မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကို မေးခွန်းမေးရန် ယေဟောဝါအား ခွင့်ပြုပါသလော

သင့်ကို မေးခွန်းမေးရန် ယေဟောဝါအား ခွင့်ပြုပါသလော

သင့်ကို မေးခွန်းမေးရန် ယေဟောဝါအား ခွင့်ပြုပါသလော

သမ္မာကျမ်းစာတွင် သင်၏အတွင်းအကျဆုံး ခံစားချက်များနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းစစ်ဆေးနိုင်သောမေးခွန်း ရာနှင့်ချီ ပါဝင်သည်။ ယေဟောဝါဘုရားသခင်သည် အမှန်ပင် မေးခွန်းများသုံး၍ အရေးကြီးသော အမှန်တရားများကို သွန်သင်ပေးတော်မူသည်။ ဥပမာ၊ ကာဣန၏ ပျက်စီးခြင်းလမ်းစဉ်ကိုပြုပြင်ရန် သတိပေးချိန်တွင် ယေဟောဝါ မေးခွန်းများစွာ ထုတ်ခဲ့သည်။ (က. ၄:၆၊ ၇) အခြားအချိန်များတွင် ယေဟောဝါထံမှ မေးခွန်းတစ်ခုက လူတစ်ဦးအား မှန်ကန်ရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးခဲ့သည်။ “ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း” ဟုယေဟောဝါမေးသောအခါ ပရောဖက်ဟေရှာယက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုပြန်လျှောက်ခဲ့သည်။—ဟေရှာ. ၆:၈

ကြီးမြတ်သောဆရာ ယေရှုလည်း မေးခွန်းများကို ထိရောက်စွာ အသုံးပြုခဲ့သည်။ ခရစ်ဝင်ကျမ်းများတွင် ယေရှု၏မေးခွန်းပေါင်း ၂၈၀ ကျော်ကိုမှတ်တမ်းတင်ထားသည်။ ကိုယ်တော်သည် တစ်ခါတစ်ရံ အပြစ်ရှာသူများနှုတ်ဆိတ်သွားရန် မေးခွန်းများကိုမေးသော်လည်း အများအားဖြင့် နားထောင်နေသူတို့၏ စိတ်နှလုံးကိုထိမိစေရန် ရည်ရွယ်၍ မေးခွန်းများကို မေးလေ့ရှိသည်၊ ယင်းက ဘုရားသခင်ရှေ့ သူတို့မည်သို့နာမည်ရထားသည်ကို စဉ်းစားစေရန် လှုံ့ဆော်ပေးသည်။ (မ. ၂၂:၄၁-၄၆; ယော. ၁၄:၉၊ ၁၀) ခရစ်ယာန်ဂရိကျမ်းစောင် ၁၄ စောင်ကို ရေးသားသော တမန်တော်ပေါလုလည်း လက်ခံနိုင်ဖွယ်နည်းဖြင့် မေးခွန်းများကိုမေးခဲ့သည်။ (ရော. ၁၀:၁၃-၁၅) ဥပမာ၊ ရောမမြို့သားများထံရေးသော သူ၏စာတွင် မေးခွန်းများစွာ ပါဝင်သည်။ ပေါလု၏မေးခွန်းများက “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲ” သည်ကို သူ၏စာဖတ်သူများအား သိရှိတန်ဖိုးထားစေခဲ့သည်။—ရော. ၁၁:၃၃

အချို့မေးခွန်းများသည် စကားဖြင့် ချက်ချင်းတုံ့ပြန်ရန်ဖြစ်သော်လည်း အချို့မေးခွန်းများသည် တစ်စုံတစ်ဦးကို အလေးအနက်စဉ်းစားစေရန် ရည်ရွယ်သည်။ ခရစ်ဝင်ကျမ်းများတွင် ယေရှုသည် စဉ်းစားစေသောမေးခွန်းအမျိုးမျိုးကို အသုံးပြုကြောင်း ဖော်ပြသည်။ တစ်ကြိမ်တွင် ယေရှုက မိမိ၏တပည့်များအား ဖောက်ပြန်မှားယွင်းသော သွန်သင်ချက်များကိုဆိုလိုသည့် “ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးကို သတိထားကြ” ဟု သတိပေးခဲ့သည်။ (မာ. ၈:၁၅; မ. ၁၆:၁၂) ယေရှု၏တပည့်များသည် ဆိုလိုရင်းကို နားမလည်ကြဘဲ သူတို့မုန့်ယူဖို့ မေ့လျော့သည်ကို ငြင်းခုံပြောဆိုနေကြသည်။ ထိုအငြင်းအခုံကြောင့် ယေရှုပြောခဲ့သော စကားအနည်းငယ်တွင် မေးခွန်းများအသုံးပြုခဲ့သည်ကို သတိပြုပါ။ “‘သင်တို့သည် မုန့်မပါသည့်အကြောင်းကို အဘယ်ကြောင့် အချင်းချင်းဆွေးနွေးနေကြသနည်း။ ယခုတိုင်အောင် မသိနားမလည်ဘဲ ရှိနေကြသေးသလော။ သင်တို့၏စိတ်နှလုံး ထိုင်းမှိုင်းနေကြသလော။ “မျက်စိရှိလျက်ပင်မမြင်၊ နားရှိလျက်ပင်မကြားကြသလော။” . . . သင်တို့သည် ဆိုလိုရင်းကို နားမလည်ဘဲ ရှိနေကြသေးသလော’ ဟုမိန့်တော်မူ၏။” ယေရှု၏မေးခွန်းများက တပည့်များအား ကိုယ်တော့်စကားများ၏အဓိပ္ပာယ်အမှန်ကို စဉ်းစားစေရန် လှုံ့ဆော်သည်။—မာ. ၈:၁၆-၂၁

‘ငါမေးမည်’

ယေဟောဝါ ဘုရားသခင်သည် မိမိကျွန် ယောဘ၏ စဉ်းစားတွေးခေါ်ပုံကိုပြုပြင်ရန် မေးခွန်းများကို အသုံးပြုခဲ့သည်။ ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်လျှင် ယောဘ၏အရေးမပါမှုကို သင်ပေးရန် ယေဟောဝါသည် မေးခွန်းများစွာကို အသုံးပြုခဲ့၏။ (ယောဘအခန်းကြီး ၃၈-၄၁) ထိုမေးခွန်းတစ်ခုစီကို ယောဘ အသံထွက်ဖြေဆိုရန် ယေဟောဝါ မျှော်လင့်ခဲ့သလော။ ယင်းသို့ဖြစ်နိုင်ဖွယ်မရှိချေ။ “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည်အဘယ်မှာ ရှိသနည်း” ဟူသောမေးခွန်းမျိုးသည် ယောဘ၏စဉ်းစားတွေးတောမှုနှင့် စိတ်လှုပ်ရှားမှုကို နှိုးဆွရန်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုလေးနက်သောမေးခွန်းအချို့ မေးခံရပြီးနောက်တွင် ယောဘသည် ဘာမျှပြန်မဖြေနိုင်အောင် နှုတ်ဆိတ်သွားခဲ့သည်။ သူဤသို့သာ ပြောခဲ့သည်– “ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။” (ယောဘ ၃၈:၄; ၄၀:၄) ယောဘသည် ဆိုလိုရင်းကိုနားလည်ခဲ့ပြီး မိမိကိုယ်ကို နှိမ့်ချခဲ့သည်။ သို့သော် ယေဟောဝါသည် ယောဘအား နှိမ့်ချရန်အတွက်သာ သင်ပေးခဲ့သည်မဟုတ်ပါ။ ယောဘ၏စဉ်းစားတွေးတောပုံကိုလည်း ပြုပြင်ပေးခဲ့သည်။ အဘယ်နည်းဖြင့်နည်း။

ယောဘသည် “စုံလင်ဖြောင့်မတ်” သူဖြစ်သော်လည်း တစ်ခါတစ်ရံ သူ၏စကားများက “ဘုရားသခင်ထက် မိမိဖြောင့်မတ်” သည်ဟူသော လွဲမှားသည့်အမြင်ရှိကြောင်း ဖော်ပြခဲ့ရာ ယင်းကို ဧလိဟုသတိပြုမိပြီး ပြုပြင်တည့်မတ်ပေးခဲ့သည်။ (ယောဘ ၁:၈; ၃၂:၂; ၃၃:၈-၁၂) ယေဟောဝါ၏မေးခွန်းများသည်လည်း ယောဘ၏သိနားလည်မှုကို ပြုပြင်ပေးခဲ့သည်။ ဘုရားသခင်သည် မိုးသက်မုန်တိုင်းထဲမှနေ၍ ယောဘကို ဤသို့မိန့်တော်မူခဲ့သည်– “ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။ လူယောက်ျားကဲ့သို့ သင့်ခါးကိုစည်းလော့။ ငါမေးမြန်းသောပြဿနာတို့ကို ဖြေလော့။” (ယောဘ ၃၈:၁-၃) ယေဟောဝါသည် မေးခွန်းများသုံး၍ အံ့ဖွယ်ဖန်ဆင်းရာများတွင် ထင်ရှားလျက်ရှိသည့် မိမိ၏အကန့်အသတ်မဲ့ ဉာဏ်ပညာနှင့် တန်ခိုးတော်ကို အာရုံစိုက်စေခဲ့သည်။ ယင်းကို ရှင်းလင်းစွာနားလည်လာခြင်းကြောင့် ယောဘသည် ယေဟောဝါ၏တရားစီရင်ချက်နှင့် ကိစ္စရပ်များကို လုပ်ဆောင်ပုံအပေါ် ယခင်ကထက် ယုံကြည်စိတ်ချခဲ့သည်။ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင်၏ မေးခွန်းမေးခြင်းကို ခံရခြင်းသည် ယောဘအတွက် အလွန်စိုးရွံ့အံ့သြဖွယ်အတွေ့အကြုံဖြစ်သည်။

ကျွန်ုပ်တို့အား ယေဟောဝါ မေးခွန်းမေးစေနိုင်ပုံ

ကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်မေးခွန်းများမှ အကျိုးရရှိနိုင်ပါသလော။ အမှန်ရရှိနိုင်ပါသည်။ ဤမေးခွန်းများကို အချိန်ယူစဉ်းစားတွေးတောခြင်းဖြင့် အကျိုးများစွာ ရရှိနိုင်ပါသည်။ သမ္မာကျမ်းစာပါ ထိုးထွင်းသိမြင်စေသော မေးခွန်းများသည် သမ္မာကျမ်းစာကို တန်ခိုးပါစေသည့် အရာတစ်ခုဖြစ်သည်။ မှန်ပါသည်၊ “ဘုရားသခင်၏တရားစကားတော်သည် . . . တန်ခိုးရှိ၏။ စိတ်နှလုံးအကြံအစည်များကို ပိုင်းခြားသိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) သို့သော် အကျိုးအများဆုံးရရှိရန် ယေဟောဝါသည် ကျွန်ုပ်တို့အား မေးနေဘိသကဲ့သို့ ထိုမေးခွန်းများကို ကျွန်ုပ်တို့နှင့် တိုက်ရိုက်သက်ဆိုင်စေဖို့လိုသည်။ (ရော. ၁၅:၄) ဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။

“မြေကြီးလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။” (က. ၁၈:၂၅) သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင်တရားစီရင်ချိန်တွင် အာဗြဟံသည် ယေဟောဝါအား အဖြေမလိုသော ယင်းမေးခွန်းကို မေးခဲ့သည်။ ယေဟောဝါသည် ဖြောင့်မတ်သူများအား ဆိုးညစ်သူများနှင့်အတူ သေစေသည့် မတရားသောအမှုကိုပြုမည်ဟု အာဗြဟံ လုံး၀မစဉ်းစားနိုင်ချေ။ ယင်းမေးခွန်းက ယေဟောဝါ၏ဖြောင့်မတ်မှုအပေါ် အာဗြဟံ၏ အလွန့်အလွန် ယုံကြည်စိတ်ချမှုကို ဖော်ပြသည်။

ယနေ့ လူအချို့သည် အာမဂေဒုန်တွင် မည်သူတို့အမှန် ကယ်တင်ခံရမည်၊ မည်သူတို့ ထမြောက်လာမည်စသော ယေဟောဝါ၏အနာဂတ် တရားစီရင်ချက်နှင့်ပတ်သက်၍ မှန်းဆလိုကြပေမည်။ ကျွန်ုပ်တို့သည် ယင်းအတွေးများဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေမည့်အစား အာဗြဟံ၏မေးခွန်းကို ပြန်သတိရနိုင်သည်။ ကျွန်ုပ်တို့သည် အာဗြဟံကဲ့သို့ပင် ယေဟောဝါအား ကျေးဇူးပြုလိုသော ကောင်းကင်ဖခင်အဖြစ် သိမှတ်လျက် ကိုယ်တော်၏တရားမျှတမှုနှင့် ကြင်နာမှုကို အပြည့်အ၀ယုံကြည်စိတ်ချကာ မလိုအပ်ဘဲပူပန်ခြင်း၊ သံသယကြောင့်အားနည်းခြင်းနှင့် အချည်းနှီးသောငြင်းခုံခြင်းတို့ကြောင့် ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကို အလဟဿ မဖြစ်စေကြပါ။

“သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း။” (မ. ၆:၂၇) မိမိ၏တပည့်များပါဝင်သည့် လူအုပ်ကြီးကို ဟောပြောရာတွင် မိမိတို့ကိုယ်ကို ယေဟောဝါ၏မေတ္တာရှိသောလက်တော်တွင် အပ်နှံဖို့လိုကြောင်း ယင်းမေးခွန်းဖြင့် ယေရှု အလေးပေးဖော်ပြခဲ့သည်။ ဆိုးညစ်သောလောကစနစ်၏ နောက်ဆုံးသောနေ့ရက်များတွင် စိုးရိမ်စရာများစွာရှိသည်၊ သို့သော် ဤအရာများကို အာရုံစိုက်နေခြင်းက ကျွန်ုပ်တို့၏အသက်တာကို ပိုမရှည်စေနိုင်၊ ဘ၀၏အရည်အသွေးကို ပိုမတိုးတက်စေနိုင်ပါ။

ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့ချစ်ရသူများအတွက် စိုးရိမ်လာသောအခါတိုင်း ယေရှု၏မေးခွန်းကို သတိရခြင်းက ကျွန်ုပ်တို့စိုးရိမ်သောကိစ္စရပ်များအပေါ် တော်မှန်သောအမြင်ထားရှိရန် ထောက်ကူပေးနိုင်သည်။ ယင်းက ကျွန်ုပ်တို့အား စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ကာယပိုင်းအရ လက်ပန်းကျစေသော စိုးရိမ်ပူပန်မှုနှင့် အပျက်သဘောထားများကို ဖျောက်ဖျက်ပေးနိုင်ရန် ကူညီပေးသည်။ ယေရှု ကျွန်ုပ်တို့ကို စိတ်ချစေခဲ့သည့်အတိုင်း ကောင်းကင်ငှက်များကို ကျွေးမွေးတော်မူသော၊ တောပင်များကို ဆင်ယင်တော်မူသော ကျွန်ုပ်တို့၏ကောင်းကင်ဖခင်သည် ကျွန်ုပ်တို့လိုအပ်ရာများကို အပြည့်အ၀သိတော်မူသည်။—မ. ၆:၂၆-၃၄

“လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။” (သု. ၆:၂၇) နယပုံပြင်ကျမ်း၏ ပထမကိုးခန်းတွင် သားဖြစ်သူအား လက်တွေ့ကျဉာဏ်ပညာ သင်ပေးသော ဖခင်တစ်ဦး၏ တိုတုတ်သောသွန်သင်ချက်များ ပါဝင်သည်။ အထက်တွင်ဖော်ပြထားသောမေးခွန်းက သူ့သားအိမ်ရာပြစ်မှားခြင်း၏ ခါးသီးသောအကျိုးဆက်များကို ရည်ညွှန်းသည်။ (သု. ၆:၂၉) ကျွန်ုပ်တို့သည် ပညာမဲ့စွာ ပရောပရည်လုပ်နေကြောင်း သို့မဟုတ် မှားယွင်းသောလိင်ဆန္ဒတစ်မျိုးမျိုးကို စိတ်တွင်သိုထားကြောင်း မိမိကိုယ်ကို သတိပြုမိပါက ဤမေးခွန်းသည် ကျွန်ုပ်တို့အတွက် အန္တရာယ်အချက်ပေးခေါင်းလောင်းဖြစ်သင့်သည်။ မူအရ လူတစ်ဦးသည် မည်သည့်ပညာမဲ့လမ်းစဉ်ကိုမဆို လိုက်မိရန် သွေးဆောင်ခံရသည့်အချိန်တိုင်းတွင် အထက်ပါမေးခွန်းကို မေးနိုင်သည်။ ယင်းက ‘မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်’ ဟူသည့် လက်တွေ့ကျကျမ်းစာမူကို အထင်အရှား အလေးပေးဖော်ပြခြင်းဖြစ်သည်။—ဂလ. ၆:၇

“သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်ရသနည်း။’’ (ရော. ၁၄:၄) ရောမမြို့သားများထံရေးသောသူ၏စာတွင် ပေါလုသည် ပထမရာစုအသင်းတော်အတွင်းတွင် ဖြစ်ပေါ်နေသောပြဿနာများအကြောင်း ဆွေးနွေးထားသည်။ ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးမှ ခရစ်ယာန်ဖြစ်လာသူအချို့သည် သူတို့၏ယုံကြည်သူချင်းများ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များအပေါ် ပြစ်တင်ဝေဖန်တတ်ကြသည်။ ပေါလု၏မေးခွန်းက တစ်ဦးကိုတစ်ဦးကြိုဆိုလက်ခံရန်နှင့် တရားစီရင်ခြင်းကို ယေဟောဝါလက်တော်တွင် အပ်ထားရန် သူတို့ကို သတိပေးခဲ့သည်။

ယနေ့လည်းအလားတူပင် ယေဟောဝါ၏လူများသည် ဘ၀နောက်ခံအမျိုးမျိုးမှ ဖြစ်ကြသည်။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ကို အတူတကွ စည်းလုံးစေသည်။ ကျွန်ုပ်တို့သည် ထိုစည်းလုံးမှုကို ထိန်းသိမ်းကြသလော။ ကျွန်ုပ်တို့သည် ညီအစ်ကိုတစ်ဦး၏ သိစိတ်ဖြင့်ပြုလုပ်သောလုပ်ရပ်ကို မနှစ်သက်ကြောင်း အလျင်အမြန် ဖော်ပြတတ်သူဖြစ်လျှင် ပေါလု၏ အထက်ပါမေးခွန်းကို မေးခြင်းက ပညာရှိရာရောက်ပေသည်။

မေးခွန်းများက ကျွန်ုပ်တို့ကို ယေဟောဝါနှင့် ပို၍ရင်းနှီးစေ

ဤဥပမာအနည်းငယ်က မိမိကိုယ်ကို ဆန်းစစ်စေသည့်မေးခွန်းများ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်း ဖော်ပြသည်။ မေးခွန်းတစ်ခုစီ၏ အထက်အောက်စကားများကို ဆင်ခြင်ခြင်းက ကျွန်ုပ်တို့၏အခြေအနေတွင် လက်တွေ့ကျင့်သုံးရန် ထောက်ကူပေးနိုင်သည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဖတ်ရှုသည်နှင့်အမျှ အကူအညီဖြစ်စေသော နောက်ထပ်မေးခွန်းများကို ကျွန်ုပ်တို့ တွေ့ရပါလိမ့်မည်။—စာမျက်နှာ ၁၄ မှလေးထောင့်ကွက်ကိုကြည့်ပါ။

သမ္မာကျမ်းစာတွင်တွေ့ရသော ထိုးထွင်းသိမြင်နိုင်သည့် မေးခွန်းများဖြင့် မိမိကိုယ်ကို စစ်ဆေးပါက ကျွန်ုပ်တို့၏စိတ်နှလုံးကို ယေဟောဝါ၏ဖြောင့်မတ်သောလမ်းစဉ်နှင့် အညီဖြစ်စေရန် ထောက်ကူပါလိမ့်မည်။ ယေဟောဝါ မေးခွန်းမေးပြီးနောက် ယောဘ ဤသို့အခိုင်အမာပြောခဲ့သည်– “သတင်းတော်ကို ကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။” (ယောဘ ၄၂:၅) မှန်ပါသည်၊ ယောဘရှေ့သို့ ယေဟောဝါရောက်လာသည့်အလား ကိုယ်တော်သည် ယောဘအတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တပည့်တော်ယာကုပ်က အောက်ပါအတိုင်း ဖော်ပြခဲ့သည်– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့၊ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာ. ၄:၈) မေးခွန်းများအပါအဝင် သမ္မာကျမ်းစာပါ အပိုင်းအားလုံးသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ခိုင်ခံ့စေရန်နှင့် ယေဟောဝါအား ပို၍ထင်ထင်ရှားရှား “မြင်” နိုင်ရန် ကူညီပေးနိုင်ပါစေ။

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်]

သင့်ကိုယ်သင် အောက်ပါမေးခွန်းများ မေးခြင်းဖြင့် ကိစ္စရပ်များကို ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ရန် မည်သို့ကူညီပေးနိုင်သနည်း

▪ “ ယေဟောဝါ၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ်အစရှိသောယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။”—၁ ရာ. ၁၅:၂၂

▪ “မျက်စိကိုဖန်ဆင်းတော်မူသောအရှင်သည် မမြင်ရသလော။”—ဆာ. ၉၄:၉

▪ “ကိုယ်ဂုဏ်အသရေကိုရှာလျှင် ဂုဏ်အသရေရှိသလော။”—သု. ၂၅:၂၇ကဘ။

▪ “သင်သည် အမျက်ထွက်ကောင်းသလော။”—ယောန ၄:၄

▪ “လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက် ရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။”—မ. ၁၆:၂၆

▪ “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မည်သူကွာစေမည်နည်း။”—ရော. ၈:၃၅

▪ “မခံယူဘဲ အဘယ်အရာကို သင်ပိုင်သနည်း။”—၁ ကော. ၄:၇

▪ “အလင်းနှင့် အမှောင်သည် မည်သို့တွဲဖက်နိုင်မည်နည်း။”—၂ ကော. ၆:၁၄

[စာမျက်နှာ ၁၅ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

ယေဟောဝါမေးတဲ့ မေးခွန်းတွေကနေ ယောဘ ဘာသင်ယူသိရှိခဲ့သလဲ