မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ဖက်၏သစ္စာမဲ့မှုကို ရင်ဆိုင်ဖြေရှင်းခြင်း

အိမ်ထောင်ဖက်၏သစ္စာမဲ့မှုကို ရင်ဆိုင်ဖြေရှင်းခြင်း

အိမ်ထောင်ဖက်၏သစ္စာမဲ့မှုကို ရင်ဆိုင်ဖြေရှင်းခြင်း

မာဂရီးတာနှင့် ရာအူးတို့သည် အချိန်ပြည့်ဓမ္မအမှုဆောင်များအဖြစ် ယေဟောဝါအား နှစ်ပေါင်းများစွာ အတူတကွအမှုဆောင်ခဲ့ကြသည်။ * သို့သော် သူတို့၏သားဦးကိုမွေးပြီးနောက် မကြာမီတွင် ရာအူးသည် ယေဟောဝါနှင့် တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။ နောက်ဆုံးတွင် ရာအူးသည် အကျင့်ပျက်ဘ၀ပုံစံဖြင့် စတင်နေထိုင်ခဲ့ပြီး ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသည်။ “ဒါတွေဖြစ်ပျက်လာတဲ့အခါ ကျွန်မသေလုမတတ် ခံစားခဲ့ရတယ်။ ကျွန်မအရမ်းဝမ်းနည်းခဲ့ရပြီး ဘာဆက်လုပ်ရမှန်းမသိတော့ဘူး” ဟု မာဂရီးတာ ပြောပြသည်။

လက်ထပ်ပြီးသိပ်မကြာမီတွင် ဂျိန်း၏ခင်ပွန်းသည် သူမ၏ယုံကြည်မှုနှင့် မေတ္တာကို အခြားနည်းဖြင့် သစ္စာမဲ့ခဲ့သည်။ သူမကို ရိုက်နှက်ခဲ့သည်။ “သူ ကျွန်မကို ပထမဆုံးအကြိမ် လက်သီးနဲ့ထိုးခဲ့တုန်းက ကျွန်မကြောင်သွားပြီး ရှက်လည်းရှက်၊ သိမ်ငယ်စိတ်လည်းဝင်ခဲ့တယ်။ သူက ကျွန်မကို ရိုက်နှက်လိုက်၊ ပြီးရင်ပြန်တောင်းပန်လိုက်နဲ့ ဒါက ထုံးစံလိုဖြစ်လာတယ်။ ခွင့်လွှတ်ဖို့နဲ့ မေ့ပစ်လိုက်ဖို့က ကျွန်မရဲ့ ခရစ်ယာန်တာဝန်ပဲလို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ရဲ့ပြဿနာကို အကြီးအကဲတွေအပါအဝင် အသင်းတော်မှာရှိတဲ့သူတစ်ယောက်ယောက်ကို ပြောပြတာက သစ္စာမဲ့တာပဲလို့ ကျွန်မယူဆခဲ့တယ်။ ဒီလိုပဲ ရိုက်လိုက်၊ ခွင့်လွှတ်လိုက်နဲ့ နှစ်တွေအတော်ကြာသွားတယ်။ ဒီအတောအတွင်းမှာ ကျွန်မယောက်ျား ကျွန်မကို ချစ်လာအောင် တစ်ခုခုလုပ်နိုင်ခဲ့မယ်လို့ ကျွန်မထင်ခဲ့တယ်။ နောက်ဆုံး သူ ကျွန်မနဲ့သမီးကို စွန့်ပစ်သွားတဲ့အခါမှာတောင် ကျွန်မတို့ရဲ့အိမ်ထောင် ဆက်တည်မြဲဖို့ ကျွန်မပြောသင့်တာကို မပြောခဲ့၊ လုပ်သင့်တာကို မလုပ်နိုင်ခဲ့ဘူးလို့ ခံစားခဲ့ရတယ်” ဟု ဂျိန်းကပြောပြသည်။

သင်သည် မာဂရီးတာနှင့် ဂျိန်းကဲ့သို့ ခင်ပွန်း၏သစ္စာမဲ့မှုကြောင့် စိတ်လှုပ်ရှားမှုတွင်၊ ငွေရေးကြေးရေးတွင်နှင့် ယုံကြည်ခြင်းတွင် အခက်အခဲကြုံနေရသူဖြစ်ပေမည်။ သို့မဟုတ် သင့်ဇနီး၏သစ္စာမဲ့မှုကြောင့် စိတ်နာကျင်မှုနှင့် အခက်အခဲများကို ခံစားနေရသည့် ခင်ပွန်းသည်ဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ကျမ်းစာကြိုဟောထားသည့်အတိုင်း အမှန်ပင် “ခက်ခဲကျပ်တည်းသောကာလ” တွင် အသက်ရှင်နေကြရ၏။ “နောက်ဆုံးသောနေ့ရက်များ” တွင် မိသားစုချစ်ခင်စုံမက်မှု လုံးလုံးကင်းမဲ့ကာ မိသားစုစည်းလုံးမှုများ ထိခိုက်ခံရမည်ဖြစ်ကြောင်း၊ အချို့သူတို့က ဘုရားသခင်ကို အယောင်ဆောင် ဝတ်ပြုကိုးကွယ်ကြမည်ဖြစ်ကြောင်း ဤပရောဖက်ပြုချက်က ဖော်ပြသည်။ (၂ တိ. ၃:၁-၅) ခရစ်ယာန်စစ်များလည်း ဤပြဿနာများနှင့် မလွတ်ကင်းကြပါ၊ ထို့ကြောင့် သင်သစ္စာဖောက်ခံရပါက ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် အဘယ်အရာက သင့်ကို ကူညီပေးနိုင်သနည်း။

ယေဟောဝါ သင့်ကိုရှုမြင်သကဲ့သို့ရှုမြင်ပါ

အစပိုင်းတွင် သင်ချစ်ရသူတစ်ဦးက သင့်ကို အလွန်ဆိုးဆိုးဝါးဝါး ဆက်ဆံသည်ကို မယုံနိုင် ဖြစ်ပေမည်။ အိမ်ထောင်ဖက်၏အပြစ်ရှိလုပ်ရပ်အတွက် သင့်ကိုသင်ပင် စတင်အပြစ်တင်လာပေမည်။

စုံလင်သူယေရှုပင်လျှင် ယုံကြည်ချစ်ခင်ရသူတစ်ဦး၏ သစ္စာဖောက်မှုကို ခံခဲ့ရကြောင်း သတိရပါ။ ယေရှုသည် မိမိ၏ရင်းနှီးသောမိတ်ဆွေဖြစ်သည့် တမန်တော်များကို အသေအချာစဉ်းစားပြီး ဆုတောင်း၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ထိုသူ ၁၂ ဦးစလုံးသည် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များဖြစ်၏။ ထို့ကြောင့် ယုဒသည် “ကိုယ်တော်ကိုအပ်နှံသူ” ဖြစ်သွားသောအခါ ယေရှု အလွန်ဝမ်းနည်းခဲ့မည်မှာသေချာသည်။ (လု. ၆:၁၂-၁၆) သို့သော် ယေဟောဝါသည် ယုဒ၏လုပ်ရပ်အတွက် ယေရှုအား အပြစ်မတင်ခဲ့ပါ။

လက်ရှိအချိန်တွင် မည်သည့်အိမ်ထောင်ဖက်မျှ မစုံလင်ကြပါ။ အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် အမှားပြုလုပ်ကြမည်ဖြစ်သည်။ ဆာလံဆရာသည် စွမ်းအားတော်တိုက်တွန်းမှုဖြင့် ဤအဖြစ်မှန်ကို ရေးသားခဲ့သည်– ‘အို၊ ယေဟောဝါ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။’ (ဆာ. ၁၃၀:၃) ယေဟောဝါကို တုပသည့်အနေနှင့် အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် အချင်းချင်း၏မစုံလင်မှုကို ခွင့်လွှတ်လိုစိတ်ရှိသင့်သည်။—၁ ပေ. ၄:၈

သို့သော် “ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်” ဖြစ်သည်။ (ရော. ၁၄:၁၂) အိမ်ထောင်ဖက်တစ်ဦးသည် ကြမ်းတမ်းစွာပြောဆို၊ ပြုမူနေသည်ဆိုလျှင် ထိုသူသည် ယေဟောဝါထံစာရင်းရှင်းရမည့် အပြစ်ရှိသူဖြစ်သည်။ ယေဟောဝါသည် ကြမ်းတမ်းရမ်းကားမှုနှင့် ကြမ်းတမ်းစွာပြောဆိုမှုကို ပြစ်တင်ရှုတ်ချထားသောကြောင့် အိမ်ထောင်ဖက်ကို မေတ္တာနှင့် လေးစားမှုကင်းမဲ့စွာ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံဖို့ ခိုင်လုံသော မည်သည့်အကြောင်းပြချက်မျှမရှိချေ။ (ဆာ. ၁၁:၅; ဧ. ၅:၃၃; ကော. ၃:၆-၈) အမှန်တွင် ခရစ်ယာန်တစ်ဦးသည် နောင်တရပြောင်းလဲခြင်းမရှိဘဲ ထပ်ခါထပ်ခါ အမျက်ထွက်နေမည်ဆိုလျှင် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရမည်ဖြစ်သည်။ (ဂလာတိ ၅:၁၉-၂၁; ၂ ယော. ၉၊ ၁၀) ဤသို့သော ခရစ်ယာန်မဆန်သည့်အမူအကျင့်များကို အကြီးအကဲများအား ပြောပြခြင်းသည် အပြစ်ရှိသည်ဟု အိမ်ထောင်ဖက်တစ်ဦး မခံစားသင့်ချေ။ ဤသို့ မတော်မတရားဆက်ဆံခံရသူကို ယေဟောဝါ အမှန်ပင် ထောက်ထားစာနာတော်မူသည်။

လူတစ်ဦး အိမ်ထောင်ရေးဖောက်ပြန်ခြင်းသည် အပြစ်မဲ့သောအိမ်ထောင်ဖက်ကို ပြစ်မှားရုံသာမက ယေဟောဝါကို ပြစ်မှားခြင်းလည်းဖြစ်သည်။ (မ. ၁၉:၄-၉; ဟေဗြဲ ၁၃:၄) အပြစ်မဲ့သောအိမ်ထောင်ဖက်သည် ကျမ်းစာမူအတိုင်း နေထိုင်ဖို့ကြိုးစားခဲ့သည်ဆိုလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ၏သစ္စာမဲ့မှုကြောင့် မိမိတွင် အပြစ်ရှိသည်ဟု ခံစားရန်မလိုချေ။

သင် မည်သို့ခံစားရသည်ကို ယေဟောဝါသိတော်မူကြောင်း သတိရပါ။ ယေဟောဝါသည် မိမိကိုယ်ကို အစ္စရေးလူမျိုး၏ လင်သားအဖြစ်ဖော်ပြထားပြီး အစ္စရေးလူမျိုးသည် ဝတ်ပြုရေးတွင်ဖောက်ပြန်သွားသောအခါ ကိုယ်တော်မည်မျှဝမ်းနည်းခဲ့ရသည်ကို ဖော်ပြထားသည့် ထိမိသောကျမ်းချက်များစွာ သမ္မာကျမ်းစာတွင်ပါရှိသည်။ (ဟေရှာ. ၅၄:၅၊ ၆; ယေ. ၃:၁၊ ၆-၁၀) အိမ်ထောင်ဖက်၏ တစ်နည်းနည်းဖြင့်သစ္စာဖောက်မှုကြောင့် သင် ကျခဲ့ရသည့် မျက်ရည်များကို ယေဟောဝါကောင်းစွာ သိတော်မူကြောင်း စိတ်ချပါ။ (မာလ. ၂:၁၃၊ ၁၄) နှစ်သိမ့်မှုနှင့် အားပေးမှုကို သင် လိုအပ်ကြောင်း ကိုယ်တော်သိတော်မူသည်။

ယေဟောဝါ နှစ်သိမ့်ပေးပုံ

ယေဟောဝါနှစ်သိမ့်မှုပေးသည့် နည်းများထဲမှတစ်ခုမှာ ခရစ်ယာန်အသင်းတော်အားဖြင့် ဖြစ်သည်။ ဂျိန်းသည် ထိုကဲ့သို့သောထောက်မမှုကို ရရှိခဲ့သည်။ “ကျွန်မ အရမ်းစိတ်အားငယ်နေတဲ့အချိန်မှာ တိုက်နယ်ကြီးကြပ်မှူးက ကျွန်မဆီ လည်ပတ်ခဲ့တယ်။ ကျွန်မရဲ့ ခင်ပွန်းက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်တဲ့အတွက် ကျွန်မ ဘယ်လောက်တောင် စိတ်ဓာတ်ကျနေသလဲဆိုတာ သူသိတယ်။ သူက အချိန်ပေးပြီး ၁ ကောရိန္သု ၇:၁၅ လို ကျမ်းချက်တွေကို ကျွန်မနဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ ကျမ်းချက်တွေနဲ့ သူ့ရဲ့အားပေးမှုတွေကြောင့် အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် လျော့ပါးသွားပြီး အတော်အတန် စိတ်ငြိမ်သက်မှုခံစားရတယ်” ဟု ဂျိန်းပြောပြသည်။ *

အစောပိုင်းတွင်ဖော်ပြခဲ့သည့် မာဂရီးတာသည်လည်း  ယေဟောဝါသည် အသင်းတော်မှတစ်ဆင့် လက်တွေ့ကျအကူအညီများပေးကြောင်း သိရှိခဲ့သည်။ သူ ဤသို့ပြောသည်– “ကျွန်မရဲ့ ခင်ပွန်း နောင်တမရဘူးဆိုတာ ထင်ရှားတဲ့အတွက် ကလေးနှစ်ယောက်ကိုခေါ်ပြီး ကျွန်မ တခြားမြို့ကို ထွက်သွားခဲ့တယ်။ အဲဒီကိုရောက်တဲ့အခါ နေဖို့အခန်းနှစ်ခန်းကို ငှားခဲ့တယ်။ နောက်တစ်နေ့မှာတော့ စိတ်ပျက်လက်ပျက်နဲ့ အထုပ်အပိုးတွေကို ဖြေနေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်။ ကပ်လျက်အခန်းမှာနေတဲ့ အိမ်ပိုင်ရှင်အမျိုးသမီးဖြစ်မှာပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့အမေနဲ့ ကျွန်မတို့မိသားစုကို အမှန်တရားသင်ပေးတဲ့ ညီအစ်မဖြစ်နေတာကိုတွေ့လိုက်ရလို့ အံ့အားသင့်ခဲ့ရတယ်။ သူက အိမ်ရှင်အမျိုးသမီးနဲ့ ကျမ်းစာလေ့လာဖို့လာတဲ့အတွက် ကျွန်မနဲ့တွေ့ရမယ်လို့ သူ မထင်ထားဘူး။ ကျွန်မ အရမ်းအားတက်သွားပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့အဖြစ်အပျက်ကို ပြောပြလိုက်ပြီး ကျွန်မတို့အတူငိုခဲ့ကြတယ်။ ကျွန်မတို့ အဲဒီနေ့မှာပဲ အစည်းအဝေးတက်နိုင်ဖို့အတွက် သူ ချက်ချင်းစီစဉ်ပေးခဲ့တယ်။ အသင်းတော်က ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ကျွန်မတို့မိသားစုရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ အကြီးအကဲတွေက လက်တွေ့ကျအစီအစဉ်တွေ ပြုလုပ်ပေးခဲ့တယ်။”

အခြားသူများ ကူညီပေးနိုင်ပုံ

ခရစ်ယာန်အသင်းတော်ရှိ ညီအစ်ကိုညီအစ်မများသည် နည်းအမျိုးမျိုးဖြင့် လက်တွေ့ကျအကူအညီများ ပေးနိုင်သည်။ ဥပမာ၊ ယခု မာဂရီးတာသည် အလုပ်တစ်ခုကို ရှာရတော့မည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်ရှိ မိသားစုတစ်စုသည် သူ၏ကလေးများ ကျောင်းမှပြန်လာသောအခါ လိုအပ်လျှင် ကြည့်ရှုပေးမည်ဟု ပြောခဲ့သည်။

“ကျွန်မနဲ့ ကျွန်မရဲ့ကလေးတွေကို လယ်ကွင်းဓမ္မအမှုမှာ အတူပါဝင်ဖို့ဖိတ်ခေါ်တဲ့အတွက် ညီအစ်ကိုညီအစ်မတွေကို တကယ်ကျေးဇူးတင်တယ်” ဟု မာဂရီးတာက ပြန်ပြောပြသည်။ အသင်းတော်မှ ညီအစ်ကိုညီအစ်မများသည် ဤကဲ့သို့သောလက်တွေ့ကျ အကူအညီများပေးခြင်းဖြင့် “ခရစ်တော်၏တရား” ကို ပြည့်စုံစေရာတွင် “အချင်းချင်း၏ဝန်များကို ထမ်းရွက်” ရန် ကူညီပေးနိုင်ကြသည်။—ဂလ. ၆:၂

အိမ်ထောင်ဖက်၏ အပြစ်ကြောင့် ဒုက္ခရောက်နေသူများသည် ဤကဲ့သို့သော လက်တွေ့ကျအကူအညီများအတွက် အမှန်ပင်ကျေးဇူးတင်ကြသည်။ အကြွေး ဒေါ်လာ ၁၅,၀၀၀ နှင့် ကျွေးမွေးပြုစုရမည့် ကလေးလေးယောက်နှင့်အတူ ခင်ပွန်းသည်၏စွန့်ပစ်ခြင်းကိုခံရသည့် မောနစ်က ဤသို့ပြောပြသည်– “ကျွန်မရဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေက မေတ္တာပြည့်ဝကြတယ်။ သူတို့ရဲ့ အကူအညီမပါဘဲ ကျွန်မ ဆက်ရပ်တည်ဖို့မဖြစ်နိုင်ဘူး။ ကျွန်မရဲ့ကလေးတွေကို ကြည့်ရှုပေးတဲ့၊ တကယ့်ကိုကောင်းတဲ့ ညီအစ်ကိုညီအစ်မတွေကို ယေဟောဝါပေးထားတယ်လို့ ကျွန်မခံစားရတယ်။ အဲဒီလိုကူညီပေးမှုတွေကြောင့် ကျွန်မရဲ့ကလေးတွေ အမှန်တရားမှာ ရင့်ကျက်လာတာတွေ့ရလို့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မ အကြံဉာဏ်လိုအပ်တဲ့အခါ အကြီးအကဲတွေက အကြံပေးခဲ့ကြတယ်။ ကျွန်မရင်ဖွင့်ပြောဆိုချင်တဲ့အခါ သူတို့က နားထောင်ပေးကြတယ်။”—မာ. ၁၀:၂၉၊ ၃၀

မေတ္တာရှိသောမိတ်ဆွေတစ်ဦးသည် အခြားသူတစ်ဦး၏ ဝမ်းနည်းစရာအကြောင်းကို ပြောသင့်၊ မပြောသင့် ပိုင်းခြားသိမြင်သည်။ (ဒေ. ၃:၇) မာဂရီးတာ ဤသို့ပြောပြသည်– “အသင်းတော်အသစ်က ညီအစ်မတွေနဲ့ ကျွန်မရဲ့ ပြဿနာအကြောင်းမဟုတ်ဘဲ အမှုဆောင်အကြောင်း၊ ကျမ်းစာသင်အံမှုအကြောင်းနဲ့ ကျွန်မတို့ရဲ့သားသမီးအကြောင်းတွေကို အများဆုံးပြောဆိုခဲ့ကြတယ်။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး ကျွန်မ ဘဝသစ်စတင်နိုင်ဖို့ ကူညီပေးခဲ့တဲ့အတွက် သူတို့ကို ကျေးဇူးတင်တယ်။”

လက်စားချေလိုစိတ်ကို ချိုးနှိမ်ပါ

တစ်ခါတစ်ရံ သင်သည် သင့်အိမ်ထောင်ဖက်၏ အပြစ်ကြောင့် ခံစားနေရသည်ထက် သူ၏အမှားကြောင့် မိမိအလွန်ဒုက္ခရောက်ခဲ့ရသည်ဟူ၍ စိတ်နာကြည်းလာပေမည်။ ယင်းစိတ်နာကြည်းမှုကို ကြီးထွားခွင့်ပြုမည်ဆိုလျှင် ယေဟောဝါအားဆက်သစ္စာရှိမည်ဟူသည့် သင့်သန္နိဋ္ဌာန်ကို ပျက်ပြားသွားစေနိုင်သည်။ ဥပမာ၊ သင်သည် သင့်အိမ်ထောင်ဖက်အား လက်တုံ့ပြန်ရန်နည်းလမ်းများကို ရှာဖွေဖို့ ကြိုးစားလာနိုင်သည်။

သင့်တွင် လက်တုံ့ပြန်လိုစိတ် ကိန်းအောင်းနေကြောင်းတွေ့ရပါက ယောရှုနှင့်ကာလက်၏ ပုံနမူနာကို ပြန်သုံးသပ်နိုင်ပါသည်။ ထိုသစ္စာရှိအမျိုးသားနှစ်ဦးသည် အသက်နှင့်ရင်းကာ ကတိထားရာပြည်သို့ သွားရောက်စူးစမ်းခဲ့သည်။ ကျန်သူလျှိုများသည် ယုံကြည်ခြင်းကင်းမဲ့ကာ အခြားသူများ ယေဟောဝါအားမနာခံအောင် လုပ်ဆောင်ခဲ့ကြသည်။ ဆက်၍သစ္စာရှိရန် အစ္စရေးလူမျိုးကို ယောရှုနှင့်ကာလက်က အားပေးသည့်အခါ အချို့သူတို့က သူတို့ကို ကျောက်ခဲနှင့်ပေါက်ရန် ကြိုးစားခဲ့ကြသည်။ (တော. ၁၃:၂၅-၁၄:၁၀) ယောရှုနှင့်ကာလက်သည် မိမိတို့၏အမှားကြောင့်မဟုတ်ဘဲ အစ္စရေးလူမျိုး၏လုပ်ရပ်ကြောင့် တောကန္တာရတွင် အနှစ်လေးဆယ် လှည့်လည်ခဲ့ကြရသည်။

ယောရှုနှင့်ကာလက် စိတ်ပျက်ခဲ့ကြမည်ဖြစ်သော်လည်း ညီအစ်ကိုများ၏အမှားကြောင့် စိတ်မနာကြည်းခဲ့ကြပါ။ သူတို့သည် ယေဟောဝါ၏အမှုတော်ကို အဓိကထားလုပ်ဆောင်ခဲ့ကြသည်။ တောကန္တာရတွင် အနှစ်လေးဆယ်ကြာလှည့်လည်ပြီးနောက် သူတို့သည် လေဝိသားတို့နှင့်အတူ ယင်းလူမျိုးဆက်တွင် အသက်ရှင်ကျန်ရစ်သူများအဖြစ်နှင့် ကတိထားရာပြည်သို့ ဝင်ခွင့်ရသူများအဖြစ် ဆုချခံခဲ့ရသည်။—တော. ၁၄:၂၈-၃၀; ယောရှု ၁၄:၆-၁၂

သစ္စာမဲ့သောအိမ်ထောင်ဖက်၏လုပ်ရပ်က သင့်အား အချိန်အတော်ကြာ ထိခိုက်နိုင်ပါသည်။ အိမ်ထောင်ပြိုကွဲသွားပြီးနောက် စိတ်လှုပ်ရှားမှုပိုင်းတွင် ထိခိုက်နိုင်ပြီး ငွေရေးကြေးရေးတွင် ခက်ခဲလာနိုင်သည်။ သို့သော် စိတ်ပျက်စရာအတွေးများတွင် နစ်မွန်းနေမည့်အစား တောကန္တာရမှ သစ္စာမဲ့အစ္စရေးလူများ၏အဖြစ်အပျက်အရ ယေဟောဝါသည် မိမိ၏စံနှုန်းများကို တမင်တကာလျစ်လျူရှုသူများအား မည်သို့အကောင်းဆုံးကိုင်တွယ်ရမည်ကို ကိုယ်တော်သိတော်မူကြောင်း သတိရပါ။—ဟေဗြဲ ၁၀:၃၀၊ ၃၁; ၁၃:၄

သင်အောင်မြင်နိုင်

အပျက်သဘောထားများနှင့် ဝန်ပိနေမည့်အစား ယေဟောဝါတွေးသကဲ့သို့  တွေးတောပါ။  “ကင်းမျှော်စင်နဲ့ နိုးလော့! အသံသွင်းတိတ်ခွေတွေကို  နားထောင်တာက ကျွန်မအတွက် အကူအညီဖြစ်စေတယ်။  အစည်းအဝေးတွေကနေလည်း ခွန်အားရရှိတယ်။  အစည်းအဝေးတွေမှာ တက်တက်ကြွကြွပါဝင်တာက  ပြဿနာတွေကို  မေ့ပျောက်စေတယ်။ ဟောပြောခြင်းလုပ်ငန်းကလည်း အဲဒီလိုပဲ ထောက်ကူပေးတယ်။ တခြားသူတွေ ယေဟောဝါကိုယုံကြည်လာအောင် ကူညီပေးခြင်းက ကျွန်မကိုယ်တိုင်ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ ကျမ်းစာသင်သားတွေကို ကူညီပေးခြင်းက သာ၍အရေးကြီးတဲ့အရာတွေကို အာရုံစိုက်စေတယ်” ဟု ဂျိန်းကပြောသည်။

အစောပိုင်းတွင်ဖော်ပြခဲ့သော မောနစ်က ဤသို့ပြောသည်– “အစည်းအဝေးတွေကို မှန်မှန်တက်ရောက်တာ၊ ဓမ္မအမှုမှာ အတတ်နိုင်ဆုံးပါဝင်တာက ကျွန်မကို ခံနိုင်ရည်ရှိစေတယ်။ ကျွန်မရဲ့မိသားစုအတွင်းမှာရော၊ အသင်းတော်မှာပါ ပိုရင်းနှီးလာတယ်။ ကျွန်မဖြတ်သန်းခဲ့တဲ့ ခက်ခဲတဲ့အခြေအနေတွေက ကျွန်မရဲ့အကန့်အသတ်ဖြစ်မှုကို သိမြင်လာစေတယ်။ ကျွန်မစမ်းသပ်ခံခဲ့ရတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်မအောင်မြင်ခဲ့တယ်။”

သင်လည်း အလားတူစမ်းသပ်မှုများကို အောင်မြင်နိုင်ပါသည်။ သစ္စာမဲ့သူတစ်ယောက်ကြောင့် စိတ်နာကျင်ခံစားရသော်လည်း စွမ်းအားတော်တိုက်တွန်းမှုဖြင့် ပေါလုရေးခဲ့သော ဤအကြံပြုချက်ကို ကြိုးစားလိုက်နာပါ– “ငါတို့သည် လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်း မရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။”—ဂလ. ၆:၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 13 ခွဲနေခြင်းနှင့် ကွာရှင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာရှုမြင်ချက်နှင့် ပတ်သက်သည့် အသေးစိတ်ဆွေးနွေးချက်များကို “ဘုရားသခင့်မေတ္တာတော်၌ တည်နေလော့” စာမျက်နှာ ၁၂၅-၁၃၀၊ ၂၁၉-၂၂၁ ကိုဖတ်ပါ။

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

စွန့်ပစ်ခံရသောအိမ်ထောင်ဖက်များသည် ခရစ်ယာန်ဓမ္မအမှုတွင် မိမိတို့အား ကူညီပေးသူတို့ကို ကျေးဇူးတင်လေးမြတ်ကြ