မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အိုများအား အဘယ်ကြောင့်ဂုဏ်တင်ရ

သက်ကြီးရွယ်အိုများအား အဘယ်ကြောင့်ဂုဏ်တင်ရ

သက်ကြီးရွယ်အိုများအား အဘယ်ကြောင့်ဂုဏ်တင်ရ

အမေရိကန်ပြည်ထောင်စု၏ ရှည်လျားသောကယ်လီဖိုးနီးယားကမ်းခြေရှိ သစ်ပင်သည် ကမ္ဘာပေါ်တွင် ဓာတ်ပုံအရိုက်ခံရဆုံး သစ်ပင်များထဲမှ တစ်ပင်ဖြစ်သည်။ ယင်းကို လုန်းဆိုက်ပရက် (Lone Cypress) အဖြစ် လူသိများကြသည်။ မှတ်တမ်းများအရ ဤသစ်ပင်သည် အနှစ် ၂၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။ ယင်းအပင်၏ ခံနိုင်ရည်ကြောင့် လူသိများရာ ဤလှပသောသစ်ပင်သည် နည်းများစွာဖြင့် ဂရုစိုက်ခံရသည်။ ဥပမာ၊ ယင်းသစ်ပင်ကို ကြိုးလုံးကြီးများဖြင့် ဆိုင်းထားပြီး အောက်ခြေပတ်ပတ်လည်ကို ကျောက်ဖြင့်အင်္ဂတေကိုင်ထားသည်။

လုန်းဆိုက်ပရက်က ကျွန်ုပ်တို့အလယ်ရှိ မှတ်သားလောက်ဖွယ် ခံနိုင်ရည်ကိုတင်ပြခဲ့ကြသော သက်ကြီးရွယ်အိုခရစ်ယာန်များကို အမှတ်ရစေပေမည်။ သူတို့ခံနိုင်ရည်တင်ပြသည့် ထင်ရှားသောကဏ္ဍတစ်ခုမှာ သတင်းကောင်းကြေညာခြင်းဖြစ်သည်။ ပရောဖက်ယောလက “အသက်ကြီးသောသူတို့” သည် သမ္မာကျမ်းစာ၏ သတင်းစကားကို ကြေညာမည်ဟု ကြိုဟောခဲ့သည်။ (ယောလ ၂:၂၈-၃၂; တ. ၂:၁၆-၂၁) ‘ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်း’ ကို အခြားသူများ သင်ယူနိုင်ရန် ထက်သန်စွာကူညီပေးရာတွင် ထိုသူတို့အသုံးပြုသည့် အချိန်နာရီများကိုသာ စဉ်းစားကြည့်ပါ။ (မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာကြသည့် သက်ကြီးရွယ်အိုများထဲမှ အချို့သည် နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အခြားသောအခက်အခဲများကို နှစ်ပေါင်းများစွာ ခံရပ်ခဲ့ကြသည်။ သာမန် ဆိုက်ပရက်ပင်တစ်ပင်,ပင်လျှင် ခံနိုင်ရည်ရှိမှုအတွက် အသိအမှတ်ပြုခံရကာ ကျောက်များနှင့် ကြိုးလုံးကြီးများဖြင့် ခိုင်ခံ့စေရသည်ဆိုလျှင် ကျွန်ုပ်တို့အလယ်ရှိ သက်ကြီးရွယ်အိုများကို ရိုသေလေးမြတ်မှု၊ ဂုဏ်တင်လေးစားမှုတို့ဖြင့် ပို၍အသိအမှတ်ပြု ဆက်ဆံသင့်သည်မဟုတ်လော။

ယေဟောဝါဘုရားသခင်သည် မိမိ၏ရှေးခေတ်လူတို့အား ဤသို့မိန့်မှာခဲ့သည်– “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။” (ဝတ်. ၁၉:၃၂) မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များအလယ်တွင် ဆယ်စုနှစ်များစွာ ‘ဘုရားသခင်နှင့်အတူလျှောက်လှမ်း’ နေကြသည့် သစ္စာရှိသူများ၏ ကောင်းသောပုံသက်သေများကို ကျွန်ုပ်တို့ တွေ့ ရှိရသည်။ (မိ. ၆:၈ကဘ) သူတို့သည် သမ္မာကျမ်းစာမူများကို ဆက်၍ကျင့်သုံးသည်နှင့်အမျှ သူတို့၏ဖြူသောဆံပင်သည် အမှန်ပင် “ဘုန်းကြီးသောသရဖူ” ဖြစ်သည်။—သု. ၁၆:၃၁

တမန်တော်ပေါလုသည် လူငယ်တိမောသေအား ဤသို့ညွှန်ကြားခဲ့သည်– “အသက်အရွယ်ကြီးသော အမျိုးသားတစ်ဦးကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းမပြုနှင့်။” ယင်းအစား လူငယ်တိမောသေသည် ထိုသူကို “ဖခင်ကဲ့သို့ တောင်းပန်ပြောဆို” ရန်နှင့် “အသက်အရွယ်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့” ဆက်ဆံရန်ဖြစ်သည်။ (၁ တိ. ၅:၁၊ ၂) အမှန်ပင် တိမောသေသည် ဆံပင်ဖြူသောသူရှေ့တွင် “ထ” ခဲ့သည်။ ထို့ကြောင့် ရှင်းနေသည်မှာ ကျွန်ုပ်တို့၏ပြောဆိုပုံတွင် ထိုသို့သောရိုသေလေးစားမှု ထင်ဟပ်ပြရန် ယေဟောဝါအလိုရှိတော်မူသည်။

“အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” ဟု ရောမ ၁၂:၁၀ ကဖော်ပြသည်။ အသင်းတော်ရှိ ကြီးကြပ်မှူးများသည် သက်ကြီးရွယ်အို ခရစ်ယာန်များကို အမှန်ရိုသေလေးစားမှု တင်ပြကြသည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ရန်ဖြစ်သည်။

မှန်ပါသည်၊ မိသားစုဝင်များသည် မိမိတို့၏ မိဘဘိုးဘွားများအပေါ် အထူးတာဝန်ရှိကြသည်။ လူတို့သည် လုန်းဆိုက်ပရက်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများရှာဖွေခဲ့ကြပြီး ယင်းအတိုင်းဆက်၍ လုပ်ဆောင်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အို မိဘများနှင့် ဘိုးဘွားများကို ဆက်၍ဂုဏ်တင်သွားနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်။ ဥပမာ၊ ကောင်းစွာနားထောင်ပေးတတ်သူတစ်ဦးဖြစ်ခြင်းက ကိစ္စရပ်များကိုလုပ်ဆောင်ရာတွင် သူတို့၏ခံစားချက်များကို ထည့်မတွက်ဘဲ မိမိတို့၏နည်းလမ်းအတိုင်း မရမကလုပ်ဆောင်ခြင်းကို ရှောင်ရှားစေနိုင်ပါလိမ့်မည်။—သု. ၂၃:၂၂; ၁ တိ. ၅:၄

ကျွန်ုပ်တို့အလယ်ရှိ သက်ကြီးရွယ်အိုများသည် ယေဟောဝါအတွက် အလွန်အဖိုးထိုက်သည်။ ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မမူချေ။ (ဆာ. ၇၁:၁၈) စစ်မှန်သောဘုရားသခင်သည် ကိုယ်တော့်အား ဆက်၍ သစ္စာရှိရှိ အမှုဆောင်လိုသူတို့ကို အမှန်တကယ် ခိုင်ခံ့စေတော်မူသည်။ ကျွန်ုပ်တို့လည်း သက်ကြီးရွယ်အိုများကို ဆက်၍ ထောက်မဂုဏ်တင်နိုင်ကြပါစေ။

[စာမျက်နှာ ၇ ပါရုပ်ပုံ]

လုန်းဆိုက်ပရက်အပင်သည် ထောက်မမှုလိုသကဲ့သို့ သက်ကြီးရွယ်အိုများကိုလည်း ရိုသေလေးမြတ်မှု၊ ဂုဏ်တင်လေးစားမှုတို့ဖြင့် ဆက်ဆံဖို့လို

[Credit Line]

American Spirit Images/age fotostock