အခက်အခဲများကို ခံရပ်ခြင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ခိုင်မြဲစေ
အခက်အခဲများကို ခံရပ်ခြင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ခိုင်မြဲစေ
အေဒါ ဒဲလို စထရစ်တို ပြောပြသည်
ကျွန်တော့်ရဲ့မှတ်စုစာအုပ်ထဲကို နေ့စဉ်ကျမ်းချက် ကူးထည့်တာ ခုလေးတင်ပဲ ပြီးသွားတယ်။ ကျွန်တော့်အသက်က ၃၆ နှစ်ပါ၊ ဒါပေမဲ့ အဲဒီစာကြောင်းနည်းနည်းလေးကို ရေးဖို့ နှစ်နာရီတောင်ကြာတယ်။ ဘာကြောင့် ဒီလောက်ကြာရတာလဲ။ ကျွန်တော့်ရဲ့အမေက ရှင်းပြပါလိမ့်မယ်။—ဂျိုအဲလ်
ကျွန်မခင်ပွန်းနဲ့ ကျွန်မက ၁၉၆၈ ခုနှစ်မှာ ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။ ဒေးဗစ်နဲ့ မာ့ခ် လို့ခေါ်တဲ့ ကျန်းမာသန်စွမ်းတဲ့ သားနှစ်ဦးကို မွေးဖွားပြီးတဲ့နောက် တတိယသား ဂျိုအဲလ် ကိုရလာတယ်။ ၁၉၇၃ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စဲလ်စ်မြို့ရဲ့တောင်ဘက် မိုင် ၄၀ အကွာမှာရှိတဲ့ ဘင့်န်ရှ်မြို့ရဲ့ ဆေးရုံတစ်ရုံမှာ သူ့ကို လမစေ့ဘဲမွေးခဲ့တယ်။ သားက ၃ ပေါင်နဲ့ ၁၂ အောင်စပဲ ရှိတယ်။ ကျွန်မ ဆေးရုံကနေဆင်းလာတဲ့အချိန်မှာ ဂျိုအဲလ်ကိုတော့ ကိုယ်အလေးချိန်တက်လာဖို့ ဆေးရုံမှာ ထားခဲ့ရတယ်။
အပတ်အနည်းငယ်ကြာပြီးတာတောင်မှ သားမှာ တိုးတက်တဲ့လက္ခဏာမပြတဲ့အတွက် ကျွန်မနဲ့ ကျွန်မအမျိုးသား လူးဂျီက သူ့ကို ကလေးအထူးကုဆီ ခေါ်သွားခဲ့တယ်။ ဆရာဝန်က စစ်ဆေးပြီးတဲ့နောက် ဒီလိုပြောတယ်– “စိတ်မကောင်းပါဘူး။ သူ့အစ်ကိုတွေမှာမရှိခဲ့တဲ့ ပြဿနာအားလုံး သူ့မှာရှိပုံရတယ်။” အကြာကြီးတိတ်ဆိတ်သွားခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မသိလိုက်ရတာက ကျွန်မတို့ရဲ့သားငယ်လေးမှာ အရမ်းဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ရှိနေပြီဆိုတာပဲ။ အဲဒီနောက် ဆရာဝန်က ကျွန်မအမျိုးသားရဲ့ဘေးနားကပ်ပြီး “ခင်ဗျားတို့ရဲ့သားမှာ ဒေါင်းရောဂါလို့ လူသိများတဲ့ ထရိုင်ဆိုမီ ၂၁” ရောဂါရှိနေတယ် လို့ပြောတယ်။ *
ကလေးအထူးကုဆရာဝန်ရဲ့ ရောဂါအမည်ဖော်ထုတ်မှုကြောင့် ဝမ်းနည်းခဲ့ရပြီး အထူးကုဆရာဝန်နောက်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ကျွန်မတို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆရာဝန်က စကားတစ်ခွန်းမှမပြောဘဲ သားငယ်လေး ဂျိုအဲလ်ကို တစ်နာရီလောက် အသေအချာစမ်းသပ်ခဲ့တယ်။ လူးဂျီနဲ့ကျွန်မအတွက် အဲဒီအချိန်က မကုန်ဆုံးနိုင်လောက်အောင် ကြာနေပုံပေါက်ခဲ့တယ်။ နောက်ဆုံးတော့ ဆရာဝန်က အဖြေရှာတွေ့ပြီး ကြင်နာတဲ့လေသံနဲ့ ဒီလိုပြောခဲ့တယ်– “ခင်ဗျားတို့ရဲ့သားက ခင်ဗျားတို့အပေါ် လုံးလုံးမှီခိုအားကိုးရတော့မယ်။ ဒါပေမဲ့ ဂျိုအဲလ်က သူ့ကိုချစ်တဲ့မိဘတွေကြောင့် ပျော်ရွှင်ရမှာပါ။” စိတ်ထိခိုက်စွာနဲ့ပဲ ကလေးကိုပွေ့ချီပြီး အိမ်ပြန်လာခဲ့ကြတယ်။ အဲဒီတုန်းက သားက ရှစ်ပတ်သားအရွယ်ပေါ့။
ခရစ်ယာန်အစည်းအဝေးများနှင့် ဓမ္မအမှုက ကျွန်မတို့ကို ခွန်အားပေးခဲ့
ဂျိုအဲလ်က ဆိုးရွားလှတဲ့ နှလုံးအရွယ်အစား ပုံမမှန်ခြင်းနဲ့ ပြင်းထန်တဲ့သူငယ်
အရိုးပျော့နာတွေကိုလည်း ခံစားနေရတယ်ဆိုတာကို နောက်ထပ်ဆေးစစ်ချက်တွေအရသိရတယ်။ သူရဲ့နှလုံးက အရမ်းကြီးနေတဲ့အတွက် အဆုတ်ကိုဖိထားလို့ ရောဂါကူးစက်လွယ်စေတယ်။ သိပ်မကြာလိုက်ပါဘူး၊ ဂျိုအဲလ် လေးလသားအရွယ်မှာ အဆုတ်ရောင်ရောဂါဖြစ်လို့ ဆေးရုံကိုပြန်သွားခဲ့ရပြီး ရောဂါမကူးစက်အောင် သူ့ကို သီးသန့်ထားခဲ့ရတယ်။ သူခံစားနေရတာကိုမြင်ရတာ ကျွန်မတို့ ရင်ကွဲမတတ်ပဲ။ ကျွန်မတို့တွေ သူ့ကိုပွေ့ချီပြီး ချော့မြူချင်ပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဆယ်ပတ်လုံးလုံး သူ့ကို တို့ထိခွင့်တောင် မရခဲ့ဘူး။ လူးဂျီနဲ့ ကျွန်မက တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။အဲဒီလို အလူးအလဲခံစားရတဲ့အချိန်တွေမှာ ကျွန်မတို့က အသက် ၆ နှစ်နဲ့ ၃ နှစ်အရွယ်ရှိတဲ့ ဒေးဗစ်၊ မာ့ခ်တို့နဲ့အတူ အသင်းတော်အစည်းအဝေးတွေကို မပြတ်တက်ရောက်ခဲ့တယ်။ ကျွန်မတို့အတွက် နိုင်ငံတော်ခန်းမထဲမှာ ရှိနေရတာက ယေဟောဝါရဲ့လက်တော်မှာ ပွေ့ပိုက်ခံထားရသလိုပဲ။ ခရစ်ယာန်ညီအစ်ကိုညီအစ်မအလယ်မှာ နေရတဲ့အချိန်က ကျွန်မတို့ရဲ့ဝန်တွေကို ယေဟောဝါထံမှာ ချထားသလိုခံစားရတယ်၊ ပြီးတော့ အတော့်ကိုစိတ်ငြိမ်သက်မှု ခံစားရတယ်။ (ဆာ. ၅၅:၂၂) ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ခြင်းက ကျွန်မတို့ကို စိတ်တည်ငြိမ်စေတယ်ဆိုတာ ဂျိုအဲလ်ကို ပြုစုပေးတဲ့ သူနာပြုဆရာမတွေတောင်မှ သတိပြုမိခဲ့တယ်။
အဲဒီအချိန်အတောအတွင်း လယ်ကွင်းဓမ္မအမှုမှာ ပါဝင်နိုင်ဖို့ ခွန်အားပေးပါလို့လည်း ယေဟောဝါထံ အသနားခံခဲ့တယ်။ အိမ်မှာနေပြီး ငိုနေမယ့်အစား ဘုရားသခင့်ကတိတော်ဖြစ်တဲ့ အဖျားအနာမရှိတော့မယ့် ကမ္ဘာသစ်ကို ကျွန်မဘာကြောင့် ယုံကြည်ရသလဲဆိုတာ တခြားသူတွေကို ပြောပြချင်တယ်။ အမှုဆောင်ထွက်နိုင်တဲ့အခါတိုင်း ယေဟောဝါက ကျွန်မရဲ့ဆုတောင်းချက်တွေကို ဖြေကြားတယ်လို့ ခံစားခဲ့ရတယ်။
“သိပ်အံ့သြဖို့ကောင်းတယ်”
နောက်ဆုံးတော့ ဂျိုအဲလ်ကို ဆေးရုံကနေ အိမ်ကိုပြန်ခေါ်နိုင်ခဲ့တဲ့နေ့က အပျော်ဆုံးနေ့တစ်နေ့ပဲ။ ဒါပေမဲ့ နောက်တစ်နေ့ကျတော့ ကျွန်မတို့ရဲ့အပျော်တွေက ဝမ်းနည်းစရာအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဂျိုအဲလ်ရဲ့ အခြေအနေက သိသိသာသာဆိုးရွားလာလို့ ဆေးရုံကို အပြေးအလွှားသွားခဲ့ရတယ်။ သူ့ကို စမ်းသပ်ပြီးတဲ့နောက်မှာတော့ ဆရာဝန်က ဒီလိုပြောတယ်– “ဂျိုအဲလ်က အများဆုံး ခြောက်လပဲ ခံတော့မယ်။” နှစ်လကြာပြီးတဲ့နောက် သူ့အသက် ရှစ်လသားအရွယ်မှာ ဂျိုအဲလ်ရဲ့ အခြေအနေက ဆုတ်ယုတ်လာလို့ ဆရာဝန်ရဲ့ခန့်မှန်းချက်က မှန်နေပုံရတယ်။ ဆရာဝန်က ကျွန်မတို့နဲ့အတူထိုင်ပြီး ဒီလိုပြောတယ်– “စိတ်တော့မကောင်းပါဘူးဗျာ။ သူ့အတွက် ကျွန်တော်တို့ဘက်က လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး။” ပြီးတော့ သူဒီလိုထပ်ပြောတယ်– “ဒီအချိန်မှာတော့ သူ့ကိုကူညီနိုင်တာ ယေဟောဝါပဲရှိတော့တယ်။”
ကျွန်မ ဂျိုအဲလ်ရဲ့ ဆေးရုံအခန်းကို ပြန်သွားခဲ့တယ်။ လူရောစိတ်ပါ နွမ်းလျမောဟိုက်နေပေမဲ့ သူ့ရဲ့အနားက တစ်ဖဝါးမှမခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ လူးဂျီက ကျွန်မတို့ရဲ့သားနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေရတာကြောင့် ခရစ်ယာန်ညီအစ်မတွေက ကျွန်မနဲ့အတူ အလှည့်ကျစောင့်ပေးကြတယ်။ တစ်ပတ်တော့ ကုန်ဆုံးခဲ့ပြီ။ အဲဒီနောက် ရုတ်တရက်ဆိုသလိုပဲ ဂျိုအဲလ်ရဲ့နှလုံး ဖောက်လာတယ်။ သူနာပြုဆရာမတွေက သူ့ကိုအကူအညီပေးဖို့အတွက် အခန်းထဲကို အပြေးအလွှားဝင်လာကြပေမဲ့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် သူတို့ထဲက တစ်ယောက်က “မရတော့ဘူး” လို့ လေသံလေးနဲ့ ပြောတယ်။ ခြေကုန်လက်ပန်းကျနေတဲ့ ကျွန်မက ငိုချလိုက်ပြီး အခန်းထဲက ထွက်လာတယ်။ ယေဟောဝါကို ဆုတောင်းဖို့ကြိုးစားပေမဲ့ ကျွန်မရဲ့နာကျင်ခံစားမှုကို ဖော်ပြဖို့ စကားလုံးရှာမတွေ့နိုင်ခဲ့ဘူး။ ၁၅ မိနစ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့ သူနာပြုဆရာမတစ်ယောက်က “ဂျိုအဲလ် ပြန်သတိရလာပြီ” လို့ အော်ပြောတယ်။ ကျွန်မကို တွဲခေါ်သွားပြီး “လာပါ၊ အခု အစ်မ သူ့ကို ကြည့်လို့ရပြီ” လို့ပြောတယ်။ ကျွန်မ ဂျိုအဲလ်ဆီရောက်တဲ့အခါ သူ့နှလုံးက ပြန်ခုန်နေပြီ။ သူပြန်ကောင်းလာပြီဆိုတဲ့သတင်းက ချက်ချင်းပျံ့သွားတယ်။ သူနာပြုဆရာမတွေနဲ့ ဆရာဝန်တွေက သူ့ကို လာကြည့်ကြပြီး တော်တော်များများက “သိပ်အံ့သြဖို့ကောင်းတယ်” လို့ပြောကြတယ်။
လေးနှစ်သားအရွယ်တွင် အံ့ဖွယ်တိုးတက်မှု
ဂျိုအဲလ်ဘဝရဲ့ အစောပိုင်းနှစ်တွေအတောအတွင်း ကလေးအထူးကုဆရာဝန်က ကျွန်မတို့ကို မကြာခဏဆိုသလို ဒီလိုပြောတယ်– “ဂျိုအဲလ်က မေတ္တာအတော်လိုအပ်တယ်။” လူးဂျီနဲ့ကျွန်မက ဂျိုအဲလ်လေးကို မွေးပြီးတဲ့နောက် အထူးသဖြင့် ယေဟောဝါရဲ့မေတ္တာပါ
တဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ခံစားရတာကြောင့် ကျွန်မတို့ရဲ့သားလေးကိုလည်း မေတ္တာပါပါ ဂရုစိုက်လိုခဲ့တယ်။ သူဘာပဲလုပ်လုပ် ကျွန်မတို့ရဲ့အကူအညီလိုအပ်တဲ့အတွက် သူ့ကိုမေတ္တာပြဖို့ အခွင့်အရေးအများကြီးရခဲ့တယ်။ဂျိုအဲလ်ဘဝရဲ့ အစပိုင်း ၇ နှစ်မှာ နှစ်တိုင်းပဲ တူညီတဲ့ဆက်တိုက်ဖြစ်စဉ်တွေနဲ့ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတယ်။ အောက်တိုဘာကနေ မတ်လအထိ သူရောဂါတစ်မျိုးပြီးတစ်မျိုး ဖြစ်နေတာကြောင့် ဆေးရုံကို သွားချည်ပြန်ချည်လုပ်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ရဲ့သား ဒေးဗစ်နဲ့ မာ့ခ်တို့အတွက် အတတ်နိုင်ဆုံး ကျွန်မရဲ့ အချိန်အတော်များများကို ပေးနိုင်ဖို့ကြိုးစားခဲ့တယ်။ သူတို့ကလည်း ဂျိုအဲလ်ကို အတော်လေးကူညီပေးတာကြောင့် အံ့ဩစရာကောင်းအောင် တိုးတက်လာခဲ့တယ်။ ဥပမာအနေနဲ့ ဆရာဝန်အတော်များများက ဂျိုအဲလ် ဘယ်တော့မှ လမ်းလျှောက်နိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ ဒါပေမဲ့ ဂျိုအဲလ်လေးနှစ်အရွယ်ရှိတဲ့တစ်နေ့မှာတော့ ကျွန်မတို့ရဲ့သား မာ့ခ်ကဒီလိုပြောတယ်– “ဂျိုအဲလ် လာ၊ မာမီကို မင်းလုပ်နိုင်တယ်ဆိုတာ ပြလိုက်လေ။” ဂျိုအဲလ်က သူ့ရဲ့ ဦးဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့လို့ ကျွန်မ အရမ်းအံ့သြခဲ့ရတယ်။ ကျွန်မတို့ ဝမ်းသာလွန်းလို့ ယေဟောဝါကို ကျေးဇူးတင်တဲ့အနေနဲ့ မိသားစုလိုက် အတူတကွ လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့ကြတယ်။ အခြားအချိန်တွေမှာ ဂျိုအဲလ်က တစ်ခုခုမှာ နည်းနည်းတိုးတက်လာရင်တောင် အားတက်သရော အမြဲချီးမွမ်းပေးကြတယ်။
ဘုရားသခင်အကြောင်း နို့စို့အရွယ်ကတည်းက သင်ကြားပေးခြင်းက အကျိုးရှိစေ
ဖြစ်နိုင်တဲ့အခါတိုင်း ကျွန်မတို့က ဂျိုအဲလ်ကို အစည်းအဝေးတွေကို ခေါ်သွားတယ်။ သူက အလွယ်တကူဖျားနာတတ်တဲ့အတွက် ရောဂါပိုးကနေ သူ့ကိုကာကွယ်ပေးဖို့ ပလတ်စတစ်အကြည်နဲ့ဖုံးထားတဲ့ အထူးကလေးလက်တွန်းလှည်းထဲ ထည့်ထားရတယ်။ အဲဒီအဖုံးထဲမှာ ထိုင်နေရတာတောင်မှ သူက အသင်းတော်မှာရှိနေရတာကို ပျော်တယ်။
မေတ္တာနဲ့ လက်တွေ့ကျအကူအညီတွေပေးတဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေက ကျွန်မတို့အတွက် ခွန်အားရှိစေတဲ့ ရင်းမြစ်တစ်ခုဖြစ်ခဲ့တယ်။ ညီအစ်ကိုတစ်ဦးက ကျွန်မတို့ကို ဟေရှာယ ၅၉:၁ မှာပါတဲ့စကားတွေကို မကြာခဏ သတိရစေခဲ့တယ်– ‘ကြည့်ရှုလော့။ ယေဟောဝါသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။’ ဒီအာမခံချက်က ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ကျွန်မတို့ကို ကူညီပေးခဲ့တယ်။
ဂျိုအဲလ်ကြီးလာတာနဲ့အမျှ သူ့ဘဝမှာ ယေဟောဝါကို အမှုဆောင်ခြင်းက အဓိကဖြစ်ဖို့ ကျွန်မတို့ ကြိုးစားခဲ့တယ်။ အခွင့်အရေးရတိုင်း ကျွန်မတို့က သူ့ကို ယေဟောဝါအကြောင်းပြောပြတဲ့အတွက် ကောင်းကင်ခမည်းတော်နဲ့ ဂျိုအဲလ်ရဲ့ မေတ္တာနှောင်ကြိုးက ပိုခိုင်မြဲလာတယ်။ ကျွန်မတို့ရဲ့လုပ်ဆောင်မှုတွေအပေါ် ယေဟောဝါ ကောင်းချီးပေးမှ ဒီလေ့ကျင့်ပေးမှုက အကျိုးဖြစ်ထွန်းမှာဖြစ်လို့ ကိုယ်တော့်ထံ အသနားခံတောင်းလျှောက်ခဲ့ကြတယ်။
သူ မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့အခါ တွေ့တဲ့သူတွေကို ကျမ်းစာအမှန်တရားအကြောင်း ပျော်ရွှင်စွာဝေမျှတာကို ကျွန်မတို့မြင်တွေ့ရတဲ့အတွက် ဝမ်းသာခဲ့ကြတယ်။ အသက် ၁၄ နှစ်အရွယ်မှာ ကြီးမားတဲ့ခွဲစိတ်မှုကနေ နာလန်ထူခါစမှာ ဂျိုအဲလ်က “မာမီ ထာဝစဉ်အသက်ရှင် စာအုပ်ကို ခွဲစိတ်ဆရာဝန်ကို ပေးလို့ရမလား” လို့ ကျွန်မကို မေးတဲ့အတွက် အရမ်းဝမ်းသာခဲ့ရတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက် ဂျိုအဲလ်က နောက်တစ်ခါ ခွဲစိတ်ခံခဲ့ရတယ်။ သူ အသက်ရှင်ချင်မှရှင်မယ်ဆိုတာ ကျွန်မတို့ ကောင်းကောင်းသိတယ်။ မခွဲစိတ်ခင်မှာ ကျွန်မတို့ ဂျိုအဲလ်နဲ့အတူပြင်ဆင်ခဲ့ကြတဲ့ စာတစ်စောင်ကို သူက ဆရာဝန်လက်ထဲ ထည့်ပေးလိုက်တယ်။ အဲဒီစာမှာ သွေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ရပ်တည်ချက်အကြောင်းကို ရှင်းပြထားတယ်။ ခွဲစိတ်ဆရာဝန်က ဂျိုအဲလ်ကို “မင်း သဘောတူသလား” လို့ မေးခဲ့တယ်။ ဂျိုအဲလ်က “သဘောတူပါတယ်၊ ဆရာ” လို့ အခိုင်အမာပြန်ဖြေခဲ့တယ်။ ဖန်ဆင်းရှင်အပေါ် သားရဲ့ယုံကြည်ချက်နဲ့ ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေတဲ့ သားရဲ့ဆုံးဖြတ်ချက်ကြောင့် ကျွန်မတို့ အရမ်းဂုဏ်ယူခဲ့ကြတယ်။ ဆေးရုံဝန်ထမ်းတွေရဲ့ ဖေးမကူညီပေးမှုတွေအတွက် ကျွန်မတို့ တကယ့်ကို ကျေးဇူးတင်လေးမြတ်ပါတယ်။
အမှန်တရားတွင် ဂျိုအဲလ်၏ တိုးတက်မှု
အသက် ၁၇ နှစ်မှာ ဂျိုအဲလ်က ဘုရားသခင်ထံ သူရဲ့အပ်နှံခြင်းကို ရေမှာနှစ်ခြင်းခံခြင်းအားဖြင့် ပြသခဲ့တယ်။ ကျွန်မတို့ အဲဒီနေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အမှန်တရားမှာ သူတိုးတက်နေတာကို မြင်တွေ့ရလို့ ကျွန်မတို့ အရမ်းပျော်ရွှင်ခဲ့ကြတယ်။ အဲဒီအချိန်ကတည်းက ယေဟောဝါကိုချစ်တဲ့ သူ့ရဲ့မေတ္တာနဲ့ အမှန်တရားအတွက် သူ့ရဲ့ ဇွဲထက်သန်မှုဟာ မလျော့နည်းခဲ့ဘူး။ တကယ်ပါပဲ၊ တွေ့သမျှလူအားလုံးကို “အမှန်တရားက ကျွန်တော့်ရဲ့ဘဝပဲ” လို့ ပြောရတာကို ဂျိုအဲလ် နှစ်သက်တယ်။
ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်မှာ ဂျိုအဲလ်ဟာ ရေးတတ်ဖတ်တတ်ဖို့ သင်ယူခဲ့တယ်။ အဲဒီအတွက် သူအတော့်ကို ကြိုးစားအားထုတ်ခဲ့ရတယ်။ သူရေးချနိုင်တဲ့ စကားလုံးလေးတစ်လုံးစီက အောင်မြင်မှုကြီးတစ်ခုပဲ။ အဲဒီအချိန်ကစပြီး သူဟာ ကျမ်းစာကိုနေ့စဉ်စေ့စေ့ဆန်းစစ်ခြင်း စာအုပ်ထဲက နေ့စဉ်ကျမ်းချက်ကို လေ့လာသုံးသပ်ခြင်းနဲ့ နေ့ရက်တိုင်းကို အစပြုခဲ့တယ်။ ပြီးတဲ့နောက် သူက ဝီရိယစိုက်ပြီး ကျမ်းချက်ကို သူရဲ့မှတ်စုစာအုပ်ထဲ ကူးထည့်ခဲ့တာ အခုဆိုရင် စွဲမှတ်စရာ စုဆောင်းမှုတစ်ခုဖြစ်နေပြီ။
အစည်းအဝေးရှိတဲ့ရက်တွေမှာဆိုရင် ဂျိုအဲလ်က ခန်းမထဲဝင်လာတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုချင်လို့ ကျွန်မတို့ နိုင်ငံတော်ခန်းမကို ခပ်စောစောရောက်ဖို့ သူအသေအချာပြင်ဆင်တယ်။ အစည်းအဝေးအတွင်းမှာ မှတ်ချက်တွေပေးရတာနဲ့ သရုပ်ပြတွေမှာ ပါဝင်ရတာကို သူ နှစ်သက်တယ်။ ပြီးတော့ မိုက်ကရိုဖုန်းတွေ ကိုင်ပေးတာနဲ့ တခြားတာဝန်တွေကိုလည်း ကူညီပေးတယ်။ သူနေကောင်းတယ်ဆိုရင် ကျွန်မတို့နဲ့အတူ အပတ်တိုင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တယ်။ ၂၀၀၇ ခုနှစ်မှာ ဂျိုအဲလ်ကို ဓမ္မအမှုထမ်းတစ်ဦးအဖြစ် ခန့်အပ်လိုက်ပြီလို့ အသင်းတော်မှာ ကြေညာခဲ့တယ်။ ကျွန်မတို့ ဝမ်းသာမျက်ရည်တွေ ကျခဲ့ကြတယ်။ ယေဟောဝါထံက တကယ့်ကြင်နာတဲ့ကောင်းချီးတစ်ခုပဲ။
ယေဟောဝါ ကျွန်မတို့ကို ကူညီပေးတယ်လို့ခံစားရ
၁၉၉၉ ခုနှစ်မှာ ကျွန်မတို့ နောက်ထပ်စမ်းသပ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြန်တယ်။ မဆင်မခြင်မောင်းတဲ့ ယာဉ်မောင်းက ကျွန်မတို့ကားကို တိုက်ခဲ့တဲ့အတွက် လူးဂျီ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သူ့ရဲ့ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး သူ့ရဲ့ကျောရိုးကို ကြီးမားတဲ့ခွဲစိတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းကနေ ကိုယ်တော်ဟာ လိုအပ်နေတဲ့ မိမိရဲ့ကျေးကျွန်တွေကို ခွန်အားပေးတယ်ဆိုတာ ကျွန်မတို့ နောက်တစ်ခါ ခံစားခဲ့ရပြန်တယ်။ (ဖိ. ၄:၁၃) လူးဂျီက မသန်မစွမ်းဖြစ်နေပေမဲ့လည်း အကောင်းဘက်ကမြင်ဖို့ ကျွန်မတို့ကြိုးစားခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူက လောကအလုပ်မလုပ်နိုင်တော့တဲ့အတွက် ဂျိုအဲလ်ကို ကြည့်ရှုဖို့ အချိန်ပိုရလာတယ်။ ဒါက ကျွန်မကို ဝတ်ပြုရေးနဲ့ဆိုင်တဲ့အလုပ်တွေလုပ်ဖို့ အချိန်ပိုရစေတယ်။ လူးဂျီလည်း ကျွန်မတို့မိသားစုရဲ့ ဝတ်ပြုရေးနဲ့ အသင်းတော်ကို ပိုပြီးအာရုံစိုက်နိုင်တဲ့အတွက် အသင်းတော်အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးအဖြစ် ဆက်အမှုဆောင်နိုင်ခဲ့တယ်။
ကျွန်မတို့ရဲ့ ထူးခြားတဲ့အခြေအနေကြောင့် အချိန်အတော်များများကို ကျွန်မတို့မိသားစုလိုက် အတူတကွ အသုံးပြုကြတယ်။ အချိန်တွေကုန်လာတာနဲ့အမျှ အကျိုးသင့်အကြောင်းသင့်ရှိဖို့နဲ့ တတ်နိုင်တာထက် ပိုပြီးမမျှော်လင့်ဖို့ ကျွန်မတို့ သင်ယူခဲ့ကြတယ်။ ကျွန်မတို့တွေ စိတ်ပျက်အားလျော့တယ်လို့ ခံစားရတဲ့နေ့တွေမှာ ကျွန်မတို့ရဲ့ ခံစားချက်တွေကို ယေဟောဝါထံ ဆုတောင်းပြီး ပြောပြကြတယ်။ ဝမ်းနည်းစရာကောင်းတာက ကျွန်မတို့ရဲ့သား ဒေးဗစ်နဲ့ မာ့ခ်က အရွယ်ရောက်လာတဲ့အခါ အိမ်ကနေထွက်သွားပြီး တဖြည်းဖြည်းနဲ့ ယေဟောဝါကို ဝတ်မပြုကြတော့ဘူး။ သူတို့တစ်တွေ ယေဟောဝါထံ ပြန်လှည့်လာမယ်လို့ ကျွန်မတို့ မျှော်လင့်နေတုန်းပဲ။—လု. ၁၅:၁၇-၂၄။
နှစ်တွေတစ်လျှောက် ကျွန်မတို့ဟာ ယေဟောဝါရဲ့ထောက်မမှုကို ခံစားခဲ့ရပြီး အခက်အခဲကြုံတွေ့ရတိုင်း ကိုယ်တော့်ကို မှီခိုအားကိုးဖို့ သင်ယူခဲ့ရတယ်။ ဟေရှာယ ၄၁:၁၃ မှာတွေ့ရတဲ့ ‘သင်၏ဘုရားသခင် ယေဟောဝါက မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်’ ဆိုတဲ့စကားတွေက အထူးသဖြင့် ကျွန်မတို့အတွက် အားရှိစရာဖြစ်တယ်။ ယေဟောဝါ ကျွန်မတို့ရဲ့လက်ကို ခိုင်ခိုင်မြဲမြဲကိုင်ထားတယ်ဆိုတာ သိရခြင်းက ကျွန်မတို့အတွက် နှစ်သိမ့်မှုတစ်ခုဖြစ်တယ်။ အခက်အခဲတွေကို ခံရပ်ခြင်းက ကျွန်မတို့ရဲ့ကောင်းကင်ဖခင် ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှု ပိုပြီးခိုင်ခံ့စေတယ်လို့ အမှန်ပဲ ပြောနိုင်တယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ထရိုင်ဆိုမီ ၂၁ သည် ဉာဏ်ရည်မမီသည့် မွေးရာပါ ချို့ယွင်းချက်တစ်မျိုးဖြစ်သည်။ ခရိုမိုဆုမ်းများသည် ပုံမှန်အားဖြင့် အစုံလိုက်လာသော်လည်း ထရိုင်ဆိုမီရောဂါနှင့် မွေးဖွားလာသောကလေးများတွင် ယင်းအစုံများထဲမှ တစ်စုံပေါ်တွင် ခရိုမိုဆုမ်းတစ်ခု အပိုပါရှိသည်။ ထရိုင်ဆိုမီ ၂၁ သည် ခရိုမိုဆုမ်း ၂၁ အပေါ် အကျိုးသက်ရောက်မှုရှိသည်။
[စာမျက်နှာ ၁၆၊ ၁၇ ပါပုံစာ]
ဂျိုအဲလ်နဲ့မိခင်ဖြစ်သူ အေဒါ
[စာမျက်နှာ ၁၈ ပါပုံစာ]
အေဒါ၊ ဂျိုအဲလ်နဲ့ လူးဂျီ
[စာမျက်နှာ ၁၉ ပါပုံစာ]
ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ညီအစ်ကိုညီအစ်မတွေကို ကြိုဆိုရတာ ဂျိုအဲလ်နှစ်သက်