မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်လို့ဖွယ်စကားက ဆက်ဆံရေးကို တိုးတက်စေ

နှစ်လို့ဖွယ်စကားက ဆက်ဆံရေးကို တိုးတက်စေ

နှစ်လို့ဖွယ်စကားက ဆက်ဆံရေးကို တိုးတက်စေ

‘သင်တို့၏စကားသည် အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။’—ကော. ၄:၆

၁၊ ၂။ ညီအစ်ကိုတစ်ဦး၏ နှစ်လို့ဖွယ်အပြောအဆိုကြောင့် အဘယ်ရလဒ်ရခဲ့သနည်း။

“ကျွန်တော် တစ်အိမ်မှတစ်အိမ် ဟောပြောနေချိန်မှာ အရမ်းဒေါသထွက်နေပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေတဲ့ အမျိုးသားတစ်ယောက်နဲ့တွေ့ခဲ့တယ်၊ ကျွန်တော်က စိတ်အေးအေးနဲ့ သူ့ကို သမ္မာကျမ်းစာဖတ်ပြဖို့ ကြိုးစားပေမဲ့ သူက ပိုဒေါသထွက်လာတယ်။ သူ့မိန်းမနဲ့ကလေးတွေကပါ ကျွန်တော့်ကို ဝိုင်းပြီးကြိမ်းမောင်းပြောဆိုကြလို့ ဒီအချိန်မှာ ထွက်သွားတာက အကောင်းဆုံးပဲဆိုတာ သိလိုက်တယ်။ ကျွန်တော်ရန်ဖြစ်ဖို့လာတာမဟုတ်လို့ အေးအေးဆေးဆေးပဲထွက်သွားချင်တယ်ဆိုတာ ဒီမိသားစုကို သိစေခဲ့တယ်။ ချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းနဲ့ ငြိမ်သက်ခြင်းအကြောင်းဖော်ပြထားတဲ့ ဂလာတိ ၅:၂၂၊ ၂၃ ကိုပြလိုက်ပြီး ကျွန်တော်ထွက်လာခဲ့တယ်” ဟု ညီအစ်ကိုတစ်ဦးက ပြောပြသည်။

“ပြီးတဲ့နောက် လမ်းတစ်ဖက်ကအိမ်တွေကို ကျွန်တော်ဟောပြောနေတဲ့အချိန်မှာ ဒီမိသားစုဟာ သူတို့အိမ်ရှေ့လှေကားထစ်မှာထိုင်နေကြပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်တယ်။ ‘အခု ဘာများ ပြောဦးမှာပါလိမ့်’ ဆိုပြီး ကျွန်တော်စဉ်းစားခဲ့တယ်။ လူကြီးက ကျွန်တော့်ကို သောက်ရေအေးအေးတစ်ခွက်တိုက်တယ်။ ပြီးတော့ သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ပြီး ကျွန်တော့်ရဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းအတွက် ချီးမွမ်းခဲ့တယ်။ ကျွန်တော်တို့ ပြေပြေလည်လည်ပြောဆိုပြီး လမ်းခွဲခဲ့ကြတယ်။”

၃။ အခြားသူများကြောင့် ကျွန်ုပ်တို့ အဘယ်ကြောင့် ဒေါသမထွက်သင့်သနည်း။

ဖိစီးမှုနှင့်ပြည့်နေသော ယနေ့လောကတွင် ဒေါသကြီးသူများတိုးများလာသောကြောင့် ခရစ်ယာန်ဓမ္မအမှု၌ပင် ဤသို့သောသူများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ကျွန်ုပ်တို့ ဤသို့ ကြုံတွေ့ရပါက “နူးညံ့သောသဘော၊ အလွန်လေးစားသောသဘော” တင်ပြရန်လိုသည်။ (၁ ပေ. ၃:၁၅) အထက်တွင်ဖော်ပြခဲ့သောညီအစ်ကိုသည် အိမ်ရှင်၏ဒေါသနှင့် ရိုင်းပျမှုကြောင့် ဒေါသထွက်မည်ဆိုလျှင် အိမ်ရှင်၏သဘောထားသည် ပြောင်းလဲသွားမည်မဟုတ်ဘဲ အခြေအနေမှာ ပို၍ပင်ဆိုးသွားပေမည်။ သို့သော် ညီအစ်ကိုသည် သူ၏ဒေါသကိုထိန်းချုပ်ခဲ့ပြီး နှစ်လို့ဖွယ်စကားပြောခဲ့သောကြောင့် ရလဒ်ကောင်းရရှိခဲ့သည်။

နှစ်လို့ဖွယ်စကား ပြောဆိုနိုင်ပုံ

၄။ အဘယ်ကြောင့် နှစ်လို့ဖွယ်စကားပြောဖို့ အရေးကြီးသနည်း။

ကျွန်ုပ်တို့သည် အသင်းတော်ပြင်ပမှလူများနှင့်ဖြစ်စေ၊ အသင်းတော်အတွင်းမှလူများနှင့်ဖြစ်စေ၊ မိသားစုဝင်များနှင့်ပင်ဖြစ်ပါစေ ပြောဆိုဆက်ဆံသည့်အခါ တမန်တော်ပေါလု၏ အကြံဉာဏ်ကို လိုက်နာရန် အရေးကြီးသည်– “သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ။” (ကော. ၄:၆) ဤသို့နှစ်သက်ဖွယ်ကောင်းသော၊ သင့်လျော်သောစကားသည် ကောင်းသောပြောဆိုဆက်သွယ်မှုနှင့် အသင့်အတင့်ရှိမှုအတွက် အရေးပါသည်။

၅။ ကောင်းသောပြောဆိုဆက်သွယ်မှုဟူသည် အဘယ်အရာကိုဆိုလိုခြင်း မဟုတ်သနည်း။ ဥပမာပေးပါ။

ကောင်းသောပြောဆိုဆက်သွယ်မှုသည် သင့်အတွေးနှင့် ခံစားချက်တိုင်းကို မစဉ်းစားဘဲ လွှတ်ခနဲပြောချလိုက်ခြင်းကို မဆိုလိုပါ၊ အထူးသဖြင့် သင်စိတ်တိုနေသောအခါတွင်ဖြစ်သည်။ အမျက်ဒေါသကို မထိန်းချုပ်ခြင်းသည် ကြံ့ခိုင်ခြင်းမဟုတ်ဘဲ ပျော့ညံ့ခြင်း၏အမှတ်အသားဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ (သု. ၂၅:၂၈; ၂၉:၁၁ တို့ကိုဖတ်ပါ။) လူအပေါင်းတို့ထက် “သာ၍နူးညံ့သိမ်မွေ့သောသဘော” ရှိသည့် မောရှေသည် တစ်ကြိမ်တွင် ပုန်ကန်သောအစ္စရေးလူမျိုးကြောင့် ဒေါသထွက်ခဲ့ပြီး ဘုရားသခင်အားဂုဏ်တင်ရန် ပျက်ကွက်ခဲ့သည်။ မောရှေသည် သူ့ခံစားချက်အတိုင်း ဘွင်းဘွင်းထုတ်ဖော်ပြောဆိုခဲ့ရာ ယင်းကို ယေဟောဝါမနှစ်သက်ခဲ့ပါ။ မောရှေသည် အစ္စရေးလူမျိုးကို အနှစ်လေးဆယ်ကြာ ဦးဆောင်ခဲ့ပြီးနောက် သူတို့ကို ကတိထားရာပြည်သို့ ခေါ်ဆောင်သွားခွင့်မရခဲ့ချေ။—တော. ၁၂:၃; ၂၀:၁၀၊ ၁၂; ဆာ. ၁၀၆:၃၂

၆။ နှုတ်စောင့်စည်းခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

စကားပြောဆိုသောအခါ ချုပ်တည်းမှု၊ နှုတ်စောင့်စည်းမှုနှင့် ကောင်းစွာချင့်ချိန်မှု တင်ပြသူတို့ကို သမ္မာကျမ်းစာက ချီးမွမ်းသည်။ “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။” (သု. ၁၀:၁၉; ၁၇:၂၇) သို့သော် နှုတ်စောင့်စည်းခြင်းသည် မိမိ၏ခံစားချက်ကို ဘယ်တော့မျှ ထုတ်ဖော်မပြောဆိုခြင်းကို မဆိုလိုပါ။ ယင်းက လျှာကိုသုံးကာ စိတ်နာစေရန်မဟုတ်ဘဲ သက်သာစေရန် “နှစ်လို့ဖွယ်” စကားပြောဆိုခြင်းကို ဆိုလိုသည်။—သု. ၁၂:၁၈; ၁၈:၂၁ တို့ကိုဖတ်ပါ။

“တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်”

၇။ မည်သို့သောစကားများကို ရှောင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

အလုပ်ဖော်များ၊ ဓမ္မအမှုတွင်တွေ့ဆုံရသောသူစိမ်းများနှင့် စကားပြောဆိုသည့်အခါ နှစ်လို့ဖွယ်စကားပြောဆိုကာ ချုပ်တည်းမှုတင်ပြဖို့လိုသကဲ့သို့ပင် အသင်းတော်နှင့် မိသားစုတွင်လည်း ထိုသို့တင်ပြဖို့လိုသည်။ အကျိုးဆက်ကိုမစဉ်းစားဘဲ ဒေါသပေါက်ကွဲခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူတို့၏ စိတ်လှုပ်ရှားမှု၊ ကာယကျန်းမာရေးနှင့် ဘုရားသခင်နှင့်ဆက်ဆံရေးတို့ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သည်။ (သု. ၁၈:၆၊ ၇) မစုံလင်မှုကြောင့်ဖြစ်သော အပျက်သဘောထားများကို ထိန်းချုပ်ရမည်ဖြစ်သည်။ ဆဲဆိုခြင်း၊ ကဲ့ရဲ့လှောင်ပြောင်ခြင်း၊ မထီလေးစားပြောဆိုခြင်းနှင့် နာကြည်းသည့်အမျက်ဒေါသတို့သည် မှား၏။ (ကော. ၃:၈; ယာ. ၁:၂၀) ယင်းတို့သည် အခြားသူတို့နှင့်ဖြစ်စေ၊ ယေဟောဝါနှင့်ဖြစ်စေ ရင်းနှီးသောဆက်ဆံရေးကို ပြတ်တောက်သွားစေနိုင်သည်။ ယေရှု ဤသို့သွန်သင်ခဲ့သည်– “မိမိညီအစ်ကိုကို အမျက်မပြေနိုင်သူတိုင်း တရားရုံး၌ အမှုစီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို မထီမဲ့မြင် ပြောဆိုသူမည်သူမဆို တရားရုံးချုပ်၌ အမှုစီရင်ခြင်းကို ခံထိုက်ပေ၏။ သူတစ်ပါးကို ‘လူနုံ၊ လူအ’ ဟုပြောဆိုသူ မည်သူမဆို မီးလောင်ရာ ဂေဟင်နာ အရပ်သို့ ရောက်ထိုက်ပေ၏။”—မ. ၅:၂၂

၈။ ကျွန်ုပ်တို့၏ ခံစားချက်များကို အဘယ်အချိန်တွင် ထုတ်ဖော်ပြောဆိုရမည်နည်း၊ သို့သော် အဘယ်နည်းဖြင့်နည်း။

သို့သော် အချို့သောကိစ္စများသည် ထုတ်ဖော်ပြောဆိုမှသာ အကောင်းဆုံးဖြစ်မည်ဟု သင်ယူဆပေမည်။ ညီအစ်ကို၊ ညီအစ်မတစ်ဦး၏ ပြောဆိုရာ၊ ပြုလုပ်ရာများက သင့်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေပြီး အလွယ်တကူမမေ့ပျောက်နိုင်လျှင် နာကြည်းသောခံစားချက်များ ပို၍ပြင်းထန်လာရန် ခွင့်မပြုပါနှင့်။ (သု. ၁၉:၁၁) အကယ်၍ တစ်စုံတစ်ဦးက သင့်အား ဒေါသထွက်စေသည်ဆိုလျှင် စိတ်ကို တဖြည်းဖြည်းထိန်းချုပ်ပြီး ကိစ္စရပ်ကိုဖြေရှင်းဖို့ လိုအပ်ရာများကို လုပ်ဆောင်ပါ။ ပေါလုက “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟုရေးခဲ့သည်။ ပြဿနာက သင့်ကို ဆက်၍ဒုက္ခပေးနေသည်ဆိုလျှင် သင့်တော်သောအချိန်တွင် ကိစ္စရပ်ကို ပြေလည်စွာဖြေရှင်းပါ။ (ဧဖက် ၄:၂၆၊ ၂၇၊ ၃၁၊ ၃၂ ကိုဖတ်ပါ။) သင်၏ညီအစ်ကိုနှင့် ဖြေရှင်းရာတွင် ပြန်လည်သင့်မြတ်စေလိုသောသဘောဖြင့် နှစ်လို့ဖွယ်စကားသုံးပြီး ပွင့်ပွင့်လင်းလင်းပြောဆိုပါ။—ဝတ်. ၁၉:၁၇; မ. ၁၈:၁၅

၉။ ပြဿနာကို အခြားသူများနှင့် မဆွေးနွေးမီ ကျွန်ုပ်တို့၏ စိတ်ခံစားချက်ကို အဘယ်ကြောင့် ထိန်းချုပ်ဖို့လိုသနည်း။

“တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ” သောကြောင့် ပြဿနာကိုထုတ်ဖော်ပြောဆိုရန် သင့်တော်သောအချိန်ကို စောင့်ဆိုင်းသင့်သည်။ (ဒေ. ၃:၁၊) ထို့ပြင် “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။” (သု. ၁၅:၂၈) ယင်းတွင် ပြဿနာကိုဖြေရှင်းရန် စောင့်ဆိုင်းခြင်းပါဝင်သည်။ တစ်ဖက်သား အလွန်စိတ်ဆိုးနေချိန်တွင် ပြဿနာဖြေရှင်းခြင်းက ပို၍ဆိုးရွားစေနိုင်သကဲ့သို့ အချိန်ဆွဲထားခြင်းကလည်း ပညာရှိရာမရောက်ပေ။

နှစ်လို့ဖွယ်အပြုအမူက ဆက်ဆံရေးကိုတိုးတက်စေ

၁၀။ နှစ်လို့ဖွယ်လုပ်ရပ်များကိုတင်ပြခြင်းက ဆက်ဆံရေးကို မည်သို့တိုးတက်စေနိုင်သနည်း။

၁၀ နှစ်လို့ဖွယ်စကားနှင့် ကောင်းသောပြောဆိုဆက်သွယ်မှုက သင့်မြတ်သောဆက်ဆံရေးကို ရရှိစေပြီး ယင်းကိုထိန်းသိမ်းထားရန် ထောက်ကူသည်။ အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို တိုးတက်စေသည့် လုပ်ရပ်များကလည်း အခြားသူတို့နှင့် ပြောဆိုဆက်သွယ်မှုကို တိုးတက်စေနိုင်သည်။ အခွင့်အရေးရှာကာ အကူအညီပေးခြင်း၊ စိတ်ရင်းမှန်ဖြင့် လက်ဆောင်ပေးခြင်း၊ ဧည့်ဝတ်ပျူငှာခြင်းတို့ဖြစ်သော ကြင်နာသောလုပ်ရပ်များသည် ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်နိုင်ရန် အထောက်အကူပြုသည်။ ယင်းသည် လူတစ်ဦးအပေါ် “မီးခဲကိုပုံထား” ခြင်းဖြစ်ပြီး ယင်းမှ ကောင်းသောအရည်အသွေးများကို တင်ပြလာစေကာ ပြဿနာများကို ပွင့်ပွင့်လင်းလင်းဖြေရှင်းရန် ပိုလွယ်ကူစေသည်။—ရော. ၁၂:၂၀၊ ၂၁

၁၁။ ယာကုပ်သည် ဧသောနှင့် ဆက်ဆံရေးပြန်ပြေလည်စေရန် အဘယ်အရာကို အစပြုလုပ်ဆောင်ခဲ့သနည်း၊ အဘယ်ရလဒ်ရခဲ့သနည်း။

၁၁ ရှေးဘိုးဘေးယာကုပ်သည် ယင်းအချက်ကို သဘောပေါက်ခဲ့သည်။ သူ၏အမြွှာအစ်ကို ဧသောသည် အလွန်စိတ်ဆိုးနေရာ မိမိအားသတ်မည်ဟုယူဆကာ ယာကုပ်ထွက်ပြေးခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယာကုပ်ပြန်လာခဲ့သည်။ ဧသောသည် ယာကုပ်နှင့်တွေ့ရန် လူ ၄၀၀ နှင့်ချီလာသည်။ ယာကုပ်သည် အကူအညီအတွက် ယေဟောဝါထံဆုတောင်းခဲ့သည်။ ထို့နောက် ဧသောထံသို့ တိရစ္ဆာန်များစွာကို လက်ဆောင်အဖြစ် ကြိုတင်ပေးပို့ခဲ့သည်။ ယင်းလက်ဆောင်သည် ရည်ရွယ်ချက်ကို အထမြောက်စေခဲ့သည်။ သူတို့တွေ့ဆုံချိန်တွင် ဧသော၏သဘောထားပျော့ပျောင်းသွားပြီဖြစ်ရာ ယာကုပ်အား ပြေးဖက်ခဲ့လေသည်။—က. ၂၇:၄၁-၄၄; ၃၂:၆၊ ၁၁၊ ၁၃-၁၅; ၃၃:၄၊ ၁၀

နှစ်လို့ဖွယ်စကားဖြင့် အခြားသူများကိုအားပေးပါ

၁၂။ ကျွန်ုပ်တို့သည် ညီအစ်ကိုများနှင့်ပြောဆိုသောအခါ အဘယ်ကြောင့် နှစ်လို့ဖွယ်စကားများ သုံးသင့်သနည်း။

၁၂ ခရစ်ယာန်များသည် လူများကိုမဟုတ်ဘဲ ဘုရားသခင်ကို အစေခံကြသည်။ သို့သော် လူ့သဘာ၀အရ အခြားသူတို့၏နှစ်သက်လက်ခံမှုကို ရလိုကြသည်။ ကျွန်ုပ်တို့၏ နှစ်လို့ဖွယ်စကားများသည် ညီအစ်ကိုညီအစ်မများ၏ ဝန်ကိုပေါ့စေနိုင်သည်။ သို့သော် ခက်ထန်သောပြစ်တင်ဝေဖန်မှုက ပို၍ဝန်ပိစေနိုင်ပြီး မိမိတို့သည် ယေဟောဝါ၏မျက်နှာသာဆုံးရှုံးနေပြီလောဟုပင် အတွေးဝင်စေနိုင်သည်။ ထို့ကြောင့် “ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြ” ကာ အခြားသူများကို စိတ်ရင်းမှန်ဖြင့် အားပေးကြပါစို့။—ဧ. ၄:၂၉

၁၃။ အကြီးအကဲများသည် (က) ဆုံးမသွန်သင်ရန်လိုအပ်သည့်အခါ၊ (ခ) စာများရေးသားသည့်အခါတွင် အဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သနည်း။

၁၃ အထူးသဖြင့် အကြီးအကဲများသည် “သိမ်မွေ့ညင်သာ” သင့်ပြီး သိုးတော်စုကို ညှာတာစွာ ဆက်ဆံသင့်သည်။ (၁ သက်. ၂:၇၊ ၈) အကြီးအကဲများသည် အခြားသူတို့ကို ဆုံးမသွန်သင်သည့်အခါ သူတို့၏ပန်းတိုင်မှာ “ဆန့်ကျင်သူများ” ကိုပင် “နူးညံ့သိမ်မွေ့သောသဘောဖြင့်” ဆက်ဆံရန်ဖြစ်သည်။ (၂ တိ. ၂:၂၄၊ ၂၅) အကြီးအကဲများသည် အခြားအကြီးအကဲအဖွဲ့များ သို့မဟုတ် ဌာနခွဲရုံးနှင့် စာရေးဆက်သွယ်ရန်လိုအပ်သည့်အခါ သူတို့၏အသုံးအနှုန်းများမှာ နှစ်လို့ဖွယ်ဖြစ်သင့်သည်။ မဿဲ ၇:၁၂ တွင်ဖတ်ရသည့်အတိုင်း သူတို့သည် ကြင်နာမှုနှင့် လိမ္မာပါးနပ်မှုရှိသင့်သည်။

မိသားစုအတွင်းတွင် နှစ်လို့ဖွယ်စကားပြောဆိုပါ

၁၄။ လင်ယောက်ျားများကို ပေါလု အဘယ် ဆုံးမစကားပြောခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

၁၄ ကျွန်ုပ်တို့၏စကားများ၊ မျက်နှာအမူအရာနှင့် ကိုယ်နေဟန်ထားတို့၏ အကျိုးသက်ရောက်မှုကို ကျွန်ုပ်တို့ လျော့တွက်မိနိုင်သည်။ ဥပမာ၊ အချို့အမျိုးသားများသည် မိမိတို့၏စကားများကြောင့် အမျိုးသမီးများအား မည်သို့ထိခိုက်သည်ကို အပြည့်အ၀သိမည်မဟုတ်ပေ။ ညီအစ်မတစ်ဦးက “ကျွန်မယောက်ျားက ဒေါသတကြီးအော်လိုက်ပြီဆိုရင် ကျွန်မ အရမ်းကြောက်တယ်” ဟုပြောခဲ့သည်။ ရင့်သီးခက်ထန်သောစကားများသည် အမျိုးသားများထက် အမျိုးသမီးများကို ပို၍ထိခိုက်စေနိုင်ပြီး သူတို့၏စိတ်တွင် ကြာရှည်စွာစွဲနေနိုင်သည်။ (လု. ၂:၁၉) အထူးသဖြင့် မိမိချစ်မြတ်နိုးပြီး လေးစားလိုသူတစ်ဦးက ပြောသည်ဆိုလျှင် ထိုသို့ပို၍ဖြစ်နိုင်သည်။ ထို့ကြောင့် ပေါလုက လင်ယောက်ျားများအား “သင်တို့၏ဇနီးကို ဆက်၍ချစ်ကြလော့။ သူတို့ကို ခါးသီးစွာ အမျက်မထွက်ကြနှင့်” ဟု ဆုံးမစကားပြောခဲ့သည်။—ကော. ၃:၁၉

၁၅။ လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးအား သိမ်မွေ့ညင်သာစွာ ဆက်ဆံသင့်ပုံကို ဥပမာပေးပါ။

၁၅ ဤအချက်နှင့်ပတ်သက်၍ လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးသည်ကို “အားနွဲ့သောတန်ဆာအဖြစ်” အဘယ်ကြောင့် သိမ်မွေ့ညင်သာစွာဆက်ဆံသင့်ပုံကို အတွေ့အကြုံရှိ လင်ယောက်ျားတစ်ဦးက ဤသို့ဥပမာပေးခဲ့သည်– “တန်ဖိုးကြီးပြီး ကွဲလွယ်တဲ့ပန်းအိုးတစ်လုံးကို ကိုင်တွယ်တဲ့အခါ အားနဲ့တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမယ်ဆိုရင် ကွဲအက်သွားနိုင်တယ်။ ကွဲအက်သွားတာကို ပြန်ဆက်မယ်ဆိုရင်တောင် အက်ကြောင်းကတော့ ကျန်နေမှာပဲ။ လင်ယောက်ျားတစ်ဦးက မိမိရဲ့ဇနီးကို ရင့်ရင့်သီးသီးပြောဆိုမယ်ဆိုရင် သူ့ကို စိတ်ထိခိုက်စေနိုင်တယ်။ အဲဒါက သူတို့ရဲ့ဆက်ဆံရေးမှာ မပျောက်နိုင်တဲ့ အက်ကြောင်းဖြစ်စေနိုင်တယ်” ဟုပြောခဲ့သည်။—၁ ပေတရု ၃:၇ ကိုဖတ်ပါ။

၁၆။ ဇနီးသည်တစ်ဦးသည် မိမိ၏မိသားစုကို မည်သို့တည်ဆောက်ပေးနိုင်သနည်း။

၁၆ အမျိုးသားများလည်း မိမိတို့၏ဇနီးသည်အပါအဝင် အခြားသူတစ်ဦး၏စကားကြောင့် အားတက်နိုင်၊ သို့မဟုတ် စိတ်ပျက်အားလျော့နိုင်သည်။ ခင်ပွန်း၏ ‘ယုံကြည်မှု’ ကိုခံရသည့် ‘ပညာသတိရှိသောမယား’ သည် မိမိ၏ခံစားချက်ကို ထည့်တွက်စဉ်းစားပေးစေလိုသကဲ့သို့ လင်ယောက်ျား၏ခံစားချက်ကို ထည့်တွက်စဉ်းစားပေးသည်။ (သု. ၁၉:၁၄; ၃၁:၁၁) မှန်ပါသည်၊ ဇနီးသည်တစ်ဦးသည် မိသားစုအတွင်းတွင် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ အတော်အတန်သြဇာလွှမ်းမိုးနိုင်သည်။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏။”—သု. ၁၄:၁

၁၇။ (က) ငယ်ရွယ်သူများသည် မိဘများအား မည်သို့ပြောဆိုဆက်ဆံသင့်သနည်း။ (ခ) လူကြီးများသည် ငယ်ရွယ်သူများအား မည်သို့ ပြောဆိုဆက်ဆံသင့်သနည်း၊ အဘယ်ကြောင့်နည်း။

၁၇ အလားတူ မိဘနှင့်သားသမီးများလည်း တစ်ဦးနှင့်တစ်ဦး နှစ်လို့ဖွယ်စကားများ ပြောဆိုသင့်သည်။ (မ. ၁၅:၄) ငယ်ရွယ်သူများနှင့်စကားပြောဆိုသောအခါ ထောက်ထားစာနာမှုပြလျှင် သူတို့ကို “ဒေါသ” ထွက်အောင်၊ “စိတ်ဆိုး” အောင်မလုပ်မိစေရန် ရှောင်ရှားနိုင်သည်။ (ကော. ၃:၂၁; ဧ. ၆:၄) ကလေးများကို ဆုံးမရန်လိုသည့်အခါ၌ပင် မိဘများနှင့် အကြီးအကဲများသည် သူတို့ကို လေးစားစွာပြောဆိုသင့်သည်။ ဤသို့လုပ်ဆောင်လျှင် မိမိတို့၏လမ်းစဉ်ကိုပြုပြင်ဖို့ လူငယ်များအတွက် ပို၍လွယ်ကူစေပြီး ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားရန် အသက်ကြီးသူများက ကူညီပေးရာရောက်သည်။ ယင်းက သူတို့ကို ချိုးနှိမ်ပြောဆိုကာ မိမိတို့သည် အသုံးမကျဟူသောခံစားချက်များ ပေါ်လာစေသည့် ဆုံးမခြင်းမျိုးထက် ပို၍ကောင်းပါသည်။ ငယ်ရွယ်သူများသည် သူတို့ကြားရသည့် ဆုံးမစကားအားလုံးကို မှတ်မိမည်မဟုတ်သော်လည်း သူတို့အား ဆုံးမပြောဆိုပုံကို မှတ်မိနေပေမည်။

ကောင်းသောစကားများကို စိတ်ရင်းမှန်ဖြင့်ပြောဆိုပါ

၁၈။ နာကြည်းသောခံစားချက်များနှင့် အတွေးအခေါ်များကို မည်သို့ဖြေဖျောက်နိုင်သနည်း။

၁၈ ဒေါသကိုထိန်းချုပ်ခြင်းဟူသည် ဟန်ဆောင်ဖုံးကွယ်ထားခြင်းမျှသာမဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြင်းထန်သောခံစားချက်များကို မျိုသိပ်ချိုးနှိမ်ထားရုံထက်မက လုပ်ဆောင်သင့်သည်။ အတွင်း၌ဒေါသမီး တောက်လောင်နေသော်လည်း အပြင်ပန်းတွင် ဘာမျှမဖြစ်သလိုဟန်ဆောင်ဖုံးကွယ်ထားခြင်းက ပို၍စိတ်ဖိစီးစေသည်။ ယင်းက စက်ဘီးလက်ကိုင်ဘရိတ်ကို ညှစ်ထားပြီး စက်ဘီးခြေနင်းကို နင်းနေခြင်းနှင့်တူသည်။ ထိုသို့ပြုလုပ်ခြင်းက စက်ဘီးကိုပျက်စီးစေမည်ဖြစ်သည်။ ထို့ကြောင့် ဒေါသကို စိတ်တွင်သိုထားပြီး နောက်မှ ပေါက်ကွဲခြင်းမျိုးမပြုလုပ်ပါနှင့်။ သင်၏စိတ်တွင်းမှ နာကြည်းသောခံစားချက်များကို ဖြေဖျောက်နိုင်ရန် ယေဟောဝါ၏ အကူအညီရဖို့ ဆုတောင်းပါ။ ဘုရားသခင့်အလိုတော်နှင့်အညီ သင်၏စိတ်နှလုံးကို ပြုပြင်ပြောင်းလဲနိုင်ရန် ယေဟောဝါ၏စွမ်းအားတော်ကို အခွင့်ပေးပါ။—ရောမ ၁၂:၂; ဧဖက် ၄:၂၃၊ ၂၄ တို့ကိုဖတ်ပါ။

၁၉။ ဒေါသဖြင့် ထိပ်တိုက်တွေ့ခြင်းကိုရှောင်နိုင်ဖို့ ကျွန်ုပ်တို့ကို အဘယ်အချက်များက ကူညီပေးမည်နည်း။

၁၉ လက်တွေ့ကျကျလုပ်ဆောင်ပါ။ သင်သည် တင်းမာနေသောအခြေအနေတွင် ရောက်ရှိနေပြီး အမျက်ထွက်နေကြောင်း မိမိကိုယ်ကိုသိရှိပါက ထိုနေရာမှထွက်သွားခြင်းက သင်၏ခံစားချက်ကို ထိန်းချုပ်ဖို့ အချိန်ရစေနိုင်သည်။ (သု. ၁၇:၁၄) သင်နှင့်စကားပြောနေသူသည် စတင်ဒေါသထွက်လာပြီဆိုလျှင် နှစ်လို့ဖွယ်စကား ပြောဆိုဖို့ အထူးကြိုးစားပါ။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်” သည်ကိုသတိရပါ။ (သု. ၁၅:၁) ထိခိုက်စေသော၊ ရန်လိုသောစကားကို လေသံချိုချိုဖြင့်ပြောလျှင်ပင် ယင်းသည် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်သွားစေနိုင်သည်။ (သု. ၂၆:၂၁) ထို့ကြောင့် အခြေအနေသည် သင်၏ချုပ်တည်းမှုကို စမ်းသပ်နေလျှင် “စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်” ဖြစ်သည်။ ကောင်းသောအရာကို ပြောဆိုပြီး မကောင်းသောအရာကို မပြောဆိုမိဖို့ သင့်အားကူညီပေးပါရန် ယေဟောဝါ၏ စွမ်းအားတော်အတွက် ဆုတောင်းပါ။—ယာ. ၁:၁၉

စိတ်ရင်းမှန်ဖြင့် ခွင့်လွှတ်ပါ

၂၀၊ ၂၁။ အခြားသူများကိုခွင့်လွှတ်ရန် အဘယ်အရာက ကူညီပေးနိုင်သနည်း၊ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရသနည်း။

၂၀ ဝမ်းနည်းစရာမှာ မည်သူမျှ လျှာကို အပြည့်အဝမထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ (ယာ. ၃:၂) အတတ်နိုင်ဆုံးကြိုးစားသည့်ကြားမှ မိသားစုဝင်များနှင့် ကျွန်ုပ်တို့၏ ချစ်လှစွာသော ညီအစ်ကိုညီအစ်မများသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့ စိတ်ထိခိုက်စေသည့်အရာများကို လွှတ်ခနဲပြောမိပေမည်။ ချက်ချင်းစိတ်ဆိုးမည့်အစား သူတို့ အဘယ်ကြောင့်ထိုသို့ပြောသည်၊ အဘယ်ကြောင့်ထိုသို့ပြုလုပ်သည်ကို စိတ်ရှည်ရှည်ဖြင့် သိအောင်လုပ်ပါ။ (ဒေ. ၇:၈၊ ၉ ကိုဖတ်ပါ။) သူတို့သည် စိတ်ဖိစီးနေ၍လော၊ စိုးရိမ်ပူပန်နေ၍လော၊ ဖျားနာနေ၍လော သို့မဟုတ် ကျွန်ုပ်တို့မသိသော ပြဿနာတစ်ခုခုရှိနေ၍လော။

၂၁ ယင်းအချက်များသည် ဒေါသပေါက်ကွဲရန် အကြောင်းပြချက်များမဟုတ်ပါ။ သို့သော် ယင်းအချက်များကို ကျွန်ုပ်တို့သိထားခြင်းက လူတို့သည် တစ်ခါတစ်ရံ မိမိတို့မပြောသင့်ရာကို အဘယ်ကြောင့်ပြောသည်၊ မလုပ်သင့်ရာကို အဘယ်ကြောင့်လုပ်သည်တို့ကို ကျွန်ုပ်တို့အား သိမြင်စေပြီး သူတို့ကိုခွင့်လွှတ်ရန် လှုံ့ဆော်ခံရပေမည်။ ကျွန်ုပ်တို့အားလုံးသည် အခြားသူများကိုထိခိုက်စေသည့်အရာများကို ပြောမိ၊ လုပ်မိကြပြီး ကျွန်ုပ်တို့ကို အကြွင်းမဲ့ခွင့်လွှတ်ရန် မျှော်လင့်ကြသည်။ (ဒေ. ၇:၂၁၊ ၂၂) ကျွန်ုပ်တို့သည် ဘုရားသခင့်ခွင့်လွှတ်မှုခံရရန် အခြားသူများကို ခွင့်လွှတ်ရမည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မ. ၆:၁၄၊ ၁၅; ၁၈:၂၁၊ ၂၂၊ ၃၅) ထို့ကြောင့် ကျွန်ုပ်တို့သည် ချက်ချင်းတောင်းပန်ကာ ချက်ချင်းခွင့်လွှတ်သင့်သည်၊ ယင်းသို့ပြုခြင်းသည် “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်သော ချစ်ချင်းမေတ္တာကို မိသားစုအတွင်းနှင့် အသင်းတော်အတွင်းတွင် ဆက်ထိန်းသိမ်းခြင်းဖြစ်သည်။—ကော. ၃:၁၄

၂၂။ နှစ်လို့ဖွယ်စကားများကိုပြောဆိုခြင်းသည် အဘယ်ကြောင့် အကျိုးနပ်သနည်း။

၂၂ ဒေါသကြီးသော လက်ရှိလူ့အဖွဲ့အစည်း၏အဆုံး နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ရွှင်လန်းမှုနှင့်စည်းလုံးမှုကို ထိန်းသိမ်းရန် ပိုခက်ခဲလာသည်။ သမ္မာကျမ်းစာပါ လက်တွေ့ကျမူများကို ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့၏လျှာကို ကောင်းကျိုးဖြစ်စေသောနည်းဖြင့်အသုံးပြုရန် အထောက်အကူပြုပါလိမ့်မည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင်နှင့် မိသားစုတွင် ပို၍သင့်မြတ်လာပြီး ကျွန်ုပ်တို့၏ပုံသက်သေက “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါအကြောင်း အကောင်းဆုံးသက်သေခံချက်ဖြစ်ပါလိမ့်မည်။—၁ တိ. ၁:၁၁

သင်ရှင်းပြနိုင်သလော

• ပြဿနာကိုဖြေရှင်းရန် သင့်တော်သည့်အချိန်ကိုရွေးဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

• မိသားစုဝင်များသည် အဘယ်ကြောင့် တစ်ဦးနှင့်တစ်ဦး နှစ်လို့ဖွယ်စကားကို အမြဲပြောဆိုသင့်သနည်း။

• ထိခိုက်စေသည့်စကားကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။

• ခွင့်လွှတ်ဖို့ ကျွန်ုပ်တို့ကို အဘယ်အရာက ကူညီပေးသနည်း

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါရုပ်ပုံ]

သင့်စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ပြုလုပ်ပြီး စကားပြောရန် သင့်တော်သောအချိန်ကိုစောင့်ပါ

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

လင်ယောက်ျားသည် မိမိ၏ဇနီးကို အမြဲပင် သိမ်မွေ့ ညင်သာစွာ ပြောဆိုသင့်