မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင်းတော်ကို တည်ဆောက်ပေးလျက်နေကြလော့

အသင်းတော်ကို တည်ဆောက်ပေးလျက်နေကြလော့

အသင်းတော်ကို တည်ဆောက်ပေးလျက်နေကြလော့

“အချင်းချင်း နှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့။”—၁ သက်. ၅:၁၁

၁။ ခရစ်ယာန်အသင်းသားတစ်ဦး ဖြစ်ရခြင်းမှ အဘယ်ကောင်းချီးများ ခံစားရသနည်း၊ သို့သော် အဘယ်အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သနည်း။

ခရစ်ယာန်အသင်းသားတစ်ဦး ဖြစ်ရခြင်းသည် အမှန်ပင် ထူးမြတ်သောကောင်းချီးတစ်ခု ဖြစ်သည်။ သင်၌ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ သင်သည် ကိုယ်တော်၏နှုတ်မြွက်တော်ကို လမ်းညွှန်အဖြစ် အားထားခြင်းကြောင့် ခရစ်ယာန်မဆန်သောဘဝပုံစံ၏ ဆိုးကျိုးများမှ အကာအကွယ်ရရှိသည်။ သင့်အားကောင်းမွန်ရာများကို လုပ်ဆောင်စေလိုသော မိတ်ဆွေစစ်များ သင့်တွင်ရှိသည်။ အမှန်ပင်၊ ကောင်းချီးများစွာ ရရှိထားသည်။ သို့သော် ခရစ်ယာန်အများစုသည် ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးနှင့် ရင်ဆိုင်နေကြရ၏။ သူတို့ထဲမှအချို့မှာ သမ္မာကျမ်းစာမှ ပို၍နက်နဲသောအရာများကို နားလည်သဘောပေါက်ရန် အကူအညီလိုခြင်း ဖြစ်ပေမည်။ အခြားသူတို့မှာမူ အဖျားအနာ၊ စိတ်ကျဝေဒနာ သို့မဟုတ် ပညာမဲ့သောဆုံးဖြတ်ချက်ချခဲ့၍ ဆိုးကျိုးခံစားနေရခြင်းဖြစ်ပေမည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်နှင့်ကင်းကွာနေသောလောကတွင် အသက်ရှင်နေကြရသည်။

၂။ ညီအစ်ကိုညီအစ်မများ အခက်အခဲကြုံနေရချိန်တွင် ကျွန်ုပ်တို့ ဘာလုပ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

ခရစ်ယာန်ချင်းများ ဆင်းရဲဒုက္ခခံစားနေရသည်၊ ရုန်းကန်နေရသည်ကို ကျွန်ုပ်တို့တစ်ဦးမျှ မတွေ့မြင်လိုချေ။ တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ကို ခန္ဓာကိုယ်တစ်ခုနှင့် နှိုင်းယှဉ်ခဲ့ပြီး ဤသို့ပြောခဲ့သည်– “အင်္ဂါတစ်ခုသည် ဝေဒနာခံစားရလျှင် အခြားအင်္ဂါအပေါင်းတို့သည်လည်း ထပ်တူ ခံစားရ၏။” (၁ ကော. ၁၂:၁၂၊ ၂၆) ဤသို့သောအခြေအနေမျိုးတွင် ညီအစ်ကိုညီအစ်မများကိုထောက်မရန် ကျွန်ုပ်တို့ကြိုးစားသင့်သည်။ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အသင်းတော်သားများ တစ်ဦးကိုတစ်ဦးကူညီပေးခဲ့သော ကျမ်းစာမှတ်တမ်းများစွာရှိသည်။ ယင်းမှတ်တမ်းများကို ယခု ကျွန်ုပ်တို့သုံးသပ်စဉ် အလားတူနည်းလမ်းများအတိုင်း သင်မည်သို့ကူညီပေးနိုင်မည်ကို စဉ်းစားကြည့်ပါ။ သင်၏ညီအစ်ကိုညီအစ်မများ ယေဟောဝါအားဆက်လက်ဝတ်ပြုသွားရန် ကူညီပေးခြင်းအားဖြင့် ကိုယ်တော်၏အသင်းတော်ကို မည်သို့တည်ဆောက်သွားနိုင်သနည်း။

‘သူနှင့်ပေါင်းသင်းမှုပြု၏’

၃၊ ၄။ အာကုလနှင့် ပြစ်ကိလသည် အာပေါလုကို မည်သို့ကူညီပေးခဲ့သနည်း။

အာပေါလုသည် ဧဖက်မြို့တွင် စတင်နေထိုင်စဉ်တွင် သူသည် ဇွဲထက်သန်သော သတင်းကောင်းဟောပြောသူတစ်ဦး ဖြစ်နှင့်နေပြီဖြစ်သည်။ “သူသည် စွမ်းအားတော်နှင့် စိတ်ထက်သန်” သူဖြစ်ပြီး “ယေရှုနှင့်ဆိုင်သော အကြောင်းအရာများကို မှန်ကန်စွာ ဟောပြောသွန်သင်၏။ သို့သော်လည်း ယောဟန်၏နှစ်ခြင်းတရားကိုသာသိ၏” ဟု တမန်တော်ကျမ်းက ဆိုသည်။ အာပေါလုသည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်၏နာမ၌” နှစ်ခြင်းခံခြင်းနှင့်ပတ်သက်၍ မသိရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ နှစ်ခြင်းဆရာယောဟန်၏ တပည့်များမှတစ်ဆင့် သို့မဟုတ် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ မတိုင်မီက ဟောပြောခဲ့သည့် ယေရှု၏နောက်လိုက်များမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်ပေမည်။ အာပေါလုသည် ဇွဲထက်သန်သည့်ဟောပြောသူတစ်ဦးဖြစ်သော်လည်း အရေးကြီးသည့် အချို့အကြောင်းအရာများကို အပြည့်အဝနားမလည်ခဲ့ပေ။ ယုံကြည်သူချင်းများနှင့်ပေါင်းသင်းခြင်းမှ သူ မည်သို့အထောက်အကူရခဲ့သနည်း။—တ. ၁:၄၊ ၅; ၁၈:၂၅; မ. ၂၈:၁၉

ခရစ်ယာန်မောင်နှံဖြစ်သော အာကုလနှင့် ပြစ်ကိလသည် ဂျူးများစုဝေးဝတ်ပြုသည့်နေရာတွင် အာပေါလု ထက်သန်စွာဟောပြောနေသည်ကို ကြားသောအခါ သူနှင့်ပေါင်းသင်းကာ သူ့ကို ထပ်၍သွန်သင်ပေးခဲ့သည်။ (တမန်တော် ၁၈:၂၄-၂၆ ကိုဖတ်ပါ။) ယင်းသည် မေတ္တာပါသောလုပ်ရပ်ဖြစ်သည်။ ပြစ်တင်ဝေဖန်ခံရသည်ဟု အာပေါလု မခံစားရစေရန် အာကုလနှင့်ပြစ်ကိလသည် အကူအညီပေးလိုသောအမူအရာဖြင့် လိမ္မာပါးနပ်စွာ ချဉ်းကပ်ခဲ့ပေမည်။ သူသည် အစောပိုင်း ခရစ်ယာန်အသင်းတော်အကြောင်းကို မသိခဲ့ခြင်းသာဖြစ်သည်။ အရေးပါသော ဤအကြောင်းအရာများကို ပြောပြခဲ့သည့် မိတ်ဆွေသစ်များကို အာပေါလု ကျေးဇူးတင်ခဲ့မည်မှာ သေချာသည်။ ဤအကြောင်းအရာများကို သိရှိခဲ့သောကြောင့် အာပေါလုသည် အခါယပြည်မှ ညီအစ်ကိုများကို “များစွာကူညီပေး” ခဲ့ပြီး ထိထိရောက်ရောက်သက်သေခံခဲ့သည်။—တ. ၁၈:၂၇၊ ၂၈

၅။ ကြေညာသူများစွာသည် အဘယ်မေတ္တာပါသော အကူအညီကို ပေးနေကြသနည်း၊ အဘယ်ရလဒ်ရရှိသနည်း။

ယနေ့ ခရစ်ယာန်အသင်းတော်ရှိ များစွာသောသူတို့သည် သမ္မာကျမ်းစာကိုနားလည်ရန် မိမိတို့အား ကူညီပေးခဲ့သူတို့ကို အလွန်ကျေးဇူးတင်လေးမြတ်ကြသည်။ ကျမ်းစာသင်သားနှင့် သင်ပေးသူတို့ကြားတွင် ခိုင်မြဲသည့်ရင်းနှီးမှုများ ဖြစ်စေခဲ့သည်။ အခြေအနေအများစုတွင် အမှန်တရားကို လူတို့နားလည်စေရန်ကူညီပေးရာ၌ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ထံပုံမှန်သွားရန်လိုသည်။ သို့သော် နိုင်ငံတော်ကြေညာသူများသည် ထိုသို့ကိုယ်ကျိုးစွန့်ရန် တလိုတလားရှိကြသည်၊ အကြောင်းမှာ ယင်းသည် သေရေးရှင်ရေးကိစ္စဖြစ်ကြောင်း သူတို့သိထား၍ဖြစ်သည်။ (ယော. ၁၇:၃) ထို့ပြင် လူများ အမှန်တရားကိုလက်ခံပြီး ယင်းနှင့်အညီနေထိုင်ကာ မိမိတို့၏အသက်တာကို ယေဟောဝါအလိုတော်ဆောင်ရန် အသုံးပြုကြသည်ကို မြင်တွေ့ရခြင်းက အလွန်စိတ်ရွှင်လန်းစရာပင်။

“အသရေရှိသူဖြစ်၏”

၆၊ ၇။ (က) ပေါလုသည် အဘယ်ကြောင့် တိမောသေကို ခရီးသွားဖော်အဖြစ် ရွေးချယ်ခဲ့သနည်း။ (ခ) ပေါလု၏အကူအညီဖြင့် တိမောသေ မည်သည့်တိုးတက်မှုရလဒ် ရရှိခဲ့သနည်း။

ဒုတိယ ခရစ်ယာန်သာသနာပြုခရီးစဉ်တွင် တမန်တော်ပေါလုနှင့် သိလသည် လုတ္တရမြို့သို့လည်ပတ်စဉ် အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်တိမောသေကို တွေ့ခဲ့ကြသည်။ “တိမောသေသည် လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်၏။” တိမောသေ၏မိခင် ဥနိတ်နှင့် အဘွားလောဣတို့မှာ အပ်နှံထားသောခရစ်ယာန်များဖြစ်သော်လည်း ဖခင်မှာ မယုံကြည်သူဖြစ်သည်။ (၂ တိ. ၁:၅) ပေါလုသည် လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏ပထမခရီးစဉ်တွင် ဤမိသားစုနှင့် သိကျွမ်းခဲ့ခြင်းဖြစ်ပေမည်။ သို့သော် ယခု တမန်တော်သည် ထူးခြားသောလူငယ်တိမောသေကို အထူးစိတ်ဝင်စားမှုပြခဲ့သည်။ ထို့ကြောင့် ဒေသခံအကြီးအကဲအဖွဲ့၏ ထောက်ခံချက်ဖြင့် တိမောသေသည် ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် ပေါလုကို ကူညီပေးသူဖြစ်လာသည်။—တမန်တော် ၁၆:၁-၃ ကိုဖတ်ပါ။

တိမောသေသည် မိမိ၏အသက်ကြီးသော အဖော်ထံမှ များစွာသင်ယူရမည်ဖြစ်သည်။ သူ အမှန်ပင်သင်ယူခဲ့ရာ အချိန်တန်သော် ပေါလုသည် တိမောသေအား မိမိ၏ကိုယ်စားလှယ်အဖြစ် အသင်းတော်များထံသို့သွားရောက်လည်ပတ်ရန် ယုံကြည်စိတ်ချစွာ စေလွှတ်ခဲ့သည်အထိ တိုးတက်ခဲ့သည်။ တိမောသေသည် ၁၅ နှစ် သို့မဟုတ် ထို့ထက်မက ပေါလုနှင့်ပေါင်းသင်းခွင့်ရခဲ့ပြီး အတွေ့အကြုံနုနယ်၍ အရှက်အကြောက်ကြီးပုံရသည့် လူငယ်လေးသည် အလွန်တော်သော ကြီးကြပ်မှူးတစ်ဦး ဖြစ်လာသည်။—ဖိ. ၂:၁၉-၂၂; ၂ တိ. ၁:၃

၈၊ ၉။ ညီအစ်ကိုညီအစ်မများသည် လူငယ်များကို အားပေးရန် အဘယ်အရာ ပြုလုပ်နိုင်သနည်း၊ ဥပမာပေးပါ။

ယနေ့ ခရစ်ယာန်အသင်းတော်မှ လူငယ်မောင်မယ်များသည် တိုးတက်ရန် အလွန်အလားအလာရှိသည်။ သူတို့ကိုအားပေးကာ ပုံသက်သေကောင်းပြမည်ဆိုလျှင် သူတို့သည် တိုးတက်ရန်ကြိုးစားကာ ယေဟောဝါ၏လူမျိုးအလယ်တွင် သာ၍ကြီးသောတာဝန်များကို လက်ခံနိုင်ကြမည်ဖြစ်သည်။ သင့်အသင်းတော်ကို ကြည့်လိုက်ပါ။ တိမောသေကဲ့သို့ အမှုဆောင်လိုသူ လူငယ်များကို သင်တွေ့ပါသလော။ သင့်အကူအညီနှင့် အားပေးမှုဖြင့် သူတို့သည် ရှေ့ဆောင်များ၊ ဗေသလအိမ်သားများ၊ ခရစ်ယာန်သာသနာပြုများ သို့မဟုတ် နယ်လှည့်ကြီးကြပ်မှူးများ ဖြစ်လာနိုင်သည်။ ထိုသို့သောပန်းတိုင်များချမှတ်ကာ တက်လှမ်းရန် သူတို့ကို သင်မည်သို့ ကူညီပေးနိုင်သနည်း။

ဗေသလအိမ်သားတစ်ဦးဖြစ်သည်မှာ အနှစ် ၂၀ ရှိပြီဖြစ်သော မာတင်သည် လွန်ခဲ့သောအနှစ် ၃၀ က တိုက်နယ်ကြီးကြပ်မှူးနှင့် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်နေစဉ် မိမိအပေါ်ပြသခဲ့သောစိတ်ဝင်စားမှုကို ကျေးဇူးတင်လေးမြတ်စွာ ပြန်အမှတ်ရသည်။ မိမိလူငယ်ဘဝက ဗေသလ၌အမှုဆောင်ခဲ့သည့်အကြောင်းကို တိုက်နယ်ကြီးကြပ်မှူးက စိတ်အားထက်သန်စွာ ပြန်ပြောပြခဲ့သည်။ မာတင်ကိုလည်း ယေဟောဝါ၏အဖွဲ့အစည်းတွင် အလားတူအသုံးတော်ခံနိုင်မည်လောဆိုသည်ကို သုံးသပ်ရန် အားပေးခဲ့သည်။ မမေ့နိုင်သည့် ယင်းစကားစမြည်ပြောဆိုမှုက နောက်ပိုင်း သူရွေးချယ်ခဲ့ရာအပေါ် များစွာအကျိုးသက်ရောက်ခဲ့သည်ဟု မာတင်ခံစားခဲ့ရသည်။ ဝတ်ပြုရေးနှင့်ဆက်နွှယ်သောပန်းတိုင်များအကြောင်း လူငယ်များနှင့်ပြောဆိုခြင်းသည် သူတို့အတွက် မည်မျှအထိအကူအညီဖြစ်စေမည်ဆိုသည်ကို မည်သူသိနိုင်မည်နည်း။

‘စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆိုပါ’

၁၀။ ဧပဖြောဒိတ် မည်သို့ခံစားခဲ့ရသနည်း၊ အဘယ်ကြောင့်နည်း။

၁၀ ယုံကြည်ခြင်းကြောင့်အကျဉ်းကျနေသော ပေါလုထံလည်ပတ်ရန် ဧပဖြောဒိတ်သည် ဖိလိပ္ပိမှရောမသို့ မောပန်းနွမ်းနယ်စေသော ခရီးရှည်ကိုနှင်ခဲ့သည်။ သူသည် ဖိလိပ္ပိအသင်းတော်၏တမန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ပေါလုအတွက် သူတို့၏လက်ဆောင်များကို ယူလာပေးရုံသာမက ပေါလု၏ခက်ခဲသောအခြေအနေတွင် အတတ်နိုင်ဆုံးကူညီပေးရန် စီစဉ်ထားသည်။ သို့သော် ရောမတွင်ရှိစဉ် ဧပဖြောဒိတ်သည် “သေလုနီးပါး ဖျားနာခဲ့” သည်။ မိမိတာဝန်မကျေဟုခံစားရခြင်းကြောင့် ဧပဖြောဒိတ်သည် အကြီးအကျယ်စိတ်အားငယ်ခဲ့သည်။—ဖိ. ၂:၂၅-၂၇

၁၁။ (က) အသင်းတော်ရှိအချို့သူတို့သည် စိတ်ကျဝေဒနာခံစားနေရသည်ဆိုလျှင် အဘယ်ကြောင့် မအံ့သြသင့်သနည်း။ (ခ) ဧပဖြောဒိတ်၏ဖြစ်ရပ်တွင် အဘယ်အရာပြုလုပ်ရန် ပေါလု အားပေးခဲ့သနည်း။

၁၁ ဖိစီးမှုအမျိုးမျိုးကြောင့် ယနေ့လူများစွာသည် စိတ်ကျဝေဒနာ ခံစားရနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် လူ ၅ ဦးလျှင် ၁ ဦးသည် သူတို့အသက်တာ၏ တစ်ချိန်ချိန်တွင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စိတ်ကျဝေဒနာကို ခံစားနေရကြောင်း ဖော်ပြသည်။ ယေဟောဝါသက်သေများပင်လျှင် စိတ်ကျဝေဒနာ ခံစားရနိုင်သည်။ မိသားစုကိုကျွေးမွေးထောက်ပံ့ရာတွင် အခက်ကြုံရခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ မိမိကိုယ်တိုင်၏အမှားကြောင့် သို့မဟုတ် အခြားအကြောင်းရင်းများကြောင့်လည်း စိတ်ဓာတ်ကျနိုင်သည်။ ဧပဖြောဒိတ်ကို အကူအညီပေးရန် ဖိလိပ္ပိအသင်းသားများ အဘယ်အရာပြုလုပ်နိုင်ခဲ့သနည်း။ ပေါလု ဤသို့ရေးခဲ့သည်– “သခင်၏နောက်လိုက်များကို ကြိုဆိုလေ့ရှိသည့်အတိုင်း သူ့ကိုလည်း ဝမ်းသာအားရကြိုဆိုကြလော့။ ထိုသို့သောသူတို့ကို မြတ်နိုးကြလော့။ အကြောင်းမူကား ငါ့အတွက် သင်တို့မလုပ်ဆောင်ပေးနိုင်သောအမှုကို သူသည် သင်တို့ကိုယ်စား အပြည့်အ၀ လုပ်ဆောင်ပေးနိုင်ရန် အသက်အန္တရာယ်ကိုမမှုဘဲ သခင်၏အမှုတော်ကြောင့် သေလုနီးပါးဖြစ်ခဲ့၏။”—ဖိ. ၂:၂၉၊ ၃၀

၁၂။ စိတ်ကျဝေဒနာခံစားနေရသူများကို ကျွန်ုပ်တို့ မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၁၂ ကျွန်ုပ်တို့လည်း စိတ်ပျက်အားလျော့နေသော သို့မဟုတ် စိတ်ကျဝေဒနာခံစားနေရသော ညီအစ်ကိုညီအစ်မများကို အားပေးသင့်သည်။ ယေဟောဝါ၏အမှုတော်တွင် သူတို့လုပ်ဆောင်ရာများနှင့်ပတ်သက်၍ ချီးမွမ်းပြောဆိုနိုင်ရာများရှိမည်မှာ သေချာသည်။ ခရစ်ယာန်တစ်ဦးဖြစ်လာရန် သို့မဟုတ် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်နိုင်ရန် သူတို့၏အသက်တာတွင် အကြီးအကျယ်ပြောင်းလဲခဲ့ရပေမည်။ ထိုသို့သော ကြိုးစားအားထုတ်မှုများကို ကျွန်ုပ်တို့လေးမြတ်ကြပြီး ယေဟောဝါလည်း လေးမြတ်မည်ဖြစ်ကြောင်း သူတို့ကို စိတ်ချစေနိုင်သည်။ သစ္စာရှိသူအချို့သည် အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် ကျန်းမာရေးပြဿနာကြောင့် ယခင်က လုပ်ဆောင်ခဲ့သလောက် မလုပ်နိုင်တော့လျှင်ပင် အမှုတော်တွင် ပါဝင်ခဲ့သည့်နှစ်များအတွက် သူတို့ကို လေးစားထိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ယေဟောဝါသည် သစ္စာရှိသူများအားလုံးကို ဤသို့တိုက်တွန်းခဲ့သည်– ‘စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆိုလျက် အားနည်းသောသူတို့ကို ထောက်မပြီး ရှိသမျှသောသူတို့ကို စိတ်ရှည်ကြလော့။’—၁ သက်. ၅:၁၄

‘ကြင်နာစွာခွင့်လွှတ်၍ နှစ်သိမ့်အားပေးပါ’

၁၃၊ ၁၄။ (က) ကောရိန္သုအသင်းတော်တွင် အဘယ်အရေးကြီးသည့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) နှင်ထုတ်ခြင်းက အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။

၁၃ ပထမရာစု ကောရိန္သုအသင်းတော်တွင် နောင်တမယူဘဲ မတရားမေထုန် ပြုကျင့်နေသူတစ်ဦးရှိသည်။ သူ၏အပြုအမူက အသင်းတော်၏သန့်ရှင်းမှုကို ထိခိုက်ပြီး မယုံကြည်သူများကြား၌ပင် ထိတ်လန့်စရာသတင်းဖြစ်နေသည်။ ထို့ကြောင့် ပေါလုက ထိုသူကို အသင်းတော်မှနှင်ထုတ်ရန် အတည့်အလင်းညွှန်ကြားခဲ့သည်။—၁ ကော. ၅:၁၊ ၇၊ ၁၁-၁၃

၁၄ ထိုသို့သောဆုံးမမှုက အကျိုးရှိခဲ့သည်။ အသင်းတော်သည် ယိုယွင်းသောသြဇာလွမ်းမိုးမှုမှ အကာအကွယ်ရခဲ့ပြီး အပြစ်ပြုသူသည် မိမိ၏အမှားကို သိမြင်လာကာ စိတ်ရင်းမှန်ဖြင့် နောင်တရခဲ့သည်။ ထိုသူသည် နောင်တရကြောင်းတင်ပြသည့်အတွက် ပေါလု၏ဒုတိယစာတွင် သူ့ကို ပြန်လက်ခံသင့်သည်ဟု ဖော်ပြထားသည်။ သို့သော် ထိုမျှနှင့်မလုံလောက်ချေ။ ပေါလုသည် အသင်းတော်ကို ဤသို့တိုက်တွန်းခဲ့၏– “[နောင်တရသောအပြစ်သားကို] ကြင်နာစွာခွင့်လွှတ်၍ နှစ်သိမ့်အားပေးသင့်၏။ သို့မဟုတ်လျှင် ထိုသူသည် ဖြေမဆည်နိုင်အောင် အလွန်ဝမ်းနည်းလိမ့်မည်။”—၂ ကောရိန္သု ၂:၅-၈ ကိုဖတ်ပါ။

၁၅။ အသင်းတော်တွင် ပြန်လက်ခံထားသော နောင်တရသည့် အမှားပြုသူများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။

၁၅ ဤမှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ တစ်စုံတစ်ဦးနှင်ထုတ်ခံရခြင်းက ကျွန်ုပ်တို့ကို ဝမ်းနည်းစေနိုင်သည်။ ထိုသူသည် ဘုရားသခင့်နာမတော်၏ဂုဏ်အသရေကို ညှိုးနွမ်းစေပြီး အသင်းတော်ကို အသရေပျက်စေပေမည်။ ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်ရေးအရ ပြစ်မှားခြင်းပင် ဖြစ်နိုင်သည်။ သို့တိုင် ဤကိစ္စကိုကိုင်တွယ်ရန် တာဝန်ရှိသောအကြီးအကဲက ယေဟောဝါ၏လမ်းညွှန်ချက်နှင့်အညီ အပြစ်ပြုသူကိုပြန်လက်ခံသင့်သည်ဟု ဆုံးဖြတ်လျှင် ယင်းက သူ့ကိုယေဟောဝါခွင့်လွှတ်ပြီဖြစ်ကြောင်း ဖော်ပြသည်။ (မ. ၁၈:၁၇-၂၀) ကိုယ်တော့်ကို ကျွန်ုပ်တို့ မတုပသင့်ပေလော။ ခက်ထန်စွာဆက်ဆံခြင်းနှင့် ခွင့်မလွှတ်ခြင်းက ယေဟောဝါကို အမှန်ပင် ဆန့်ကျင်နေခြင်းဖြစ်သည်။ ယင်းအစား ကျွန်ုပ်တို့သည် ဘုရားသခင့်အသင်းတော်ကို ငြိမ်သက်စည်းလုံးစေရန်နှင့် ယေဟောဝါ၏ မျက်နှာသာရရန်အလို့ငှာ စစ်မှန်သောနောင်တရ၍ ပြန်လက်ခံထားသောအပြစ်ပြုသူကို ‘ချစ်ကြောင်းသက်သေပြ’ သင့်သည်မဟုတ်လော။—မ. ၆:၁၄၊ ၁၅; လု. ၁၅:၇

“သူသည် ငါ့အတွက် အသုံးဝင်သောသူဖြစ်၏”

၁၆။ ပေါလုသည် မာကုကို အဘယ်ကြောင့် စိတ်ပျက်ခဲ့သနည်း။

၁၆ နောက်ကျမ်းစာမှတ်တမ်းတစ်ခုက ကျွန်ုပ်တို့ကို စိတ်ပျက်စေသူများအား အငြိုးမထားသင့်ကြောင်း ဖော်ပြသည်။ ဥပမာ၊ ယောဟန်မာကုသည် တမန်တော်ပေါလုကို အလွန်စိတ်ပျက်စေခဲ့သည်။ မည်သို့အားဖြင့်နည်း။ ပေါလုနှင့် ဗာနဗသည် ပထမခရစ်ယာန်သာသနာပြုခရီးစဉ်ကို စတင်သောအခါ မာကုသည် သူတို့ကိုကူညီရန် အတူလိုက်ပါသွားခဲ့သည်။ သို့သော် တစ်နေရာသို့ရောက်သောအခါ ဖော်ပြမထားသောအကြောင်းတစ်ခုကြောင့် ယောဟန်မာကုသည် သူတို့ကိုထားရစ်ကာ အိမ်သို့ပြန်သွားခဲ့သည်။ ဤလုပ်ရပ်ကြောင့် ပေါလု အလွန်စိတ်ပျက်ခဲ့ရာ ဒုတိယခရီးစဉ်အတွက် အစီအစဉ်ဆွဲသောအခါ မာကုကို ပြန်ခေါ်သင့်၊ မခေါ်သင့်နှင့်ပတ်သက်၍ ဗာနဗနှင့် အငြင်းပွားခဲ့သည်။ ပထမခရီးစဉ်တွင်ဖြစ်ပျက်ခဲ့ရာကြောင့် ပေါလုသည် မာကုကို မခေါ်လိုချေ။—တမန်တော် ၁၃:၁-၅၊ ၁၃; ၁၅:၃၇၊ ၃၈ တို့ကိုဖတ်ပါ။

၁၇၊ ၁၈။ မာကုနှင့် ပေါလုအကြားရှိ ပြဿနာပြေလည်သွားကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၇ မာကုသည် ဗာနဗနှင့်အတူ အခြားဒေသတစ်ခုတွင် ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့သည်ကိုကြည့်ခြင်းဖြင့် မာကုသည် ပေါလု၏ငြင်းပယ်မှုကို ခံရသော်လည်း အလွန်အမင်း စိတ်မပျက်ခဲ့ကြောင်း ကျွန်ုပ်တို့ ပြောနိုင်သည်။ (တ. ၁၅:၃၉) နောက်ပိုင်းနှစ်များတွင် သူ့အကြောင်း ပေါလုရေးသားချက်အရ သူသည် သစ္စာရှိ၍ ယုံကြည်စိတ်ချထိုက်ကြောင်း တင်ပြခဲ့သူဖြစ်သည်။ ပေါလု ရောမ၌ အကျဉ်းကျနေချိန်တွင် တိမောသေကို စာဖြင့်ခေါ်ခဲ့သည်။ ထိုစာ၌ပင် ပေါလုက “မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အကြောင်းမူကား အမှုတော်ဆောင်ရာတွင် သူသည် ငါ့အတွက် အသုံးဝင်သောသူဖြစ်၏” ဟုပြောခဲ့သည်။ (၂ တိ. ၄:၁၁) မှန်ပါသည်၊ ပေါလု၏အမြင်တွင် မာကုသည် ကောင်းစွာတိုးတက်နေပြီဖြစ်သည်။

၁၈ ဤဖြစ်ရပ်မှ သင်ယူစရာရှိသည်။ မာကုသည် ခရစ်ယာန်သာသနာပြုကောင်းတစ်ဦး၏ အရည်အသွေးများကို တင်ပြခဲ့သည်။ ပေါလု၏အစောပိုင်းငြင်းပယ်မှုကြောင့် သူလက်မလျော့ခဲ့ပေ။ ထိုသူနှစ်ဦးတို့သည် ရင့်ကျက်သူများဖြစ်သောကြောင့် သူတို့အကြားတွင် မပြေနိုင်သောရန်ငြိုးဟူ၍မရှိပေ။ ယင်းအစား မာကုသည် အားထားရသောအကူတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် ပေါလု အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုညီအစ်မများကြားရှိ ပြဿနာများကို ဖြေရှင်းပြီးနောက် ဆက်လုပ်ဆောင်သင့်သည့်အရာမှာ ပြဿနာအပေါ် ဆက်၍အာရုံမစိုက်ဘဲ အမှန်တရားတွင် အခြားသူများ ဆက်တိုးတက်နေဖို့ ကူညီပေးခြင်းဖြစ်သည်။ အခြားသူများ၏အားသာချက်များကို အသိအမှတ်ပြုခြင်းသည် အသင်းတော်ကို တည်ဆောက်ခြင်းဖြစ်သည်။

အသင်းတော်နှင့် အသင်

၁၉။ ခရစ်ယာန်အသင်းတော်ရှိသူအားလုံးသည် တစ်ဦးကိုတစ်ဦး အဘယ်အကူအညီပေးနိုင်ကြသနည်း။

၁၉ ဤ “ခက်ခဲကျပ်တည်းသောကာလ” တွင် သင်သည် အသင်းတော်ရှိညီအစ်ကို ညီအစ်မများ၏အကူအညီလိုအပ်သကဲ့သို့ သူတို့လည်း သင်၏အကူအညီလိုအပ်ကြသည်။ (၂ တိ. ၃:၁) ခရစ်ယာန်တစ်ဦးစီသည် မိမိတို့၏အခြေအနေကို အောင်မြင်စွာ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အမြဲသိရှိကြမည်မဟုတ်သော်လည်း ယေဟောဝါသိရှိတော်မူသည်။ သို့ဖြစ်၍ ကိုယ်တော်သည် အခြားသူများ မှန်ကန်သည့်လမ်းစဉ်ကို လိုက်လျှောက်နိုင်ရန် ကူညီပေးဖို့ သင်အပါအဝင် အသင်းတော်ရှိတစ်ဦးဦးကို အသုံးပြုနိုင်သည်။ (ဟေရှာ. ၃၀:၂၀၊ ၂၁; ၃၂:၁၊ ၂) ထို့ကြောင့် တမန်တော်ပေါလု၏ ဤတိုက်တွန်းအားပေးချက်ကို ဆက်၍လိုက်နာပါလေ– “အချင်းချင်းနှစ်သိမ့်၍ တည်ဆောက်ပေးလျက်နေကြလော့။”—၁ သက်. ၅:၁၁

သင်မည်သို့ဖြေဆိုမည်နည်း

• ခရစ်ယာန်အသင်းတော်တွင် အခြားသူများကို အဘယ်ကြောင့် တည်ဆောက်ပေးဖို့လိုသနည်း။

• အခြားသူများ၏ မည်သို့သောအခက်အခဲများကို သင်ကူညီဖြေရှင်းပေးနိုင်သနည်း။

• အသင်းတော်ရှိအခြားသူတို့၏အကူအညီကို ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

ခရစ်ယာန်ချင်းတစ်ဦး အခက်အခဲနှင့် ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့ ကူညီပေးနိုင်

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ယနေ့ ခရစ်ယာန်အသင်းတော်မှ လူငယ်မောင်မယ်များသည် တိုးတက်ရန် အလွန်အလားအလာရှိ