မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဖြောင့်မတ်သောသူတို့သည် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်’

‘ဖြောင့်မတ်သောသူတို့သည် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်’

‘ဖြောင့်မတ်သောသူတို့သည် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်’

“ထိုအခါ ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။’’—မ. ၁၃:၄၃

၁။ ယေရှုက ပုံဥပမာတွေသုံးပြီး ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘယ်အသွင်အမျိုးမျိုးအကြောင်းကို ရှင်းပြခဲ့သလဲ။

ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်၏အသွင်အမျိုးမျိုးကို ရှင်းပြရန် ပုံဥပမာများ၊ ပုံဆောင်စကားများစွာကို အသုံးပြုခဲ့သည်။ ကိုယ်တော်သည် “ပုံဥပမာများဖြင့် ဟောပြောတော်မူ၏။ ပုံဥပမာကင်း၍ ဟောတော်မမူ။” (မ. ၁၃:၃၄) ဘုရားသခင့်နိုင်ငံတော်အမှန်တရားမျိုးစေ့ကြဲခြင်းနှင့်ပတ်သက်သည့် ပုံဥပမာများတွင် ယေရှုသည် သတင်းတရားကိုလက်ခံသည့် လူတစ်ဦး၏နှလုံးအခြေအနေနှင့် တိုးတက်ကြီးထွားစေတော်မူသည့် ယေဟောဝါ၏အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်။ (မာ. ၄:၃-၉၊ ၂၆-၂၉) ဤမြေကြီးပေါ်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်မည့်သူများ ထူးထူးခြားခြား တိုးများလာမည်၊ သို့သော် သူတို့၏တိုးတက်မှုသည် အစပိုင်းတွင် သိသာထင်ရှားမည်မဟုတ်ကြောင်းကိုလည်း ပုံဥပမာပေး၍ ရှင်းပြခဲ့သည်။ (မ. ၁၃:၃၁-၃၃) ထို့ပြင် ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံသူတိုင်းသည် ထိုနိုင်ငံ၏လက်အောက်ခံများ ဖြစ်လာမည်မဟုတ်ကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့သည်။—မ. ၁၃:၄၇-၅၀ *

၂။ ယေရှုရဲ့ စပါးပင်နဲ့ ပေါင်းပင်ပုံဥပမာမှာ ကောင်းသောမျိုးစေ့က ဘာကိုပုံဆောင်သလဲ။

သို့သော် ယေရှု၏ပုံဥပမာတစ်ခု၌ ဘုရားသခင့်နိုင်ငံတော်တွင် ကိုယ်တော်နှင့်တွဲဖက်အုပ်ချုပ်မည့်သူများကို စုသိမ်းခြင်းအကြောင်း အလေးပေးဖော်ပြထားသည်။ ယင်းကို မဿဲအခန်းကြီး ၁၃ တွင်မှတ်တမ်းတင်ထားပြီး စပါးပင်နှင့် ပေါင်းပင်ပုံဥပမာဟု ခေါ်လေ့ရှိသည်။ အခြားပုံဥပမာတစ်ခုတွင် ကြဲသောမျိုးစေ့မှာ ဘုရားသခင့် “နိုင်ငံတော်နှင့်ဆိုင်သော တရားစကားတော်” ဖြစ်သည်ဟုဖော်ပြထားသော်လည်း ဤပုံဥပမာတွင် တစ်နည်းတစ်ဖုံခြားနားစွာဖြင့် ကောင်းသောမျိုးစေ့သည် ဘုရားသခင့် “နိုင်ငံတော်သားများ” ကိုပုံဆောင်သည်ဟု ဖော်ပြထား၏။ (မ. ၁၃:၁၉၊ ၃၈) သူတို့သည် ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများမဟုတ်ဘဲ “သားများ၊” သို့မဟုတ် နိုင်ငံတော်အမွေခံများ ဖြစ်ကြသည်။—ရော. ၈:၁၄-၁၇; ဂလာတိ ၄:၆၊ ၇ ကိုဖတ်ပါ။

စပါးပင်နှင့် ပေါင်းပင်ပုံဥပမာ

၃။ ပုံဥပမာမှာ အိမ်ရှင်ကြုံတွေ့ရတဲ့ ပြဿနာကိုရှင်းပြပါ၊ ဒီပြဿနာကို ဖြေရှင်းဖို့ သူဘယ်လို ဆုံးဖြတ်ခဲ့သလဲ။

ပုံဥပမာမှာ ဤသို့ဖြစ်သည်– “ကောင်းကင်နိုင်ငံတော်သည် လယ်၌ ကောင်းသောမျိုးစေ့ကို ကြဲသောသူနှင့်တူ၏။ လူတို့အိပ်ပျော်နေစဉ်အခါ သူ၏ရန်သူသည် လာ၍ ဂျုံစပါးစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲပြီး ထွက်သွားလေ၏။ အပင်ပေါက်၍ အနှံထွက်သောအခါ ပေါင်းပင်များလည်း ပေါ်ထွက်လာ၏။ အိမ်ရှင်၏ကျွန်တို့သည် လာ၍ ‘သခင်၊ လယ်၌ ကောင်းသောမျိုးစေ့ကို ကြဲသည်မဟုတ်လော၊ ပေါင်းပင်များသည် မည်သို့ပေါက်လာကြသနည်း’ ဟုမေးလျှောက်ကြ၏။ အိမ်ရှင်က ‘ရန်သူပြုသောအမှုဖြစ်၏’ ဟုဆို၏။ သူတို့က ‘ကျွန်ုပ်တို့သွား၍ ထိုအပင်များကို နုတ်ပစ်ရမည်လော’ ဟုမေးကြ၏။ အိမ်ရှင်က ‘မနုတ်နှင့်၊ ပေါင်းပင်များကိုနုတ်လျှင် စပါးပင်များကိုလည်း ရောနုတ်မိလိမ့်မည်။ စပါးရိတ်ချိန် [“စပါးရိတ်ရာကာလ၊” သမ္မာကျမ်း] အထိ နှစ်မျိုးစလုံးပေါက်ပါစေ။ စပါးရိတ်ချိန်ရောက်မှ ပေါင်းပင်များကို ဦးစွာနုတ်ပြီး မီးရှို့ရန် စည်းထားကြ။ ထို့နောက် စပါးကို ကျီထဲစုသိမ်းကြဟု စပါးရိတ်သူများကို ငါမှာကြားမည်’ ဟုဖြေကြား၏။”—မ. ၁၃:၂၄-၃၀

၄။ (က) ပုံဥပမာမှာပါတဲ့ လူသားက ဘယ်သူလဲ။ (ခ) ယေရှု ဒီမျိုးစေ့ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ စတင်ကြဲခဲ့သလဲ။

လယ်၌ ကောင်းသောမျိုးစေ့ကို ကြဲသောသူကား မည်သူနည်း။ နောက်ပိုင်း ယေရှု မိမိတပည့်များကို ရှင်းပြသောအခါ ဤသို့အဖြေပေးခဲ့သည်– “ကောင်းသောမျိုးစေ့ကြဲသူမှာ လူသားဖြစ်၏။” (မ. ၁၃:၃၇) “လူသား” ဖြစ်သော ယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်း စိုက်ပျိုးရန် ပြင်ဆင်ခဲ့သည်။ (မ. ၈:၂၀; ၂၅:၃၁; ၂၆:၆၄) ထို့နောက် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ကိုယ်တော်သည် ကောင်းသောမျိုးစေ့ဖြစ်သော “နိုင်ငံတော်သားများ” ကို စတင်ကြဲခဲ့သည်။ ယေရှုသည် ယေဟောဝါ၏ကိုယ်စားလှယ်အဖြစ် တပည့်များအပေါ် သန့်ရှင်းသောစွမ်းအားတော် စတင်သွန်းလောင်း၍ သူတို့ကို ဘုရားသခင့်သားများအဖြစ် ဘိသိက်ပေးခဲ့ချိန်တွင် ဤမျိုးကြဲခြင်း စတင်ခဲ့ကြောင်း ထင်ရှားသည်။ * (တ. ၂:၃၃) ကောင်းသောမျိုးစေ့သည် ရင့်မှည့်သော စပါးပင်များအဖြစ် ကြီးထွားလာသည်။ ထို့ကြောင့် ကောင်းသောမျိုးစေ့ကြဲခြင်း၏ ရည်ရွယ်ချက်မှာ ယေရှုနှင့်အတူ ကိုယ်တော်၏နိုင်ငံတော်တွင် ပူးတွဲအုပ်ချုပ်မည့်သူများ၏ အရေအတွက်ပြည့်စုံရန် တဖြည်းဖြည်း စုသိမ်းခြင်းဖြစ်သည်။

၅။ ပုံဥပမာထဲက ရန်သူက ဘယ်သူလဲ၊ ပေါင်းပင်က ဘယ်သူတွေကို ပုံဆောင်သလဲ။

ရန်သူကား မည်သူနည်း။ ပေါင်းပင်ကား မည်သူတို့နည်း။ ရန်သူကား ‘စာတန်ဖြစ်’ သည်ဟု ယေရှုပြောခဲ့သည်။ ပေါင်းပင်များကား “ဆိုးညစ်သူ၏သားများဖြစ်ကြ၏။” (မ. ၁၃:၂၅၊ ၃၈၊ ၃၉) ပကတိစာသားအရ ယေရှုရည်ညွှန်းသော ပေါင်းပင်သည် တောမြက်ပင်တစ်မျိုးဖြစ်နိုင်သည်။ ဤအဆိပ်ရှိသောတောမြက်ပင်များသည် စပါးပင်များ မရင့်မှည့်မီ အခြေအနေတွင် စပါးပင်နှင့် အတော်ဆင်တူသည်။ ယင်းပုံဆောင်ချက်သည် ဘုရားသခင့်နိုင်ငံတော်သားများဖြစ်သည်ဟုဆိုကာ အသီးကောင်းမသီးသူတို့နှင့် သင့်တော်လှပေသည်။ ခရစ်တော်၏နောက်လိုက်များဟုဆိုသော ဤအယောင်ဆောင်ခရစ်ယာန်များသည် အမှန်ပင် စာတန့် “အမျိုးအနွယ်” အဖွဲ့ဝင်ဖြစ်သည်။—က. ၃:၁၅

၆။ ဘယ်အချိန်မှာ ပေါင်းပင်တွေ စထွက်လာသလဲ၊ လူတွေ ဘယ်လိုနည်းနဲ့ “အိပ်ပျော်” သွားခဲ့ကြသလဲ။

ပေါင်းပင်နှင့်တူသော ဤခရစ်ယာန်များသည် မည်သည့်အချိန်တွင် ပေါ်လာသနည်း။ “လူတို့အိပ်ပျော်နေကြစဉ်” ဟုယေရှု ပြောခဲ့သည်။ (မ. ၁၃:၂၅) ယင်းသည် မည်သည့်အချိန်ဖြစ်သနည်း။ ဧဖက်မြို့မှအကြီးအကဲများထံ တမန်တော်ပေါလုရေးသောစာတွင် အဖြေကို တွေ့ရသည်– “ငါမရှိသည့်နောက် ကြမ်းကြုတ်သောဝံပုလွေများသည် သင်တို့ထံလာ၍ သိုးများအား မညှာမတာ ပြုမူဆက်ဆံမည်ကို ငါသိ၏။ တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသောသွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှာ ပေါ်လာလိမ့်မည်။” (တ. ၂၀:၂၉၊ ၃၀) ထိုအကြီးအကဲများကို အမြဲနိုးနိုးကြားကြားရှိနေရန် သူသတိပေးခဲ့သည်။ အယူဖောက်ပြန်မှုကို “တားဆီး” ခဲ့ကြသောတမန်တော်များ သေဆုံးသွားသောအခါ ခရစ်ယာန်များစွာသည် ပုံဆောင်သဘောအရ အိပ်ပျော်သွားခဲ့ကြ၏။ (၂ သက်သာလောနိတ် ၂:၃၊ ၆-၈ ကိုဖတ်ပါ။) ယင်းသည် အယူဖောက်ပြန်မှုကြီး စတင်ချိန်ဖြစ်သည်။

၇။ စပါးပင်တွေက ပေါင်းပင်တွေဖြစ်သွားသလား။ ရှင်းပြပါ။

ယေရှုက စပါးပင်များသည် ပေါင်းပင်များဖြစ်သွားသည်ဟု မပြောဘဲ စပါးပင်များကြားတွင် ပေါင်းပင်များကို ကြဲသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဤပုံဥပမာက ခရစ်ယာန်စစ်များသည် အမှန်တရားကို စွန့်ခွာသွားသည်ဟု မဆိုလိုပါ။ ယင်းအစား ခရစ်ယာန်အသင်းတော်ပျက်စီးစေရန် အသင်းတော်အတွင်းသို့ ဆိုးညစ်သူများ ဝင်ရောက်စေသည့် စာတန်၏ တမင်တကာကြိုးစားမှုကို ထောက်ပြခြင်းဖြစ်သည်။ နောက်ဆုံးတမန်တော်ဖြစ်သောယောဟန် အသက်အရွယ် ကြီးရင့်ချိန်တွင် “အယူဖောက်ပြန်ခြင်း” သိသိသာသာ ထင်ရှားလာသည်။—၂ ပေ. ၂:၁-၃; ၁ ယော. ၂:၁၈

“စပါးရိတ်ချိန်အထိ နှစ်မျိုးစလုံး ပေါက်ပါစေ”

၈၊ ၉။ (က) ကျွန်တွေကိုပေးခဲ့တဲ့ အိမ်ရှင်ရဲ့ ညွှန်ကြားချက်က ဘာကြောင့် နားထောင်နေသူတွေအတွက် အဓိပ္ပာယ်ရှိသလဲ။ (ခ) ပြည့်စုံချက်မှာ စပါးပင်နဲ့ ပေါင်းပင်က ဘယ်လို အတူတကွပေါက်သလဲ။

အိမ်ရှင်၏ကျွန်တို့သည် ပြဿနာကို ပြောပြကာ ဤသို့မေးခဲ့သည်– “ကျွန်ုပ်တို့သွား၍ ထိုအပင် [ပေါင်းပင်] များကို နုတ်ပစ်ရမည်လော။” (မ. ၁၃:၂၇၊ ၂၈) အိမ်ရှင်၏အဖြေမှာ အံ့အားသင့်စရာဖြစ်နေပေမည်။ ရိတ်သိမ်းချိန်အထိ စပါးပင်နှင့် ပေါင်းပင်များကို အတူကြီးထွားပါစေဟု အိမ်ရှင်က ကျွန်တို့အား ပြောခဲ့သည်။ ဤအမိန့်သည် ယေရှု၏တပည့်များအတွက် အဓိပ္ပာယ်ရှိသည်။ စပါးပင်နှင့် တောမြက်ပင်ကို ခွဲခြားရန် မည်မျှခက်မည်ကို သူတို့အား သဘောပေါက်စေသည်။ တောမြက်ပင်များ၏အမြစ်သည် စပါးပင်များ၏အမြစ်များတွင် ပတ်ရစ်နေတတ်သည်ကို သူတို့ထဲမှ စိုက်ပျိုးရေးအတွေ့အကြုံ အနည်းအကျဉ်းရှိသူတို့လည်း သိရှိကြသည်။ * ထို့ကြောင့် အိမ်ရှင်က စောင့်ဆိုင်းရန်ပြောခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

ထိုနည်းအတိုင်းပင် ရာစုနှစ်များတစ်လျှောက်တွင် ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများစွာသည် ပေါင်းပင်များကဲ့သို့ ပွားများလာသည်။ ဦးစွာ ရိုမန်ကက်သလစ်နှင့် ဩသဒေါက်စ်ချာ့ခ်ျများ ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် ပရိုတက်စတင့်အုပ်စုများစွာ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းတွင် စစ်မှန်သောစပါးမျိုးစေ့အနည်းငယ်ကို လောကလယ်ကွင်း၌ ဆက်ကြဲခဲ့သည်။ ပုံဥပမာပါ အိမ်ရှင်သည် ခေတ္တသာကြာသည့်ရိတ်သိမ်းချိန်ရောက်သည်အထိ စပါးပင်ကြီးထွားသည့်အချိန်တစ်လျှောက်လုံးကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။

ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော ရိတ်သိမ်းချိန်

၁၀၊ ၁၁။ (က) ရိတ်သိမ်းချိန်က ဘယ်အချိန်လဲ။ (ခ) ပုံဆောင်စပါးပင်တွေက ယေဟောဝါရဲ့စပါးကျီထဲကို ဘယ်လို ထည့်သွင်းခံရသလဲ။

၁၀ ယေရှုက ကျွန်ုပ်တို့ကို ဤသို့ပြောသည်– “ရိတ်သိမ်းချိန်သည် လောကစနစ်နိဂုံးပိုင်းဖြစ်သည်။ ရိတ်သိမ်းသူများသည် ကောင်းကင်တမန်များ ဖြစ်ကြ၏။” (မ. ၁၃:၃၉) ဆိုးညစ်သော ဤလောကစနစ်နိဂုံးပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်သားများကိုစုသိမ်းကာ ပေါင်းပင်ကဲ့သို့သောသူများမှ ခွဲခြားသည့်လုပ်ငန်း လုပ်ဆောင်လျက်ရှိသည်။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေတရုက ကျွန်ုပ်တို့ကို ဤသို့ပြောသည်– “ဘုရားသခင်၏အိမ်တော်ကို စတင်တရားစီရင်ရန် အချိန်တန်ပြီ။ ယခု ငါတို့မှ အစပြု၍ တရားစီရင်မည်ဆိုလျှင် ဘုရားသခင်၏သတင်းကောင်းကို နားမထောင်သူများ၏အဆုံးကား မည်သို့ဖြစ်မည်နည်း။”—၁ ပေ. ၄:၁၇

၁၁ နောက်ဆုံးကာလ သို့မဟုတ် လောကစနစ်နိဂုံးပိုင်း စတင်ပြီး မကြာမီတွင် ခရစ်ယာန်စစ်များဟုဆိုသူတို့အား အမှန်ပင် “နိုင်ငံတော်သားများ” လော၊ သို့မဟုတ် “ဆိုးညစ်သူ၏သားများ” လောဆိုသည်ကို တရားစီရင်ခြင်း စတင်သည်။ ရိတ်သိမ်းခြင်းစတင်ချိန်တွင် “ဦးစွာ” မဟာဗာဗုလုန်ပြိုလဲသည်၊ “ထို့နောက်” နိုင်ငံတော်သားများကို စုသိမ်းသည်။ (မ. ၁၃:၃၀) သို့သော် ဤပုံဆောင်စပါးများသည် ယေဟောဝါ၏စပါးကျီထဲသို့ မည်သို့ထည့်သွင်းခံရသနည်း။ ဤရိတ်သိမ်းခံရသူများသည် ဘုရားသခင့်မျက်နှာသာနှင့် ကာကွယ်မှုရရှိသော ခရစ်ယာန်အသင်းတော်ထဲ ဆောင်သွင်းခံရပြီး ကောင်းကင်ဆုကျေးဇူးကိုလည်း ရရှိကြသည်။

၁၂။ ရိတ်သိမ်းချိန်က ဘယ်လောက်ကြာကြာ ဆက်သွားမလဲ။

၁၂ တရားစီရင်ချိန်သည် မည်မျှကြာရှည်သနည်း။ ယေရှုက “စပါးရိတ်ရာကာလ” ဟုပြောခဲ့သောကြောင့် ယင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်သွားသည်။ (ဗျာ. ၁၄: ၁၅၊ ၁၆) ဘိသိက်ပေးခြင်းခံရသူအဖွဲ့ဝင်တစ်ဦးစီကို တရားစီရင်ခြင်းသည် အဆုံးအထိ ဆက်သွားမည်ဖြစ်သည်။ ယင်းသည် သူတို့ နောက်ဆုံးတံဆိပ်ခတ်ခံရသည့်အချိန်အထိ ကြာရှည်မည်ဖြစ်သည်။—ဗျာ. ၇:၁-၄

၁၃။ ပေါင်းပင်တွေက ဘယ်လိုနည်းနဲ့ တိုက်မိလဲစေကြပြီး မတရားပြုကြသလဲ။

၁၃ မည်သူတို့သည် နိုင်ငံတော်ထဲက နုတ်ပစ်ခံရပြီး မည်သည့်နည်းဖြင့် တိုက်မိလဲစေပြီး မတရားပြုကြသနည်း။ (မ. ၁၃:၄၁) ပေါင်းပင်နှင့်တူသော ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ရာစုနှစ်များတစ်လျှောက် သန်းနှင့်ချီသောသူတို့ကို လှည့်ဖြားခဲ့ကြသည်။ သူတို့သည် မီးငရဲတွင် ထာ၀စဉ်ညှဉ်းဆဲခံခြင်းနှင့် ရှုပ်ထွေး၍ နားလည်ရခက်သော သုံးပါးတစ်ဆူဘုရားသခင် စသည့် ဘုရားသခင်အား ရှုတ်ချသည့် သွန်သင်ချက်များဖြင့် “တိုက်မိ၍လဲစေ” ကြသည်။ ဝတ်ပြုရေးခေါင်းဆောင်အများစုသည် လောကနှင့် မိတ်ဖွဲ့ခြင်းဖြင့် ဖောက်ပြန်ကြကာ အချို့ကိစ္စရပ်များတွင် ရှက်ဖွယ်ကောင်းသော အကျင့်ပျက်မှုများ ပြုကျင့်ခြင်းတို့ဖြင့် သူတို့၏သိုးများအတွက် နမူနာဆိုးများ ပြသခဲ့ကြသည်။ (ယာ. ၄:၄) ထို့ပြင် ခရစ်ယာန်ဘောင်သည် မိမိတို့အသင်းသားများအကြားရှိ အကျင့်ပျက်မှုများကို တိုး၍ သည်းခံလာကြသည်။ (ယုဒ ၄ ကိုဖတ်ပါ။) ဤအရာများကို ပြုကျင့်သည့်ကြားမှ သူတို့သည် ဝတ်ပြုရေးကို ကြည်ညိုလေးမြတ်ဟန် ပြကြသည်။ ဘုရားသခင့်နိုင်ငံတော်သားများသည် တိုက်မိ၍လဲစေနိုင်သည့် ပေါင်းပင်နှင့်တူသောလွှမ်းမိုးမှုနှင့် ပျက်စီးစေသောသွန်သင်ချက်များမှ ခွဲခြားခံရသည့်အတွက် မည်မျှ ဝမ်းသာစရာကောင်းလှသည်တကား။

၁၄။ ပေါင်းပင်နဲ့တူတဲ့သူတွေက ဘယ်လိုနည်းနဲ့ ငိုကြွေးပြီး အံကြိတ်ခံပြင်းကြသလဲ။

၁၄ ပေါင်းပင်နှင့်တူသူများသည် မည်သည့်နည်းဖြင့် ငိုကြွေးကာ အံကြိတ်ခံပြင်းကြသနည်း။ (မ. ၁၃:၄၂) ဤပေါင်းပင်နှင့်တူသူများ၏ အကျင့်ပျက်လွှမ်းမိုးမှုနှင့် မှားယွင်းသောသွန်သင်ချက်များကို “နိုင်ငံတော်သားများ” က ဖော်ထုတ်ခဲ့သောကြောင့် “ဆိုးညစ်သူ၏သားများ” စိတ်ဒုက္ခရောက်ခဲ့ကြသည်။ သူတို့၏ချာ့ခ်ျအဖွဲ့ဝင်များထံမှ အထောက်အပံ့များ လျော့နည်းလာကာ အသင်းသားများကို မထိန်းချုပ်ထားနိုင်သောကြောင့်လည်း ဝမ်းနည်းပူဆွေးကြရသည်။—ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။

၁၅။ ပေါင်းပင်တွေက ဘယ်သဘောနဲ့ မီးရှို့ခံရကြသလဲ။

၁၅ ပေါင်းပင်များသည် မည်သည့်သဘောဖြင့် နုတ်ပစ်ခံရကာ မီးရှို့ခံရကြသနည်း။ (မ. ၁၃:၄၀) ယင်းသည် ပေါင်းပင်များ၏ နောက်ဆုံးရလဒ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သူတို့သည် ပုံဆောင်သဘောဖြင့် တောက်လောင်နေသောမီးဖိုထဲသို့ ပစ်ချခံရသည်ဟုဆိုရာတွင် သူတို့သည် ထာ၀ရပျက်စီးခြင်းသို့ ဦးတည်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။ (ဗျာ. ၂၀:၁၄; ၂၁:၈) ပေါင်းပင်နှင့်တူသည့် ခရစ်ယာန်အတုအယောင်များဖြစ်သော လှည့်ဖြားသူများသည် “ကြီးစွာသောဒုက္ခ” အတွင်းတွင် အစတုံးဖျက်ဆီးခံရမည်ဖြစ်သည်။—မ. ၂၄:၂၁

သူတို့သည် “နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်”

၁၆၊ ၁၇။ ဘုရားသခင့်ပုံဆောင်ဝတ်ပြုရာအိမ်တော်နဲ့ပတ်သက်ပြီး မာလခိက ဘယ်လို ပရောဖက်ပြုခဲ့သလဲ၊ အဲဒါက ဘယ်လို စတင်ပြည့်စုံခဲ့သလဲ။

၁၆ စပါးပင်နှင့်တူသူများသည် အဘယ်အချိန်တွင် “နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်” နည်း။ (မ. ၁၃:၄၃) ဘုရားသခင့်ဝတ်ပြုရာအိမ်တော်ကို သန့်စင်ခြင်းနှင့်ပတ်သက်၍ မာလခိ ဤသို့ ပရောဖက်ပြုခဲ့သည်– ‘“သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်သည် မိမိဝတ်ပြုရာအိမ်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်” ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ယေဟောဝါ မိန့်တော်မူ၏။ “လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည် ခံရပ်နိုင်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသောဆပ်ပြာကဲ့သို့ ဖြစ်တော်မူ၏။ ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ယေဟောဝါအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်ရာယဇ်ကို ပူဇော်ကြလိမ့်မည်။”’—မာလ. ၃:၁-၃

၁၇ မျက်မှောက်ခေတ်၌ ယေဟောဝါသည် “ပဋိညာဉ်တမန်” ယေရှုခရစ်နှင့်အတူ ပုံဆောင်ဝတ်ပြုရာအိမ်တော်ကို စစ်ဆေးသည့် ၁၉၁၈ ခုနှစ်တွင် ဤပရောဖက်ပြုချက် စတင်ပြည့်စုံကြောင်း အထင်အရှားတွေ့မြင်ရသည်။ သန့်စင်ခြင်းပြီးဆုံးသွားသည်နှင့် အဘယ်အရာဆက်ဖြစ်ပျက်ကြောင်း မာလခိက ဆက်ဖော်ပြသည်– “တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။” (မာလ. ၃:၁၈) ထိုအချိန်တွင် အားသစ်လောင်းခံရသောခရစ်ယာန်စစ်များ အရှိန်အဟုန်ဖြင့် အားကြိုးမာန်တက်လုပ်ဆောင်ခြင်းက ရိတ်သိမ်းချိန်စတင်ပြီဖြစ်ကြောင်း ထောက်ပြသည်။

၁၈။ ကျွန်ုပ်တို့အချိန်မှာ ဒံယေလပရောဖက်ပြုချက် ဘယ်လိုပြည့်စုံလာသလဲ။

၁၈ ပရောဖက်ဒံယေလသည် ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ဤသို့ကြိုဟောခဲ့သည်– “ပညာရှိသောသူတို့သည် ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။” (ဒံ. ၁၂:၃) ဤမျှတောက်ပစွာ ထွန်းလင်းကြသူတို့မှာ မည်သူတို့နည်း။ စပါးပင်နှင့် ပေါင်းပင်ပုံဥပမာမှ ယေရှုရည်ညွှန်းသော စစ်မှန်သောစပါးပင်ဖြစ်သည့် ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်များမှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။ သိုးနှင့်တူသည့် တိုးများလျက်ရှိသော လူအုပ်ကြီးသည် ပေါင်းပင်နှင့်တူသောခရစ်ယာန် အတုအယောင်များအား “နုတ်” ပစ်လိုက်ခြင်းကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။ သူတို့သည် စွမ်းအားတော်ဖွားအစ္စရေးလူမျိုး အကြွင်းအကျန်နှင့်အတူ ပူးပေါင်းသောအခါ နိုင်ငံတော်လက်အောက်ခံများဖြစ်ခွင့် အလားအလာဖြင့် ဘိသိက်ပေးခံရသူများကဲ့သို့ ဤမှောက်မိုက်လောကတွင် သူတို့၏အလင်းကို ထွန်းလင်းကြသည်။—ဇာ. ၈:၂၃; မ. ၅:၁၄-၁၆; ဖိ. ၂:၁၅

၁၉၊ ၂၀။ “နိုင်ငံတော်သားများ” ကအဘယ်အရာကို စိတ်ထက်သန်စွာ စောင့်မျှော်နေကြသလဲ။ နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

၁၉ ယနေ့ ဘုရားသခင့် “နိုင်ငံတော်သားများ” သည် ကောင်းကင်ဆုကျေးဇူးကို စိတ်ထက်သန်စွာ မျှော်လင့်လျက်ရှိသည်။ (ရော. ၈:၁၈၊ ၁၉; ၁ ကော. ၁၅:၅၃; ဖိ. ၁:၂၁-၂၄) သို့သော် သူတို့သည် ထိုအချိန်အထိ ဆက်သစ္စာရှိရမည်ဖြစ်ပြီး “ဆိုးညစ်သူ၏သားများနှင့်” ကွာခြားကြောင်း သိသာထင်ရှားစေရန် အလင်းကို တောက်ပစွာ ဆက်ထွန်းလင်းနေရမည်ဖြစ်သည်။ (မ. ၁၃:၃၈; ဗျာ. ၂:၁၀) ကျွန်ုပ်တို့အချိန်တွင် ပေါင်းပင်များကို ပုံဆောင် ‘နုတ်ပစ်’ ခြင်း၏ရလဒ်ကို မြင်တွေ့ခွင့်ရသည့်အတွက် မည်မျှဝမ်းမြောက်စရာ ကောင်းလှသည်တကား။

၂၀ သို့သော် တစ်ခါနှင့်မျှမတူအောင် တိုးများလျက်ရှိသော နိုင်ငံတော်လက်အောက်ခံများအဖြစ် မြေကြီးပေါ်တွင် ထာ၀စဉ်အသက်ရှင်မည့် လူအုပ်ကြီးနှင့် နိုင်ငံတော်သားများအကြားတွင် မည်သည့်ဆက်နွှယ်မှု ရှိသနည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ဤပုံဥပမာများအကြောင်း အသေးစိတ်ဆွေးနွေးချက်ကို ကင်းမျှော်စင်၊ ဇူလိုင် ၁၅၊ ၂၀၀၈၊ စာမျက်နှာ ၁၂-၂၁ တွင်ကြည့်ပါ။

^ အပိုဒ်၊ 4 ဤပုံဥပမာတွင် မျိုးကြဲခြင်းသည် စွမ်းအားတော်ဖွားခရစ်ယာန်များ ဖြစ်လာမည့်သူ လူသစ်များကို ခေါ်ဆောင်လာမည့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ပုံဆောင်ခြင်းမဟုတ်ပါ။ လယ်၌ကြဲသော ကောင်းသောမျိုးစေ့နှင့်ပတ်သက်၍ ယေရှု ဤသို့ပြောခဲ့သည်– “ကောင်းသောမျိုးစေ့ကား နိုင်ငံတော်သားများဖြစ်ကြ၏ [“ဖြစ်လာကြလိမ့်မည်” ဟုမပြောပါ]။” မျိုးကြဲခြင်းသည် လောကလယ်ကွင်းတွင် ဤနိုင်ငံတော်သားများအား ဘိသိက်ပေးခြင်းကို ရည်ညွှန်းသည်။

^ အပိုဒ်၊ 8 တောမြက်ပင်များ၏အမြစ်သည် စပါးပင်များ၏အမြစ်များကို ရစ်ပတ်နေလျှင် ရိတ်သိမ်းချိန်မတန်မီ ဆွဲနုတ်ပါက စပါးပင်များကို ထိခိုက်နိုင်သည်။—သမ္မာကျမ်းစာအပေါ်ထိုးထွင်းအမြင်၊ အတွဲ ၁၊ စာမျက်နှာ ၁၁၇၈ ကိုကြည့်ပါ။

သင်မှတ်မိသလော

ယေရှုရဲ့ စပါးပင်နဲ့ ပေါင်းပင်ပုံဥပမာမှာပါတဲ့ ဒီအရာတွေက ဘာအဓိပ္ပာယ်ရှိသလဲ။

• ကောင်းသောမျိုးစေ့

• မျိုးကြဲသူ

• မျိုးကြဲခြင်း

• ရန်သူ

• ပေါင်းပင်များ

• စပါးရိတ်ရာကာလ

• စပါးကျီ

• ငိုကြွေးခြင်း၊ အံကြိတ်ခံပြင်းခြင်း

• မီး

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါပုံစာ]

စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့မှာ ကောင်းတဲ့မျိုးစေ့ စတင်ကြဲခဲ့

[စာမျက်နှာ ၂၃ ပါပုံစာ]

အခုအချိန်မှာ ပုံဆောင်စပါးတွေက ယေဟောဝါရဲ့စပါးကျီထဲ စုသိမ်းခံနေရ

[Credit Line]

Pictorial Archive (Near Eastern History) Est.