မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏သိနားလည်နိုင်စွမ်းကို ဆက်လေ့ကျင့်ပါ

သင်၏သိနားလည်နိုင်စွမ်းကို ဆက်လေ့ကျင့်ပါ

သင်၏သိနားလည်နိုင်စွမ်းကို ဆက်လေ့ကျင့်ပါ

ကျွမ်းကျင်သော ကျွမ်းဘားသမားတစ်ဦး သွက်လက်လျင်မြန်၊ ညက်ညောလှပစွာ လှုပ်ရှားနေသည်ကို ကြည့်ရခြင်းသည် နှစ်သက်စရာဖြစ်သည်။ ကျွမ်းဘားသမားတစ်ဦး မိမိကိုယ်ကိုလေ့ကျင့်သကဲ့သို့ ခရစ်ယာန်များလည်း မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို လေ့ကျင့်ရန် သမ္မာကျမ်းစာက အားပေးသည်။

ဟေဗြဲခရစ်ယာန်များထံရေးသောစာတွင် တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ကြေခဲသောအစာမူကား မိမိတို့၏ သိနားလည်နိုင်စွမ်း [စာသားအရ၊ “အာရုံခံအင်္ဂါများ။”] ကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထားသော ရင့်ကျက်သူများအတွက်ဖြစ်၏။” (ဟေဗြဲ ၅:၁၄) ကျွမ်းဘားသမားတစ်ဦး မိမိ၏ကြွက်သားများကို လေ့ကျင့်သကဲ့သို့ မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကိုလေ့ကျင့်ရန် ဟေဗြဲခရစ်ယာန်များအား ပေါလု အဘယ်ကြောင့်တိုက်တွန်းသနည်း။ ကျွန်ုပ်တို့၏ သိနားလည်နိုင်စွမ်းကို မည်သို့လေ့ကျင့်နိုင်သနည်း။

“သင်တို့သည် ဆရာများဖြစ်သင့်”

ယေရှု၏ “မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်း” ရာထူးကို ရှင်းပြရာတွင် ပေါလုဤသို့ရေးခဲ့သည်– ‘ထိုသူ [ယေရှု] နှင့်ပတ်သက်၍ ငါတို့၌ပြောစရာ များစွာရှိ၏။ သို့သော်လည်း သင်တို့သည် နားထိုင်းသောကြောင့် ရှင်းပြရန်ခက်လှ၏။ အမှန်စင်စစ် ကာလကြာပြီဖြစ်၍ သင်တို့သည် ဆရာများဖြစ်သင့်သော်လည်း ဘုရားသခင်၏ ဆင့်ဆိုချက်ဆိုင်ရာ အခြေခံအကြောင်းများကို အခြားသူထံမှ ပြန်လည်သင်ယူရန် လိုနေ၏။ သင်တို့သည် ကြေခဲသောအစာကိုမဟုတ်ဘဲ နို့ကိုသာ သုံးဆောင်သူဖြစ်ကြ၏။’—ဟေဗြဲ ၅:၁၀-၁၂

ရှင်းနေသည်မှာ ပထမရာစုမှ ဂျူးခရစ်ယာန်အချို့သည် သိနားလည်မှုတွင် ဆက်လက်တိုးတက်ခြင်းမရှိဘဲ အမှန်တရားတွင် တိုးတက်ရန် မလုပ်ဆောင်ခဲ့ကြချေ။ ဥပမာ၊ ပညတ်တရား၊ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ တိုးတက်ထွန်းလင်းလာသည့်အလင်းကို လက်ခံရန် အခက်တွေ့နေကြသည်။ (တ. ၁၅:၁၊ ၂၊ ၂၇-၂၉; ဂလ. ၂:၁၁-၁၄; ၆:၁၂၊ ၁၃;) အချို့မှာ ပတ်စဉ်သတ္တမနေ့စောင့်ထိန်းခြင်း၊ နှစ်စဉ်အပြစ်ဖြေရာနေ့နှင့်ပတ်သက်သော ​ထုံးတမ်းဓလေ့များကိုစွန့်ရန် အခက်တွေ့ခဲ့ကြသည်။ (ကော. ၂:၁၆၊ ၁၇; ဟေဗြဲ ၉:၁-၁၄) ထို့ကြောင့် ပေါလုက သူတို့အား အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သည့် မိမိတို့၏ သိနားလည်နိုင်စွမ်းကို လေ့ကျင့်ကာ “ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း” ရန်အားပေးခဲ့သည်။ (ဟေဗြဲ ၆:၁၊ ၂) သူ၏သတိပေးစကားများသည် အချို့သူတို့အား မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို မည်သို့အသုံးပြုနေသည်ကို ပြန်သုံးသပ်ဖို့ လှုံ့ဆော်ပေးခဲ့ပြီး ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေး တိုးတက်စေရန်ထောက်ကူခဲ့ပေမည်။ ကျွန်ုပ်တို့ကော မည်သို့နည်း။

သင်၏သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပါ

ရင့်ကျက်သော ခရစ်ယာန်များဖြစ်ရန် ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မည်သို့လေ့ကျင့်နိုင်သနည်း။ “အသုံးပြုခြင်းဖြင့်” ဟု ပေါလုပြောခဲ့သည်။ လှပ၍ ခက်ခဲသောလှုပ်ရှားမှုများကို တင်ဆက်ရန် မိမိတို့၏ကြွက်သားများနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်သော ကျွမ်းဘားသမားများကဲ့သို့ ကျွန်ုပ်တို့သည် အမှားနှင့်အမှန်ကိုပိုင်းခြားရန် ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို လေ့ကျင့်သင့်သည်။

“သင့်ဦးနှောက်အတွက် သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ဦးနှောက်ကိုအသုံးပြုခြင်းဖြစ်တယ်” ဟု ဟားဗတ်ဆေးတက္ကသိုလ်မှ စိတ်ရောဂါပညာရှင် ဂျွန်ရာတေးကဆိုသည်။ ဂျော့ဝါရှင်တန်တက္ကသိုလ်မှ အိုမင်းခြင်း၊ ကျန်းမာရေးနှင့် လူမှုဘာသာရပ်ဌာနမှ ဒါရိုက်တာဖြစ်သူ ဂန်ဂိုဟန်က “ဦးနှောက်ကို အလုပ်ပေးလိုက်တဲ့အခါ ဦးနှောက်ဆဲလ်တွေကနေ အတက်အသစ်တွေ ထွက်လာတယ်၊ ဒါက ဦးနှောက်ဆဲလ်တွေကို အလွယ်တကူ ဆက်သွယ်စေနိုင်ပြီး တွေးခေါ်နိုင်စွမ်းပိုမြင့်မားစေတယ်” ဟုဆိုသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လေ့ကျင့်ပြီး ကျွန်ုပ်တို့၏သမ္မာကျမ်းစာအသိပညာကို တိုးတက်စေခြင်းသည် ပညာရှိရာရောက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင့်အလိုတော်အတိုင်း စုံလင်တော်မူသောအရာ’ ကိုပြုလုပ်ရန် ကောင်းစွာပြင်ဆင်ခံရပါလိမ့်မည်။—ရော. ၁၂:၁၊ ၂

“ကြေခဲသောအစာ” စားလိုစိတ်ကို တိုးတက်စေပါ

ကျွန်ုပ်တို့သည် “ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း” လိုလျှင် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ငါ့ရဲ့ကျမ်းစာအသိပညာတိုးတက်အောင် ငါလုပ်နေသလား။ တခြားလူတွေက ငါ့ကို ရင့်ကျက်တဲ့သူတစ်ဦးအဖြစ် ရှုမြင်သလား။’ မိခင်သည် နို့စို့ကလေးငယ်ကို နို့တိုက်ရန်နှင့် ကလေးငယ်အရွယ်တွင် ကလေးအစာများကျွေးမွေးရသည်ကို ပျော်ရွှင်သည်။ သို့သော် နှစ်များကုန်လွန်သွားသော်လည်း ကလေးသည် ကြေခဲသောအစာကို မစားလျှင် မိခင်၏စိုးရိမ်မှုကို စဉ်းစားကြည့်ပါ။ ထိုနည်းတူ ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာသူများ အပ်နှံနှစ်ခြင်းခံသည်အထိ တိုးတက်လာသည်ကို မြင်တွေ့ရခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေသည်။ သို့သော် တစ်စုံတစ်ဦးသည် ယင်းနောက်ပိုင်းတွင် ဆက်မတိုးတက်တော့လျှင် မည်သို့နည်း။ ယင်းသည် စိတ်ပျက်စရာကောင်းသည်မဟုတ်လော။ (၁ ကော. ၃:၁-၄) အချိန်တန်သောအခါ တပည့်သစ်လည်း ဆရာတစ်ဦးဖြစ်လာရန် ဆရာဖြစ်သူ မျှော်လင့်သည်။

ကိစ္စရပ်များကို ကျိုးကြောင်းဆင်ခြင်ရန် ကျွန်ုပ်တို့၏ သိနားလည်နိုင်စွမ်းကို အသုံးပြုရာတွင် တွေးတောဆင်ခြင်ခြင်းနှင့် ကြိုးစားအားထုတ်မှုလိုသည်။ (ဆာ. ၁:၁-၃) သို့သော် ရုပ်မြင်သံကြားကြည့်ရှုခြင်း သို့မဟုတ် ဝါသနာပါရာလိုက်စားခြင်းကဲ့သို့သော အရာများသည် စဉ်းစားတွေးတောမှုမလိုချေ၊ သို့ဖြစ်၍ အရေးကြီးသောအရာများကို ကျွန်ုပ်တို့ စဉ်းစားတွေးတောရာ၌ ယင်းတို့ကြောင့် အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကြပ်မတ်ဖို့လိုသည်။ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို တိုးတက်စေရန် သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေသည့် စာပေများကို လေ့လာလိုစိတ် တိုးများစေကာ ယင်းအတိုင်းလုပ်ဆောင်ဖို့လိုသည်။ (မ. ၂၄:၄၅-၄၇) ကျမ်းစာကို ကိုယ်ပိုင်ပုံမှန်ဖတ်ရှုခြင်းအပြင် မိသားစုဝတ်ပြုမှုနှင့် နက်နဲသောကျမ်းစာအကြောင်းအရာများကို လေ့လာရန် အချိန်ဖယ်ထားဖို့လိုသည်။

မက္ကဆီကိုမှ ဂျေရိုနီမိုအမည်ရှိ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက မိမိသည် ကင်းမျှော်စင်စာစောင်တိုင်းကို ရသည်နှင့် ချက်ချင်းလေ့လာသည်ဟုပြောသည်။ ထို့ပြင် ဇနီးနှင့်အတူလေ့လာရန်လည်း အချိန်ဖယ်ထားသည်။ ဂျေရိုနီမို ဤသို့ပြောသည်– “ကျွန်တော်တို့ ဇနီးမောင်နှံမှာ နေ့စဉ်ကျမ်းစာအတူဖတ်တဲ့ထုံးစံရှိတယ်၊ ပြီးတော့ ‘ကောင်းမွန်သောပြည်’ ဘရိုရှာလို အထောက်အကူပြုစာပေတွေကိုသုံးတယ်။” ရော်နယ်အမည်ရှိ ခရစ်ယာန်တစ်ဦးက သူသည် အသင်းတော်ကျမ်းစာဖတ်ရှုခြင်းကို အမြဲအမီလိုက်သည်ဟု ပြောပြသည်။ ထို့ပြင် သူ၌ အချိန်အတိုင်းအတာတစ်ခုအထိကြာမည့် ကိုယ်ပိုင်လေ့လာမှုအစီအစဉ်တစ်ခု၊ နှစ်ခုလည်းရှိသည်။ “ဒီအစီအစဉ်တွေက ကျွန်တော့်ကို နောက်ထပ်လေ့လာမှုအချိန်ကို မျှော်လင့်စေတယ်” ဟု ရော်နယ်ကပြောသည်။

ကျွန်ုပ်တို့ကောအသို့နည်း။ ကျွန်ုပ်တို့သည် ကျမ်းစာလေ့လာရန်နှင့် ယင်းကိုတွေးတောဆင်ခြင်ရန် အချိန်အလုံအလောက် ပေးသလော။ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို လေ့ကျင့်ကာ ကျမ်းစာမူများနှင့်အညီ ဆုံးဖြတ်ချက်များချသည့်အကျင့် ရှိလာသလော။ (သု. ၂:၁-၇) အမှားအမှန်ကိုပိုင်းခြားသိမြင်နိုင်ရန် ကျွန်ုပ်တို့၏သိနားလည်နိုင်စွမ်းကို လေ့ကျင့်ထားမည်ဆိုလျှင် အသိပညာနှင့်ဉာဏ်ပညာရှိသော ရင့်ကျက်သည့်ခရစ်ယာန်တစ်ဦးဖြစ်လာမည်။ ယင်းသည် ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်ပါစေ။

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ကျွန်ုပ်တို့၏  စဉ်းစားဆင်ခြင်နိုင်စွမ်းကို “အသုံးပြုခြင်းဖြင့်” လေ့ကျင့်ကြ