မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘မကြောက်နှင့်။ ငါမစမည်’

‘မကြောက်နှင့်။ ငါမစမည်’

‘မကြောက်နှင့်။ ငါမစမည်’

ယေရှုက မိမိတပည့်များအား ‘စာတန်သည် သင်တို့ကို အပြည့်အဝစမ်းသပ်ရန် သင်တို့ထဲမှ အချို့ကို အဆက်မပြတ် အကျဉ်းချလိမ့်မည်’ ဟု ကြိုတင်သတိပေးခဲ့သည်။ သို့သော် ဤသို့သတိမပေးမီ ယေရှုက “သင်ခံရမည့် ဆင်းရဲဒုက္ခများကို မကြောက်နှင့်” ဟု ပြောခဲ့သည်။ စာတန်သည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်း ရပ်တန့်သွားစေရန် ထောင်သွင်းအကျဉ်းချသည့်နည်းလမ်းကို ဆက်အသုံးပြုနေပြီး အာဏာရှိသူအချို့သည် စစ်မှန်သောခရစ်ယာန်များကို ထိုနည်းဖြင့် နှိပ်စက်ညှဉ်းပန်းနိုင်သည်။ (ဗျာ. ၂:၁၀; ၁၂:၁၇) ထို့ကြောင့် စာတန်၏အကြံအစည်များအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ယေရှုပြောခဲ့သကဲ့သို့ “မကြောက်” ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။

ကျွန်ုပ်တို့အများစုသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် ကြောက်စိတ်ဝင်လာနိုင်သည်မှာ အမှန်ပင်။ သို့သော် ယေဟောဝါ၏အကူအညီဖြင့် ကြောက်စိတ်ကို အနိုင်ယူနိုင်သည်ဟု သမ္မာကျမ်းစာက အာမခံထားသည်။ မည်သို့အားဖြင့်နည်း။ ဆန့်ကျင်မှုများကို ခံရပ်နိုင်ရန် ယေဟောဝါပြင်ဆင်ပေးသည့် နည်းတစ်နည်းမှာ စာတန်နှင့် ၎င်း၏ကိုယ်စားလှယ်များအသုံးပြုသည့် နည်းပရိယာယ်များကို သိရှိစေခြင်းဖြစ်သည်။ (၂ ကော. ၂:၁၁) မည်သို့ပြင်ဆင်ပေးသည်ကို သိနိုင်ရန် ကျမ်းစာခေတ်မှ အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။ ထို့ပြင် ‘စာတန်၏စဉ်းလဲသည့်ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်’ ခဲ့ကြသော မျက်မှောက်ခေတ် သစ္စာရှိယုံကြည်သူချင်းများ၏ ပုံနမူနာအချို့ကိုလည်း သုံးသပ်ကြပါမည်။—ဧ. ၆:၁၁-၁၃

ဘုရားသခင်ကိုကြောက်ရွံ့သော ဘုရင်တစ်ပါး ဆိုးညစ်သောအုပ်စိုးရှင်နှင့်ရင်ဆိုင်ရ

ဘီစီအီး ရှစ်ရာစုတွင် အာရှုရိ၏ဆိုးညစ်သောဘုရင် သနာခရိပ်သည် နိုင်ငံများစွာအပေါ် အောင်ပွဲတစ်ခုပြီးတစ်ခု ဆင်နွှဲခဲ့သည်။ ယင်းအောင်ပွဲများကြောင့် သနာခရိပ်သည် မိမိကိုယ်ကို အလွန်ယုံကြည်စိတ်ချကာ ဘုရားသခင်ကိုကြောက်ရွံ့သော ဘုရင်ဟေဇကိအုပ်ချုပ်သော ယေဟောဝါ၏လူမျိုးနှင့် ၎င်းတို့၏မြို့တော် ယေရုရှလင်ကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ (၄ ရာ. ၁၈:၁-၃၊ ၁၃) စစ်မှန်သောဝတ်ပြုရေးကို မြေကြီးပေါ်မှဖယ်ရှားရန် စာတန်သည် ဤအခွင့်အရေးကိုအသုံးချကာ သနာခရိပ်အား မိမိ၏အကြံအစည်ကို သွင်းပေးခဲ့သည်မှာ သေချာသည်။—က. ၃:၁၅

သနာခရိပ်သည် ယေရုရှလင်သို့ ကိုယ်စားလှယ်စေလွှတ်ကာ လက်နက်ချဖို့ တောင်းဆိုခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော ရာဗရှာခသည် ဘုရင်၏အဓိကပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သည်။ * (၄ ရာ. ၁၈:၁၇) ရာဗရှာခ၏ရည်ရွယ်ချက်မှာ ဂျူးတို့၏စိတ်ဓာတ်ပျက်ပြားသွားပြီး တိုက်ပွဲမဖြစ်ဘဲ အရှုံးပေးစေရန်ဖြစ်သည်။ ဂျူးများကြောက်စိတ်ဝင်လာစေရန် ရာဗရှာခ အဘယ်နည်းလမ်းများကို အသုံးပြုခဲ့သနည်း။

သီးခြားဖြစ်သည့်ကြားမှ သစ္စာရှိ

ရာဗရှာခသည် ဟေဇကိ၏ကိုယ်စားလှယ်များကို ဤသို့ပြောခဲ့သည်– “မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်သည် ဟေဇကိကိုမိန့်တော်မူသည်ကား ‘သင်ခိုလှုံသဖြင့် ခိုလှုံရာကားအဘယ်သို့နည်း။ . . . ကျိုးသောကျူလုံးတောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။’” (၄ ရာ. ၁၈:၁၉၊ ၂၁) ဟေဇကိသည် အီဂျစ်ပြည်နှင့် မဟာမိတ်မဖွဲ့သောကြောင့် ရာဗရှာခ၏စွပ်စွဲချက်သည် မမှန်ကန်ပါ။ သို့သော် ရာဗရှာခ၏စွပ်စွဲချက်သည် ဂျူးများအား ဤအချက်ကို ရှင်းရှင်းလင်းလင်း သတိရစေလို၍ဖြစ်သည်– ‘ဘယ်သူမှ မင်းတို့ကို လာကူမှာမဟုတ်ဘူး။ မင်းတို့က သီးခြားဖြစ်နေတယ်။’

မကြာသေးမီက စစ်မှန်သောဝတ်ပြုရေးကို ဆန့်ကျင်သူများသည် စစ်မှန်သောခရစ်ယာန်များ ကြောက်စိတ်ဝင်လာစေရန် သီးခြားဖြစ်စေသည့်နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ယုံကြည်ခြင်းအတွက် အကျဉ်းချခံခဲ့ရကာ ယုံကြည်သူချင်းများနှင့် နှစ်များစွာ သီးခြားခွဲထားခံခဲ့ရသည့် ခရစ်ယာန်ညီအစ်မတစ်ဦးက ကြောက်စိတ်ကို အနိုင်ယူရန် အဘယ်အရာက သူမကို ကူညီပေးကြောင်း ဤသို့ ပြန်ပြောပြခဲ့သည်– “ဆုတောင်းခြင်းက ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတယ်။ . . . ဟေရှာယ ၆၆:၂ မှာပါတဲ့ ‘နှလုံးကြေကွဲသူကို ငါကြည့်ရှုမည်’ ဆိုတဲ့အာမခံချက်ကို ကျွန်မသတိရခဲ့တယ်။ ဒီအချက်က အမြဲပဲ ကျွန်မအတွက် ခွန်အားနဲ့ စိတ်သက်သာမှုရစေတဲ့ အချက်ဖြစ်တယ်။” အလားတူ နှစ်ပေါင်းများစွာတိုက်ပိတ်ခံခဲ့ရသော ညီအစ်ကိုတစ်ဦးက ဤသို့ပြောခဲ့သည်– “ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးသာ ရှိမယ်ဆိုရင် ထောင်ရဲ့ အခန်းကျဉ်းလေးက စကြ၀ဠာကြီးလိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်နားလည်လာတယ်။” မှန်ပါသည်၊ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းက သီးခြားဖြစ်နေချိန်တွင် ခံနိုင်ရည်ရှိရန် ဤခရစ်ယာန်နှစ်ဦးအား ကူညီပေးခဲ့သည်။ (ဆာ. ၉:၉၊ ၁၀) နှိပ်စက်ညှဉ်းပန်းသူများသည် သူတို့ကို မိသားစုဝင်များ၊ မိတ်ဆွေများ၊ ယုံကြည်သူချင်းများနှင့် သီးခြားဖြစ်စေရန် လုပ်ဆောင်နိုင်သော်လည်း ယေဟောဝါနှင့် သီးခြားဖြစ်အောင် ဆန့်ကျင်သူများ မလုပ်ဆောင်နိုင်ကြောင်း အကျဉ်းချခံရသည့် သက်သေခံများ သိထားကြသည်။—ရော. ၈:၃၅-၃၉

ထို့ကြောင့် ရသမျှအခွင့်အရေးကို အသုံးချကာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်ဆောင်ရန် အလွန်အရေးကြီးလှသည်။ (ယာ. ၄:၈) ကျွန်ုပ်တို့ မိမိကိုယ်ကို အမြဲ ဤသို့မေးသင့်သည်– ‘ယေဟောဝါဟာ ငါ့အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးလား။ နေ့စဉ်အသက်တာမှာ ဆုံးဖြတ်ချက် ကြီးကြီးငယ်ငယ်ချတဲ့အခါတိုင်း ကိုယ်တော့်နှုတ်မြွက်တော်က ငါ့အပေါ် တကယ်သြဇာလွှမ်းမိုးသလား။’ (လု. ၁၆:၁၀) ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးခိုင်မြဲအောင် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် ကြောက်စရာအကြောင်းမရှိပါ။ ပရောဖက်ယေရမိသည် ဆင်းရဲဒုက္ခခံနေရသော ဂျူးများကိုယ်စား ဤသို့ပြောခဲ့သည်– ‘အိုယေဟောဝါ၊ နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုခေါ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုဟစ်ခေါ်သောအခါ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍ “မကြောက်နှင့်” ဟု မိန့်တော်မူပြီ။’—မြည်. ၃:၅၅-၅၇

သံသယဝင်စေရန်ကြိုးစားခြင်း မအောင်မြင်

ရာဗရှာခသည် ဘုရားသခင်၏လူများ သံသယဝင်စေရန် ကောက်ကျစ်စဉ်းလဲသည့် ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုခဲ့သည်။ သူဤသို့ပြောသည်– ‘ယေဟောဝါ၏မြင့်ရာဌာနနှင့် ပူဇော်ရာနေရာများကို ဟေဇကိမင်း ဖယ်ရှားခဲ့ပြီမဟုတ်လော။ ဤပြည်ကို ချီတက်ဖျက်ဆီးလော့ဟု ကျွန်ုပ်အား ယေဟောဝါမိန့်ဆိုတော်မူ၏။’ (၄ ရာ. ၁၈:၂၂၊ ၂၅သမ) ဤသို့ဖြင့် ရာဗရှာခက ယေဟောဝါသည် မိမိ၏လူမျိုးကို မနှစ်မြို့သောကြောင့် သူတို့ဘက်မှ တိုက်မည်မဟုတ်ကြောင်း ပြောခဲ့သည်။ သို့သော် ယင်းသည်မမှန်ကန်ပါ။ ယေဟောဝါသည် ဟေဇကိနှင့် စစ်မှန်သောဝတ်ပြုရေးသို့ပြန်လှည့်လာသည့် ဂျူးများကို နှစ်သက်တော်မူသည်။—၄ ရာ. ၁၈:၃-၇

ယနေ့လည်း စဉ်းလဲသည့်နှိပ်စက်ညှဉ်းပန်းသူများသည် အယုံသွင်းလိုသည့်ရည်ရွယ်ချက်ဖြင့် အမှန်တစ်ဝက်၊ မုသားတစ်ဝက်ရောထားသည့် စကားများကိုပြောကာ သံသယဝင်စေရန် ပြုလုပ်ကြသည်။ ဥပမာ၊ ဦးဆောင်နေသော ညီအစ်ကိုသည် ယုံကြည်ခြင်းကိုစွန့်လွှတ်လိုက်ပြီဖြစ်၍ ထောင်ချခံရသည့် ညီအစ်ကိုညီအစ်မများလည်း အလားတူပြုလုပ်လျှင် မမှားကြောင်း ပြောခံရသည့်အခါများရှိခဲ့သည်။ သို့သော် ထိုကဲ့သို့သောကျိုးကြောင်းဆင်ခြင်မှုများက ပိုင်းခြားသိမြင်မှုရှိသည့် ခရစ်ယာန်များအား သံသယဝင်စေရန် မပြုလုပ်နိုင်ခဲ့ပါ။

ဒုတိယကမ္ဘာစစ်အတွင်း ခရစ်ယာန်ညီအစ်မတစ်ဦး ကြုံတွေ့ခဲ့ရာကို သုံးသပ်ကြည့်ပါ။ ထောင်တွင်ရှိနေစဉ်အတွင်း တာဝန်ရှိညီအစ်ကိုတစ်ဦး မိမိ၏ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ကြောင်း ရေးသားထားသည့်စာရွက်ကို သူ့အားပြကာ မေးမြန်းစစ်ဆေးသူက ထိုညီအစ်ကိုအား သူမ ယုံကြည်သေးသလော ဟုမေးခဲ့သည်။ “[သူ]က မစုံလင်သူတစ်ဦးသာ ဖြစ်တယ်” ဟု ညီအစ်မက ပြန်ဖြေသည်။ ကျမ်းစာမူတွေကို ကျင့်သုံးနေသရွေ့ သူ့ကို ဘုရားသခင်အသုံးပြုမည်ဖြစ်သည်ဟု ညီအစ်မ ထပ်၍ပြောခဲ့သည်။ “ဒါပေမဲ့ သူရေးထားတာတွေက ကျမ်းစာနဲ့ဆန့်ကျင်နေတဲ့အတွက်ကြောင့် သူက ကျွန်မရဲ့ ညီအစ်ကိုတစ်ဦး မဟုတ်တော့ဘူး။” ထိုသစ္စာရှိညီအစ်မသည် ဤကျမ်းစာအကြံပေးချက်ကို ပညာရှိစွာ လိုက်လျှောက်ခဲ့သည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။”—ဆာ. ၁၄၆:၃

ဘုရားသခင့်နှုတ်မြွက်တော်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာရှိခြင်းနှင့် ယင်း၏သွန်သင်ချက်ကို ကျင့်သုံးခြင်းက ခံနိုင်ရည်တင်ပြမည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို အားနည်းသွားစေနိုင်သည့် လှည့်ဖြားသောကျိုးကြောင်းဆင်ခြင်မှုများမှ ကာကွယ်ပေးမည်ဖြစ်သည်။ (ဧ. ၄:၁၃၊ ၁၄; ဟေဗြဲ ၆:၁၉) ထို့ကြောင့် ဖိအားများအောက်တွင် မှန်မှန်ကန်ကန်တွေးခေါ်နိုင်ရန် ကျွန်ုပ်တို့သည် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုပြုခြင်းကို ဦးစားပေးလုပ်ဆောင်ရန်လိုသည်။ (ဟေဗြဲ ၄:၁၂) အသိပညာတိုးပွားအောင်လုပ်ပြီး ယုံကြည်ခြင်းကို ခိုင်ခံ့စေရမည့်အချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာတိုက်ပိတ်ခံထားရသည့် ညီအစ်ကိုတစ်ဦး ဤသို့ပြောသည်– “ကျွန်တော်တို့အတွက်ပြင်ဆင်ပေးတဲ့ ကျမ်းစာအခြေပြုစာပေအားလုံးဟာ ဘယ်အချိန်မှာ အသုံးဝင်လာမယ်ဆိုတာ မသိနိုင်တဲ့အတွက် အဲဒါတွေကို ကောင်းစွာဖတ်ရှုလေ့လာဖို့ အားလုံးကို အားပေးချင်တယ်။” ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ကျွန်အတန်းအစားမှပြင်ဆင်ပေးသည့် စာပေများကို အသေအချာလေ့လာထားမည်ဆိုလျှင် ကြီးမားသည့်အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ သန့်ရှင်းသောစွမ်းအားတော်သည် ကျွန်ုပ်တို့လေ့လာထားသည့်အရာများကို “မှတ်မိစေ” ပါလိမ့်မည်။—ယော. ၁၄:၂၆

ခြိမ်းခြောက်မှုများမှ ကာကွယ်ခံရ

ရာဗရှာခသည် ဂျူးများအား ခြိမ်းခြောက်ရန်ကြိုးစားခဲ့သည်။ သူ ဤသို့ပြောခဲ့သည်– “ယခုတွင် ငါ့သခင်အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကိုငါပေးမည်။ သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။” (၄ ရာ. ၁၈:၂၃၊ ၂၄) လူ့ရှုထောင့်မှကြည့်မည်ဆိုလျှင် ဟေဇကိနှင့် သူ၏လူများသည် အင်အားကြီးသော အာရှုရိစစ်တပ်ကို ပြန်၍ခုခံရန်မှာ မဖြစ်နိုင်ချေ။

ယနေ့ခေတ်တွင်လည်း နှိပ်စက်ညှဉ်းပန်းသူများ၏နောက်ကွယ်၌ သားရဲ၏ကျောထောက်နောက်ခံရှိမည်ဆိုလျှင် အလွန်အင်အားကြီးပုံပေါက်နေပေမည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီနှိပ်စက်ညှဉ်းပန်းသူများလည်း ထိုနည်းတူပြုခဲ့သည်။ ဘုရားသခင်၏ကျေးကျွန်များစွာကို ခြိမ်းခြောက်ရန် သူတို့ကြိုးစားခဲ့ကြသည်။ နှစ်ပေါင်းများစွာထောင်ချခံခဲ့ရသည့် ကျွန်ုပ်တို့၏ညီအစ်ကိုတစ်ဦးသည် သူမည်သို့ခြိမ်းခြောက်ခံခဲ့ရကြောင်း နောက်ပိုင်းတွင် ပြောပြခဲ့သည်။ တစ်ကြိမ်တွင် အရာရှိက သူ့အားဤသို့မေးခဲ့သည်– “မင်းရဲ့ ညီ ဘယ်လိုပစ်သတ်ခံရတယ်ဆိုတာ တွေ့တယ်မဟုတ်လား။ အဲဒီကနေ ဘာသင်ခန်းစာရသလဲ။” ညီအစ်ကိုက “ကျွန်တော်ဟာ ယေဟောဝါရဲ့သက်သေတစ်ယောက်ပါ။ ပြီးတော့ သူ့လိုပဲ ဆက်ပြီးတည်ကြည်သွားမယ်” ဟုပြန်ဖြေသောအခါ အရာရှိက “နောက်တစ်ခါဆိုရင် မင်းအလှည့်ပဲ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏ညီအစ်ကိုသည် အခိုင်အမာရပ်တည်ခဲ့ပြီး ရန်သူများ လက်လျော့ခဲ့ကြသည်။ ဤသို့သောခြိမ်းခြောက်မှုကိုခံရပ်နိုင်ရန် အဘယ်အရာက သူ့ကိုကူညီပေးခဲ့သနည်း။ “ကျွန်တော် ယေဟောဝါရဲ့နာမကို အပြည့်အဝယုံကြည်ကိုးစားခဲ့လို့ပဲ” ဟု သူပြန်ဖြေခဲ့သည်။—သု. ၁၈:၁၀

ယေဟောဝါအပေါ် အပြည့်အဝယုံကြည်စိတ်ချခြင်းသည် ကျွန်ုပ်တို့နှင့်ဘုရားသခင်၏ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်သည့် စာတန်အသုံးပြုသည့်အရာများမှ အပြည့်အဝကာကွယ်ပေးနိုင်သည်။ (ဧ. ၆:၁၆) ထို့ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေဖို့ ကူညီပေးရန် ယေဟောဝါအား တောင်းလျှောက်သင့်သည်။ (လု. ၁၇:၅) သစ္စာရှိကျွန်အတန်းအစားမှ ပြင်ဆင်ပေးသော ယုံကြည်ခြင်းခိုင်ခံ့စေသည့် အစီအစဉ်များကို ကောင်းစွာအသုံးချဖို့လိုသည်။ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသောအခါ ခေါင်းမာသောလူမျိုးနှင့် ဆက်ဆံခဲ့ရသည့် ပရောဖက်ယေဇကျေလအား ယေဟောဝါပေးခဲ့သော အာမခံချက်ကို သတိရမည်ဆိုလျှင် ယုံကြည်ခြင်းခိုင်ခံ့လာပါလိမ့်မည်။ ယေဟောဝါ သူ့အားဤသို့မိန့်တော်မူခဲ့သည်– “သူတို့မျက်နှာတစ်ဖက်၌ သင်၏မျက်နှာကိုလည်းကောင်း၊ သူတို့နဖူးတစ်ဖက်၌ သင်၏နဖူးကိုလည်းကောင်း ငါခိုင်ခံ့စေပြီ။ သင်၏နဖူးကို ကျောက်ထက်မက စိန်ထက်သာ၍ ခိုင်မာစေပြီ။” (ယေဇ. ၃:၈၊ ၉) ယေဟောဝါသည် ယေဇကျေလအား စိန်ထက်သာ၍ခိုင်မာစေခဲ့သကဲ့သို့ လိုအပ်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုလည်း ထိုသို့ပြုလုပ်ပေးနိုင်သည်။

သွေးဆောင်မှုများကို တွန်းလှန်ပါ

အခြားနည်းများဖြင့် မအောင်မြင်သောအခါ မက်မောစရာကောင်းသည့်အရာများသည် တစ်ခါတစ်ရံ တစ်စုံတစ်ဦး၏ သမာဓိကိုချိုးဖျက်နိုင်ကြောင်း ဆန့်ကျင်သူများတွေ့ရှိခဲ့ကြသည်။ ရာဗရှာခသည်လည်း ယင်းနည်းလမ်းကို အသုံးပြုခဲ့သည်။ သူသည် ယေရုရှလင်မြို့မှလူများကို ဤသို့ပြောခဲ့သည်– “အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား ငါနှင့် မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း သင်တို့ပြည်နှင့်တူသောပြည်တည်းဟူသော ဆန်စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှာ ငါမလာမီတိုင်အောင် . . . နေကြဦးလော့။” (၄ ရာ. ၁၈:၃၁၊ ၃၂) လတ်ဆတ်သော ပေါင်မုန့်များနှင့် စပျစ်ရည်အသစ်များကို သောက်ရခြင်းသည် ဝိုင်းရံခံထားရသည့်မြို့တွင်းရှိလူများအတွက် အလွန်မက်မောစရာဖြစ်သည်။

ထောင်ချခံနေရသည့် ခရစ်ယာန်သာသနာပြုတစ်ဦး၏ သန္နိဋ္ဌာန်ကိုအားနည်းသွားစေရန် ယင်းနည်းဖြင့် စမ်းသပ်ခဲ့သည်။ ညီအစ်ကို ကောင်းစွာစဉ်းစားနိုင်ရန် “သာယာလှပသည့်ဥယျာဉ်” အတွင်းရှိ “ဇိမ်ကျကျနေနိုင်သည့် အိမ်တစ်လုံး” တွင် ခြောက်လကြာနေထိုင်ရန် ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည်။ သို့သော် ညီအစ်ကိုသည် ဆက်၍သစ္စာတည်ကြည်ခဲ့ပြီး ခရစ်ယာန်မူများကို မချိုးဖောက်ခဲ့ချေ။ အဘယ်အရာက သူ့အားကူညီပေးခဲ့သနည်း။ နောက်ပိုင်းတွင် သူ ဤသို့ရှင်းပြခဲ့သည်– “ဘုရားသခင့်နိုင်ငံတော်ကို တကယ်ဖြစ်လာမယ့်အရာအဖြစ် ကျွန်တော် စဉ်းစားခဲ့တယ်။ . . . ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ အသိပညာနဲ့ ယုံကြည်ခြင်းခိုင်မြဲနေပြီး အဲဒါက အစစ်အမှန်ဖြစ်တယ်ဆိုတာ သေချာတဲ့အတွက် လုံးဝသံသယမဝင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ သမာဓိပျက်သွားအောင် မလုပ်နိုင်ခဲ့ကြဘူး။”

ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်ပါသလော။ ရှေးဘိုးဘေးအာဗြဟံ၊ တမန်တော် ပေါလုနှင့် ယေရှုတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အပြည့်အဝယုံကြည်ခဲ့ကြသောကြောင့် ပြင်းထန်သည့်စမ်းသပ်မှုများကို ခံရပ်နိုင်ခဲ့ကြသည်။ (ဖိ. ၃:၁၃၊ ၁၄; ဟေဗြဲ ၁၁:၈-၁၀; ၁၂:၂) ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော်ကို ဘဝတွင်ရှေးဦးထားပြီး ယင်း၏ထာဝရကောင်းချီးများကို စိတ်စွဲမှတ်ထားမည်ဆိုလျှင် အခက်အခဲများမှ ယာယီလွတ်မြောက်စေသည့် သွေးဆောင်မှုများကို တွန်းလှန်နိုင်ပါသည်။—၂ ကော. ၄:၁၆-၁၈

ယေဟောဝါ ကျွန်ုပ်တို့ကိုမစွန့်

ရာဗရှာခသည် ဂျူးများကို ခြိမ်းခြောက်ရန်ကြိုးစားခဲ့သော်လည်း ဟေဇကိနှင့် သူ၏လူများသည် ယေဟောဝါအပေါ် အခိုင်အမာယုံကြည်စိတ်ချခဲ့ကြသည်။ (၄ ရာ. ၁၉:၁၅၊ ၁၉; ဟေရှာ. ၃၇:၅-၇) အပြန်အလှန်အနေဖြင့် ယေဟောဝါကလည်း ကောင်းကင်တမန်တစ်ပါးကိုစေလွှတ်ကာ တစ်ညချင်းတွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုသတ်စေခြင်းဖြင့် သူတို့၏ဆုတောင်းချက်ကို ဖြေကြားခဲ့သည်။ နောက်တစ်နေ့တွင် သနာခရိပ်သည် အရှက်ရကာ လက်ကျန်စစ်သားအနည်းငယ်ဖြင့် မြို့တော်နိနေဝေသို့ ပြန်သွားခဲ့သည်။—၄ ရာ. ၁၉:၃၅၊ ၃၆

ယေဟောဝါသည် မိမိအားယုံကြည်ကိုးစားသူများကို မစွန့်ပစ်ခဲ့ကြောင်း ထင်ရှားပါသည်။ စမ်းသပ်မှုများကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည့် မျက်မှောက်ခေတ် ညီအစ်ကိုညီအစ်မများ၏ ပုံနမူနာများက ယေဟောဝါသည် ယနေ့လည်းအလားတူပင်ဖြစ်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ဤသို့အာမခံထားသည်– ‘သင်၏ဘုရားသခင်ယေဟောဝါက “မကြောက်နှင့်။ ငါမစမည်” ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကိုကိုင်မည်။’—ဟေရှာ. ၄၁:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 “ရာဗရှာခ” ဟူသည် ထင်ရှားသော အာရှုရိအရာရှိ ဘွဲ့အမည်ဖြစ်သည်။ သူ၏အမည်ရင်းကိုမူ မှတ်တမ်းတွင် ဖော်ပြမထားချေ။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

သမ္မာကျမ်းစာထဲတွင် “မကြောက်နှင့်” ဟု မိမိကျေးကျွန်များအား ယေဟောဝါကိုယ်တော်တိုင် အကြိမ် ၃၀ ကျော် အားပေးထား

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ရာဗရှာခ၏ပရိယာယ်များသည် ယနေ့ ဘုရားသခင့်ရန်သူများ အသုံးပြုသည့်နည်းများနှင့် မည်သို့ဆင်တူသနည်း

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းက အခက်အခဲများကြား သမာဓိစောင့်ထိန်းရန် ကျွန်ုပ်တို့ကိုကူညီပေး