မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖျားနာနေသောဆွေမျိုးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်စဉ် ဘုရားသခင့်လုပ်ငန်းတော်တွင် ဆက်၍အလုပ်များနေပါ

ဖျားနာနေသောဆွေမျိုးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်စဉ် ဘုရားသခင့်လုပ်ငန်းတော်တွင် ဆက်၍အလုပ်များနေပါ

ဖျားနာနေသောဆွေမျိုးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်စဉ် ဘုရားသခင့်လုပ်ငန်းတော်တွင် ဆက်၍အလုပ်များနေပါ

သက်သေခံတစ်ဦးဖြစ်သည့် ကင်၏ကျောရိုးမကြီးအနီးတွင် အကျိတ်တစ်ခု တွေ့ရှိပြီးနောက် သူ၌ ကင်ဆာရောဂါရှိနေပြီဆိုသည်ကို သိလိုက်ရသည်။ * “အကျိတ်ကို ခွဲထုတ်ပြီးတဲ့နောက် ကင်ဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ ဓာတုကုထုံးတွေကို ခံယူခဲ့တယ်။ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သူအရမ်းအားနည်းလာတယ်။ လှုပ်တောင်သိပ်မလှုပ်နိုင်တော့ဘူး” ဟု ခင်ပွန်းဖြစ်သူ စတိဗ်က ပြောပြသည်။

ဤအားအင်ဆုတ်ယုတ်စေသောဝေဒနာကို အလူးအလဲခံစားနေရသည့် မိမိ၏ချစ်မြတ်နိုးရသောအဖော်ကို စောင့်ကြည့်နေရသည့် စတိဗ်၏သောကကို သင် စိတ်ကူးကြည့်နိုင်ပါသလော။ ကုသ၍မရတော့သည့်ရောဂါစွဲကပ်နေသော သို့မဟုတ် အိုမင်းနေသော မိသားစုဝင်တစ်ဦး သင့်တွင် ရှိကောင်းရှိပေမည်။ (ဒေ. ၁၂:၁-၇) ရှိသည်ဆိုလျှင် ချစ်မြတ်နိုးရသူတစ်ဦးကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်ရန် မိမိကိုယ်ကိုဂရုစိုက်ရမည်ကို သင်သိထားသည်။ အကယ်၍ သင်သည် ဝတ်ပြုရေးတွင် အားနည်းလာသည်ဆိုလျှင် သင်၏စိတ်လှုပ်ရှားမှုပိုင်းနှင့် ကာယကျန်းမာရေးပိုင်းတွင်လည်း ထိခိုက်လာမည်ဖြစ်ကာ သင့်မိသားစုဝင်များ၏ လိုအပ်ရာများကို မထောက်ပံ့ပေးနိုင်သည့်အဖြစ်သို့ ရောက်ရှိသွားပေမည်။ နာမကျန်းဖြစ်နေသူ သို့မဟုတ် သက်ကြီးရွယ်အိုဆွေမျိုးတစ်ဦးကို စောင့်ရှောက်နေစဉ် ခရစ်ယာန်တစ်ဦးအနေနှင့် သင်၏တာဝန်များကို မည်သို့ဟန်ချက်ညီစေနိုင်သနည်း။ ခရစ်ယာန်အသင်းတော်ရှိ အခြားသူများကော ယင်းနာမကျန်းဖြစ်နေသူအား ထောက်ထားစာနာမှုပြနိုင်ပါသလော။

ဟန်ချက်ညီစေနိုင်ပုံ

နာမကျန်းဖြစ်နေသောဆွေမျိုးသားချင်းတစ်ဦးကို စောင့်ရှောက်နေစဉ် သင်၏ ဝတ်ပြုရေးနှင့် ကျန်းမာရေးကို ဟန်ချက်ညီညီ ဆက်ထိန်းထားရန် အလိုက်သင့်ပြုပြင်ဖို့လိုပြီး သင်၏အချိန်နှင့် ခွန်အားကို ချင့်ချိန်အသုံးပြုဖို့လိုသည်။ “စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏” ဟု နယပုံပြင် ၁၁:၂ ကဆိုသည်။ ဤတွင် အသုံးပြုထားသော “ကျိုးနွံ” ခြင်းဟူသည် မိမိကိုယ်တိုင်၏ အကန့်အသတ်ဖြစ်မှုများကို သိမြင်ခြင်းဖြစ်သည်။ သင်တတ်နိုင်သည်ထက် ပိုလုပ်ဆောင်မနေကြောင်း သေချာစေရန် သင်၏အချိန်ဇယားနှင့် တာဝန်များကို ဆန်းစစ်ဖို့လိုပေမည်။

စတိဗ်သည် သူ၏အလုပ်တာဝန်များကို ပြန်ဆန်းစစ်ခြင်းဖြင့် ဉာဏ်ပညာနှင့် ကျိုးနွံမှုကို ပြသခဲ့သည်။ သူသည် လောကလုပ်ငန်းအပြင် အိုင်ယာလန်ရှိ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တွင် အကြီးအကဲအဖွဲ့၏ညှိနှိုင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့သည်။ သူ့ဒေသရှိ ဆေးရုံဆက်သွယ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ “ကျွန်တော်ဟာ အဲဒီအလုပ်တာဝန်တွေကိုပဲ အာရုံစိုက်နေလို့ ကင်က သူ့ကိုလျစ်လျူရှုတယ်လို့ ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး” ဟု စတိဗ် မှတ်ချက်ချသည်။ “ဒါပေမဲ့ ကျွန်တော်က ကျွန်တော်တတ်နိုင်တာထက် ပိုလုပ်ဆောင်နေတယ်ဆိုတာကို သိခဲ့ရတယ်။” ဤအခြေအနေကို စတိဗ် မည်သို့ကိုင်တွယ်ခဲ့သနည်း။ “အသေအချာဆုတောင်းသုံးသပ်ပြီးတဲ့နောက် ညှိနှိုင်းရေးမှူးအဖြစ်ကနေနားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အကြီးအကဲတစ်ဦးအဖြစ် ဆက်အမှုဆောင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့အသင်းတော်တာဝန်တချို့ကို အခြားသူတွေထံ လွှဲပြောင်းပေးလိုက်လို့ ကင် လိုအပ်နေတဲ့ အချိန်နဲ့ ဂရုစိုက်မှုကို ကျွန်တော်ပေးနိုင်ခဲ့တယ်” ဟု သူပြောပြသည်။

အချိန်တန်သော် ကင်၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လာခဲ့သည်။ စတိဗ်နှင့် ကင်တို့သည် မိမိတို့၏အခြေအနေကို ပြန်သုံးသပ်ပြီးနောက် စတိဗ်သည် ဇနီး၏ထောက်မမှုဖြင့် အသင်းတော်တွင် ယခင်က သူလုပ်ဆောင်ခဲ့သည့်တာဝန်များကို ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ “နာမကျန်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ကန့်သတ်ချက်တွေကြားမှာ လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့နှစ်ဦးစလုံး သင်ယူခဲ့ရတယ်” ဟု စတိဗ် ရှင်းပြသည်။ “ကူညီထောက်မပေးတဲ့ယေဟောဝါကိုရော ကျန်းမာရေးမကောင်းတဲ့ကြားထဲက ကျွန်တော့်ကို မညည်းမညူထောက်မပေးနေတဲ့ ကျွန်တော့်ရဲ့ဇနီးကိုပါ အရမ်းကျေးဇူးတင်တယ်။”

နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်သူ ဂျယ်ရီနှင့် သူ၏ဇနီး မာရီယာတို့အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ သူတို့သည် သူတို့၏အိုမင်းနေသောမိဘများကို ကြည့်ရှုစောင့်ရှောက်ရန် သူတို့၏ပန်းတိုင်ကို ပြုပြင်ချိန်ညှိခဲ့ရသည်။ “ကျွန်မတို့နှစ်ဦးစလုံးက တိုင်းတစ်ပါးလယ်ကွင်းမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်လိုတဲ့ ပန်းတိုင်ရှိခဲ့ကြတယ်” ဟု မာရီယာက ပြောပြသည်။ “ဒါပေမဲ့ ဂျယ်ရီက တစ်ဦးတည်းသောသားဖြစ်လို့ သူ့ရဲ့မိဘတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ လိုနေတယ်။ ဒါကြောင့် ကျွန်မတို့က သူတို့ကိုစောင့်ရှောက်ဖို့အတွက် အိုင်ယာလန်မှာနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ခဲ့လို့ ကျွန်မတို့ဟာ ဂျယ်ရီ အဖေမဆုံးခင် ဆေးရုံတင်ထားတဲ့အချိန်တစ်လျှောက်လုံး အဖေနဲ့အတူရှိနေနိုင်ခဲ့တယ်။ အခုဆိုရင် ကျွန်မတို့က ဂျယ်ရီ အမေနဲ့ နေ့တိုင်း အဆက်အသွယ်မပြတ်ရှိပြီး အမေအကူအညီလိုရင် ကူညီပေးနိုင်တယ်။ ဂျယ်ရီ အမေပူးပေါင်းတဲ့ အသင်းတော်က တကယ့်ကိုကူညီထောက်မပေးကြလို့ နယ်လှည့်လုပ်ငန်းမှာ ကျွန်မတို့ဆက်ပါဝင်နိုင်ခဲ့တယ်။”

အခြားသူများ ကူညီပေးနိုင်ပုံ

အသင်းတော်ရှိ သက်ကြီးရွယ်အိုမုဆိုးမများအတွက် အဘယ်ရုပ်ပစ္စည်းများ ထောက်ပံ့ပေးသင့်သည်နှင့်ပတ်သက်၍ ဆွေးနွေးသောအခါ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူတို့ကို၊ အထူးသဖြင့် မိမိ၏အိမ်သူအိမ်သားတို့ကို မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်၍ မယုံကြည်သူထက်ပင် သာ၍ဆိုး၏။” ပေါလုသည် ခရစ်ယာန်ချင်းများအား ဤသို့သတိပေးခဲ့သည်– သူတို့၏လုပ်ရပ်များသည် “ဘုရားသခင့်မျက်မှောက်တော်တွင် လက်ခံဖွယ်သောအမှု” ဖြစ်လိုသည်ဆိုလျှင် သူတို့သည် မိမိတို့၏သက်ကြီးရွယ်အိုမိဘများနှင့် အဘိုးအဘွားများကို ငွေကြေးအရထောက်ပံ့ရမည်ဖြစ်သည်။ (၁ တိ. ၅:၄၊) သို့သော် အသင်းတော်ရှိအခြားသူများသည် လက်တွေ့ကျ အကူအညီများ ပေးနိုင်ကြပြီး ပေးသင့်ပါသည်။

ဆွီဒင်တွင်နေထိုင်သော သက်ကြီးရွယ်အိုဇနီးမောင်နှံဖြစ်သည့် ဟိုကန်နှင့် အင်ဂျာတို့၏ အဖြစ်အပျက်ကို ကြည့်ပါ။ ဟိုကန် ဤသို့ပြောပြသည်– “ကျွန်တော့်ရဲ့ဇနီးမှာ ကင်ဆာရောဂါရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်။ အင်ဂျာက အမြဲပဲ ကျန်းမာသန်စွမ်းနေခဲ့တာ။ အခုတော့ ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံကို ကျွန်တော်တို့ နေ့တိုင်းသွားရတယ်။ ပြီးတော့ သူခံယူရတဲ့ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက သူ့ကို အားအင်ဆုတ်ယုတ်စေခဲ့တယ်။ ဒီအချိန်အတောအတွင်း အင်ဂျာဟာ အိမ်မှာပဲနေလို့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ သူနဲ့အတူနေဖို့လိုအပ်ခဲ့တယ်။” ဒေသခံအသင်းတော်သည် ဟိုကန်နှင့် အင်ဂျာတို့ကို မည်သို့ကူညီပေးခဲ့သနည်း။

အသင်းတော်ရှိ အကြီးအကဲများသည် ထိုမောင်နှံစုံအတွက် တယ်လီဖုန်းလိုင်းဖြင့် ခရစ်ယာန်အစည်းအဝေးများကို နားထောင်နိုင်ရန် စီစဉ်ပေးခဲ့ကြသည်။ ထို့ပြင် ညီအစ်ကိုညီအစ်မများသည် လည်ပတ်ခြင်းနှင့် ဖုန်းဆက်ခြင်းဖြင့် သူတို့နှင့်အဆက်အသွယ်မပြတ်ရှိခဲ့ကြသည်။ သူတို့သည် စာများနှင့် ကတ်များကိုလည်း ပို့ပေးခဲ့ကြသည်။ ဟိုကန် ဤသို့ပြောပြသည်– “ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ အကူအညီကို ခံစားရသလို ညီအစ်ကိုညီအစ်မတွေရဲ့ ထောက်မမှုတွေကိုလည်း ခံစားခဲ့ရတယ်။ ဒီလို ဂရုစိုက်ပေးမှုတွေက ဝတ်ပြုရေးမှာ ကျွန်တော်တို့ ဆက်ပြီးသန်စွမ်းနေဖို့အတွက် မရှိမဖြစ်လိုအပ်တယ်။ ဝမ်းသာစရာက အင်ဂျာဟာ နာလန်ပြန်ထူလာပြီး ဝတ်ပြုရာခန်းမမှာကျင်းပတဲ့ ခရစ်ယာန်အစည်းအဝေးတွေကို ပြန်တက်နိုင်ခဲ့တယ်။” အသင်းတော်တွင်ရှိသူများသည် နာမကျန်းဖြစ်နေသူများနှင့် သူတို့အလယ်ရှိ သက်ကြီးရွယ်အိုများကို ကူညီပေးရန် မိမိတို့တတ်နိုင်ရာကိုပြုကြသောအခါ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ” ကြောင်း သက်သေပြရာရောက်သည်။—သု. ၁၇:၁၇

ယေဟောဝါသည် သင်၏ကြိုးစားအားထုတ်မှုများကို တန်ဖိုးထား

နာမကျန်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်ရခြင်းသည် အမှန်ပင် ပင်ပန်းနိုင်ပါသည်။ သို့သော် ဖျားနာမှုကြောင့် အကူအညီလိုအပ်နေသူကဲ့သို့သော “ဆင်းရဲသောသူတို့ကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏” ဟု ဘုရင်ဒါဝိဒ်ရေးခဲ့သည်။—ဆာ. ၄၁:၁

ဖျားနာနေသူ သို့မဟုတ် ဝေဒနာခံစားနေရသူများကို ကြည့်ရှုစောင့်ရှောက်သူများသည် အဘယ်ကြောင့် ပျော်ရွှင်နိုင်ကြသနည်း။ ဆင်းရဲသား သို့မဟုတ် အကူအညီလိုသူကို သနားသောသူသည် ယေဟောဝါအား ချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်ဟု သမ္မာကျမ်းစာ၌ ဆိုထား၏။ (သု. ၁၉:၁၇) စစ်မှန်သောဘုရားသခင်သည် ဖျားနာနေသော သစ္စာရှိကျေးကျွန်များကို အထူးစိတ်ဝင်စားတော်မူသောကြောင့် ထိုသူတို့ကို ကူညီသူတို့အား ကိုယ်တော်ကောင်းချီးပေးတော်မူသည်။ ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– ‘သူသည် နာဖျား၍တုံးလုံးနေသောအခါ ယေဟောဝါသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။’ (ဆာ. ၄၁:၃) မေတ္တာဖြင့် ဂရုစိုက်စောင့်ရှောက်ပေးသောသူသည် သူကိုယ်တိုင် ဘေးဒုက္ခ သို့မဟုတ် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဆိုလျှင် ယေဟောဝါ သူ့အား ကူမမည်ကို စိတ်ချနိုင်သည်။

နာမကျန်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ပြုစုစောင့်ရှောက်ရန် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ယေဟောဝါဘုရားသခင် သတိပြုမိပြီး နှစ်သက်သည်ကို သိရခြင်းက မည်မျှကောင်းလိုက်လေခြင်း။ ဤကဲ့သို့ ကူညီထောက်မရာတွင် ကျွန်ုပ်တို့ဘက်မှ အားစိုက်ထုတ်မှုလိုအပ်မည်ဖြစ်သော်လည်း “ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏” ဟုသမ္မာကျမ်းစာက အာမခံသည်။—ဟေဗြဲ ၁၃:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်များကို ပြောင်းထားသည်။

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ဝတ်ပြုရေးမှာ ဟန်ချက်ညီဖို့ ဆက်လုပ်ဆောင်ပြီး အခြားသူတွေဆီက အကူအညီကိုလက်ခံပါ