မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖတ်ရှုလိုစိတ်၊ လေ့လာလိုစိတ် ရှိစေရန် သားသမီးများကို ကူညီပေးပါ

ဖတ်ရှုလိုစိတ်၊ လေ့လာလိုစိတ် ရှိစေရန် သားသမီးများကို ကူညီပေးပါ

ဖတ်ရှုလိုစိတ်၊ လေ့လာလိုစိတ် ရှိစေရန် သားသမီးများကို ကူညီပေးပါ

သင့်သားသမီးများ၏ အနာဂတ်တိုးတက်အောင် လုပ်ဆောင်နိုင်သည့် အကောင်းဆုံးနည်းများထဲမှ တစ်နည်းမှာ ဖတ်ရှုကာလေ့လာလိုစိတ်ရှိလာအောင် သင်ကြားပေးခြင်းဖြစ်သည်။ ထို့ပြင် ဤလုပ်ဆောင်မှုသည် ရွှင်လန်းမှုခံစားရစေသည်။ အချို့သူတို့ မြတ်မြတ်နိုးနိုးအမှတ်ရနေသည့် ကလေးဘ၀မှအမှတ်ရစရာမှာ မိဘများ သူတို့ကို စာဖတ်ပြခြင်းဖြစ်သည်။ ဖတ်ရှုခြင်းသည် ပျော်စရာဖြစ်ပြီး အကျိုးလည်းရရှိစေသည်။ ၎င်းသည် အထူးသဖြင့် ဘုရားသခင်၏ကျေးကျွန်များအတွက် မှန်ကန်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ ယေဟောဝါနှင့် ပိုရင်းနှီးလာစေသောကြောင့်ဖြစ်သည်။ ခရစ်ယာန်မိဘတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်တော်တို့ တန်ဖိုးအထားဆုံးအရာတွေဟာ ဖတ်ရှုခြင်း၊ လေ့လာခြင်းနဲ့ ဆက်စပ်နေတယ်။”

ကောင်းစွာလေ့လာသည့်အကျင့်ရှိခြင်းသည် သင့်သားသမီးများအား ဘုရားသခင်နှင့် ပိုရင်းနှီးစေသည်။ (ဆာ. ၁:၁-၃၊) မည်သို့ဖတ်ရှုရမည်ကို သိရှိခြင်းသည် ကယ်တင်ခြင်းအတွက် တောင်းဆိုချက်တစ်ခုမဟုတ်သော်လည်း ဖတ်ရှုခြင်းမှ ကောင်းချီးများစွာရရှိစေကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် ‘ဤပရောဖက်ပြုစကားများကို ဖတ်ရွတ်သူနှင့် ကြားနာသူတို့သည် ပျော်ရွှင်ကြ၏’ ဟုဖော်ပြသည်။ (ဗျာ. ၁:၃) ထို့ပြင် လေ့လာခြင်းတွင် အရေးပါသောအပိုင်းဖြစ်သည့် အာရုံစူးစိုက်ခြင်းနှင့်ပတ်သက်၍ စွမ်းအားတော်တိုက်တွန်းမှုဖြင့် တိမောသေထံရေးခဲ့သော တမန်တော်ပေါလု၏စာတွင် ဤသို့ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်– “ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။”—၁ တိ. ၄:၁၅

မည်သို့ဖတ်ရှုရမည်၊ လေ့လာရမည်ကို သိရုံဖြင့် အကျိုးခံစားရမည်ဟု မဆိုလိုပါ။ ဤစွမ်းရည်ရှိသူများစွာတို့သည် ယင်းကို အသုံးမပြုကြချေ။ ယင်းအစား သူတို့သည် အကျိုးမရှိရာများကိုလိုက်စားခြင်းဖြင့် အချိန်ဖြုန်းကြသည်။ ထို့ကြောင့် အကျိုးပြုသောအသိပညာကို သားသမီးများ လိုချင်စိတ်ရှိလာအောင် မိဘတို့ မည်သို့ကူညီပေးနိုင်သနည်း။

သင့်မေတ္တာနှင့် ပုံသက်သေ

မေတ္တာလွှမ်းခြုံသော လေ့လာမှုအစီအစဉ်များကို သားသမီးများ နှစ်သက်ကြသည်။ ခရစ်ယာန်မောင်နှံစုံဖြစ်သော အိုဝင်နှင့် ကလောဒီးယားတို့သည် မိမိတို့ကလေးနှစ်ဦးနှင့်ပတ်သက်၍ ဤသို့ပြောပြသည်– “သူတို့တွေက လေ့လာမှုအချိန်ကိုပဲ မျှော်နေကြတယ်၊ အကြောင်းကတော့ အဲဒီအချိန်က သူတို့ကို ကာကွယ်မှုပေးပြီး သက်သောင့်သက်သာရှိစေလို့ပဲ။ သူတို့တွေဟာ ဒီလုပ်ဆောင်မှုမှာ ချစ်ချစ်ခင်ခင်ပါဝင်ကြတယ်။” သားသမီးများ စိန်ခေါ်ချက်များနှင့်ရင်ဆိုင်ရနိုင်သည့် ဆယ်ကျော်သက်အရွယ်ရောက်လာသည့်အချိန်၌ပင် ဤမေတ္တာလွှမ်းခြုံထားသော မိသားစုလေ့လာမှုက လေ့လာမှုနှင့်ပတ်သက်သော သူတို့၏အမြင်အပေါ် အကျိုးသက်ရောက်နေဆဲဖြစ်သည်။ အိုဝင်နှင့် ကလောဒီးယားတို့၏ကလေးများသည် ယခုအခါ ရှေ့ဆောင်များအဖြစ် အမှုဆောင်နေကြပြီး သူတို့သင်ယူခဲ့သည့် ဖတ်ရှုခြင်း၊ လေ့လာခြင်းမှ ဆက်၍ အကျိုးခံစားနေရသည်။

မေတ္တာအပြင် အရေးပါသည့် အကူအညီနောက်တစ်ခုမှာ ပုံသက်သေဖြစ်သည်။ မိမိတို့၏မိဘများ ဖတ်ရှုကာ လေ့လာနေသည်ကို မြင်တွေ့ရသည့်သားသမီးများသည် ဤလုပ်ဆောင်မှုများကို မိမိတို့၏ဘ၀အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်လာရန် အကြောင်းပိုများသည်။ သို့သော် ဖတ်ရှုရန် အခက်အခဲရှိသောမိဘများသည် မည်သို့ ပုံသက်သေပြနိုင်သနည်း။ ထိုသို့ဖြစ်နေသည်ဆိုလျှင် သင့်ဦးစားပေးရာများ သို့မဟုတ် စာဖတ်ခြင်းနှင့်ပတ်သက်သော သင့်သဘောထားကို ပြုပြင်ပြောင်းလဲရန် လိုပေမည်။ (ရော. ၂:၂၁) သင့်နေ့စဉ်အသက်တာ၏ လုပ်ရိုးလုပ်စဉ်များထဲတွင် ဖတ်ရှုခြင်းသည် အဓိကအရာဖြစ်မည်ဆိုလျှင် ယင်းက သားသမီးများအပေါ် အမှန်ပင်အကျိုးသက်ရောက်မည်ဖြစ်သည်။ အထူးသဖြင့် ကျမ်းစာဖတ်ရှုခြင်း၊ အစည်းအဝေးများအတွက်ပြင်ဆင်ခြင်းနှင့် မိသားစုလေ့လာမှုတို့တွင် သင့်လုံ့လစိုက်ထုတ်မှုက ယင်းလုပ်ဆောင်မှုများသည် အရေးကြီးကြောင်း သင့်သားသမီးများအား ရှင်းရှင်းလင်းလင်း သိမြင်စေပါလိမ့်မည်။

ထို့ကြောင့် သင့်သားသမီးများ စာဖတ်လိုစိတ်ရှိလာအောင် ကူညီပေးရာတွင် သင့်မေတ္တာနှင့် ပုံသက်သေမှာ အရေးပါသည်။ သို့သော် သူတို့ကို စာဖတ်ရန်အားပေးရာတွင် အဘယ်လက်တွေ့ကျအချက်များကို သင် လုပ်ဆောင်နိုင်သနည်း။

စာဖတ်လိုစိတ်ရှိအောင် သားသမီးများကိုကူညီပေးခြင်း

သင့်သားသမီးများ စာဖတ်လိုစိတ်ရှိလာအောင် ကူညီပေးရာတွင် အရေးပါသောနည်းလမ်းအချို့မှာ အဘယ်နည်း။ ငယ်ရွယ်စဉ်၌ပင် စာအုပ်များနှင့် ထိတွေ့မှုရှိစေပါ။ စာဖတ်လိုစိတ်ရှိလာအောင် မိဘများ၏လေ့ကျင့်ပေးမှု ခံခဲ့ရသော ခရစ်ယာန်အကြီးအကဲတစ်ဦး ဤသို့ပြောခဲ့သည်– “သင့်ကလေးတွေလက်ထဲမှာ စာအုပ်ပေးထားပြီး ရိုရိုသေသေကိုယ်တွယ်တတ်အောင် သင်ပေးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် စာအုပ်တွေဟာ သူတို့ရဲ့သူငယ်ချင်းဖြစ်လာပြီး သူတို့ဘ၀ရဲ့အစိတ်အပိုင်းဖြစ်လာမယ်။” ကြီးမြတ်သောဆရာထံမှသင်ယူပါ၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် စသော သမ္မာကျမ်းစာကို အခြေခံသည့်စာအုပ်များသည် သားသမီးများ စာမဖတ်တတ်မီကပင် ရင်းနှီးကျွမ်းဝင်နေမည်ဖြစ်သည်။ ဤစာအုပ်များကို သင့်သားသမီးနှင့်အတူဖတ်ခြင်းသည် သင့်သားသမီးများအား ဘာသာစကားသင်ပေးရုံသာမက “ဘုရားသခင်နှင့်ပတ်သက်သောအကြောင်းအရာများ” နှင့် “စွမ်းအားတော်နှင့်ညီသောစကားများ” ကိုလည်း သင်ပေးနေခြင်းဖြစ်သည်။—၁ ကော. ၂:၁၃

မှန်မှန် အသံထွက်ဖတ်ပြပါ။ သင့်သားသမီးများနှင့်အတူ နေ့စဉ်စာဖတ်သည့်လုပ်ရိုးလုပ်စဉ်တစ်ခု ချမှတ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အသံထွက်အမှန် သင်ပေးနေခြင်းဖြစ်ပြီး စာဖတ်သည့်အလေ့အကျင့်ရှိအောင် သွတ်သွင်းပေးနေခြင်းဖြစ်သည်။ ထို့ပြင် သင့်ဖတ်ရှုပုံမှာလည်း အရေးပါသည်။ စိတ်အားထက်သန်မှုရှိပါ၊ သို့ဆိုလျှင် သူတို့လည်း ထိုအတိုင်းဖြစ်လာမည်ဖြစ်သည်။ ပုံပြင်တစ်ခုတည်းကိုပင် ထပ်ခါထပ်ခါ ဖတ်ပြရန် သင့်ကလေးတောင်းဆိုပေမည်။ သူတို့တောင်းဆိုသည့်အတိုင်း ဖတ်ပြပါ။ နောက်ပိုင်းတွင် အကြောင်းအရာအသစ်ကို နားထောင်လိုလာပေမည်။ သို့သော် သင်နှင့်အတူစာဖတ်ရန် သင့်ကလေးအား အတင်းအကျပ် ဖိအားမပေးပါနှင့်။ ယေရှုသည် နားထောင်သူများ “နားလည်နိုင်သမျှ” ကိုသာ သင်ကြားပေးခြင်းဖြင့် ပုံသက်သေပြခဲ့သည်။ (မာ. ၄:၃၃) သင့်ကလေးအား အတင်းအကျပ်ဖိအားမပေးလျှင် သူတို့သည် ဖတ်ရှုခြင်းအစီအစဉ်တိုင်းတွင် စိတ်အားထက်သန်စွာ ပါဝင်လာမည်ဖြစ်ပြီး စာဖတ်ရှုလိုစိတ်ရှိအောင်ကူညီပေးသည့် သင့်ရည်မှန်းချက်ပြည့်မီရန် ပို၍နီးစပ်လာမည်ဖြစ်သည်။

သင်ဖတ်ရှုရာတွင် ပါဝင်ရန်နှင့် ဆွေးနွေးရန် အားပေးပါ။ မကြာမီ သင့်ကလေးများ စကားလုံးများကိုမှတ်မိပြီး အသံထွက်ကိုသိလာကာ အဓိပ္ပာယ်ကိုနားလည်လာသောအခါ သင်ပျော်ရွှင်မှုခံစားရမည်ဖြစ်သည်။ သင်ဖတ်ရှုရာကို ဆွေးနွေးခြင်းက သူတို့၏တိုးတက်မှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ အပြန်အလှန်စကားပြောဆိုခြင်းက “နောက်ပိုင်းသူတို့စာဖတ်သည့်အခါ နားလည်ရမည့်၊ မှတ်မိဖို့လိုသည့်စကားလုံးများကို သင်ယူရန်” ကလေးများအတွက် အထောက်အကူဖြစ်စေသည်ဟု ကောင်းစွာစာဖတ်တတ်ရန် ကလေးများကို မည်သို့ကူညီပေးနိုင်ကြောင်း ဖော်ပြသည့်စာအုပ်တွင် ရှင်းပြထားသည်။ “ကလေးငယ်၏ဖွံ့ဖြိုးနေသောဦးနှောက်သည် စာပေသင်ယူရန် အသင့်ဖြစ်နေရာ အကျိုးပြုသောအရာများကို များများပြောလေ ပိုအကျိုးရှိလေဖြစ်သည်” ဟု ထိုစာအုပ်ကပင် ဖော်ပြသည်။

သင့်အား စာဖတ်ပြရန်နှင့် မေးခွန်းမေးရန် သင့်ကလေးကို အားပေးပါ။ သင်ကိုယ်တိုင်မေးခွန်းထုတ်ကာ ဖြစ်နိုင်ချေရှိသောအဖြေများပေးပါ။ ယင်းသို့ပြုခြင်းက စာအုပ်များသည် အချက်အလက်များကို ဖော်ပြပေးပြီး ဖတ်ရှုသည့်စကားလုံးများ၏နောက်ကွယ်တွင် အဓိပ္ပာယ်ရှိကြောင်း ကလေးများသိရှိလာမည်ဖြစ်သည်။ သင်ဖတ်ရှုရာသည် အဓိပ္ပာယ်အပြည့်ဝဆုံးစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာကိုအခြေပြုသောစာအုပ်ဖြစ်မည်ဆိုလျှင် ယင်းသို့လုပ်ဆောင်ခြင်းသည် အထူးသဖြင့် အကျိုးရှိပါလိမ့်မည်။—ဟေဗြဲ ၄:၁၂

သို့သော် စာဖတ်ခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ကြောင်း သတိရပါ။ စာဖတ်ရန် အချိန်ယူရပြီး ကောင်းစွာဖတ်တတ်ရန် လေ့ကျင့်မှုလိုသည်။ * ထို့ကြောင့် ငယ်ရွယ်သူများ စာဖတ်လိုစိတ်ရှိလာစေရန် လှိုက်လှိုက်လှဲလှဲချီးမွမ်းပေးပါ။ သင့်ကလေးများကို ချီးမွမ်းပေးခြင်းက စာဖတ်လိုစိတ်ရှိလာစေရန် အားပေးရာရောက်သည်။

လုပ်ရကျိုးနပ်ပြီး ပျော်ရွှင်စေ

မည်သို့လေ့လာမှုပြုလုပ်ရသည်ကို သင့်ကလေးများအား သင်ပေးခြင်းတွင် ဖတ်ရှုရန်သင်ပေးခြင်းထက်မက ပါဝင်သည်။ လေ့လာမှုပြုခြင်းတွင် အချက်အလက်များကိုသင်ယူပြီး ယင်းအချက်များ တစ်ခုနှင့်တစ်ခု မည်သို့ ဆက်စပ်သည်ကို နားလည်သဘောပေါက်ခြင်း ပါဝင်သည်။ လေ့လာခြင်းတွင် အချက်အလက်များကို စုစည်းနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်းတို့လည်းပါဝင်သည်။ ကလေးတစ်ဦးသည် မည်သို့လေ့လာရသည်ကို သင်ယူပြီး ယင်းသည် မိမိအားမည်သို့အကျိုးပြုသည်ကို သိမြင်လာသောအခါ လေ့လာရကျိုးနပ်ပြီး ပျော်ရွှင်လာပါလိမ့်မည်။—ဒေ. ၁၀:၁၀

မည်သို့လေ့လာရမည်ကို အစပြုသင်ပေးပါ။ မိသားစုဝတ်ပြုမှုညချမ်း၊ နေ့စဉ်ကျမ်းချက်သုံးသပ်ခြင်းနှင့် အလားတူအချိန်များသည် သင့်ကလေးအား လေ့လာမှုပြုလုပ်သည့်နည်းကို သင်ပေးနိုင်သည့် အခွင့်အခါကောင်းများဖြစ်သည်။ ခဏတာ ငြိမ်သက်စွာထိုင်ကာ အကြောင်းအရာတစ်ခုကို အာရုံစိုက်စေခြင်းက သင်ယူခြင်းတွင်အရေးပါသောအရာဖြစ်သည့် အာရုံစူးစိုက်တတ်ရန် သင်ပေးခြင်းဖြစ်သည်။ ထို့ပြင် သင်၏သားအား သူယခုလေ့လာသိရှိရာသည် ယခင်သိရှိခဲ့ရာနှင့် မည်သို့ဆက်စပ်ကြောင်း ပြောပြစေပါ။ ယင်းက နှိုင်းယှဉ်တတ်ရန် သူ့ကို သင်ပေးခြင်းဖြစ်သည်။ သင်၏သမီးအား သူဖတ်ရှုခဲ့ရာကို ကိုယ်ပိုင်စကားဖြင့် အကျဉ်းချုပ်ပြန်ပြောပြရန် တောင်းဆိုနိုင်သည်။ ယင်းက အဓိပ္ပာယ်ကိုနားလည်ရန်နှင့် မှတ်မိစေရန် အကူအညီဖြစ်စေသည်။ ဆောင်းပါးတစ်ခုကို ဖတ်ရှုပြီးနောက် အဓိကအချက်များကို ပြန်ပြောစေခြင်းဖြစ်သည့် ပြန်လည်သုံးသပ်ခြင်းသည် သင့်သားသမီးများမှတ်မိစေရန် နောက်ထပ်အထောက်အကူတစ်ခုဖြစ်သည်။ လေ့လာမှုပြုစဉ် သို့မဟုတ် အသင်းတော်အစည်းအဝေးများအတွင်း မှတ်ချက်တိုများယူရန် ကလေးငယ်များကိုပင် သင်ပေးနိုင်သည်။ ယင်းသည် အာရုံးစူးစိုက်တတ်ရန် ကူညီပေးသည်။ ယင်းရိုးရှင်းသောနည်းများသည် သင်ယူခြင်းကို စိတ်ဝင်စားစရာဖြစ်စေပြီး သင်နှင့် သင်၏ကလေးများကို အကျိုးခံစားရစေသည်။

ကောင်းစွာလေ့လာမှုပြုနိုင်သည့် ဝန်းကျင်ကိုဖန်တီးပါ။ လေဝင်လေထွက်ကောင်းခြင်း၊ လုံလောက်သောအလင်းရောင်ရရှိခြင်းနှင့် သက်သောင့်သက်သာရှိပြီး တိတ်ဆိတ်သောဝန်းကျင်က အာရုံစိုက်ရန်ပိုလွယ်ကူစေသည်။ လေ့လာမှုအပေါ် မိဘများ၏ရှုမြင်ပုံသည် အလွန်အရေးပါသည်။ “ဖတ်ရှုဖို့၊ လေ့လာမှုပြုဖို့ အချိန်ဖယ်ထားပြီး အဲဒီအတိုင်း ပုံမှန်နဲ့တစ်သမတ်တည်းလုပ်ဆောင်ဖို့က အရမ်းအရေးကြီးတယ်။ အဲဒါက သင့်ရဲ့ကလေးကို စည်းစနစ်ရှိလာစေမှာဖြစ်တယ်။ ကိစ္စတစ်ခုကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးအောင်လုပ်ဆောင်ရမယ်ဆိုတာ သူတို့သိလာမယ်” ဟု မိခင်တစ်ဦးကပြောသည်။ မိဘများစွာသည် လေ့လာမှုပြုချိန်တွင် အခြားအရာတစ်ခုခုကိုပြုလုပ်ဖို့ ခွင့်မပြုကြပါ။ ပညာရှင်တစ်ဦး၏အဆိုအရ ယင်းအတိုင်းလုပ်ဆောင်ခြင်းသည် ကလေးများအား ကောင်းစွာလေ့လာသည့်အကျင့်ရှိအောင် သင်ပေးရာတွင် အလွန်ထိရောက်သည်။

လေ့လာမှုပြုခြင်း၏ အကျိုးကျေးဇူးကို ရှင်းပြပါ။ နောက်ဆုံးအချက်မှာ လေ့လာမှုပြုခြင်း၏ အကျိုးကျေးဇူးများကို သိမြင်လာအောင် သင်၏ကလေးများကို ကူညီပေးပါ။ လေ့လာခဲ့သည့်အရာများကို လက်တွေ့အသုံးချခြင်းသည် လေ့လာခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ ညီအစ်ကိုငယ်တစ်ဦးက ဤသို့ပြောခဲ့သည်– “လေ့လာခြင်းကနေ အကျိုးမရဘူးဆိုရင် ကျွန်တော် မလေ့လာချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် အသုံးဝင်တဲ့အချက်ဖြစ်တယ်ဆိုရင် အဲဒါကို နားလည်ချင်တယ်။” လေ့လာမှုပြုခြင်းသည် အကျိုးရှိကြောင်း လူငယ်များသိမြင်လာသောအခါ စိတ်ဝင်စားစွာလုပ်ဆောင်လာမည်ဖြစ်သည်။ ယခင်က စာဖတ်ချိန်ကိုမျှော်နေခဲ့သကဲ့သို့ ယခုအချိန်တွင် သူတို့သည် လေ့လာမှုပြုမည့်အချိန်ကို စောင့်မျှော်နေပါလိမ့်မည်။

အကြီးမားဆုံးဆုကျေးဇူး

ကလေးများ စာဖတ်လိုစိတ်ရှိလာအောင် ကူညီပေးခြင်း၏ အကျိုးကျေးဇူးများမှာ ဖော်ပြ၍ပင်မကုန်နိုင်ပါ။ စာဖတ်ခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများထဲမှအချို့မှာ ယင်းမှရရှိသော ကျေနပ်ပျော်ရွှင်မှုကို မဆိုထားနှင့် ကျောင်းတွင်၊ အလုပ်ခွင်တွင်၊ လူမှုဆက်ဆံရေးတို့တွင် အောင်မြင်နိုင်ပြီး ကျွန်ုပ်တို့နေထိုင်သည့် လောကကြီးအကြောင်းနားလည်လာကာ မိဘနှင့် ကလေးများအကြားရှိ မေတ္တာနှောင်ကြိုး ပိုခိုင်မြဲလာမည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ လေ့လာလိုစိတ်ရှိခြင်းက သင့်ကလေးများအား ဘုရားသခင်ကိုကြောက်ရွံ့သူများ ဖြစ်စေနိုင်သည်။ လေ့လာလိုစိတ်ရှိခြင်းသည် ကလေးများ၏စိတ်နှလုံးတွင် သမ္မာကျမ်းစာ “အမှန်တရား၏ အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ကောင်းစွာ ပိုင်းခြား၍ သိမြင်” စေသည့် အဓိကသော့ချက်ဖြစ်သည်။ (ဧ. ၃:၁၈) ခရစ်ယာန်မိဘများသည် မိမိတို့၏ကလေးများကို သွန်သင်ပေးစရာများစွာ ရှိသည်မှာအမှန်ပင်။ မိဘများအနေနှင့် ကလေးများအား အချိန်ပေး၊ ဂရုစိုက်ပြီး သူတို့ဘဝအစကောင်းစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးမည်ဆိုလျှင် နောက်ဆုံးတွင် ကလေးများသည် ယေဟောဝါကိုဝတ်ပြုကိုးကွယ်ရန် ရွေးချယ်မည်ဟု မိဘများ မျှော်လင့်နိုင်ပါသည်။ ကောင်းစွာလေ့လာသည့်အကျင့်ရှိအောင် ကလေးများကို သင်ကြားပေးခြင်းသည် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိစေပြီး ယင်းကိုဆက်ထိန်းသိမ်းရန် ထောက်ကူပေးနိုင်သည်။ ထို့ကြောင့် သင့်ကလေးများ စာဖတ်လိုစိတ်၊ လေ့လာလိုစိတ်ရှိလာအောင် ကူညီပေးရာတွင် ယေဟောဝါ၏ကောင်းချီးရရန် ဆုတောင်းပါလေ။—သု. ၂၂:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများအတွက် စာဖတ်ရန်နှင့် လေ့လာမှုပြုရန်မှာ အထူးစိန်ခေါ်ချက်ဖြစ်သည်။ သူတို့ကိုကူညီဖို့ မိဘများ အဘယ်အရာလုပ်ဆောင်နိုင်သည်ကို သိရှိရန် နိုးလော့! ဖေဖော်ဝါရီ ၈၊ ၁၉၉၈၊ စာမျက်နှာ ၃-၁၀ ကိုကြည့်ပါ။

[စာမျက်နှာ ၂၆ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဖတ်ရှုခြင်း . . .

• စာအုပ်များနှင့် ထိတွေ့ မှုရှိစေပါ

• အသံထွက်ဖတ်ပြပါ

• ပါဝင်ရန် အားပေးပါ

• ဖတ်ရှုခဲ့ရာကို ဆွေးနွေးပါ

• သင့်အား စာဖတ်ပြစေပါ

• မေးခွန်းမေးရန် အားပေးပါ

လေ့လာခြင်း . . .

• ပုံသက်သေကောင်းပြပါ

• အောက်ပါအချက်များကို သင့်ကလေးများအား လေ့ကျင့်ပေးပါ

○ အာရုံစူးစိုက်ရန်

○ နှိုင်းယှဉ်ရန်

○ အကျဉ်းချုပ်ရန်

○ ပြန်လည်သုံးသပ်ရန်

○ မှတ်စုယူရန်

• ကောင်းစွာလေ့လာနိုင်သည့် ဝန်းကျင်ကိုဖန်တီးပါ

• လေ့လာမှုပြုခြင်း၏ အကျိုးကျေးဇူးကို ရှင်းပြပါ