မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—ယေဟောဝါအား အမှုဆောင်လိုသည့် သင်တို့၏ဆန္ဒကို ထက်သန်နေစေပါ

လူငယ်တို့—ယေဟောဝါအား အမှုဆောင်လိုသည့် သင်တို့၏ဆန္ဒကို ထက်သန်နေစေပါ

လူငယ်တို့—ယေဟောဝါအား အမှုဆောင်လိုသည့် သင်တို့၏ဆန္ဒကို ထက်သန်နေစေပါ

“ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေ. ၁၂:၁

၁။ အစ္စရေးလူမျိုး ကလေးသူငယ်တွေကို ဘယ်ဖိတ်ခေါ်ချက် ကမ်းလှမ်းခဲ့သလဲ။

လွန်ခဲ့သော အနှစ် ၃,၅၀၀ ခန့်က ယေဟောဝါ၏ပရောဖက် မောရှေသည် ယဇ်ပုရောဟိတ်များနှင့် အစ္စရေးအမျိုးသားအသက်ကြီးသူများကို ဤသို့မိန့်မှာခဲ့သည်– ‘ယောက်ျား၊ မိန်းမ၊ သူငယ်များတို့သည် ကြား၍နားလည်သဖြင့်၊ သင်တို့၏ဘုရားသခင် ယေဟောဝါကို ကြောက်ရွံ့၍ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကိုစုဝေးစေကြလော့။’ (တရား. ၃၁:၁၂) ဝတ်ပြုကိုးကွယ်မှုစုဝေးခြင်းများတွင် တက်ရောက်ရန် မည်သူတို့ကို ညွှန်ကြားခဲ့ကြောင်း မှတ်သားပါ– ယောက်ျား၊ မိန်းမ၊ သူငယ်များကို ဖြစ်သည်။ မှန်ပါသည်၊ ယေဟောဝါ၏ လမ်းညွှန်မှုကို နားထောင်၊ သင်ယူပြီး လိုက်လျှောက်ရန် မိန့်မှာခံရသူများထဲတွင် ကလေးသူငယ်များပင် ပါဝင်သည်။

၂။ အစောပိုင်းခရစ်ယာန်အသင်းတော်မှာ ယေဟောဝါက လူငယ်တွေအတွက် ကိုယ်တော့်ရဲ့စိုးရိမ်ပူပန်မှုကို ဘယ်လိုပြသခဲ့သလဲ။

ပထမရာစုအချိန်တွင် ယေဟောဝါသည် ကိုယ်တော်၏လူမျိုးများထဲမှ ကလေးသူငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ဆက်ဖော်ပြခဲ့သည်။ ဥပမာ၊ ကိုယ်တော်သည် တမန်တော်ပေါလုအား အသင်းတော်များထံ ပေးပို့သောစာအချို့တွင် လူငယ်များအတွက် သတ်သတ်မှတ်မှတ်လမ်းညွှန်ချက်များပါဝင်စေရန် လှုံ့ဆော်တော်မူခဲ့သည်။ (ဧဖက် ၆:၁; ကောလောသဲ ၃:၂၀ တို့ကိုဖတ်ပါ။) ယင်းသွန်သင်ချက်ကို လိုက်နာကျင့်သုံးသော ခရစ်ယာန်လူငယ်များသည် သူတို့၏မေတ္တာပြည့်ဝသော ကောင်းကင်ခမည်းတော်အပေါ် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာကာ ကိုယ်တော်၏ကောင်းချီးများကို ခံစားခဲ့ကြရသည်။

၃။ ယနေ့ လူငယ်တွေက ဘုရားသခင့်အမှုဆောင်လိုတဲ့ သူတို့ရဲ့ဆန္ဒကို ဘယ်လိုဖော်ပြကြသလဲ။

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရန်စုရုံးဖို့ ယနေ့ လူငယ်များ ဖိတ်ခေါ်ခံရပါသလော။ ဖိတ်ခေါ်ခံရပါသည်။ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွစည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက်နီးလာသည်ကို မြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့” ဟူသော ပေါလု၏အကြံပေးချက်ကို ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင်၏ လူငယ်မောင်မယ်ကျေးကျွန်များစွာ လိုက်နာနေကြသည်ကို တွေ့မြင်နေရခြင်းမှာ ဘုရားသခင့်လူမျိုးအားလုံးအတွက် ပျော်ရွှင်စရာအကြောင်းတစ်ခုဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ပြင် များစွာသော ကလေးသူငယ်များသည် သူတို့၏မိဘများနှင့်အတူ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ကြသည်။ (မ. ၂၄:၁၄) ယေဟောဝါအပေါ် သူတို့၏လှိုက်လှဲသောမေတ္တာကို ဖော်ပြသည့်အနေနှင့် ထောင်နှင့်ချီသောလူငယ်များသည် နှစ်စဉ် မိမိတို့ကိုယ်ကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ခရစ်တော်၏ တပည့်တစ်ဦးဖြစ်ခြင်းမှရရှိသည့် ကောင်းချီးများခံစားနေရသည်။—မ. ၁၆:၂၄; မာ. ၁၀:၂၉၊ ၃၀

ဖိတ်ခေါ်ချက်ကို ယခုပင်လက်ခံပါ

၄။ လူငယ်တွေ ဘယ်အသက်အရွယ်မှာ ကိုယ်တော့်အမှုဆောင်ဖို့ ဘုရားသခင်ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံနိုင်သလဲ။

ဒေ. ၁၂:၁ က ဤသို့ဖော်ပြသည်– “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။” ယေဟောဝါကို ဝတ်ပြုကိုးကွယ်၍ အမှုဆောင်ပါဟူသော လှိုက်လှဲသည့်ဖိတ်ခေါ်ချက်ကို လက်ခံရန် အသင်လူငယ်တို့ အသက်မည်မျှရှိဖို့လိုသနည်း။ ကျမ်းစာတွင် အသက်အရွယ်နှင့်ပတ်သက်၍ အတိအကျ မဖော်ပြထားပါ။ ထို့ကြောင့် ယေဟောဝါစကားကို နားထောင်ရန်နှင့် ကိုယ်တော့်အမှုဆောင်ရန် သင်အသက်ငယ်လွန်းသည်ဟု ယူဆကာ မတွန့်ဆုတ်ပါနှင့်။ သင့်အသက် မည်မျှပင်ဖြစ်ပါစေ၊ တွန့်ဆုတ်မနေဘဲ ဤဖိတ်ခေါ်ချက်ကိုလက်ခံဖို့ သင့်အားတိုက်တွန်းပါသည်။

၅။ မိမိတို့ရဲ့သားသမီးတွေ အမှန်တရားမှာတိုးတက်ဖို့ မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

အသင်လူငယ်များစွာသည် အမှန်တရားတွင်တိုးတက်ရန် သင်တို့၏မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးထံမှ အကူအညီရရှိကြသည်။ ဤနည်းအားဖြင့် သင်သည် ကျမ်းစာခေတ်မှ တိမောသေနှင့်တူပါသည်။ တိမောသေနို့စို့အရွယ်မှစ၍ သူ၏မိခင်ဥနိတ်နှင့် အဘွားလောဣတို့သည် သန့်ရှင်းသောကျမ်းစာကို သူ့အားသင်ပေးခဲ့သည်။ (၂ တိ. ၃:၁၄၊ ၁၅) အလားတူစွာ သင်၏မိဘများသည် သင်နှင့်အတူ ကျမ်းစာလေ့လာ၊ ဆုတောင်းကာ အသင်းတော်အစည်းအဝေးနှင့် ဘုရားသခင့်လူမျိုး၏ စည်းဝေးပွဲကြီးများကို တက်ရောက်ပြီး အမှုဆောင်ခြင်းတွင် အတူပါဝင်ခြင်းအားဖြင့် သင့်အား လေ့ကျင့်ပေးနေသည်။ သင့်အား ဘုရားသခင့်နည်းလမ်းများ သွန်သင်ပေးခြင်းသည် ယေဟောဝါထံမှ မိဘများရရှိထားသည့် အရေးကြီးသောတာဝန်တစ်ခုဖြစ်သည်။ သင့်အပေါ်ထားရှိသော သူတို့၏မေတ္တာနှင့် စိုးရိမ်မကင်းဖြစ်မှုအတွက် သင် ကျေးဇူးတင်လေးမြတ်ပါသလော။—သု. ၂၃:၂၂

၆။ (က) ဆာလံ ၁၁၀:၃ အရ ဘယ်လိုဝတ်ပြုကိုးကွယ်မှုမျိုးက ယေဟောဝါကို ပျော်ရွှင်စေသလဲ။ (ခ) ယခု ကျွန်ုပ်တို့ ဘယ်အကြောင်းကို သုံးသပ်ကြမလဲ။

သို့တိုင် တိမောသေပြုလုပ်ခဲ့သကဲ့သို့ အသင်လူငယ်တို့ အသက်ကြီးလာသည်နှင့်အမျှ “ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်” ရန် ယေဟောဝါ အလိုရှိတော်မူသည်။ (ရော. ၁၂:၂) ထိုအတိုင်းပြုလုပ်မည်ဆိုလျှင် သင်သည် သင့်မိဘ၏တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်လိုသည့် သင့်ဆန္ဒကြောင့် အသင်းတော်နှင့်သက်ဆိုင်သော လုပ်ဆောင်မှုများတွင် ပါဝင်လာပါလိမ့်မည်။ သင်သည် ယေဟောဝါအား တလိုတလားစိတ်ဓာတ်ဖြင့် အမှုဆောင်မည်ဆိုလျှင် ကိုယ်တော် ပျော်ရွှင်ပါလိမ့်မည်။ (ဆာ. ၁၁၀:၃) သို့ဆိုလျှင် သင်သည် ယေဟောဝါစကားကိုနားထောင်ပြီး ကိုယ်တော်၏လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်လိုသည့်ဆန္ဒကို ထက်သန်နေစေလိုကြောင်း သင်မည်သို့ တင်ပြနိုင်သနည်း။ သင်လုပ်ဆောင်နိုင်သည့် အရေးပါသော နည်းလမ်းသုံးခုကို ကျွန်ုပ်တို့သုံးသပ်ပါမည်။ ယင်းတို့မှာ လေ့လာခြင်း၊ ဆုတောင်းခြင်းနှင့် အမူအကျင့်တို့ဖြစ်သည်။ တစ်ချက်ချင်းစီ ဆန်းစစ်ကြည့်ကြစို့။

ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းပါ

၇။ ကျမ်းစာကျောင်းသားတစ်ဦးအနေနဲ့ ယေရှု ဘယ်လိုပုံသက်သေချမှတ်ခဲ့သလဲ။ အဲဒီလိုဖြစ်ဖို့ ဘာက သူ့ကိုကူညီပေးခဲ့သလဲ။

ယေဟောဝါ၏ အမှုတော်ကိုထမ်းဆောင်လိုသည့် သင့်ဆန္ဒကို ထက်သန်နေစေလိုကြောင်း တင်ပြနိုင်သည့် ဦးဆုံးနည်းမှာ ကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းဖြစ်သည်။ ဘုရားသခင့်တရားစကားတော်ကို ပုံမှန်ဖတ်ရှုခြင်းဖြင့် ဘုရားသခင်အား မှီခိုရန်လိုအပ်ချက်ကို သင်ဖြည့်ဆည်းနိုင်ပြီး အဖိုးတန်သမ္မာကျမ်းစာအသိပညာ ရရှိနိုင်ပါသည်။ (မ. ၅:၃) ယေရှု စံနမူနာချမှတ်ခဲ့သည်။ ကိုယ်တော်အသက် ၁၂ နှစ်အရွယ်ရှိစဉ်က ကိုယ်တော်၏မိဘများသည် ကိုယ်တော်အား ဝတ်ပြုရာအိမ်တော်တွင် “ဆရာတို့အလယ်မှာထိုင်၍ သူတို့၏စကားကို ကြားနာလျက်၊ မေးမြန်းလျက်နေကြောင်း” တွေ့ရှိခဲ့ကြသည်။ (လု. ၂:၄၄-၄၆) ကလေးတစ်ဦးအနေနှင့် ယေရှုသည် ကျမ်းစာများကို သိလိုစိတ်နှင့် နားလည်လိုစိတ် ရှိနေပြီဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ကိုယ်တော်၏မိခင် မာရိနှင့် မွေးစားဖခင် ယောသပ်တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သေချာသည်။ သူတို့သည် ယေရှုနို့စို့အရွယ်ကတည်းက ဘုရားသခင်အကြောင်း သွန်သင်ပေးခဲ့ကြသည့် ဘုရားသခင့်ကျေးကျွန်များဖြစ်ကြသည်။—မ. ၁:၁၈-၂၀; လု. ၂:၄၁၊ ၅၁

၈။ (က) မိမိတို့သားသမီးတွေ ကျမ်းစာကိုချစ်မြတ်နိုးတဲ့စိတ်ရှိလာအောင် မိဘတွေ ဘယ်အချိန်ကစပြီး အထပ်ထပ်သွန်သင်ပေးသင့်သလဲ။ (ခ) သားသမီးတွေကို နို့စို့အရွယ်ကတည်းကစပြီး လေ့ကျင့်ပေးတဲ့တန်ဖိုးကို ဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခုကို ပြောပြပါ။

အလားတူစွာ ယနေ့ ဘုရားသခင်ကိုကြောက်ရွံ့သည့်မိဘများသည် မိမိတို့သားသမီးများ နို့စို့အရွယ်မှစ၍ ကျမ်းစာအမှန်တရားသိလိုစိတ် ရှိလာအောင် အထပ်ထပ်သွန်သင်ပေးခြင်း၏တန်ဖိုးကို သိထားကြသည်။ (တရား. ၆:၆-၉) ရူဘီဟုခေါ်သော ခရစ်ယာန်ညီအစ်မတစ်ဦးသည် မိမိ၏သားဦး ဂျိုးဇက်ကို မွေးဖွားပြီး သိပ်မကြာမီ ထိုအတိုင်းပြုလုပ်ခဲ့သည်။ သူမသည် ကလေးကို ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်မှ နေ့တိုင်း ဖတ်ပြခဲ့သည်။ ကလေးကြီးလာသည်နှင့်အမျှ ကျမ်းချက်များကို အလွတ်မှတ်မိနိုင်ရန် ကူညီပေးခဲ့သည်။ ဤသို့သောလေ့ကျင့်မှုမှ ဂျိုးဇက် အကျိုးရရှိခဲ့ပါသလော။ စကားစပြောပြီး သိပ်မကြာမီတွင် သူသည် ကျမ်းစာပုံပြင်အတော်များများကို သူ့ကိုယ်ပိုင်စကားဖြင့် ပြောပြနိုင်ခဲ့သည်။ ထို့ပြင် အသက်ငါးနှစ်အရွယ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သူ၏ ပထမဦးဆုံး ကျောင်းသားတာဝန်ကို ပြုလုပ်ခဲ့သည်။

၉။ ကျမ်းစာဖတ်ရှုခြင်းနဲ့ သင်ဖတ်ရှုခဲ့ရာအပေါ် တွေးတောဆင်ခြင်ခြင်းက ဘာကြောင့်အရေးကြီးသလဲ။

အသင်လူငယ်တို့၊ အမှန်တရားတွင် ပိုမိုတိုးတက်ရန် ဆယ်ကျော်သက်အရွယ်မှ လူကြီးဘဝရောက်သည်အထိ ကျမ်းစာဖတ်ရှုခြင်းကို နေ့စဉ်အလေ့အထတစ်ခု ဖြစ်စေသင့်သည်။ (ဆာ. ၇၁:၁၇) ကျမ်းစာဖတ်ရှုခြင်းက သင့်အား အဘယ်ကြောင့် တိုးတက်စေမည်နည်း။ ယေရှုသည် မိမိ၏ဆုတောင်းချက်တွင် ခမည်းတော်အား ပြောဆိုခဲ့ရာကို မှတ်သားပါ– ‘ထာဝရအသက်ရရန် မှန်သောဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူသော ကိုယ်တော်နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။’ (ယော. ၁၇:၃) သင်သည် ယေဟောဝါနှင့်ဆိုင်သောအသိပညာကို ပို၍ဆည်းပူးသည်နှင့်အမျှ ကိုယ်တော့်အား တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ရှင်းရှင်းလင်းလင်းသိမြင်ကာ ကိုယ်တော့်အားချစ်သည့်မေတ္တာလည်း ပို၍နက်ရှိုင်းလာပေမည်။ (ဟေဗြဲ ၁၁:၂၇) ထို့ကြောင့် ကျမ်းစာမှအပိုင်းတစ်ပိုင်းကို သင် ဖတ်ရှုသည့်အခါတိုင်း ယင်းကို ယေဟောဝါအကြောင်း ပို၍သင်ယူနိုင်သည့် အခွင့်အရေးအဖြစ် အသုံးပြုပါ။ မိမိကိုယ်ကို ဤသို့မေးပါ– ‘ဒီအကြောင်းက ယေဟောဝါဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ငါ့ကို ဘာသင်ပေးသလဲ။ ဒီကျမ်းပိုဒ်က ငါ့အပေါ်ထားရှိတဲ့ ဘုရားသခင့်မေတ္တာနဲ့ စိုးရိမ်မကင်းဖြစ်မှုကို ဘယ်လိုဖော်ပြသလဲ။’ ယင်းမေးခွန်းများကို အချိန်ယူတွေးတောဆင်ခြင်ခြင်းဖြင့် ယေဟောဝါ၏ စဉ်းစားပုံ၊ ခံစားပုံနှင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော် တောင်းဆိုရာတို့ကို သိရှိရပါလိမ့်မည်။ (သု. ၂:၁-၅ ကိုဖတ်ပါ။) လူငယ်တိမောသေကဲ့သို့ သင်လည်း ကျမ်းစာမှ သင်ယူခဲ့သည့် “ယုံကြည်စိတ်ချစေသောအရာများတွင်” တည်နေလိမ့်မည်ဖြစ်ပြီး ယေဟောဝါကို တလိုတလားစိတ်ဖြင့် ကိုးကွယ်ရန် လှုံ့ဆော်ခံရပါလိမ့်မည်။—၂ တိ. ၃:၁၄

ဆုတောင်းခြင်းက ယေဟောဝါအားချစ်သော သင့်မေတ္တာကို နက်ရှိုင်းစေနိုင်ပုံ

၁၀၊ ၁၁။ ယေဟောဝါရဲ့ အမှုတော်ကိုထမ်းဆောင်လိုတဲ့ သင့်ဆန္ဒကို ထက်သန်နေစေဖို့ ဆုတောင်းခြင်းက ဘယ်လိုကူညီပေးသလဲ။

၁၀ ယေဟောဝါ၏ အမှုတော်ကို နှလုံးအကြွင်းမဲ့ထမ်းဆောင်လိုသည့် သင့်ဆန္ဒကိုထက်သန်နေစေလိုကြောင်း တင်ပြနိုင်သည့် ဒုတိယနည်းမှာ သင့်ဆုတောင်းချက်များအားဖြင့် ဖြစ်သည်။ ဆာလံ ၆၅:၂ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ဆုတောင်းချက်ကို နားထောင်တော်မူသောဘုရားသခင် ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။’ အစ္စရေးလူမျိုးသည် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ထားသောလူမျိုး ဖြစ်နေချိန်တွင်ပင် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သို့ ရောက်ရှိလာကြသော တစ်ပါးအမျိုးသားတို့သည် ကိုယ်တော့်ထံ ဆုတောင်းခြင်းဖြင့် ချဉ်းကပ်နိုင်ကြသည်။ (၃ ရာ. ၈:၄၁၊ ၄၂) ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိပါ။ ပညတ်တော်များကို စောင့်ရှောက်သူတို့၏ဆုတောင်းသံကို နားထောင်မည်ဖြစ်ကြောင်း ကိုယ်တော်အာမခံထားသည်။ (သု. ၁၅:၈) “လူသားအပေါင်းတို့” တွင် အသင်လူငယ်များ အမှန်ပါဝင်သည်။

၁၁ မည်သည့်စစ်မှန်သောမိတ်ဖွဲ့မှုမဆို၏ အခြေခံကျသောအချက်သည် ကောင်းသောဆက်သွယ်ရေးဖြစ်ကြောင်း သင်သိထားသည်။ သင်သည် သင်နှင့်ရင်းနှီးသောသူငယ်ချင်းအား သင်၏ အတွေးများ၊ စိုးရိမ်ပူပန်မှုများနှင့် ခံစားချက်များကို ပြောပြလိုပေမည်။ အလားတူစွာ လှိုက်လှဲသောဆုတောင်းချက်များဖြင့် သင်သည် သင်၏မဟာဖန်ဆင်းရှင်နှင့် ဆက်သွယ်နိုင်သည်။ (ဖိ. ၄:၆၊ ၇) သင်ချစ်မြတ်နိုးရသောမိဘတစ်ဦး သို့မဟုတ် ရင်းနှီးသောသူငယ်ချင်းတစ်ဦးထံ ရင်ဖွင့်ပြောဆိုသကဲ့သို့ သင်၏စိတ်တွင်းခံစားချက်များကို ယေဟောဝါအား ပြောပြပါ။ အမှန်တကယ်ပင် သင့်ဆုတောင်းပုံနှင့် ယေဟောဝါအပေါ်ထားရှိသော သင့်ခံစားချက်သည် အလွန်ဆက်စပ်မှုရှိသည်။ ယေဟောဝါနှင့် သင်၏ဆက်ဆံရေး ပို၍ခိုင်မြဲလာလေ သင့်ဆုတောင်းချက်များလည်း ပို၍အဓိပ္ပာယ်ပြည့်ဝလာလေဖြစ်ကြောင်း သင်သတိပြုမိပါလိမ့်မည်။

၁၂။ (က) အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုတောင်းချက်တွေမှာ ဘာကြောင့် စကားလုံးတွေထက်မက ပါဝင်သလဲ။ (ခ) ယေဟောဝါက သင့်ရဲ့အနီးမှာရှိတယ်ဆိုတာ သိမြင်လာဖို့ ဘာကကူညီပေးမလဲ။

၁၂ သို့သော် အဓိပ္ပာယ်ပြည့်ဝသော ဆုတောင်းချက်တွင် စကားလုံးများထက်မကပါဝင်ကြောင်း စိတ်စွဲမှတ်ထားပါ။ ယင်းတွင် စိတ်တွင်းခံစားချက်များ ပါဝင်သည်။ သင့်ဆုတောင်းချက်များက သင်၏ လှိုက်လှဲသောမေတ္တာ၊ နက်ရှိုင်းသောရိုသေလေးစားမှုနှင့် ယေဟောဝါအပေါ် အပြည့်အဝမှီခိုအားထားမှုတို့ကို ဖော်ပြပေးသည်။ သင့်ဆုတောင်းချက်များကို ယေဟောဝါ ဖြေကြားပုံကို သိမြင်လာသောအခါ ‘ယေဟောဝါသည် ဆုတောင်းသောသူအပေါင်းတို့၏ အနီးအပါး၌ ရှိတော်မူ’ ကြောင်း သင်ကိုယ်တိုင် ယခင်ကထက်ပို၍ သိမြင်လာပါလိမ့်မည်။ (ဆာ. ၁၄၅:၁၈) မှန်ပါသည်၊ စာတန်ကို ခုခံတွန်းလှန်ရန်နှင့် ဘဝတွင် မှန်ကန်သော ရွေးချယ်မှုများပြုလုပ်နိုင်ရန် သင့်ကိုခွန်အားပေးခြင်းဖြင့် ယေဟောဝါသည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။—ယာကုပ် ၄:၇၊ ၈ ကိုဖတ်ပါ။

၁၃။ (က) ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းက ညီအစ်မတစ်ဦးကို ဘယ်လို အကူအညီပေးခဲ့သလဲ။ (ခ) ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းက ရွယ်တူချင်းဖိအားတွေကို ဖြေရှင်းဖို့ သင့်ကို ဘယ်လိုကူညီပေးသလဲ။

၁၃ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းမှ ရှယ်ရီ မည်သို့ ခွန်အားရရှိခဲ့သည်ကို သုံးသပ်ကြည့်ပါ။ သူမသည် အထက်တန်းကျောင်းတွင် စာပေနှင့် အားကစားဘက်တွင် ထူးချွန်သောကြောင့် ဆုများစွာရရှိခဲ့သည်။ သူမ အထက်တန်းပညာရေး ပြီးဆုံးသွားသောအခါ အဆင့်မြင့်ပညာရေးကို ဆက်ဆည်းပူးနိုင်ရန် ပညာသင်ဆု ကမ်းလှမ်းခံခဲ့ရသည်။ “ဒီကမ်းလှမ်းချက်က မက်လောက်စရာပဲ၊ ပြီးတော့ နည်းပြဆရာတွေနဲ့ အတန်းဖော်တွေက အဲဒီဆုကို လက်ခံဖို့ အတင်းဖိအားပေးတယ်” ဟု ရှယ်ရီ ပြောသည်။ သို့သော် ထပ်ဆင့်ပညာရေးဆည်းပူးခြင်းက စာပေလေ့လာရန်နှင့် အားကစားအတွက်လေ့ကျင့်ရန် အချိန်များစွာ မြှုပ်နှံရမည်ဖြစ်သောကြောင့် ယေဟောဝါအား အမှုဆောင်ရန် အချိန်အလွန်နည်းသွားမည်ဖြစ်ကြောင်း သူမသဘောပေါက်ခဲ့သည်။ ရှယ်ရီ ဘာပြုလုပ်ခဲ့သနည်း။ သူမ ဤသို့ပြောသည်– “ယေဟောဝါထံ ဆုတောင်းပြီးတဲ့နောက် ပညာသင်ဆုကို ငြင်းပယ်လိုက်ပြီး မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် စတင်အမှုဆောင်ခဲ့တယ်။” ယခုဆိုလျှင် သူမရှေ့ဆောင်ဆက်လုပ်နေသည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ “ကျွန်မ နောင်တမရဘူး။ ယေဟောဝါကို ပျော်ရွှင်စေတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ သိရတဲ့အတွက် ကျွန်မပျော်တယ်။ တကယ်ပါပဲ၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားမယ်ဆိုရင် အခြားအရာတွေအားလုံးကို ကိုယ်တော် ထပ်ပေးပါလိမ့်မယ်” ဟု သူမ ပြောပြသည်။—မ. ၆:၃၃

အမူအကျင့်ကောင်းက သင့်တွင် “ဖြူစင်သောနှလုံး” ရှိကြောင်း ဖော်ပြ

၁၄။ သင့်ရဲ့အမူအကျင့်ကောင်းက ယေဟောဝါရဲ့အမြင်မှာ ဘာကြောင့် အရေးကြီးသလဲ။

၁၄ ယေဟောဝါ၏ အမှုတော်ကို တလိုတလားထမ်းဆောင်နေကြောင်း တင်ပြနိုင်သည့် တတိယနည်းမှာ သင်၏အမူအကျင့်အားဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားသန့်ရှင်းစင်ကြယ်သည့် လူငယ်များကို ယေဟောဝါကောင်းချီးပေးတော်မူသည်။ (ဆာလံ ၂၄:၃-၅ ကိုဖတ်ပါ။) လူငယ်ရှမွေလသည် ယဇ်ပုရောဟိတ်မင်း ဧလိ၏သားများ ပြုကျင့်သော အကျင့်ပျက်မှုကို အတုမခိုးခဲ့ချေ။ ရှမွေလ၏ အမူအကျင့်ကောင်းသည် သိသာပေါ်လွင်ခဲ့သည်။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဖော်ပြသည်– ‘သူငယ်ရှမွေလသည် ကြီးပွား၍ ယေဟောဝါရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။’—၁ ရာ. ၂:၂၆

၁၅။ အမူအကျင့်ကောင်းကို သင် ဆက်ထိန်းသိမ်းရတဲ့ အကြောင်းရင်းအချို့က ဘာလဲ။

၁၅ ပေါလု စာရင်းပြုစုထားရာများထဲမှ အချို့ဖြစ်သော ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ မောက်မာသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ကြမ်းကြုတ်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကိုချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူတို့ဖြင့် ပြည့်နေသည့် လောကတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြရသည်။ (၂ တိ. ၃:၁-၅) ထို့ကြောင့် ဤမျှဆိုးညစ်သော ဝန်းကျင်အလယ်တွင် အမူအကျင့်ကောင်းကို ဆက်လက်ထိန်းသိမ်းထားရန် သင့်အတွက် ခက်ခဲနိုင်ပါသည်။ သို့သော် မှန်ရာကိုပြုလုပ်ပြီး ဘုရားသခင်မနှစ်သက်သော အမူအကျင့်များကို ငြင်းပယ်သည့်အခါတိုင်း သင်သည် စကြဝဠာအရေးကိစ္စတွင် ယေဟောဝါဘက်ရပ်တည်ကြောင်း သက်သေပြသည်။ (ယောဘ ၂:၃၊ ၄) “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့” ဟူသော ယေဟောဝါ၏ လှိုက်လှဲသောမေတ္တာရပ်ခံချက်ကို သင် တုံ့ပြန်နေသည်ဟူသောအသိစိတ်ကြောင့်လည်း ကျေနပ်မှုခံစားရပါလိမ့်မည်။ (သု. ၂၇:၁၁) ထို့ပြင် သင့်တွင် ယေဟောဝါ၏ မျက်နှာသာရရှိထားသည်ဟု သိရှိထားခြင်းက ကိုယ်တော့်အမှုဆောင်လိုသည့် သင့်ဆန္ဒကို ထက်သန်နေစေပါလိမ့်မည်။

၁၆။ ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းအောင် ညီအစ်မတစ်ဦး ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၆ ကာရိုလ် အမည်ရှိ ခရစ်ယာန်ညီအစ်မတစ်ဦးသည် ဆယ်ကျော်သက်အရွယ်တွင် ကျောင်းတက်ခဲ့စဉ်က ကျမ်းစာမူများကို အခိုင်အမာကိုင်စွဲခဲ့သောကြောင့် သူမ၏ အမူအကျင့်ကောင်းများ အသိအမှတ်ပြုခံခဲ့ရသည်။ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ကျမ်းစာနှင့်လေ့ကျင့်ထားသည့် သူမ၏ ကိုယ့်ကိုယ်ကိုယ်သိစိတ်က သူမကို ပွဲနေ့များကျင်းပရန်နှင့် အခမ်းအနားတချို့တွင်ပါဝင်ရန် ခွင့်မပြုသောကြောင့် ကာရိုလ်သည် အတန်းဖော်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။ ယင်းအခြေအနေများတွင် သူ၏ယုံကြည်ချက်များကို အခြားသူများအား ရှင်းပြဖို့ တစ်ခါတစ်ရံ အခွင့်အရေးရရှိခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ယခင်အတန်းဖော်တစ်ဦးထံမှ ဤသို့ရေးထားသော ကတ်တစ်ခုကို ရရှိခဲ့သည်– “ညီအစ်မနဲ့ ဆက်သွယ်ဖို့၊ ကျေးဇူးတင်ကြောင်းပြောဖို့ ကျွန်မအမြဲမျှော်လင့်ခဲ့တယ်။ ပွဲနေ့တွေနဲ့ပတ်သက်တဲ့ ညီအစ်မရဲ့ ရဲဝံ့တဲ့ရပ်တည်ချက်အပြင် ခရစ်ယာန်လူငယ်တစ်ဦးအနေနဲ့ ညီအစ်မရဲ့အမူအကျင့်ကောင်းနဲ့ ပုံသက်သေတွေကို ကျွန်မ သတိထားမိခဲ့တယ်။ ညီအစ်မဟာ ကျွန်မ ဦးဆုံးတွေ့ခဲ့တဲ့ ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်။” ကာရိုလ်၏ ပုံသက်သေက သူမ၏အတန်းဖော်အပေါ် အကျိုးသက်ရောက်ခဲ့ကာ နောက်ပိုင်းတွင် အတန်းဖော်ဖြစ်သူသည် ကျမ်းစာကို စတင်လေ့လာခဲ့သည်။ ကာရိုလ်ထံရေးသော သူမ၏ကတ်တွင် သူမသည် နှစ်ခြင်းခံပြီးသားသက်သေခံတစ်ဦးဖြစ်နေသည်မှာ အနှစ် ၄၀ ကျော်နေပြီဖြစ်ကြောင်း ရေးထားသည်။ ကာရိုလ်ကဲ့သို့ပင် ကျမ်းစာမူများကို ရဲရင့်စွာစွဲကိုင်ထားကြသော ယနေ့ အသင်လူငယ်များသည် စိတ်နှလုံးရိုးဖြောင့်သူများကို ယေဟောဝါအကြောင်းသိကျွမ်းလာစေရန် လှုံ့ဆော်မှုဖြစ်စေပါလိမ့်မည်။

ယေဟောဝါအား ချီးမွမ်းနေသော လူငယ်များ

၁၇၊ ၁၈။ (က) သင့်အသင်းတော်မှာရှိတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။ (ခ) ဘုရားသခင်ကို ကြောက်ရွံ့တဲ့ လူငယ်တွေအတွက် ဘယ်အနာဂတ်စောင့်ကြိုနေသလဲ။

၁၇ ယေဟောဝါ၏ ကမ္ဘာချီအဖွဲ့အစည်းအတွင်းရှိ ကျွန်ုပ်တို့အားလုံးသည် စစ်မှန်သောဝတ်ပြုရေးတွင် ပါဝင်နေကြသည့် ထောင်ပေါင်းများစွာသော ဇွဲထက်သန်ကြသည့် လူငယ်များကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြသည်။ ဤလူငယ်တို့သည် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင့်အလိုတော်အတိုင်း ကျင့်ကြံပြုမူနေထိုင်ခြင်းဖြင့် ယေဟောဝါအားအမှုဆောင်လိုသည့် မိမိတို့၏ဆန္ဒကို ထက်သန်စေကြသည်။ ဤပုံသက်သေကောင်းသော လူငယ်များသည် သူတို့၏မိဘများနှင့် ယေဟောဝါ၏လူမျိုးတော်အတွက် လန်းဆန်းမှုပေးသော ရင်းမြစ်တစ်ခုဖြစ်သည်။—သု. ၂၃:၂၄၊ ၂၅

၁၈ သစ္စာရှိသောလူငယ်များသည် အနာဂတ်တွင် ဘုရားသခင့်ကတိထားရာ ကမ္ဘာသစ်အတွင်းသို့ ကပ်ကျော်လွတ်မြောက်မည့်သူများထဲတွင် ပါဝင်ကြပါလိမ့်မည်။ (ဗျာ. ၇:၉၊ ၁၄) ထိုတွင် သူတို့သည် ယေဟောဝါအား ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာသည်နှင့်အမျှ ထူးမြတ်လှသည့် ကောင်းချီးများကိုခံစားရမည်ဖြစ်ပြီး ကိုယ်တော့်ကို ထာဝစဉ်ချီးမွမ်းနိုင်ကြပါလိမ့်မည်။—ဆာ. ၁၄၈:၁၂၊ ၁၃

သင်ရှင်းပြနိုင်သလော

• ယနေ့ စစ်မှန်တဲ့ဝတ်ပြုရေးမှာ လူငယ်တွေ ဘယ်လိုပါဝင်နိုင်သလဲ။

• သမ္မာကျမ်းစာဖတ်ရှုခြင်းကနေ သင်အကျိုးရရှိဖို့ တွေးတောဆင်ခြင်ခြင်း ဘာကြောင့် မရှိမဖြစ်လိုအပ်သလဲ။

• ယေဟောဝါထံချဉ်းကပ်ရာမှာ ဆုတောင်းခြင်းက သင့်ကို ဘယ်လိုအထောက်အကူပြုသလဲ။

• ခရစ်ယာန်အမူအကျင့်ကောင်းက ဘယ်အရာကို ဖြစ်မြောက်စေသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါပုံစာ]

သင် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုတဲ့အကျင့်ရှိသလား