မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခါရန် ပျားပန်းခတ်မျှစည်ကားခဲ့သော ရှေးဟောင်းမြို့

ခါရန် ပျားပန်းခတ်မျှစည်ကားခဲ့သော ရှေးဟောင်းမြို့

ခါရန် ပျားပန်းခတ်မျှစည်ကားခဲ့သော ရှေးဟောင်းမြို့

ကျမ်းစာနှင့် အကျွမ်းတဝင်ရှိသူများအဖို့ ခါရန်ဟူသောအမည်ကို ကြားလိုက်ရုံဖြင့် ရှေးသစ္စာရှိဘိုးဘေး အာဗြဟံကို ချက်ချင်းသတိရပေမည်။ ဥရမြို့မှ ခါနန်ပြည်သို့အသွားတွင် အာဗြဟံနှင့်သူ၏ဇနီး စာရာ၊ ဖခင် တေရနှင့် တူဖြစ်သူ လောတတို့သည် ခါရန်တွင် ရပ်နားခဲ့ကြသည်။ ထိုတွင် အာဗြဟံသည် ရုပ်ပစ္စည်းအတော်များများကို စုဆောင်းမိခဲ့သည်။ သူ၏ဖခင်သေဆုံးပြီးနောက် အာဗြဟံသည် စစ်မှန်သောဘုရားသခင် ကတိပေးခဲ့သည့်ပြည်သို့ ဆက်၍ခရီးနှင်ခဲ့သည်။ (က. ၁၁:၃၁၊ ၃၂; ၁၂:၄၊ ၅; တ. ၇:၂-၄) နောက်ပိုင်းတွင် အာဗြဟံသည် ဣဇာက်အတွက် ဇနီးရှာရန် မိမိ၏အသက်အကြီးဆုံးကျွန်ကိုခေါ်၍ ခါရန် သို့မဟုတ် ယင်း၏အနီးအနားဒေသသို့ စေလွှတ်ခဲ့သည်။ အာဗြဟံ၏မြေး ယာကုပ်သည်လည်း ထိုတွင် နှစ်အတော်ကြာနေထိုင်ခဲ့သည်။—က. ၂၄:၁-၄၊ ၁၀; ၂၇:၄၂-၄၅; ၂၈:၁၊ ၂၊ ၁၀

အာရှုရိဘုရင်သနာခရိပ်က ယုဒဘုရင်ဟေဇကိကို ခြိမ်းခြောက်ရာတွင် အာရှုရိဘုရင်များ အောင်နိုင်ခဲ့သူတို့တွင် ခါရန်ပါဝင်သည်ဟု ဖော်ပြခဲ့သည်။ ဤတွင် “ခါရန်” ဟုဆိုရာ၌ မြို့ကိုသာရည်ညွှန်းခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ရှိဒေသများကိုပါ ရည်ညွှန်းသည်။ (၄ ရာ. ၁၉:၁၁၊ ၁၂) ယေဇကျေလ၏ ပရောဖက်ပြုချက်တွင် ခါရန်သည် တုရု၏အဓိက ကုန်သွယ်ဖက်ဖြစ်ကြောင်းဖော်ပြထားပြီး ခါရန်၏အခန်းကဏ္ဍဖြစ်သည့် ကုန်သွယ်ရေးအချက်အချာကျမှုကို အခိုင်အမာဖော်ပြသည်။—ယေဇ. ၂၇:၁၊ ၂၊ ၂၃

ယနေ့အချိန်တွင် ခါရန်သည် တူရကီနိုင်ငံအရှေ့ပိုင်းရှိ ရှန်လီအားဖေမြို့အနီးတွင်တည်ရှိသည့် မြို့ငယ်လေးတစ်မြို့သာဖြစ်သည်။ ရှေးဟောင်းမြို့တော်ဖြစ်သည့် ခါရန်သည် တစ်ချိန်က အမှန်ပင် ပျားပန်းခတ်မျှစည်ကားခဲ့သည်။ ခါရန်သည် သမ္မာကျမ်းစာပါ အမည်အတိုင်း ယနေ့ထိတိုင် အသုံးပြုနေဆဲဖြစ်သည့် ရှေးဟောင်းမြို့အနည်းငယ်ထဲမှ တစ်မြို့ဖြစ်သည်။ ၎င်း၏ အဆီးရီးယန်းစာလုံးဖြစ်သည့် ခါရာနူးသည် “လမ်းမ” သို့မဟုတ် “ကုလားအုတ်ယာဉ်တန်းသွားရာ လမ်းမကြီး” ဟူ၍ အဓိပ္ပာယ်ရှိသောကြောင့် ခါရန်သည် ကြီးမားသည့်မြို့ကြီးနှစ်မြို့အကြားရှိ ကုန်သွယ်ရေးလမ်းမကြီးပေါ်တွင် တည်ရှိကြောင်း ဖော်ပြသည်။ ခါရန်တွင် တူးဖော်ရရှိသည့် ကမ္ပည်းကျောက်စာများအရ ဗာဗုလုန်ရှင်ဘုရင် နဘိုနိုက်ဒတ်စ်၏ မိခင်သည် ခါရန်၏ လနတ်ဘုရား ဆင်း၏ဝတ်ကျောင်းမှ ယဇ်ပုရောဟိတ်မကြီးဖြစ်သည်။ တချို့က နဘိုနိုက်ဒတ်စ်သည် ဤဝတ်ကျောင်းကို ပြန်လည်တည်ဆောက်ခဲ့သည်ဟုဆိုသည်။ အင်ပါယာများ ပေါ်ထွက်လာပြီး ပြိုလဲသွားကြသော်လည်း ခါရန်မှာ ဆက်လက်တည်ရှိခဲ့သည်။

ယနေ့ခါရန်သည် အတိတ်ကခါရန်နှင့် လုံး၀မတူတော့ချေ။ ရှေးခေတ်ခါရန်သည် တစ်ချိန်တစ်ခါက အလွန်တိုးတက်ထွန်းကားပြီး အရေးပါသောမြို့တစ်မြို့ဖြစ်ခဲ့သည်။ သို့သော် မျက်မှောက်ခေတ် ခါရန်သည် ခေါင်မိုးအခုံးအိမ်များရှိသည့် နေရာမျှသာဖြစ်တော့သည်။ ယင်း၏ပတ်ဝန်းကျင်တွင် ရှေးဟောင်းယဉ်ကျေးမှု အပျက်အယွင်းများကိုတွေ့ရသည်။ ဘုရားသခင်ပြုလုပ်ပေးမည့် ကမ္ဘာသစ်တွင် ခါရန်တွင် တစ်ချိန်ကနေထိုင်ခဲ့ကြသူများဖြစ်သည့် အာဗြဟံ၊ စာရာနှင့် လောတအပါအဝင် များစွာသောသူတို့ ရှင်ပြန်ထမြောက်လာကြမည်။ သူတို့သည် ပျားပန်းခတ်မျှစည်ကားခဲ့သော ရှေးဟောင်းမြို့တော်ဖြစ်သည့် ခါရန်အကြောင်းကို ကျွန်ုပ်တို့အား များစွာပြောပြနိုင်ပါလိမ့်မည်။

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

ခါရန်မြို့၏ အပျက်အယွင်းများ

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

အမိုးခုံးရှိသည့်အိမ်များ

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

ယနေ့ခေတ်ခါရန်၏ မြင်ကွင်းကျယ်