မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာဖြင့်စုဝေးခဲ့ကြ—နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း

မေတ္တာဖြင့်စုဝေးခဲ့ကြ—နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း

မေတ္တာဖြင့်စုဝေးခဲ့ကြ—နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဂျာစီစီးတီးရှိ ယေဟောဝါသက်သေများ၏ စည်းဝေးပွဲခန်းမတွင် လူများစိတ်လှုပ်ရှားစွာ စုဝေးခဲ့ကြသည်။ ၂၀၀၉၊ အောက်တိုဘာ ၃ ရက်နံနက်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယား၏ ၁၂၅ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအတွက် လူ ၅,၀၀၀ ကျော်စုဝေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုရှိ ဗေသလအဆောက်အဦသုံးခုနှင့် ကနေဒါဗေသလတို့မှ ထောင်နှင့်ချီသော အခြားသူတို့သည် ရုပ်/သံလိုင်းချိတ်ဆက်မှုမှတစ်ဆင့် အစီအစဉ်ကို ကြည့်ရှုနားထောင်ခဲ့ကြသည်။ စုစုပေါင်း ၁၃,၂၃၅ ဦးတို့သည် ယေဟောဝါကိုချစ်သောမေတ္တာဖြင့်စုဝေးကာ သုံးနာရီကြာအစည်းအဝေးကို ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဂျက်ဖရီ ဂျက်ဆင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သူက သီချင်းစာအုပ်အသစ်မှ သီချင်းများကို သီဆိုမည့် ဗေသလအိမ်သား သံစုံအဖွဲ့နှင့် မိတ်ဆက်ပေးခြင်းဖြင့် အစီအစဉ်ကို အစပြုခဲ့သည်။ သံစုံအဖွဲ့ကို ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်နောက်တစ်ဦးဖြစ်သော ဒေးဗစ် စပလိန်က စင်ကြယ်သောဝတ်ပြုရေးတွင် တေးဂီတ၏အရေးပါပုံကို အတိုချုပ်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် သီချင်းအသစ်သုံးပုဒ်ကိုသီဆိုရန် ပရိသတ်ကို ဖိတ်ခေါ်ခဲ့သည်၊ သံစုံအဖွဲ့က ဦးစွာသီဆိုမည်ဖြစ်ပြီး ယင်းနောက် ပရိသတ်က သံစုံအဖွဲ့နှင့်အတူ သီဆိုရန်ဖြစ်သည်။ သံစုံအဖွဲ့သည် ဤအထူးစုဝေးမှုအတွက်သာဖြစ်ပြီး အသင်းတော်၊ အထူး/တိုက်နယ်နှင့် ခရိုင်စည်းဝေးကြီးများတွင် ယင်းသို့ သီဆိုရန်မဟုတ်ချေ။

ဌာနခွဲများမှ မှတ်တမ်းများ

ရောက်ရှိနေသော ဌာနခွဲကော်မတီဝင်များသည် ဌာနခွဲငါးခုမှမှတ်တမ်းများကို ပြောပြခဲ့သည်။ ကဲနက်သ် လစ်တဲလ်က ကနေဒါဌာနခွဲသည် မကြာမီအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါအတွက် မဂ္ဂဇင်းအများစုကို စတင်ပုံနှိပ်တော့မည်ဖြစ်ကြောင်း၊ ယင်းက ကနေဒါဌာနခွဲအတွက် ဆယ်ဆတိုးမြှင့်ထုတ်လုပ်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ယင်းသို့ထုတ်လုပ်နိုင်ရန် ရရှိထားသော ပုံနှိပ်စက်အသစ်ကို တစ်ဆိုင်းလျှင်ရှစ်နာရီဖြင့် တစ်ရက်လျှင်နှစ်ဆိုင်း လည်ပတ်မည်ဖြစ်သည်။

ရေနာ တော်မ်ဆင်က ဒိုမီနီကန်ပြည်ထောင်စုမှ လုပ်ငန်းအကြောင်းကို ပြောပြခဲ့ပြီး အဲလ်ဘတ် အိုလီက နိုင်ဂျီးရီးယားမှ လုပ်ဆောင်မှုများအကြောင်း ရှင်းပြခဲ့သည်။ မိုဇမ်ဘစ်မှ အီမလီ ခရစ်ဆင်ဂါက ယေဟောဝါသက်သေများသည် မိုဇမ်ဘစ်တွင် ဆယ်စုနှစ်များစွာကြာ နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် ၁၉၉၂ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ယင်းနိုင်ငံသုံးခုစလုံးတွင် မကြာသေးမီက ကြေညာသူအရေအတွက် သိသိသာသာ တိုးများခဲ့၏။ ဩစတြေးလျဌာနခွဲမှ ဗစ် မောရစ်က ဩစတြေးလျညီအစ်ကိုများ ကြီးကြပ်ပေးနေသော အရှေ့တီမောမှ တိုးတက်မှုများကို ပြောပြခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့ကော်မတီများ

၁၉၇၆ ခုနှစ်မှစတင်၍ ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုအားလုံးကို အုပ်ချုပ်ရေးအဖွဲ့၏ကော်မတီခြောက်ခုမှ ကြီးကြပ်ခဲ့သည်။ နောက်ပိုင်းတွင် အခြားသိုးမှလူများကို အကူများအဖြစ် ခန့်အပ်ခဲ့သည်။ ယခု အကူ ၂၃ ဦးဖြင့် လုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ ထိုသူတို့ထဲမှခြောက်ဦးကို လူတွေ့မေးမြန်းခဲ့သည်။ သူတို့၏ စုစုပေါင်းအချိန်ပြည့်သက်တမ်းမှာ ၃၄၁ နှစ်ဖြစ်ပြီး တစ်ဦးလျှင် ပျမ်းမျှ ၅၇ နှစ်ဖြစ်သည်။

၁၉၄၃ ခုနှစ်တွင် ဗေသလသို့ရောက်လာသော ဒေါန် အဒမ်စ်က ညှိနှိုင်းရေးမှူးများ၏ကော်မတီသည် အခြားကော်မတီငါးခုမှ ညှိနှိုင်းရေးမှူးများဖြင့် ဖွဲ့စည်းထားပြီး ကော်မတီငါးခု၏လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေကြောင်း ရှင်းပြခဲ့သည်။ ဤကော်မတီသည် အထူးအရေးပေါ်ကိစ္စများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ တရားရေးကိစ္စများ၊ သဘာ၀ဘေးဒဏ်များနှင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများကို ထိခိုက်သော အခြားအရေးတကြီးကိစ္စများကို တာဝန်ယူကြည့်ရှုပေးသည်။

ဒန် မိုခန်းက ကမ္ဘာတစ်ဝန်းမှ ဗေသလအိမ်သား ၁၉,၈၅၁ ဦးတို့၏ ဝတ်ပြုရေးနှင့် ကာယရေးအကျိုးအတွက် ကြီးကြပ်ပေးနေသော ဝန်ထမ်းရေးရာကော်မတီ၏လုပ်ဆောင်မှုကို ရှင်းပြခဲ့သည်။ ဌာနခွဲများအတွက် လိုအပ်ရာများကို ဝယ်ယူခြင်းတွင် ပုံနှိပ်ထုတ်ဝေရေးကော်မတီက မည်သို့ကြီးကြပ်ပေးပုံကို ဒေးဗစ် စင်ကလဲရ်က ရှင်းပြသည်။ ထို့နောက် ဗေသလတွင် အနှစ် ၆၀ နီးပါးအမှုဆောင်ခဲ့သော ရောဘတ် ဝေါ်လဲန်က လယ်ကွင်းနှင့် အသင်းတော်များတွင် ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုကို လုပ်ငန်းတော်ကော်မတီမှ မည်သို့ကြီးကြပ်ပေးပုံကို ရှင်းပြသည်။ ဝီလျံ မဲလင်ဖန့်တ်က သွန်သင်ခြင်းကော်မတီသည် စည်းဝေးကြီးများအတွက် မည်သို့ပြင်ဆင်ပုံကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။ နောက်ဆုံး ဂျွန် ဝစ်ချာ့စ်က ကျွန်ုပ်တို့၏စာပေများကို ဂရုတစိုက်ပြင်ဆင်ခြင်းနှင့် အဆင့်ဆင့်လုပ်ဆောင်ခြင်းကို စာပေပြုစုရေးကော်မတီက မည်သို့ကြီးကြပ်ပုံကို ရှင်းပြသည်။ *

မေတ္တာကိုအထူးအာရုံစိုက်စေသည့် ၂၀၁၀ နှစ်ချုပ်ကျမ်းချက်

နောက်ဟောပြောချက်သုံးခုကို အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးခဲ့သည်။ ဂဲရစ်တ် လော့ရှ်က “အခြားသူများ၏ ချစ်ခင်မှုကို သင် ခံယူလိုပါသလော” ဟူသော မေးခွန်းဖြင့် အစပြုခဲ့သည်။ မေတ္တာသည် လူသားတို့အတွက် မရှိမဖြစ်လိုအပ်ပြီး ယင်းကြောင့် ကျွန်ုပ်တို့အားလုံး ရှင်သန်နေကြကြောင်း သူရှင်းပြသည်။ ကျွန်ုပ်တို့သည် မေတ္တာကြောင့် တည်ရှိလာရခြင်းဖြစ်သည်၊ အကြောင်းမှာ ယေဟောဝါသည် ကိုယ်ကျိုးမဖက်သောမေတ္တာဖြင့် ကျွန်ုပ်တို့ကို ဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ ဟောပြောခြင်းနှင့် သွန်သင်ခြင်းကို ကျွန်ုပ်တို့လုပ်ဆောင်ရာတွင် အဓိကလှုံ့ဆော်ပေးသည့်အရာမှာ ယေဟောဝါကိုချစ်သောမေတ္တာဖြစ်သည်။

မူအပေါ်အခြေခံသောမေတ္တာသည် ကျွန်ုပ်တို့၏ရန်သူများကိုပင် ချစ်သည်အထိ အကျုံးဝင်သည်။ (မ. ၅:၄၃-၄၅) ကျွန်ုပ်တို့အတွက် ကြာပွတ်နှင့်ရိုက်နှက်ခံရ၊ ပြောင်လှောင်သရော်ခံရ၊ တံတွေးနှင့်ထွေးခံရ၊ ထိုးဖောက်ခံခဲ့ရသည့်ယေရှုကို အသေအချာသုံးသပ်ရန် ပရိသတ်ကို အားပေးခဲ့သည်။ ထိုသို့ခံရသည့်ကြားမှ ကိုယ်တော်သည် မိမိအားနှက်တိုင်တင်ခဲ့သည့် စစ်သားများအတွက် ဆုတောင်းပေးခဲ့သည်။ ယင်းက ကိုယ်တော့်ကို ကျွန်ုပ်တို့ပို၍ချစ်မြတ်နိုးလာစေသည် မဟုတ်လော။ ညီအစ်ကို လော့ရှ်က ၁ ကောရိန္သု ၁၃:၇၊ ၈ ပါ ‘မေတ္တာသည် အရာရာကိုခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏’ ဟူသော ၂၀၁၀ နှစ်ချုပ်ကျမ်းချက်ကို ကြေညာခဲ့သည်။ ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်ရန်သာမက ထာဝစဉ်ချစ်ရန်နှင့် အချစ်ခံရရန် အလားအလာရှိသည်။

ဆီအနည်းငယ်နှင့် သင်မောင်းနှင်နေသလော

ဆမ်မြူအယ်လ် ဟာ့ဒ်က သူ၏ဟောပြောချက်ကို ဥပမာတစ်ခုဖြင့် စတင်ခဲ့သည်။ သင်၏မိတ်ဆွေက သင့်အား မိုင် ၃၀ ခရီးကို ကားဖြင့်ခေါ်သွားမည်ဆိုပါစို့။ သင်သည် ကားထဲဝင်ထိုင်လိုက်သည်နှင့် ဆီအမှတ်အသားပြဒိုင်ခွက်တွင် ဆီကုန်နေကြောင်း သတိပြုမိသည်။ ဆီကုန်နေပြီဖြစ်ကြောင်း သင်၏မိတ်ဆွေအား သင်ပြောသည်။ ဆီတိုင်ကီထဲတွင် ဆီတစ်ဂါလံရှိသေးသဖြင့် စိတ်မပူဖို့ သူက သင့်အားပြောသည်။ မကြာမီတွင်ပင် ဆီကုန်သွားလေတော့သည်။ လမ်းခုလတ်တွင် ဆီကုန်မည်ကို သင်သိလျက်နှင့် ဆီအနည်းငယ်ဖြင့် ဆက်၍မောင်းနှင်သင့်သလော။ ဆီအပြည့်ဖြည့်ထားခြင်းက ပို၍ကောင်းပါသည်။ ပုံဆောင်သဘောအရ ယေဟောဝါအားသိကျွမ်းခြင်းအသိပညာကို ကျွန်ုပ်တို့ အပြည့်ဖြည့်ထားဖို့လိုသည်။

ထိုသို့ဖြည့်ထားနိုင်ရန် ကျွန်ုပ်တို့သည် ဆီအလုံအလောက်ရရှိထားရန်လိုအပ်ပြီး ပုံမှန်ဖြည့်ထားဖို့လိုသည်။ ယင်းသို့ပြုလုပ်ရန် နည်းလမ်းလေးခု ရှိသည်။ ဦးဆုံး၊ ကိုယ်ပိုင်လေ့လာမှုပြုရမည်၊ သမ္မာကျမ်းစာကိုပုံမှန်ဖတ်ရှုခြင်းဖြင့် ကျမ်းစာနှင့်အကျွမ်းတဝင်ရှိလာမည်ဖြစ်သည်။ စာသားများကို ဖတ်ရှုခြင်းထက်မက ကျွန်ုပ်တို့ဖတ်ရှုရာကို နားလည်ရမည်။ ဒုတိယ၊ ကျွန်ုပ်တို့၏ မိသားစုဝတ်ပြုမှုညချမ်းကို အကျိုးရှိရှိအသုံးပြုရမည်။ ကျွန်ုပ်တို့သည် ပတ်စဉ်ရပ်နားပြီး ဆီအပြည့်ဖြည့်ပါသလော၊ သို့မဟုတ် အနည်းငယ်သာဖြည့်သလော။ တတိယ၊ အသင်းတော်အစည်းအဝေးများကို ပုံမှန်တက်ရောက်ပါ။ စတုတ္ထ၊ ယေဟောဝါ၏နည်းလမ်းတော်များကို တိတ်ဆိတ်စွာဖြင့် ကောင်းစွာတွေးတောဆင်ခြင်ပါ။ ဆာလံ ၁၄၃:၅ က ဤသို့ဆိုသည်– ‘ရှေးလွန်လေပြီးသောကာလကိုအောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကို ဆင်ခြင်ပါ၏။’

‘ဖြောင့်မတ်သူတို့သည် ထွန်းလင်းကြလိမ့်မည်’

ဂျွန် ဘားရ်သည် ယေရှု၏ ဂျုံစပါးနှင့်ပေါင်းပင်ပုံဥပမာ ရှင်းပြချက်ပါသော နောက်ဆုံးဟောပြောချက်ကို ပေးခဲ့သည်။ (မ. ၁၃:၂၄-၃၀၊ ၃၈၊ ၄၃) ယင်းဥပမာတွင် “စပါးရိတ်ချိန်” အတွင်း “နိုင်ငံတော်သားများ” ကို စုသိမ်းပြီး ပေါင်းပင်များကို မီးရှို့ရန်စည်းထားခြင်းအကြောင်း ဖော်ပြသည်။

ညီအစ်ကိုဘားရ်က စုသိမ်းခြင်းသည် အချိန်အကန့်အသတ်မရှိ ကြာရှည်မည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်းမကွယ်မပျောက်ရ” ဟုဖော်ပြထားသော မဿဲ၂၄:၃၄ ကိုကိုးကားခဲ့သည်။ သူသည် ဤမှတ်ချက်ကို နှစ်ကြိမ်ဖတ်ပြခဲ့သည်– “၁၉၁၄ ခုနှစ်၊ နိမိတ်များစတင်ဖြစ်ပျက်ချိန်တွင် အသက်ရှင်ခဲ့သော စွမ်းအားတော်ဖွားအချို့၏အသက်တာနှင့် ကြီးစွာသောဒုက္ခ၏အစကို မြင်တွေ့ရမည့် စွမ်းအားတော်ဖွားအချို့၏အသက်တာသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ထပ်နေမည်ကို ဆိုလိုသည်။” ကျွန်ုပ်တို့သည် “ဤလူမျိုးဆက်” ၏ကြာရှည်ချိန်အတိအကျကို မသိနိုင်ပါ၊ သို့သော် ယင်းအုပ်စုနှစ်စု၏အသက်တာသည် တစ်စိတ်တစ်ပိုင်းအားဖြင့်ထပ်နေမည်ဖြစ်သည်။ စွမ်းအားတော်ဖွားများသည် အသက်အရွယ်အသီးသီးရှိကြသော်လည်း ယင်းအုပ်စုနှစ်စုတွင်ပါဝင်သူတို့သည် နောက်ဆုံးသောနေ့ရက်များ၏ အချိန်ကာလတစ်ခုတွင် အတူတကွအသက်ရှင်ခဲ့ကြသူတို့ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင်စတင်သည့် နိမိတ်များကို မြင်တွေ့ခဲ့သော သက်ကြီးစွမ်းအားတော်ဖွားများနှင့်အတူ အချိန်ကာလတစ်ခုတွင် အသက်ရှင်ခဲ့ကြသည့် ငယ်ရွယ်သောစွမ်းအားတော်ဖွားတချို့သည် ကြီးစွာသောဒုက္ခစတင်ချိန်အထိ အသက်ရှင်နေမည်ကိုသိရခြင်းက ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုဖြစ်သည်။

“နိုင်ငံတော်သားများ” သည် ကောင်းကင်ဆုကျေးဇူးကို ထက်သန်စွာစောင့်မျှော်နေကြစဉ် ကျွန်ုပ်တို့အားလုံးသည် အဆုံးတိုင်အလင်းထွန်းလင်းနေခြင်းဖြင့် ဆက်၍သစ္စာရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့အချိန်တွင် “ဂျုံစပါး” စုသိမ်းနေခြင်းကိုမြင်တွေ့ရခြင်းသည် အခွင့်အရေးတစ်ခုဖြစ်၏။

နိဂုံးချုပ်သီချင်းသီဆိုပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ် ဂျဲရက်စ်က နိဂုံးချုပ်ဆုတောင်းပေးခဲ့သည်။ နှစ်ပတ်လည်အစည်းအဝေးသည် အလွန်တည်ဆောက်မှုဖြစ်စေသော အစီအစဉ်ဖြစ်ပေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အုပ်ချုပ်ရေးအဖွဲ့ကော်မတီခြောက်ခု၏ လုပ်ဆောင်မှုများအကြောင်း ဖော်ပြချက်ကို မေ ၁၅၊ ၂၀၀၈ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉ တွင်ကြည့်ပါ။

[စာမျက်နှာ ၅ ပါလေးထောင့်ကွက်]

အကြီးအကဲများအတွက် သင်တန်းကျောင်း

နှစ်ပတ်လည်အစည်းအဝေးတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော အန်တိုနီ မောရစ်က အသင်းတော်အကြီးအကဲများအတွက် သင်တန်းဆက်ရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ အကြီးအကဲများအတွက် သင်တန်းကျောင်းကို ပက်တာစင် ပညာပေးဌာန၊ နယူးယောက်တွင် ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၇၂ ကြိမ်မြောက်သင်တန်းကျောင်းသည် မကြာသေးမီက ပြီးစီးသွားပြီဖြစ်ပြီး ယခုအချိန်အထိ အကြီးအကဲ ၆,၇၂၀ ဦးကို လေ့ကျင့်ပေးပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် အကြီးအကဲ ၈၆,၀၀၀ ကျော်ရှိ၍ များစွာဆက်လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့က ၂၀၀၉၊ ဒီဇင်ဘာ ၇ ရက်မှစတင်ကာ နောက်ထပ်သင်တန်းကျောင်းတစ်ခုကို ဘရွတ်ကလင်၊ နယူးယောက်တွင် ကျင်းပရန် ခွင့်ပြုခဲ့သည်။

ပက်တာစင်တွင် နယ်လှည့်ကြီးကြပ်မှူးလေးဦးကို သင်တန်းပို့ချသူများအဖြစ် နှစ်လကြာလေ့ကျင့်ပေးခဲ့ပြီးဖြစ်သည်။ ထိုသူတို့ကို ဘရွတ်ကလင်တွင် သင်တန်းပို့ချရန် စေလွှတ်မည်ဖြစ်ပြီး နောက်ထပ်လေးဦးကို ထပ်မံလေ့ကျင့်ပေးမည်။ ထို့နောက် သူတို့သည် ဘရွတ်ကလင်သို့ စေလွှတ်ခံရမည်ဖြစ်ပြီး မူလလေးဦးမှာ သင်တန်းများကို စည်းဝေးပွဲခန်းမများနှင့် နိုင်ငံတော်ခန်းမများတွင် ပို့ချမည်ဖြစ်သည်။ နောက်ထပ်လေးဦးကိုလေ့ကျင့်ပေးမည်ဖြစ်ပြီး သင်တန်းပို့ချသူ ၁၂ ဦးရှိလာမည်ဖြစ်ကာ ၎င်းတို့သည် အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပတ်စဉ် သင်တန်းကျောင်းခြောက်ခု၌ ပို့ချမည်ဖြစ်သည်။ ထို့နောက် စပိန်ဘာသာစကားဖြင့် သင်တန်းပို့ချရန် လေးဦးကို လေ့ကျင့်ပေးမည်ဖြစ်သည်။ ဤသင်တန်းကျောင်းသည် လက်ရှိနိုင်ငံတော်ဓမ္မအမှုကျောင်းကို အစားထိုးခြင်းမဟုတ်ပါ၊ ဤကျောင်း၏ရည်ရွယ်ချက်မှာ အကြီးအကဲများ အမှန်တရားတွင် ဆက်လက်တိုးတက်စေရန်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိဌာနခွဲများတွင် ၂၀၁၁ လုပ်ငန်းတော်နှစ်အတွင်း စည်းဝေးပွဲခန်းမများနှင့် နိုင်ငံတော်ခန်းမများတွင် ဤသင်တန်းကျောင်းကို စတင်ကျင်းပပါမည်။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

“ယေဟောဝါအား တေးသီကျူးကြ” သီချင်းစာအုပ်အသစ်မှ သီချင်းများဖြင့် နှစ်ပတ်လည်အစည်းဝေးကို စတင်ခဲ့