) ယေရှုကတိပေးခဲ့သကဲ့သို့ပင် ပထမရာစုခရစ်ယာန်များဖြစ်သော လုဒိ၊ အာကုလ၊ ပြစ်ကိလ၊ ဂါယုတို့သည် မိမိတို့ “အိမ်” များ၌ တည်းခိုခွင့်ပေးခဲ့သူများတွင် ပါဝင်ခဲ့ပြီး ယုံကြည်သူချင်းများအတွက် “ညီအစ်ကိုမောင်နှမ၊ မိဘ” များကဲ့သို့ဖြစ်လာကြသည်။—တ. ၁၆:၁၄၊ ၁၅; ၁၈:၂-၄; ၃ ယော. ၁၊ ၅-၈

ယေရှုပြောဆိုခဲ့ရာများသည် ယနေ့အချိန်တွင် သာ၍ပင်ပြည့်စုံလျက်ရှိသည်။ မိမိ၏နောက်လိုက်များ စွန့်ခဲ့သည့် “လယ်” များသည် နိုင်ငံအသီးသီးတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း တိုးတက်ရေးအတွက် ခရစ်ယာန်သာသနာပြုများ၊ ဗေသလမိသားစုဝင်များ၊ အပြည်ပြည်ဆိုင်ရာအမှုထမ်းများနှင့် အခြားသူများအပါအဝင် များစွာသောသူတို့ တလိုတလားစွန့်လွှတ်ခဲ့သည့် သက်မွေးလုပ်ငန်းများကို ရည်ညွှန်းသည်။ ညီအစ်ကိုညီအစ်မများစွာတို့သည် မိမိတို့၏အသက်တာများကို ရိုးရှင်းစေရန် အိမ်များကို စွန့်ခဲ့ကြပြီး သူတို့ကို ယေဟောဝါမည်သို့ ဂရုစိုက်ပုံနှင့် ခရစ်ယာန်ဓမ္မအမှုတွင် သူတို့ မည်သို့ပျော်ရွှင်မှုခံစားရပုံတို့ကို ကျွန်ုပ်တို့ကြားရသောအခါ ဝမ်းမြောက်ကြသည်။ (တ. ၂၀:၃၅) ထို့ပြင် နှစ်ခြင်းခံပြီးသား ယေဟောဝါ၏ကျေးကျွန်အားလုံးသည် ကမ္ဘာချီခရစ်ယာန် အသင်းအပင်းအဝင်များအဖြစ် ‘ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာရှာ’ ခြင်း၏ ကောင်းချီးကို ခံစားနိုင်ကြသည်။—မ. ၆:၃၃

“ကွယ်ကာရာဌာနတော်” ၌ လုံခြုံစွာနေရ

၁၀၊ ၁၁။ ‘အမြင့်ဆုံးဘုရားသခင်၏ကွယ်ကာရာ ဌာနတော်’ ဆိုတာ ဘာလဲ၊ အဲဒီအထဲကို ကျွန်ုပ်တို့ ဘယ်လိုဝင်ခွင့်ရနိုင်သလဲ။

၁၀ အပ်နှံခြင်းနှင့် နှစ်ခြင်းက နောက်ထပ်ကောင်းချီးတစ်ခုဖြစ်သော ‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ ၌ နေရသောအခွင့်ကို ရရှိစေသည်။ (ဆာလံ ၉၁:၁ ကိုဖတ်ပါ။) ၎င်းသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးကို အန္တရာယ်ပြုမည့်အရာများမှ ကာကွယ်ပေးသော ဘေးကင်း၊ လုံခြုံသည့် ပုံဆောင်နေရာတစ်ခုဖြစ်သည်။ ယင်းသည် “ကွယ်ကာရာဌာန” ဖြစ်၏၊ အကြောင်းမှာ ကိစ္စရပ်များကို ဘုရားသခင်ရှုမြင်သကဲ့သို့ မရှုမြင်သူများ၊ ဘုရားသခင်ကို ယုံကြည်ကိုးစားမှု မရှိသူများသည် ယင်းကို မသိမြင်နိုင်ကြချေ။ ကျွန်ုပ်တို့၏အပ်နှံမှုနှင့်အညီ အသက်ရှင်ခြင်း၊ ယေဟောဝါအား အကြွင်းမဲ့ယုံကြည်စိတ်ချခြင်းတို့ဖြင့် ‘ထာ၀ရဘုရားသခင်သည် ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင် ဖြစ်တော်မူ’ သည်ဟု ကိုယ်တော်အား ပြောနေခြင်းဖြစ်သည်။ (ဆာ. ၉၁:၂) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ လုံခြုံသောခိုလှုံရာနေရာ ဖြစ်လာသည်။ (ဆာ. ၉၁:၉) ယင်းထက်လုံခြုံသည့်နေရာ ရှိပါဦးမည်လော။

၁၁ ယေဟောဝါ၏ “ကွယ်ကာရာဌာနတော်” သို့ဝင်ခွင့်ရခြင်းသည် ကိုယ်တော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရရှိနိုင်သည့်အခွင့်အရေးဖြင့် ကောင်းချီးပေးခံရခြင်းကိုလည်း ဆိုလိုသည်။ ယင်းဆက်ဆံရေးသည် အပ်နှံခြင်းနှင့် နှစ်ခြင်းဖြင့် အစပြုသည်။ ယင်းနောက် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာလေ့လာခြင်း၊ လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းနှင့် နာခံမှုအပြည့်အဝတင်ပြခြင်းတို့ဖြင့် ကိုယ်တော့်ထံချဉ်းကပ်၍ ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးကို တည်ဆောက်ကြသည်။ (ယာ. ၄:၈) ဖန်ဆင်းရှင်အပေါ်ယုံကြည်စိတ်ချမှု ဘယ်တော့မျှ မယိမ်းယိုင်ခဲ့သည့်ယေရှုလောက် မည်သူမျှ ယေဟောဝါနှင့် မရင်းနှီးပါ။ (ယော. ၈:၂၉) ထို့ကြောင့် အပ်နှံခြင်းကတိနှင့်အညီလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည့် ယေဟောဝါ၊ ကိုယ်တော့်ဆန္ဒနှင့် အစွမ်းကို ဘယ်တော့မျှ သံသယ မဝင်မိပါစေနှင့်။ (ဒေ. ၅:၄) ဝတ်ပြုရေးအတွက် ပြင်ဆင်ပေးချက်များက ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမှန်ချစ်မြတ်နိုးကြောင်းနှင့် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ကိုအောင်မြင်စေလိုကြောင်း မငြင်းဆိုနိုင်သည့်အထောက်အထားများဖြစ်သည်။

ကျွန်ုပ်တို့ခံစားရသည့် ငြိမ်သက်စည်းလုံးမှုကို တန်ဖိုးထားခြင်း

၁၂၊ ၁၃။ (က) ခရစ်ယာန်ညီအစ်ကို အသင်းအပင်းကြားမှာ ဘယ်လိုအခြေအနေရှိသလဲ။ (ခ) လူသစ်တွေကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ အပ်နှံခြင်းနှင့်နှစ်ခြင်းသည် ဘုရားသခင့်လူမျိုးအလယ်ရှိ ငြိမ်သက်စည်းလုံးမှုကို ကျွန်ုပ်တို့ ခံစားရစေရန် လမ်းဖွင့်ပေးသည်။ ယုံကြည်သူချင်းများသည် ယေဟောဝါဘုရားသခင်နှင့်ရော အချင်းချင်းနှင့်ပါ သင့်မြတ်ကြသည်။ (ဆာ. ၂၉:၁၁; ဟေရှာ. ၅၄:၁၃) ကျွန်ုပ်တို့အလယ်တွင်ရှိသည့် ငြိမ်သက်စည်းလုံးမှုနှင့် ယှဉ်နိုင်သောအရာ ဤလောကတွင် မရှိပါ။ ယင်းကို နိုင်ငံ၊ ဘာသာစကား၊ လူမျိုးစုမတူသော ညီအစ်ကိုညီအစ်မများ စုရုံးရောက်ရှိသည့် ငြိမ်သက်စည်းလုံးမှုရှိပြီး ညီရင်းအစ်ကိုမေတ္တာတင်ပြသော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတွင် အထင်အရှားတွေ့မြင်နိုင်သည်။

၁၃ ကျွန်ုပ်တို့ခံစားရသည့် ငြိမ်သက်စည်းလုံးမှုသည် ယနေ့လောက၏ဝမ်းနည်းဖွယ်အခြေအနေနှင့် အလွန်ကွာခြားသည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။) ဘုရားသခင့်နိုင်ငံတော်သတင်း ကြေညာခြင်းဖြင့် အခြားသူများအား ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်စေရန် ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရသည့် အခွင့်ထူးရရှိကြသည်။ မကြာသေးမီကမှ အသင်းတော်နှင့်ပူးပေါင်းခဲ့သူများအား ကူညီပေးခွင့်ရခြင်းသည်လည်း ကောင်းချီးတစ်ခုဖြစ်ပြီး သူတို့သည် ခရစ်ယာန်ဓမ္မအမှုတွင် လေ့ကျင့်ခံခြင်းမှ အကျိုးရရှိကြပါလိမ့်မည်။ အာကုလနှင့် ပြစ်ကိလသည် အာပေါလုအား “ဘုရားသခင်၏လမ်းစဉ်တော်အကြောင်းကို သာ၍မှန်ကန်စွာ ရှင်းလင်းဖော်ပြ” ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် အကြီးအကဲများ၏ညွှန်ကြားချက်ဖြင့် လူသစ်တစ်ဦးဦးကို ကူညီပေးရသည့် အခွင့်ထူးရရှိပေမည်။—တ. ၁၈:၂၄-၂၆

ယေရှုထံမှ ဆက်၍သင်ယူပါ

၁၄၊ ၁၅။ ယေရှုထံက ဆက်သင်ယူဖို့ ကျွန်ုပ်တို့မှာ ဘယ်ခိုင်လုံတဲ့အကြောင်းရင်းတွေရှိသလဲ။

၁၄ ယေရှုထံမှ ဆက်၍သင်ယူရန် ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းရင်းများရှိသည်။ လူသားဘ၀မတိုင်မီက ကိုယ်တော်သည် ခမည်းတော်နှင့်အတူ မရေတွက်နိုင်သော နှစ်သန်းပေါင်းများစွာကြာ အတူတကွလုပ်ဆောင်ခဲ့သည်။ (သု. ၈:၂၂၊ ၃၀) အကောင်းဆုံးဘ၀လမ်းစဉ်သည် ဘုရားသခင့်အမှုဆောင်ခြင်းနှင့် အမှန်တရားကို သက်သေခံခြင်းအပေါ်တွင် ဗဟိုပြုကြောင်း ကိုယ်တော်သိတော်မူသည်။ (ယော. ၁၈:၃၇) အခြားဘ၀လမ်းစဉ်များသည် ကိုယ်ကျိုးရှာလမ်းစဉ်ဖြစ်ပြီး လတ်တလောအတွက်သာဖြစ်ကြောင်း ယေရှု ရှင်းရှင်းလင်းလင်းသိမြင်ခဲ့သည်။ မိမိသည် အပြင်းအထန်စမ်းသပ်ခံရပြီး အသတ်ခံရမည်ကို သိတော်မူ၏။ (မ. ၂၀:၁၈၊ ၁၉; ဟေဗြဲ ၄:၁၅) ကျွန်ုပ်တို့၏စံနမူနာရှင်အနေနှင့် ကိုယ်တော်သည် မည်သို့သစ္စာတည်ကြည်နိုင်ပုံကို ကျွန်ုပ်တို့အား သင်ပေးခဲ့သည်။

၁၅ ယေရှုနှစ်ခြင်းခံပြီးသည်နှင့် စာတန်သည် ကိုယ်တော်အား အကောင်းဆုံးလမ်းစဉ်ကို စွန့်လွှတ်ရန် သွေးဆောင်ခဲ့သည်၊ သို့သော် မအောင်မြင်ခဲ့ချေ။ (မ. ၄:၁-၁၁) စာတန်မည်သို့ပင် ပြုလုပ်ပါစေ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သစ္စာသမာဓိကို ထိန်းသိမ်းနိုင်ကြောင်း ဤအချက်က သင်ပေးသည်။ စာတန်သည် နှစ်ခြင်းခံတော့မည့်သူများနှင့် နှစ်ခြင်းခံပြီးကာစသူများကို ချဉ်းကပ်ရန် အာရုံစိုက်ပုံရသည်။ (၁ ပေ. ၅:၈) ဆန့်ကျင်မှုများသည် ယေဟောဝါသက်သေများအကြောင်း မဟုတ်မမှန်ကြားထား၍ သင့်အားကာကွယ်လိုသည့် မိသားစုဝင်များထံမှ လာနိုင်သည်။ သို့သော် မေးခွန်းများကို ဖြေဆို၍ သက်သေခံသောအခါ လေးစားမှု၊ လိမ္မာပါးနပ်မှုစသော ခရစ်ယာန်အရည်အသွေးကောင်းများကို တင်ပြရန် အခွင့်အရေးရရှိစေသည်။ (၁ ပေ. ၃:၁၅) ထို့ကြောင့် ဤအတွေ့အကြုံများသည် နားထောင်နေသူများအပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်။—၁ တိ. ၄:၁၆

အကောင်းဆုံးဘ၀လမ်းစဉ်တွင် ဆက်လျှောက်လှမ်းပါ

၁၆၊ ၁၇။ (က) တရားဟောရာ ၃၀:၁၉၊ ၂၀ တွင် ဘ၀အတွက် အဘယ်အခြေခံ တောင်းဆိုချက်သုံးခုကို တွေ့ရှိရသနည်း။ (ခ) ယေရှု၊ ယောဟန်နဲ့ ပေါလုတို့က မောရှေရေးခဲ့ရာတွေကို ဘယ်လိုထောက်ခံခဲ့ကြသလဲ။

၁၆ ယေရှု လူသားတစ်ဦးအဖြစ် မြေကြီးပေါ်တွင် အသက်မရှင်မီ အနှစ် ၁,၅၀၀ ခန့်က မောရှေသည် အစ္စရေးလူတို့အား အကောင်းဆုံးဘ၀လမ်းစဉ်ကို ရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ သူဤသို့ပြောခဲ့သည်– ‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့ ၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ယေဟောဝါကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသောကိုယ်တော်ကို ဆည်းကပ်မှီဝဲလော့။’ (တရား. ၃၀:၁၉၊ ၂၀) အစ္စရေးလူတို့သည် သစ္စာမဲ့ခဲ့ကြသော်လည်း မောရှေရည်ညွှန်းခဲ့သည့် ဘ၀အတွက်အခြေခံတောင်းဆိုချက်သုံးခုမှာ မပြောင်းလဲခဲ့ချေ။ ယေရှုနှင့် အခြားသူများသည် ယင်းတို့ကို ထပ်၍ဖော်ပြခဲ့ကြသည်။

၁၇ ဦးဆုံး၊ ‘ကျွန်ုပ်တို့၏ ဘုရားသခင်ယေဟောဝါကို ချစ်’ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ဖြောင့်မတ်သောလမ်းစဉ်နှင့်အညီ ကျင့်ကြံခြင်းဖြင့် ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြကြ၏။ (မ. ၂၂:၃၇) ဒုတိယအချက်မှာ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာ၍ ကိုယ်တော့်ပညတ်တော်များကို နာခံခြင်းဖြင့် ‘ယေဟောဝါ၏စကားတော်ကို နားထောင်ရမည်’ ဖြစ်သည်။ (၁ ယော. ၅:၃) ယင်းသို့ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအကြောင်း ဆွေးနွေးပြောဆိုသော ခရစ်ယာန်အစည်းအဝေးများတွင် ပုံမှန်ရောက်ရှိနေရမည်ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၃-၂၅) တတိယအချက်မှာ ‘ကျွန်ုပ်တို့သည် ယေဟောဝါကို ဆည်းကပ်မှီဝဲ’ ရမည်ဖြစ်သည်။ မည်သည့်အရာကိုပင် ကြုံရပါစေ ကျွန်ုပ်တို့သည် အမြဲပင် ဘုရားသခင်ကိုယုံကြည်ပြီး ကိုယ်တော့်သားတော်နောက် လိုက်ကြစို့။—၂ ကော. ၄:၁၆-၁၈

၁၈။ (က) ၁၉၁၄ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ အမှန်တရားအကြောင်းကို ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) အမှန်တရားအလင်းနဲ့ပတ်သက်ပြီး ယနေ့ ကျွန်ုပ်တို့ ဘယ်လိုသဘောထားသင့်သလဲ။

၁၈ သမ္မာကျမ်းစာအမှန်တရားနှင့်အညီ အသက်ရှင်ရခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။ ထိုအရေးပါသည့်အချက်ကို ၁၉၁၄ ခုနှစ်ထုတ် ကင်းမျှော်စင်တွင် ဤသို့ဖော်ပြခဲ့၏– “ကျွန်ုပ်တို့သည် ကောင်းချီးခံစားရသော ပျော်ရွှင်သည့်လူမျိုး ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်တို့၏ဘုရားသခင်သည် သစ္စာရှိသောဘုရားသခင် မဟုတ်လော။ တစ်စုံတစ်ယောက်သည် ပိုကောင်းသောအရာ တစ်ခုခုကိုသိသည်ဆိုလျှင် ယင်းကို သူရယူပါစေ။ သင်တို့တွင် တစ်စုံတစ်ယောက်သည် ပိုကောင်းသောအရာကို တွေ့ထားသည်ဆိုလျှင် ကျွန်ုပ်တို့ကို ပြောပြမည်ဟု မျှော်လင့်ပါသည်။ သမ္မာကျမ်းစာတွင် တွေ့ရှိရသည့်အရာထက် ပိုမိုကောင်းမွန်သောအရာ၊ ယင်း၏ထက်ဝက်မျှပင် ကောင်းမွန်သောအရာ တစ်ခုမျှမရှိသည်ကို ကျွန်ုပ်တို့သိထားကြသည်။ စစ်မှန်သောဘုရားသခင်နှင့်ဆိုင်သည့် ရှင်းလင်းသောအသိပညာကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် အသက်တာတွင် ခံစားရသည့် ငြိမ်သက်မှု၊ ရွှင်လန်းမှုနှင့် ကောင်းချီးများကို မည်သည့်စကား သို့မဟုတ် စာဖြင့်မျှ မဖော်ပြနိုင်ပါ။ ဘုရားသခင့်ဉာဏ်ပညာ၊ တရားမျှတခြင်း၊ တန်ခိုးနှင့် မေတ္တာသည် ကျွန်ုပ်တို့၏ စဉ်းစားဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်မှုကို အပြည့်အ၀ဖြည့်ဆည်းပေးသည်။ ကျွန်ုပ်တို့ အခြားအရာကို မရှာတော့ပါ။ ကျွန်ုပ်တို့၏ဘုရားသခင်နှင့်ဆိုင်သော အသိပညာ ပိုတိုးများလာခြင်းထက် အခြားဘယ်အရာကိုမျှ ကျွန်ုပ်တို့ မလိုချင်ပါ။” (ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၅၊ ၁၉၁၄၊ စာမျက်နှာ ၃၇၇-၃၇၈) သမ္မာကျမ်းစာအလင်းနှင့် အမှန်တရားအပေါ် ထားရှိသော ကျွန်ုပ်တို့၏ကျေးဇူးတင်လေးမြတ်မှုသည် မပြောင်းလဲချေ။ မှန်ပါသည်၊ ‘ယေဟောဝါ၏အလင်းတော်၌ လျှောက်လှမ်း’ ခြင်း၌ပျော်မွေ့ရန် ယခု ကျွန်ုပ်တို့တွင် သာ၍ပင်ခိုင်လုံသောအကြောင်းရင်းရှိသည်။—ဟေရှာ. ၂:၅; ဆာ. ၄၃:၃; သု. ၄:၁၈

၁၉။ အရည်အချင်းပြည့်မီသူတွေက ဘာကြောင့် နှစ်ခြင်းခံဖို့ အချိန်မဆွဲသင့်သလဲ။

၁၉ သင်သည် ‘ယေဟောဝါ၏အလင်းတော်၌ လျှောက်လှမ်း’ လိုသော်လည်း အပ်နှံထားသည့် နှစ်ခြင်းခံပြီးသော ကြေညာသူတစ်ဦးမဖြစ်သေးပါက အချိန်မဆွဲပါနှင့်။ နှစ်ခြင်းသည် ဘုရားသခင်နှင့် ခရစ်တော် ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့ရာများကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြသည့် ထူးခြားသောနည်းဖြစ်၍ နှစ်ခြင်းခံရန် ကျမ်းစာတောင်းဆိုချက်များကို ပြည့်မီဖို့ အဘယ်အရာကိုမဆို လုပ်ဆောင်ပါ။ သင့်အဖိုးအတန်ဆုံး ပိုင်ဆိုင်ရာဖြစ်သည့် သင့်အသက်တာကို ယေဟောဝါအား ပေးဆက်ပါ။ ကိုယ်တော့်သားတော်နောက်လိုက်ခြင်းဖြင့် ဘုရားသခင့်အလိုတော်ဆောင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြပါ။ (၂ ကော. ၅:၁၄၊ ၁၅) ယင်းသည် အကောင်းဆုံးဘ၀လမ်းစဉ်ဖြစ်ကြောင်း သံသယမရှိပါနှင့်။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့ရဲ့ နှစ်ခြင်းက ဘာကို ဖော်ပြသလဲ။

• ဘုရားသခင်ထံ အပ်နှံ၊ နှစ်ခြင်းခံခြင်းက ဘယ်လိုကောင်းချီးတွေ ရရှိစေသလဲ။

• ယေရှုထံကသင်ယူဖို့ ဘာကြောင့် အရေးကြီးသလဲ။

• အကောင်းဆုံးဘ၀လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနိုင်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

သင့်နှစ်ခြင်းက အကောင်းဆုံးဘ၀လမ်းစဉ်ကို သင် ရွေးချယ်ထားတယ်ဆိုတာဖော်ပြ

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

“ကွယ်ကာရာဌာန” မှာ သင်လုံခြုံနေသလား