မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်

ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်

ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်

“ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်။ . . . သင်တို့ကို ထိုစွမ်းအားတော်ဖြင့် တံဆိပ်ခတ်တော်မူပြီ။”—ဧ. ၄:၃၀

၁။ သန်းနှင့်ချီသောသူများအတွက် ယေဟောဝါ အဘယ်အရာလုပ်ပေးထားသနည်း၊ သူတို့တွင် အဘယ်တာဝန်ရှိသနည်း။

ယေဟောဝါသည် ဆင်းရဲခက်ခဲသည့် ဤလောကတွင် အသက်ရှင်နေသည့် သန်းနှင့်ချီသောလူများအတွက် အထူးအရာတစ်ခုကို ပြုလုပ်ပေးတော်မူသည်။ ယင်းမှာ မိမိ၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်မှတစ်ဆင့် မိမိထံချဉ်းကပ်နိုင်ခြင်းဖြစ်သည်။ (ယော. ၆:၄၄) သင်သည် ဘုရားသခင်ထံအပ်နှံထားပြီး ယင်းနှင့်အညီအသက်ရှင်နေထိုင်လျှင် သင်လည်း ထိုသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌ နှစ်ခြင်းခံပြီးသူတစ်ဦးအနေနှင့် သင်သည် ထိုစွမ်းအားတော်နှင့်အညီ ကျင့်ကြံပြုမူရန် တာဝန်ရှိသည်။—မ. ၂၈:၁၉

၂။ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။

ကျွန်ုပ်တို့သည် ‘စွမ်းအားတော်အတွက် မျိုးစေ့ကြဲ’ ကာ ဥပဓိရုပ်သစ်ကို ဝတ်ဆင်ကြသူများဖြစ်သည်။ (ဂလ. ၆:၈; ဧ. ၄:၁၇-၂၄) သို့သော် တမန်တော်ပေါလုက ကျွန်ုပ်တို့ကို အကြံဉာဏ်ပေးကာ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်းအောင်မလုပ်မိစေရန် သတိပေးသည်။ (ဧဖက် ၄:၂၅-၃၂ ကိုဖတ်ပါ။) တမန်တော်၏ဆုံးမစကားကို ဂရုစိုက်သုံးသပ်ကြည့်ကြစို့။ ဘုရားသခင့်စွမ်းအားတော်ကို ဝမ်းနည်းစေခြင်းအကြာင်း ပေါလုပြောဆိုရာတွင် သူအဘယ်အရာကို ဆိုလိုခဲ့ခြင်းဖြစ်သနည်း။ ယေဟောဝါထံအပ်နှံထားသူတစ်ဦးသည် ကိုယ်တော့်စွမ်းအားတော်ကို မည်သို့ ဝမ်းနည်းစေနိုင်သနည်း။ ယေဟောဝါ၏စွမ်းအားတော်အား ဝမ်းနည်းစေခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်သနည်း။

ပေါလု၏ဆိုလိုချက်

၃။ ဧဖက် ၄:၃၀ တွင်ပါသောစကားများ၏အဓိပ္ပာယ်ကို သင်မည်သို့ရှင်းပြမည်နည်း။

ဦးဆုံး၊ ဧဖက် ၄:၃၀ တွင်ဖော်ပြထားသော ပေါလု၏စကားများကို သတိပြုပါ။ သူဤသို့ ရေးသားခဲ့သည်– “ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်။ ရွေးနုတ်ခံရမည့်နေ့ရက်အတွက် သင်တို့ကို ထိုစွမ်းအားတော်ဖြင့် တံဆိပ်ခတ်တော်မူပြီ။” ပေါလုသည် မိမိချစ်ရသောယုံကြည်သူချင်းများ၏ နာမည်ကောင်းနှင့် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို မထိခိုက်စေလိုချေ။ သူတို့သည် ယေဟောဝါ၏ ထိုစွမ်းအားတော်ဖြင့်ပင် ‘ရွေးနုတ်ခံရမည့်နေ့ရက်အတွက် တံဆိပ်ခတ်’ ခံရကြသည်။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်သည် သမာဓိစောင့်ထိန်းသော ကောင်းကင်ခေါ်တော်မူခြင်းခံရသူတို့အတွက် တံဆိပ်ဖြစ်ခဲ့ပြီး ဖြစ်နေဆဲဖြစ်သည်၊ သို့မဟုတ် “နောင်ရမည့်အရာအတွက် အာမခံ” ဖြစ်သည်။ (၂ ကော. ၁:၂၂) သူတို့သည် ဘုရားသခင့်ပိုင်ဆိုင်ရာဖြစ်ကြောင်းနှင့် ကောင်းကင်အသက်တာ ရရှိမည်ဖြစ်ကြောင်း တံဆိပ်ကဖော်ပြသည်။ နောက်ဆုံးတွင် တံဆိပ်ခတ်ခံရသည့် အရေအတွက်မှာ ၁၄၄,၀၀၀ ဖြစ်သည်။—ဗျာ. ၇:၂-၄

၄။ ဘုရားသခင့်စွမ်းအားတော်ကို ဝမ်းနည်းအောင်မလုပ်မိရန် အဘယ်ကြောင့် အရေးကြီးသနည်း။

ခရစ်ယာန်တစ်ဦး၏အသက်တာတွင် ဘုရားသခင့်အသုံးခံ စွမ်းအားတော်၏လွှမ်းမိုးမှု လုံးလုံးဆုံးရှုံးနိုင်သည့် ပထမခြေလှမ်းမှာ စွမ်းအားတော်ကိုဝမ်းနည်းစေခြင်းဖြစ်သည်။ ဗာသရှေဘနှင့်မှားယွင်းပြီးနောက် ဒါဝိဒ်ပြောဆိုခဲ့ရာများတွင် ယင်းသို့ဖြစ်နိုင်ကြောင်း ထင်ရှားသည်။ ဒါဝိဒ်သည် နောင်တဖြင့် ယေဟောဝါထံ ဤသို့တောင်းလျှောက်ခဲ့သည်– ‘အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောစွမ်းအားတော်ကို ရုပ်သိမ်းတော်မမူပါနှင့်။’ (ဆာ. ၅၁:၁၁) “သေသည်တိုင်အောင် သစ္စာရှိ” သော စွမ်းအားတော်ဖွားများသာ ကောင်းကင်တွင် မသေနိုင်သောအသက် “သရဖူ” ကို ရမည်ဖြစ်သည်။ (ဗျာ. ၂:၁၀; ၁ ကော. ၁၅:၅၃) မြေကြီးမျှော်လင့်ချက်ရှိသူများလည်း ဘုရားသခင်အပေါ် သမာဓိစောင့်သိရန်နှင့် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အပေါ် ယုံကြည်ခြင်းကိုအခြေခံသော အသက်ဆုရရန် သန့်ရှင်းသောစွမ်းအားတော်လိုသည်။ (ယော. ၃:၃၆; ရော. ၅:၈; ၆:၂၃) ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေရန် သတိပြုရမည်ဖြစ်သည်။

ခရစ်ယာန်တစ်ဦး စွမ်းအားတော်ကို ဝမ်းနည်းအောင်လုပ်မိနိုင်ပုံ

၅၊ ၆။ ခရစ်ယာန်တစ်ဦးသည် ယေဟောဝါ၏စွမ်းအားတော်ကို အဘယ်နည်းဖြင့် ဝမ်းနည်းစေနိုင်သနည်း။

အပ်နှံထားသောခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် စွမ်းအားတော်ကို ဝမ်းနည်းအောင်မလုပ်မိစေရန် ရှောင်ရှားနိုင်သည်။ ကျွန်ုပ်တို့သည် ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေကြမည်ဆိုလျှင်’ ယင်းသို့ ပြုလုပ်နိုင်သည်၊ သို့ဖြင့် ကျွန်ုပ်တို့သည် မှားယွင်းသော သွေးသားတပ်မက်မှုအလိုဆန္ဒများ၏ လွှမ်းမိုးမှုကို ခံမည်မဟုတ်သကဲ့သို့ ဘုရားသခင်မနှစ်သက်သောအကျင့်များကိုလည်း ကျင့်မည်မဟုတ်ချေ။ (ဂလ. ၅:၁၆၊ ၂၅၊ ၂၆) သို့သော် ယင်းသည် ပြောင်းလဲနိုင်၏။ စွမ်းအားတော်တိုက်တွန်းမှုဖြင့် ရေးသားထားသည့်သမ္မာကျမ်းစာတွင် ရှုတ်ချထားသောအမူအကျင့်များကို တဖြည်းဖြည်း၊ ဖြစ်နိုင်သည်မှာ လုံးလုံးသတိမပြုမိဘဲ ပြုကျင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်စွမ်းအားတော်ကို အတိုင်းအတာတစ်ခုအထိ ဝမ်းနည်းစေနိုင်သည်။

သန့်ရှင်းသောစွမ်းအားတော်၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ ဆက်လက်ဆန့်ကျင်နေပါက ကျွန်ုပ်တို့သည် စွမ်းအားတော်နှင့် ယင်း၏ရင်းမြစ်ဖြစ်သော ယေဟောဝါအား ဝမ်းနည်းစေပါလိမ့်မည်။ ဧဖက် ၄:၂၅-၃၂ ကိုဆန်းစစ်ခြင်းက ကျွန်ုပ်တို့ မည်သို့ကျင့်ကြံရမည်ကို သိရှိစေပြီး ယင်းက ဘုရားသခင့်စွမ်းအားတော်အား ဝမ်းနည်းစေခြင်းကို ရှောင်ရှားစေနိုင်ပါလိမ့်မည်။

စွမ်းအားတော်အား ဝမ်းနည်းစေခြင်းကို ရှောင်နိုင်ပုံ

၇၊ ၈။ ကျွန်ုပ်တို့ အဘယ်ကြောင့်ဖြောင့်မှန်ဖို့လိုကြောင်း ရှင်းပြပါ။

ကျွန်ုပ်တို့သည် ဖြောင့်မှန်ရမည်။ ဧဖက် ၄:၂၅ တွင် ပေါလု ဤသို့ရေးခဲ့သည်– “မုသားပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် အင်္ဂါချင်းများ ဖြစ်ကြ၏။” ကျွန်ုပ်တို့သည် “အင်္ဂါချင်းများဖြစ်ကြ” သောကြောင့် ဝတ်ပြုသူချင်းများအား မရိုးမသားမပြုသင့် သို့မဟုတ် လှည့်စားရန် မကြံစည်သင့်ချေ၊ ယင်းက သူတို့ကို လိမ်ညာခြင်းဖြစ်သည်။ ဤသို့သောလမ်းစဉ်ကို စွဲစွဲမြဲမြဲလိုက်သူသည် အဆုံးတွင် ဘုရားသခင်နှင့် ဆက်ဆံရေးပြတ်တောက်သွားမည်ဖြစ်သည်။—သု. ၃:၃၂ ကိုဖတ်ပါ။

လှည့်စားသောစကားများနှင့် လုပ်ရပ်များသည် အသင်းတော်၏စည်းလုံးမှုကို ပြိုကွဲစေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်ဆိုစရာမရှိသော ယုံကြည်စိတ်ချထိုက်သူ ပရောဖက်ဒံယေလနှင့် တူသင့်သည်။ (ဒံ. ၆:၄) ကောင်းကင်မျှော်လင့်ချက်ရှိသော ခရစ်ယာန်များသည် “ခရစ်တော်၏ခန္ဓာကိုယ်” အဝင်ဖြစ်ကာ သူတို့တစ်ဦးစီသည် အချင်းချင်းဆက်နွှယ်နေသောကြောင့် တစည်းတလုံးတည်းရှိဖို့လိုသည်ဟူသော ပေါလု၏အကြံပြုချက်ကို ကျွန်ုပ်တို့ စိတ်စွဲမှတ်သင့်သည်။ (ဧ. ၄:၁၁၊ ၁၂) ကျွန်ုပ်တို့သည် မြေကြီးပရဒိသုပေါ်တွင် ထာ၀စဉ်အသက်ရှင်ရန် မျှော်လင့်ပါက ကျွန်ုပ်တို့လည်း မှန်ရာကိုပြောရမည်၊ ထိုသို့သောအားဖြင့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်း၏ စည်းလုံးမှုကို ကူညီထိန်းသိမ်းရာရောက်သည်။

၉။ ဧဖက် ၄:၂၆၊ ၂၇ ကိုကျင့်သုံးရန် အဘယ်ကြောင့် အရေးကြီးသနည်း။

ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သောအရာတစ်ခုခုလုပ်ဆောင်ရန် ကျွန်ုပ်တို့အား သွေးဆောင်ခွင့်မပေးခြင်းဖြင့် စာတန်ကိုတွန်းလှန်ရမည်။ (ယာ. ၄:၇) စာတန်ကို တွန်းလှန်ရန် သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကို ကူညီပေးသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဒေါသပေါက်ကွဲခြင်းကို ထိန်းချုပ်ခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်သည်။ ပေါလု ဤသို့ရေးခဲ့သည်– ‘ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ဒေါသထွက်သင့်သည့်အကြောင်းပေါ်လာလျှင် ချက်ချင်း အသံတိတ်ဆုတောင်းခြင်းက “အေးသောစိတ်” ရှိစေရန် အကူအညီရစေကာ ဘုရားသခင့်စွမ်းအားတော်ကို ဝမ်းနည်းစေသည့်နည်းဖြင့် ပြုမူမည့်အစား ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းစေနိုင်သည်။ (သု. ၁၇:၂၇) ထို့ကြောင့် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ကို သွေးဆောင်ဖို့ စာတန်အခွင့်အရေးရသွားနိုင်သည့် အမျက်မပြေသည့် အခြေအနေကို ခွင့်မပြုပါနှင့်။ (ဆာ. ၃၇:၈၊ ၉) စာတန်ကို တွန်းလှန်သည့်နည်းတစ်နည်းမှာ အငြင်းပွားမှုများကို ယေရှု၏အကြံပြုချက်နှင့်အညီ ချက်ချင်းဖြေရှင်းခြင်းဖြစ်သည်။—မ. ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇

၁၀၊ ၁၁။ ကျွန်ုပ်တို့ အဘယ်ကြောင့် မခိုးသင့် သို့မဟုတ် မရိုးမသားမလုပ်သင့်သနည်း။

၁၀ ခိုးရန် သို့မဟုတ် မရိုးမသားပြုမူရန် မည်သည့်သွေးဆောင်မှုကိုမဆို ကျွန်ုပ်တို့ အရှုံးမပေးရပါ။ ခိုးခြင်းနှင့်ပတ်သက်၍ ပေါလုဤသို့ရေးခဲ့သည်– “ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့ဘဲ မိမိလက်နှင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ပါစေ။ သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်။” (ဧ. ၄:၂၈) အပ်နှံထားသောခရစ်ယာန်တစ်ဦး ခိုးလျှင် သူသည် အမှန်ပင် နာမတော်ကို ရှုတ်ချစရာဖြစ်စေခြင်းဖြင့် ‘ဘုရားသခင့်နာမကို မုသာနှင့်ဆိုင်၍ မြွက်ဆို’ သူဖြစ်ပါလိမ့်မည်။ (သု. ၃၀:၇-၉) ဆင်းရဲခြင်းသည်ပင် ခိုးရန် အကြောင်းပြချက်မဟုတ်ပါ။ ခိုးမှုအတွက် အကြောင်းပြချက်မရှိကြောင်း ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သူများ သိထားကြသည်။—မာ. ၁၂:၂၈-၃၁

၁၁ ပေါလုသည် ကျွန်ုပ်တို့ မလုပ်သင့်ရာကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့လုပ်သင့်ရာကိုလည်း ထောက်ပြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်အညီ လျှောက်လှမ်းကာ အသက်ရှင်နေထိုင်ပါက အလုပ်ကြိုးစားမည်ဖြစ်ပြီး ယင်းသို့ဖြင့် ကျွန်ုပ်တို့၏မိသားစုနှင့် “အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်” ဖြစ်သည်။ (၁ တိ. ၅:၈) ယေရှုနှင့် တပည့်တို့သည် ဆင်းရဲသူများကိုကူညီရန် အလှူငွေများကိုဖယ်ထားသည်၊ သို့သော် သစ္စာဖောက်ယုဒရှကာရုတ်သည် ငွေအချို့ကို ယူသုံးခဲ့သည်။ (ယော. ၁၂:၄-၆) သူသည် သန့်ရှင်းသောစွမ်းအားတော်၏ဦးဆောင်မှုကို မခံယူခဲ့ကြောင်း သေချာသည်။ ဘုရားသခင့်စွမ်းအားတော်၏ ဦးဆောင်လမ်းပြမှုကိုခံယူသူ ကျွန်ုပ်တို့သည် ပေါလုကဲ့သို့ “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ကြသည်။ (ဟေဗြဲ ၁၃:၁၈) ဤသို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော်အား ဝမ်းနည်းစေခြင်းကို ရှောင်ကြသည်။

စွမ်းအားတော်ကိုဝမ်းနည်းစေခြင်းမှ ရှောင်ရှားနိုင်သည့်အခြားနည်းများ

၁၂၊ ၁၃။ (က) ဧဖက် ၄:၂၉ တွင်ဖော်ပြထားသကဲ့သို့ အဘယ်စကားမျိုးကို ကျွန်ုပ်တို့ ရှောင်သင့်သနည်း။ (ခ) ကျွန်ုပ်တို့၏စကားသည် မည်သို့သောစကားမျိုး ဖြစ်သင့်သနည်း။

၁၂ ကျွန်ုပ်တို့၏အပြောအဆိုကို ဂရုစိုက်ရမည်။ ပေါလု ဤသို့ပြောခဲ့သည်– “သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့။” (ဧ. ၄:၂၉) ဤတွင်တစ်ဖန် တမန်တော်သည် ကျွန်ုပ်တို့ မလုပ်သင့်ရာကိုသာ ပြောခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့လုပ်သင့်ရာကိုလည်း ပြောခဲ့သည်။ ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးမှုအောက်တွင် ‘ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် တည်ဆောက်မှုဖြစ်စေသော ကောင်းသောစကားကိုသာ ပြောဆိုကြ’ ရန် ကျွန်ုပ်တို့ လှုံ့ဆော်ခံရပါလိမ့်မည်။ ထို့ပြင် “မကောင်းသောစကား” တစ်ခွန်းကိုမျှ ကျွန်ုပ်တို့၏နှုတ်မှ မထွက်စေသင့်ချေ။ “မကောင်းသော” ဟုပြန်ဆိုသည့် ဂရိစကားလုံးသည် ပုပ်နေသည့်အသီး၊ ငါး သို့မဟုတ် အသားတို့ကို ဖော်ပြရာတွင် အသုံးပြုသည်။ ကျွန်ုပ်တို့သည် ဤသို့သော အစားအစာများကို ရွံရှာသကဲ့သို့ မကောင်းဟု ယေဟောဝါသတ်မှတ်သည့် အပြောအဆိုများကို ကျွန်ုပ်တို့ မုန်းတီးကြသည်။

၁၃ ကျွန်ုပ်တို့၏အပြောအဆိုသည် နှစ်သက်ဖွယ်ကောင်း၍ ကြင်နာကာ “ဆားခတ်ထားသကဲ့သို့” ဖြစ်သင့်သည်။ (ကော. ၃:၈-၁၀; ၄:၆) ကျွန်ုပ်တို့သည် အခြားသူများနှင့် ခြားနားကြောင်း ကျွန်ုပ်တို့ပြောဆိုရာကို ကြားသူများ ပိုင်းခြားသိမြင်နိုင်သင့်သည်။ ထို့ကြောင့် “တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကို” ပြောဆိုခြင်းဖြင့် အခြားသူများကို ကူညီပေးကြစို့။ ဆာလံဆရာ သီဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့ ခံစားနိုင်ပါစေ– ‘အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုယေဟောဝါ၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကို ရွေးနုတ်တော်မူသောဘုရားသခင်။’—ဆာ. ၁၉:၁၄

၁၄။ ဧဖက် ၄:၃၀၊ ၃၁ အရ ကျွန်ုပ်တို့သည် အဘယ်အရာများနှင့် ကင်းရှင်းရမည်နည်း။

၁၄ နာကြည်းခြင်း၊ အမျက်ထွက်ခြင်း၊ ဆဲဆိုခြင်း၊ မကောင်းမှုအားလုံးနှင့် ကျွန်ုပ်တို့ကိုယ်ကို ကင်းရှင်းစေရမည်ဖြစ်သည်။ ဘုရားသခင်၏စွမ်းအားတော်ကို ဝမ်းနည်းစေခြင်းအကြောင်း သတိပေးပြီးနောက် ပေါလု ဤသို့ရေးခဲ့သည်– “ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။” (ဧ. ၄:၃၀၊ ၃၁) ကျွန်ုပ်တို့အားလုံးသည် မစုံလင်သောလူသားများဖြစ်သောကြောင့် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် လုပ်ရပ်များကို ထိန်းချုပ်ရန် အလွန်ကြိုးစားအားထုတ်ဖို့လိုသည်။ ကျွန်ုပ်တို့သည် “ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း” တို့ကို မထိန်းချုပ်ပါက ဘုရားသခင်၏စွမ်းအားတော်ကို ဝမ်းနည်းစေပါလိမ့်မည်။ ထိုနည်းတူ ကျွန်ုပ်တို့အပေါ် ကျူးလွန်ခဲ့သည့်အပြစ်များကို တေးမှတ်ထားခြင်း၊ နာကြည်းနေခြင်းနှင့် ပြေလည်အောင်ပြုလုပ်ဖို့ ငြင်းဆိုခြင်းတို့သည်လည်း ဘုရားသခင်၏စွမ်းအားတော်ကို ဝမ်းနည်းစေနိုင်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာအကြံပြုချက်ကို စတင်လျစ်လျူရှုလာပါက စွမ်းအားတော်ကို ဆန့်ကျင်သည့် အမူအကျင့်များကို ပြုကျင့်သည့်အဖြစ်သို့ ကျရောက်သွားနိုင်ပြီး ဆိုးရွားသည့်အကျိုးဆက်များကို ကြုံတွေ့ရနိုင်သည်။

၁၅။ ကျွန်ုပ်တို့အပေါ် ကျူးလွန်သောအမှားတစ်ခုခုကြောင့် စိတ်ထိခိုက်သည်ဆိုလျှင် အဘယ်အရာလုပ်သင့်သနည်း။

၁၅ ကျွန်ုပ်တို့သည် ကြင်နာရန်၊ သနားစာနာရန်၊ ခွင့်လွှတ်ရန်လိုသည်။ “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့” ဟု ပေါလုရေးခဲ့သည်။ (ဧ. ၄:၃၂) ကျွန်ုပ်တို့အပေါ် ကျူးလွန်သောအမှားတစ်ခုခုကြောင့် အလွန်စိတ်ထိခိုက်လျှင်ပင် ဘုရားသခင်ကဲ့သို့ ခွင့်လွှတ်ကြစို့။ (လု. ၁၁:၄) ယုံကြည်သူချင်းတစ်ဦးသည် ကျွန်ုပ်တို့အကြောင်း မကောင်းပြောသည် ဆိုပါစို့။ ကိစ္စရပ်ကိုဖြေရှင်းရန် ကျွန်ုပ်တို့ သူ့ထံချဉ်းကပ်သည်။ သူက အမှန်တကယ်ဝမ်းနည်းကြောင်းပြောပြီး ခွင့်လွှတ်ရန် တောင်းဆိုသည်။ သူ့ကို ကျွန်ုပ်တို့ ခွင့်လွှတ်လိုက်သည်၊ သို့သော် ယင်းထက်ပို၍ ပြုလုပ်ရန်လိုသေးသည်။ ဝတ်ပြုရာ ၁၉:၁၈ တွင် ဤသို့ဆိုသည်– ‘သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ယေဟောဝါဖြစ်၏။’

သတိရှိဖို့လို

၁၆။ ယေဟောဝါ၏စွမ်းအားတော်ကိုဝမ်းမနည်းစေရန် ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲဖို့ လိုကောင်းလိုမည်ဖြစ်ကြောင်း ဥပမာတစ်ခုပေးပါ။

၁၆ ကျွန်ုပ်တို့တစ်ကိုယ်တည်းရှိနေချိန်တွင်ပင် ဘုရားသခင်မနှစ်သက်ရာကို ပြုလုပ်ရန် သွေးဆောင်ခံရနိုင်သည်။ ဥပမာ၊ ညီအစ်ကိုတစ်ဦးသည် ခရစ်ယာန်များနားမထောင်သင့်သောတေးသီချင်းကို နားထောင်ပေမည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏စာပေများတွင် ဖော်ပြထားသော ကျမ်းစာအကြံပြုချက်ကို သူလျစ်လျူရှုသောကြောင့် နောက်ဆုံးတွင် သူ၏ကိုယ်ကိုယ်ကိုယ်သိသောစိတ်က သူ့ကို ဒုက္ခပေးလာသည်။ (မ. ၂၄:၄၅) သူသည် ဤပြဿနာနှင့်ပတ်သက်၍ ဆုတောင်းကာ ဧဖက် ၄:၃၀ ပါ ပေါလု၏စကားများကို ပြန်အမှတ်ရပေမည်။ ဘုရားသခင့်စွမ်းအားတော်ကိုဝမ်းနည်းစေသည့် မည်သည့်အရာကိုမျှမလုပ်တော့ဟု အခိုင်အမာစိတ်ပိုင်းဖြတ်ကာ ယခုမှစ၍ ခရစ်ယာန်များနားမထောင်သင့်သော တေးသီချင်းများကိုရှောင်ရန် သူဆုံးဖြတ်လိုက်သည်။ ညီအစ်ကိုပြသသော ဤစိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင့်စွမ်းအားတော်ကို ဝမ်းမနည်းစေရန် အမြဲသတိပြုကြပါစို့။

၁၇။ သတိမရှိဘဲ၊ ဆုမတောင်းဘဲနေလျှင် ကျွန်ုပ်တို့ အဘယ်အရာဖြစ်နိုင်သနည်း။

၁၇ ကျွန်ုပ်တို့သည် သတိမရှိလျှင်၊ ဆုမတောင်းလျှင် ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုနှင့် မကိုက်ညီသည့် မသန့်ရှင်းသော သို့မဟုတ် မှားယွင်းသောအမူအကျင့်ကို ပြုလုပ်မိနိုင်သည်၊ ယင်းသည် ယေဟောဝါကိုဝမ်းနည်းစေသောကြောင့် ကျွန်ုပ်တို့ ထိုသို့ မပြုလုပ်လိုကြပါ။ (ဧ. ၄:၃၀) ယေရှု၏အံ့ဖွယ်အမှုသည် စာတန်ကြောင့်ဖြစ်သည်ဟု ပထမရာစုမှ ဂျူးကျမ်းတတ်များ လွဲမှားစွာ ယိုးစွပ်ခဲ့သည်။ (မာကု ၃:၂၂-၃၀ ကိုဖတ်ပါ။) ခရစ်တော်၏ထိုရန်သူများသည် ‘သန့်ရှင်းသောစွမ်းအားတော်ကိုပြစ်မှား’ ခြင်းဖြစ်ပြီး ခွင့်မလွှတ်နိုင်သောအပြစ် ကျူးလွန်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဘယ်တော့မျှ ထိုသို့မဖြစ်အောင်နေကြစို့။

၁၈။ ခွင့်မလွှတ်နိုင်သောအပြစ် မကျူးလွန်မိစေရန် ကျွန်ုပ်တို့ မည်သို့စိတ်ပိုင်းဖြတ်ထားနိုင်သနည်း။

၁၈ ကျွန်ုပ်တို့သည် ခွင့်မလွှတ်နိုင်သောအပြစ် ကျူးလွန်ခါနီးအဖြစ်သို့ပင် မရောက်လိုသောကြောင့် စွမ်းအားတော်ကို ဝမ်းမနည်းစေခြင်းနှင့်ပတ်သက်သည့် ပေါလုပြောခဲ့ရာကို သတိရဖို့လိုသည်။ သို့သော် ကြီးလေးသောအပြစ်ကို ကျွန်ုပ်တို့ ကျူးလွန်မိသည်ဆိုလျှင် အသို့နည်း။ နောင်တရပြီး အကြီးအကဲများ၏အကူအညီကို ရယူပါက ဘုရားသခင် ကျွန်ုပ်တို့ကို ခွင့်လွှတ်ပြီဟု ယူမှတ်နိုင်ပြီး ကျွန်ုပ်တို့၏နောင်တလမ်းစဉ်က ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်းစေခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် စွမ်းအားတော်ကို တစ်နည်းနည်းဖြင့် ထပ်မံ ဝမ်းမနည်းစေရန် ဘုရားသခင်၏အကူအညီဖြင့် ရှောင်နိုင်ကြသည်။

၁၉၊ ၂၀။ (က) အဘယ်အရာများကို ကျွန်ုပ်တို့ ရှောင်ဖို့လိုသနည်း။ (ခ) အဘယ်အရာပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၁၉ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောစွမ်းအားတော်ဖြင့် မိမိလူမျိုး၏ မေတ္တာ၊ ဝမ်းမြောက်မှုနှင့် စည်းလုံးမှုတို့ကို တိုးပွားစေနိုင်သည်။ (ဆာ. ၁၃၃:၁-၃) ထို့ကြောင့် ထိခိုက်နစ်နာစေသောအတင်းအဖျင်းမပြောခြင်း သို့မဟုတ် စွမ်းအားတော်ဖြင့်ခန့်အပ်ထားသော သိုးထိန်းများအား အရိုအသေကင်းမဲ့စေသည့်စကားများကို မပြောဆိုခြင်းဖြင့် စွမ်းအားတော်ကိုဝမ်းနည်းစေသည့်အရာများကို ရှောင်သင့်သည်။ (တ. ၂၀:၂၈; ယု. ၈) ယင်းအစား ကျွန်ုပ်တို့သည် အသင်းတော်ကို ပို၍စည်းလုံးစေကာ တစ်ဦးကိုတစ်ဦး လေးစားသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်လူမျိုးအလယ်တွင် အုပ်စုဖွဲ့ခြင်းကို အားမပေးသင့်သည်မှာ သေချာသည်။ ပေါလုဤသို့ရေးခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်းစိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထားတစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြရန် ငါတို့သခင်ယေရှုခရစ်၏နာမကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်ပါ၏။”—၁ ကော. ၁:၁၀

၂၀ ကိုယ်တော်၏စွမ်းအားတော်ကို ဝမ်းနည်းအောင်မလုပ်မိစေရန် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကူညီပေးလိုကာ ကူညီပေးနိုင်သည်။ သန့်ရှင်းသောစွမ်းအားတော်ရရန် ဆက်ဆုတောင်းကာ ယင်းကို ဝမ်းနည်းအောင်မလုပ်မိစေရန် စိတ်ပိုင်းဖြတ်ကြစို့။ ကျွန်ုပ်တို့သည် ဆက်၍ “စွမ်းအားတော်အတွက် မျိုးစေ့ကြဲ” ကာ စိတ်အားထက်သန်စွာ ယင်း၏လမ်းညွှန်မှုကို ယခုနှင့် ထာ၀စဉ် ရှာကြပါစို့။

သင်မည်သို့ဖြေဆိုမည်နည်း

• ဘုရားသခင့်စွမ်းအားတော်ကို ဝမ်းနည်းစေခြင်းဆိုသည်မှာ အဘယ်အရာကိုဆိုလိုသနည်း။

• ယေဟောဝါထံအပ်နှံထားသူတစ်ဦးသည် ကိုယ်တော့်စွမ်းအားတော်ကို အဘယ်နည်းဖြင့် ဝမ်းနည်းစေနိုင်သနည်း။

• စွမ်းအားတော်ကိုဝမ်းနည်းစေသည့်အရာများကို အဘယ်နည်းများဖြင့် ရှောင်ရှားနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၃၀ ပါပုံစာ]

အငြင်းပွားမှုကို အလျင်အမြန်ဖြေရှင်းပါ

[စာမျက်နှာ ၃၁ ပါပုံစာ]

သင့်အပြောအဆိုသည် မည်သည့်အသီးနှင့် ပိုတူသနည်း