မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤခက်ခဲကျပ်တည်းသောကာလတွင် “စိတ်နှလုံးဖြူစင်ခြင်း” ကို ဆက်ထိန်းထားပါ

ဤခက်ခဲကျပ်တည်းသောကာလတွင် “စိတ်နှလုံးဖြူစင်ခြင်း” ကို ဆက်ထိန်းထားပါ

ဤခက်ခဲကျပ်တည်းသောကာလတွင် “စိတ်နှလုံးဖြူစင်ခြင်း” ကို ဆက်ထိန်းထားပါ

“ယနေ့ ချာ့ခ်ျများတွင် ကိုယ်ကျင့်တရားသန့်ရှင်းစင်ကြယ်ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်နေသည်မှာ မည်သူမျှမငြင်းနိုင်ပေ။” ကက်သလစ် ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် ဗက်တိုးရီယို မက်စိုရီက မကြာသေးမီက အီတလီချာ့ခ်ျတွင် ဖြစ်ပွားခဲ့သည့် လိင်ဆိုင်ရာအကျင့်ပျက်ပြားမှုအကြောင်းနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ခရစ်ယာန်ဘုန်းကြီးအတန်းအစားအတွက် အိမ်ထောင်မပြုရဆိုတဲ့ တောင်းဆိုချက်ကို ဖယ်ရှားပစ်လိုက်ရုံနဲ့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ အကြောင်းကတော့ ပြစ်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းက ယောက်ျားချင်းနဲ့ ယောက်ျားလေးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်နေတဲ့ လိင်တူမေထုန်သမား ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အမှုတွေ ဖြစ်နေလို့ပဲ။’’—လာ စတဲန်ပါ။

ပျံ့နှံ့နေသည့်ဆိုးညစ်မှုများသည် လက်ရှိလောကစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” ၏အမှတ်လက္ခဏာတစ်ခု ဖြစ်နေသည်မှာ ​သံသယရှိစရာ မလိုချေ။ (၂ တိ. ၃:၁-၅) သတင်းမှတ်တမ်းများအရ အကျင့်ယိုယွင်းခြင်း၏အကျိုးဆက်သည် သာမန်လူများအပေါ်တွင်သာမဟုတ်ဘဲ မိမိတို့ကိုယ်ကို ဘုရားသခင်၏လူဖြစ်ပါသည်ဟု ပြောနေသူများအပေါ်တွင်ပါ မကောင်းသောသြဇာသက်ရောက်နေကြောင်း ဖော်ပြသည်။ သူတို့၏ ဖောက်ပြန်၍ ဆိုးညစ်သောနှလုံးက သူတို့အား ယုတ်ညံ့သောအပြုအမူများကို ပြုလုပ်ရန် လှုံ့ဆော်ပေးသည်။ (ဧ. ၂:၂) အကြောင်းကောင်းရှိ၍ ယေရှုဤသို့သတိပေးခဲ့သည်–“မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မှားယွင်းသောသက်သေကိုခံခြင်း၊ မြင့်မြတ်သောအရာကိုစော်ကားခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏။” (မ. ၁၅:၁၉) သို့သော် ယေဟောဝါဘုရားသခင်သည် သူ၏ကျေးကျွန်များအား “စိတ်နှလုံးဖြူစင်ခြင်း” ကို ချစ်မြတ်နိုးစေလိုတော်မူသည်။ (သု. ၂၂:၁၁) ထို့ကြောင့် ဤခက်ခဲကျပ်တည်းသောကာလတွင် စိတ်နှလုံးဖြူစင်ခြင်းကို ခရစ်ယာန်တစ်ဦး မည်သို့ဆက်ထိန်းထားနိုင်မည်နည်း။

“စိတ်နှလုံးဖြူစင်ခြင်း” ဟူသည် အဘယ်အရာကိုဆိုလို

သမ္မာကျမ်းစာတွင် “နှလုံး” ကို များသောအားဖြင့် ပုံဆောင်သဘောအရ အသုံးပြုလေ့ရှိသည်။ အကိုးအကားတစ်ခုအရ ကျမ်းစာပါ နှလုံးဟူသော ဝေါဟာရသည် “လူတစ်ဦး၏ အတွင်းအကျဆုံးအပိုင်း” ကိုရည်ညွှန်းပြီး “ဘုရားသခင်နှင့် လူတစ်ဦး၏ ဆက်ဆံရေး စတင်သည့်၊ ကိုယ်ကျင့်တရားကို ဆုံးဖြတ်ပေးသည့် ဘုရားသခင်အတွက် အရေးပါသော လူတစ်ဦးတွင်ရှိ အဓိကအစိတ်အပိုင်းဖြစ်သည်။” နှလုံးသည် ကျွန်ုပ်တို့၏ အတွင်းစိတ်သဘောထားအမှန်ကို ကိုယ်စားပြုသည်။ အထက်တွင် ကိုးကားဖော်ပြထားချက်အရ ယေဟောဝါစစ်ဆေးတော်မူသည့်နှလုံးမှာ အတွင်းစိတ်သဘောထားဖြစ်ပြီး ကိုယ်တော်၏ကျေးကျွန်များတွင်ရှိသော ယင်းအတွင်းစိတ်ကို ယေဟောဝါ အမှန်တန်ဖိုးထားတော်မူသည်။—၁ ပေ. ၃:၄

သမ္မာကျမ်းစာတွင် “စင်ကြယ်ခြင်း” နှင့် “သန့်ရှင်းခြင်း” တို့ကို ရုပ်ပိုင်းအရသန့်ရှင်းခြင်းအတွက် အသုံးပြုနိုင်သည်။ သို့သော် ယင်းအသုံးအနှုန်းများကို ကိုယ်ကျင့်တရားနှင့် ဝတ်ပြုကိုးကွယ်ရေးအရ မဖောက်ပြန်သော၊ ညစ်ညူးခြင်းမရှိသော၊ သို့မဟုတ် ယိုယွင်းခြင်းမရှိသော သန့်ရှင်းသည့်အခြေအနေကို ဖော်ပြရာတွင်လည်း အသုံးပြုသည်။ တောင်ပေါ်တရားတော်တွင် ယေရှု ဤသို့ဖော်ပြခဲ့သည်– “စိတ်နှလုံးဖြူစင်သောသူတို့သည် ပျော်ရွှင်ကြ၏။” အမှန်တကယ်တွင် အတွင်းစိတ် သန့်ရှင်းစင်ကြယ်ကြသူများကို ကိုယ်တော် ရည်ညွှန်းနေခြင်းဖြစ်သည်။ (မ. ၅:၈) သူတို့ နှစ်သက်မြတ်နိုးရာများ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များသည် စင်ကြယ်ကြ၏။ မေတ္တာနှင့် ကျေးဇူးတင်လေးမြတ်စိတ်၏ လှုံ့ဆော်မှုတို့ကြောင့် သူတို့သည် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ရင်းမှန်ဖြင့် အရေခြုံဟန်ဆောင်မှုမရှိဘဲ ချစ်မြတ်နိုးကြသည်။ (လု. ၁၀:၂၇) သင်လည်း ထိုအတိုင်း စင်ကြယ်လိုသည် မဟုတ်လော။

ဆက်၍ “စိတ်နှလုံးဖြူစင်ခြင်း” သည်စိန်ခေါ်ချက်ဖြစ်နိုင်

ယေဟောဝါ၏ ကျေးကျွန်တစ်ဦးသည် “သန့်ရှင်းသောလက်” ရှိရုံမျှမက “ဖြူစင်သောစိတ်နှလုံး” လည်း ရှိရမည်ဖြစ်သည်။ (ဆာ. ၂၄:၃၊ ၄) သို့သော် ယနေ့ခေတ်တွင် ဘုရားသခင့်ကျေးကျွန်များအဖို့ “စိတ်နှလုံးဖြူစင်” စွာ ဆက်နေနိုင်ရန် ပို၍ခက်ခဲလာသည်။ စာတန်နှင့် သူ၏အုပ်ချုပ်မှုအောက်ရှိ လောကကြောင့်သာမက ကျွန်ုပ်တို့ကိုယ်တိုင်၏ သွေးသားအားနည်းချက်များကလည်း ကျွန်ုပ်တို့အား ယေဟောဝါထံမှ ဝေးကွာသွားစေရန် ပြင်းထန်သောဖိအားကို ဖြစ်ပေါ်စေသည်။ ယင်းဖိအားများကို ခုခံတွန်းလှန်နိုင်ရန် ကျွန်ုပ်တို့သည် “စိတ်နှလုံးဖြူစင်မှု”ကို ချစ်မြတ်နိုးပြီး ယင်းကိုအခိုင်အမာစွဲကိုင်ထားဖို့ အရေးကြီးသည်။ ယင်းက ကျွန်ုပ်တို့အား ကာကွယ်ပေးမည်ဖြစ်ပြီး ဘုရားသခင်၏မိတ်ဆွေဆက်ဖြစ်နေရန် ကူညီပေးနိုင်မည်။ ဖြူစင်သောစိတ်နှလုံးကို ကျွန်ုပ်တို့မည်သို့ ထိန်းသိမ်းထားနိုင်သနည်း။

ဟေဗြဲ ၃:၁၂ တွင် သတိပေးချက်ကို ကျွန်ုပ်တို့တွေ့ရသည်– “ညီအစ်ကိုတို့၊ သင်တို့တွင် မည်သူမျှ အသက်ရှင်တော်မူသောဘုရားသခင်ထံမှ ဆုတ်ခွာသွားခြင်းဖြင့် ယုံကြည်ခြင်းကင်းမဲ့၍ ဆိုးညစ်သောစိတ်နှလုံးမရှိစေရန် သတိပြုကြလော့။” အကယ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသည် “ယုံကြည်ခြင်းကင်းမဲ့” လာမည်ဆိုလျှင် ဆက်၍ “စိတ်နှလုံးဖြူစင်” ဖို့ မဖြစ်နိုင်ပါ။ ဘုရားသခင်အပေါ် ယုံကြည်မှုပျက်ပြားသွားစေရန် စာတန်သည် အဘယ်အတွေးအခေါ်များကို ဝါဒဖြန့်လျက်ရှိသနည်း။ ယင်းတို့အထဲတွင် ဆင့်ကဲသီအိုရီ၊ ဘာသာရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ခြွင်းချက်အမှန်တရားဝါဒနှင့် သမ္မာကျမ်းစာသည် ဘုရားသခင့်စွမ်းအားတော် လမ်းညွန်မှုဖြင့်ရေးသားသည်ကို သံသယဝင်ခြင်းတို့ ပါဝင်သည်။ ကျွန်ုပ်တို့သည် ယင်းသေစေနိုင်သောအကျင့်နှင့်ဆိုင်သည့် လူ့အတွေးအခေါ်၏ လွှမ်းမိုးမှုကို မခံသင့်ချေ။ (ကော. ၂:၈) ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းနှင့် အလေးအနက်တွေးတောဆင်ခြင်ခြင်းတို့သည် ယင်းတိုက်ခိုက်မှုများကို ခုခံကာကွယ်ရာတွင် အဓိကကျသော အရာများဖြစ်သည်။ ဘုရားသခင့်တရားစကားတော်၏ တိကျမှန်ကန်သော အသိပညာက ယေဟောဝါအားချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို တိုးများစေပြီး လူသားများနှင့်ဆက်ဆံသည့် ကိုယ်တော့်နည်းလမ်းအပေါ် ပို၍ နားလည်စေမည်။ အကယ်၍ ကျွန်ုပ်တို့သည် မှားယွင်းသောကျိုးကြောင်းဆင်ခြင်မှုများကို ငြင်းပယ်လိုပြီး ယေဟောဝါအပေါ်ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေလိုသည်ဆိုလျှင် ယင်းမေတ္တာနှင့် သိနားလည်မှုတို့ မရှိမဖြစ်လိုအပ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် ဖြူစင်သောနှလုံးကို ဆက်ထိန်းထားနိုင်မည်ဖြစ်သည်။—၁ တိ. ၁:၃-၅

သွေးသားဆန္ဒများကို တိုက်လှန်ရသောအခါ

“စိတ်နှလုံးဖြူစင်ခြင်း” ကို ထိန်းသိမ်းဖို့ကြိုးစားရာတွင် ကျွန်ုပ်တို့ကြုံတွေ့ရနိုင်သည့် နောက်ထပ်တိုက်ခိုက်မှုတစ်မျိုးမှာ သွေးသားဆန္ဒနှင့် ရုပ်ပစ္စည်းတပ်မက်မှုတို့ ဖြစ်သည်။ (၁ ယော. ၂:၁၅၊ ၁၆) ငွေကိုတပ်မက်ခြင်း သို့မဟုတ် စည်းစိမ်ဥစ္စာကို ဆည်းပူးလိုသော၊ ရုပ်ပစ္စည်းများပိုင်ဆိုင်လိုသောဆန္ဒသည် နှလုံးကိုယိုယွင်းစေနိုင်ပြီး ခရစ်ယာန်တစ်ဦးအား ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သည့်အရာများကို လုပ်ဆောင်ဖို့ ဦးတည်စေသည်။ အချို့မှာ လုပ်ငန်းခွင်တွင် မရိုးမသားပြုမူလာကြပြီး အခြားသူများကို လိမ်လည်လှည့်ဖြားကြ၊ အခြားသူများ၏ပစ္စည်း သို့မဟုတ် ငွေကြေးကို ခိုးယူကြသည်။—၁ တိ. ၆:၉၊ ၁၀

အခြားတစ်ဖက်တွင်မူ ယေဟောဝါမနှစ်သက်မည်ကို စိုးရွံ့သည့်စိတ်ကို သန်စွမ်းနေအောင် မွေးမြူခြင်း၊ တရားမျှတမှုကို ချစ်မြတ်နိုးခြင်း၊ ကြည်လင်သော ကိုယ်ကိုကိုယ်သိသောစိတ်ကို ကိုင်စွဲထားရန် စိတ်ပိုင်းဖြတ်ထားခြင်းတို့ဖြင့် ကျွန်ုပ်တို့သည် “စိတ်နှလုံးဖြူစင်ခြင်း” ကို ချစ်မြတ်နိုးကြောင်း ပြသကြသည်။ ထိုမေတ္တာက ကျွန်ုပ်တို့အား ဆက်၍ “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ရန် လှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံပြုမူကြသောအခါ ရိုးသားခြင်းသည် ကောင်းသောသက်သေခံချက်တစ်ရပ်ဖြစ်နိုင်သည်။ လူထုသယ်သူပို့ဆောင်ရေးကုမ္ပဏီတွင် ယာဉ်မောင်းတစ်ဦးဖြစ်သော အီတလီနိုင်ငံသား သက်သေခံတစ်ဦးဖြစ်သည့် အီမယ်လီယိုသည် ယူရို ၄၇၀ (အမေရိကန်ဒေါ်လာ ၆၈၀) ပါသော ပိုက်ဆံအိတ်တစ်လုံး ကောက်ရခဲ့သည်။ သူသည် ထိုပိုက်ဆံအိတ်ကို သူ၏ကြီးကြပ်ရေးမှူးအား ပေးအပ်ခဲ့ရာ သူ၏လုပ်ဖော်ဆောင်ဖက်များ အံ့အားသင့်ခဲ့ရသည်၊ နောက်ပိုင်းတွင် ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံသို့ ပြန်ပေးခဲ့သည်။ အီမယ်လီယို၏ အလုပ်ဖော်အချို့က သူ၏အမူအကျင့်ကောင်းကို အလွန်စွဲမှတ်သွားသောကြောင့် သမ္မာကျမ်းစာကို စိတ်ဝင်စားလာကြပြီး စတင်လေ့လာခဲ့ကြသည်။ ရလဒ်အနေနှင့် မိသားစုနှစ်စုမှ လူခုနစ်ဦးတို့သည် အမှန်တရားကို လက်ခံခဲ့ကြသည်။ မှန်ပါသည်၊ အမှန်တကယ် ဖြူစင်သောနှလုံးဖြင့် ရိုးသားစွာပြုမူကျင့်ကြံခြင်းက အခြားသူများ ဘုရားသခင်ကိုချီးမွမ်းရန် လှုံ့ဆော်ပေးပါလိမ့်မည်။—တိတု ၂:၁၀

ခရစ်ယာန်တစ်ဦး၏ စိတ်နှလုံးစင်ကြယ်မှုအပေါ် မကောင်းသောသြဇာလွှမ်းမိုးနိုင်သည့်အရာမှာ လိင်နှင့်ပတ်သက်သည့် လွဲမှားသော၊ ယုတ်ညံ့သောအမြင်ဖြစ်သည်။ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့ကို လူအများက သာမန်အရာအဖြစ် ယူဆထားသည့်အချက်က ခရစ်ယာန်တစ်ဦး၏နှလုံးကို ယိုယွင်းဖောက်ပြန်စေနိုင်သည်။ လိင်အကျင့်ယိုယွင်းမှုကို အလျှော့ပေးလိုက်လျောသူသည် သူတော်ကောင်းယောင်ဆောင်၍ နှစ်ဘဝစံကာ အပြစ်များကို ဖုံးကွယ်ထားပေမည်။ ယင်းသို့ပြုကျင့်ခြင်းသည် “စိတ်နှလုံးဖြူစင်ခြင်း” ကို တင်ပြနိုင်မည်မဟုတ်သည်မှာ သေချာပါသည်။

ဂါဘရီအဲလ်သည် အသက် ၁၅ နှစ်အရွယ်တွင် နှစ်ခြင်းခံခဲ့ပြီး ရှေ့ဆောင်ချက်ချင်းစလုပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် နိုက်ကလပ်များတွင် အကျိုးမပြုသောအပေါင်းအသင်းများနှင့် စတင်အချိန်ဖြုန်းခဲ့သည်။ (ဆာ. ၂၆:၄) ယင်းသည် အကျင့်ပျက်၍ အရေခြုံဟန်ဆောင်သော ဘဝလမ်းစဉ်၏ အစဖြစ်ပြီး သူသည် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသည်။ ယေဟောဝါထံမှ ဤဆုံးမမှုက သူ့အား အလေးအနက်တွေးတောစေသည်။ ဂါဘရီအဲလ် ဤသို့အမှတ်ရမိသည်– “အရင်တုန်းက ကျွန်တော် တစ်ခါမှ အလေးအနက် မထားခဲ့တဲ့ အရာအားလုံးကို စတင်လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါ အမှန်တကယ် ဘာပြောနေတယ်ဆိုတာသိနိုင်ဖို့ ကျမ်းစာကို နေ့တိုင်းပုံမှန်ဖတ်ရှုတယ်။ ပြီးတော့ သီအိုကရက်တစ် စာပေတွေကို သေသေချာချာလေ့လာတယ်။ ကိုယ်ပိုင်လေ့လာမှုက တကယ့်ကို အကျိုးရှိပြီး ကျေနပ်စေတယ်ဆိုတာ၊ ကျမ်းစာဖတ်ရှုခြင်းနဲ့ နှလုံးပါပါဆုတောင်းခြင်းကနေ ခွန်အားဘယ်လောက်တောင် ရရှိခဲ့သလဲဆိုတာတွေကို သိရှိခဲ့ရတယ်။” ဤအရာများကြောင့် ဂါဘရီအဲလ်သည် သူ၏အကျင့်ပျက်မှုကို စွန့်ပစ်နိုင်ခဲ့ပြီး ယေဟောဝါနှင့် ဆက်ဆံရေး ပြန်ရရှိခဲ့သည်။

ယခုအချိန်တွင် ဂါဘရီအဲလ်သည် သူ၏ဇနီးနှင့်အတူ ရှေ့ဆောင်တစ်ဦးအဖြစ် ပြန်လည်အမှုဆောင်နေပြီဖြစ်သည်။ သူ့ကိုယ်တွေ့ဖြစ်ရပ်မှ ကျမ်းစာလေ့လာမှုနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှ ပြင်ဆင်ပေးသည့် စာပေစာတမ်းများမှတစ်ဆင့် လူတစ်ဦးသည် စိတ်နှလုံးဖြူစင်လာနိုင်ပြီး အကျင့်ယိုယွင်းမှုများကို ငြင်းပယ်နိုင်ကြောင်း သိရှိနိုင်သည်။—မ. ၂၄:၄၅; ဆာ. ၁၄၃:၁၀

စမ်းသပ်မှုများကြုံရချိန်တွင် “စိတ်နှလုံးဖြူစင်ခြင်း”

ဆန့်ကျင်သူများထံမှ ဖိအားများ၊ စီးပွားရေးအခက်အခဲများနှင့် အပြင်းအထန်ဖျားနာမှုများသည် ဘုရားသခင်၏ ကျေးကျွန်အချို့ကို စိတ်ပျက်အားလျော့စေသည်။ ရံဖန်ရံခါ သူတို့၏စိတ်နှလုံးတွင် အပျက်သဘောထားများ ဝင်ရောက်လာသည်။ ဘုရင် ဒါဝိဒ်ပင်လျှင် ထိုကဲ့သို့တွေ့ကြုံခဲ့ရသည်– “အကျွန်ုပ်သည် စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက်ရှိပါ၏။” (ဆာ. ၁၄၃:၄) ထိုကဲ့သို့သော အချိန်အခါများကို ကျော်လွှားလွန်မြောက်နိုင်ရန် အဘယ်အရာက သူ့အားကူညီပေးခဲ့သနည်း။ ဒါဝိဒ်သည် ကိုယ်တော့်ကျေးကျွန်များ၏ကောင်းကျိုးအတွက် ယေဟောဝါ ပြုလုပ်ပေးခဲ့ရာများနှင့် မိမိကိုယ်တိုင် မည်သို့ကယ်နုတ်ခံရကြောင်း တွေးတောဆင်ခြင်ခဲ့သည်။ မိမိ၏ကြီးမြတ်သောနာမတော်အတွက် ယေဟောဝါ ပြုလုပ်ခဲ့ရာများကို ဒါဝိဒ်တွေးတောဆင်ခြင်ခဲ့သည်။ ဒါဝိဒ်သည် ဘုရားသခင်လုပ်ဆောင်ခဲ့ရာများအကြောင်းကို စဉ်းစားတွေးတောခဲ့သည်။ (ဆာ. ၁၄၃:၅) အလားတူစွာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အကြောင်း၊ ကိုယ်တော် ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့ရာများနှင့် ဆက်၍ပြုလုပ်ပေးဦးမည့်အရာများကို တွေးတောဆင်ခြင်ခြင်းက စမ်းသပ်မှုများနှင့် ကြုံတွေ့ရချိန်တွင်ပင် ကျွန်ုပ်တို့ကို ကူညီပေးမည်ဖြစ်သည်။

ပြစ်မှားခံရသည့်အခါ သို့မဟုတ် ပြစ်မှားခံရသည်ဟု ခံစားရသည့်အခါ ကျွန်ုပ်တို့ စိတ်နာကြည်းလာနိုင်သည်။ အဖြစ်အပျက်ကို တနုံ့နုံ့တွေးတောခြင်းကလည်း ကျွန်ုပ်တို့၏ ညီအစ်ကိုများအပေါ် အပျက်သဘောထား ဝင်လာစေသည်။ ကျွန်ုပ်တို့သည် မိမိဘာသာသီးခြားနေခြင်းနှင့် အခြားသူများအရေးကို စိတ်ဝင်စားမှုမပြခြင်းဖြင့် အခြားသူများနှင့် ခပ်ခွာခွာနေပေမည်။ သို့သော် ထိုကဲ့သို့တုံ့ပြန်ခြင်းက “စိတ်နှလုံးဖြူစင်” လိုသည့် ကျွန်ုပ်တို့၏ဆန္ဒနှင့် ကိုက်ညီမှုရှိပါမည်လော။ ထိုသို့ စိတ်နှလုံးဖြူစင်လိုခြင်းတွင် ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုညီအစ်မများနှင့် ကျွန်ုပ်တို့၏ဆက်ဆံပုံ၊ သဘောထားကွဲလွဲမှုများအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်ပုံတို့ ပါဝင်သည်မှာ ထင်ရှားပါသည်။

ကျွန်ုပ်တို့ ခရစ်ယာန်စစ်များသည် “စိတ်နှလုံးဖြူစင်ခြင်း” ကို ချစ်မြတ်နိုးကြသောကြောင့် ပို၍ဆိုးညစ်လာပြီး ကိုယ်ကျင့်တရားစံနှုန်း လျော့ကျနေသော လောကတွင် ပေါ်လွင်ထင်ရှားလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ဆောင်ခြင်းမှ စိတ်ငြိမ်သက်မှုခံစားရသည်နှင့်အမျှ ကျွန်ုပ်တို့၏ဘဝသည် ကောင်းသောသြဇာလွှမ်းမိုးမှု ခံရမည်ဖြစ်သည်။ ထို့ထက်ကား ကျွန်ုပ်တို့သည် “နှလုံးသန့်ရှင်း” သောသူတို့ကို ချစ်မြတ်နိုးသော ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့် အရင်းနှီးဆုံးဆက်ဆံရေးတွင် ပျော်မွေ့နိုင်ကြသည်။ (ဆာ. ၇၃:၁) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ပျော်ရွှင်ကြမည့်သူများထဲတွင် ပါဝင်နိုင်ကြသည်။ အကြောင်းမှာ ယေရှုကတိပေးခဲ့သကဲ့သို့ပင် “စိတ်နှလုံးဖြူစင်” ခြင်းကို ချစ်မြတ်နိုးသောသူတို့အတွက် ကိုယ်တော်လုပ်ဆောင်ပေးသောအခါ သူတို့သည် “ဘုရားသခင်ကို မြင်ရကြ” ၍ဖြစ်သည်။—မ. ၅:၈