မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစောပိုင်း ခရစ်ယာန်ဘာသာနှင့် ရောမနတ်ဘုရားများ

အစောပိုင်း ခရစ်ယာန်ဘာသာနှင့် ရောမနတ်ဘုရားများ

အစောပိုင်း ခရစ်ယာန်ဘာသာနှင့် ရောမနတ်ဘုရားများ

ရောမဧကရာဇ် ထရာဂျန်ထံရေးသော စာတစ်စောင်တွင် ဗိသုနိပြည်ဘုရင်ခံ ပလင်နီအငယ်က ဤသို့ဖော်ပြခဲ့သည်– “ခရစ်ယာန်ပါလို့ စွပ်စွဲခံရသူတွေကို ကျွန်တော် ဒီနည်းအတိုင်း စီရင်တယ်။ သူတို့တွေကို ခရစ်ယာန်လားလို့ ကျွန်တော်မေးတယ်။ အကယ်၍ ဟုတ်တယ်လို့ ဝန်ခံခဲ့ရင် ခံရမယ့်ပြစ်ဒဏ်တွေကိုပြောပြီး ဒုတိယအကြိမ်၊ တတိယအကြိမ် ထပ်မေးတယ်။ အကယ်၍ သူတို့က ခရစ်ယာန်ပါလို့ ဆက်ပြီးပြောနေရင်တော့ သူတို့ကို သေဒဏ်ပေးဖို့ ကျွန်တော်အမိန့်ချမှတ်တယ်။” ခရစ်တော်ကို ကျိန်ဆဲ၊ ဧကရာဇ်ရဲ့ရုပ်တုနဲ့ တရားရုံးကို ပလင်နီယူလာတဲ့ ရောမနတ်ဘုရားတွေကို ကိုးကွယ်ပြီး ခရစ်ယာန်မဟုတ်ကြောင်း ငြင်းဆိုတဲ့သူတွေကို “လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်” ဟုရေးခဲ့သည်။

ဧကရာဇ်နှင့် ရောမနတ်ဘုရားအမျိုးမျိုးတို့ကို ဝတ်ပြုကိုးကွယ်ရန် ငြင်းဆိုသည့်အတွက် အစောပိုင်းခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ရောမအင်ပါယာတစ်ခွင်မှ အခြားသောဝတ်ပြုမှုများကော အသို့နည်း။ အဘယ်ဘုရားသခင်များကို ဝတ်ပြုကိုးကွယ်ခဲ့ကြပြီး ယင်းတို့ကို ရောမလူမျိုးများ မည်သို့ရှုမြင်ခဲ့ကြသနည်း။ ရောမနတ်ဘုရားများအား ပူဇော်ရန် ငြင်းဆိုခဲ့သည့်အတွက် ခရစ်ယာန်များ အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသနည်း။ ယေဟောဝါကို သစ္စာစောင့်သိခြင်းပါဝင်သည့် အလားတူ အရေးကိစ္စများကို ယနေ့ခေတ်တွင် ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့ရသောအခါ မည်သို့တုံ့ပြန်သင့်သည်ကိုသိမြင်ရန် ယင်းမေးခွန်းများ၏အဖြေများက ကူညီပေးပါလိမ့်မည်။

အင်ပါယာ၏ဝတ်ပြုရေးများ

ရောမအင်ပါယာတစ်ခွင်တွင် ဘာသာစကားနှင့် ယဉ်ကျေးမှုအမျိုးမျိုးရှိသကဲ့သို့ပင် ဝတ်ပြုကိုးကွယ်မှုလည်း အမျိုးမျိုးရှိခဲ့သည်။ သို့သော် ဂျူးဘာသာသည် ရောမလူမျိုးများအတွက် အထူးအဆန်းသဖွယ်ဖြစ်ပုံရသော်လည်း သူတို့သည် ယင်းကို ရီလစ်ဂျီအို လစ်ကီတာ သို့မဟုတ် အသိအမှတ်ပြုခံရသည့် ဘာသာတရားတစ်ခုအနေနှင့် သတ်မှတ်ခဲ့ကြပြီး ယင်းကို ကာကွယ်ပေးခဲ့ကြသည်။ ဂျေရုဆလင်ရှိ ဝတ်ပြုရာအိမ်တော်တွင် နေ့တိုင်း တစ်နေ့လျှင် နှစ်ကြိမ် သိုးကလေးနှစ်ကောင်နှင့် နွားထီးတစ်ကောင်ကို ဆီဇာနှင့် ရောမလူမျိုးအတွက် ပူဇော်ပသခဲ့ကြသည်။ ယင်းပူဇော်ရာယဇ်များသည် နတ်ဘုရားတစ်ပါးအား ကျေနပ်စေသည်လော သို့မဟုတ် နတ်ဘုရားများစွာအား ကျေနပ်စေသည်လောဆိုသည်မှာ ရောမလူတို့အဖို့ အကြောင်းမဟုတ်ပေ။ သူတို့အတွက် အရေးပါသည့်အရာမှာ ဤလုပ်ဆောင်မှုက ဂျူးလူမျိုးများသည် ရောမလူမျိုးများအား သစ္စာစောင့်သိကြောင်း လုံလောက်သည့် သက်သေဖြစ်သည်။

အယူမှားဝတ်ပြုမှု ပုံစံအမျိုးမျိုးသည် ဒေသခံဝတ်ပြုမှုများတွင် လွှမ်းမိုးထားသည်။ ဂရိဒဏ္ဍာရီကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံခဲ့ကြပြီး နတ်ဝိဇ္ဇာအတတ်များသည် သမားရိုးကျဖြစ်သည်။ အရှေ့တိုင်းမှ လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ပြုမှုများသည် သက်ဝင်ယုံကြည်သူများအား မသေနိုင်သည့်အဖြစ်၊ တိုက်ရိုက်အဆင်းအာရုံပေးခြင်းနှင့် ထူးဆန်းသည့် ဝတ်ပြုနည်းဖြင့် နတ်ဘုရားများထံ ချဉ်းကပ်ခြင်းတို့ကို ရရှိစေသည်ဟုဆိုသည်။ ယင်းဝတ်ပြုမှုများသည် အင်ပါယာတစ်ခွင် ပျံ့နှံ့ခဲ့သည်။ စီအီး ပထမရာစုအစောပိုင်းတွင် ထင်ရှားခဲ့သည့် နတ်ဘုရားများမှာ အီဂျစ်နတ်ဘုရား စာရာပစ္စနှင့် နတ်ဘုရားမ အိုက်စစ္စ၊ ရှုရိ ငါးနတ်ဘုရားမ အာတာဂေးတစ်၊ ပါရှားနေနတ်ဘုရား မိသရတို့ဖြစ်သည်။

တမန်တော်ကျမ်းတွင် အစောပိုင်းခရစ်ယာန်တို့၏ဝန်းကျင်ရှိ အယူမှားဝတ်ပြုမှုအကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဥပမာ၊ ဆိုက်ပရပ်စ်ကျွန်းမှ ရောမလက်အောက်ခံ နယ်စားမင်းသည် ဂျူးနတ်ဝင်သည်တစ်ဦးနှင့် ပေါင်းသင်းခဲ့သည်။ (တ. ၁၃:၆၊ ၇) လုတ္တရမြို့တွင် ဒေသခံလူတို့သည် ပေါလုနှင့် ဗာနဗအား ဂရိနတ်ဘုရားများဖြစ်သည့် ဟေရမေနှင့် ဇုသအဖြစ် လွဲမှားစွာယူဆခဲ့ကြသည်။ (တ. ၁၄:၁၁-၁၃) ပေါလုသည် ဖိလိပ္ပိမြို့တွင်ရှိစဉ် နတ်ဝင်သည် အစေခံမလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ (တ. ၁၆:၁၆-၁၈) အေသင်မြို့တွင်နေထိုင်သော မြို့သားများသည် ‘အခြားသူတို့ထက် နတ်ဘုရားများကို အထူးကြည်ညိုသူများဖြစ်သည်’ ဟု ပေါလုမှတ်ချက်ချခဲ့သည်။ ထိုမြို့တွင် “ငါတို့မသိသော ဘုရားသခင်အဖို့” ဟူ၍ ကမ္ပည်းထိုးထားသောနေရာတစ်ခုကိုလည်း သူတွေ့မြင်ခဲ့သည်။ (တ. ၁၇:၂၂၊ ၂၃) ဧဖက်မြို့သားတို့သည် အာတေမိဘုရားမကို ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ (တ. ၁၉:၁၊ ၂၃၊ ၂၄၊ ၃၄) မော်လတာကျွန်းပေါ်တွင် ပေါလုသည် မြွေကိုက်ခံရသော်လည်း ဘာမျှမဖြစ်ကြောင်းကို သိမြင်သောအခါ သူသည် ဘုရားသခင်တစ်ပါးဖြစ်သည်ဟု လူတို့ပြောဆိုကြသည်။ (တ. ၂၈:၃-၆) ထိုကဲ့သို့သော အခြေအနေများတွင် ခရစ်ယာန်များသည် မိမိတို့၏စင်ကြယ်သောဝတ်ပြုရေးကို ယိုယွင်းစေနိုင်သည့် ဩဇာလွှမ်းမိုးမှုများကို သတိပြုဖို့လိုသည်။

ရောမ၏ဝတ်ပြုရေး

ရောမအင်ပါယာ ကြီးထွားလာသည်နှင့်အမျှ အသစ်တွေ့ရသည့် ဝတ်ပြုမှုများကို သူတို့သိထားသည့် ဝတ်ပြုမှုများ၏ ပုံစံကွဲများအဖြစ် သက်ဝင်ယုံကြည်ခဲ့ကြသည်။ တိုင်းတစ်ပါးဝတ်ပြုမှုများကို ဖယ်ရှားမည့်အစား ရောမအောင်နိုင်သူများသည် ယင်းတို့ကို ယုံကြည်လက်ခံခဲ့ကြသည်။ ယင်းသို့အားဖြင့် ရောမတို့၏ဝတ်ပြုရေးသည် ပြည်သူများ၏ ယဉ်ကျေးမှုအမျိုးမျိုးနှင့်အညီ ကွဲပြားသွားသည်။ ရောမတို့၏ဝတ်ပြုရေးက အကြွင်းမဲ့ဝတ်ပြုကိုးကွယ်မှုကို မတောင်းဆိုသောကြောင့် လူတို့သည် တစ်ချိန်တည်းတွင် နတ်ဘုရားအမျိုးမျိုးကို ဝတ်ပြုကိုးကွယ်နိုင်ခဲ့ကြသည်။

ရောမနတ်ဘုရားများထဲမှ နတ်ဘုရားအချုပ်မှာ အကြီးမြတ်ဆုံးနှင့် အကောင်းဆုံးဟူ၍ အဓိပ္ပာယ်ရှိသော အော်တီမက်စ် မက်စီမက်စ် ဟု ခေါ်သည့် ဂျူပီတာဖြစ်သည်။ လေ၊ မိုးရေ၊ လျှပ်စီးနှင့် မိုးကြိုးတို့တွင် သူရှိသည်ဟု ယူဆကြသည်။ ဂျူပီတာ၏ညီမလည်းဖြစ်၊ ကြင်ရာတော်လည်းဖြစ်ပြီး လနှင့်ဆက်နွှယ်သည့် ဂျူနိုသည် အမျိုးသမီးများ၏ဘဝကဏ္ဍရပ်အားလုံးကို ကြည့်ရှုစောင့်ရှောက်သည်ဟု ပြောစမှတ်ပြုကြသည်။ သူ၏သမီး မီနာဗသည် လက်မှုပညာ၊ အလုပ်အကိုင်၊ အနုပညာ၊ စစ်မက်တို့နှင့်ဆိုင်သော ရောမနတ်ဘုရားမဖြစ်သည်။

ရောမတို့သည် နတ်ဘုရားများစွာကို သက်ဝင်ယုံကြည်ကြသည်။ လာရီနှင့် ပနိတ်တိတို့သည် မိသားစုနှင့်ဆိုင်သော နတ်ဘုရားများဖြစ်ကြသည်။ ဗက်စတာသည် မီးလင်းဖိုအောက်ခံပြားစောင့်သည့် နတ်ဘုရားမဖြစ်သည်။ မျက်နှာနှစ်ဖက်ပါရှိသည့် ဂျေးနပ်စ်သည် အစရှိသမျှ၏ ရောမနတ်ဘုရားဖြစ်သည်။ အလုပ်အကိုင်တိုင်းတွင် ယင်းတို့ကို ကာကွယ်စောင့်ရှောက်သည့် ရောမနတ်ဘုရားကိုယ်စီရှိကြသည်။ အကောင်အထည်မရှိသောအရာများ၌ပင် နတ်ဘုရားများရှိသည်ဟု ရောမလူတို့ ယုံကြည်ကြသည်။ ပက်သည် ငြိမ်းချမ်းရေးအတွက်၊ ဆဲလုစ်သည် ကျန်းမာရေးအတွက်၊ ပူဒီးကီးရှားသည် သိက္ခာနှင့်ဖြူစင်မှုအတွက်ဖြစ်ကာ ဖိုက်ဒ်သည် သစ္စာစောင့်သိခြင်းအတွက်၊ ဗားတပ်စ်သည် သတ္တိအတွက်နှင့် ဗော်လပ်တပ်စ်သည် ပျော်ရွှင်မှုအတွက် စောင့်ရှောက်ပေးသော ရောမနတ်ဘုရားများဖြစ်ကြသည်။ ရောမတို့၏ လူမျိုးလိုက်နှင့် တစ်ဦးချင်းစီ၏အသက်တာရှိ လုပ်ရပ်တိုင်းသည် နတ်ဘုရားတို့၏အလိုအတိုင်းဖြစ်သည်ဟု ယူဆကြသည်။ ကြိုးပမ်းလုပ်ဆောင်မှုတစ်ခု အောင်မြင်ရန်အတွက် ဆိုင်ရာနတ်ဘုရားအား ထုံးတမ်းစဉ်လာ ဆုတောင်းချက်များ၊ ပူဇော်ရာများနှင့် ပွဲတော်များဖြင့် ပူဇော်ပသကြရသည်။

ရောမနတ်ဘုရားတို့၏ အလိုကိုသိရှိနိုင်သည့် နည်းတစ်နည်းမှာ အတိတ်နိမိတ်များ ဖတ်ခြင်းဖြစ်သည်။ အတိတ်နိမိတ်ဖတ်ရာတွင် အဓိကအသုံးပြုသည့်နည်းတစ်နည်းမှာ ယဇ်ကောင်များ၏ အတွင်းကလီစာများကို ကြည့်ရှုခြင်းဖြစ်သည်။ ယဇ်ကောင်အတွင်းကလီစာများ၏ အခြေအနေနှင့် ပုံပန်းသဏ္ဌာန်တို့က လုပ်ဆောင်တော့မည့်အရာကို ရောမနတ်ဘုရားများ နှစ်သက်၊ မနှစ်သက်ဆိုသည်ကို ဖော်ပြပေးသည်ဟု ယူဆကြသည်။

ဘီစီအီး ဒုတိယရာစုနှောင်းပိုင်းတွင် မိမိတို့၏အဓိကနတ်ဘုရားများမှာ ဂရိနတ်ဘုရားများနှင့် အတူတူပင်ဖြစ်သည်ဟု ရောမလူမျိုးများ ယုံကြည်လာကြရာ ဂျူပီတာကို ဇုသ၊ ဂျူနိုကို ဟီရာ စသဖြင့် ယုံကြည်ခဲ့ကြသည်။ ရောမလူတို့သည် ဂရိနတ်ဘုရားများ၏ဒဏ္ဍာရီများကိုလည်း လက်ခံခဲ့ကြသည်။ ရောမနတ်ဘုရားများသည် လူသားများကဲ့သို့ပင် အားနည်းချက်နှင့် ကန့်သတ်ချက်များရှိသောကြောင့် ယင်းဒဏ္ဍာရီပုံပြင်များတွင် သူတို့ကို မြှောက်ပင့်ပြောဆိုထားခြင်းမပြုချေ။ ဥပမာအနေနှင့် ဇုသကို သေနိုင်သည့်သူများ၊ ဝိညာဉ်များနှင့် လိင်ဆက်ဆံသည့် မုဒိမ်းကောင်၊ ကလေးများကို ဖျက်ဆီးသူအဖြစ် သရုပ်ဖော်ထားသည်။ ရောမနတ်ဘုရားများ၏ အရှက်မဲ့သောလုပ်ရပ်များကို ရှေးခေတ်ဇာတ်ရုံကြီးများတွင် သောင်းသောင်းဖျဖျ အားပေးလေ့ရှိကြရာ ၎င်းကိုဝတ်ပြုသူများအား အောက်တန်းကျသော အကျင့်အကြံများတွင် သူတို့လည်းပါဝင်နိုင်သည်ဟု ယူမှတ်စေသည်။

ပညာတတ်အနည်းငယ်ကသာ ယင်းဒဏ္ဍာရီပုံပြင်များကို ဖြစ်ရပ်မှန်အဖြစ် လက်ခံကြပုံရသည်။ အချို့သူတို့က ယင်းတို့ကို ပုံဆောင်ခိုင်းနှိုင်းချက်များအဖြစ် မှတ်ယူကြသည်။ ယင်းကြောင့် “အမှန်တရားကား အဘယ်နည်း” ဆိုသည့် လူသိများသောမေးခွန်းကို ပုန္တိပိလတ်မင်း မေးခဲ့ခြင်းဖြစ်ပေမည်။ (ယော. ၁၈:၃၈) ဤအချက်က “ပညာတတ်အများစုကို လွှမ်းမိုးထားသော အတွေးအခေါ်ဖြစ်သည့် အကြွင်းမဲ့အမှန်တရားမရှိဟူသည့် သဘောထားကို ထင်ဟပ်ပြနေသည်။”

ဧကရာဇ်ဝတ်ပြုမှု

ဩဂုတ္တုအုပ်စိုးချိန် (ဘီစီအီး ၂၇ မှ စီအီး ၁၄ အထိ) ကို ဧကရာဇ်ဝတ်ပြုမှု၏ အစအဖြစ်သတ်မှတ်ခဲ့သည်။ ဩဂုတ္တုသည် နှစ်ရှည်ကြာစစ်ပွဲပြီးနောက် ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးခဲ့ရာ အထူးသဖြင့် ဂရိစကားပြောသည့် အရှေ့ပိုင်းပြည်နယ်မှ အများစုသည် သူ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လေးမြတ်ကြသည်။ လူတို့သည် မျက်မြင်ရအုပ်စိုးရှင်တစ်ပါး၏ လက်အောက်တွင် တည်မြဲသောကာကွယ်မှုကို အလိုရှိခဲ့ကြသည်။ ယင်း “ကယ်တင်ရှင်” ၏လက်အောက်တွင် ဘာသာရေးကွဲပြားမှုများကို နှိမ်နင်းပြီး မျိုးချစ်စိတ်ကို မြှင့်တင်ပေးကာ ကမ္ဘာကြီးအားစည်းလုံးစေနိုင်သည့် အဖွဲ့အစည်းကို သူတို့အလိုရှိခဲ့ကြသည်။ ရလဒ်အနေနှင့် ဧကရာဇ်ကို ဘုရားသခင်တစ်ပါးအဖြစ် ယူမှတ်လာကြသည်။

ဩဂုတ္တုသည် သူသက်ရှိထင်ရှားရှိချိန်အတွင်း သူ့အား ဘုရားသခင်တစ်ပါးအဖြစ်ခေါ်ဆိုခြင်းကို ခွင့်မပြုခဲ့သော်လည်း ရောမနိုင်ငံကို ရိုမဒေအာ သက်ရှိနတ်ဘုရားမတစ်ပါးအဖြစ် တင်စားကာ ယင်းကို ကိုးကွယ်စေခဲ့သည်။ ဩဂုတ္တုကွယ်လွန်ပြီးနောက်တွင် သူ့အား ဘုရားသခင်တစ်ပါးအဖြစ် ချီးမြှောက်ကိုးကွယ်ခဲ့ကြသည်။ ပြည်နယ်များတွင်ရှိသည့် ဒေသခံဝတ်ပြုရေးခံယူချက်နှင့် မျိုးချစ်စိတ်က အင်ပါယာနှင့် ယင်း၏အုပ်စိုးရှင်များ နှစ်မျိုးစလုံးဆီသို့ လမ်းညွှန်ပေးသည်။ ဝတ်ပြုမှုပုံစံသစ်ဖြစ်သည့် ဧကရာဇ်ဝတ်ပြုရေးသည် မကြာမီ ပြည်နယ်အားလုံးထံသို့ ပျံ့နှံ့သွားခဲ့ရာ ယင်းက နိုင်ငံအား ရိုသေလေးမြတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကိုဖော်ပြသည့် နည်းတစ်နည်းဖြစ်လာသည်။

စီအီး ၈၁ မှ ၉၆ အထိ ဧကရာဇ်အဖြစ်အုပ်စိုးခဲ့သည့် ဒိုမီရှန်သည် မိမိအား ဘုရားသခင်တစ်ပါးအဖြစ် ဝတ်ပြုရန် တောင်းဆိုခဲ့သည့် ဦးဆုံးရောမအုပ်စိုးရှင်ဖြစ်သည်။ သူအုပ်စိုးချိန်တွင် ရောမလူမျိုးများသည် ဂျူးများထဲမှ ခရစ်ယာန်များကို ခွဲထုတ်ခဲ့ပြီး ဘာသာဝါဒအသစ်ဟု ယူမှတ်ခံရသူများကို ဆန့်ကျင်ခဲ့သည်။ တမန်တော်ယောဟန်သည် “ယေရှုအကြောင်း သက်သေခံခြင်းကြောင့်” ပတ်မုကျွန်းသို့ ပြည်နှင်ခံရချိန်မှာ ဒိုမီရှန်၏ အုပ်ချုပ်ချိန်အတွင်း ဖြစ်ဖွယ်ရှိသည်။—ဗျာ. ၁:၉

ယောဟန် ပြည်နှင်ဒဏ်ခံရသည့်အချိန်အတွင်း ဗျာဒိတ်ကျမ်းစောင်ကို ရေးသားခဲ့သည်။ ထိုကျမ်းတွင် သူသည် ဧကရာဇ်ဝတ်ပြုရေး၏ ဗဟိုအချက်အချာနေရာတစ်ခုဖြစ်သည့် ပေရဂံမြို့တွင် အသတ်ခံခဲ့ရသော ခရစ်ယာန်တစ်ဦးဖြစ်သူ အန္တိပအကြောင်း ဖော်ပြခဲ့သည်။ (ဗျာ. ၂:၁၂၊ ၁၃) ထိုအချိန်တွင် အင်ပါယာအုပ်ချုပ်မှုသည် ခရစ်ယာန်များအား တိုင်းပြည်၏ ဝတ်ပြုရေးထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရန် စတင်တောင်းဆိုခဲ့ပေမည်။ ဤအတိုင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ စီအီး ၁၁၂ ခုနှစ်တွင် ထရာဂျန်ထံသို့ရေးသားခဲ့သော ဤဆောင်းပါး၏အစပိုင်းပါစာ၌ ဖော်ပြထားသည့်အတိုင်း ပလင်နီသည် ဗိသုနိပြည်တွင်ရှိသော ခရစ်ယာန်များအား ဘာသာရေးနှင့်ဆိုင်သည့် ဝတ်ပြုရေးထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရန် အတင်းအကျပ်တောင်းဆိုခဲ့သည်။

ထရာဂျန်သည် ကိစ္စရပ်များကို ပလင်နီဖြေရှင်းပုံအတွက် ချီးမွမ်းခဲ့ပြီး ရောမနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်ရန် ငြင်းဆန်သူများကို စီရင်ကွပ်မျက်ရန် ညွှန်ကြားခဲ့သည်။ ထရာဂျန် ဤသို့ရေးခဲ့သည်– “သို့သော် တစ်စုံတစ်ဦးက မိမိသည် ခရစ်ယာန်မဟုတ်ကြောင်း ငြင်းဆိုပြီး ကျွန်ုပ်တို့၏နတ်ဘုရားများထံ ဆုတောင်းခြင်းဖြင့် သက်သေပြလျှင် (မသင်္ကာဖွယ်အကြောင်းရှိလင့်ကစား) သူ၏နောင်တအတွက် အပြစ်မှလွှတ်ပေးလိုက်ပါ။”

ရောမလူတို့၏အတွေးအခေါ်တွင် ဝတ်ပြုရေးဟူသည် နောက်လိုက်များထံမှ အကြွင်းမဲ့အပ်နှံဝတ်ပြုမှုကို တောင်းဆိုသည့်အရာဟု မယူမှတ်ချေ။ ရောမနတ်ဘုရားများသည် ယင်းကို မတောင်းဆိုသောကြောင့် ခရစ်ယာန်များ၏ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့တောင်းဆိုရသနည်း။ တိုင်းပြည်၏ နတ်ဘုရားများအား ဝတ်ပြုကိုးကွယ်ခြင်းသည် နိုင်ငံရေးစနစ်ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ယူဆသည်။ ထို့ကြောင့် ယင်းတို့ကိုဝတ်ပြုရန် ငြင်းဆိုသူတို့အား သစ္စာဖောက်များအဖြစ် သတ်မှတ်ကြသည်။ ပလင်နီတွေ့ရှိခဲ့သည်မှာ ခရစ်ယာန်အများစုကို အလျှော့ပေးလိုက်လျောအောင် တွန်းအားပေးနိုင်သည့်နည်းမရှိခြင်းပင်။ သူတို့အတွက် ထိုကဲ့သို့ပြုမူခြင်းသည် ယေဟောဝါအပေါ် သစ္စာမဲ့ရာရောက်သောကြောင့် အစောပိုင်းခရစ်ယာန်များစွာတို့သည် ဧကရာဇ်ကိုဝတ်ပြုမည့်အစား အသေခံလိုခဲ့ကြသည်။

ယင်းကို ယနေ့ ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ နိုင်ငံအချို့တွင် နိုင်ငံသားများအား သားရဲအထိမ်းအမှတ်များကို ကြည်ညိုဝတ်ပြုရန် တောင်းဆိုသည်။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အစိုးရများ၏အခွင့်အာဏာကို အမှန်ပင်လေးစားကြသည်။ (ရော. ၁၃:၁) သို့သော် သားရဲအထိမ်းအမှတ်ပါဝင်သည့် အခမ်းအနားများနှင့် ကြုံလာရသောအခါ အကြွင်းမဲ့ဝတ်ပြုကိုးကွယ်မှုနှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်၏ အခိုင်အမာတောင်းဆိုမှုနှင့် “. . . ကို ဝေးဝေးရှောင်ကြလော့” နှင့် “. . . ကို ကြဉ်ရှောင်ကြလော့” ဟူသည့် ကျမ်းစာလမ်းညွှန်ချက်က ကျွန်ုပ်တို့အား လှုံ့ဆော်ပေးပါလိမ့်မည်။ (၁ ကော. ၁၀:၁၄; ၁ ယော. ၅:၂၁; နာ. ၁:၂) ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။” (လု. ၄:၈) ထို့ကြောင့် ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သည့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ ဆက်၍သစ္စာစောင့်ထိန်းနိုင်ကြပါစေ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါအား အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ကြ

[စာမျက်နှာ ၃ ပါရုပ်ပုံ]

အစောပိုင်းခရစ်ယာန်များသည် ဧကရာဇ် သို့မဟုတ် ရောမနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်ဖို့ ငြင်းဆိုခဲ့ကြ

ဧကရာဇ် ဒိုမီရှန်

ဇုသ

[Credit Lines]

Emperor Domitian: Todd Bolen/Bible Places.com; Zeus: Photograph by Todd Bolen/Bible Places.com, taken at Archaeological Museum of Istanbul

[စာမျက်နှာ ၄ ပါရုပ်ပုံ]

ဧဖက်မြို့မှခရစ်ယာန်များသည် အာတေမိကိုကိုးကွယ်ဖို့ ငြင်းဆိုခဲ့ကြ။—တ. ၁၉:၂၃-၄၁