မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျိုးမရှိသည့်အရာမှ သင်တို့၏မျက်စိကိုလွှဲပါ

အကျိုးမရှိသည့်အရာမှ သင်တို့၏မျက်စိကိုလွှဲပါ

အကျိုးမရှိသည့်အရာမှ သင်တို့၏မျက်စိကိုလွှဲပါ

‘အချည်းနှီးဖြစ် [“အကျိုးမရှိ၊” ခမ] သောအရာကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။’—ဆာ. ၁၁၉:၃၇

၁။ အမြင်အာရုံဆုကျေးဇူးက ဘယ်လောက် အရေးပါသလဲ။

ကျွန်ုပ်တို့၏ အမြင်အာရုံသည် အလွန်အဖိုးတန်လှသည်။ ယင်းအမြင်အာရုံဖြင့် ကျွန်ုပ်တို့ပတ်လည်ရှိအရာများကို ချက်ချင်း အရောင်နှင့်တကွ နှိုက်နှိုက်ချွတ်ချွတ် မှတ်မိနိုင်ကြသည်။ ချစ်မြတ်နိုးရသောမိတ်ဆွေလော၊ မလိုလားအပ်သောရန်သူလော ဆိုသည်ကို အမြင်အာရုံက ကျွန်ုပ်တို့အား သိမြင်စေသည်။ အမြင်အာရုံကြောင့် ကျွန်ုပ်တို့သည် အလှအပများကိုခံစားကြ၊ အံ့ချီးဖွယ်ကောင်းသော ဖန်ဆင်းရာများကို လေးမြတ်တန်ဖိုးထားကြပြီး ဘုရားသခင်၏တည်ရှိမှုနှင့် တန်ခိုးတော်၏ အထောက်အထားများကို သိမြင်ကြသည်။ (ဆာ. ၈:၃၊ ၄; ၁၉:၁၊ ၂; ၁၀၄:၂၄; ရော.၁:၂၀) ကျွန်ုပ်တို့၏ မျက်လုံးများသည် ကျွန်ုပ်တို့၏စိတ်တွင်းသို့ သတင်းအချက်အလက်များကို ပို့ဆောင်ပေးသောကြောင့် ယေဟောဝါနှင့်ပတ်သက်သော အသိပညာကိုဆည်းပူးခြင်းနှင့် ကိုယ်တော့်အပေါ် ယုံကြည်ခြင်းကို တည်ဆောက်ရာ၌ အမြင်အာရုံသည် အလွန်အရေးပါသည်။—ယောရှု ၁:၈; ဆာ. ၁:၂၊ ၃

၂။ ကျွန်ုပ်တို့ ကြည့်ရှုရာတွေနဲ့ပတ်သက်ပြီး ဘာကြောင့် ဂရုစိုက်သင့်သလဲ။ ဆာလံဆရာရဲ့ ထက်သန်တဲ့ တောင်းဆိုချက်ကနေ ဘာသင်ယူနိုင်သလဲ။

သို့သော် ကျွန်ုပ်တို့ကြည့်ရှုသည့်အရာသည် ကျွန်ုပ်တို့ကို အကျိုးပျက်စေသည့်အရာလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏အမြင်အာရုံနှင့် စိတ်သည် အလွန်ဆက်စပ်မှုရှိသောကြောင့် ကျွန်ုပ်တို့ကြည့်ရှုရာများက ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်းတွင် ရည်မှန်းချက်များနှင့် အလိုဆန္ဒများကို အစပြုစေနိုင် သို့မဟုတ် ပို၍ပြင်းထန်စေနိုင်သည်။ စာတန်အုပ်ချုပ်နေသည့် အကျင့်ပျက်၍ မိမိကိုယ်ကိုကျေနပ်သည့် လောကတွင် ကျွန်ုပ်တို့နေထိုင်နေရသောကြောင့် လျှပ်တစ်ပြက်ကြည့်မိမည်ဆိုလျှင်ပင် ကျွန်ုပ်တို့ကို အလွယ်တကူလမ်းလွဲသွားစေနိုင်သည့် ရုပ်ပုံများနှင့် ဝါဒဖြန့်မှုများ၏ အဆက်မပြတ်ရိုက်ခတ်မှုကို ခံနေကြရသည်။ (၁ ယော. ၅:၁၉) ထို့ကြောင့် ဆာလံဆရာက ဘုရားသခင်အား ဤသို့တိုးလျှိုးအသနားခံခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပေ– ‘အကျိုးမရှိသောအရာများကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။’—ဆာ. ၁၁၉:၃၇

ကျွန်ုပ်တို့၏မျက်စိက ကျွန်ုပ်တို့အားလမ်းလွဲသွားစေနိုင်ပုံ

၃-၅။ ကျွန်ုပ်တို့မျက်စိရဲ့ သွေးဆောင်မှုကိုခံခြင်းရဲ့ အန္တရာယ်အကြောင်း ဘယ်ကျမ်းစာမှတ်တမ်းတွေမှာ ဖော်ပြထားသလဲ။

ပထမမိန်းမ ဧဝ၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ၏ အသီးကိုစားမည်ဆိုလျှင် သူမ၏မျက်စိတို့သည် “ပွင့်လင်း” မည်ဖြစ်ကြောင်း စာတန်အကြံပြုခဲ့သည်။ ဧဝသည် သူမ၏မျက်စိ “ပွင့်” မည်ဆိုသည်ကို စဉ်းစားနေခဲ့မည်မှာ သေချာသည်။ “ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်” သောအခါ တားမြစ်ထားသောအသီးကိုစားလိုသည့် သူမ၏အတွေးသည် ပို၍ပင် ပြင်းထန်လာခြင်းဖြစ်ရမည်။ တပ်မက်သောစိတ်ဖြင့် ထိုအပင်ကို ကြည့်ရှုခြင်းက ဧဝအား ဘုရားသခင့်ပညတ်ကို မနာခံဖို့ ဖြစ်စေခဲ့သည်။ သူ၏ခင်ပွန်း အာဒံလည်း မနာခံမှုတင်ပြခဲ့ရာ လူသားထုတစ်ရပ်လုံးအပေါ် ဆိုးကျိုးများသက်ရောက်ခဲ့သည်။—က. ၂:၁၇; ၃:၂-၆; ရော. ၅:၁၂; ယာ. ၁:၁၄၊ ၁၅

နောဧအချိန်တွင် ကောင်းကင်တမန်အချို့လည်း သူတို့ကြည့်ရှုခဲ့ရာ၏ ဩဇာလွှမ်းမိုးမှုခံခဲ့ကြရသည်။ သူတို့ကို ရည်ညွှန်း၍ ကမ္ဘာဦး ၆:၂ က ဤသို့ ဖော်ပြသည်–“ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်းစုံဖက်ကြ၏။” ရာဂစိတ်နှင့် လူ့သမီးများကိုကြည့်ရှုခြင်းက ပုန်ကန်သောကောင်းကင်တမန်များ၏စိတ်တွင် သဘာဝနှင့်ဆန့်ကျင်သောအရာဖြစ်သည့် လူသားများနှင့် လိင်ဆက်ဆံဖို့ နှိုးဆွခံရကာ ဆိုးသွမ်း၍ အလွန်ထွားကျိုင်းသော ကလေးများမွေးဖွားခဲ့သည်။ ထိုအချိန်က လူသားများ၏ဆိုးသွမ်းမှုကြောင့် နောဧနှင့်သူ့မိသားစုမှအပ လူသားထုတစ်ရပ်လုံး ဖျက်ဆီးခံခဲ့ရသည်။—က. ၆:၄-၇၊ ၁၁၊ ၁၂

ရာစုနှစ်ပေါင်းများစွာကြာပြီးနောက်တွင် အစ္စရေးအမျိုးသား အာခန်၏မျက်စိက ယေရိခေါမြို့ကို သိမ်းပိုက်စဉ် ပစ္စည်းများကို ခိုးယူရန် သူ့ကို သွေးဆောင်ခဲ့သည်။ ယေဟောဝါ၏ ဘဏ္ဍာတိုက်ထဲသို့သွင်းရမည့် သတ်မှတ်ထားသောအရာများမှအပ ထိုမြို့အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးပစ်သင့်သည်ဟု ဘုရားသခင်မိန့်မှာခဲ့ပြီးဖြစ်သည်။ မြို့အတွင်းမှ ပစ္စည်းအချို့ကို ‘တပ်မက်၍ တစ်စုံတစ်ခုကို ယူမိ’ နိုင်သောကြောင့် “ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြ” ရန် အစ္စရေးလူတို့အား ဘုရားသခင် သတိပေးခဲ့သည်။ အာခန်၏မနာခံမှုကြောင့် အစ္စရေးလူတို့သည် အာဣမြို့ကိုတိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ပြီး အချို့မှာသေဆုံးခဲ့သည်။ အာခန်သည် ဖော်ထုတ်မခံရမချင်း ခိုးမှုကို ဝန်မခံခဲ့ချေ။ အာခန်ဤသို့ပြောခဲ့သည်– “ကျွန်တော်မြင်သဖြင့် တပ်မက်၍ သိမ်းယူမိပါပြီ။” သူ၏မျက်စိတပ်မက်မှုသည် “သူ၌ရှိသမျှတို့” နှင့် သူ့ကို ပျက်စီးစေခဲ့သည်။ (ယောရှု ၆:၁၈၊ ၁၉; ၇:၁-၂၆) အာခန်၏စိတ်နှလုံးသည် တားမြစ်ထားသောအရာကို တောင့်တခဲ့သည်။

မိမိကိုယ်ကို ဆုံးမဖို့လို

၆၊ ၇။ ကျွန်ုပ်တို့ကို ထောင်ချောက်ဆင်ရာမှာ ဘယ် “အကြံအစည်” ကို စာတန်အသုံးပြုလေ့ရှိသလဲ။ စီးပွားရေး ကြော်ငြာရှင်တွေ အဲဒါကို ဘယ်လိုအသုံးချကြသလဲ။

ဧဝ၊ မနာခံသောကောင်းကင်တမန်များနှင့် အာခန်တို့ သွေးဆောင်ခံခဲ့ရသည့် နည်းလမ်းအတိုင်း ယနေ့လူသားတို့ သွေးဆောင်ခံနေရသည်။ လူသားထုအား လမ်းလွဲစေရန် စာတန်အသုံးပြုသည့် “အကြံအစည်” အားလုံးထဲတွင် “မျက်စိတပ်မက်ခြင်း” ဖြင့် သွေးဆောင်ခြင်းသည် အစွမ်းအထက်ဆုံးနည်းဖြစ်သည်။ (၂ ကော. ၂:၁၁; ၁ ယော. ၂:၁၆) လူတို့သည် ကြည့်ရှုရာ၏ လွှမ်းမိုးမှုကိုအမြဲခံရကြောင်း ယနေ့ခေတ် စီးပွားရေးကြော်ငြာရှင်များ သိထားကြသည်။ “အာရုံအားလုံးထဲမှာ အမြင်အာရုံက သွေးဆောင်နိုင်စွမ်းအရှိဆုံးပဲ။ အမြင်အာရုံက အခြားအာရုံတွေကို လွှမ်းမိုးလေ့ရှိပြီး ကျွန်တော်တို့ မှန်တယ်လို့ သိထားရာတွေကိုတောင် ဆန့်ကျင်ပြီးလုပ်ဆောင်စေနိုင်တယ်” ဟု ဥရောပဈေးကွက်ကို ဦးဆောင်နေသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆို၏။

ထို့ကြောင့် ကြော်ငြာရှင်များသည် ကျွန်ုပ်တို့၏ အမြင်အာရုံတွင် အကြီးအကျယ်စွဲငြိစေဖို့နှင့် သူတို့၏ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို လိုချင်စိတ်ရှိလာဖို့ လိမ္မာပါးနပ်စွာ ဒီဇိုင်းပြုလုပ်ထားသည့် ရုပ်ပုံများဖြင့် အဆက်မပြတ်ဆွဲဆောင်နေသည်မှာ အံ့ဩစရာမဟုတ်ပါ။ ကြော်ငြာများသည် တစ်ဦးချင်းစီအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိပုံကို လေ့လာသည့် အမေရိကန်ပြည်ထောင်စုမှ သုတေသီတစ်ဦးက ဤသို့ဖော်ပြသည်– ယင်းတို့သည် “သတင်းအချက်အလက်တွေကို သိရှိစေရုံသာမကဘဲ ကြည့်ရှုသူကို အထူးစိတ်ခံစားချက်ဖြစ်ပေါ်စေပြီး ပြုမူလုပ်ဆောင်စေဖို့ ဖန်တီးထားတာဖြစ်တယ်။” အများအားဖြင့် စိတ်ကိုနှိုးဆွပေးသော လိင်ဆိုင်ရာပုံရိပ်များကို အသုံးပြုလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကြည့်ရှုနေသည့်အရာများနှင့် ကျွန်ုပ်တို့စိတ်နှလုံးအတွင်းသို့ ထည့်သွင်းသည့်အရာများကို ကြပ်မတ်ထိန်းချုပ်ဖို့ အခိုင်အမာစိတ်ပိုင်းဖြတ်ခြင်းသည် အလွန်အရေးကြီးလှသည်တကား။

၈။ ကျွန်ုပ်တို့ရဲ့မျက်စိကို စောင့်ရှောက်ဖို့လိုကြောင်း သမ္မာကျမ်းစာက ဘယ်လိုအလေးပေးဖော်ပြထားသလဲ။

မျက်စိတပ်မက်မှုနှင့် သွေးသားတပ်မက်မှုတို့သည် ခရစ်ယာန်စစ်များကိုလည်း ထိခိုက်နိုင်သည်။ ထို့ကြောင့် ဘုရားသခင့်တရားစကားတော်က ကျွန်ုပ်တို့ကြည့်ရှုရာများ၊ တပ်မက်ရာများနှင့် ပတ်သက်၍ မိမိကိုယ်ကိုဆုံးမရန် အားပေးထားသည်။ (၁ ကော. ၉:၂၅၊ ၂၇; ၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။) ဖြောင့်မတ်သူ ယောဘသည် ကြည့်ရှုရာများနှင့် လိုအင်ဆန္ဒများအကြား အလွန်ဆက်စပ်မှုရှိကြောင်းကို အသိအမှတ်ပြုခဲ့သည်။ သူ ဤသို့ပြောခဲ့၏– “ငါသည် အပျိုကိုမျှမကြည့်မရှုမည်အကြောင်း ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။” (ယောဘ ၃၁:၁) ယောဘသည် အမျိုးသမီးတစ်ဦးကို အကျင့်ပျက်သောနည်းဖြင့် ကိုင်တွယ်ဖို့ ငြင်းဆိုရုံသာမက ထိုကဲ့သို့သောအတွေးမျိုးကို သူ၏စိတ်တွင်သိုထားရန်ပင် ခွင့်မပြုခဲ့ချေ။ “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” ဟု ယေရှု မိန့်တော်မူရာတွင် စိတ်နှလုံးသည် အကျင့်ပျက်အတွေးအခေါ်များနှင့် ကင်းစင်၍ သန့်ရှင်းရမည်ဖြစ်ကြောင်း အလေးပေးဖော်ပြနေခြင်းဖြစ်သည်။—မ. ၅:၂၈

ရှောင်ရှားသင့်သည့် အကျိုးမပြုသောအရာများ

၉။ (က) အင်တာနက်အသုံးပြုတဲ့အခါ ကျွန်ုပ်တို့ ဘာကြောင့်အထူးသတိရှိရမလဲ။ (ခ) ညစ်ညမ်းရုပ်ပုံစာပေကို တစ်ခဏလေးကြည့်ရုံနဲ့ ဘာရလဒ်ဖြစ်နိုင်သလဲ။

ယနေ့လောကတွင် အထူးသဖြင့် အင်တာနက်ပေါ်တွင် ညစ်ညမ်းရုပ်ပုံစာပေများကို ‘အဆက်မပြတ် ကြည့်ရှုခြင်း’ သည် သာမန်အရာအဖြစ် တိုးများလာလျက်ရှိသည်။ ထိုကဲ့သို့သောဆိုက်များကို ကျွန်ုပ်တို့ မရှာဖွေဘဲနှင့် ယင်းတို့ကို အမှတ်တမဲ့ ကြည့်ရှုမိနိုင်သည်။ အဘယ်နည်းအားဖြင့်နည်း။ မြှူဆွယ်သောရုပ်ပုံပါရှိသည့် ကြော်ငြာတစ်ခုသည် ကျွန်ုပ်တို့၏ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာပေမည်။ သို့မဟုတ် အန္တရာယ်ရှိပုံမရသော အီးမေးလ်တစ်စောင်ကို ဖွင့်လိုက်သည်နှင့် ယင်းသည် ညစ်ညမ်းရုပ်ပုံစာပေများ ရုတ်ခြည်းပေါ်လာပြီး ယင်းကိုပိတ်ရခက်အောင် ပြုလုပ်ထားပေမည်။ အကယ်၍ ထိုသူသည် ရုပ်ပုံကိုမဖျက်ပစ်မီ ခဏမျှအမှတ်တမဲ့ ကြည့်မိသည်ဆိုလျှင်ပင် ယင်းပုံရိပ်သည် သူ့စိတ်တွင် စွဲထင်ပြီးသားဖြစ်နေသည်။ ညစ်ညမ်းရုပ်ပုံစာပေများကို တစ်ခဏမျှ ကြည့်ရှုခြင်းကပင် ဝမ်းနည်းဖွယ် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။ ယင်းကိုကြည့်ရှုသူသည် အပြစ်ရှိသည်ဟုခံစားရနိုင်ကာ အကျင့်ပျက်မြင်ကွင်းများကို သူ၏စိတ်ထဲမှ ဖျောက်ဖျက်ပစ်ရန် ကြိုးစားရပေမည်။ ပို၍ဆိုးသည်မှာ တမင်တကာ “ဆက်ကြည့်” ခြင်းက သူ၏စိတ်နှလုံးတွင် မတော်လျော်သောလိုအင်ဆန္ဒများကို မသေစေသေးကြောင်း ဖော်ပြသည်။—ဧဖက် ၅:၃၊ ၄၊ ၁၂ ကိုဖတ်ပါ; ကော. ၃:၅၊ ၆

၁၀။ အထူးသဖြင့် ကလေးတွေက ဘာကြောင့် ညစ်ညမ်းရုပ်ပုံစာပေတွေကို တွန်းလှန်ဖို့အားနည်းရတာလဲ။ အဲဒါတွေကို ကြည့်ရှုခြင်းကနေ ဘာရလဒ်ရလာမလဲ။

၁၀ ကလေးများသည် သူတို့၏ စူးစမ်းလိုသော ပင်ကိုစိတ်ကြောင့် ညစ်ညမ်းရုပ်ပုံစာပေကြည့်မိသည့်အဖြစ်သို့ ကျရောက်သွားနိုင်သည်။ ထိုသို့ဖြစ်လျှင် လိင်မှုကိစ္စနှင့်ပတ်သက်၍ သူတို့၏ရှုမြင်ပုံအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်နိုင်သည်။ မှတ်တမ်းတစ်ခုက ဤသို့ဖော်ပြ၏– ယင်းဆိုးကျိုးများမှာ လိင်ဆိုင်ရာစံနှုန်းများနှင့် ပတ်သက်သည့် လွဲမှားသောအမြင်ရှိခြင်းမှသည် “မေတ္တာပါသော၊ အကျိုးပြုသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ခက်ခဲခြင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ မလျော်ကန်သောအမြင်ရှိခြင်းနှင့် ကျောင်းစာများ၊ မိသားစုနှင့် မိတ်ဆွေများအကြား ဆက်ဆံရေးကိုထိခိုက်နိုင်သည့် ညစ်ညမ်းရုပ်ပုံကြည့်သည့်အကျင့်စွဲခြင်း” တို့အထိ ပါဝင်နိုင်သည်။ နောက်ပိုင်း အိမ်ထောင်ဆက်ဆံရေးကိုပင် အကြီးအကျယ်ပျက်စီးစေနိုင်သည်။

၁၁။ ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းရဲ့ အန္တရာယ်ကို ဖော်ပြတဲ့ ဥပမာတစ်ခုပေးပါ။

၁၁ ခရစ်ယာန်ညီအစ်ကိုတစ်ဦး ဤသို့ရေးခဲ့သည်– “ကျွန်တော်သက်သေခံမဖြစ်ခင်က စွဲလမ်းခဲ့တဲ့ အရာအားလုံးကို ဖြတ်ဖို့ကြိုးစားတဲ့အခါ ညစ်ညမ်းရုပ်ပုံစာပေက ဖြတ်ရအခက်ဆုံးပဲ။ အမှတ်တမဲ့ရလိုက်တဲ့ အနံ့အသက်၊ ကြားရတဲ့ တေးသံ၊ မြင်လိုက်ရတဲ့ တစ်စုံတစ်ရာ၊ ဒါမှမဟုတ် ပျံ့လွင့်နေတဲ့ အတွေးတစ်ခုရဲ့ လှုံ့ဆော်မှုကြောင့် တစ်ခါတလေ အဲဒီပုံရိပ်တွေကို မြင်ယောင်နေတုန်းပဲ။ ဒါက နေ့စဉ်တိုက်နေရတဲ့ တိုက်ပွဲပဲ။” နောက်ညီအစ်ကိုတစ်ဦးသည် ကလေးဘဝတွင် လောကသားဖခင် ဖတ်ရှုသည့် ညစ်ညမ်းရုပ်ပုံမဂ္ဂဇင်းများကို မိဘများအိမ်တွင်မရှိခိုက် ကြည့်ရှုခဲ့သည်။ သူဤသို့ရေးခဲ့သည်– “ကျွန်တော်ရဲ့ နုနယ်တဲ့စိတ်ကို ဒီရုပ်ပုံတွေက ဆိုးဆိုးရွားရွားထိခိုက်ခဲ့တယ်။ အခု ၂၅ နှစ် ကြာပြီးသွားတာတောင် တချို့ရုပ်ပုံတွေကို ဦးနှောက်ထဲကနေ ဖျောက်ဖျက်လို့မရသေးဘူး။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲတိုက်ဖျက်ပါစေ၊ ခုထက်ထိ ရှိနေတုန်းပဲ။ ဒီအကြောင်းတွေ ဆက်မတွေးတော့တာတောင်မှ အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲ။” ဤကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်စေသည့် ခံစားချက်များမရှိအောင် အကျိုးမရှိသည့်အရာများကို မကြည့်ရှုခြင်းသည် ပညာရှိရာရောက်သည်။ ထိုသို့ဖြစ်ရန် လူတစ်ဦး မည်သို့ လုပ်ဆောင်နိုင်သနည်း။ ထိုသူသည် “အကြံအစည်ရှိသမျှကိုလည်း ထိန်းချုပ်လျက် ခရစ်တော်ကို နာခံ” ရန် ကြိုးစားဖို့လိုသည်။—၂ ကော. ၁၀:၅

၁၂၊ ၁၃။ ခရစ်ယာန်တွေက အကျိုးမရှိတဲ့ ဘယ်အရာတွေ ကြည့်ရှုခြင်းကို ရှောင်ရှားရမလဲ။ ဘာကြောင့်လဲ။

၁၂ ကျွန်ုပ်တို့ရှောင်ရမည့် ‘မကောင်းသောအမှုအရာ’ သို့မဟုတ် အကျိုးမရှိသည့်အရာနောက်တစ်ခုမှာ ရုပ်ပစ္စည်းလိုက်စားမှု သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သောအရာကို အားပေးအားမြှောက်ပြုသည့် သို့မဟုတ် အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုနှင့် သေခြင်းတို့ကို သရုပ်ဖော်တင်ဆက်ထားသည့် ဖျော်ဖြေရေးဖြစ်သည်။ (ဆာလံ ၁၀၁:၃ ကိုဖတ်ပါ။) ခရစ်ယာန်မိဘများသည် အိမ်တွင်ကြည့်ရှုရန် သူတို့ခွင့်ပြုမည့် အရာများနှင့်ပတ်သက်၍ ရွေးချယ်ရန် ယေဟောဝါရှေ့ တာဝန်ရထားကြသည်။ စစ်မှန်သောခရစ်ယာန်တစ်ယောက်ကမျှ နတ်ဝိဇ္ဇာအတတ်တွင် တမင်တကာပါဝင်ပတ်သက်ကြမည် မဟုတ်ချေ။ သို့တိုင် ရုပ်ရှင်များ၊ တီဗွီဇာတ်လမ်းတွဲများ၊ ဗီဒီယိုဂိမ်းများနှင့် ဟာသကားများ၊ သဘာ၀လွန် လျှို့ဝှက်ဆန်းကြယ်မှုများကို အသားပေးရေးသားထားသည့် ကလေးစာပေများကိုပင် မိဘများသတိပြုဖို့လိုသည်။—သု. ၂၂:၅

၁၃ ကျွန်ုပ်တို့သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏မျက်စိသည် အကြမ်းဖက်မှုများနှင့် သွေးထွက်သံယိုဖြစ်ပြီး သတ်ဖြတ်မှုများကို တင်ဆက်ထားသည့် ဗီဒီယိုဂိမ်းများဖြင့် မပျော်မွေ့သင့်ပေ။ (ဆာလံ ၁၁:၅ ကိုဖတ်ပါ။) ယေဟောဝါ ပြစ်တင်ရှုတ်ချထားသည့် မည်သည့်အရာပေါ်မဆို စိတ်စွဲလမ်းခြင်းကို ငြင်းပယ်ရမည်။ စာတန်သည် ကျွန်ုပ်တို့၏အတွေးအခေါ်များကို ပစ်မှတ်ထားနေကြောင်း သတိရပါ။ (၂ ကော. ၁၁:၃) လက်ခံနိုင်သည်ဟု သတ်မှတ်ထားသော ဖျော်ဖြေမှုများအတွက် အချိန်အလွန်အကျွံသုံးစွဲခြင်းပင်လျှင် ကျွန်ုပ်တို့၏မိသားစုဝတ်ပြုမှု၊ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနှင့် အစည်းအဝေးများအတွက် ပြင်ဆင်ရာတွင်အသုံးပြုသည့် အချိန်များကို ထိခိုက်နိုင်သည်။—ဖိ. ၁:၉၊ ၁၀

ယေရှု၏ပုံနမူနာကို လိုက်လျှောက်ပါ

၁၄၊ ၁၅။ ခရစ်တော်ကို စာတန် တတိယအကြိမ် သွေးဆောင်ခြင်းကနေ ဘာမှတ်သားနိုင်သလဲ။ ဒါကို ယေရှု ဘယ်လိုတုံ့ပြန်နိုင်ခဲ့သလဲ။

၁၄ ဤဆိုးညစ်သောလောကတွင် ကျွန်ုပ်တို့သည် အကျိုးမရှိသောအရာအချို့ကို မမြင်အောင် မရှောင်ရှားနိုင်ကြသည်မှာ ဝမ်းနည်းစရာပင်။ ယေရှုပင် ထိုအရာများနှင့် ရင်ဆိုင်ရန် ဖိအားပေးခံခဲ့ရသည်။ စာတန်သည် ယေရှုအား ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှ နောက်ဆုတ်သွားစေရန် ကြိုးစားသည့် တတိယအကြိမ်တွင် ‘ကိုယ်တော်ကို အလွန်မြင့်သောတောင်ပေါ်သို့ ခေါ်ဆောင်သွားပြီး လောကတိုင်းနိုင်ငံရှိသမျှနှင့် ယင်းတို့၏ဘုန်းစည်းစိမ်ကိုပြ ’ ခဲ့သည်။ (မ. ၄:၈) အဘယ်ကြောင့် စာတန်ဤသို့ပြုလုပ်ခဲ့သနည်း။ သူသည် မျက်စိ၏ အစွမ်းထက်သော ဩဇာလွှမ်းမိုးမှုမှ အမြတ်ထုတ်လိုခဲ့၍ဖြစ်သည်မှာ သံသယရှိစရာမလိုချေ။ လောကတိုင်းနိုင်ငံများ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်စေခြင်းက လောကတွင် ထင်ပေါ်ကျော်ကြားလိုသည့်ဆန္ဒ ဝင်လာစေရန် ယေရှုအား လှုံ့ဆော်ပေးပေမည်။ ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၅ ယေရှုသည် သွေးဆောင်မှုဖြစ်စေသည့် ဤကမ်းလှမ်းမှုကို အာရုံမစိုက်ခဲ့ချေ။ ကိုယ်တော်သည် မိမိစိတ်နှလုံးတွင် မှားယွင်းသောဆန္ဒများသိုထားရန် ခွင့်မပြုခဲ့ချေ။ ထို့ပြင် ကိုယ်တော်သည် စာတန်ကမ်းလှမ်းလာသည့်အရာများကို ငြင်းပယ်ရန်အတွက် အချိန်ယူစဉ်းစားမနေခဲ့ချေ။ ယေရှု ချက်ချင်းငြင်းပယ်ခဲ့သည်။ “အချင်းစာတန် ထွက်သွားလော့” ကိုယ်တော် အမိန့်ပေးခဲ့သည်။ (မ. ၄:၁၀) ယေရှုသည် ယေဟောဝါနှင့် မိမိ၏ဆက်ဆံရေးကို အဓိကအာရုံစိုက်ကာ ဘုရားသခင့်အလိုတော်ဆောင်ခြင်းဖြစ်သည့် မိမိ၏ဘဝရည်ရွယ်ချက်နှင့်အညီ ချေပခဲ့သည်။ (ဟေဗြဲ ၁၀:၇) ရလဒ်အနေနှင့် ယေရှုသည် စာတန်၏ စဉ်းလဲသည့်အစီအစဉ်ကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။

၁၆။ စာတန်ရဲ့သွေးဆောင်မှုတွေကို ယေရှုတုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

၁၆ ယေရှု၏ ပုံနမူနာမှ ကျွန်ုပ်တို့သင်ယူစရာများစွာရှိပါသည်။ ဦးဆုံး၊ စာတန်၏နည်းပရိယာယ်များမှ မည်သူမျှ မလွတ်ကင်းပါ။ (မ. ၂၄:၂၄) ဒုတိယ၊ ကျွန်ုပ်တို့ကြည့်ရှုလိုက်သည့်အရာသည် ကျွန်ုပ်တို့နှလုံး၏လိုအင်ဆန္ဒများကို အကောင်းဘက်သို့ဖြစ်စေ၊ အဆိုးဘက်သို့ဖြစ်စေ တွန်းအားပေးနိုင်သည်။ တတိယ၊ စာတန်သည် “မျက်စိတပ်မက်မှု” ကို အသုံးချ၍ ကျွန်ုပ်တို့လမ်းလွဲသွားစေရန် သူအတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။ (၁ ပေ. ၅:၈) စတုတ္ထ၊ အထူးသဖြင့် အချိန်မဆွဲဘဲ တုံ့ပြန်မည်ဆိုလျှင် ကျွန်ုပ်တို့လည်း စာတန်ကို ဆီးတားနိုင်သည်။—ယာ. ၄:၇; ၁ ပေ. ၂:၂၁

သင့်မျက်စိကို “ရိုးရှင်း” စွာထားပါ

၁၇။ အကျိုးမရှိတဲ့အရာတွေနဲ့ မတွေ့ကြုံရသေးခင်ကတည်းက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားခြင်းက ဘာကြောင့် ပညာရှိရာရောက်သလဲ။

၁၇ ယေဟောဝါထံ ကျွန်ုပ်တို့၏အပ်နှံမှုတွင် အကျိုးမရှိသောအရာများကို ရှောင်ကြဉ်မည်ဟု အလေးအနက်ကတိပြုခြင်း ပါဝင်သည်။ ဘုရားသခင့်အလိုတော်ဆောင်ဖို့ ကတိပြုရာတွင် ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့လည်း ပြောနိုင်ပါသည်– ‘နှုတ်မြွက်တော်ကို စောင့်လိုသောငှာ မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏။’ (ဆာ. ၁၁၉:၁၀၁) သွေးဆောင်မှုများကို မည်သို့တုံ့ပြန်မည်နှင့်ပတ်သက်၍ ကြိုတင်စဉ်းစားထားခြင်းက ပညာရှိရာရောက်ပါလိမ့်မည်။ သမ္မာကျမ်းစာ ပြစ်တင်ရှုတ်ချထားသော ကိစ္စရပ်များကို ကျွန်ုပ်တို့ ရှင်းလင်းပြတ်သားစွာ သိထားကြသည်။ စာတန်၏ အကြံအစည်များကို ကျွန်ုပ်တို့မသိဘဲမနေပါ။ စာတန်သည် ယေရှုအား ကျောက်ခဲများကို မုန့်အဖြစ်သို့ပြောင်းလဲပစ်ရန် ဘယ်အချိန်တွင် သွေးဆောင်ခဲ့သနည်း။ ရက် ၄၀ ပတ်လုံး အစာရှောင်ပြီးသည့်နောက် “ဆာလောင်” နေချိန်တွင် ဖြစ်သည်။ (မ. ၄:၁-၄) ကျွန်ုပ်တို့ အားနည်းနေသည့်အချိန်နှင့် သွေးဆောင်မှုများကို အလျှော့ပေးနိုင်သည့်အချိန်များကို စာတန် သိမြင်နိုင်သည်။ ထို့ကြောင့် ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ အသေအချာစဉ်းစားသုံးသပ်ရမည့်အချိန်မှာ ယခု အချိန်ပင် ဖြစ်သည်။ အချိန်မရွှေ့ဆိုင်းပါနှင့်။ ယေဟောဝါအား အပ်နှံထားသည့် ကျွန်ုပ်တို့၏ ကတိသစ္စာကို နေ့စဉ်စိတ်စွဲမှတ်ထားမည်ဆိုလျှင် အကျိုးမရှိသည့်အရာများကို ရှောင်ရှားရန် အခိုင်အမာ စိတ်ပိုင်းဖြတ်နိုင်ပါလိမ့်မည်။—သု. ၁:၅; ၁၉:၂၀

၁၈၊ ၁၉။ (က) “ရိုးရှင်း” တဲ့ မျက်စိရှိသူနဲ့ “ဆိုးညစ်” တဲ့ မျက်စိရှိသူတို့ ဘာကွာခြားသလဲ။ (ခ) တန်ဖိုးရှိတဲ့အရာတွေကို ဆက်ပြီးစဉ်းစားသုံးသပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဖိလိပ္ပိ ၄:၈ က အဲဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဘာအကြံပေးထားသလဲ။

၁၈ ကျွန်ုပ်တို့ကို စိတ်ပျံ့လွင့်စေသည့် ပို၍ပို၍ဆွဲဆောင်မှုဖြစ်သောအရာများနှင့် နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ မျက်စိကို “ရိုးရှင်း” စေပါဟူသော ယေရှု၏သတိပေးချက်ကို ခါတိုင်းထက်ပို၍ လိုက်လျှောက်ရန် အရေးကြီးသည်။ (မ. ၆:၂၂၊ ၂၃) “ရိုးရှင်း” သောမျက်စိသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းဟူသော ရည်ရွယ်ချက်တစ်ခုတည်းအပေါ် လုံးလုံးအာရုံစိုက်သည်။ ယင်းနှင့်ဆန့်ကျင်လျက် “ဆိုးယုတ်” သော မျက်စိသည် ပရိယာယ်များ၍ လိုချင်စိတ်များပြီး အကျိုးမရှိသောအရာများအပေါ်သာ အာရုံစူးစိုက်သည်။

၁၉ ကျွန်ုပ်တို့မျက်စိကြည့်ရှုရာသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တန်ဖိုးရှိသောအရာများကို ဆက်၍စဉ်းစားသုံးသပ်ရန် အလွန်အရေးကြီးသည်။ (ဖိလိပ္ပိ ၄:၈ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် ဆာလံဆရာ၏ ဆုတောင်းချက်ကို ပဲ့တင်ထပ်နိုင်ကြပါစေ– ‘အကျိုးမရှိသောအရာကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။’ ထို့နောက် ကျွန်ုပ်တို့၏ဆုတောင်းချက်နှင့်အညီ ပြုမူနေထိုင်ရန် ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ‘လမ်းခရီးတော်၌ အသက်ရှင်စေတော်မူမည်’ ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ကြပါသည်။—ဆာ. ၁၁၉:၃၇; ဟေဗြဲ ၁၀:၃၆

အောက်ပါအချက်တွေနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ဘယ်အရာကို မှတ်မိသင့်သလဲ

• ကျွန်ုပ်တို့ရဲ့ မျက်စိ၊ စိတ်နှလုံးတို့အကြား ဆက်စပ်မှု။

• ညစ်ညမ်းရုပ်ပုံစာပေ ကြည့်ရှုခြင်းရဲ့ အန္တရာယ်များ။

• ကျွန်ုပ်တို့ရဲ့ မျက်စိကို “ရိုးရှင်း” စွာ ထားခြင်းရဲ့ အရေးကြီးမှု။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

ခရစ်ယာန်တွေက ဘယ်အကျိုးမရှိတဲ့အရာတွေ ကြည့်ရှုတာကို ရှောင်ရမလဲ