မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညီအစ်ကိုတို့၊ စွမ်းအားတော်အတွက် မျိုးစေ့ကြဲကာ တက်လှမ်းကြပါ

ညီအစ်ကိုတို့၊ စွမ်းအားတော်အတွက် မျိုးစေ့ကြဲကာ တက်လှမ်းကြပါ

ညီအစ်ကိုတို့၊ စွမ်းအားတော်အတွက် မျိုးစေ့ကြဲကာ တက်လှမ်းကြပါ

‘စွမ်းအားတော်အတွက် မျိုးစေ့ကြဲသူမူကား ဘုရားသခင့်စွမ်းအားတော်အားဖြင့် ထာ၀ရအသက်ကို ရိတ်သိမ်းရလိမ့်မည်။’—ဂလ. ၆:၈

၁၊ ၂။ မဿဲ ၉:၃၇၊ ၃၈ သည် မည်သို့ပြည့်စုံနေသနည်း၊ ထို့ကြောင့် အသင်းတော်များတွင် အဘယ်အရာလိုအပ်လာသနည်း။

သင်သည် သမိုင်းဝင်အဖြစ်အပျက်များ၏ မျက်မြင်သက်သေဖြစ်သည်။ ယေရှုခရစ် ကြိုတင်ဟောခဲ့သည့်လုပ်ငန်းသည် ပြည့်စုံလျက်ရှိ၏။ ယေရှုက “စပါးရိတ်စရာများစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့” ဟုပြောခဲ့သည်။ (မ. ၉:၃၇၊ ၃၈) ယေဟောဝါဘုရားသခင်သည် ဤဆုတောင်းချက်များကို မကြုံစဖူးသောအတိုင်းအတာဖြင့် ဖြေကြားပေးလျက်ရှိသည်။ ၂၀၀၉ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၂,၀၃၁ ခုတိုးများလာပြီး ၁၀၅,၂၉၈ ခုဖြစ်လာသည်။ တစ်ရက်လျှင် ပျမ်းမျှ ၇၅၇ ဦးနှစ်ခြင်းခံခဲ့သည်။

ဤသို့တိုးများလာသောကြောင့် အသင်းတော်များတွင် သွန်သင်ခြင်းနှင့် သိုးထိန်းခြင်းတွင်ဦးဆောင်ရန် အရည်အချင်းပြည့်မီသောညီအစ်ကိုများ ပို၍လိုအပ်လာသည်။ (ဧ. ၄:၁၁) ဆယ်စုနှစ်များတစ်လျှောက်တွင် ယေဟောဝါသည် မိမိသိုးများ၏လိုအပ်ရာများကို ဂရုစိုက်ကြည့်ရှုပေးရန် အရည်အချင်းရှိသောအမျိုးသားများကို ပေါ်ပေါက်စေခဲ့ရာ ယင်းသို့ဆက်လုပ်ဆောင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။ မိက္ခာ ၅:၅ ပါပရောဖက်ပြုချက်က နောက်ဆုံးကာလနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အာမခံချက်ပေးသည်၊ ထိုတွင် ယေဟောဝါ၏လူများ၌ “သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါး” ရှိမည်ဟုဆိုခြင်းက သူတို့ကိုဦးဆောင်မည့် အမျိုးသားအရေအတွက် အတော်အတန်များကြောင်း ဖော်ပြသည်။

၃။ ‘စွမ်းအားတော်အတွက် မျိုးစေ့ကြဲ’ ခြင်း၏အဓိပ္ပာယ်ကို ရှင်းပြပါ။

သင်သည် နှစ်ခြင်းခံပြီးသော ယေဟောဝါသက်သေအမျိုးသားတစ်ဦးဖြစ်လျှင် လုပ်ငန်းတော်တာဝန်များကို လက်လှမ်းလိုစိတ်ရှိလာအောင် အဘယ်အရာက ကူညီပေးနိုင်သနည်း။ အဓိကအချက်မှာ သင် ‘စွမ်းအားတော်အတွက် မျိုးစေ့ကြဲရန်’ ဖြစ်သည်။ (ဂလ. ၆:၈) ထိုသို့ပြုလုပ်ခြင်းတွင် သင့်အသက်တာအပေါ် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော် သက်ရောက်စေသည့်နည်းအတိုင်း အသက်ရှင်နေထိုင်ခြင်းပါဝင်သည်။ ‘လူ့ဇာတိအတွက်မျိုးစေ့ကြဲသူ’ မဖြစ်စေရန် စိတ်ပိုင်းဖြတ်ထားပါ။ သက်သောင့်သက်သာနေခြင်း၊ လွတ်လွတ်လပ်လပ်နေခြင်းနှင့် အပျော်အပါးတို့ကြောင့် ဘုရားသခင့်အမှုတော်တွင် ပါဝင်လိုသည့်သင့်ဆန္ဒကို မလျော့နည်းပါစေနှင့်။ ခရစ်ယာန်တိုင်းသည် ‘စွမ်းအားတော်အတွက် မျိုးစေ့ကြဲ’ သင့်ပြီး ထိုသို့ပြုလုပ်သော အမျိုးသားများသည် အချိန်တန်သောအခါ အသင်းတော်တာဝန်များအတွက် အရည်အချင်းပြည့်မီလာမည်ဖြစ်သည်။ ဤဆောင်းပါးသည် အထူးသဖြင့် ခရစ်ယာန်အမျိုးသားများအတွက် ရည်ရွယ်သည်၊ အကြောင်းမှာ ယနေ့အချိန်တွင် ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများ အလွန်လိုအပ်နေ၍ဖြစ်သည်။ ထို့ကြောင့် ညီအစ်ကိုတို့၊ ဤဆောင်းပါးကို ဆုတောင်း၍ အသေအချာသုံးသပ်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

ကောင်းသောအမှုအတွက် တက်လှမ်းပါ

၄၊ ၅။ (က) နှစ်ခြင်းခံပြီးသားအမျိုးသားများသည် အသင်းတော်တွင် အဘယ်တာဝန်များကို လက်လှမ်းယူရန် တိုက်တွန်းခံရသနည်း။ (ခ) လူတစ်ဦး မည်သို့တက်လှမ်းနိုင်သနည်း။

ခရစ်ယာန်အမျိုးသားတစ်ဦးသည် ကြီးကြပ်မှူးတစ်ဦး အလိုအလျောက် မဖြစ်လာနိုင်ပါ။ သူသည် “ကောင်းသောအမှု” အတွက် တက်လှမ်းရမည်ဖြစ်သည်။ (၁ တိ. ၃:၁) ယင်းတွင် ယုံကြည်သူချင်းများ၏လိုအပ်ရာများကို စိတ်ရင်းမှန်နှင့်ဂရုစိုက်ပေးခြင်းဖြင့် သူတို့အတွက် အကျိုးဆောင်ခြင်းပါဝင်သည်။ (ဟေရှာယ ၃၂:၁၊ ၂ ကိုဖတ်ပါ။) လူတစ်ဦး ရည်ရွယ်ချက်မှန်ဖြင့်ကြိုးစားခြင်းသည် ရည်မှန်းချက်ကြီးခြင်းမဟုတ်ပါ။ ယင်းအစား သူသည် အခြားသူများ၏အကျိုးဆောင်ရန် ကိုယ်ကျိုးမငဲ့သောစိတ် အပြည့်ရှိခြင်းဖြစ်သည်။

ဓမ္မအမှုထမ်းတစ်ဦးနှင့် ကြီးကြပ်မှူးဖြစ်ရန် တက်လှမ်းနေသူတစ်ဦးသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော အရည်အချင်းများကိုပြည့်မီရန် ကြိုးစားသည်။ (၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃; တိ. ၁:၅-၉) သင်သည် အပ်နှံထားသောအမျိုးသားတစ်ဦးဖြစ်လျှင် မိမိကိုယ်ကို ဤသို့မေးပါ– ‘ဟောပြောခြင်းလုပ်ငန်းမှာ ငါ အပြည့်အ၀ ပါဝင်နေသလား၊ တခြားသူတွေ အဲဒီလိုလုပ်ဖို့ ငါကူညီပေးနေသလား။ ယုံကြည်သူချင်းတွေရဲ့အကျိုးကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုပြပြီး သူတို့ကို ငါတည်ဆောက်ပေးနေသလား။ ငါ့မှာ ကျမ်းစာကျောင်းသားကောင်းတစ်ယောက်ရဲ့ ဂုဏ်သတင်းမျိုးရှိသလား။ ငါ့မှတ်ချက်တွေရဲ့အရည်အသွေးကို တိုးတက်အောင် ငါလုပ်နေသလား။ အကြီးအကဲတွေ ငါ့ကိုပေးတဲ့တာဝန်တွေကို ငါလုံ့လစိုက်ထုတ် လုပ်ဆောင်သလား။’ (၂ တိ. ၄:၅) ဤသို့သောမေးခွန်းများကို အလေးအနက်သုံးသပ်ထိုက်ပေသည်။

၆။ အသင်းတော်တာဝန်များအတွက် သင်အရည်အချင်းပြည့်မီနိုင်သည့် အဓိကနည်းမှာ အဘယ်နည်း။

အသင်းတော်တာဝန်များအတွက် အရည်အချင်းပြည့်မီနိုင်သည့် နောက်နည်းတစ်နည်းမှာ ‘[ဘုရားသခင့်] စွမ်းအားတော်ဖြင့် အတွင်းလူကို ခွန်အားပြည့်၀စေ’ ခြင်းဖြစ်သည်။ (ဧ. ၃:၁၆) ခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်လာခြင်းသည် ရုံးမှရွေးချယ်ခြင်းကြောင့်မဟုတ်ချေ။ ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးရှိမှသာ ဤတာဝန်ရနိုင်သည်။ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိရန် မည်သို့ပြုလုပ်ရသနည်း။ တစ်နည်းမှာ ‘စွမ်းအားတော်ဖြင့်လျှောက်လှမ်းနေ’ ကာ ယင်းကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများကို မွေးမြူခြင်းဖြစ်သည်။ (ဂလ. ၅:၁၆၊ ၂၂၊ ၂၃) ထပ်ဆင့်တာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သင်သက်သေပြသည့်အခါ၊ တိုးတက်နိုင်ပုံနှင့်ပတ်သက်သည့် အကြံပြုချက်များကို သင်လိုက်နာသည့်အခါ ‘လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှု ထင်ရှားလိမ့်မည်။’—၁ တိ. ၄:၁၅

ကိုယ်ကျိုးစွန့်စိတ်ဓာတ်လိုအပ်

၇။ တခြားသူများအတွက် အမှုဆောင်ရာတွင် အဘယ်အရာလိုအပ်သနည်း။

အခြားသူများအတွက် အမှုဆောင်ရာတွင် အလုပ်ကြိုးစားရန်နှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရန်လိုသည်။ အကြောင်းမှာ ခရစ်ယာန်ကြီးကြပ်မှူးများသည် ပုံဆောင်သိုးထိန်းများဖြစ်ပြီး သူတို့သည် သိုးတော်စု၏အခက်အခဲများကို အလွန်အာရုံစိုက်ရသည်။ သိုးတော်စုကိုထိန်းကျောင်းရသည့်တာဝန်သည် တမန်တော်ပေါလုအပေါ် မည်သို့သက်ရောက်မှုရှိကြောင်း သတိပြုပါ။ ကောရိန္သုမြို့ရှိ ယုံကြည်သူချင်းများကို သူဤသို့ရေးခဲ့သည်– “ငါသည် အလွန်စိတ်ပူပန်၍ မျက်ရည်များစွာကျလျက် သင်တို့ထံ စာရေးခဲ့ရခြင်းဖြစ်၏။ သင်တို့ကို ဝမ်းနည်းစေလို၍မဟုတ်ဘဲ သင်တို့အား ငါအလွန်ချစ်ကြောင်း သိစေလို၍ ရေးရခြင်းဖြစ်၏။” (၂ ကော. ၂:၄) ယင်းက ပေါလုသည် သူ၏အလုပ်တွင် စိတ်နှစ်၍လုပ်ကိုင်သည်ဟူသော အထောက်အထားဖြစ်သည်။

၈၊ ၉။ အခြားသူများ၏လိုအပ်ရာများကို အမျိုးသားများ မည်သို့ဂရုစိုက်ကြည့်ရှုပေးနိုင်ကြောင်း ဖော်ပြသည့် ကျမ်းစာပုံနမူနာများကို ပြောပြပါ။

ယေဟောဝါ၏ကျေးကျွန်များအကျိုးအတွက် အားထုတ်လုပ်ဆောင်သူ အမျိုးသားများတွင် ထင်ရှားနေသောအရည်အသွေးမှာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြစ်သည်။ ဥပမာ၊ နောဧသည် မိမိ၏မိသားစုဝင်များအား ဤသို့ပြောမည်ဟု စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ပါ– ‘သင်္ဘောဆောက်တာ ဘယ်တော့ပြီးမလဲဆိုတာ ငါ့ကိုပြောပါ၊ အဲဒီအခါကျမှ ငါလာမယ်။’ မောရှေသည် အီဂျစ်ပြည်မှ အစ္စရေးလူတို့အား ဤသို့မပြောခဲ့ပါ– ‘ငါ မင်းတို့နဲ့ ပင်လယ်နီမှာတွေ့မယ်။ အဲဒီကိုရောက်ဖို့ မင်းတို့အတတ်နိုင်ဆုံးလုပ်ကြ။’ ယောရှု ဘယ်သောအခါမှ ဤသို့မပြောခဲ့ပါ– ‘ယေရိခေါမြို့ရိုး ပြိုမယ့်အချိန် ငါ့ကိုပြောပါ။’ ဟေရှာယသည် တစ်စုံတစ်ယောက်ကို လက်ညှိုးထိုးကာ ‘သူရှိတယ်၊ သူ့ကိုစေလွှတ်ပါ’ ဟု မပြောခဲ့ချေ။—ဟေရှာ. ၆:၈

ဘုရားသခင့်စွမ်းအားတော်၏လှုံ့ဆော်မှုကို ခံယူခဲ့သော အကောင်းဆုံးစံနမူနာရှင်မှာ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော်သည် လူသားများ၏ရွေးနုတ်ရှင်အဖြစ် အမှုဆောင်ရမည့်တာဝန်ကို လိုလိုလားလား လက်ခံခဲ့သည်။ (ယော. ၃:၁၆) ယေရှု၏ကိုယ်ကျိုးစွန့်မေတ္တာကြောင့် ကျွန်ုပ်တို့လည်း ကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြရန် လှုံ့ဆော်ခံရသင့်သည်မဟုတ်လော။ သက်တမ်းကြာအကြီးအကဲတစ်ဦးသည် သိုးတော်စုနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “ငါ၏သိုးသငယ်ကိုထိန်းလော့ဆိုတဲ့ ပေတရုကိုပြောခဲ့တဲ့ ယေရှုရဲ့စကားက ကျွန်တော့်ကို တကယ်စိတ်လှုပ်ရှားစေတယ်။ နှစ်တွေတစ်လျှောက်မှာ စကားလုံးအနည်းငယ် ဒါမှမဟုတ် ကြင်နာမှုပါတဲ့ လုပ်ရပ်ရိုးရိုးလေးတစ်ခုက လူတစ်ဦးအတွက် အားပေးမှုဖြစ်စေနိုင်တယ်ဆိုတာ သိလာတယ်။ သိုးတော်စုကို ထိန်းကျောင်းရတဲ့အလုပ်ကို ကျွန်တော်တကယ် နှစ်သက်တယ်။”—ယော. ၂၁:၁၆

၁၀။ အခြားသူများအတွက် အမှုဆောင်ရန် ယေရှု၏စံနမူနာကို လိုက်လျှောက်ရာတွင် ခရစ်ယာန်အမျိုးသားများကို အဘယ်အရာက လှုံ့ဆော်ပေးနိုင်သနည်း။

၁၀ ဘုရားသခင့်သိုးတော်စုနှင့်ပတ်သက်၍ အသင်းတော်အတွင်းရှိ အပ်နှံပြီးသောအမျိုးသားများသည် “သင်တို့ကို ငါလန်းဆန်းစေမည်” ဟုပြောခဲ့သော ယေရှု၏စိတ်သဘောထားကို အမှန်တင်ပြလိုကြသည်။ (မ. ၁၁:၂၈) ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အသင်းတော်ကိုချစ်သောမေတ္တာက ခရစ်ယာန်အမျိုးသားများကို ကောင်းသောအမှုအတွက် တက်လှမ်းရန် လှုံ့ဆော်ပေးပြီး ယင်းသည် အလွန်အမင်းကိုယ်ကျိုးစွန့်ရသည် သို့မဟုတ် အချိန်နှင့်ခွန်အားများစွာပေးရသည်ဟု မစဉ်းစားစေပါ။ သို့သော် လူတစ်ဦးသည် တက်လှမ်းလိုသည့်ဆန္ဒမရှိလျှင်ကော အသို့နည်း။ ညီအစ်ကိုတစ်ဦးသည် အသင်းတော်တွင် အမှုဆောင်လိုစိတ်ရှိလာအောင် ပြုလုပ်နိုင်သလော။

အမှုဆောင်လိုသည့်ဆန္ဒရှိလာအောင် ပြုလုပ်ခြင်း

၁၁။ အခြားသူများအတွက် အမှုဆောင်လိုစိတ်ရှိလာစေရန် လူတစ်ဦး မည်သို့ပြုလုပ်နိုင်သနည်း။

၁၁ အရည်အချင်းမပြည့်မီဟူသောခံစားချက်ကြောင့် တက်လှမ်းရန် အတားအဆီးဖြစ်နေပါက သန့်ရှင်းသောစွမ်းအားတော်ရရန် ဆုတောင်းခြင်းသည် သင့်လျော်ပါသည်။ (လု. ၁၁:၁၃) ဤကိစ္စနှင့်ပတ်သက်၍ သင်စိုးရိမ်နေသောအရာများကို ဖြေရှင်းနိုင်ရန် ယေဟောဝါ၏စွမ်းအားတော်က ကူညီပေးပါလိမ့်မည်။ အမှုဆောင်လိုသောဆန္ဒသည် ဘုရားသခင်ပေးသောဆန္ဒဖြစ်ကာ ယေဟောဝါ၏စွမ်းအားတော်က ညီအစ်ကိုတစ်ဦးကို မြင့်မြတ်သောအမှုတော်တွင်ပါဝင်ရန် တက်လှမ်းဖို့ လှုံ့ဆော်ပေးကာ လိုအပ်သောအစွမ်းခွန်အား ပေးပါလိမ့်မည်။ (ဖိ. ၂:၁၃; ၄:၁၃) ထို့ကြောင့် လုပ်ငန်းတော်အခွင့်ထူးများကို လက်ခံလိုသည့်ဆန္ဒရှိလာအောင် ယေဟောဝါထံအကူအညီတောင်းခံခြင်းက သင့်တော်ပါသည်။—ဆာလံ ၂၅:၄၊ ၅ ကိုဖတ်ပါ။

၁၂။ မိမိအားအပ်နှင်းထားသော တာဝန်များကိုကိုင်တွယ်နိုင်ရန် လိုအပ်သောဉာဏ်ပညာကို လူတစ်ဦး မည်သို့ရရှိနိုင်သနည်း။

၁၂ သိုးတော်စု၏လိုအပ်ရာများသည် ခက်ခဲရှုပ်ထွေးပုံရပြီး သူတို့၏လိုအပ်ရာများကို ဂရုစိုက်ကြည့်ရှုပေးရန် များစွာလုပ်ဆောင်ရသည်ဟု ထင်မှတ်ကာ ခရစ်ယာန်တစ်ဦးသည် မတက်လှမ်းရန် ဆုံးဖြတ်ပေမည်။ သို့မဟုတ် သူ့တွင် တာဝန်များကို ကိုင်တွယ်နိုင်သည့် ဉာဏ်ပညာမရှိဟု ခံစားရပေမည်။ ယင်းသို့ဖြစ်လျှင် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ပို၍လုံ့လစိုက်ထုတ်လေ့လာခြင်းဖြင့် ဉာဏ်ပညာရနိုင်ပါသည်။ မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျမ်းစာလေ့လာဖို့အတွက် ငါအချိန်ဖယ်ထားသလား၊ ဉာဏ်ပညာရဖို့ ငါဆုတောင်းသလား။’ တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့သည်– “သင်တို့တွင် တစ်ဦးတစ်ယောက်သည် ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာပေးကမ်းတော်မူသောကြောင့် တောင်းလျှင် ရလိမ့်မည်။” (ယာ. ၁:၅) ဤကျမ်းစာဖော်ပြချက်ကို သင်ယုံကြည်သလော။ ရှောလမုန်၏ဆုတောင်းချက်ကို ဖြေဆိုရာတွင် ဘုရားသခင်သည် သူ့အား “ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်ဝိညာဉ်” ကိုပေးတော်မူခဲ့ပြီး ယင်းက တရားစီရင်ရာတွင် သူ့အား အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်စေနိုင်ခဲ့သည်။ (၃ ရာ. ၃:၇-၁၄) ရှောလမုန်၏အဖြစ်သည် ထူးခြားသည်မှာ မှန်ပါသည်။ သို့သော် ဘုရားသခင်သည် မိမိ၏သိုးများအား သင့်တော်စွာကြည့်ရှုနိုင်ရန် အသင်းတော်တာဝန်များ အပ်နှင်းခံရသောအမျိုးသားများအား ဉာဏ်ပညာပေးမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။—သု. ၂:၆

၁၃၊ ၁၄။ (က) “ခရစ်တော်၏ချစ်ခြင်းမေတ္တာ” သည် ပေါလုအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ကြောင်း ရှင်းပြပါ။ (ခ) “ခရစ်တော်၏ချစ်ခြင်းမေတ္တာ” သည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၃ အခြားသူများအတွက် အမှုဆောင်လိုသောဆန္ဒ ဖြစ်ပေါ်လာအောင် ပြုလုပ်ရာတွင် အထောက်အကူပေးသော နောက်နည်းတစ်နည်းမှာ ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့် ကိုယ်တော့်သားတော် လုပ်ဆောင်ပေးခဲ့ရာအားလုံးကို အလေးအနက်စဉ်းစားခြင်းဖြစ်သည်။ ဥပမာ၊ ၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုသုံးသပ်ကြည့်ပါ။ (ဖတ်ပါ။) “ခရစ်တော်၏ချစ်ခြင်းမေတ္တာသည်” ကျွန်ုပ်တို့ကို မည်သို့ “အနိုင်အထက်နှိုးဆော်တော်မူ” သနည်း။ ဘုရားသခင့်အလိုတော်အတိုင်း ကျွန်ုပ်တို့အကျိုးအတွက် မိမိ၏အသက်ကိုစွန့်ခြင်းဖြင့် တင်ပြခဲ့သော ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် အလွန်ထူးခြားပြီး ယင်းကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာသည်နှင့်အမျှ ကျွန်ုပ်တို့၏စိတ်နှလုံးလည်း အလွန်လှုံ့ဆော်ခံရမည်ဖြစ်သည်။ ခရစ်တော်၏မေတ္တာသည် ပေါလုအပေါ် လွှမ်းမိုးခဲ့သည်။ ယင်းက သူ့ကို ကိုယ်ကျိုးမရှာရန် ထိန်းချုပ်ပေးပြီး ဘုရားသခင်နှင့် အသင်းတော်အတွင်းအပြင်ရှိ လူသားချင်းများအတွက် အမှုဆောင်ခြင်းကို သူ၏အဓိကရည်မှန်းချက်ဖြစ်စေရန် ကူညီပေးခဲ့သည်။

၁၄ လူသားများအပေါ်ပြသခဲ့သော ခရစ်တော်၏မေတ္တာကို စဉ်းစားတွေးတောခြင်းကလည်း ကျေးဇူးတင်လေးမြတ်စိတ်ရှိလာအောင် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။ ရလဒ်အနေနှင့် တစ်ကိုယ်ကောင်းဆန်သောပန်းတိုင်များလိုက်စားခြင်းနှင့် မိမိ၏အလိုဆန္ဒကိုဦးစားထားသော ဘဝပုံစံအတိုင်းအသက်ရှင်ခြင်းဖြင့် ‘လူ့ဇာတိအတွက်မျိုးစေ့’ ဆက်ကြဲခြင်းသည် အလွန်ပင် မသင့်တော်ကြောင်း ကျွန်ုပ်တို့သိနားလည်လာသည်။ ယင်းအစား ကျွန်ုပ်တို့သည် ဘုရားသခင်ပေးအပ်ထားသောအလုပ်ကို အဓိကဦးစားပေးလုပ်ရန် ကျွန်ုပ်တို့၏ကိစ္စရပ်များကို ပြုပြင်ချိန်ညှိစေသည်။ မေတ္တာဖြင့် ညီအစ်ကိုများ၏ “အစေခံ” ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (ဂလာတိ ၅:၁၃ ကိုဖတ်ပါ။) ယေဟောဝါထံ အပ်နှံထားသောကျေးကျွန်များအတွက် နှိမ့်ချစွာလုပ်ဆောင်သည့် အစေခံများအဖြစ် မိမိကိုယ်ကို ရှုမြင်သည်ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့ကို ဂုဏ်တင်ကာ လေးစားစွာဆက်ဆံမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်အားပေးအားမြှောက်ပြုနေသည့် စိတ်ဓာတ်ဖြစ်သော အပြစ်ရှာစီရင်သည့်သဘောကို တုပကြမည်မဟုတ်သည်မှာ သေချာသည်။—ဗျာ. ၁၂:၁၀

မိသားစုဝင်အားလုံးပါဝင်ပတ်သက်

၁၅၊ ၁၆။ အမျိုးသားတစ်ဦးသည် ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ခံရရန် အရည်အချင်းပြည့်မီ မပြည့်မီနှင့်ပတ်သက်ပြီး မိသားစုဝင်များသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။

၁၅ ညီအစ်ကိုတစ်ဦးသည် သားသမီးရှိသော အိမ်ထောင်သည်ဖြစ်ပါက သူသည် ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီ၊ မမီဆုံးဖြတ်ရာတွင် သူ့မိသားစုအခြေအနေကို ထည့်သွင်းသုံးသပ်ပါသည်။ မိသားစု၏ ဘုရားသခင်နှင့်ဆက်ဆံရေး၊ မိသားစု၏ဂုဏ်သတင်းတို့က သူ၏ခန့်အပ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဤအချက်က အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ရန် ကြိုးစားနေသည့် လင်ယောက်ျား သို့မဟုတ် ဖခင်ဖြစ်သူအား ထောက်မရာ၌ မိသားစု၏အရေးပါပုံကို အလေးပေးဖော်ပြသည်။—၁ တိမောသေ ၃:၄၊ ၅၊ ၁၂ ကိုဖတ်ပါ။

၁၆ ခရစ်ယာန်မိသားစုဝင်များ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြသည်ကို ယေဟောဝါနှစ်သက်တော်မူသည်။ (ဧ. ၃:၁၄၊ ၁၅) ယင်းကြောင့် အိမ်ထောင်ဦးစီးတစ်ဦးသည် အသင်းတော်တာဝန်များကိုင်တွယ်ရာတွင်နှင့် မိမိအိမ်ထောင်ကို “ကောင်းမွန်စွာ” ဦးစီးကြီးကြပ်ရာတွင် မျှတမှုရှိရန်လိုသည်။ ထို့ကြောင့် အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦး မိမိ၏ဇနီး၊ သားသမီးများနှင့်အတူ ကျမ်းစာလေ့လာခြင်းသည် အရေးကြီးသည်၊ သို့မှသာ မိသားစုဝင်အားလုံးသည် ပတ်စဉ်မိသားစုဝတ်ပြုမှုမှ အကျိုးရရှိနိုင်မည်။ သူသည် မိသားစုဝင်များနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် ပုံမှန်ပါဝင်သင့်သည်။ ဤတွင်လည်း အိမ်ထောင်ဦးစီး၏ ကြိုးစားအားထုတ်မှုတွင် မိသားစုဝင်များ၏ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါ၏။

သင် ပြန်လည်အမှုဆောင်မည်လော

၁၇၊ ၁၈။ (က) ညီအစ်ကိုတစ်ဦးသည် ခန့်အပ်မှုအတွက် အရည်အချင်းမပြည့်မီတော့လျှင် အဘယ်အရာပြုလုပ်ဖို့လိုသနည်း။ (ခ) ယခင်က အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုဆောင်ခဲ့သူတစ်ဦးသည် အဘယ်အမြင်မျိုး မွေးမြူနိုင်သနည်း။

၁၇ သင်သည် တစ်ချိန်က အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုဆောင်ခဲ့သော်လည်း ယခုတွင် ယင်းသို့ မဟုတ်တော့ဘဲဖြစ်ပေမည်။ သင်သည် ယေဟောဝါကိုချစ်ပြီး ကိုယ်တော်သည် သင့်ကို ဂရုစိုက်နေဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (၁ ပေ. ၅:၆၊ ၇) သင် ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ဖို့လိုသည်ဟု အပြောခံခဲ့ရဖူးသလော။ သင်၏အမှားကို လိုလိုလားလားဝန်ခံကာ ဘုရားသခင့်အကူအညီဖြင့် ယင်းတို့ကို လုပ်ဆောင်ပါ။ နာကြည်းခြင်းကို တိုက်လှန်ပါ။ ပညာရှိကာ အပြုသဘောထား တင်ပြပါ။ နှစ်အတော်ကြာ အကြီးအကဲအဖြစ်အမှုဆောင်ခဲ့ပြီး လုပ်ငန်းတော်တာဝန်များကို ဆုံးရှုံးခဲ့သည့် အကြီးအကဲတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်တော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ချိန်တုန်းကလိုပဲ စည်းဝေးတက်၊ လယ်ကွင်းလုပ်ငန်းမှာပါဝင်ပြီး ကျမ်းစာဖတ်ဖို့ ပန်းတိုင်ချမှတ်ခဲ့တယ်။ အဲဒီအတိုင်း ကျွန်တော်လုပ်နိုင်ခဲ့တယ်။ စိတ်ရှည်ခြင်းကို ကျွန်တော် သင်ယူခဲ့ရတယ်၊ အကြောင်းကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ကျွန်တော့်တာဝန်တွေကို ပြန်ရမယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်တော် အကြီးအကဲတစ်ဦးအဖြစ် ပြန်အမှုဆောင်နိုင်ဖို့ ခုနစ်နှစ်နီးပါးကြာသွားတယ်။ အဲဒီအချိန်အတောအတွင်းမှာ လက်ပန်းမကျဘဲ ဆက်တက်လှမ်းဖို့ အားပေးမှုတွေက ကျွန်တော့်ကို အများကြီးထောက်ကူပေးခဲ့တယ်။”

၁၈ သင်သည် အထက်တွင်ဖော်ပြထားသော အခြေအနေမျိုးတွင်ရှိနေသည့် ညီအစ်ကိုတစ်ဦးဖြစ်သည်ဆိုလျှင် စိတ်ဓာတ်မကျပါနှင့်။ သင့်ဓမ္မအမှုနှင့် သင့်မိသားစုအပေါ် ယေဟောဝါကောင်းချီးပေးခဲ့ပုံကို ပြန်စဉ်းစားပါ။ သင့်မိသားစု ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိအောင် တည်ဆောက်ပေးပါ၊ ဖျားနာသူများထံ လည်ပတ်ပါ၊ အားနည်းနေသူများကို အားပေးပါ။ ယင်းတို့အားလုံးထက် ယေဟောဝါသက်သေတစ်ဦးအနေနှင့် ဘုရားသခင်ကိုချီးမွမ်းရသည့်၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရသည့်အခွင့်အရေးကို အလွန်တန်ဖိုးထားလေးမြတ်ပါ။ *ဆာ. ၁၄၅:၁၊ ၂; ဟေရှာ. ၄၃:၁၀-၁၂

မိမိကိုယ်ကို အမြင်သစ်ဖြင့်ရှုမြင်ပါ

၁၉၊ ၂၀။ (က) နှစ်ခြင်းခံပြီးသားအမျိုးသားများအားလုံး အဘယ်အရာပြုလုပ်ဖို့ တိုက်တွန်းခံရသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးကြမည်နည်း။

၁၉ ယနေ့တွင် ယခင်ကထက် ကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် မိမိတို့အခြေအနေကို ပြန်ဆန်းစစ်ကာ မိမိကိုယ်ကို ဤသို့မေးရန် နှစ်ခြင်းခံပြီးသောအမျိုးသားများအား ကျွန်ုပ်တို့ အားပေးပါသည်– ‘ငါဟာ ဓမ္မအမှုထမ်းတစ်ဦး ဒါမှမဟုတ် အကြီးအကဲတစ်ဦး မဖြစ်သေးဘူးဆိုရင် ငါဘာကြောင့် အဲဒီလို အမှုမဆောင်တာလဲ။’ ဤအရေးကြီးသောကိစ္စရပ်ကို သင်အမှန်အတိုင်း ရှုမြင်နိုင်ရန် ဘုရားသခင့်စွမ်းအားတော် သင့်အားကူညီပေးပါစေ။

၂၀ ယုံကြည်သူချင်းများ၏ ကိုယ်ကျိုးစွန့်ကြိုးစားအားထုတ်မှုမှ အသင်းတော်သားများအားလုံး အကျိုးခံစားကြရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကြင်နာသော၊ ကိုယ်ကျိုးမငဲ့သောလုပ်ရပ်များတွင် ပါဝင်လုပ်ဆောင်သောအခါ အခြားသူများအတွက် အကျိုးဆောင်ခြင်းနှင့် စွမ်းအားတော်အတွက် မျိုးစေ့ကြဲခြင်းမှ ရွှင်လန်းမှုခံစားရပါလိမ့်မည်။ သို့သော် နောက်ဆောင်းပါးတွင် ဖော်ပြမည့်အတိုင်း ကျွန်ုပ်တို့သည် စွမ်းအားတော်ကို ဝမ်းနည်းအောင် မပြုလုပ်ရပါ၊၊ ယင်းသို့မဖြစ်အောင် ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 သြဂုတ် ၁၅၊ ၂၀၀၉ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၃၂ ကိုကြည့်ပါ။

သင်မည်သို့ ဖြေဆိုမည်နည်း

မိက္ခာ ၅:၅ တွင်ပါသော ပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို အဘယ်အာမခံချက်ပေးသနည်း။

• ကိုယ်ကျိုးစွန့်စိတ်ဓာတ်တွင် အဘယ်အရာပါဝင်ကြောင်း ရှင်းပြပါ။

• အခြားသူများအတွက် အမှုဆောင်လိုသောဆန္ဒရှိလာအောင် လူတစ်ဦး မည်သို့ပြုလုပ်နိုင်သနည်း။

• လူတစ်ဦး ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် အရည်အချင်းပြည့်မီရန် မိသားစု၏ပူးပေါင်းဆောင်ရွက်မှုသည် မည်မျှအရေးပါသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါပုံစာ]

တက်လှမ်းရန် သင်အဘယ်အရာပြုလုပ်နိုင်သနည်း