မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

‘ငါ၏နှုတ်မြွက်စကားသည် . . . ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’ —ဟေရှာ. ၅၅:၁၁

၁။ အစီအစဉ်တစ်ခုနဲ့ ရည်ရွယ်ချက်တစ်ခုရဲ့ ကွာခြားပုံကို ဥပမာပေးပါ။

လူနှစ်ဦးသည် ကားဖြင့်ခရီးသွားရန် ကိုယ်စီပြင်ဆင်နေသည်ဟု မြင်ယောင်ကြည့်ပါ။ တစ်ဦးသည် သူသွားမည့်ခရီးပန်းတိုင်သို့ရောက်သည့် လမ်းကြောင်းတစ်ခုအတွက် အသေးစိတ် အစီအစဉ်ဆွဲသည်။ အခြားသူတစ်ဦးမှာ သူသွားမည့်ခရီးပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိသည်၊ သို့သော် ထိုနေရာသို့ရောက်သည့်လမ်းကြောင်းများစွာကိုလည်း သူသိထား၏။ အခြေအနေအရ လမ်းကြောင်းပြောင်းရန်လိုအပ်ပါက သူ၏ခရီးလမ်းကြောင်းကိုပြောင်းရန် ပြင်ဆင်ထားသည်။ ဤလူနှစ်ဦး၏ ပုံဥပမာများအရ အစီအစဉ်တစ်ခုနှင့် ရည်ရွယ်ချက်တစ်ခုသည် တစ်နည်းနည်းဖြင့် မတူညီကြောင်းဖော်ပြ၏။ အစီအစဉ်တစ်ခုကို ခရီးစဉ်အတွက် အသေးစိတ်အစီအစဉ်ရေးဆွဲခြင်းနှင့် ခိုင်းနှိုင်းနိုင်သည်၊ သို့သော် ရည်ရွယ်ချက်တစ်ခုတွင် ပန်းတိုင်တစ်ခုရှိသော်လည်း ယင်းနေရာသို့ရောက်ရှိရန် သတ်သတ်မှတ်မှတ် လုပ်ကိုင်ပုံနည်းလမ်း မလိုအပ်ချေ။

၂၊ ၃။ (က) ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ ဘာပါဝင်သလဲ၊ အာဒံနဲ့ဧ၀ အပြစ်လုပ်ပြီးနောက် ပေါ်ပေါက်လာတဲ့အခြေအနေနဲ့အညီ ကိုယ်တော် ဘယ်လို ဖြေရှင်းခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ကောင်းစွာသိရှိပြီး အဲဒါနဲ့အညီ ဆက်လုပ်ဆောင်ဖို့လိုသလဲ။

ယေဟောဝါသည် မိမိ၏အလိုတော်ကို လုပ်ဆောင်ရာတွင် ပုံသေအစီအစဉ် မရှိပါ၊ ယင်းအစား အဆုံးတွင် ပြည့်စုံလာမည့် ရည်ရွယ်ချက်တစ်ခုရှိသည်။ (ဧ. ၃:၁၁) ဤရည်ရွယ်ချက်တွင် လူသားနှင့် ကမ္ဘာမြေအတွက် ကိုယ်တော်၏မူလရည်ရွယ်ချက် ပါဝင်သည်၊ ယင်းရည်ရွယ်ချက်မှာ ဤကမ္ဘာသည် ပရဒိသုစံအိမ်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုတွင် စုံလင်သောလူသားများ ငြိမ်းချမ်းပျော်ရွှင်စွာ ထာ၀စဉ်နေထိုင်ရန်ဖြစ်သည်။ (က. ၁:၂၈) အာဒံနှင့်ဧ၀ အပြစ်ပြုသောအခါ ယေဟောဝါသည် ဤအခြေအနေကို တုံ့ပြန်၍ ကိုယ်တော်၏ရည်ရွယ်ချက် ကျိန်းသေ အထမြောက်အောင်မြင်ရန် အစီအစဉ်များကို ပြုလုပ်တော်မူသည်။ (ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။) မိမိ၏ပုံဆောင်မိန်းမမှ “အမျိုးအနွယ်” သို့မဟုတ် သားကိုဖွားမြင်စေရန် ယေဟောဝါ ဆုံးဖြတ်ခဲ့သည်၊ ထိုသားသည် နောက်ဆုံးတွင် ရန်သူစာတန်ကို ဖျက်ဆီးကာ ယင်းကြောင့်ဖြစ်ပေါ်ခဲ့သော မကောင်းမှုအားလုံးကို ချေဖျက်ပေးမည်ဖြစ်သည်။—ဟေဗြဲ ၂:၁၄; ၁ ယော. ၃:၈

ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ မည်သည့်အစွမ်းတန်ခိုးကမျှ ဘုရားသခင်၏ရည်ရွယ်ချက် မအောင်မြင်စေရန် မတားဆီးနိုင်ပါ။ (ဟေရှာ. ၄၆:၉-၁၁) ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ အကြောင်းမှာ ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော် ပါဝင်ပတ်သက်သောကြောင့်ဖြစ်သည်။ ယင်းတားဆီး၍မရနိုင်သောစွမ်းအားသည် ဘုရားသခင့်အလိုတော်ကို “ပြည့်စုံစေမည်” ဖြစ်ကြောင်း အာမခံသည်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ကျွန်ုပ်တို့သည် ယင်းကို ကောင်းစွာသိနားလည်ကာ ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ ဆက်လုပ်ဆောင်ဖို့လိုသည်။ ကျွန်ုပ်တို့၏ အနာဂတ်အလားအလာသည် ၎င်းရည်ရွယ်ချက်ပြည့်စုံမှုအပေါ် မူတည်သည်။ ထို့ပြင် သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါအသုံးပြုပုံကို မြင်တွေ့ရခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ထို့ကြောင့် ယေဟောဝါ၏ရည်ရွယ်ချက်ပြည့်စုံရေး၌ အတိတ်၊ မျက်မှောက်ခေတ်နှင့် အနာဂတ်တွင် စွမ်းအားတော်၏ကဏ္ဍကို သုံးသပ်ကြည့်ကြစို့။

အတိတ်တွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

၄။ မိမိရဲ့ရည်ရွယ်ချက်ကို ယေဟောဝါဘယ်လို တဖြည်းဖြည်း ဖော်ပြခဲ့သလဲ။

ကျမ်းစာခေတ်တွင် ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို တဖြည်းဖြည်းချင်း ဖွင့်ပြတော်မူခဲ့သည်။ အစပိုင်းတွင် ကတိထားရာအမျိုးအနွယ် မည်သူဖြစ်သည်ဆိုသည်မှာ “မြင့်မြတ်သောလျှို့ဝှက်ချက်” ဖြစ်ခဲ့သည်။ (၁ ကော. ၂:၇) အနှစ် ၂,၀၀၀ ခန့်ကြာပြီးနောက်တွင် ယေဟောဝါသည် အမျိုးအနွယ်အကြောင်းကို ထပ်မံဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၁၂:၇; ၂၂:၁၅-၁၈ တို့ကိုဖတ်ပါ။) ယေဟောဝါသည် သာ၍ကြီးကျယ်စွာပြည့်စုံမည့် ကတိတစ်ခုကို အာဗြဟံအား ပေးခဲ့သည်။ “သင်၏အမျိုးအနွယ်အားဖြင့်” ဟူသောစကားများက အမျိုးအနွယ်သည် အာဗြဟံမှဆင်းသက်လာမည့် လူသားတစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြသည်။ စာတန်သည် ဤအသေးစိတ်ဖွင့်ပြချက်ကို အလွန်စိတ်ဝင်စားစွာ စောင့်ကြည့်နေမည်မှာ သေချာသည်။ ထိုရန်သူသည် ဘုရားသခင့်ရည်ရွယ်ချက် ပျက်ပြားသွားစေရန် အာဗြဟံ၏မျိုးရိုးကို ဖျက်ဆီးလိုမည်မှာ သေချာပါသည်။ သို့သော် ယင်းသို့ဖြစ်လာမည် မဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင်၏ မမြင်နိုင်သောစွမ်းအားတော်သည် အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။ အဘယ်နည်းများဖြင့်နည်း။

၅၊ ၆။ ယေဟောဝါက ကိုယ်တော့်စွမ်းအားတော်ကို အသုံးပြုပြီး အမျိုးအနွယ်ပေါ်ထွန်းမယ့် မျိုးရိုးမှ တစ်ဦးချင်းစီကို ဘယ်လိုကာကွယ်ပေးခဲ့သလဲ။

ယေဟောဝါသည် မိမိ၏စွမ်းအားတော်ကို အသုံးပြုကာ အမျိုးအနွယ်ပေါ်ထွန်းမည့် မျိုးရိုးမှ တစ်ဦးချင်းစီကို ကာကွယ်တော်မူခဲ့သည်။ ယေဟောဝါသည် အာဗြံ (အာဗြဟံ) ကို “ငါသည် သင်၏အကာအကွယ်ဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (က. ၁၅:၁) ယင်းစကားများသည် အဓိပ္ပာယ်မဲ့သောစကားများ မဟုတ်ပါ။ ဥပမာ၊ အာဗြဟံနှင့် စာရာတို့ ဘီစီအီး ၁၉၁၉ ခန့်က ဂေရာမြို့တွင် ယာယီနေထိုင်ချိန်မှ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ စာရာသည် အာဗြဟံ၏ဇနီးဖြစ်ကြောင်းကို ဂေရာမင်းကြီး အဘိမလက်မသိဘဲ စာရာအား မိမိ၏မိဖုရားအဖြစ်သိမ်းပိုက်ရန် အကြံအစည်ဖြင့် ခေါ်သွားခဲ့သည်။ အာဗြဟံ၏အမျိုးအနွယ်ကို စာရာမမွေးဖွားနိုင်အောင် ကြိုးစားသည့်အနေနှင့် ကိစ္စ၏နောက်ကွယ်တွင် စာတန် ကြိုးကိုင်နေခြင်းလော။ သမ္မာကျမ်းစာတွင် မဖော်ပြထားပါ။ ယေဟောဝါ ကြားဝင်လုပ်ဆောင်ခဲ့ကြောင်းကိုသာ ဖော်ပြထားသည်။ ကိုယ်တော်သည် အဘိမလက်အား စာရာနှင့် မပေါင်းဖော်ရန် အိပ်မက်အားဖြင့် သတိပေးခဲ့သည်။—က. ၂၀:၁-၁၈

ယေဟောဝါ သူတို့ကို ဤတစ်ကြိမ်တည်းသာ ကာကွယ်ခဲ့ခြင်းမဟုတ်ပါ။ ယေဟောဝါသည် အာဗြဟံနှင့် သူ၏မိသားစုဝင်များကို အကြိမ်ကြိမ် ကယ်တင်တော်မူခဲ့သည်။ (က. ၁၂:၁၄-၂၀; ၁၄:၁၃-၂၀; ၂၆:၂၆-၂၉) အာဗြဟံနှင့် သူ၏သားစဉ်မြေးဆက်နှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့ပြောနိုင်ခဲ့သည်– ယေဟောဝါသည် ‘သူတို့ကို ညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကိုဆုံးမလျက် ‘ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်’ ဟုမိန့်တော်မူ၏။’—ဆာ. ၁၀၅:၁၄၊ ၁၅

၇။ အစ္စရေးလူမျိုးကို ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ ကာကွယ်ခဲ့သလဲ။

ယေဟောဝါသည် မိမိ၏စွမ်းအားတော်ဖြင့် ကတိထားရာအမျိုးအနွယ်ပေါ်ထွန်းမည့် ရှေးခေတ်အစ္စရေးလူမျိုးကို ကာကွယ်တော်မူခဲ့သည်။ စစ်မှန်သောဝတ်ပြုရေးကို ကာကွယ်ထိန်းသိမ်းရန်နှင့် သူတို့၏ဝတ်ပြုရေး၊ ကိုယ်ကျင့်တရား၊ ကာယရေးအရ ညစ်ညူးခြင်းတို့မှ ကာကွယ်ရန်အတွက် ယေဟောဝါသည် စွမ်းအားတော်မှတစ်ဆင့် အစ္စရေးလူမျိုးအား ပညတ်တရားပေးတော်မူခဲ့သည်။ (ထွ. ၃၁:၁၈; ၂ ကော. ၃:၃) တရားသူကြီးများခေတ်တွင် ယေဟောဝါ၏စွမ်းအားတော်သည် အစ္စရေးလူမျိုးကို ရန်သူများလက်မှကယ်တင်ရန် လူတချို့အား အစွမ်းသတ္တိပေးခဲ့၏။ (သူကြီး. ၃:၉၊ ၁၀) အာဗြဟံအမျိုးအနွယ်၏ အဓိကအပိုင်းဖြစ်သော ယေရှုမွေးဖွားသည့်အချိန်အထိ ရာစုနှစ်များတစ်လျှောက်တွင် သန့်ရှင်းသောစွမ်းအားတော်သည် ယေရှုနှင့်ပတ်သက်သော ပရောဖက်ပြုချက်များ ပြည့်စုံခြင်းတွင်ပါဝင်မည့် ဂျေရုဆလင်၊ ဘက်သလီဟင်နှင့် ဝတ်ပြုရာအိမ်တော်တို့ကို ကာကွယ်ခဲ့သည်မှာ သေချာသည်။

၈။ ဘုရားသခင့်သားတော်ရဲ့ ဘ၀နဲ့ဓမ္မအမှုမှာ သန့်ရှင်းသောစွမ်းအားတော် တိုက်ရိုက်ပါဝင်ပတ်သက်တယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

သန့်ရှင်းသောစွမ်းအားတော်သည် ယေရှုဘ၀နှင့် ဓမ္မအမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည်။ သန့်ရှင်းသောစွမ်းအားတော်သည် ယင်းမတိုင်မီနှင့် ယင်းနောက်တွင် တစ်ခါမှမလုပ်ဆောင်ခဲ့ဖူးသည့် အရာတစ်ခုကို အပျိုကညာမာရိ၏သားအိမ်တွင် ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် မစုံလင်သော အမျိုးသမီးတစ်ဦးသည် သေခြင်းအပြစ်တရားအောက်တွင်မရှိသော စုံလင်သည့်သားတစ်ဦးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားနိုင်ခဲ့သည်။ (လု. ၁:၂၆-၃၁၊ ၃၄၊ ၃၅) နောက်ပိုင်းတွင် စွမ်းအားတော်သည် သူငယ်ယေရှုအား အချိန်မတန်မီ မသေဆုံးစေရန် ကာကွယ်ခဲ့သည်။ (မ. ၂:၇၊ ၈၊ ၁၂၊ ၁၃) ယေရှု အသက် ၃၀ ခန့်တွင် ဘုရားသခင်သည် သူ့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးကာ ဒါဝိဒ်မင်း၏ အရိုက်အရာကိုဆက်ခံသူအဖြစ် ခန့်အပ်၍ ဟောပြောရန် တာဝန်ပေးခဲ့သည်။ (လု. ၁:၃၂၊ ၃၃; ၄:၁၆-၂၁) လူနာများကိုကုသခြင်း၊ လူအုပ်ကိုကျွေးမွေးခြင်းနှင့် သေလွန်သူများကို ထမြောက်စေခြင်းအပါအဝင် အံ့ဖွယ်အမှုများပြုလုပ်ရန် သန့်ရှင်းသောစွမ်းအားတော်သည် ယေရှုကို အစွမ်းတန်ခိုးပေးခဲ့၏။ ဤတန်ခိုးပါသောလုပ်ရပ်များသည် နိုင်ငံတော်ဘုရင်အဖြစ် ယေရှုအုပ်ချုပ်မည့်အချိန်တွင် ကျွန်ုပ်တို့ခံစားရမည့်ကောင်းချီးများ၏ အကြိုမြင်ကွင်းဖြစ်သည်။

၉၊ ၁၀။ (က) ယေရှုရဲ့ ပထမရာစုတပည့်တွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သက်ရောက်ခဲ့တယ်ဆိုတာ ဘယ်လိုထင်ရှားခဲ့သလဲ။ (ခ) စီအီးပထမရာစုတုန်းက ယေဟောဝါရဲ့ရည်ရွယ်ချက် ပြည့်စုံစေရေးနဲ့ပတ်သက်ပြီး ဘယ်နည်းလမ်းအသစ်ကို ဖော်ပြခဲ့သလဲ။

စီအီး ၃၃ ပင်တေကုတ္တေပွဲမှစတင်ကာ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကိုသုံး၍ အာဗြဟံအမျိုးအနွယ်၏ ဒုတိယအပိုင်းကို ဘိသိက်မျှော်လင့်ချက်ပေးခဲ့သည်၊ ထိုသူတို့အများစုသည် အာဗြဟံမျိုးရိုးမှ မဟုတ်ကြပါ။ (ရော. ၈:၁၅-၁၇; ဂလ. ၃:၂၉) ပထမရာစုမှ ယေရှု၏တပည့်များအပေါ် သန့်ရှင်းသောစွမ်းအားတော် သက်ရောက်ကြောင်း ထင်ရှားခဲ့သည်၊ သူတို့သည် ထက်သန်စွာ ဟောပြောနိုင်ခဲ့ကြပြီး အံ့ဖွယ်အမှုများပြုလုပ်ရန် အစွမ်းတန်ခိုးရရှိခဲ့ကြသည်။ (တ. ၁:၈; ၂:၁-၄; ၁ ကော. ၁၂:၇-၁၁) စွမ်းအားတော်၏ အံ့ဖွယ်ဆုကျေးဇူးများကို သူတို့ရရှိသည်ဟူသည့်အချက်က ယေဟောဝါသည် နည်းလမ်းအသစ်ကိုအသုံးပြုကာ မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေမည်ဖြစ်ကြောင်း ဖော်ပြသည်။ ရာစုနှစ်များစွာအသုံးပြုခဲ့သော ဂျေရုဆလင်ရှိ ဝတ်ပြုရာအိမ်တော်ကို ဗဟိုပြုသည့် ဝတ်ပြုမှုပုံစံကို ယေဟောဝါအသုံးမပြုတော့ပါ။ ကိုယ်တော်၏မျက်နှာသာသည် အသစ်ဖွဲ့စည်းထားသော ခရစ်ယာန်အသင်းတော်အပေါ် သက်ရောက်နေပြီဖြစ်သည်။ ထိုအချိန်မှစ၍ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို လုပ်ဆောင်ရန် ဘိသိက်ပေးခံရသော အသင်းတော်ကို အသုံးပြုခဲ့သည်။

၁၀ ကာကွယ်ပေးခြင်း၊ အစွမ်းတန်ခိုးပေးခြင်း၊ ဘိသိက်မျှော်လင့်ချက်ပေးခြင်းတို့သည် မိမိ၏ရည်ရွယ်ချက်များ ပြည့်စုံစေရန် သမ္မာကျမ်းစာခေတ်တွင် သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ အသုံးပြုသည့် နည်းလမ်းအချို့သာဖြစ်သည်။ ကျွန်ုပ်တို့အချိန်တွင်ကော အသို့နည်း။ မိမိ၏ရည်ရွယ်ချက်များပြည့်စုံစေရန် ယခုအချိန်တွင် စွမ်းအားတော်ကို ယေဟောဝါ မည်သို့ အသုံးပြုနေသနည်း။ ကျွန်ုပ်တို့သည် စွမ်းအားတော်နှင့်အညီလုပ်ဆောင်လိုသောကြောင့် ယင်းကို သိရန်လိုသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ယေဟောဝါ မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုသည့်နည်းလမ်းများထဲမှလေးခုကို သုံးသပ်ကြည့်ကြစို့။

မျက်မှောက်ခေတ်တွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

၁၁။ ဘုရားသခင့်လူမျိုးအလယ်မှာ သန့်ရှင်းသောစွမ်းအားတော်က စင်ကြယ်စေတဲ့စွမ်းအားတစ်ခုဖြစ်တယ်ဆိုတာ ဘာက ဖော်ပြသလဲ၊ စွမ်းအားတော်နဲ့အညီ သင်လုပ်ဆောင်နေကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၁ ပထမနည်းမှာ သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင့်လူမျိုးကို စင်ကြယ်စေသည်။ ယေဟောဝါ၏ရည်ရွယ်ချက်နှင့်အညီ အမှုဆောင်သူများသည် ကိုယ်ကျင့်တရား သန့်ရှင်းရမည်ဖြစ်သည်။ (၁ ကောရိန္သု ၆:၉-၁၁ ကိုဖတ်ပါ။) စစ်မှန်သောခရစ်ယာန်ဖြစ်လာသူတချို့သည် ယခင်က မတရားမေထုန်ပြုခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ လိင်တူမေထုန်ပြုခြင်း စသည့် အကျင့်ယိုယွင်းမှုများကို ပြုကျင့်ခဲ့ကြသည်။ အပြစ်ရှိသောလုပ်ရပ်များကို ပြုကျင့်စေသည့် စိတ်ဆန္ဒသည် အလွန်အမြစ်စွဲနေနိုင်သည်။ (ယာ. ၁:၁၄၊ ၁၅) သို့သော် ဤသို့သောသူများသည် ဘုရားသခင်၏နှစ်သက်မှုခံရရန် သူတို့၏အသက်တာကို ပြောင်းလဲကြောင်းဖော်ပြကာ “ဆေးကြောသန့်စင်ခြင်းခံ” ခဲ့ကြသည်။ အမှားပြုရန် ရုတ်တရက်ပေါ်ပေါက်လာသည့် စိတ်ဆန္ဒများကို အောင်မြင်စွာတိုက်လှန်နိုင်ရန် ဘုရားသခင်ကိုချစ်မြတ်နိုးသူများအား အဘယ်အရာက ကူညီပေးသနည်း။ “ငါတို့ ဘုရားသခင်၏စွမ်းအားတော်” ဟု ၁ ကောရိန္သု ၆:၁၁ တွင်ဖော်ပြသည်။ သင်သည် ကိုယ်ကျင့်တရားသန့်ရှင်းစွာ ဆက်နေထိုင်ခြင်းဖြင့် အသက်တာတွင် စွမ်းအားတော်၏လွှမ်းမိုးမှုကို ခံယူနေကြောင်း ပြသရာရောက်သည်။

၁၂။ (က) ယေဇကျေလရဲ့ အဆင်းအာရုံအရ ကိုယ်တော့်အဖွဲ့အစည်းကို ယေဟောဝါ ဘယ်လို ဦးဆောင်နေသလဲ။ (ခ) စွမ်းအားတော်နဲ့အညီ သင်လုပ်ဆောင်နေကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

၁၂ ဒုတိယနည်းမှာ ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းအား မိမိသွားစေလိုသောလမ်းကြောင်းအတိုင်းသွားရန် ဦးဆောင်ရာတွင် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုတော်မူသည်။ ယေဇကျေလ၏ အဆင်းအာရုံတွင် ယေဟောဝါအဖွဲ့အစည်း၏ ကောင်းကင်ဆိုင်ရာအပိုင်းကို ကောင်းကင်ရထားဖြင့် ပုံဖော်ထားပြီး ယေဟောဝါ၏ရည်ရွယ်ချက်ပြည့်စုံခြင်းသို့ ဦးတည်ရာတွင် ယင်းကို မတားဆီးနိုင်ချေ။ ကောင်းကင်ရထားကို လမ်းကြောင်းတစ်ခုတွင် ရွေ့လျားသွားရန် အဘယ်အရာက တွန်းအားပေးသနည်း။ သန့်ရှင်းသောစွမ်းအားတော်ဖြစ်သည်။ (ယေဇ. ၁:၂၀၊ ၂၁) ယေဟောဝါ၏အဖွဲ့အစည်းကို အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားကြောင်း သတိရပါ၊ တစ်ပိုင်းမှာ ကောင်းကင်တွင်ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ မြေကြီးတွင်ဖြစ်သည်။ ကောင်းကင်ဆိုင်ရာအပိုင်းကို သန့်ရှင်းသောစွမ်းအားတော် ဦးဆောင်သည်ဆိုလျှင် မြေကြီးဆိုင်ရာအပိုင်းတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ရမည်။ ဘုရားသခင့်အဖွဲ့အစည်း၏ မြေကြီးဆိုင်ရာအပိုင်းမှလာသော ညွှန်ကြားချက်များကို သစ္စာရှိရှိနာခံခြင်းဖြင့် သင်သည် ယေဟောဝါ၏ကောင်းကင်ရထားနှင့် ရင်ပေါင်တန်းလိုက်နေပြီး ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နှင့်အညီ လုပ်ဆောင်နေကြောင်း ဖော်ပြသည်။—ဟေဗြဲ ၁၃:၁၇

၁၃၊ ၁၄။ (က) ယေရှုပြောခဲ့တဲ့ “ဤလူမျိုးဆက်” မှာ ဘယ်သူတွေ ပါသလဲ။ (ခ) အမှန်တရားအလင်းထွန်းလင်းမှုမှာ သန့်ရှင်းသောစွမ်းအားတော် အလုပ်လုပ်ကြောင်းဖော်ပြတဲ့ ဥပမာတစ်ခုပေးပါ။ (“တိုးတက်ထွန်းလင်းနေသောအလင်းတွင် သင်ဆက်တည်နေသလော” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၃ တတိယနည်းမှာ သန့်ရှင်းသောစွမ်းအားတော်သည် သမ္မာကျမ်းစာအမှန်တရားများကို နားလည်စေရန် ကူညီပေးသည်။ (သု. ၄:၁၈) သမ္မာကျမ်းစာအမှန်တရားများကို တဖြည်းဖြည်းဖွင့်ပြရာတွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် ဤမဂ္ဂဇင်းကို အဓိကလမ်းကြောင်းအဖြစ် အသုံးပြုခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ (မ. ၂၄:၄၅) ဥပမာ၊ ယေရှုပြောခဲ့သော “ဤလူမျိုးဆက်” တွင်ပါဝင်သူတို့နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သိနားလည်မှုကို သုံးသပ်ကြည့်ပါ။ (မဿဲ ၂၄:၃၂-၃၄ ကိုဖတ်ပါ။) အဘယ်လူမျိုးဆက်ကို ယေရှု ရည်ညွှန်းနေခြင်းဖြစ်သနည်း။ “ခရစ်တော်ရောက်ရှိခြင်း—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း” ဟူသောဆောင်းပါးတွင် ဆိုးညစ်သူများကို ယေရှုရည်ညွှန်းနေခြင်းမဟုတ်ဘဲ မကြာမီအချိန်တွင် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရတော့မည့် မိမိ၏တပည့်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ * ပထမရာစုနှင့် ကျွန်ုပ်တို့အချိန်ရှိ ဘိသိက်ပေးခံရသော ယေရှု၏နောက်လိုက်များသည် ယေရှု “တံခါး၀တိုင်အောင် အနီးသို့ရောက်ရှိနေ” သည့်နိမိတ်များကိုမြင်ရုံသာမက ယင်းတို့၏အဓိပ္ပာယ်ကိုလည်း ပိုင်းခြားနားလည်သူများ ဖြစ်ကြသည်။

၁၄ ဤရှင်းပြချက်သည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကျွန်ုပ်တို့သည် “ဤလူမျိုးဆက်” ၏ကြာရှည်ချိန်အတိအကျကို မတွက်ချက်နိုင်သော်လည်း “လူမျိုးဆက်” ဟူသောစကားလုံးနှင့်ပတ်သက်၍ အကြောင်းအချက်များစွာကို ကျွန်ုပ်တို့ စိတ်စွဲမှတ်သင့်သည်– လူမျိုးဆက်ဟူသောစကားလုံးသည် အချိန်ကာလတစ်ခုအတွင်း သို့မဟုတ် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ချိန်အတွင်း အသက်ရှင်သော အသက်အရွယ်အသီးသီးရှိ လူတို့ကို ရည်ညွှန်းလေ့ရှိသည်၊ ယင်းသည် အလွန်ရှည်လျားသောကာလမဟုတ်၊ အဆုံးရှိသည်။ (ထွ. ၁:၆) သို့ဆိုလျှင် ယေရှုပြောခဲ့သော “ဤလူမျိုးဆက်” ဟူသောစကားလုံးများကို ကျွန်ုပ်တို့ မည်သို့နားလည်ရမည်နည်း။ ၁၉၁၄ ခုနှစ်၊ နိမိတ်များစတင်ဖြစ်ပျက်ချိန်တွင် အသက်ရှင်ခဲ့သော ဘိသိက်မျှော်လင့်ချက်ပေးခံရသူအချို့၏အသက်တာနှင့် ကြီးစွာသောဒုက္ခ၏အစကို မြင်တွေ့ရမည့် အခြားဘိသိက်မျှော်လင့်ချက်ပေးခံရသူအချို့၏အသက်တာသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ထပ်နေမည်ကို ဆိုလိုသည်။ ထိုလူမျိုးဆက်သည် အစရှိခဲ့ပြီး အဆုံးလည်းရှိမည်မှာ သေချာသည်။ နိမိတ်၏အသွင်အမျိုးမျိုး ပြည့်စုံနေခြင်းက ကြီးစွာသောဒုက္ခ နီးနေပြီဖြစ်ကြောင်း အထင်အရှားဖော်ပြသည်။ သင်တို့၏ အရေးတကြီးသဘောထားကို ထိန်းသိမ်းကာ ဆက်စောင့်နေခြင်းဖြင့် အမှန်တရားထွန်းလင်းမှုနှင့်အညီ မိမိတို့၏နားလည်မှုကို ပြုပြင်ကာ သန့်ရှင်းသောစွမ်းအားတော်၏ ဦးဆောင်မှုနောက်လိုက်နေကြောင်း ဖော်ပြသည်။—မာ. ၁၃:၃၇

၁၅။ သတင်းကောင်းကြေညာခြင်းလုပ်ငန်းမှာ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို အစွမ်းခွန်အားပေးကြောင်း ဘယ်အရာက ဖော်ပြသလဲ။

၁၅ စတုတ္ထနည်းမှာ သန့်ရှင်းသောစွမ်းအားတော်သည် သတင်းကောင်းကြေညာရန် ကျွန်ုပ်တို့ကို အစွမ်းခွန်အားပေးသည်။ (တ. ၁:၈) သန့်ရှင်းသောစွမ်းအားတော်မရှိလျှင် ကမ္ဘာတစ်ဝန်းတွင် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်နိုင်ကြမည် မဟုတ်ချေ။ ဤအချက်ကို စဉ်းစားကြည့်ပါ။ အလွန်အမင်း ရှက်ကြောက်တတ်ခြင်း သို့မဟုတ် စိုးရိမ်တတ်ခြင်းတို့ကြောင့် ‘ငါကတော့ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းမှာ ဘယ်တော့မှ ပါဝင်နိုင်မှာမဟုတ်ဘူး’ ဟုစဉ်းစားခဲ့သူများထဲတွင် သင်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပေမည်။ သို့သော် ယခု သင်သည် ထိုလုပ်ငန်းတွင် ဇွဲထက်သန်စွာ ပါဝင်နေပြီဖြစ်သည်။ * ယေဟောဝါ၏ သစ္စာရှိသက်သေများစွာသည် ဆန့်ကျင်မှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်နေရလျက်နှင့် ဆက်ဟောပြောနေကြသည်။ စိတ်ပျက်အားလျော့စေသည့် အတားအဆီးများကို အောင်မြင်ကျော်လွှားနိုင်ရန်နှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ခွန်အားဖြင့် မတတ်နိုင်ရာများကို လုပ်ဆောင်ရန် ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်သာလျှင် ကျွန်ုပ်တို့အား အစွမ်းခွန်အားပေးနိုင်သည်။ (မိ. ၃:၈; မ. ၁၇:၂၀) ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ခြင်းဖြင့် သင်သည် ထိုစွမ်းအားတော်နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဖော်ပြသည်။

အနာဂတ်တွင် သန့်ရှင်းသောစွမ်းအားတော်၏ အခန်းကဏ္ဍ

၁၆။ ကြီးစွာသောဒုက္ခအတွင်းမှာ မိမိလူမျိုးကို ယေဟောဝါ ကာကွယ်မယ်ဆိုတာ ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ အနာဂတ်တွင် ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက် အောင်မြင်ပြီးမြောက်စေရန် ထူးခြားသောနည်းများဖြင့် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုပါလိမ့်မည်။ ဦးစွာ ကာကွယ်ခြင်းအကြောင်းကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ သိခဲ့ရသည့်အတိုင်း အတိတ်တွင် ယေဟောဝါသည် မိမိ၏စွမ်းအားတော်ကို အသုံးပြုကာ အစ္စရေးလူမျိုးကို တစ်ဦးချင်းအနေနှင့်ရော လူမျိုးလိုက်ပါ ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ချဉ်းကပ်လာနေသည့် ကြီးစွာသောဒုက္ခအတွင်း မိမိလူမျိုးကို ကာကွယ်ရန် ကိုယ်တော်သည် ယင်းတန်ခိုးကြီးသော စွမ်းအားတော်ကိုပင် အသုံးပြုမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည့် ခိုင်လုံသောအကြောင်းရင်းရှိသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့ကို ယေဟောဝါကာကွယ်ပေးမည့်ပုံ အတိအကျကို မှန်းဆနေဖို့မလိုပါ။ ယင်းအစား ယေဟောဝါသည် မိမိအား ချစ်မြတ်နိုးသူများကို မမြင်ဘဲမနေကြောင်းနှင့် ကိုယ်တော်၏စွမ်းအားတော် လက်လှမ်းမမီနိုင်သော နေရာမရှိကြောင်း သိမှတ်လျက် ကျွန်ုပ်တို့သည် အနာဂတ်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နိုင်ကြသည်။—၆ ရာ. ၁၆:၉; ဆာ. ၁၃၉:၇-၁၂

၁၇။ ကမ္ဘာသစ်မှာ မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ဘယ်လို အသုံးပြုမလဲ။

၁၇ လာမည့်ကမ္ဘာသစ်တွင် ယေဟောဝါသည် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို မည်သို့ အသုံးပြုမည်နည်း။ ယင်းစွမ်းအားတော်သည် ထိုအချိန်တွင်ဖွင့်မည့် စာလိပ်အသစ်များ၏နောက်ကွယ်ရှိ စွမ်းအားဖြစ်ပါလိမ့်မည်။ (ဗျာ. ၂၀:၁၂) ယင်းစာလိပ်များတွင် အဘယ်အရာများ ပါဝင်မည်နည်း။ အနှစ်တစ်ထောင်ကာလအတွင်း ကျွန်ုပ်တို့လိုက်နာရမည့် ယေဟောဝါ၏တောင်းဆိုချက် အသေးစိတ်ဖြစ်သည်မှာ ထင်ရှားသည်။ ထိုစာလိပ်များတွင်ပါသောအကြောင်းအရာများကို စစ်ဆေးကြည့်ရှုရန် သင်မျှော်လင့်နေသလော။ ကျွန်ုပ်တို့သည် ကမ္ဘာသစ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ ကမ္ဘာမြေကြီးနှင့် လူသားတို့အတွက် မိမိ၏ရည်ရွယ်ချက် ပြည့်စုံစေရန် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ အသုံးပြုတော်မူသည့်အခါ ထိုထူးမြတ်လှသောအချိန်တွင် အသက်ရှင်ရခြင်းသည် ကျွန်ုပ်တို့မျှော်လင့်ထားသည့်အသက်တာမျိုးထက် သာလွန်မည်ဖြစ်သည်။

၁၈။ သင် ဘယ်လို အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသလဲ။

၁၈ မိမိ၏ရည်ရွယ်ချက်ကိုပြည့်စုံစေရာ၌ ယေဟောဝါသည် စကြ၀ဠာတွင် တန်ခိုးအကြီးမားဆုံးစွမ်းအားဖြစ်သော မိမိ၏သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုသောကြောင့် ၎င်းရည်ရွယ်ချက် မလွဲမသွေ ပြည့်စုံမည်ဖြစ်ကြောင်း ဘယ်တော့မှ မမေ့ဘဲနေကြစို့။ ၎င်းရည်ရွယ်ချက်သည် သင်နှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် ယေဟောဝါ၏စွမ်းအားတော်ရရှိရန် ကိုယ်တော့်ထံ အသနားခံတောင်းလျှောက်ကာ ယင်းဦးဆောင်သည့်နည်းလမ်းနှင့်အညီ လုပ်ဆောင်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ပါလေ။ (လု. ၁၁:၁၃) ယင်းသို့ပြုလုပ်ခြင်းဖြင့် သင်သည် ကမ္ဘာ့ပရဒိသုတွင် လူသားများ ထာ၀စဉ်အသက်ရှင်ရန်ဟူသော ယေဟောဝါ၏ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်နိုင်သည့် အလားအလာ ရှိပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၀၈၊ စာမျက်နှာ ၂၁-၂၅ ကိုကြည့်ပါ။

^ အပိုဒ်၊ 15 အလွန့်အလွန် ရှက်ကြောက်တတ်မှုကို အနိုင်ယူပြီး ထက်သန်သော ဓမ္မအမှုဆောင်တစ်ဦးဖြစ်လာသည့် ပုံနမူနာကို ကင်းမျှော်စင်၊ စက်တင်ဘာ ၁၅၊ ၁၉၉၃၊ စာမျက်နှာ ၁၉ တွင်ကြည့်ပါ။

သင်မှတ်မိသလော

• ကျမ်းစာခေတ်မှာ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့အတွက် သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ဘယ်လိုနည်းတွေနဲ့ အသုံးပြုခဲ့သလဲ။

• မျက်မှောက်ခေတ်မှာ မိမိရဲ့ စွမ်းအားတော်ကို ယေဟောဝါ ဘယ်လိုအသုံးပြုနေသလဲ။

• အနာဂတ်မှာ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံဖို့ မိမိရဲ့ စွမ်းအားတော်ကို ယေဟောဝါ ဘယ်လိုအသုံးပြုမလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါလေးထောင့်ကွက်]

တိုးတက်ထွန်းလင်းနေသောအလင်းတွင် သင်ဆက်တည်နေသလော

ယေဟောဝါသည် မိမိလူမျိုးအပေါ် အလင်းဆက်လက်ထွန်းလင်းပေးနေသည်။ ကင်းမျှော်စင်တွင် အဘယ်ပြောင်းလဲမှုတချို့ကို ထုတ်ဝေခဲ့ပြီနည်း

▪ ယေရှု၏ တဆေးပုံဥပမာတွင် ဝိညာဉ်ရေးကြီးပွားမှုအကြောင်း အဘယ်အပြုသဘော သင်ခန်းစာကို ဖော်ပြသနည်း။ (မ. ၁၃:၃၃)—ဇူလိုင် ၁၅၊ ၂၀၀၈၊ စာမျက်နှာ ၁၉-၂၀။

▪ ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်များအားဖိတ်ခေါ်ခြင်းသည် မည်သည့်အချိန်တွင် ရပ်တန့်မည်နည်း။—မေ ၁၊ ၂၀၀၇၊ စာမျက်နှာ ၃၀-၃၁။

▪ ယေဟောဝါအား ‘စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ ကိုးကွယ်ခြင်း’ ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ (ယော. ၄:၂၄)—ဇူလိုင် ၁၅၊ ၂၀၀၂၊ စာမျက်နှာ ၁၅။

▪ လူအုပ်ကြီးသည် မည်သည့်ရင်ပြင်တွင် အမှုဆောင်သနည်း။ (ဗျာ. ၇:၁၅)—မေ ၁၊ ၂၀၀၂၊ စာမျက်နှာ ၃၀-၃၁။

▪ အဘယ်အချိန်တွင် သိုးနှင့်ဆိတ် ခွဲခြားသနည်း။ (မ. ၂၅:၃၁-၃၅)—အောက်တိုဘာ ၁၅၊ ၁၉၉၅၊ စာမျက်နှာ ၁၈-၂၈။