မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ သင့်ကို ဘေးကင်းစေလိုတော်မူသည်

ယေဟောဝါ သင့်ကို ဘေးကင်းစေလိုတော်မူသည်

ယေဟောဝါ သင့်ကို ဘေးကင်းစေလိုတော်မူသည်

သမိုင်းတွင် အန္တရာယ်အရှိဆုံးအဖြစ်အပျက် ရုတ်တရက်ဖြစ်ပျက်လာသောအခါ တန်ခိုးကြီးရှင် ဘုရားသခင်သည် မိမိ၏မျက်နှာသာရသူအားလုံး ‘ဘေးကင်း’ စေရန် အသေအချာလုပ်ဆောင်တော်မူမည်ဖြစ်သည်။ (ယောလ ၂:၃၂ကဘ) အမှန်မှာ ယေဟောဝါသည် အမြဲပင် လူများကို ဘေးအန္တရာယ်မှ ကာကွယ်ပေးလိုခဲ့သည်။ ကိုယ်တော်သည် “အသက်စမ်းရေတွင်း” ဖြစ်သောကြောင့် လူသားအားလုံး၏အသက်ကို ကာကွယ်ခံထိုက်သော အဖိုးတန်အရာများအဖြစ် ယူမှတ်တော်မူသည်။—ဆာ. ၃၆:၉

ဘုရားသခင့်ရှေးခေတ်ကျေးကျွန်များလည်း အသက်နှင့်ပတ်သက်၍ ကိုယ်တော့်အမြင်မျိုးရှိခဲ့ကြသည်။ ကမ္ဘာဦး ၃၃:၁၈ [ကဘ] အရ ယာကုပ်နှင့် သူ၏မိသားစုသည် အန္တရာယ်များသောခရီးစဉ်ကို ဘေးကင်းစွာ ဖြတ်သန်းခဲ့သည်။ ယာကုပ်သည် အကာအကွယ်အတွက် ယေဟောဝါကို အားကိုးခဲ့သော်လည်း သူနှင့်အတူ ခရီးသွားသူများကို ကာကွယ်ပေးရန် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့သည်။ (က. ၃၂:၇၊ ၈; ၃၃:၁၄၊ ၁၅) သမ္မာကျမ်းစာမူများကို လိုက်လျှောက်ခြင်းဖြင့် သင်နှင့် အခြားသူများ ဘေးကင်းအောင် သင်လုပ်ဆောင်နိုင်သည်။ ဤအမှန်တရားသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းနှင့် အလားတူလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သူများနှင့် မည်သို့သက်ဆိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

ဘေးကင်းခြင်းဆိုင်ရာ မောရှေပညတ်

မောရှေပညတ်သည် ဘုရားသခင့်လူမျိုးအား ဘေးကင်းရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာရန် တောင်းဆိုသည်။ ဥပမာ၊ အစ္စရေးလူမျိုးတစ်ဦး အိမ်ဆောက်လျှင် အိမ်အမိုးပတ်လည်တွင် အရံအတားအတွက် နံရံအနိမ့်လုပ်ရသည်။ အကြောင်းမှာ လူတို့သည် မိမိတို့၏အမိုးပြန့်ခေါင်မိုးပေါ်သို့ တက်လေ့ရှိရာ ပြုတ်မကျအောင် နံရံအနိမ့်က ကာကွယ်ပေးသည်။ (၁ ရာ. ၉:၂၆; မ. ၂၄:၁၇) အကယ်၍ ဤဘေးကင်းရေးပညတ်ကို မလိုက်နာ၍ မတော်တဆမှုဖြစ်ခဲ့လျှင် အိမ်ရှင်တာဝန်ဖြစ်သည်ဟု ယေဟောဝါ တရားစီရင်တော်မူသည်။—တရား. ၂၂:၈

ဤအရေးယူမှုသည် အိမ်မွေးတိရစ္ဆာန်ကြောင့် ထိခိုက်မှုနှင့်လည်း အကျုံးဝင်သည်။ လူတစ်ဦးသည် နွားခွေ့ခံရ၍ သေဆုံးသွားလျှင် အခြားသူများ၏ဘေးကင်းရေးအတွက် ပိုင်ရှင်သည် နွားကို သတ်ရမည်ဖြစ်သည်။ အသားကို မစားရ သို့မဟုတ် အခြားသူများအား မရောင်းရသောကြောင့် ယင်းနွားကိုသတ်ခြင်းသည် ပိုင်ရှင်အတွက် အလွန်နစ်နာစရာဖြစ်သည်။ သို့သော် နွားတစ်ကောင်သည် လူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေပြီးနောက် ပိုင်ရှင်ဖြစ်သူက ထိုနွားကို မချည်နှောင်ထားဟု ဆိုပါစို့။ အဘယ်အရာဖြစ်မည်နည်း။ နောက်ပိုင်းတွင် ထိုနွားကပင် တစ်စုံတစ်ဦးကို သေစေသည်ဆိုလျှင် နွားနှင့် သူ၏ပိုင်ရှင် သည် အသတ်ခံရမည်ဖြစ်သည်။ ဤပညတ်သည် မိမိတို့၏အိမ်မွေးတိရစ္ဆာန်ကို ဂရုမစိုက်သူတို့အတွက် သတိပေးချက်ဖြစ်သည်။—ထွ. ၂၁:၁၈၊ ၁၉

ပညတ်တရားက ကိရိယာတန်ဆာပလာများကို သင့်တော်စွာအသုံးပြုရန်လည်း အားပေးသည်။ အစ္စရေးလူများစွာသည် ထင်းခုတ်ရန် ပုဆိန်ကို အသုံးပြုကြသည်။ ပုဆိန်သည် အရိုးမှကျွတ်ထွက်ပြီး အနီးရှိလူတစ်ဦးကို သေစေသည်ဆိုလျှင် ထင်းခုတ်သူသည် ခိုလှုံရာမြို့သို့ ထွက်ပြေးရမည်ဖြစ်သည်။ သူသည် ထိုတွင် ယဇ်ပုရောဟိတ်မင်းကြီး သေသည်အထိနေရမည်ဖြစ်ပြီး မတော်တဆလူသတ်မိသူသည် သူ၏မိသားစု၊ အိမ်နှင့် နှစ်အတန်ကြာ ခွဲနေရမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ဤအစီအစဉ်က အသက်သည် ယေဟောဝါအတွက် မြင့်မြတ်ကြောင်း အစ္စရေးလူတို့အား သွန်သင်ပေးသည်။ အသက်နှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်မျိုးရှိသူတစ်ဦးသည် မိမိ၏ကိရိယာများကို ကောင်းစွာပြုပြင်၍ ဘေးကင်းစွာ အသုံးပြုမည်ဖြစ်သည်။—တော. ၃၅:၂၅; တရား. ၁၉:၄-၆

ယေဟောဝါသည် ဤသို့သောပညတ်များဖြင့် မိမိ၏လူမျိုးအား အိမ်တွင်းအိမ်ပြင်တွင် ဘေးကင်းသည့်အလေ့အထများကို လိုက်နာကျင့်သုံးရန် အားပေးသည်။ မတော်တဆကြောင့်ပင်ဖြစ်ပါစေ အခြားသူများကို သေစေ၊ ထိခိုက်ဒဏ်ရာရစေသူများသည် ကိုယ်တော်နှင့် စာရင်းရှင်းရမည်ဖြစ်သည်။ ဘေးကင်းရေးနှင့်ပတ်သက်သော ယေဟောဝါ၏စဉ်းစားပုံသည် မပြောင်းလဲပါ။ (မာလ. ၃:၆) ကိုယ်တော်သည် လူတို့အား မိမိတို့ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်ဒဏ်ရာရစေခြင်းမှ ရှောင်ရှားစေလိုဆဲဖြစ်သည်။ ယင်းသည် စစ်မှန်သောဝတ်ပြုရေးအတွက် ကိုယ်တော်ထံအပ်နှံမည့် အဆောက်အဦများကို ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းရာတွင် အထူးသဖြင့် မှန်ကန်သည်။

ဆောက်လုပ်ရေးစီမံကိန်းများတွင် ဘေးကင်းရေး

ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ စည်းဝေးပွဲခန်းမများနှင့် ဌာနခွဲအဆောက်အဦများ ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းခြင်းကို အခွင့်ထူးတစ်ခုအဖြစ် ကျွန်ုပ်တို့ ရှုမြင်ကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ လွယ်ကူရိုးရှင်းသောအလုပ်များပင်ဖြစ်ပါစေ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အလုပ်ကို ကျွမ်းကျင်စွာ လုပ်ကိုင်လိုကြသည်၊ အကြောင်းမှာ ကျွမ်းကျင်မှုမရှိခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ (ဒေ. ၁၀:၉) အလုပ်ကို ဘေးကင်းစွာလုပ်ကိုင်တတ်သည့်အကျင့် မွေးမြူခြင်းက ထိခိုက်ဒဏ်ရာရခြင်းကို အမှန်ပင် ရှောင်ရှားနိုင်ပါသည်။

ကျမ်းစာက ဤသို့ဖော်ပြသည်– “လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏။” (သု. ၂၀:၂၉) လေးလံသောအလုပ်များကို ပြီးမြောက်စေရန် လူငယ့်ခွန်အား လိုအပ်သည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်းတွင် အတွေ့အကြုံရှိသော ဆံပင်ဖြူသောလုပ်သားများသည် အချောသပ်ရသည့် အနုစိတ်အလုပ်လုပ်ဆောင်ရာတွင် သူတို့၏လက်နှင့် ကိရိယာများကို အသုံးပြုကြသည်။ ယခုအသက်ကြီးနေပြီဖြစ်သောသူများသည် တစ်ချိန်က လေးလံသောအလုပ်များကို ပြီးစီးစေရန် သူတို့၏လူငယ့်ခွန်အားကို အသုံးပြုခဲ့ကြသည်။ သင်သည် စေတနာ့ဝန်ထမ်းအသစ်ဖြစ်ပါက အတွေ့အကြုံရှိသောလုပ်သားများ၏ လုပ်ကိုင်ပုံကို ကြည့်ကာ သူတို့၏ညွှန်ကြားချက်ကို လိုက်နာပါ။ သင် သင်ယူလိုပါက ဆောက်လုပ်ရေးတွင် အတွေ့အကြုံရှိသောညီအစ်ကိုများသည် သင့်ကို များစွာ သင်ပေးပါလိမ့်မည်။ ယင်းတို့တွင် အန္တရာယ်ရှိသောပစ္စည်းများကို ကိုင်တွယ်ပုံနှင့် လေးလံသောအရာများကို မ,ပုံတို့ ပါဝင်သည်။ ဤနည်းဖြင့် သင်သည် အကျိုးဖြစ်ထွန်းစွာ၊ ဘေးကင်းစွာနှင့် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ပါလိမ့်မည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားများသည် အမြဲပင် သတိရှိဖို့လို့သည်။ အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနိုင်သည်။ ယခင်က မြေမာနေရာသည် ယခု တွင်းဖြစ်သွားနိုင်သည်။ အုပ်စုမှ အခြားသူများသည် လှေကားတစ်ခု၊ ပျဉ်ပြားတစ်ချပ်၊ သို့မဟုတ် သုတ်ဆေးပုံးတစ်ပုံးကို ရွှေ့လိုက်နိုင်သည်။ သင့်အာရုံထွေပြားနေလျှင် အလွယ်တကူ ထိခိုက်ဒဏ်ရာရနိုင်သည်။ ဘေးကင်းရေးစည်းမျဉ်းများတွင် များသောအားဖြင့် လုပ်ငန်းခွင်၌ လုပ်သားများသည် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းသုံးရန် တောင်းဆိုသည်။ အကာအကွယ်မျက်မှန်၊ ဦးထုပ်မာနှင့် သင့်တော်သောဖိနပ်များသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အန္တရာယ်များစွာကို ကာကွယ်ပေးနိုင်သည်။ သို့သော် ဤသို့သောပစ္စည်းများသည် အခြေအနေကောင်းမွန်ရမည်ဖြစ်ပြီး ယင်းတို့ကို ဝတ်ဆင်ထားမှသာ သင် အကာအကွယ်ရမည်ဖြစ်သည်။

ကိရိယာများစွာသည် သုံးရလွယ်ကူသည်ဟုထင်ရသော်လည်း ယင်းတို့ကို ဘေးကင်းစွာနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်ရန်မှာ သင်ကြားမှုနှင့် လေ့ကျင့်မှုလိုသည်။ သင်သုံးဖို့လိုသော ကိရိယာကို သင်မသုံးဖူးလျှင် တာဝန်ရှိညီအစ်ကိုအား ပြောပြပါ။ သင် သင့်တော်သောလေ့ကျင့်မှုရရန် သူစီစဉ်ပေးပါလိမ့်မည်။ ကျိုးနွံသောသဘော သို့မဟုတ် မိမိ၏အကန့်အသတ်ဖြစ်မှုကို သိထားခြင်းက နှစ်သက်ဖွယ်အရည်အသွေးဖြစ်သည်။ အမှန်မှာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သင်နှင့် အခြားသူများ ထိခိုက်ဒဏ်ရာရခြင်းကိုရှောင်လိုလျှင် ယင်းသည် လိုအပ်ချက်တစ်ခုဖြစ်သည်။—သု. ၁၁:၂

ဆောက်လုပ်ရေးလုပ်ငန်းတွင် ထိခိုက်ဒဏ်ရာရစေသည့် အဓိကအကြောင်းမှာ ပြုတ်ကျခြင်းဖြစ်သည်။ လှေကားများ သို့မဟုတ် ငြမ်းပေါ်မတက်မီ ဘေးကင်းရေးကိရိယာများ ဝတ်ဆင်ထားကြောင်းနှင့် ယင်းတို့ အခြေအနေကောင်းကြောင်း သေချာစေပါ။ သင်သည် ငြမ်း သို့မဟုတ် ခေါင်မိုးပေါ်တွင် အလုပ်လုပ်ရပါက ဘေးကင်းရေးကိရိယာများ အသုံးပြုခြင်းနှင့်ဆိုင်သော လမ်းညွှန်ချက်များကိုလိုက်နာရန် လိုအပ်သည်။ အမြင့်နေရာများတွင် အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ သင်၌မေးခွန်းရှိလျှင် အလုပ်ကြီးကြပ်သူကို မေးပါ။ *

ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါကိုဝတ်ပြုသူများ တိုးများလာသည်နှင့်အမျှ စစ်မှန်သောဝတ်ပြုမှု တိုးတက်ရေးတွင် အသုံးပြုဖို့ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် အခြားအဆောက်အဦများ လိုအပ်လာသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် အလားတူစီမံကိန်းများတွင် ကြီးကြပ်ရသူများသည် သူတို့၏လမ်းညွှန်မှုအောက်တွင် အလုပ်လုပ်နေကြသော ယေဟောဝါ၏အဖိုးတန်သိုးများကို ကာကွယ်ပေးရန် တာဝန်ရထားကြသည်။ (ဟေရှာ. ၃၂:၁၊ ၂) သင်သည် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် သင့်ညီအစ်ကိုညီအစ်မများကို ညွှန်ကြားရသော အခွင့်အရေးရထားပါက ဘေးကင်းရေး၏အရေးကြီးမှုကို ဘယ်တော့မျှ မမေ့ပါနှင့်။ သင့်လုပ်ငန်းခွင်သည် ရှုပ်ပွမနေဘဲ ရှင်းရှင်းလင်းလင်းဖြစ်နေရန် သေချာစေပါ။ ဘေးကင်းစွာလုပ်ကိုင်ရန် သတိပေးဖို့လိုအပ်သူများကို ကြင်နာစွာနှင့် ခိုင်မာစွာ ရှင်းပြပါ။ ငယ်ရွယ်သူများ သို့မဟုတ် အတွေ့အကြုံမရှိသည့်လုပ်သားများအား အလွန်အန္တရာယ်များသောနေရာများသို့ ဝင်ခွင့်မပြုပါနှင့်။ အလုပ်သမားအုပ်စုအတွင်း ဖြစ်လာနိုင်သည့် အန္တရာယ်ကို ကြိုမြင်ကာ ဘေးကင်းစွာလုပ်ဆောင်နိုင်ရန် ပြင်ဆင်ပေးပါ။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ထိခိုက်ဒဏ်ရာမရှိဘဲ စီမံကိန်းကို ပြီးစီးစေရေးဖြစ်ကြောင်း သတိရပါ။

မေတ္တာ၏အခန်းကဏ္ဍ

စစ်မှန်သောဝတ်ပြုရေးတွင် အသုံးပြုသော ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် အခြားအဆောက်အဦများဆောက်လုပ်ခြင်းတွင် အန္တရာယ်ဖြစ်နိုင်ခြေရှိသော အလုပ်များပါဝင်သည်။ ထို့ကြောင့် ဤသို့သောစီမံကိန်းများတွင် ပါဝင်သူများသည် သတိရှိရမည်ဖြစ်သည်။ သမ္မာကျမ်းစာမူများကို လေးစားခြင်း၊ အလုပ်အတွက်ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာခြင်းနှင့် ကောင်းစွာချင့်ချိန်နိုင်စွမ်းကို အသုံးပြုခြင်းတို့ဖြင့် သင်သည် အန္တရာယ်များကို ရှောင်နိုင်ပြီး သင့်အလုပ်ဖော်များကိုလည်း အန္တရာယ်မရှိအောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ဘေးကင်းရေးကို အလွန်အရေးထားရန် ကျွန်ုပ်တို့ကို အဘယ်မူက လှုံ့ဆော်ပေးသနည်း။ မေတ္တာဖြစ်သည်။ မှန်ပါသည်၊ ယေဟောဝါကို ချစ်သောမေတ္တာက ကိုယ်တော်ကဲ့သို့ အသက်ကို တန်ဖိုးထားရန် လှုံ့ဆော်ပေးသည်။ လူတို့ကိုချစ်သောမေတ္တာက သူတို့ကို မထိခိုက်စေရန် နမော်နမဲ့လုပ်ကိုင်ခြင်းမှ တားဆီးပေးသည်။ (မ. ၂၂:၃၇-၃၉) ထို့ကြောင့် ကျွန်ုပ်တို့၏ဆောက်လုပ်ရေးစီမံကိန်းတွင် ပါဝင်သူများ ဘေးကင်းစေရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 စာမျက်နှာ ၃၀ မှ “လှေကားများပေါ်တွင် ဘေးကင်းစွာအလုပ်လုပ်နိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။

[စာမျက်နှာ ၁၂ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

လှေကားများပေါ်တွင် ဘေးကင်းစွာအလုပ်လုပ်နိုင်ပုံ

မကြာသေးမီနှစ်တစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အလုပ်သမားပေါင်း ၁၆၀,၀၀၀ ကျော်သည် လှေကားပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ထို့အပြင် ၁၅၀ ခန့်မှာ လှေကားပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့ကြသည်။ သင်သည် အဘယ်နေရာဒေသတွင်ပင် နေထိုင်ပြီး အလုပ်လုပ်ပါစေ၊ ဤတွင်ဖော်ပြထားသော လမ်းညွှန်ချက်အချို့သည် လှေကားပေါ်မှ ပြုတ်ကျခြင်းကို ရှောင်ရှားနိုင်ရန် သင့်အား ကူညီပေးပါလိမ့်မည်။

◇ ယိုင်နဲ့နေသော သို့မဟုတ် ပျက်စီးနေသော လှေကားကို အသုံးမပြုပါနှင့်၊ ယင်းလှေကားကို မပြုပြင်ပါနှင့်။ ဖျက်ဆီးပစ်လိုက်ပါ။

◇ လှေကားတိုင်းတွင် သတ်မှတ်ထားသည့် ခံနိုင်ဝန်ရှိသည်။ သင်၏ ခန္ဓာကိုယ်အလေးချိန်နှင့် သင့်အသုံးအဆောင်ကိရိယာတန်ဆာပလာများ၏ အလေးချိန်စုစုပေါင်းသည် သင်အသုံးပြုသည့် လှေကား၏သတ်မှတ်ခံနိုင်ဝန်ထက် မကျော်လွန်ကြောင်းသေချာစေပါ။

◇ သင်၏ လှေကားကို ညီသော၊ မာသောမျက်နှာပြင်ပေါ်တွင် ထောင်ပါ။ ယင်းကို ငြမ်း သို့မဟုတ် ရေပုံးများနှင့် သေတ္တာများကဲ့သို့သော မတည်ငြိမ်သောမျက်နှာပြင်ပေါ်တွင် မထောင်ပါနှင့်။

◇ လှေကားတက်သည်ဖြစ်စေ၊ ဆင်းသည်ဖြစ်စေ လှေကားကို အမြဲမျက်နှာမူပါ။

◇ မည်သည့်လှေကားမဆို၏ ထိပ်ဆုံးလှေကားဆန်နှစ်ဆင့်ပေါ်တွင် မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းတို့ကို မပြုလုပ်ပါနှင့်။

◇ သင်သည် လှေကားတစ်ခုကိုသုံး၍ ခေါင်မိုး သို့မဟုတ် နေရာတစ်ခုခုသို့ အတက်အဆင်းပြုလုပ်သောအခါ လှေကားထိပ်သည် သင်တက်မည့် ခေါင်မိုး သို့မဟုတ် နေရာထက် အနည်းဆုံးသုံးပေကျော်ရမည်။ လှေကား၏အောက်ခြေကို ချည်ထားခြင်း သို့မဟုတ် လှေကား၏အောက်ခြေအရှေ့ဘက်ကို ပျဉ်ပြားသုံး၍ သံနှင့်ရိုက်ထားခြင်းက ချော်ထွက်မသွားစေရန် ကာကွယ်ပေးပေမည်။ ယင်းအတိုင်းပြုလုပ်သော်လည်း လုံခြုံစိတ်ချရသည်ဟု သင်မခံစားရပါက လှေကားပေါ် သင်အလုပ်လုပ်နေစဉ် တစ်စုံတစ်ဦးကို ကိုင်ထားစေပါ။ လှေကား ဘေးဘက်သို့ မလဲသွားစေရန် လှေကား၏ထိပ်ပိုင်းကို အသေအချာချည်ထားပါ။

◇ လှေကားဆန်များတွင် ပျဉ်ပြားများဖြင့်တန်းထိုးကာ ယင်းပေါ်ပစ္စည်းများတင်၍ အလုပ်မလုပ်ပါနှင့်။

◇ မြင့်သောနေရာတွင် အလုပ်လုပ်နေစဉ်အတွင်း သင်၏လက်နှင့် ခြေကို ဆန့်ထုတ်ခြင်းက လှေကားကို လှုပ်ရှားစေနိုင်သည်။ ထိုကဲ့သို့ အန္တရာယ်ရှိသော မမီမကမ်းလှမ်းယူခြင်းတို့ကို ရှောင်ကြဉ်ပါ။ သင့်အလုပ်နှင့်နီးနီးနားနားဖြစ်ရန် လိုအပ်သည့်အခါတိုင်း လှေကားကိုရွှေ့ပါ။

◇ သင်သည် ပိတ်ထားသောတံခါးရှေ့တွင် လှေကားဖြင့် အလုပ်လုပ်ရသည်ဆိုလျှင် တံခါးကိုသော့ခတ်ထားပြီး သတိပေးစာတန်းတစ်ခုကို ချိတ်ထားပါ။ တံခါးကို သော့ခတ်ဖို့မဖြစ်နိုင်ပါက ဖြတ်သွားဖြတ်လာများကို သတိပေးရန် အစောင့်တစ်ဦးချထားပါ။

◇ အကယ်၍ လှေကားသည် လူနှစ်ဦးတစ်ပြိုင်နက် အသုံးပြု၍ရအောင် ပုံစံမပြုလုပ်ထားလျှင် လှေကားတစ်စင်းပေါ်တွင် လူတစ်ဦးသာရှိရန် ခွင့်ပြုပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 33 လှေကားပေါ်တွင် အလုပ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် အခြားသတိပေးချက်များ၏စာရင်းကို ဩဂုတ် ၈၊ ၁၉၉၉၊ နိုးလော့! စာမျက်နှာ ၂၂-၂၄ [အင်္ဂလိပ်] တွင် ကြည့်နိုင်သည်။

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

မောရှေပညတ်က အိမ်အမိုးပတ်လည်မှာ အရံအတားအတွက် နံရံအနိမ့်လုပ်ဖို့တောင်းဆို