မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်လူမျိုးအလယ်တွင် လုံခြုံမှုကိုရှာဖွေပါ

ဘုရားသခင့်လူမျိုးအလယ်တွင် လုံခြုံမှုကိုရှာဖွေပါ

ဘုရားသခင့်လူမျိုးအလယ်တွင် လုံခြုံမှုကိုရှာဖွေပါ

“ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။”—ဆာ. ၃၅:၁၈

၁-၃။ (က) ခရစ်ယာန်အချို့နှင့် ဘုရားသခင်အကြားရှိ ဆက်ဆံရေးကို အဘယ်အရာက ပျက်ပြားသွားစေနိုင်သနည်း။ (ခ) ဘုရားသခင့်လူမျိုးသည် အဘယ်နေရာတွင် အကာအကွယ် ရှာတွေ့နိုင်သနည်း။

အားလပ်ရက်တစ်ရက်တွင် ဂျိုးနှင့်သူ၏ဇနီးတို့သည် အရောင်အသွေးစုံ၊ အရွယ်အစားစုံ ငါးအမြောက်အမြားရှိသည့် သန္တာကျောက်တန်းများ၏ အလှအပကိုကြည့်ရှုခံစားရန် ရေငုပ်နေကြသည်။ သူတို့သည် သန္တာကျောက်တန်းများကို ပို၍မြင်နိုင်ရန် အရှေ့သို့ အနည်းငယ် ဆက်ကူးသွားကြသည်။ ရေနက်ပိုင်းသို့ရောက်လာသောအခါ ဂျိုး၏ဇနီးက ‘ကျွန်မတို့ ရေနက်ပိုင်းကို ရောက်နေပြီထင်တယ်’ ဟု ပြောသည်။ ဂျိုးက ‘မစိုးရိမ်ပါနဲ့၊ ငါသိပါတယ်’ ဟု ပြန်ဖြေသည်။ ခဏကြာပြီးနောက် ဂျိုးက ‘ငါးတွေဘယ်ရောက်ကုန်ပြီလဲ’ ဟု မေးလိုက်ပြီး မကြာမီတွင် ထိတ်လန့်စွာဖြင့် အကြောင်းရင်းကို သိရှိသွားခဲ့သည်။ ပင်လယ်ရေနက်ပိုင်းမှ ငါးမန်းကြီးတစ်ကောင်သည် သူ့ထံဦးတည်လာနေသည်ကို တွေ့လိုက်ရ၏။ ထိုအချိန်တွင် သူသည် ဘာမျှမတတ်နိုင်တော့ချေ။ ငါးမန်းသည် ပေအနည်းငယ်အကွာသို့ရောက်လာသောအခါ ရုတ်တရုက် ပြန်လှည့်ထွက်သွားခဲ့သည်။

ထိုနည်းတူ ခရစ်ယာန်တစ်ဦးသည် စာတန့်လောကတွင်ရှိသော ဖျော်ဖြေရေး၊ အလုပ်အကိုင်၊ ပိုင်ဆိုင်ရာများကို အလွန်မက်မောလာနိုင်ပြီး ယင်းတို့ကြောင့် အန္တရာယ်ရှိအခြေအနေသို့ ရောက်မှန်းမသိရောက်နေနိုင်သည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ ဂျိုးက “ကျွန်တော့်ရဲ့အတွေ့အကြုံက ကျွန်တော် ဘယ်လိုလူတွေနဲ့ပေါင်းသင်းနေတယ်ဆိုတာကို ပြန်စဉ်းစားသုံးသပ်စေတယ်။ လုံခြုံပြီး ပျော်စရာကောင်းတဲ့ အသင်းတော်မှာပဲနေပါ” ဟုပြောသည်။ လောက၏အာရုံပျံ့လွင့်စရာများကြောင့် အသင်းတော်နှင့်ဝေးကာ အန္တရာယ်ကျရောက်စေနိုင်သည့်အဖြစ်မျိုးကို ခွင့်မပြုသင့်ချေ။ သင် အသင်းတော်နှင့် ဝေးနေပြီဖြစ်ကြောင်း သတိပြုမိပါက အသင်းတော်နှင့်ပြန်လည်ပူးပေါင်းရန် အမြန်ကြိုးစားသင့်သည်။ ထိုသို့မပြုလုပ်လျှင် ယေဟောဝါနှင့်သင်၏ဆက်ဆံရေးကို ထိခိုက်နိုင်သည်။

ယနေ့လောကသည် ခရစ်ယာန်များအတွက် အန္တရာယ်ရှိသောနေရာတစ်ခု ဖြစ်နေသည်။ (၂ တိ. ၃:၁-၅) စာတန်သည် မိမိအချိန်အနည်းငယ်သာရှိကြောင်း သိထားကာ သတိမဲ့နေသူများကို ဝါးမျိုရန် ကြိုးစားနေသည်။ (၁ ပေ. ၅:၈; ဗျာ. ၁၂:၁၂၊ ၁၇) သို့သော် ကျွန်ုပ်တို့တွင် အကာအကွယ်ရှိသည်။ ယေဟောဝါသည် မိမိလူမျိုးအတွက် လုံခြုံသောခိုလှုံရာဖြစ်သည့် ခရစ်ယာန်အသင်းတော်ကို ပြင်ဆင်ပေးထားသည်။

၄၊ ၅။ လူများစွာသည် မိမိတို့၏အနာဂတ်နှင့် ပတ်သက်၍ မည်သို့ခံစားကြရသနည်း၊ အဘယ်ကြောင့်နည်း။

လူ့အဖွဲ့အစည်းသည် ကာယရေးနှင့်စိတ်ပိုင်းအရ လုံခြုံမှုအနည်းငယ်သာ ပေးစွမ်းနိုင်သည်။ လူအများစုက သူတို့၏ကာယရေးလုံခြုံမှုမှာ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မြင့်မားသောနေထိုင်စရိတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စများဖြင့် ခြိမ်းခြောက်ခံနေရသည်ဟု ခံစားရသည်။ လူတိုင်းသည် ကျန်းမာရေးပြဿနာနှင့် သက်ရွယ်ကြီးရင့်မှုကို ကြုံရကြသည်။ အလုပ်အကိုင်၊ နေအိမ်၊ လုံလောက်သောငွေကြေးရှိပြီး အတော်အတန်ကျန်းမာသူများပင် ဤအရာများ မည်မျှကြာတည်မြဲမည်ကို စိုးရိမ်နေကြသည်။

လူအများစုသည် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုလည်း မခံစားရကြချေ။ ဝမ်းနည်းစရာကောင်းသည်မှာ အိမ်ထောင်ပြုပြီး မိသားစုတည်ဆောက်ခြင်းမှ ငြိမ်သက်မှုခံစားလိုသူတို့သည် မိမိတို့၏မျှော်လင့်ချက်များဖြစ်မလာကြောင်း တွေ့ခဲ့ရသည်။ ဝတ်ပြုရေးတွင် လုံခြုံမှုရှာဖွေသည့် ချာ့ခ်ျတက်သူများစွာသည်လည်း သူတို့ရရှိသည့် သွန်သင်ချက်များ၏ လက်တွေ့အသုံးဝင်မှုအပေါ် သံသယဝင်ပြီး စိတ်ရှုပ်ထွေးခဲ့ကြသည်။ မိမိတို့ဝတ်ပြုရေးခေါင်းဆောင်များ၏ သံသယဖြစ်ဖွယ်အမူအကျင့်များနှင့် သမ္မာကျမ်းစာနှင့်မညီသည့် သွန်သင်ချက်များကြောင့် ပို၍ပင်စိတ်ပျက်ခဲ့ကြရသည်။ ထို့ကြောင့် လူများစွာက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ရာမှာ သိပ္ပံပညာနှင့် လူတို့၏စိတ်ရင်းကောင်းသာဖြစ်သည်ဟု ယူဆကြသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင်ရှိလူတို့သည် အလွန်အမင်းမလုံခြုံမှုကို ခံစားရခြင်း သို့မဟုတ် မိမိတို့၏ အနာဂတ်နှင့်ပတ်သက်၍ အလေးအနက်မစဉ်းစားလိုခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။

၆၊ ၇။ (က) ဘုရားသခင်အားဝတ်ပြုကိုးကွယ်သူများနှင့် ကိုယ်တော်အား မကိုးကွယ်သူတို့၏အမြင်သည် အဘယ်ကြောင့် ကွာခြားသနည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။

ခရစ်ယာန်အသင်းတော်တွင်ရှိသူများနှင့် ခရစ်ယာန်အသင်းတော်တွင် မရှိသူတို့၏အမြင်သည် ကွာခြားလှသည်။ ယေဟောဝါ၏လူမျိုးဖြစ်သော ကျွန်ုပ်တို့သည် အခြားသူများကြုံတွေ့ရသည့် အရေးကိစ္စများ၊ ပြဿနာများနှင့် ကြုံတွေ့ကြရသော်လည်း ကျွန်ုပ်တို့၏တုံ့ပြန်ပုံမှာ အလွန်ခြားနားသည်။ (ဟေရှာယ ၆၅: ၁၃၊ ၁၄; မာလခိ ၃:၁၈ တို့ကိုဖတ်ပါ။) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် လူသားတို့ကြုံတွေ့ရသည့်အခြေအနေနှင့်ပတ်သက်သည့် ကျေနပ်ဖွယ်ရှင်းပြချက်ကို သမ္မာကျမ်းစာတွင်တွေ့ရပြီး ဘ၀အခက်အခဲများနှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အနာဂတ်နှင့်ပတ်သက်၍ အလွန်အမင်း မစိုးရိမ်ကြပါ။ ယေဟောဝါအား ဝတ်ပြုသူများဖြစ်ခြင်းကြောင့် အခြေအမြစ်မရှိသော၊ ကျမ်းစာနှင့်မညီသော ကျိုးကြောင်းဆင်ခြင်မှု၊ အကျင့်ပျက်မှုနှင့် ယင်းတို့၏ အကျိုးဆက်များမှ ကာကွယ်ခံရကြသည်။ ထို့ကြောင့် ခရစ်ယာန်အသင်းတော်တွင်ရှိသူတို့သည် အခြားသူများမသိနိုင်သော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။—ဟေရှာ. ၄၈:၁၇၊ ၁၈; ဖိ. ၄:၆၊ ၇

ယေဟောဝါအား ဝတ်မပြုသူများနှင့်မတူဘဲ ကိုယ်တော်အား ဝတ်ပြုသူများခံစားရသည့် လုံခြုံမှုကိုသိမြင်ရန် ဥပမာအချို့က ကျွန်ုပ်တို့ကို အထောက်အကူပြုသည်။ ယင်းဥပမာများက ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုများနှင့် အကျင့်စရိုက်များကို ဆန်းစစ်ရန်နှင့် ကျွန်ုပ်တို့ကို အကာအကွယ်ပေးသည့် ဘုရားသခင့်ဆုံးမစကားများကို ကျွန်ုပ်တို့မည်မျှပို၍လိုက်နာနိုင်မည်ကို သုံးသပ်ရန် လှုံ့ဆော်ပေးသည်။—ဟေရှာ. ၃၀:၂၁

‘ငါမူကား ခြေချော်လုလျက်ရှိပြီ’

၈။ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်အရာကို အမြဲလုပ်ဆောင်ခဲ့ကြသနည်း။

လူ့သမိုင်းအစမှစ၍ ယေဟောဝါကို ဝတ်ပြုပြီးနာခံရန်ရွေးချယ်သူများသည် ထိုသို့မပြုသူများနှင့် ရင်းနှီးစွာမပေါင်းသင်းခဲ့ကြချေ။ အမှန်တွင် ယေဟောဝါသည် မိမိအားဝတ်ပြုသူများနှင့် စာတန့်နောက်လိုက်များကြားတွင် ရန်ငြိုးရှိလိမ့်မည်ဟု ဖော်ပြခဲ့သည်။ (က. ၃:၁၅) ဘုရားသခင်ချမှတ်ခဲ့သောမူများကို အခိုင်အမာလိုက်လျှောက်သောကြောင့် ဘုရားသခင့်လူမျိုးသည် ပတ်ဝန်းကျင်ရှိလူများနှင့် ခြားနားစွာလုပ်ဆောင်ကြသည်။ (ယော. ၁၇:၁၅၊ ၁၆; ၁ ယော. ၂:၁၅-၁၇) ထိုသို့ရပ်တည်ရန်မှာ အမြဲမလွယ်ကူပေ။ အမှန်တွင် ယေဟောဝါ၏ကျေးကျွန်တချို့သည် ကိုယ်ကျိုးစွန့်ဘ၀လမ်းစဉ်နှင့်ပတ်သက်၍ ရံဖန်ရံခါ သံသယဝင်ခဲ့ကြသည်။

၉။ ဆာလံ ၇၃ ကို ရေးသားသူ ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ဖော်ပြပါ။

မိမိသည် မှန်ကန်သော ဆုံးဖြတ်ချက်များချခဲ့၏လောဟူ၍ သံသယဝင်ခဲ့သည့် ယေဟောဝါ၏ကျေးကျွန်များထဲမှ တစ်ဦးမှာ အာသပ်မှဆင်းသက်လာသူဖြစ်ဖွယ်ရှိသည့် ဆာလံ ၇၃ ကို ရေးသားခဲ့သူဖြစ်သည်။ ဘုရားသခင်ကို ဝတ်ပြုဖို့ကြိုးစားနေသူများသည် ဆင်းရဲဒုက္ခနှင့် အခက်အခဲများကို ကြုံတွေ့နေရစဉ် မတရားသူများသည် အဘယ်ကြောင့် အောင်မြင်၊ ပျော်ရွှင်၊ ကြီးပွားချမ်းသာနေပုံရသည်ကို ဆာလံဆရာ မေးခွန်းထုတ်ခဲ့သည်။—ဆာလံ ၇၃:၁-၁၃ ကိုဖတ်ပါ။

၁၀။ ဆာလံဆရာမေးခဲ့သောမေးခွန်းသည် သင့်အတွက် အဘယ်ကြောင့် အရေးပါသနည်း။

၁၀ ဆာလံဆရာရေးသားခဲ့သည့် မေးခွန်းမျိုးကို သင်မေးခဲ့ဖူးသလော။ မေးခဲ့ဖူးသည်ဆိုလျှင် သင်၌အလွန်အပြစ်ရှိသည် သို့မဟုတ် သင့်ယုံကြည်ခြင်းအားနည်းသွားပြီဟု မယူမှတ်လိုက်ပါနှင့်။ အမှန်မှာ ကျမ်းရေးသူများအဖြစ် ယေဟောဝါအသုံးပြုခဲ့သူအချို့အပါအဝင် ယေဟောဝါ၏ကျေးကျွန်များစွာသည် အလားတူအတွေးမျိုး ဝင်ခဲ့ကြသည်။ (ယောဘ ၂၁:၇-၁၃; ဆာ. ၃၇:၁; ယေ. ၁၂:၁; ဟေဗြဲ ၁:၁-၄၊ ၁၃) ယေဟောဝါကို ကိုးကွယ်လိုသူများသည် ဤမေးခွန်းကို အလေးအနက်တွေးတောကာ ယင်း၏အဖြေကို လက်ခံရမည်ဖြစ်သည်– ယေဟောဝါကိုဝတ်ပြုခြင်းနှင့် နာခံခြင်းသည် အကောင်းဆုံးဖြစ်သလော။ ယင်းသည် ဧဒင်ဥယျာဉ်တွင် စာတန်ပေါ်ပေါက်စေခဲ့သော ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်သည့် စကြ၀ဠာအရေးကိစ္စနှင့်သက်ဆိုင်သည်။ (က. ၃:၄၊ ၅) ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဆာလံဆရာမေးခဲ့သောမေးခွန်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ရမည်။ ဘ၀တွင်ပြဿနာမရှိပုံပေါက်သည့် မတရားသောဝါကြွားသူများကို ကျွန်ုပ်တို့ မနာလိုဖြစ်သင့်သလော။ ကျွန်ုပ်တို့သည် ယေဟောဝါကိုကျောခိုင်းကာ သူတို့၏လမ်းစဉ်ကို တုပသင့်သလော။ စာတန်သည် အမှန်ပင် ကျွန်ုပ်တို့ကို ထိုအတိုင်း ပြုလုပ်စေလိုသည်။

၁၁၊ ၁၂။ (က) မည်သို့အားဖြင့် ဆာလံဆရာ သံသယကင်းရှင်းသွားခဲ့သနည်း၊ ယင်းမှ အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ဆာလံဆရာကဲ့သို့ သိမြင်လာစေရန် သင့်ကို အဘယ်အရာက ကူညီပေးခဲ့သနည်း။

၁၁ ဆာလံဆရာ၏သံသယ ကင်းရှင်းသွားစေရန် အဘယ်အရာက အထောက်အကူပြုခဲ့သနည်း။ ဖြောင့်မတ်ခြင်းတရားမှ လွဲသွားခါနီးဖြစ်သည်ဟု သူဝန်ခံခဲ့သည်၊ သို့သော် “ဘုရားသခင်၏ သန့်ရှင်းရာဌာန” သို့ဝင်သောအခါ၊ ဆိုလိုသည်မှာ ဝတ်ပြုရာအိမ်တော်ရှိ ဝတ်ပြုရေးကိုဦးစားထားသူများနှင့် ပေါင်းသင်းပြီး ဘုရားသခင့်ရည်ရွယ်ချက်ကို ပြန်ပြောင်းစဉ်းစားသည့်အခါ သူ၏ရှုမြင်ပုံ ပြောင်းလဲသွားခဲ့သည်။ သို့ဖြင့် ဆာလံဆရာသည် ဆိုးညစ်သူတို့ ကြုံရမည့်အကျိုးဆက်ကို မခံစားလိုကြောင်း ရှင်းရှင်းလင်းလင်းသိမြင်လာခဲ့သည်။ သူတို့၏ဘဝလမ်းစဉ်နှင့် ရွေးချယ်မှုများသည် “ချောသောအရပ်” တွင်ရှိနေကြောင်း သူတွေ့မြင်နိုင်ခဲ့သည်။ ယေဟောဝါနှင့်ကွာ၍ မှားယွင်းသူအပေါင်းသည် “ဘေးဥပဒ်များ” နှင့် မလွဲမသွေကြုံတွေ့ရမည်ဖြစ်ပြီး ယေဟောဝါအားဝတ်ပြုသူများမှာမူ ကိုယ်တော်၏ထောက်မမှုကို ခံရမည်ဖြစ်ကြောင်း ဆာလံဆရာ သိမြင်ခဲ့သည်။ (ဆာလံ ၇၃:၁၆-၁၉၊ ၂၇၊ ၂၈ ကိုဖတ်ပါ။) ယင်းအချက်မှန်ကန်ကြောင်း သင်သိရှိခဲ့မည်မှာ သေချာသည်။ ဘုရားသခင့်ပညတ်များကို လေးမြတ်မှုမရှိဘဲ ကိုယ်ကျိုးအတွက် အသက်ရှင်နေထိုင်ခြင်းသည် များစွာသောသူတို့အဖို့ စွဲမက်စရာဖြစ်ပုံရသော်လည်း ထိုသို့သောလမ်းစဉ်၏ ရလဒ်ဆိုးများကို ရှောင်လွဲ၍မရနိုင်ပါ။—ဂလ. ၆:၇-၉

၁၂ ဆာလံဆရာ၏အတွေ့အကြုံမှ အဘယ်အရာသင်ယူနိုင်သနည်း။ သူသည် ဘုရားသခင့်လူမျိုးအလယ်တွင် လုံခြုံမှုနှင့် ဉာဏ်ပညာကို ရှာတွေ့ခဲ့သည်။ ယေဟောဝါကိုဝတ်ပြုသည့်နေရာသို့ ရောက်သွားသောအခါ သူသည် ရှင်းလင်းစွာနှင့် ကျိုးကြောင်းညီညွတ်စွာ စတင်တွေးတောလာသည်။ ယနေ့လည်း အလားတူပင်၊ အသင်းတော်အစည်းအဝေးများတွင် ပညာရှိအကြံပေးသူများကိုတွေ့ရှိနိုင်ပြီး အကျိုးပြုသောကျမ်းစာသွန်သင်ချက်များ ရရှိနိုင်သည်။ ထို့ကြောင့် အကြောင်းကောင်းရှိ၍ ယေဟောဝါက မိမိကျေးကျွန်များကို အစည်းအဝေးတက်ရန် မိန့်မှာခြင်းဖြစ်သည်။ ထိုနေရာတွင် အားပေးမှုရရှိနိုင်ပြီး ပညာရှိစွာလုပ်ဆောင်ရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။—ဟေရှာ. ၃၂:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅

သင့်အပေါင်းအသင်းကို ပညာရှိစွာရွေးချယ်ပါ

၁၃-၁၅။ (က) ဒိန အဘယ်အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသနည်း၊ ယင်းက အဘယ်အရာကို ဖော်ပြသနည်း။ (ခ) ယုံကြည်သူချင်းများနှင့်ပေါင်းသင်းခြင်းက အဘယ်ကြောင့် အကာအကွယ်ဖြစ်သနည်း။

၁၃ လောကအပေါင်းအသင်းကြောင့် အကြီးအကျယ်ဒုက္ခရောက်ခဲ့ရသည့် ဥပမာတစ်ခုမှာ ယာကုပ်၏သမီး ဒိန၏အဖြစ်အပျက်ဖြစ်သည်။ သူမသည် သူမ၏မိသားစုနေထိုင်ရာဒေသရှိ ခါနန်အမျိုးသမီးငယ်များနှင့် ပေါင်းသင်းလေ့ရှိကြောင်း ကမ္ဘာဦးကျမ်းကဖော်ပြသည်။ ခါနန်လူမျိုးများတွင် ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများကဲ့သို့ မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းများမရှိပါ။ ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ရာများက ခါနန်လူမျိုးတို့၏လမ်းစဉ်သည် သူတို့၏ဒေသကို မှားယွင်းသောဝတ်ပြုမှု၊ အကျင့်ယိုယွင်းမှု၊ ယုတ်ညံ့သည့် လိင်ဝတ်ပြုကိုးကွယ်မှု၊ အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်စေခဲ့ကြောင်း ဖော်ပြသည်။ (ထွ. ၂၃:၂၃; ဝတ်. ၁၈:၂-၂၅; တရား. ၁၈:၉-၁၂) ထိုကဲ့သို့သောလူစားမျိုးနှင့် ဒိနပေါင်းသင်းခဲ့သည့်အတွက် ကြုံတွေ့ခဲ့ရသည့်ရလဒ်ကို အမှတ်ရပါ။

၁၄ “အဘ၏အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိ” သည်ဟု သတ်မှတ်ခံရသူ ရှေခင်သည် ဒိနကိုမြင်ပြီး “ယူသွား၍အိပ်ဖော်ပြုလျက် သူ့အသရေကို ရှုတ်ချလေ၏။” (က. ၃၄:၁၊ ၂၊ ၁၉) အလွန်ဝမ်းနည်းစရာပင်။ ထိုသို့သောအဖြစ်မျိုးနှင့် ကြုံရမည်ကို ဒိနစဉ်းစားခဲ့မည်ဟု သင်ထင်သလော။ အန္တရာယ်မရှိဟုထင်မှတ်ကာ ထိုဒေသရှိ လူငယ်များနှင့် မိတ်ဖွဲ့ရုံသာဖြစ်သည်ဟု သူယူဆပေမည်။ သို့သော် ဒိန အလွန်မှားခဲ့သည်။

၁၅ ဤမှတ်တမ်းက ကျွန်ုပ်တို့ကို အဘယ်အရာသင်ပေးသနည်း။ ကျွန်ုပ်တို့သည် ဆိုးကျိုးမခံစားရနိုင်ဟု ယူဆကာ မယုံကြည်သူများနှင့် ပေါင်းသင်းခြင်းသည် မဖြစ်နိုင်ပါ။ သမ္မာကျမ်းစာက “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” ဟုဆိုသည်။ (၁ ကော. ၁၅:၃၃) ယင်းအစား သင်နှင့် ယုံကြည်ခြင်းတူသူ၊ သင်ကဲ့သို့ မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းရှိသူ၊ သင်ကဲ့သို့ယေဟောဝါအား ချစ်မြတ်နိုးသူများနှင့် ပေါင်းသင်းခြင်းက အကာအကွယ်ဖြစ်စေသည်။ ဤသို့သော အပေါင်းအသင်းကောင်းများက သင့်အား ပညာရှိစွာပြုမူရန် တိုက်တွန်းအားပေးပေမည်။—သု. ၁၃:၂၀

‘သင်တို့သည် ဆေးကြောသန့်စင်ခြင်း ခံရပြီ’

၁၆။ ကောရိန္သုအသင်းတော်ရှိ အချို့သူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလု အဘယ်အရာ ဖော်ပြခဲ့သနည်း။

၁၆ ခရစ်ယာန်အသင်းတော်သည် များစွာသောသူတို့ကို ညစ်ညမ်းသောအကျင့်များမှ မိမိကိုယ်ကို သန့်စင်စေရန် ထောက်ကူပေးခဲ့သည်။ ကောရိန္သုအသင်းတော်သို့ရေးသော တမန်တော်ပေါလု၏ပထမစာ၌ ဘုရားသခင့်စံနှုန်းနှင့်အညီ နေထိုင်ရန် ပြုပြင်ပြောင်းလဲခဲ့ကြသည့် ထိုတွင်ရှိသောခရစ်ယာန်များကို ချီးမွမ်းခဲ့သည်။ အချို့သည် ယခင်က မတရားမေထုန်ပြုသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ လိင်တူမေထုန်ပြုသူ၊ သူခိုး၊ သောက်စားမူးယစ်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် ‘သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရပြီ’ ဟု ပေါလုပြောခဲ့သည်။—၁ ကောရိန္သု ၆:၉-၁၁ ကိုဖတ်ပါ။

၁၇။ ကျမ်းစာစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ခြင်းက လူများစွာ၏အသက်တာကို မည်သို့ပြောင်းလဲစေခဲ့သနည်း။

၁၇ ယုံကြည်ခြင်းမရှိသူတို့တွင် ယုံကြည်အားထားလောက်သော လမ်းညွှန်ပေးသည့်မူများ မရှိကြချေ။ သူတို့သည် ကိုယ်ပိုင်လမ်းစဉ်ချမှတ်ကြသည်၊ သို့မဟုတ် ရှေးကောရိန္သုအသင်းတော်မှအချို့သူတို့ ယုံကြည်သူမဖြစ်မီကကဲ့သို့ ပတ်ဝန်းကျင်ရှိအကျင့်ပျက် လောကတွင် နစ်မျောနေကြပေမည်။ (ဧ. ၄:၁၄) သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ ရည်ရွယ်တော်မူချက်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာက ကျမ်းစာကိုလက်တွေ့ကျင့်သုံးသူများအား ကောင်းမွန်သည့်အသက်တာရရှိစေရန် ပြောင်းလဲပေးနိုင်သည့်တန်ခိုးရှိသည်။ (ကော. ၃:၅-၁၀; ဟေဗြဲ ၄:၁၂) ယနေ့ခရစ်ယာန်အသင်းတော်မှ အများစုသည် ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းများကို မသင်ယူမီက ကိုယ်ကျင့်တရားအထိန်းအကွပ်မဲ့ နေထိုင်ခဲ့ကြကြောင်း သင် ကြားဖူးပေမည်။ သို့တိုင် သူတို့သည် ကျေနပ်မှုနှင့် ပျော်ရွှင်မှု မရှိခဲ့ကြချေ။ သူတို့သည် ဘုရားသခင့်လူမျိုးတော်နှင့်ပေါင်းသင်းပြီး ကျမ်းစာစံနှုန်းများနှင့်အညီ နေထိုင်သည့်အခါမှသာ ငြိမ်သက်မှု ခံစားကြရသည်။

၁၈။ လူငယ်တစ်ဦးသည် အဘယ်အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသနည်း၊ ယင်းက အဘယ်အရာကို ဖော်ပြသနည်း။

၁၈ ဆန့်ကျင်ဘက်အနေနှင့် အချို့သူတို့သည် လုံခြုံမှုပေးသောအသင်းတော်ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ယခုအချိန်တွင် ယင်းဆုံးဖြတ်ချက်အတွက် အလွန်နောင်တရခဲ့ကြသည်။ ထန်ညာဟု ကျွန်ုပ်တို့ခေါ်ဆိုမည့် ညီအစ်မတစ်ဦး ဤသို့ပြောသည်– သူမသည် “သမ္မာတရားတွင် ကြီးပြင်း” လာခဲ့သော်လည်း အသက် ၁၆ နှစ်အရွယ်တွင် လောက၏သွေးဆောင်မှုများကို မြည်းစမ်းရန် အသင်းတော်ကို စွန့်ခွာသွားခဲ့သည်။ ရလဒ်အနေနှင့် သူမတွင် မလိုချင်သောကိုယ်ဝန်ရှိခဲ့ပြီး ယင်းကို ဖျက်ချခဲ့သည်။ ယခု သူမ ဤသို့ပြောသည်– “အသင်းတော်နဲ့ဝေးနေတဲ့ သုံးနှစ်အတွင်းမှာ ရရှိခဲ့တာကတော့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရမဲ့ စိတ်ဒဏ်ရာတွေပဲ။ မမွေးသေးတဲ့ကလေးကို ကျွန်မသတ်ပစ်လိုက်တယ်ဆိုတာက ကျွန်မကို မပြတ်ခြောက်လှန့်နေတယ်။ . . . လောကကို ခဏလေးပဲဖြစ်ဖြစ် မြည်းစမ်းချင်တဲ့ လူငယ်အားလုံးကို ပြောချင်တာက ‘မမြည်းစမ်းပါနဲ့။’ အစပိုင်းမှာတော့ ချိုမြိန်ကောင်းချိုမြိန်ပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ ခါးသီးတဲ့နာကြည်းမှုတွေပဲ ကျန်ရစ်လိမ့်မယ်။ လောကက ကြေကွဲဝမ်းနည်းစရာကလွဲလို့ ဘာမှမပေးနိုင်ဘူး။ ကျွန်မသိတယ်။ ကျွန်မမြည်းစမ်းခဲ့ပြီးပြီ။ ယေဟောဝါရဲ့ အဖွဲ့အစည်းထဲမှာပဲနေပါ။ ဒါက ပျော်ရွှင်မှုရရှိစေတဲ့ တစ်ခုတည်းသော ဘဝလမ်းစဉ်ပဲ။”

၁၉၊ ၂၀။ ခရစ်ယာန်အသင်းတော်မှ အဘယ်ကာကွယ်မှုကို ကမ်းလှမ်းထားသနည်း၊ မည်သို့အားဖြင့်နည်း။

၁၉ ခရစ်ယာန်အသင်းတော်မှ ရရှိသောကာကွယ်မှုကို သင်စွန့်ခွာလိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါ။ များစွာသောသူတို့သည် အမှန်တရားကို လက်မခံမီအချိန်ကရှိခဲ့သည့် သူတို့၏အကျိုးမဲ့လမ်းစဉ်ကို ပြန်မစဉ်းစားလိုကြချေ။ (ယော. ၆:၆၈၊ ၆၉) သင်သည် ခရစ်ယာန်ညီအစ်ကိုညီအစ်မများနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းခြင်းဖြင့် စာတန့်လောကတွင် မြင်တွေ့နေကျဖြစ်သော စိတ်ဒုက္ခများနှင့် နာကျင်မှုများမှ ဆက်ကာကွယ်ခံရပြီး လုံခြုံမှုရရှိနိုင်သည်။ သူတို့နှင့်ပေါင်းသင်းကာ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းဖြင့် သင်သည် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများ၏ဉာဏ်ပညာအကြောင်း ဆက်သတိပေးခံရပြီး ယင်းတို့နှင့်အညီနေထိုင်ရန် အားပေးခံရပါလိမ့်မည်။ သင်သည် ဆာလံဆရာကဲ့သို့ ‘ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာဝန်ခံ’ ရန် အကြောင်းကောင်းများစွာရှိပါသည်။—ဆာ. ၃၅:၁၈

၂၀ အကြောင်းရင်းအမျိုးမျိုးကြောင့် ခရစ်ယာန်အားလုံးသည် မိမိတို့၏ခရစ်ယာန်သမာဓိကို စောင့်ထိန်းရန်ခက်ခဲသည်ဟု ခံစားရသည့် အချိန်အခါများရှိပေမည်။ တစ်ဦးတစ်ယောက်က သူတို့အား လမ်းကြောင်းမှန်ကို ညွှန်ပြပေးရုံသာ လိုအပ်ပေမည်။ သင်နှင့် အသင်းတော်ရှိ အခြားသူအားလုံးသည် ထိုအခြေအနေမျိုး၌ရှိသော ယုံကြည်သူချင်းများကို မည်သို့ကူညီပေးနိုင်သနည်း။ သင်သည် သင့်ညီအစ်ကိုများကို မည်သို့ ဆက်၍ ‘နှစ်သိမ့်၊ တည်ဆောက်ပေး’ နိုင်ပုံကို နောက်ဆောင်းပါးတွင် ဆန်းစစ်ကြပါမည်။—၁ သက်. ၅:၁၁

သင်မည်သို့ဖြေဆိုမည်နည်း

ဆာလံ ၇၃ ကို ရေးသားသူ၏ အတွေ့အကြုံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

• ဒိန၏အဖြစ်အပျက်သည် ကျွန်ုပ်တို့အား အဘယ်အရာသင်ပေးသနည်း။

• သင်သည် ခရစ်ယာန်အသင်းတော်တွင် အဘယ်ကြောင့် လုံခြုံမှုကို ရှာတွေ့နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ဘေးကင်းသည့်နေရာတွင် ရေကူးသကဲ့သို့ လုံခြုံမှုရှိသော အသင်းတော်အတွင်း၌နေပါ