မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အလိုတော်နှင့်ညီသော လုပ်ဆောင်မှုများဖြင့် လန်းဆန်းမှုရှာပါ

ဘုရားသခင့်အလိုတော်နှင့်ညီသော လုပ်ဆောင်မှုများဖြင့် လန်းဆန်းမှုရှာပါ

ဘုရားသခင့်အလိုတော်နှင့်ညီသော လုပ်ဆောင်မှုများဖြင့် လန်းဆန်းမှုရှာပါ

‘ငါ့ထမ်းပိုးကို ထမ်းကြလော့။ သင်တို့သည် လန်းဆန်းရလိမ့်မည်။’ —မ. ၁၁:၂၉

၁။ ဘုရားသခင်သည် သိနာတောင်တွင် အဘယ်အရာစီစဉ်ပေးခဲ့သနည်း။ အဘယ်ကြောင့်နည်း။

သိနာတောင်တွင် ပေးခဲ့သောပညတ်ပဋိညာဉ်၌ ပတ်စဉ်သတ္တမနေ့စောင့်ထိန်းခြင်း အစီအစဉ်ပါဝင်သည်။ ယေဟောဝါသည် မိမိ၏ပြောရေးဆိုခွင့်ရှိသူ မောရှေမှတစ်ဆင့် အစ္စရေးလူမျိုးကို ဤသို့မိန့်တော်မူခဲ့သည်– “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့်ရှိလိမ့်မည်။ သင်၏ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာ [“လန်းဆန်း၊” ကဘ] ရကြလိမ့်မည်။” (ထွ. ၂၃:၁၂) ပညတ်တရားအောက်ရှိလူတို့ကို ထောက်ထားသောကြောင့် ယေဟောဝါသည် အနားယူရန်နေ့တစ်နေ့ကို မေတ္တာပါစွာ စီစဉ်ပေးခဲ့သည်။ ဤသို့ဖြင့် ကိုယ်တော်၏လူမျိုးသည် “လန်းဆန်း” မှုခံစားကြရမည်ဖြစ်သည်။

၂။ သတ္တမနေ့စောင့်ထိန်းခြင်းမှ အစ္စရေးလူမျိုးများ အဘယ်အကျိုးရရှိခဲ့ကြသနည်း။

သတ္တမနေ့သည် အနားယူရန်အတွက်သာလော။ မဟုတ်ပါ။ ယင်းသည် အစ္စရေးလူမျိုး၏ဝတ်ပြုရေးအတွက် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။ သတ္တမနေ့တွင် အိမ်ထောင်ဦးစီးများသည် မိမိတို့၏မိသားစုကို ‘ယေဟောဝါ၏တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာကျင့်’ ဖို့ သွန်သင်ပေးရန် အချိန်ရစေသည်။ (က. ၁၈:၁၉) ထို့ပြင် မိသားစုများနှင့် မိတ်ဆွေများ အတူစုရုံးကာ ယေဟောဝါ၏အမှုတော်များကို ပြန်လည်တွေးတောဆင်ခြင်ခွင့်ရစေပြီး ရွှင်လန်းစွာပေါင်းသင်းခွင့်ရစေသည်။ (ဟေရှာ. ၅၈:၁၃၊ ၁၄) သာ၍အရေးကြီးသည်မှာ ယင်းသည် ရွှင်လန်းမှုအပြည့်အ၀ခံစားရမည့် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မည့်အချိန်ကို ပရောဖက်ပြုဖော်ပြသည်။ (ရော. ၈:၂၁) သို့သော် ကျွန်ုပ်တို့အချိန်တွင်ကော အသို့နည်း။ ယေဟောဝါကိုဝတ်ပြုလိုသည့် စစ်မှန်သောခရစ်ယာန်များသည် ဤသို့သောလန်းဆန်းမှုကို အဘယ်နေရာတွင်နှင့် အဘယ်နည်းဖြင့် ရှာတွေ့နိုင်သနည်း။

ခရစ်ယာန်ပေါင်းသင်းမှုဖြင့် လန်းဆန်းမှုရှာပါ

၃။ ပထမရာစုခရစ်ယာန်များသည် မည်သို့ အချင်းချင်းထောက်မခဲ့ကြသနည်း။ အဘယ်ရလဒ်ရခဲ့သနည်း။

ပေါလုသည် ခရစ်ယာန်အသင်းတော်ကို “အမှန်တရား၏အမာခံနှင့် အမှီသဟဲ” အဖြစ် ဖော်ပြခဲ့သည်။ (၁ တိ. ၃:၁၅) အစောပိုင်းခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦး အားပေးခြင်း၊ မေတ္တာဖြင့်တည်ဆောက်ပေးခြင်းတို့မှ အထောက်အကူများစွာ ရရှိခဲ့ကြသည်။ (ဧ. ၄:၁၁၊ ၁၂၊ ၁၆) ပေါလု ဧဖက်မြို့တွင်ရှိနေစဉ် ကောရိန္သုအသင်းတော်မှ ညီအစ်ကိုများ၏လည်ပတ်မှုကြောင့် ခွန်အားရရှိခဲ့သည်။ ယင်းမှ ရရှိခဲ့သောအကျိုးကျေးဇူးကို သတိပြုပါ။ ပေါလုဤသို့ပြောခဲ့သည်– ‘သတေဖနာ၊ ဖော်တုနတ်၊ အခါယကုတို့ ရှိနေကြသောကြောင့် ငါဝမ်းမြောက်ပါ၏။ အကြောင်းမူကား သူတို့သည် ငါ၏စိတ်ကို လန်းဆန်းစေကြပြီ။’ (၁ ကော. ၁၆:၁၇၊ ၁၈) အလားတူ၊ ကောရိန္သုအသင်းတော်တွင် ညီအစ်ကိုများအတွက် အမှုဆောင်ရန် တိတုသွားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပေါလု ကောရိန္သုအသင်းတော်ထံ ဤသို့စာရေးခဲ့သည်– “သင်တို့ရှိသမျှသည် သူ၏စိတ်ကို လန်းဆန်းစေခဲ့ကြပြီ။” (၂ ကော. ၇:၁၃) ယနေ့ ယေဟောဝါသက်သေများလည်း တည်ဆောက်မှုဖြစ်စေသော ခရစ်ယာန်ပေါင်းသင်းမှုမှ စစ်မှန်သော လန်းဆန်းမှုခံစားကြရသည်။

၄။ အသင်းတော်အစည်းအဝေးများသည် ကျွန်ုပ်တို့ကို မည်သို့ရွှင်လန်းမှုပေးသနည်း။

အသင်းတော်သည် ရွှင်လန်းမှုပေးသည့်နေရာတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သင်တို့သိရှိကြသည်။ ထိုတွင် “ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရ” ကြ၏။ (ရော. ၁:၁၂) ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများသည် မေးထူးခေါ်ပြောအဆင့်မျှသာရှိသူများ မဟုတ်ချေ။ သူတို့သည် ကျွန်ုပ်တို့ ချစ်ခင်လေးစားရသော မိတ်ဆွေစစ်များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အစည်းအဝေးများတွင် သူတို့နှင့်အတူ မှန်မှန်စုဝေးခြင်းဖြင့် ရွှင်လန်းမှုနှင့် နှစ်သိမ့်မှုများစွာ ခံစားကြရသည်။—ဖိလေ. ၇

၅။ စည်းဝေးကြီးနှင့် စည်းဝေးပွဲများတွင် တစ်ဦးကိုတစ်ဦး မည်သို့လန်းဆန်းစေနိုင်သနည်း။

ရွှင်လန်းမှုပေးသည့်နေရာ နောက်တစ်ခုမှာ နှစ်စဉ်ကျင်းပသည့် စည်းဝေးကြီးများနှင့် စည်းဝေးပွဲများဖြစ်သည်။ ဤပို၍ကြီးသောစုဝေးမှုများသည် သမ္မာကျမ်းစာမှ အသက်ပေးအမှန်တရားရေကို ထောက်ပံ့ပေးသည့်အပြင် ကျွန်ုပ်တို့၏ပေါင်းသင်းမှုကို “ကျယ်ဝန်း” စေရန် အခွင့်အရေးရရှိကြသည်။ (၂ ကော. ၆:၁၂၊ ၁၃) သို့သော် ကျွန်ုပ်တို့သည် လူတောတိုးရမည်ကို ရှက်ကြောက်နေလျှင်ကော အသို့နည်း။ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများနှင့် ရင်းနှီးနိုင်သည့်နည်းတစ်နည်းမှာ စည်းဝေးကြီးတွင် လုပ်အားပေးခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခုတွင် လုပ်အားပေးပြီးနောက် ညီအစ်မတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေအနည်းငယ်ကလွဲလို့ အဲဒီမှာရှိတဲ့ လူအတော်များများကို ကျွန်မမသိဘူး။ ဒါပေမဲ့ ကျွန်မသန့်ရှင်းရေးမှာ လုပ်အားပေးတဲ့အခါ ညီအစ်ကိုညီအစ်မ အများကြီးနဲ့ ဆုံတွေ့ခဲ့ရတယ်။ အဲဒါက အရမ်းပျော်ဖို့ကောင်းတယ်။”

၆။ လန်းဆန်းမှုရရန် အဘယ်နေရာသို့ သင်လည်ပတ်နိုင်သနည်း။

အစ္စရေးလူမျိုးသည် ဝတ်ပြုရေးပွဲတော်တက်ရောက်ရန် နှစ်စဉ် တစ်နှစ်လျှင်သုံးကြိမ် ဂျေရုဆလင်သို့ ခရီးသွားခဲ့ကြသည်။ (ထွ. ၃၄:၂၃) သူတို့သည် လယ်များနှင့် ဈေးဆိုင်များကိုထားရစ်ကာ ဖုန်ထူသောလမ်းတွင် ရက်ပေါင်းများစွာ ခြေလျင်လျှောက်သွားရလေ့ရှိသည်။ သို့သော် ဝတ်ပြုရာအိမ်တော်သို့သွားပြီး ထိုတွင်ရှိသူများ ‘ယေဟောဝါအား ချီးမွမ်း’ နေသည်ကို မြင်တွေ့ရခြင်းက သူတို့ကို “အလွန်ရွှင်လန်း” စေသည်။ (၆ ရာ. ၃၀:၂၁) အလားတူပင် ယနေ့ ယေဟောဝါ၏ကျေးကျွန်များလည်း ယေဟောဝါသက်သေတို့၏ဌာနခွဲရုံးဖြစ်သော ဗေသလသို့ မိသားစုနှင့်အတူ လည်ပတ်ခြင်းမှ အလွန်ရွှင်လန်းမှု ခံစားကြရသည်။ သင့်မိသားစုလည်း ထိုသို့လည်ပတ်ရန် စီစဉ်နိုင်မည်လော။

၇။ (က) မိတ်ဆုံစားပွဲများမှ မည်သည့် အကျိုးရရှိနိုင်သနည်း။ (ခ) တည်ဆောက်မှုပေးသော အမှတ်ရစရာ မိတ်ဆုံပွဲဖြစ်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

မိသားစုများ၊ မိတ်ဆွေများနှင့် မိတ်ဆုံစားပွဲများတွင် စုဆုံပေါင်းသင်းခြင်းမှလည်း အားပေးမှု ရရှိနိုင်သည်။ ပညာရှိဘုရင် ရှောလမုန်က “စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှုမရှိ” ဟုပြောခဲ့သည်။ (ဒေ. ၈:၁၅) မိတ်ဆုံစားပွဲများသည် ရွှင်လန်းမှုခံစားရစေရုံသာမက ခရစ်ယာန်ချင်းများအား ပို၍သိကျွမ်းလာသည်နှင့်အမျှ မေတ္တာနှောင်ကြိုးကို ပို၍ခိုင်မြဲစေသည်။ တည်ဆောက်မှုပေးသော အမှတ်ရစရာ မိတ်ဆုံပွဲဖြစ်ရန် လူအနည်းငယ်သာရှိသင့်ပြီး ကောင်းစွာကြီးကြပ်သင့်သည်၊ အထူးသဖြင့် အရက်ယမကာတည်ခင်းလျှင်ဖြစ်သည်။

ခရစ်ယာန်ဓမ္မအမှုက လန်းဆန်းစေ

၈၊ ၉။ (က) ကျမ်းတတ်များ၊ ဖာရိရှဲများ၏သွန်သင်ချက်နှင့် ယေရှု၏သွန်သင်ချက် ကွာခြားပုံကို ဖော်ပြပါ။ (ခ) သမ္မာကျမ်းစာအမှန်တရားကို အခြားသူများအားဝေမျှခြင်းမှ ကျွန်ုပ်တို့မည်သို့ အကျိုးရရှိနိုင်သနည်း။

ယေရှုသည် ခရစ်ယာန်ဓမ္မအမှုအတွက် ဇွဲထက်သန်မှုတင်ပြခဲ့ပြီး မိမိ၏တပည့်တော်များကိုလည်း အလားတူထက်သန်မှုတင်ပြရန် အားပေးခဲ့သည်။ ယင်းအချက်ကို ကိုယ်တော်၏စကားများတွင် တွေ့ရသည်– “စပါးရိတ်စရာများစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံတောင်းဆိုကြလော့။” (မ. ၉:၃၇၊ ၃၈) ယေရှုသင်ပေးခဲ့သော သတင်းတရားသည် “သတင်းကောင်း” ဖြစ်သောကြောင့် အမှန်ပင် လန်းဆန်းမှုဖြစ်စေသည်။ (မ. ၄:၂၃; ၂၄:၁၄) ယင်းသည် ဖာရိရှဲတို့ထုတ်ခဲ့သော လူတို့အားဝန်လေးစေသည့် စည်းမျဉ်းများနှင့် အလွန်ကွာခြားသည်။—မဿဲ ၂၃:၄၊ ၂၃၊ ၂၄ ကိုဖတ်ပါ။

ကျွန်ုပ်တို့သည် အခြားသူများကို နိုင်ငံတော်သတင်းကောင်း ဝေမျှသည့်အခါ ကြားနာသူတို့ကို လန်းဆန်းမှုဖြစ်စေပြီး တစ်ချိန်တည်းတွင် အမှန်တရားအပေါ် ကျွန်ုပ်တို့၏နားလည်မှုနှင့် တန်ဖိုးထားလေးမြတ်မှု တိုးများလာမည်ဖြစ်သည်။ ဆာလံဆရာက ဤသို့သင့်လျော်စွာ ပြောခဲ့သည်– ‘ယေဟောဝါကို ချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍ ချီးမွမ်းသီချင်းဆိုကြလော့။’ (ဆာ. ၁၄၇:၁) အခြားသူများကို ယေဟောဝါအကြောင်း ဟောပြောခြင်းဖြင့် ပို၍ရွှင်လန်းမှုခံစားရရန် သင်လုပ်ဆောင်နိုင်မည်လော။

၁၀။ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏အောင်မြင်ပြီးမြောက်မှုသည် သတင်းကောင်းကို လူတို့တုံ့ပြန်ခြင်းအပေါ် မူတည်ပါသလော၊ ရှင်းပြပါ။

၁၀ အချို့ရပ်ကွက်ရှိလူတို့သည် အခြားနေရာရှိလူတို့ထက် သတင်းကောင်းကို ပို၍လက်ခံကြသည်မှာ မှန်ပါသည်။ (တမန်တော် ၁၈:၁၊ ၅-၈ ကိုဖတ်ပါ။) အကယ်၍ သင်သည် လူတို့သိပ်လက်မခံသော ဒေသတွင်ဟောပြောရသည်ဆိုလျှင် ခရစ်ယာန်ဓမ္မအမှုတွင် သင်ပြီးမြောက်အောင်လုပ်ဆောင်နေသည်ဟူသည့် ကောင်းသောအချက်အပေါ် အာရုံစိုက်ပါ။ ယေဟောဝါ၏ နာမတော်ကိုကြေညာရန် သင်၏ မပြတ်ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်း သတိရပါ။ (၁ ကော. ၁၅:၅၈) ထို့ပြင် ကျွန်ုပ်တို့၏အောင်မြင်ပြီးမြောက်မှုသည် သတင်းကောင်းကို လူတို့တုံ့ပြန်ခြင်းအပေါ် မမူတည်ချေ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံလိုသည့် စိတ်ရင်းမှန်ရှိသူများ သတင်းကောင်းကိုကြားနိုင်သည့် အခွင့်အရေးရရန် ယေဟောဝါ အသေအချာလုပ်ဆောင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—ယော. ၆:၄၄

မိသားစုဝတ်ပြုမှုက လန်းဆန်းစေ

၁၁။ ယေဟောဝါသည် မိဘများကို အဘယ်တာဝန်ပေးအပ်ထားသနည်း။ ယင်းကို သူတို့ မည်သို့လုပ်ဆောင်နိုင်သနည်း။

၁၁ ဘုရားသခင်ကိုကြောက်ရွံ့သည့်မိဘများသည် ယေဟောဝါနှင့် ကိုယ်တော်၏နည်းလမ်းတော်များအကြောင်း သားသမီးများကို သွန်သင်ပေးဖို့ တာဝန်ရှိသည်။ (တရား. ၁၁:၁၈၊ ၁၉) သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် သင်၏သားသမီးများကို ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်အကြောင်း သွန်သင်ပေးဖို့ ဇယားဆွဲထားသလော။ သင်၏ အရေးကြီးသောဤတာဝန်ကို ထမ်းဆောင်ဖို့နှင့် မိသားစု၏လိုအပ်ရာများကို ဂရုစိုက်စောင့်ရှောက်နိုင်ဖို့ အကူအညီဖြစ်စေသည့် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဗီဒီယိုခွေများနှင့် အသံသွင်းခွေများကို ယေဟောဝါ များစွာပြင်ဆင်ပေးထားသည်။

၁၂၊ ၁၃။ (က) မိသားစုများသည် မိသားစုဝတ်ပြုမှုညချမ်းမှ မည်သို့အကျိုးရရှိနိုင်သနည်း။ (ခ) မိသားစုဝတ်ပြုမှုသည် လန်းဆန်းမှုဖြစ်စေကြောင်း မိဘများ မည်သို့သေချာစေနိုင်သနည်း။

၁၂ ထို့ပြင် သစ္စာနှင့်သတိပညာရှိကျေးကျွန်သည် မိသားစုဝတ်ပြုမှုညချမ်းအတွက် အစီအစဉ်များ ပြုလုပ်ပေးထားသည်။ ယင်းက မိသားစုကျမ်းစာလေ့လာမှုအတွက် ညနေခင်းတစ်ခုကို သတ်မှတ်ထားရန်ဖြစ်သည်။ ယင်းအစီအစဉ်သည် မိသားစုဝင်များကို ပို၍ချစ်ခင်ရင်းနှီးစေပြီး ယေဟောဝါနှင့်သူတို့၏ ဆက်ဆံရေးကို ပို၍ခိုင်မြဲစေကြောင်း များစွာသောသူတို့ တွေ့ရှိခဲ့ကြသည်။ သို့သော် မိသားစုဝတ်ပြုမှုသည် လန်းဆန်းမှုဖြစ်စေကြောင်းသေချာစေရန် မိဘများ မည်သို့ပြုလုပ်နိုင်သနည်း။

၁၃ မိသားစုဝတ်ပြုမှုသည် ငြီးငွေ့ဖွယ်ကောင်းသော၊ တင်းကျပ်သော အခြေအနေမျိုး မဖြစ်စေသင့်ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် “ပျော်ရွှင်သောဘုရားသခင်” ကို ဝတ်ပြုကိုးကွယ်ကြပြီး ကိုယ်တော်သည် မိမိအားဝတ်ပြုကိုးကွယ်သူများကို ပျော်ရွှင်စေလိုတော်မူသည်။ (၁ တိ. ၁:၁၁; ဖိ. ၄:၄) ညနေခင်းတစ်ခုကိုသတ်မှတ်ထားပြီး သမ္မာကျမ်းစာမှ အဖိုးတန်အမှန်တရားကို ဆွေးနွေးခြင်းသည် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်သည်။ မိဘများသည် သွန်သင်ပေးရာတွင် စိတ်ကူးစိတ်သန်းများ၊ တီထွင်ကြံဆမှုများကိုသုံးခြင်းဖြင့် အလိုက်သင့်လုပ်ဆောင်နိုင်သည်။ ဥပမာ၊ မိသားစုတစ်စုသည် မိမိတို့၏ ဆယ်နှစ်သားအရွယ် ဘရန်ဒန်အား ‘ယေဟောဝါသည် စာတန်ကိုဖော်ပြရာတွင် အဘယ်ကြောင့် မြွေကိုအသုံးပြုသနည်း’ ဟူသောအကြောင်းအရာကို ပြင်ဆင်တင်ဆက်စေသည်။ အကြောင်းမှာ ဘရန်ဒန်သည် မြွေကိုချစ်ပြီး ဘုရားသခင်သည် စာတန်ကို မြွေဖြင့်ခိုင်းနှိုင်းခြင်းကို သူ မနှစ်သက်သောကြောင့်ဖြစ်သည်။ အချို့မိသားစုများသည် အခါအားလျော်စွာ သမ္မာကျမ်းစာမှ အပိုင်းတစ်ပိုင်းကို ကျမ်းစာဇာတ်ကောင်များအလိုက်ဖတ်ရှုခြင်း သို့မဟုတ် ကျမ်းစာဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ ဤသွန်သင်နည်းသည် ပျော်စရာကောင်းသည်သာမက ကလေးများလည်း ပါဝင်လုပ်ဆောင်ရသောကြောင့် ကျမ်းစာမူများသည် သူတို့၏နှလုံးတွင် စွဲနေနိုင်သည်။ *

သင့်ကို ဝန်ပိစေသောအရာများကိုရှောင်ပါ

၁၄၊ ၁၅။ (က) ဤနောက်ဆုံးသောနေ့ရက်များတွင် ဖိအားများနှင့် မလုံခြုံမှုများ မည်သို့တိုးပွားနေသနည်း။ (ခ) အဘယ်အခြားဖိအားများကို ကျွန်ုပ်တို့ ရင်ဆိုင်ရနိုင်သနည်း။

၁၄ ဤဆိုးညစ်သောလောကစနစ်၏ ဆုံးခန်းကာလတွင် ဖိစီးမှုများနှင့် မလုံခြုံမှုများ တိုးများလာသည်။ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် အခြားစီးပွားရေးအခက်အခဲများက သန်းနှင့်ချီသောသူများကို ထိခိုက်နေသည်။ အလုပ်အကိုင်ရှိသူများပင် မိမိတို့၏ဝင်ငွေသည် မိသားစုအတွက် မလောက်ငခြင်းကြောင့် အိတ်ပေါက်နှင့်ဖားကောက်သကဲ့သို့ ဖြစ်နေသည်ဟု ခံစားကြရ၏။ (ဟဂ္ဂဲ ၁:၄-၆ နှင့်နှိုင်းယှဉ်ပါ။) ခေါင်းဆောင်များသည် အကြမ်းဖက်မှုနှင့် အခြားဆိုးသွမ်းမှုများကို ကြိုးစားဖြေရှင်းသည့်ကြားမှ အရာမထင်ပုံပေါက်နေသည်။ များစွာသောသူတို့သည် မိမိတို့၏ချို့ယွင်းချက်များကြောင့် စိတ်ဓာတ်ကျနေသည်။—ဆာ. ၃၈:၄

၁၅ စစ်မှန်သောခရစ်ယာန်များလည်း စာတန့်စနစ်၏ပြဿနာများနှင့် ဖိအားများမှ မလွတ်ကင်းကြချေ။ (၁ ယော. ၅:၁၉) တစ်ခါတစ်ရံ ခရစ်တော်၏တပည့်များသည် ယေဟောဝါအားသစ္စာစောင့်ရန်ကြိုးစားရာမှ အခြားဖိအားများနှင့် ရင်ဆိုင်ရပေမည်။ “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်” ဟုယေရှုပြောခဲ့သည်။ (ယော. ၁၅:၂၀) သို့သော် “ငါတို့သည် ညှဉ်းပန်းနှိပ်စက်ခံရသော်လည်း စွန့်ပစ်ခြင်းကို ခံရသည်မဟုတ်။” (၂ ကော. ၄:၉) အဘယ်ကြောင့်နည်း။

၁၆။ အဘယ်အရာက ကျွန်ုပ်တို့ကို ဆက်၍ရွှင်လန်းစေနိုင်သနည်း။

၁၆ ယေရှုဤသို့ မိန့်တော်မူ၏– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။” (မ. ၁၁:၂၈) ခရစ်တော်၏ရွေးနုတ်ဖိုးပြင်ဆင်ပေးချက်ကို အပြည့်အဝယုံကြည်ခြင်းက ကျွန်ုပ်တို့သည် ယေဟောဝါ၏လက်တော်အောက်တွင် ကာကွယ်ခံနေရသကဲ့သို့ ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် “သာမန်ထက် ထူးကဲသော တန်ခိုးတော်” ကိုရရှိကြသည်။ (၂ ကော. ၄:၇) “ကူညီမစသူ” ဖြစ်သော ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပို၍သန်စွမ်းစေသောကြောင့် ကျွန်ုပ်တို့ကြုံတွေ့ရသည့် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံရပ်နိုင်ရုံသာမက ဆက်၍ရွှင်လန်းနိုင်သည်။—ယော. ၁၄:၂၆; ယာ. ၁:၂-၄

၁၇၊ ၁၈။ (က) အဘယ်စိတ်ဓာတ်ကို ကျွန်ုပ်တို့ တွန်းလှန်ဖို့လိုသနည်း။ (ခ) လောကအပျော်အပါးလိုက်စားခြင်းက မည်သို့ဖြစ်စေနိုင်သနည်း။

၁၇ ယနေ့ ခရစ်ယာန်စစ်များသည် အပျော်အပါးကို အရူးအမူးလိုက်စားသည့် လောကစိတ်ဓာတ်၏လွှမ်းမိုးမှုကို တွန်းလှန်ဖို့လိုသည်။ (ဧဖက် ၂:၂-၅ ကိုဖတ်ပါ။) ထိုသို့မတွန်းလှန်လျှင် ကျွန်ုပ်တို့သည် “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ဝါကြွားခြင်း” တို့တွင် ကျော့မိသွားနိုင်သည်။ (၁ ယော. ၂:၁၆) သို့မဟုတ် သွေးသားတပ်မက်ခြင်း၏အလိုဆန္ဒနောက်လိုက်ခြင်းက လန်းဆန်းမှုခံစားရမည်ဟု လွဲမှားစွာ ယူဆမိနိုင်သည်။ (ရော. ၈:၆) ဥပမာ၊ အချို့သူတို့သည် မိမိတို့၏စိတ်အလိုဆန္ဒကို အာသာပြေစေရန် မူးယစ်ဆေးဝါးနှင့် အရက်ကိုအလွဲသုံးကြ၊ ညစ်ညမ်းစာပေများ၊ အသက်အန္တရာယ်ရှိသောအားကစား သို့မဟုတ် မကောင်းသောအကျင့်အမျိုးမျိုးကို လိုက်စားကြသည်။ စာတန်၏ “စဉ်းလဲသည့်ပရိယာယ်များ” သည် လန်းဆန်းမှုမပေးရာကို လန်းဆန်းမှုအဖြစ် တလွဲယူမှတ်သွားစေရန် ရည်ရွယ်သည်။—ဧ. ၆:၁၁

၁၈ အတော်အသင့် စားသောက်ခြင်း၊ အကျိုးဖြစ်ထွန်းသည့် အပန်းဖြေမှုများတွင် ပါဝင်ခြင်းသည် မမှားပါ။ သို့သော် ကျွန်ုပ်တို့၏ဘဝတွင် ယင်းတို့ကို အဓိကအရာဖြစ်လာစေရန် ခွင့်မပြုရပါ။ အထူးသဖြင့် ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်ကာလကြောင့် မျှတမှုနှင့် မိမိကိုယ်ကိုချုပ်တည်းခြင်းရှိဖို့ အလွန်အရေးကြီးသည်။ ကိုယ်ရေးကိုယ်တာလိုက်စားမှုများသည် “သခင်ယေရှုခရစ်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို ကျင့်သုံးရာ၌ ပျင်းရိခြင်း၊ အချည်းနှီးဖြစ်” ခြင်းအထိ ကျွန်ုပ်တို့ကို ဝန်ပိစေနိုင်သည်။—၂ ပေ. ၁:၈

၁၉၊ ၂၀။ စစ်မှန်သောလန်းဆန်းမှုကို မည်သို့ခံစားရနိုင်သနည်း။

၁၉ ကျွန်ုပ်တို့၏ စဉ်းစားတွေးခေါ်ပုံကို ယေဟောဝါ၏နည်းလမ်းတော်များနှင့်ကိုက်ညီစေသည့်အခါ ဤလောကမှကမ်းလှမ်းသော အပျော်အပါးများသည် တဒင်္ဂသာဖြစ်ကြောင်း သဘောပေါက်လာသည်။ ယင်းကို မောရှေ သိမြင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း သိမြင်ကြသည်။ (ဟေဗြဲ ၁၁:၂၅) လန်းဆန်းမှုအစစ်အမှန်ဖြစ်သော ပြည့်ဝပြီး ရေရှည်တည်မြဲသည့် ရွှင်လန်းမှုနှင့် ကျေနပ်မှုသည် ကောင်းကင်ခမည်းတော်၏အလိုတော်ဆောင်ခြင်းမှ ရရှိသည်။—မ. ၅:၆

၂၀ ဘုရားသခင့်အလိုတော်နှင့်ညီသောလုပ်ဆောင်မှုများတွင် ရွှင်လန်းမှုကို ဆက်၍ရှာတွေ့နိုင်ပါစေ။ ယင်းသို့ပြုခြင်းဖြင့် ‘ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေရှုတို့၏ ကျက်သရေရှိသော ထင်ရှားတော်မူခြင်းကို စောင့်မျှော်လျက်နေကြစဉ်’ ကျွန်ုပ်တို့သည် “တရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကို ငြင်းပယ်” ကြ၏။ (တိတု ၂:၁၂၊ ၁၃) ထို့ကြောင့် ယေရှု၏အခွင့်အာဏာနှင့် လမ်းညွှန်မှုကို လက်အောက်ခံခြင်းဖြင့် ကိုယ်တော်၏ထမ်းပိုးကို ဆက်၍ထမ်းကြစို့။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် စစ်မှန်သည့်ပျော်ရွှင်မှုနှင့် လန်းဆန်းမှုကို ခံစားရကြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ထပ်ဆင့်အချက်အလက်များအတွက် ဒီဇင်ဘာ ၁၉၉၀၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁၊ ၃၊ ၄ ကိုကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ယနေ့ ယေဟောဝါ၏လူများသည် လန်းဆန်းမှုကို မည်သို့ရှာတွေ့နိုင်သနည်း။

• ခရစ်ယာန်ဓမ္မအမှုက ကျွန်ုပ်တို့နှင့် ကြားနာသူတို့ကို မည်သို့လန်းဆန်းစေသနည်း။

• မိမိတို့၏မိသားစုဝတ်ပြုမှုသည် လန်းဆန်းမှုပေးကြောင်းသေချာစေရန် အိမ်ထောင်ဦးစီးများ မည်သို့ပြုလုပ်နိုင်သနည်း။

• အဘယ်အရာက ကျွန်ုပ်တို့ကို ဝန်ပိစေသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ယေရှု၏ထမ်းပိုးကိုထမ်းခြင်းဖြင့် လန်းဆန်းမှုရစေသောနည်းအမျိုးမျိုးကို တွေ့ ရှိကြ