မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးများ၊ အဘယ်ကြောင့် ဦးစီးမှုကို လက်အောက်ခံရ

အမျိုးသမီးများ၊ အဘယ်ကြောင့် ဦးစီးမှုကို လက်အောက်ခံရ

အမျိုးသမီးများ၊ အဘယ်ကြောင့် ဦးစီးမှုကို လက်အောက်ခံရ

‘မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်၏။’—၁ ကော. ၁၁:၃

၁၊ ၂။ (က) ဦးစီးမှု၊ လက်အောက်ခံမှုနှင့်ပတ်သက်၍ ယေဟောဝါ၏အစီအစဉ်ကို တမန်တော်ပေါလု မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

တမန်တော်ပေါလုက “ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်ကြောင်း” နှင့် “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူကြောင်း” ရေးသားချိန်တွင် ယေဟောဝါသည် စည်းစနစ်တကျဖြစ်စေရန် စီစဉ်တော်မူကြောင်း ဖော်ပြသည်။ (၁ ကော. ၁၁:၃) ယေရှုသည် မိမိ၏ဦးခေါင်းဖြစ်သော ယေဟောဝါဘုရားသခင်အား လက်အောက်ခံခြင်းကို အခွင့်ထူးတစ်ခုအဖြစ်၊ ရွှင်လန်းစရာအဖြစ် မှတ်ယူကြောင်းနှင့် ခရစ်ယာန်အမျိုးသားများ၏ ဦးခေါင်းမှာ ခရစ်တော်ဖြစ်ကြောင်း ရှေ့ဆောင်းပါးတွင် မှတ်သားသိရှိခဲ့ရသည်။ ခရစ်တော်သည် လူတို့နှင့်ဆက်ဆံရာတွင် ကြင်နာ၊ နူးညံ့သိမ်မွေ့၊ ထောက်ထားစာနာကာ တစ်ကိုယ်ကောင်းမဆန်ခဲ့ပေ။ အသင်းတော်ရှိအမျိုးသားများသည် အခြားသူများ၊ အထူးသဖြင့် မိမိတို့၏ဇနီးများကို ထိုနည်းအတိုင်း ဆက်ဆံဖို့လိုသည်။

သို့ဖြစ်လျှင် အမျိုးသမီးများကော အသို့နည်း။ သူတို့၏ဦးခေါင်းမှာ မည်သူနည်း။ ‘မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်၏’ ဟု ပေါလုရေးခဲ့သည်။ ဤဖော်ပြချက်ကို အမျိုးသမီးများ မည်သို့ရှုမြင်သင့်သနည်း။ ခင်ပွန်းသည် မယုံကြည်သူဖြစ်လျှင် ယင်းမူသည် သက်ဆိုင်နေဆဲလော။ ယောက်ျား၏ဦးစီးမှုကို လက်အောက်ခံသည်ဟုဆိုရာ၌ ဆုံးဖြတ်ချက်များချချိန်တွင် ဇနီးသည် ဘာမျှမပြောဘဲ ရေငုံနှုတ်ဆိတ်နေရန်လော။ အမျိုးသမီးတစ်ဦးသည် အဘယ်နည်းဖြင့် ချီးမွမ်းခံရနိုင်သနည်း။

“သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်”

၃၊ ၄။ ဦးစီးမှုအစီအစဉ်သည် အဘယ်ကြောင့် အိမ်ထောင်ကို အကျိုးပြုသနည်း။

ဦးစီးမှုအစီအစဉ်ကို ဘုရားသခင်အစပြုခဲ့ခြင်းဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် အာဒံကိုဖန်ဆင်းပြီးနောက် ဤသို့မိန့်တော်မူခဲ့၏– “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်။” ဧဝကိုဖန်ဆင်းပြီးနောက် အာဒံသည် အထောက်အမရခြင်းကို အလွန်နှစ်သက်သောကြောင့် “ဤသူသည် ငါ့အရိုးထဲကအရိုး ငါ့အသားထဲကအသားဖြစ်၏” ဟုဆိုခဲ့သည်။ (က. ၂:၁၈-၂၄) အာဒံနှင့်ဧဝသည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်ပျော်ရွှင်စွာနေထိုင်မည့် စုံလင်သောလူသားမျိုးနွယ်တစ်ခုလုံး၏ အမိအဖဖြစ်လာမည့် အံ့ချီးဖွယ်အလားအလာ ရှိခဲ့ကြသည်။

ကျွန်ုပ်တို့၏ ကနဦးမိဘပုန်ကန်မှုကြောင့် ဧဒင်ဥယျာဉ်တွင် စုံလင်သောအခြေအနေကို ဆုံးရှုံးခဲ့ကြသည်။ (ရောမ ၅:၁၂ ကိုဖတ်ပါ။) သို့သော် ဦးစီးမှုအစီအစဉ်မှာ ဆက်၍တည်ရှိခဲ့သည်။ ယင်းကို တော်လျော်စွာလိုက်လျှောက်ကြသောအခါ အိမ်ထောင်တွင် အကျိုးများစွာဖြစ်ထွန်းစေပြီး ပျော်ရွှင်စေသည်။ ယင်းအကျိုးကျေးဇူးသည် ဦးခေါင်းဖြစ်သော ယေဟောဝါအား လက်အောက်ခံခြင်းမှ ယေရှုခံစားရသည့် အကျိုးကျေးဇူးနှင့်တူသည်။ ယေရှု လူသားဘဝမတိုင်မီက “[ယေဟောဝါ၏] အထံတော်ပါးတွင်နေ၍ အစဉ်မပြတ်မွေ့လျော်တော်မူ” ခဲ့သည်။ (သု. ၈:၃၀) မစုံလင်မှုကြောင့် အမျိုးသားများသည် စုံလင်သောဦးစီးမဖြစ်နိုင်သကဲ့သို့ အမျိုးသမီးများသည်လည်း စုံလင်သောလက်အောက်ခံမှုကို မတင်ပြနိုင်ကြချေ။ သို့သော် ခင်ပွန်းရော ဇနီးသည်ပါ ဦးစီးမှုအစီအစဉ်အတိုင်း အတတ်နိုင်ဆုံး ကြိုးစား၍ ဆက်လုပ်ဆောင်သည့်အခါ အိမ်ထောင်ကို အလွန့်အလွန် ကျေနပ်ပျော်ရွှင်စေနိုင်သည်။

၅။ အိမ်ထောင်သည်မောင်နှံစုံသည် ရောမ ၁၂:၁၀ တွင်တွေ့ရသည့် အကြံပြုချက်ကို အဘယ်ကြောင့် နှလုံးသွင်းသင့်သနည်း။

အောင်မြင်သောအိမ်ထောင်ဖြစ်ရန် အဓိကအချက်မှာ အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် ခရစ်ယာန်အားလုံးကို တောင်းဆိုထားသော ဤကျမ်းစာအကြံပေးချက်ကို လက်တွေ့ကျင့်သုံးခြင်းဖြစ်၏– “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” (ရော. ၁၂:၁၀) ထို့ပြင် ခင်ပွန်းသည်ရော ဇနီးသည်ပါ “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြ” ရန်နှင့် “အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြ” ရန်ကြိုးစားသင့်သည်။—ဧ. ၄:၃၂

အိမ်ထောင်ဖက်သည် မယုံကြည်သူဖြစ်လျှင်

၆၊ ၇။ မယုံကြည်သူခင်ပွန်းကို ခရစ်ယာန်ဇနီးသည် လက်အောက်ခံခြင်းမှ အဘယ်ရလဒ်များ ရရှိလာနိုင်သနည်း။

သင့်အိမ်ထောင်ဖက်သည် ယေဟောဝါ၏ ကျေးကျွန်တစ်ဦးမဟုတ်လျှင်ကော အသို့နည်း။ များသောအားဖြင့် မယုံကြည်သူမှာ ခင်ပွန်းသည် ဖြစ်လေ့ရှိသည်။ ထိုသို့ဖြစ်လျှင် ဇနီးသည် ခင်ပွန်းကို မည်သို့ဆက်ဆံသင့်သနည်း။ သမ္မာကျမ်းစာက ဤသို့အဖြေပေး၏– “ဇနီးတို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏စင်ကြယ်သောအမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏။”—၁ ပေ. ၃:၁၊ ၂

မယုံကြည်သူခင်ပွန်းအား ဆက်၍လက်အောက်ခံပါဟု သမ္မာကျမ်းစာက ဇနီးသည်များကို မိန့်မှာထား၏။ ဇနီး၏အမူအကျင့်ကောင်းက မိမိဇနီးအား ဤမျှအမူအကျင့်ကောင်းအောင် အဘယ်အရာကဖြစ်စေသည်ကို ခင်ပွန်းဖြစ်သူ ဆန်းစစ်လာစေရန် လှုံ့ဆော်ပေးနိုင်သည်။ ရလဒ်အနေနှင့် ခင်ပွန်းသည် ခရစ်ယာန်ဇနီးသည်၏ ယုံကြည်ချက်များကို လေ့လာနိုင်ပြီး နောက်ဆုံး အမှန်တရားကို လက်ခံလာပေမည်။

၈၊ ၉။ ခရစ်ယာန်ဇနီးသည်၏ အမူအကျင့်ကောင်းကို မယုံကြည်သူခင်ပွန်းက ကောင်းစွာမတုံ့ပြန်လျှင်ပင် ဇနီးသည်အနေနှင့် အဘယ်အရာလုပ်နိုင်သနည်း။

သို့သော် မယုံကြည်သူခင်ပွန်းသည် အပြုသဘောပါပါ တုံ့ပြန်ခြင်းမရှိပါက အသို့နည်း။ ယုံကြည်သူဇနီးအတွက် ခက်ခဲမည်ဖြစ်သော်လည်း ခရစ်ယာန်အရည်အသွေးများကို အချိန်တိုင်း တင်ပြရန် သမ္မာကျမ်းစာက အားပေးသည်။ ဥပမာ၊ ၁ ကောရိန္သု ၁၃:၄ တွင် “မေတ္တာသည် စိတ်ရှည်တတ်၏” ဟုဖတ်ရသည်။ သို့ဖြစ်၍ ခရစ်ယာန်ဇနီးသည် ဤအခြေအနေတွင် “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့်ပြည့်စုံ၍ စိတ်ရှည်” ကာ မေတ္တာတရားဖြင့် ဆက်၍သည်းခံသင့်ပါသည်။ (ဧ. ၄:၂) ဘုရားသခင်၏ အသုံးတော်ခံစွမ်းအားဖြစ်သည့် သန့်ရှင်းသောစွမ်းအားတော်၏ အကူအညီဖြင့် ခက်ခဲသောအခြေအနေများတွင်ပင် ခရစ်ယာန်အရည်အသွေးများကို ဆက်၍တင်ပြနိုင်ပါသည်။

“ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” ဟုပေါလုရေးခဲ့သည်။ (ဖိ. ၄:၁၃) ဘုရားသခင့်စွမ်းအားတော်သည် ခရစ်ယာန်အိမ်ထောင်ဖက်အား အခြားနည်းဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်သော အရာများစွာကို လုပ်ဆောင်ရန် စွမ်းဆောင်ပေးနိုင်သည်။ ဥပမာ၊ အိမ်ထောင်ဖက်၏ ကြမ်းတမ်းသော ပြုမူဆက်ဆံပုံက ပြန်လက်စားချေရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် သမ္မာကျမ်းစာက ခရစ်ယာန်အားလုံးကို ဤသို့ဆိုထား၏– ‘မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါမိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ ရေးထား၏။’ (ရော. ၁၂:၁၇-၁၉) အလားတူပင် ၁ သက်သာလောနိတ် ၅:၁၅ တွင် ဤသို့ဆိုထား၏– “သင်တို့တွင် မည်သူကမျှ အဆိုးကို အဆိုးနှင့် မတုံ့ပြန်မိစေရန် သတိပြုကြလော့။ အချင်းချင်းကိုလည်းကောင်း၊ လူခပ်သိမ်းကိုလည်းကောင်း ကောင်းမှုပြုရန် အစဉ်ကြိုးစားအားထုတ်ကြလော့။” ကျွန်ုပ်တို့၏ခွန်အားဖြင့် မတတ်စွမ်းနိုင်သောအရာကို ယေဟောဝါ၏ သန့်ရှင်းသောစွမ်းအားတော် ထောက်မမှုဖြင့် လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့ လိုအပ်နေသောအရာကို ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ထောက်မပေးဖို့ တောင်းဆိုရန် အလွန်သင့်လျော်လှပါသည်။

၁၀။ အခြားသူများ၏ ရိုင်းပျသောစကား၊ အပြုအမူတို့ကို ယေရှုမည်သို့ တုံ့ပြန်ခဲ့သနည်း။

၁၀ နှစ်လို့ဖွယ်မကောင်းသော စကားများ၊ အပြုအမူများ ပြောဆိုတင်ပြသူတို့နှင့် ဆက်ဆံရာတွင် ယေရှုသည် ထူးခြားသောစံနမူနာ တင်ပြခဲ့သည်။ ကိုယ်တော်သည် “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်းမပြု။ ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်တော်မူ၏” ဟု ၁ ပေတရု ၂:၂၃ တွင် ဖော်ပြထား၏။ ကိုယ်တော်၏ စံနမူနာကောင်းကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ အားပေးခံရသည်။ အခြားသူတို့၏ အပြုအမူဆိုးကြောင့် အမျက်မထွက်ပါနှင့်။ ခရစ်ယာန်အားလုံးကို ဤသို့တိုက်တွန်းထား၏– “သနားစာနာခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။ အဆိုးကို အဆိုးနှင့်တုံ့ပြန်ခြင်း၊ ပြန်၍ကဲ့ရဲ့ပြစ်တင်ခြင်းတို့ကို မပြု” ကြနှင့်။—၁ ပေ. ၃:၈၊ ၉

နှုတ်ဆိတ်နေရမည်လော

၁၁။ ခရစ်ယာန်အမျိုးသမီးတချို့သည် အဘယ်အခွင့်ထူးကြီးတွင် ပါဝင်ခွင့်ရကြသနည်း။

၁၁ ခင်ပွန်း၏ဦးစီးမှုကို အမျိုးသမီးတို့ လက်အောက်ခံသည်ဟုဆိုရာတွင် မိသားစုအရေးကိစ္စများ သို့မဟုတ် အခြားအကြောင်းအရာများနှင့်ပတ်သက်၍ ဘာမျှမပြောဘဲ နှုတ်ဆိတ်နေရမည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ယေဟောဝါသည် အမျိုးသားများကိုသာမက အမျိုးသမီးများကိုလည်း တာဝန်များစွာ ပေးအပ်ထားသည်။ ခရစ်တော် မြေကြီးကို အုပ်ချုပ်ချိန်တွင် ကိုယ်တော်နှင့်အတူ ကောင်းကင်မှ ဘုရင်များ၊ ယဇ်ပုရောဟိတ်များဖြစ်ခွင့်ရသည့် ၁၄၄,၀၀၀ တို့၏ဂုဏ်အသရေကို စဉ်းစားကြည့်ပါ။ ထိုသူတို့တွင် အမျိုးသမီးများ ပါဝင်သည်။ (ဂလ. ၃:၂၆-၂၉) ရှင်းနေသည်မှာ ယေဟောဝါသည် မိမိ၏အစီအစဉ်တွင် အမျိုးသမီးများအား သူတို့ ပါဝင်လုပ်ဆောင်ရသောတာဝန်ကို ပေးတော်မူသည်။

၁၂၊ ၁၃။ အမျိုးသမီးများ ပရောဖက်ပြုကြောင်းဖော်ပြသည့် ဥပမာတစ်ခုပေးပါ။

၁၂ ဥပမာ၊ သမ္မာကျမ်းစာခေတ်တွင် အမျိုးသမီးများ ပရောဖက်ပြုခဲ့ကြသည်။ ယောလ ၂:၂၈၊ ၂၉ တွင် ဤသို့ကြိုဟောထား၏– ‘လူမျိုးတကာတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို ငါသွန်းလောင်းမည်။’

၁၃ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့ရှိ အိမ်တစ်အိမ်၏ အထက်ခန်းမ၌ စုရုံးနေကြသည့် ယေရှု၏တပည့် ၁၂၀ ထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများလည်းပါသည်။ ထိုအုပ်စုတစ်စုလုံးအပေါ်သို့ ဘုရားသခင့်စွမ်းအားတော် သွန်းလောင်းခဲ့သည်။ ထို့ကြောင့် ပေတရုက ပရောဖက်ယောလ၏ ကြိုဟောချက်သည် ထိုအမျိုးသား၊ အမျိုးသမီးများနှင့် သက်ဆိုင်ကြောင်း ကိုးကားနိုင်ခဲ့သည်။ ပေတရု ဤသို့ဆိုခဲ့၏– “ဤအမှုအရာကား ပရောဖက်ယောလအားဖြင့် ဟောခဲ့သည့်အတိုင်းဖြစ်၏။ ဘုရားသခင်က ‘နောက်ဆုံးသော နေ့ရက်ကာလ၌ လူအမျိုးမျိုးတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုကြလိမ့်မည်။ . . . ထိုကာလ၌ ငါ၏ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို ငါသွန်းလောင်း၍ သူတို့သည် ပရောဖက်ပြုကြလိမ့်မည်။’”—တ. ၂:၁၆-၁၈

၁၄။ အစောပိုင်းအချိန်တွင် ခရစ်ယာန်ဘာသာပျံ့နှံ့ရန် အမျိုးသမီးများသည် မည်သည့်အပိုင်းမှ ပါဝင်ခဲ့သနည်း။

၁၄ ပထမရာစုတွင် ခရစ်ယာန်ဘာသာပျံ့နှံ့စေရန် အမျိုးသမီးများသည် အရေးပါသောနေရာမှ ပါဝင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူတို့ကို ဟောပြောခဲ့ကြပြီး ဟောပြောခြင်းလုပ်ငန်းနှင့် ဆက်နွှယ်သောအရာများကို လုပ်ဆောင်ခဲ့ကြသည်။ (လု. ၈:၁-၃) ဥပမာ၊ တမန်တော်ပေါလုက ဖိဗေကို “ကင်ခြေမြို့အသင်းတော်၌ အမှုဆောင်သူ” ဟုခေါ်ဆိုခဲ့သည်။ ပေါလုသည် လုပ်ဖော်ဆောင်ဖက်ချင်းတို့ကို နှုတ်ဆက်စကားဆိုရာတွင် “သခင်၏အမှုတော်၌ ကြိုးစားအားထုတ်သောအမျိုးသမီး တရုဖဲနနှင့် တရုဖောသ” တို့အပါအဝင် သစ္စာရှိအမျိုးသမီး အတော်များများကို ဖော်ပြခဲ့သည်။ “သခင်၏အမှုတော်၌ များစွာကြိုးစားအားထုတ်သည့် ချစ်အပ်သောအမျိုးသမီး ပေရသိ” ကိုလည်း ဖော်ပြခဲ့သည်။—ရော. ၁၆:၁၊ ၁၂

၁၅။ ကျွန်ုပ်တို့ခေတ်တွင် ခရစ်ယာန်ဘာသာပျံ့နှံ့ရန် အမျိုးသမီးများသည် မည်သည့်အပိုင်းမှ ပါဝင်ခဲ့သနည်း။

၁၅ ကျွန်ုပ်တို့ခေတ်တွင် ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောနေကြသော ခုနစ်သန်းကျော်သောသူတို့ထဲတွင် အများစုမှာ အသက်အရွယ်အသီးသီးရှိ အမျိုးသမီးများဖြစ်သည်။ (မ. ၂၄:၁၄) သူတို့ထဲမှ များစွာသောသူတို့မှာ အချိန်ပြည့် ဓမ္မအမှုဆောင်များ၊ ခရစ်ယာန်သာသနာပြုများ၊ ဗေသလအိမ်သားများ ဖြစ်ကြသည်။ ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့၏– ‘ယေဟောဝါသည် အမိန့်တော်ရှိ၍ သိတင်းကောင်းကို ကြားပြောသောမိန်းမတို့သည် အလွန်များကြပါ၏။’ (ဆာ. ၆၈:၁၁ကဘ) ယင်းစကားများမှန်ကန်ကြောင်း အထင်အရှားပင်။ သတင်းကောင်းကြွေးကြော်ခြင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက်များ ပြည့်စုံခြင်းတွင် အမျိုးသမီးတို့ လုပ်ဆောင်သောအပိုင်းကို ယေဟောဝါတန်ဖိုးထားသည်။ ခရစ်ယာန်အမျိုးသမီးများ လက်အောက်ခံပါဟူသော ကိုယ်တော့်တောင်းဆိုချက်သည် နှုတ်ဆိတ်ကာ လက်အောက်ခံခြင်းကို မဆိုလိုသည်မှာ သေချာသည်။

နှုတ်ဆိတ်မနေသော အမျိုးသမီးနှစ်ဦး

၁၆၊ ၁၇။ အမျိုးသမီးများသည် အိမ်ထောင်တွင် နှုတ်ဆိတ်နေဖို့မဟုတ်ကြောင်း စာရာ၏ဥပမာက မည်သို့ဖော်ပြသနည်း။

၁၆ ယေဟောဝါသည် အမျိုးသမီးများကို တာဝန်များစွာ ပေးအပ်သည်ဆိုလျှင် ခင်ပွန်းသည်တို့သည် အရေးကြီးသောဆုံးဖြတ်ချက်များမချမီ မိမိဇနီးနှင့် တိုင်ပင်သင့်သည်မဟုတ်လော။ ထိုသို့ပြုလုပ်ခြင်းသည် ပညာရှိရာရောက်သည်။ ဇနီးသည်များသည် ခင်ပွန်းဖြစ်သူ၏အမြင်ကို မသိရမီပင် ပြောဆို သို့မဟုတ် လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက် အတော်များများကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ အဖြစ်အပျက်နှစ်ခုကို သုံးသပ်ကြည့်ပါ။

၁၇ ရှေးဘိုးဘေးအာဗြဟံ၏ဇနီး စာရာသည် အာဗြဟံ၏ဒုတိယဇနီးနှင့် သားဖြစ်သူတို့၏ မထီမဲ့မြင်ပြုမှုကြောင့် သူတို့ကိုနှင်ထုတ်ရန် ခင်ပွန်းအား မပြတ်ပြောခဲ့သည်။ “ထိုအမှုအလွန်ခက်သည်ဟု” အာဗြဟံထင်သော်လည်း ဘုရားသခင်အဖို့ ထိုသို့မဟုတ်ခဲ့ပါ။ ယေဟောဝါသည် အာဗြဟံအား ဤသို့ မိန့်တော်မူခဲ့၏– “ထိုသူငယ်နှင့်သင်၏ကျွန်မကြောင့် ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကိုနားထောင်လော့။” (က. ၂၁:၈-၁၂) အာဗြဟံသည် ယေဟောဝါကိုနာခံခဲ့ပြီး စာရာ၏စကားကို နားထောင်ကာ သူတောင်းဆိုသည့်အတိုင်း လုပ်ခဲ့သည်။

၁၈။ အဘိဂဲလသည် ဘယ်အရာကို အစပြုလုပ်ဆောင်ခဲ့သနည်း။

၁၈ နာဗလ၏ဇနီး အဘိဂဲလကိုလည်း သုံးသပ်ကြည့်ပါ။ ဒါဝိဒ်သည် မနာလိုဝန်တိုသောဘုရင် ရှောလု၏ရန်မှ ထွက်ပြေးနေရချိန်တွင် နာဗလ၏သိုးခြံအနီး၌ စခန်းချခဲ့သည်။ ချမ်းသာကြွယ်ဝသော နာဗလ၏ ပိုင်ဆိုင်ရာများစွာထဲမှ တစ်စုံတစ်ရာကိုယူမည့်အစား ဒါဝိဒ်နှင့် သူ၏လူတို့သည် နာဗလ၏ပိုင်ဆိုင်ရာများကို ကာကွယ်ပေးခဲ့သည်။ သို့သော် နာဗလသည် “ခက်ထန်သောသဘောရှိ” သူဖြစ်ပြီး ဒါဝိဒ်၏လူတို့ကို “ဆဲ” ခဲ့သည်။ သူသည် ‘မကောင်းသောသူ’ ဖြစ်ပြီး ‘သဘောထားမိုက်မဲသူဖြစ်သည်။’ ဒါဝိဒ်၏လူတို့က အထောက်အပံ့တချို့ရရန် တလေးတစားတောင်းဆိုသည့်အခါ နာဗလငြင်းဆိုခဲ့သည်။ ဖြစ်ပျက်ရာကို အဘိဂဲလကြားသောအခါ မည်သို့တုံ့ပြန်ခဲ့သနည်း။ နာဗလကို ဘာမျှမပြောဘဲ “မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသောသိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက်အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍” ဒါဝိဒ်နှင့် သူ၏လူတို့ကို ပေးခဲ့သည်။ အဘိဂဲလ၏လုပ်ရပ်သည် မှန်ကန်ခဲ့ပါသလော။ နောက်ပိုင်းဖြစ်ရပ်များက အဘိဂဲလမှန်ကန်ကြောင်း ဖော်ပြခဲ့သည်။ ‘ယေဟောဝါဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏’ ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ နောက်ပိုင်းတွင် ဒါဝိဒ်သည် အဘိဂဲလကို လက်ထပ်ခဲ့သည်။—၁ ရာ. ၂၅:၃၊ ၁၄-၁၉၊ ၂၃-၂၅၊ ၃၈-၄၂

‘ချီးမွမ်းခံရသော အမျိုးသမီး’

၁၉၊ ၂၀။ အမျိုးသမီးတစ်ဦးကို အမှန်ချီးမွမ်းထိုက်သည့်အရာမှာ အဘယ်နည်း။

၁၉ ယေဟောဝါ၏နည်းလမ်းအတိုင်း လုပ်ဆောင်သည့်ဇနီးသည်များကို သမ္မာကျမ်းစာက ချီးမွမ်းထားသည်။ သမ္မာကျမ်းစာပါ နယပုံပြင်စကားတွင် ‘အရည်အချင်းပြည့်စုံသောဇနီး’ ကို ဤသို့ချီးမွမ်းထားသည်– “ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ထိုက်ပေ၏။ သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့်ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကိုမဖျက်၊ တစ်သက်လုံးပြုစုတတ်၏။” ထို့ပြင် သူသည် “ပညာစကားကိုပြောတတ်၍ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ အိမ်သူအိမ်သားပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကိုမစားတတ်။ သူ၏သားသမီးတို့သည်ထ၍ အမိကိုကောင်းချီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း . . . သူ့ကို ချီးမွမ်းတတ်၏။”—သု. ၃၁:၁၀-၁၂၊ ၂၆-၂၉

၂၀ အမျိုးသမီးတစ်ဦးကို အမှန်ချီးမွမ်းခံထိုက်စေသည့်အရာမှာ အဘယ်နည်း။ ‘ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ယေဟောဝါကို ကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်’ ဟု နယပုံပြင် ၃၁:၃၀ တွင် ဖော်ပြထား၏။ ယေဟောဝါကိုကြောက်ရွံ့ခြင်းတွင် ဘုရားသခင်၏ ဦးစီးမှုအစီအစဉ်ကို တလိုတလားလက်အောက်ခံခြင်း ပါဝင်သည်။ “ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်” ဖြစ်သကဲ့သို့ “မိန်းမ၏ဦးခေါင်းကား ယောက်ျား” ဖြစ်ပြီး “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်” ဖြစ်တော်မူ၏။—၁ ကော. ၁၁:၃

ဘုရားသခင်ပေးသောဆုကျေးဇူးအတွက် ကျေးဇူးတင်ပါ

၂၁၊ ၂၂။ (က) အိမ်ထောင်သည်ခရစ်ယာန်များ ဘုရားသခင်ပေးသော အိမ်ထောင်ရေးဆုကျေးဇူးကို ကျေးဇူးတင်ရန် အဘယ်အကြောင်းရင်းများ ရှိသနည်း။ (ခ) အခွင့်အာဏာနှင့် ဦးစီးမှုဆိုင်ရာ ယေဟောဝါ၏အစီအစဉ်ကို လေးမြတ်ကြောင်း အဘယ်ကြောင့်တင်ပြသင့်သနည်း။ (စာမျက်နှာ ၁၇ မှလေးထောင့်ကွက်ကို ကြည့်ပါ။)

၂၁ အိမ်ထောင်သည်ခရစ်ယာန်များသည် ဘုရားသခင်အား ကျေးဇူးတင်ကြောင်းဖော်ပြရန် အကြောင်းရင်းများစွာရှိသည်။ သူတို့သည် ပျော်ရွှင်သောဇနီးမောင်နှံအနေနှင့် လက်တွဲလျှောက်လှမ်းနိုင်ကြသည်။ အထူးသဖြင့် ဘုရားသခင်၏ ကောင်းချီးတစ်ရပ်ဖြစ်သော အိမ်ထောင်ရေးဆုကျေးဇူးသည် မိမိတို့၏ဘဝနှစ်ခုကိုပေါင်းစပ်ပြီး ယေဟောဝါနှင့်လျှောက်လှမ်းရန် အခွင့်အရေးရစေသောကြောင့် ယင်းအတွက် သူတို့ကျေးဇူးတင်နိုင်သည်။ (ရု. ၁:၉; မိ. ၆:၈) အိမ်ထောင်ကို အစပြုတော်မူသောအရှင်သည် ပျော်ရွှင်သောအိမ်ထောင်ဖြစ်ဖို့ အဘယ်အရာလိုအပ်သည်ကို အတိအကျသိတော်မူ၏။ ကိုယ်တော့်နည်းလမ်းအတိုင်း အမြဲလုပ်ဆောင်ပါ၊ ယနေ့ဒုက္ခမြားမြောင်သော လောကအလယ်တွင်ပင် ‘ယေဟောဝါပေးတော်မူသောအခွင့်နှင့် အားယူ၍ဝမ်းမြောက်’ နိုင်ကြပေမည်။—နေ. ၈:၁၀

၂၂ မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးကိုချစ်သော ခရစ်ယာန်ခင်ပွန်းသည် ကြင်နာပြီး ထောက်ထားစာနာမှုရှိရှိ ဦးစီးမည်ဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့သော သူ၏ဇနီးသည် သူ့ကို ထောက်မပေးပြီး အလွန့်အလွန်လေးစားမည်ဖြစ်သောကြောင့် အမှန်ပင် ချစ်မြတ်နိုးခံရမည်။ အရေးအကြီးဆုံးမှာ သူတို့၏အိမ်ထောင်သည် ပုံသက်သေကောင်းသောကြောင့် ကျွန်ုပ်တို့၏ချီးမွမ်းမှုကို ခံထိုက်တော်မူသော ဘုရားသခင်ယေဟောဝါ၏ဂုဏ်တော်ကို ထင်ရှားစေပါလိမ့်မည်။

သင်မှတ်မိသလော

• ဦးစီးမှုနှင့် လက်အောက်ခံမှုဆိုင်ရာ ယေဟောဝါ၏ အစီအစဉ်မှာ အဘယ်နည်း။

• အိမ်ထောင်သည်မောင်နှံများသည် အဘယ်ကြောင့် အချင်းချင်း ဂုဏ်တင်သင့်သနည်း။

• ယုံကြည်သူဇနီးသည်သည် မယုံကြည်သူခင်ပွန်းကို မည်သို့ဆက်ဆံသင့်သနည်း။

• ခင်ပွန်းသည်သည် ကြီးလေးသောဆုံးဖြတ်ချက်များမချမီ မိမိဇနီးနှင့် အဘယ်ကြောင့်တိုင်ပင်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါလေးထောင့်ကွက်]

အခွင့်အာဏာကိုလေးမြတ်ကြောင်း အဘယ်ကြောင့်တင်ပြကြ

ယေဟောဝါသည် အသိဉာဏ်ရှိသောသတ္တဝါများအလယ်တွင် အခွင့်အာဏာနှင့် ဦးစီးမှုအစီအစဉ်များကို ပြုလုပ်ပေးထားသည်။ ယင်းက ဝိညာဉ်သတ္တဝါများကိုရော လူသားများကိုပါ ကောင်းကျိုးဖြစ်စေခဲ့သည်။ ဘုရားသခင်အား စည်းလုံးညီညွတ်စွာ အမှုဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အသုံးပြုရန်နှင့် ကိုယ်တော်အားဂုဏ်တင်ရန် အခွင့်အရေးရရှိစေသည်။—ဆာ. ၁၃၃:၁

ကောင်းကင်ခေါ်တော်မူခြင်းခံရသော ခရစ်ယာန်များသည် ယေရှုခရစ်၏ အခွင့်အာဏာနှင့် ဦးစီးမှုကို အသိအမှတ်ပြုကြသည်။ (ဧ. ၁:၂၂၊ ၂၃) ယေဟောဝါ၏ အခွင့်အာဏာကို အသိအမှတ်ပြုရာတွင် နောက်ဆုံး၌ “အရာခပ်သိမ်းကို [မိမိအောက်၌] ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း ဖြစ်တော်မူမည်။” (၁ ကော. ၁၅:၂၇၊ ၂၈) သို့ဖြစ်၍ ဘုရားသခင်ထံ အပ်နှံထားသူတို့သည် အသင်းတော်တွင်နှင့် မိသားစုတွင် ဦးစီးမှုအစီအစဉ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အလွန်သင့်လျော်လှသည်။ (၁ ကော. ၁၁:၃; ဟေဗြဲ ၁၃:၁၇) ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ မျက်နှာသာနှင့် ကောင်းချီးကို ခံစားကြရသည်။—ဟေရှာ. ၄၈:၁၇

[စာမျက်နှာ ၁၃ ပါပုံစာ]

ဘုရားသခင်နှစ်သက်သော အရည်အသွေးများကိုတင်ပြဖို့ ဆုတောင်းခြင်းက ခရစ်ယာန်ဇနီးသည်ကို ကူညီပေးနိုင်

[စာမျက်နှာ ၁၅ ပါပုံစာ]

ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးတွင် အမျိုးသမီးများ၏လုပ်ဆောင်မှုအပိုင်းကို ယေဟောဝါ တန်ဖိုးထား