မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါ၏တားမြစ်ချက်ရှိသော်လည်း အာရုန် ရွှေနွားရုပ်ပြုလုပ်သည့်အခါ ကိုယ်တော် အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူသနည်း

ထွက်မြောက်ရာ အခန်းကြီး ၃၂ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း အာရုန် ရွှေနွားရုပ်ကိုပြုလုပ်ခြင်းသည် ဘုရားသခင့်ပညတ်ကို သူချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ (ထွ. ၂၀:၃-၅) ထို့ကြောင့် ‘ယေဟောဝါသည် အာရုန်ကိုဖျက်ဆီးခြင်းငှာ အလွန်အမျက်ထွက်တော်မူသောကြောင့် [မောရှေသည်] အာရုန်အဖို့ ဆုတောင်းလေ၏။’ (တရား. ၉:၁၉၊ ၂၀) ဖြောင့်မတ်သူမောရှေ၏ တိုးလျှိုးအသနားခံချက်သည် အာရုန်၏အဖြစ်အပျက်တွင် “အလွန်တန်ခိုးပါ” ခဲ့ပါသလော။ (ယာ. ၅:၁၆) မှန်ပါသည်၊ အာရုန်ကို ပြစ်ဒဏ်မပေးခြင်းမှာ မောရှေ၏တိုးလျှိုးအသနားခံချက်ကို ယေဟောဝါ ဖြေကြားခြင်းနှင့် အနည်းဆုံး အခြားအချက်နှစ်ချက်ကြောင့်ဖြစ်ပုံရသည်။

ဖြစ်နိုင်ဖွယ်အကြောင်းရင်းတစ်ခုမှာ အာရုန်၏ သစ္စာရှိမှတ်တမ်းဖြစ်သည်။ ဖာရောရှေ့သွား၍ အစ္စရေးလူမျိုးများကို အီဂျစ်ပြည်မှ ခေါ်ထုတ်လာရန် မောရှေတာဝန်ပေးအပ်ခံရသောအခါ မောရှေနှင့်အတူလိုက်ပါ၍ သူ၏ကိုယ်စားလှယ်အဖြစ် ပြောဆိုရန်အတွက် အာရုန်ကို ယေဟောဝါခန့်အပ်ခဲ့သည်။ (ထွ. ၄:၁၀-၁၆) ဤနာခံမှုရှိသော အမျိုးသားနှစ်ဦးသည် ဖာရော၏ ခေါင်းမာသော တိုက်ခိုက်မှုများကိုသည်းခံ၍ အီဂျစ်ဘုရင်၏ရှေ့မှောက်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။ ထို့ကြောင့် အီဂျစ်ပြည်တွင်ရှိနေသေးစဉ် အာရုန်သည် ယေဟောဝါကို သစ္စာစောင့်သိသူ၊ တည်ကြည်စွာအမှုဆောင်သူအဖြစ် သက်သေထူခဲ့သည်။—ထွ. ၄:၂၁

အာရုန် ရွှေနွားရုပ်ပြုလုပ်ရသည့်အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ မောရှေသည် သိနာတောင်ပေါ်တွင် ရက် ၄၀ ကြာရှိနေခဲ့သည်။ “မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ” သူတို့သည် အရုပ်လုပ်ပေးရန် အာရုန်ကို အတင်းအကျပ်တောင်းဆိုကြသည်။ အာရုန်သည် သူတို့နှင့် ပူးပေါင်း၍ ရွှေနွားသငယ်ရုပ်ကို သွန်းလုပ်ခဲ့သည်။ (ထွ. ၃၂:၁-၆) သို့သော် အာရုန်၏နောက်ပိုင်းလုပ်ရပ်များက သူသည် ဤလုပ်ရပ်ကို အမှန်တကယ် မနှစ်မြို့ကြောင်းဖော်ပြသည်။ သူသည် အတင်းအကျပ်ဖိအားပေးမှုကို အလျော့ပေးခဲ့ပုံရသည်။ ဥပမာ၊ မောရှေသည် ယင်းအရေးကိစ္စကို အပြီးသတ်ကိုင်တွယ်ဖြေရှင်းသည့်အခါ အာရုန်အပါအဝင် လေဝိသားအားလုံးသည် ယေဟောဝါဘက်တွင် အခိုင်အမာရပ်တည်ခဲ့ကြသည်။ ယင်းအရေးကိစ္စတွင် အဓိကပါဝင်ခဲ့သော လူသုံးထောင်သည် အသတ်ခံခဲ့ကြရသည်။—ထွ. ၃၂:၂၅-၂၉

၎င်းနောက် မောရှေသည် လူတို့အား “သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏” ဟုပြောခဲ့သည်။ (ထွ. ၃၂:၃၀) ထို့ကြောင့် အပြစ်ကျူးလွန်သည့်အတွက် အပြစ်ဒဏ်ခံထိုက်သူမှာ အာရုန်တစ်ဦးတည်းသာ မဟုတ်ပါ။ သူနှင့် လူများသည် ယေဟောဝါ၏ မဟာကြင်နာမှုမှ အကျိုးခံစားခဲ့ကြရသည်။

ရွှေနွားရုပ် အဖြစ်အပျက်ပြီးနောက်တွင် ယေဟောဝါသည် အာရုန်အား ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် တာဝန်အပ်နှင်းခဲ့သည်။ “အာရုန်သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်မည်အကြောင်း သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းရမည်” ဟု မောရှေအား ဘုရားသခင် မိန့်တော်မူခဲ့သည်။ (ထွ. ၄၀:၁၂၊ ၁၃) ယေဟောဝါသည် အာရုန်၏အားနည်းချက်များကို ခွင့်လွှတ်ခဲ့ကြောင်း ထင်ရှားသည်။ အာရုန်သည် စစ်မှန်သောဝတ်ပြုရေးကို သစ္စာရှိရှိထောက်မပေးသူတစ်ဦးဖြစ်ပြီး အယူဖောက်ပြန်သူတစ်ဦးမဟုတ်ချေ။