မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် “အဆိုးကို ဆက်၍အနိုင်ယူနေလော့”

အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် “အဆိုးကို ဆက်၍အနိုင်ယူနေလော့”

အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် “အဆိုးကို ဆက်၍အနိုင်ယူနေလော့”

“ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ . . . အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့။”—ရော. ၁၂:၁၉၊ ၂၁

၁၊ ၂။ သက်သေခံခရီးသည်အချို့သည် အဘယ်ပုံသက်သေကောင်းပြခဲ့သနည်း။

ယေဟောဝါသက်သေ ၃၄ ဦးပါသော အုပ်စုတစ်စုသည် ဌာနခွဲရုံးအပ်နှံမှုအတွက် ခရီးထွက်ခဲ့ကြရာ လေယာဉ်စက်ချို့ယွင်းမှုကြောင့် သူတို့၏ခရီးစဉ်နှောင့်နှေးခဲ့သည်။ ဝေးလံသီခေါင်သည့်လေဆိပ်တစ်ခုတွင် လေယာဉ်ဆီဖြည့်ရန် တစ်နာရီကြာရပ်နားမည်ဟု ထင်ရသော်လည်း ၄၄ နာရီကြာ အောင့်အည်းသည်းခံနေခဲ့ကြရသည်၊ ထိုတွင် လုံလောက်သောအစားအစာ၊ ရေနှင့် သန့်ရှင်းသောရေချိုးခန်း၊ အိမ်သာမရှိချေ။ ခရီးသည်များစွာသည် ဒေါသထွက်လာပြီး လေဆိပ်ဝန်ထမ်းများကို ကြိမ်းမောင်းခဲ့ကြသည်။ သို့သော် ညီအစ်ကိုညီအစ်မများသည် ငြိမ်သက်အေးဆေးစွာ နေခဲ့ကြ၏။

နောက်ဆုံးတွင် သက်သေခံများသည် အပ်နှံပွဲသို့ အစီအစဉ်ပြီးခါနီးမှ ရောက်ရှိသွားခဲ့သည်။ မောပန်းနွမ်းလျနေသော်လည်း သူတို့သည် ဒေသခံညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းရန် ထိုတွင် ဆက်နေခဲ့ကြသည်။ သူတို့၏ စိတ်ရှည်မှုနှင့် ချုပ်တည်းမှုကို လူတို့သတိပြုမိခဲ့ကြောင်း နောက်ပိုင်းတွင် သိခဲ့ကြသည်။ ခရီးသည်တစ်ဦးက လေကြောင်းလိုင်းအား “ဒီလေယာဉ်မှာ ခရစ်ယာန် ၃၄ ယောက်သာပါမလာရင် လေဆိပ်မှာ ဆူပူမှုဖြစ်နေလောက်ပြီ” ဟုပြောခဲ့သည်။

ဒေါသကြီးသည့်လူ့အဖွဲ့အစည်းတွင် နေထိုင်ကြရ

၃၊ ၄။ (က) အကြမ်းဖက်ဒေါသသည် လူတို့အား မည်သို့ထိခိုက်ခဲ့ပြီနည်း၊ ယင်းသည် မည်သည့်အချိန်မှ စတင်ခဲ့သနည်း။ (ခ) ကာဣနတွင် မိမိ၏အမျက်ဒေါသကို ထိန်းချုပ်နိုင်သည့်အခြေအနေ ရှိခဲ့သလော၊ ရှင်းပြပါ။

လက်ရှိဆိုးယုတ်သောလောကစနစ်၏ ဖိအားများစွာက လူတို့အား ဒေါသပေါက်ကွဲစေနိုင်သည်။ (ဒေ. ၇:၇) ယင်းအမျက်ဒေါသသည် မုန်းတီးမှုများနှင့် အကြမ်းဖက်မှုများကိုပင် ဖြစ်ပွားစေလေ့ရှိသည်။ ပြည်တွင်းစစ်များနှင့် နိုင်ငံများအကြား စစ်ဖြစ်ပွားနေစဉ် မိသားစုတင်းမာမှုများက အိမ်တွင်းပဋိပက္ခများကို ဖြစ်ပွားစေသည်။ ဤသို့သောအမျက်ဒေါသနှင့် အကြမ်းဖက်မှုသည် ရှေးအချိန်ကတည်းက ရှိခဲ့သည်။ အာဒံနှင့်ဧဝတို့၏ သားဦးဖြစ်သည့် ကာဣနသည် မနာလိုဒေါသကြောင့် မိမိ၏ညီကို သတ်ခဲ့သည်။ ယေဟောဝါသည် ကာဣနအား သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် တိုက်တွန်းခဲ့ပြီး ထိုအတိုင်းလုပ်ဆောင်မည်ဆိုလျှင် သူ့အားကောင်းချီးပေးမည်ဟု ကတိပေးသော်လည်း သူသည် ယင်းဆိုးညစ်သောလုပ်ရပ်ကို ကျူးလွန်ခဲ့သည်။—ကမ္ဘာဦး ၄:၆-၈ ကိုဖတ်ပါ။

မစုံလင်မှုကို အမွေခံထားရသော်လည်း ဤကိစ္စတွင် ကာဣန၌ ရွေးချယ်စရာရှိခဲ့သည်။ သူသည် သူ၏အမျက်ဒေါသကို ထိန်းချုပ်နိုင်သော အခြေအနေတွင်ရှိခဲ့သည်။ ထို့ကြောင့် သူ၏အကြမ်းဖက်လုပ်ရပ်အတွက် သူ့တွင် အပြည့်အဝတာဝန်ရှိသည်။ အလားတူစွာ ကျွန်ုပ်တို့၏ မစုံလင်မှုက ဒေါသမထွက်စေဖို့နှင့် ဒေါသတကြီးမလုပ်ဆောင်မိဖို့ အခက်တွေ့စေသည်။ ထို့ပြင် ဆိုးရွားသောပြဿနာများက လက်ရှိ “ကျပ်တည်းသောကာလ” တွင် ဖိစီးမှုတိုးများစေသည်။ (၂ တိ. ၃:၁) မိသားစုများကိုအကူအညီပေးသည့် အဖွဲ့အစည်းများနှင့် ရဲအဖွဲ့က ဒေါသပေါက်ကွဲခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများ တိုးများလာခြင်းကို ငွေကြေးအကျပ်အတည်းနှင့် ဆက်စပ်ဖော်ပြသည်။

၅၊ ၆။ အမျက်ဒေါသနှင့်ပတ်သက်သည့် လောက၏အဘယ်သဘောထားသည် ကျွန်ုပ်တို့ကို ထိခိုက်နိုင်သနည်း။

ထို့ပြင် ကျွန်ုပ်တို့ ထိတွေ့ဆက်ဆံရသည့် လူများစွာသည် “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊” “မောက်မာသူ၊” “ကြမ်းကြုတ်သူ” များပင်ဖြစ်သည်။ ဤသို့သောစရိုက်ဆိုးများသည် ကျွန်ုပ်တို့ထံ အလွယ်တကူကူးစက်လာနိုင်ပြီး ယင်းတို့ကြောင့် ကျွန်ုပ်တို့ကို ဒေါသထွက်စေနိုင်သည်။ (၂ တိ. ၃:၂-၅) အမှန်မှာ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များက လက်စားချေခြင်းကို မွန်မြတ်ရာအဖြစ်၊ အကြမ်းဖက်ခြင်းကို ပြဿနာများဖြေရှင်းသည့် သဘာဝကျသော၊ တရားသောနည်းအဖြစ် တင်ဆက်လေ့ရှိကြသည်။ ဇာတ်လမ်းအတော်များများက ကြည့်ရှုသူတို့၏စိတ်တွင် လူဆိုးအား ဇာတ်လိုက်၏လက်ချက်ဖြင့် မရှုမလှသေစေလိုသောဆန္ဒကို ဖြစ်ပေါ်စေသည်။

ထိုသို့သောသဘောထားများက ဘုရားသခင့်လမ်းစဉ်ကိုမဟုတ်ဘဲ “လောကစိတ်ဓာတ်” နှင့် ဒေါသကြီးသော လောကအုပ်စိုးရှင် စာတန်၏လမ်းစဉ်ကို အားပေးအားမြှောက်ပြုသည်။ (၁ ကော. ၂:၁၂; ဧ. ၂:၂; ဗျာ. ၁၂:၁၂) ထိုစိတ်ဓာတ်က မစုံလင်သောသွေးသားဆန္ဒအလိုအတိုင်းလုပ်ဆောင်ဖို့ အားပေးအားမြှောက်ပြုပြီး ယင်းသည် ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်နှင့် ယင်းကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများနှင့် လုံးလုံးဆန့်ကျင်သည်။ အမှန်မှာ ခရစ်ယာန်ဘာသာ၏ အခြေခံသွန်သင်ချက်မှာ အမျက်နှိုးဆွခံရလျှင်ပင် လက်စားမချေခြင်းဖြစ်သည်။ (မဿဲ ၅:၃၉၊ ၄၄၊ ၄၅ ကိုဖတ်ပါ။) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယေရှု၏သွန်သင်ချက်ကို မည်သို့ ပို၍အပြည့်အဝ လက်တွေ့ကျင့်သုံးနိုင်ကြမည်နည်း။

ကောင်းသောပုံနမူနာနှင့် မကောင်းသောပုံနမူနာ

၇။ ရှိမောင်နှင့်လေဝိသည် အမျက်ဒေါသကို မထိန်းချုပ်သောအခါ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

သမ္မာကျမ်းစာတွင် အမျက်ဒေါသကို ထိန်းချုပ်ရန် အကြံပြုချက်များနှင့် အမျက်ဒေါသကိုထိန်းချုပ်လျှင် မည်သို့ဖြစ်မည်၊ မထိန်းချုပ်လျှင် မည်သို့ဖြစ်မည်တို့နှင့်ပတ်သက်သည့် လက်တွေ့ကျပုံနမူနာ များစွာပါရှိသည်။ ညီမဖြစ်သူဒိနအား ဗလက္ကာရပြုခဲ့သည့် ရှေခင်ကို လက်စားချေခဲ့သည့် ယာကုပ်၏သား ရှိမောင်နှင့်လေဝိတို့၌ အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ သူတို့သည် “စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။” (က. ၃၄:၇) ထို့နောက် ယာကုပ်၏အခြားသားများသည် ရှေခင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ မိန်းမနှင့်ကလေးများကို ဖမ်းဆီးခဲ့ကြသည်။ သူတို့ ယင်းသို့ပြုလုပ်ရခြင်းမှာ ဒိနကြောင့်သာမဟုတ်ဘဲ သူတို့၏မာနထိပါးခံရပြီး မျက်နှာပျက်ရသည်ဟု ခံစားရသောကြောင့်လည်း ဖြစ်ဖွယ်ရှိသည်။ ရှေခင်သည် ဖခင်ဖြစ်သူယာကုပ်နှင့် မိမိတို့အား စော်ကားသည်ဟု သူတို့ယူမှတ်ခဲ့၏။ သို့သော် သူတို့၏လုပ်ရပ်ကို ယာကုပ်မည်သို့ ယူဆခဲ့သနည်း။

၈။ ရှိမောင်နှင့်လေဝိ၏မှတ်တမ်းက ကလဲ့စားချေခြင်းနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

ဒိန၏အဖြစ်ဆိုးကြောင့် ယာကုပ် အလွန်နာကျင်ခံစားခဲ့ရမည်ဖြစ်သည်။ သို့သော် သူသည် သားများ၏ကလဲ့စားချေသည့်လမ်းစဉ်ကို အပြစ်တင်ခဲ့သည်။ “ငါတို့နှမကို ပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လော” ဟုပြောခြင်းဖြင့် ရှိမောင်နှင့်လေဝိသည် မိမိတို့လုပ်ရပ်အတွက် ဆင်ခြေပေးခဲ့သည်။ (က. ၃၄:၃၁) သို့သော် ယင်းကို ယေဟောဝါမနှစ်သက်ခဲ့သောကြောင့် ထိုမျှနှင့် မပြီးခဲ့ချေ။ နှစ်များစွာကြာပြီးနောက် ရှိမောင်နှင့်လေဝိတို့ ဒေါသဖြင့်လုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်ကြောင့် သူတို့၏သားစဉ်မြေးဆက်သည် အစ္စရေးလူမျိုးများအကြားတွင် ကွဲပြားပျံ့လွင့်ရမည်ဟု ယာကုပ်ကြိုပြောခဲ့သည်။ (ကမ္ဘာဦး ၄၉:၅-၇ ကိုဖတ်ပါ။) မှန်ပါသည်၊ သူတို့၏ဒေါသကို မထိန်းချုပ်ခဲ့သောကြောင့် သူတို့သည် ဘုရားသခင်နှင့် ဖခင်၏မျက်နှာသာကို ဆုံးရှုံးခဲ့ရသည်။

၉။ အဘယ်အခြေအနေတွင် ဒါဝိဒ်သည် စိတ်လိုက်မာန်ပါလုပ်မိခါနီးဖြစ်ခဲ့သနည်း။

ယင်းသည် ဘုရင်ဒါဝိဒ်နှင့် အလွန်ကွာခြားခဲ့သည်။ ဒါဝိဒ်သည် အကြိမ်ကြိမ် အခွင့်အရေးရခဲ့သော်လည်း ကလဲ့စားမချေခဲ့ပေ။ (၁ ရာ. ၂၄:၃-၇) သို့သော် တစ်ကြိမ်တွင် စိတ်လိုက်မာန်ပါလုပ်မိခါနီးဖြစ်ခဲ့သည်။ သူကြွယ်နာဗလ၏သိုးအုပ်နှင့် သိုးထိန်းများကို ကာကွယ်ပေးခဲ့သော ဒါဝိဒ်၏လူများကို နာဗလသည် ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုခဲ့သည်။ ဖြစ်နိုင်သည်မှာ ဒါဝိဒ်သည် မိမိ၏လူတို့အတွက် စိတ်မကောင်းဖြစ်ခဲ့ကာ ကြမ်းတမ်းစွာတုံ့ပြန်ခါနီးဖြစ်ခဲ့သည်။ နာဗလကိုတိုက်ခိုက်ရန် ဒါဝိဒ်နှင့်သူ၏လူများ လာနေစဉ် လူငယ်တစ်ဦးသည် နာဗလ၏ အမြော်အမြင်ရှိသည့်ဇနီး အဘိဂဲလအား အဘယ်အရာဖြစ်ခဲ့သည်ကို သတင်းပို့ခဲ့ပြီး တစ်စုံတစ်ရာလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ သူမသည် ချက်ချင်းပင် လက်ဆောင်အများအပြားကို ယူဆောင်ကာ ဒါဝိဒ်ကို တွေ့ဆုံရန်သွားခဲ့သည်။ သူမသည် နာဗလ၏စော်ကားပြောဆိုမှုအတွက် တောင်းပန်ခဲ့ပြီး ဒါဝိဒ်သည် ယေဟောဝါကိုကြောက်ရွံ့သူဖြစ်သောကြောင့် ထိုသို့မပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဒါဝိဒ်အသိတရားပြန်ဝင်လာပြီး ‘ယနေ့ ငါသည် လူ့အသက်ကိုသတ်အံ့သောငှာ မသွားရမည်အကြောင်း ဆီးတားသောသင်သည် မင်္ဂလာရှိစေသတည်း’ ဟုပြောခဲ့သည်။—၁ ရာ. ၂၅:၂-၃၅

ခရစ်ယာန်သဘောထား

၁၀။ ခရစ်ယာန်များသည် လက်စားချေခြင်းနှင့်ပတ်သက်၍ မည်သည့်သဘောထားတင်ပြသင့်သနည်း။

၁၀ ယေဟောဝါသည် အမျက်ဒေါသမထိန်းချုပ်ခြင်းနှင့် အကြမ်းဖက်မှုကို မနှစ်သက်ကြောင်း၊ ငြိမ်သက်မှုရှိရန် လုပ်ဆောင်သူများကို ကောင်းချီးပေးကြောင်း ရှိမောင်နှင့် လေဝိ၊ ဒါဝိဒ်နှင့် အဘိဂဲလတို့၏ အဖြစ်အပျက်က အထင်အရှားဖော်ပြသည်။ ပေါလု ဤသို့ရေးခဲ့သည်– ‘သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။ ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါမိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ ရေးထား၏။ သို့သော် “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာ ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားရာ ရောက်လိမ့်မည်။” အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့။’—ရော. ၁၂:၁၈-၂၁ *

၁၁။ အမျက်ဒေါသကို ထိန်းချုပ်ရန် ညီအစ်မတစ်ဦး မည်သို့သင်ယူခဲ့သနည်း။

၁၁ ယင်းဆုံးမစကားကို ကျွန်ုပ်တို့ကျင့်သုံးနိုင်ပါသည်။ ဥပမာ၊ ညီအစ်မတစ်ဦးသည် အလုပ်မှ မန်နေဂျာအသစ်အကြောင်း အကြီးအကဲတစ်ဦးအား ပြောပြသည်။ မန်နေဂျာသည် သူမအပေါ် မမျှမတရင့်သီးစွာ ပြောဆိုဆက်ဆံသည်။ သူသည် ဒေါသထွက်ကာ အလုပ်မှထွက်လိုခဲ့သည်။ အကြီးအကဲက အဘယ်အရာကိုမျှ အလျင်စလိုမပြုလုပ်ဖို့ ပြောသည်။ မန်နေဂျာ၏ မမျှမတဆက်ဆံမှုအပေါ် ညီအစ်မ၏ ဒေါသတကြီးတုံ့ပြန်မှုက အခြေအနေကို ပို၍ပင်ဆိုးသွားစေနိုင်ကြောင်း သူသိသည်။ (တိတု ၃:၁-၃) သူမသည် နောက်ထပ်အလုပ်တစ်ခုကို ရှာတွေ့ဦးတော့ မမျှမတဆက်ဆံခံရမှုအပေါ် သူမ၏တုံ့ပြန်ပုံကို ပြောင်းလဲရမည်ဖြစ်ကြောင်း အကြီးအကဲက ထောက်ပြခဲ့သည်။ ယေရှုသင်ပေးခဲ့သည့်အတိုင်း မိမိအားဆက်ဆံစေလိုသည့်နည်းဖြင့် မန်နေဂျာကိုဆက်ဆံရန် အကြံပေးခဲ့သည်။ (လုကာ ၆:၃၁ ကိုဖတ်ပါ။) ညီအစ်မသည် ကြိုးစားလုပ်ဆောင်ရန် သဘောတူခဲ့သည်။ အဘယ်ရလဒ်ရရှိခဲ့သနည်း။ အချိန်အတိုင်းအတာတစ်ခုကုန်လွန်သွားပြီးနောက် မန်နေဂျာ၏သဘောထားမှာ ပျော့ပြောင်းလာပြီး အလုပ်အတွက် ကျေးဇူးတင်သည်ဟုပင် ပြောခဲ့သည်။

၁၂။ ခရစ်ယာန်များအကြားရှိ သဘောထားကွဲလွဲမှုများသည် အဘယ်ကြောင့် ပို၍ထိခိုက်ခံစားရစေသနည်း။

၁၂ ခရစ်ယာန်အသင်းတော်ပြင်ပမှလူများနှင့် ထိုသို့ပြဿနာဖြစ်သောအခါ ကျွန်ုပ်တို့မအံ့သြကြပါ။ စာတန့်လောကရှိဘဝသည် မမျှမတဖြစ်လေ့ရှိကြောင်း၊ မတရားသောသူတို့ကြောင့် အမျက်မထွက်မိအောင် အပြင်းအထန်တိုက်လှန်ဖို့လိုကြောင်း ကျွန်ုပ်တို့သိထားသည်။ (ဆာ. ၃၇:၁-၁၁; ဒေ. ၈:၁၂၊ ၁၃; ၁၂:၁၃၊ ၁၄) သို့သော် ညီအစ်ကိုညီအစ်မများနှင့် ပြဿနာဖြစ်သောအခါ ပို၍ထိခိုက်ခံစားရနိုင်သည်။ သက်သေခံတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်မ အမှန်တရားကိုသိလာတဲ့အခါ ကျွန်မအတွက် ကြီးမားတဲ့အတားအဆီးက ယေဟောဝါရဲ့လူမျိုးတွေဟာ မစုံလင်ကြဘူးဆိုတဲ့အချက်ကို လက်ခံဖို့ပဲ။” အသင်းတော်ရှိသူအားလုံးသည် တစ်ဦးကိုတစ်ဦး ခရစ်ယာန်ကြင်နာမှုဖြင့် ဆက်ဆံကြမည်ဟုမျှော်လင့်ကာ ကျွန်ုပ်တို့သည် မေတ္တာခေါင်းပါးပြီး အေးတိအေးစက်နိုင်သည့် လောကမှထွက်လာကြသည်။ ထို့ကြောင့် ခရစ်ယာန်ချင်းတစ်ဦး၊ အထူးသဖြင့် အသင်းတော်တွင် တာဝန်ရထားသော ခရစ်ယာန်တစ်ဦးသည် မဆင်မခြင်ပြောဆိုခြင်း သို့မဟုတ် ခရစ်ယာန်မဆန်သည့်နည်းဖြင့် ပြုမူပါက ကျွန်ုပ်တို့အား ထိခိုက်စေပြီး အမျက်ထွက်စေနိုင်သည်။ ‘ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ဒီလိုမျိုးရှိရသလား’ ဟု ကျွန်ုပ်တို့ မေးပေမည်။ အမှန်တွင် တမန်တော်များခေတ်က စွမ်းအားတော်ဖွားများအလယ်တွင်ပင် ထိုသို့ဖြစ်ခဲ့သည်။ (ဂလ. ၂:၁၁-၁၄; ၅:၁၅; ယာ. ၃:၁၄၊ ၁၅) ကျွန်ုပ်တို့ကိုထိခိုက်သည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။

၁၃။ သဘောထားကွဲလွဲမှုများကို အဘယ်ကြောင့်ဖြေရှင်းသင့်သနည်း၊ မည်သို့ ဖြေရှင်းသင့်သနည်း။

၁၃ “ကျွန်မကို ထိခိုက်အောင်လုပ်တဲ့သူတွေအတွက် ဆုတောင်းပေးဖို့ သင်ယူခဲ့တယ်။ ဒါက အမြဲအကူအညီဖြစ်စေတယ်” ဟု အထက်တွင်ဖော်ပြခဲ့သော ညီအစ်မကပြောခဲ့သည်။ ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ကျွန်ုပ်တို့ကို ညှဉ်းဆဲသူများအတွက် ဆုတောင်းပေးဖို့ ယေရှုသင်ပေးခဲ့သည်။ (မ. ၅:၄၄) ကျွန်ုပ်တို့၏ ညီအစ်ကိုညီအစ်မများအတွက်ဆိုလျှင် ပို၍ပင်ဆုတောင်းပေးသင့်သည်မဟုတ်လော။ မိမိ၏သားသမီးများအား တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင်ရှိစေလိုသော ဖခင်တစ်ဦးကဲ့သို့ပင် ယေဟောဝါသည် မြေကြီးပေါ်ရှိ မိမိ၏ကျေးကျွန်များ တစ်ဦးကိုတစ်ဦး ချစ်ခင်စေလိုတော်မူသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်ငြိမ်းချမ်းစွာ ထာဝစဉ်အတူတကွနေထိုင်ဖို့ မျှော်လင့်လျက်ရှိပြီး ယေဟောဝါသည် ကျွန်ုပ်တို့အား ထိုအတိုင်းပြုလုပ်ရန် ယခုပင်သွန်သင်ပေးလျက်ရှိသည်။ မိမိ၏အမှုတော်မြတ်တွင် ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ကိုယ်တော်အလိုရှိသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်း သို့မဟုတ် ပြစ်မှားမှုများကို “သည်းခံ” ပြီး ဆက်လက်စည်းလုံးနေကြပါစို့။ (သု. ၁၉:၁၁ ကိုဖတ်ပါ။) ပြဿနာများ ပေါ်ပေါက်လာသောအခါ ညီအစ်ကိုများကို ရှောင်ဖယ်နေမည့်အစား ယေဟောဝါ၏ “ထာဝရလက်ရုံးတော်” အောက် လုံခြုံစွာကာကွယ်ခံရသည့် ဘုရားသခင့်လူမျိုးအလယ်တွင် ဆက်ရှိနေနိုင်ဖို့ တစ်ဦးကိုတစ်ဦး ကူညီဖေးမသင့်သည်။—တရား. ၃၃:၂၇

လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့ခြင်းက ရလဒ်ကောင်းများရရှိစေ

၁၄။ စိတ်ဝမ်းကွဲစေသောသြဇာကို ကျွန်ုပ်တို့ မည်သို့တွန်းလှန်နိုင်သနည်း။

၁၄ သတင်းကောင်းဖြန့်ဝေခြင်းကို တားဆီးရန် စာတန်နှင့်နတ်ဆိုးများသည် ပျော်ရွှင်သောမိသားစုများနှင့် အသင်းတော်များကိုဖြိုခွဲရန် အစွမ်းကုန်ကြိုးစားနေသည်။ အတွင်း၌မသင့်မတင့်ကွဲပြားလျှင် ပျက်စီးမည်ကို သူတို့သိထားရာ စည်းလုံးမှုပြိုကွဲအောင် ကြိုးစားလုပ်ဆောင်နေကြသည်။ (မ. ၁၂:၂၅) သူတို့၏ အဖျက်သြဇာများကို တွန်းလှန်ရာတွင် ပေါလု၏ဆုံးမစကားကို ကောင်းစွာလိုက်နာဖို့လိုသည်– ‘သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ ဖြစ်ရမည်။’ (၂ တိ. ၂:၂၄) ကျွန်ုပ်တို့သည် ‘အသွေးအသားဖြစ်သောလူတို့နှင့် ဆိုင်ပြိုင်တွန်းလှန်နေကြသည်မဟုတ်။ နတ်ဆိုးများနှင့် ဆိုင်ပြိုင်တွန်းလှန်နေကြ’ ရသည်ကို သတိရပါ။ ဤတိုက်ပွဲတွင် အောင်မြင်ရန် “ငြိမ်သက်ခြင်းသတင်းကောင်းဟောရန် အသင့်ရှိခြင်း” အပါအဝင် ဘုရားသခင်ပြင်ဆင်ပေးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရန်လိုသည်။—ဧ. ၆:၁၂-၁၈

၁၅။ အသင်းတော်ပြင်ပမှလာသော တိုက်ခိုက်မှုများကို ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်သင့်သနည်း။

၁၅ ယေဟောဝါ၏ရန်သူများသည် အသင်းတော်ပြင်ပမှနေ၍ ကိုယ်တော်၏ငြိမ်သက်သောလူမျိုးကို အပြင်းအထန်တိုက်ခိုက်နေသည်။ ဤရန်သူအချို့သည် ယေဟောဝါသက်သေများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ပြီး အခြားသူတို့မူ သတင်းဖြန့်ချိရေးများ သို့မဟုတ် တရားရုံးများတွင် အသရေဖျက်ကြသည်။ ယေရှုက မိမိ၏နောက်လိုက်များအား ယင်းတို့ကို မျှော်လင့်ထားရန် ပြောခဲ့သည်။ (မ. ၅:၁၁၊ ၁၂) ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ ကျွန်ုပ်တို့သည် စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ “အဆိုးကိုအဆိုးဖြင့်” မတုံ့ပြန်ရပါ။—ရော. ၁၂:၁၇; ၁ ပေတရု ၃:၁၆ ကိုဖတ်ပါ။

၁၆၊ ၁၇။ အသင်းတော်တစ်ခုသည် အဘယ်ဒေါသထွက်စရာအခြေအနေကို ရင်ဆိုင်ခဲ့ကြရသနည်း။

၁၆ ကျွန်ုပ်တို့ကို စာတန် အဘယ်အရာပင်လုပ်ဆောင်ပါစေ “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူ” ခြင်းက ကောင်းသောသက်သေခံချက်တစ်ရပ် ဖြစ်နိုင်သည်။ ဥပမာ၊ ပစိဖိတ်ကျွန်းတစ်ကျွန်းမှ အသင်းတော်တစ်ခုသည် သတိရအောက်မေ့ပွဲအတွက် ခန်းမတစ်ခုကို ငှားရမ်းခဲ့သည်။ ဒေသခံချာ့ခ်ျခေါင်းဆောင်များက ယင်းကိုသိရှိသွားရာ အသင်းသားများအား ချာ့ခ်ျဝတ်ပြုမှုကျင်းပရန် ထိုအချိန်တွင်ပင် ယင်းခန်းမ၌ စုဝေးကြဖို့ ပြောခဲ့သည်။ သို့သော် ရဲအရာရှိချုပ်က ထိုခန်းမကို သက်သေခံများအား အသုံးပြုခွင့်ပေးဖို့ ချာ့ခ်ျခေါင်းဆောင်များကို အမိန့်ပေးခဲ့သည်။ သို့သော် အချိန်ကျသည့်အခါ ခန်းမသည် ချာ့ခ်ျအသင်းသားများနှင့်ပြည့်နေပြီး ဝတ်ပြုမှု စတင်နေပြီဖြစ်သည်။

၁၇ ရဲသားများက ခန်းမထဲမှလူများကို မောင်းထုတ်ဖို့စီစဉ်နေစဉ် ချာ့ခ်ျဥက္ကဋ္ဌက အကြီးအကဲတစ်ဦးထံချဉ်းကပ်လာပြီး “ဒီညနေမှာ အထူးအစီအစဉ်တစ်ခုခုများ ရှိသလား” ဟုမေးသည်။ ညီအစ်ကိုက သတိရအောက်မေ့ပွဲအကြောင်း ပြောပြသည့်အခါ “ဪ၊ ကျွန်တော်မသိလိုက်လို့ပါ” ဟုပြန်ပြောသည်။ ထိုအခါ ရဲသားတစ်ဦးက “ဒီမနက်ပဲ ခင်ဗျားကို ကျွန်တော် ပြောပြထားတာပဲ” ဟုပြောလိုက်ရာ ချာ့ခ်ျလူကြီးက ခနဲ့သောအပြုံးဖြင့် “ဒါဆို အခု ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ။ ခန်းမက ကျွန်တော်တို့လူတွေနဲ့ ပြည့်နေပြီ။ ရဲတွေနဲ့ ကျွန်တော်တို့ကို မောင်းထုတ်မလို့လား” ဟုဆိုသည်။ သက်သေခံများအား အဖျက်သမားများအဖြစ် လူများရှုမြင်သွားစေရန် ထိုသူ မလိမ့်တပတ်အကွက်ဆင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ညီအစ်ကိုများ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။

၁၈။ အမျက်နှိုးဆွခံရသည့်အခြေအနေတွင် ညီအစ်ကိုများ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း၊ အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၈ နာရီဝက်ကြာချာ့ခ်ျဝတ်ပြုမှု ကျင်းပပြီးမှသာ သတိရအောက်မေ့ပွဲကို ကျင်းပမည်ဟု သက်သေခံများက သဘောတူလိုက်သည်။ ချာ့ခ်ျဝတ်ပြုမှုသည် နာရီဝက်ထက်ကျော်သွားပြီး ချာ့ခ်ျအသင်းသားအားလုံး ထွက်သွားသည့်အခါမှသာ သတိရအောက်မေ့ပွဲကို စတင်ကျင်းပခဲ့သည်။ နောက်တစ်နေ့တွင် အစိုးရက စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အချက်အလက်များကို စစ်ဆေးပြီးနောက် ပြဿနာဖန်တီးသူမှာ သက်သေခံများမဟုတ်ဘဲ ချာ့ခ်ျဥက္ကဋ္ဌသာဖြစ်ကြောင်းကြေညာရန် ဘုတ်အဖွဲ့က ချာ့ခ်ျအား အမိန့်ချမှတ်ခဲ့သည်။ ပြဿနာများကို စိတ်ရှည်စွာကိုင်တွယ်ဖြေရှင်းခဲ့သည့်အတွက် ဘုတ်အဖွဲ့က သက်သေခံများအား ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ သက်သေခံများသည် “လူအပေါင်းတို့နှင့် အသင့်အတင့်နေထိုင်ရန်” ကြိုးစားလုပ်ဆောင်ခဲ့ခြင်းကြောင့် ရလဒ်ကောင်းများရရှိခဲ့သည်။

၁၉။ နောက်ထပ်အဘယ်အချက်က အခြားသူများနှင့် ဆက်ဆံရေးပိုကောင်းစေရန် အထောက်အကူပြုသနည်း။

၁၉ အခြားသူများနှင့် သင့်မြတ်စေရန် နောက်ထပ်အရေးပါသောအချက်မှာ နှစ်လို့ဖွယ်စကား ပြောဆိုခြင်းဖြစ်သည်။ နှစ်လို့ဖွယ်စကားမှာ အဘယ်အရာဖြစ်ပြီး ယင်းသို့ပြောတတ်အောင် မည်သို့လုပ်ဆောင်နိုင်ပုံနှင့် ယင်းသို့အမြဲပြောဆိုနိုင်ပုံတို့ကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ‘မီးခဲကိုပုံ’ ခြင်းဟူသည် အပေါ်မီး၊ အောက်မီးနှင့် အပူပေးခြင်းဖြင့် သတ္ထုများကို သန့်စင်သည့် ရှေးခေတ်သတ္ထုအရည်ကျိုနည်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား မကြင်မနာဆက်ဆံသူများကို ကြင်နာမှုတင်ပြခြင်းဖြင့် သူတို့၏သဘောထား ပျော့ပြောင်းလာကာ အရည်အသွေးကောင်းများကို တင်ပြလာစေနိုင်သည်။

သင်ရှင်းပြနိုင်သလော

• ယနေ့လောကရှိလူများသည် အဘယ်ကြောင့် ဒေါသကြီးကြသနည်း။

• ဒေါသထိန်းချုပ်ခြင်းနှင့် မထိန်းချုပ်ခြင်းတို့၏ အကျိုးဆက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အရာဖော်ပြသနည်း။

• ခရစ်ယာန်ချင်းတစ်ဦး ကျွန်ုပ်တို့ကို ထိခိုက်နာကျင်စေသောအခါ မည်သို့တုံ့ပြန်သင့်သနည်း။

• အသင်းတော်ပြင်ပမှလာသော တိုက်ခိုက်မှုများကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

ရှိမောင်နှင့်လေဝိသည် ဒေါသပေါက်ကွဲပြီးနောက် ပြန်လာကြ

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ကြင်နာမှုပြခြင်းက အခြားသူတို့၏ သဘောထားကို ပျော့ပျောင်းစေနိုင်