မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နေ့တွင် အဘယ်အရာဖြစ်ပျက်မည်နည်း

ယေဟောဝါ၏နေ့တွင် အဘယ်အရာဖြစ်ပျက်မည်နည်း

ယေဟောဝါ၏နေ့တွင် အဘယ်အရာဖြစ်ပျက်မည်နည်း

‘ယေဟောဝါ၏နေ့သည် သူခိုးလာသကဲ့သို့ လာလိမ့်မည်။ မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်။’—၂ ပေ. ၃:၁၀

၁၊ ၂။ (က) ဆိုးညစ်သောလက်ရှိလောကစနစ်သည် မည်သို့အဆုံးတိုင်မည်နည်း။ (ခ) အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

ဆိုးညစ်သောလက်ရှိလောကစနစ်သည် ယေဟောဝါမပါဘဲ မြေကြီးကို လူတို့ အောင်မြင်စွာအုပ်ချုပ်နိုင်သည်ဟူသော မုသားအပေါ်အခြေခံသည်။ (ဆာ. ၂:၂၊ ၃) မုသားပေါ်အခြေခံသောအရာသည် ထာ၀စဉ်တည်မြဲနိုင်ပါမည်လော။ လုံး၀တည်မြဲနိုင်မည်မဟုတ်ပါ။ သို့သော် စာတန့်လောက မိမိဘာသာပျက်စီးသွားမည့်အချိန်အထိ စောင့်ဆိုင်းနေစရာမလိုပါ။ ယင်းအစား စာတန့်စနစ်သည် ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် ကိုယ်တော့်နည်းလမ်းဖြင့် ဖျက်ဆီးခံရပါလိမ့်မည်။ ဆိုးယုတ်သောလောကအပေါ် ဘုရားသခင်၏တရားစီရင်မှုတွင် တရားမျှတမှုနှင့် မေတ္တာ အပြည့်အ၀ထင်ရှားပါလိမ့်မည်။—ဆာ. ၉၂:၇; သု. ၂:၂၁၊ ၂၂

တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– ‘ယေဟောဝါ၏နေ့သည် သူခိုးလာသကဲ့သို့ လာလိမ့်မည်။ ထိုနေ့၌ ကောင်းကင်သည် ကြီးစွာသောအသံနှင့်အတူ ရုတ်တရက်ပျောက်ကွယ်သွားလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးပေါ်ရှိအရာများသည် အလွန်ပူပြင်း၍ အရည်ပျော်သွားလိမ့်မည်။ မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်။’ (၂ ပေ. ၃:၁၀) ဤတွင် ဖော်ပြထားသော “ကောင်းကင်” နှင့် “မြေကြီး” သည်အဘယ်အရာနည်း။ အရည်ပျော်သွားမည့် “အရာများ” ကား အဘယ်နည်း။ “မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများ” ကျွမ်းလောင်မည်ဟုဆိုရာတွင် ပေတရု အဘယ်အရာကို ဆိုလိုခြင်းနည်း။ ဤအဖြေများကို သိရှိခြင်းက လာမည့်အနာဂတ်တွင်ဖြစ်ပျက်မည့် ကြောက်မက်ဖွယ်အဖြစ်အပျက်များအတွက် ပြင်ဆင်ရာတွင် ကျွန်ုပ်တို့ကို အထောက်အကူပြုပါလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး ပျောက်ကွယ်သွားမည်

၃။ ၂ ပေတရု ၃:၁၀ တွင်ဖော်ပြထားသော “ကောင်းကင်” သည် အဘယ်အရာကို ဆိုလိုခြင်းဖြစ်ပြီး ယင်းသည် မည်သို့ပျောက်ကွယ်သွားမည်နည်း။

သမ္မာကျမ်းစာတွင် “ကောင်းကင်” ဟူသောစကားလုံးကို ပုံဆောင်အဖြစ် သုံးသောအခါ များသောအားဖြင့် မိမိ၏လက်အောက်ခံများအထက်ရှိ အုပ်စိုးရှင်များကို ရည်ညွှန်းသည်။ (ဟေရှာ. ၁၄:၁၃၊ ၁၄; ဗျာ. ၂၁:၁၊ ၂) ပျောက်ကွယ်သွားမည့်ကောင်းကင်မှာ ဆိုးသွမ်းသောလူ့အဖွဲ့အစည်းကို အုပ်ချုပ်နေသော လူ့အုပ်ချုပ်ရေးကိုဆိုလိုသည်။ ကြီးစွာသောအသံနှင့် ပျောက်ကွယ်သွားမည်ဟုဆိုခြင်းမှာ ယင်းကောင်းကင်သည် ရုတ်တရက်ပျောက်ကွယ်သွားမည်ကို ဆိုလိုခြင်းဖြစ်သည်။

၄။ “မြေကြီး” သည်အဘယ်အရာဖြစ်ပြီး ယင်းသည် မည်သို့ဖျက်ဆီးခံရမည်နည်း။

“မြေကြီး” သည် ဘုရားသခင်နှင့် ကင်းကွာနေသောလူ့လောကကို ဆိုလိုသည်။ နောဧခေတ်တွင် ဤသို့သောလောကတစ်ခုတည်ရှိခဲ့ပြီး ယင်းသည် ဘုရားသခင့်အမိန့်တော်ဖြင့် ရေလွှမ်းမိုးခြင်းဘေးတွင် အဆုံးတိုင်ခဲ့သည်။ “ထိုတရားစကားတော်အားဖြင့်ပင် ယခုတည်ရှိသော ကောင်းကင်နှင့်မြေကြီးသည် မီးရှို့ရန်သိုထားခံရ၍ . . . သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။” (၂ ပေ. ၃:၇) ရေလွှမ်းမိုးဘေးသည် ဆိုးညစ်သောလူအားလုံးကို တစ်ကြိမ်တည်းဖြင့် အပြီးဖျက်ဆီးခဲ့သော်လည်း လာမည့် ဖျက်ဆီးခြင်းဘေးသည် “ကြီးစွာသောဒုက္ခ” အတွင်းတွင် အဆင့်ဆင့်ဖြစ်ပျက်လိမ့်မည်။ (ဗျာ. ၇:၁၄) ကြီးစွာသောဒုက္ခ၏ပထမအဆင့်တွင် “မဟာဗာဗုလုန်” ကိုဖျက်ဆီးရန် သားရဲကို ဘုရားသခင်လှုံ့ဆော်ခြင်းဖြင့် ဝတ်ပြုရေးဖောက်ပြန်မှုကို ကိုယ်တော်စက်ဆုပ်ကြောင်း ဖော်ပြပါလိမ့်မည်။ (ဗျာ. ၁၇:၅၊ ၁၆; ၁၈:၈) ထို့နောက် ကြီးစွာသောဒုက္ခ၏နောက်ဆုံးအဆင့်ဖြစ်သော အာမဂေဒုန်စစ်ပွဲတွင် စာတန့်လောက၏ကျန်သောအပိုင်းကို ယေဟောဝါကိုယ်တိုင် သုတ်သင်ပယ်ရှင်းပါလိမ့်မည်။—ဗျာ. ၁၆:၁၄၊ ၁၆; ၁၉:၁၉-၂၁

‘ . . . အရာများသည် အရည်ပျော်သွားလိမ့်မည်’

၅။ အရည်ပျော်သွားမည့်အရာများတွင် အဘယ်အရာများ ပါဝင်သနည်း။

အရည်ပျော်သွားမည့် “အရာများ” ကား အဘယ်နည်း။ ပေတရုဖော်ပြခဲ့သော “အရာများ” သည် ဘုရားသခင်မနှစ်သက်သော စရိုက်လက္ခဏာ၊ သဘောထား၊ လမ်းစဉ်နှင့် ပန်းတိုင်များကို ဖြစ်ပေါ်စေသော ဤလောက၏အခြေခံကျသည့်အရာများကို ရည်ညွှန်းသည်။ ဤ “အရာများ” တွင် “နာခံမှုမရှိသောသူတို့တွင် ရှင်သန်လှုပ်ရှားလျက်ရှိ” သည့် “လောကစိတ်ဓာတ်” ပါဝင်သည်။ (၁ ကော. ၂:၁၂; ဧဖက် ၂:၁-၃ ကိုဖတ်ပါ။) ယင်းစိတ်ဓာတ်သည် စာတန့်လောကတွင် “လေ” ကဲ့သို့ ပျံ့နှံ့နေသည်။ “လေ၏သြဇာနှင့်တူသောစိတ်ဓာတ်ကို အစိုးရသူ” မှာ မာနကြီးပြီး ကလန်ကဆန်ပြုမူသော စာတန်ဖြစ်ရာ ယင်းစိတ်ဓာတ်က လူတို့၏ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အပြုအမူများတွင် စာတန်၏စိတ်ဓာတ်ထင်ဟပ်ပြရန် လှုံ့ဆော်သည်။

၆။ ယနေ့လူတို့သည် လောကစိတ်ဓာတ်ကို မည်သို့တင်ပြနေကြသနည်း။

ထို့ကြောင့် လောကစိတ်ဓာတ်ကူးစက်ခံရသူများသည် သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ သူတို့၏စိတ်နှလုံးကိုပုံသွင်းရန် စာတန်ကိုခွင့်ပြုကြပြီး စာတန်၏အတွေးအခေါ်နှင့် သဘောထားများကို ထင်ဟပ်ပြကြသည်။ ရလဒ်အနေနှင့် သူတို့သည် ဘုရားသခင့်အလိုတော်ကို လျစ်လျူရှုကာ ထင်ရာစိုင်းကြသည်။ သူတို့သည် အခြေအနေများကို မာနဖြင့် သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ဆန် တုံ့ပြန်ကြပြီး အခွင့်အာဏာကို ပုန်ကန်သည့်သဘောထားတင်ပြကာ “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” ကို အလျော့ပေးလိုက်လျောကြသည်။—၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။ *

၇။ ကျွန်ုပ်တို့၏ ‘နှလုံးကိုစောင့်ရှောက်’ ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

ထို့ကြောင့် အပေါင်းအသင်းများ၊ ဖတ်ရှုရာများ၊ အပန်းဖြေမှုများနှင့် အင်တာနက်တွင်ကြည့်ရှုသော ဝက်ဘ်ဆိုက်များကို ရွေးချယ်ရာတွင် ဘုရားသခင်ထံမှဉာဏ်ပညာကို ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့၏ ‘နှလုံးကိုစောင့်ရှောက်’ ရန် အရေးကြီးလှပေသည်။ (သု. ၄:၂၃) တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကိုလိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။” (ကော. ၂:၈) ယေဟောဝါ၏နေ့ နီးကပ်လာသည်နှင့်အမျှ ယင်းသတိပေးချက်သည် ပို၍အရေးကြီးလာသည်၊ အကြောင်းမှာ ယင်းနေ့သည် “အလွန်ပူပြင်း” သည်ဖြစ်၍ စာတန့်စနစ်ရှိ “အရာများ” သည် ဘုရားသခင့်ဒေါသမီးအရှိန်ကို မခံနိုင်သောကြောင့် အရည်ပျော်မည်ဖြစ်သည်။ ယင်းက ဤသို့ဖော်ပြထားသော မာလခိ ၄:၁ ကို သတိရစေသည်– ‘မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် မကောင်းမှုကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်။’

“မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်”

၈။ မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် မည်သို့ “ကျွမ်းလောင်” မည်နည်း။

“မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်” ဟုပေတရုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ “ကျွမ်းလောင်” ဟူသောအသုံးအနှုန်းကို မီးဖြင့်ဖျက်ဆီးခံထိုက်သည့်အရာများအဖြစ် “ဖော်ထုတ်ခံရ” သို့မဟုတ် “တွေ့ရှိရ” ဟူ၍လည်း ပြန်ဆိုနိုင်သည်။ ဤတွင် စာတန့်လောကသည် ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်ကို ဆန့်ကျင်သောကြောင့် အစတုံးဖျက်ဆီးခံထိုက်ကြောင်း ကြီးစွာသောဒုက္ခအတွင်းတွင် ယေဟောဝါ ဖော်ထုတ်မည်ကို ပေတရု ဆိုလိုနေခြင်းဖြစ်သည်။ ယင်းအချိန်နှင့်ပတ်သက်၍ ဟေရှာယ ၂၆:၂၁ တွင် ဤသို့ပရောဖက်ပြုထားသည်– ‘ယေဟောဝါသည် မြေကြီးသားတို့ကို သူတို့၏မကောင်းမှုကြောင့် အပြစ်ပေးလိုသောငှာ မိမိအရပ်ဌာနထဲကထွက်တော်မူ၏။ ထိုအခါမြေကြီးသည် မိမိ၌ရှိသောအသွေးကိုဖော်ပြရလိမ့်မည်။ မိမိ၌အသေခံရသောသူတို့ကို နောက်တစ်ဖန် ဝှက်၍မထားရ။’

၉။ (က) အဘယ်အရာကို ကျွန်ုပ်တို့ ရှောင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်တို့ ပြုစုပျိုးထောင်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

ယေဟောဝါ၏နေ့ကြီးအတွင်း လောကနှင့် ၎င်း၏ဆိုးညစ်သောစိတ်ဓာတ်၏ ပုံသွင်းမှုကိုခံယူသူတို့သည် အချင်းချင်းသတ်ဖြတ်ကြခြင်းဖြင့် မိမိတို့၏ဇာတိရုပ်အမှန်ကို တင်ပြကြမည်။ ယနေ့ခေတ်စားနေသော အကြမ်းဖက်ဖျော်ဖြေရေးပုံစံများစွာက လူတို့သည် မိမိလက်ဖြင့် “တစ်ယောက်ကိုတစ်ယောက်တိုက်၍ သတ်ကြ” မည့်အချိန်အတွက် လူများစွာ၏စိတ်ကို ပုံသွင်းပေးနေပုံရသည်။ (ဇာ. ၁၄:၁၃) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်စက်ဆုပ်ရွံရှာသော မာနကြီးခြင်းနှင့် အကြမ်းဖက်ခြင်းကိုနှစ်သက်သော အကျင့်စရိုက်များ ကျွန်ုပ်တို့စိတ်တွင် ကိန်းအောင်လာစေနိုင်သည့် ရုပ်ရှင်များ၊ စာပေများ၊ ဗီဒီယိုဂိမ်းများစသည်တို့ကိုရှောင်ရန် အလွန်အရေးကြီးသည်။ (၂ ရာ. ၂၂:၂၈; ဆာ. ၁၁:၅) ယင်းအစား ယေဟောဝါ၏ပုံဆောင်မီးအရှိန်ကို ခံနိုင်သည့် သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေးများကို ပြုစုပျိုးထောင်ကြပါစို့။—ဂလ. ၅:၂၂၊ ၂၃

“ကောင်းကင်သစ်နှင့် မြေကြီးသစ်”

၁၀၊ ၁၁။ “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” မှာ အဘယ်နည်း။

၁၀ ၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။ “ကောင်းကင်သစ်” မှာ ဘုရားသခင့်ကောင်းကင်နိုင်ငံဖြစ်ပြီး ယင်းသည် ‘လူမျိုးခြားတို့၏ အချိန်ကာလ’ ကုန်ဆုံးသည့် ၁၉၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ (လု. ၂၁:၂၄) ယင်းအစိုးရသည် ခရစ်တော်ယေရှု၊ ကိုယ်တော်နှင့်ပူးတွဲအုပ်ချုပ်မည့် ၁၄၄,၀၀၀ တို့ဖြင့်ဖွဲ့စည်းထားပြီး ၎င်းတို့ထဲမှ အများစုသည် ကောင်းကင်ဆုကျေးဇူးကို ရရှိပြီးဖြစ်သည်။ ယင်းရွေးချယ်ခံရသူတို့ကို “ခင်ပွန်းအတွက် တန်ဆာဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းလာ” သည့် “သန့်ရှင်းသောမြို့တော် တည်းဟူသော ဂျေရုဆလင်မြို့သစ်” အဖြစ် ကျမ်းစာ၌ပုံဖော်ထားသည်။ (ဗျာ. ၂၁:၁၊ ၂၊ ၂၂-၂၄) မြေကြီးဂျေရုဆလင်သည် ရှေးအစ္စရေးလူမျိုးကို အုပ်ချုပ်သကဲ့သို့ ဂျေရုဆလင်မြို့သစ်နှင့် ၎င်း၏သတို့သားသည် အစီအစဉ်သစ်ကို အုပ်ချုပ်မည်ဖြစ်သည်။ ယင်းကောင်းကင်မြို့တော်သည် မြေကြီးကို တိုက်ရိုက်အာရုံစိုက်ခြင်းဖြင့် “ကောင်းကင်ဘုံမှဆင်းလာသည်။”

၁၁ “မြေကြီးသစ်” သည် ဘုရားသခင့်နိုင်ငံတော်ကို တလိုတလားလက်အောက်ခံကြောင်းတင်ပြသည့် လူ့ဘောင်အဖွဲ့အစည်းအသစ်ဖြစ်သည်။ ယခုအချိန်၌ပင် ဘုရားသခင့်လူမျိုး ပျော်မွေ့နေကြသည့် ပုံဆောင်ပရဒိသုသည် “နောင်လာမည့် လူနေထိုင်ရာမြေကြီး” ဖြစ်သော သာယာလှပသည့်ပရဒိသုအစစ်အမှန် ဖြစ်လာမည်။ (ဟေဗြဲ ၂:၅) ကျွန်ုပ်တို့သည် ထိုနေရာတွင် မည်သို့နေထိုင်နိုင်မည်နည်း။

ယေဟောဝါ၏နေ့ကြီးအတွက် ပြင်ဆင်ပါ

၁၂။ ယေဟောဝါ၏နေ့ရောက်ရှိလာခြင်းကို လောကသားများ အဘယ်ကြောင့် အံ့အားသင့်ကြမည်နည်း။

၁၂ ပေါလုနှင့်ပေတရုနှစ်ဦးစလုံးက ယေဟောဝါ၏နေ့သည် တိတ်တဆိတ်နှင့် မမျှော်လင့်ဘဲ “သူခိုးကဲ့သို့” ရောက်လာမည်ဟု ကြိုဟောခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၊ ၂ ကိုဖတ်ပါ။) ယင်းနေ့ကို စောင့်မျှော်နေကြသော စစ်မှန်သည့်ခရစ်ယာန်များပင် ယင်းနေ့ ရုတ်တရက်ရောက်ရှိလာမှုကြောင့် အံ့အားသင့်ကြမည်။ (မ. ၂၄:၄၄) သို့သော် လောကသားများသည် ပို၍ပင်အံ့အားသင့်ကြပေမည်။ ပေါလု ဤသို့ရေးခဲ့၏– “‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟုလူတို့ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာ ရောက်သကဲ့သို့ မမျှော်လင့်သော ပျက်စီးခြင်းဘေးသည် သူတို့အပေါ်သို့ ရုတ်ခြည်း ကျရောက်လိမ့်မည်။ သူတို့သည် လွတ်မြောက်ခွင့် အလျှင်းမရှိကြရ။”—၁ သက်. ၅:၃

၁၃။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသောပြောဆိုချက်ကြောင့် လှည့်စားမခံရရန် ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။

၁၃ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟူသောပြောဆိုချက်သည် စာတန်အယုံသွင်းသော မုသားနောက်တစ်ခုဖြစ်သည်။ သို့သော် ယင်းသည် ယေဟောဝါ၏ကျေးကျွန်များကို မလှည့်စားနိုင်ပါ။ ပေါလု ဤသို့ရေးခဲ့၏– “သင်တို့သည် မှောင်မိုက်တွင် ရှိနေသူများ မဟုတ်ကြ။ သို့ဖြစ်၍ သူခိုးကို ဖမ်းမိသကဲ့သို့ ထိုနေ့ရက်သည် သင်တို့ကို အုပ်မိလိမ့်မည်မဟုတ်။ အကြောင်းမူကား သင်တို့ရှိသမျှသည် အလင်း၏သားများ၊ နေ့၏သားများ ဖြစ်ကြ၏။” (၁ သက်. ၅:၄၊ ၅) သို့ဖြစ်၍ စာတန့်လောက၏မှောင်မိုက်ကို ဝေးဝေးရှောင်ပြီး အလင်းတွင် ဆက်ရှိနေကြစို့။ ပေတရု ဤသို့ရေးခဲ့၏– “ချစ်ရသောသူတို့၊ ဤအကြောင်းကို ကြိုသိထားသဖြင့် သတိရှိကြလော့။ သို့မှသာ တရားမဲ့သူတို့ [ခရစ်ယာန်အသင်းတော်အတွင်းရှိ အယူမှားသွန်သင်သူများ] နှင့်အတူ သွေဖည်သွားမည်မဟုတ်။ သင်တို့၏တည်ကြည်မှုကို ဆုံးရှုံးမည်မဟုတ်။”—၂ ပေ. ၃:၁၇

၁၄၊ ၁၅။ (က) ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ဂုဏ်တင်သနည်း။ (ခ) စွမ်းအားတော်ဖြင့်ရေးသားသော အဘယ်စကားများကို ကျွန်ုပ်တို့ နှလုံးသွင်းသင့်သနည်း။

၁၄ ယေဟောဝါက “သတိရှိကြလော့” ဟူ၍သာပြောခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် အနာဂတ်တွင်ဖြစ်မည့် အကြမ်းဖျင်းအချက်အလက်များကို “ကြိုသိ” စေခြင်းဖြင့် ကျွန်ုပ်တို့ကို ဂုဏ်တင်တော်မူသည်။

၁၅ ဝမ်းနည်းစရာကောင်းသည်မှာ အချို့သူတို့သည် နိုးနိုးကြားကြားနေကြပါဟူသော သတိပေးချက်ကို ပေါ့ပေါ့တန်တန်သဘောထားလာကြ သို့မဟုတ် ပြစ်တင်ပြောဆိုလာကြသည်။ ‘ဒီသတိပေးချက်ကိုကြားလာတာ ဆယ်စုနှစ်နဲ့ချီကြာနေပြီ’ ဟု ပြောကြပေမည်။ သို့သော် ယင်းသို့ပြောခြင်းသည် သစ္စာရှိကျေးကျွန်ကိုသာမဟုတ်ဘဲ ယေဟောဝါနှင့်သားတော်အပေါ် သံသယဝင်နေခြင်းဖြစ်ကြောင်း ထိုသူတို့စိတ်စွဲမှတ်ထားသင့်သည်။ “မျှော်လင့်လော့” ဟု ယေဟောဝါမိန့်တော်မူခဲ့သည်။ (ဟဗ. ၂:၃) အလားတူ ယေရှုဤသို့ဖော်ပြသည်– “သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” (မ. ၂၄:၄၂) ထို့ပြင် ပေတရုက ဤသို့ရေးခဲ့သည်– ‘မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားသခင်ဝတ်၌မွေ့လျော်သူများဖြစ်သင့်၏။ ယေဟောဝါ၏နေ့ရောက်လာမည်ကို စောင့်မျှော်၍စိတ်စွဲမှတ်ကြလော့။’ (၂ ပေ. ၃:၁၁၊ ၁၂) သစ္စာရှိကျေးကျွန်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့သည် အရေးကြီးသောယင်းစကားများကို ဘယ်သောအခါမျှ ပေါ့ပေါ့တန်တန်သဘောထားမည်မဟုတ်ပါ။

၁၆။ အဘယ်သဘောထားကို ကျွန်ုပ်တို့ ရှောင်သင့်သနည်း။ အဘယ်ကြောင့်နည်း။

၁၆ သခင်ကြန့်ကြာနေသည်ဟု ယူမှတ်သူသည် အမှန်မှာ “ကျွန်ဆိုး” ဖြစ်သည်။ (မ. ၂၄:၄၈) ယင်းကျွန်ဆိုးသည် ၂ ပေတရု ၃:၃၊ ၄ တွင် ဖော်ပြထားသော အုပ်စုအဝင်ဖြစ်သည်။ “နောက်ဆုံးသောနေ့ရက်များတွင် ပြက်ရယ်ပြုတတ်သူတို့သည်” ပေါ်လာ၍ “မိမိတို့အလိုဆန္ဒအတိုင်း ပြုမူ” ကာ ယေဟောဝါ၏နေ့ကို စိတ်စွဲမှတ်ထားသူတို့ကို ကဲ့ရဲ့ကြလိမ့်မည်ဟု ပေတရုရေးခဲ့သည်။ ပြက်ရယ်ပြုသူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို အာရုံစိုက်မည့်အစား မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏အလိုဆန္ဒအပေါ် အာရုံစိုက်ကြသည်။ ထိုကဲ့သို့သော မနာခံမှုနှင့် အန္တရာယ်ရှိသောသဘောထားတို့ကို ဘယ်သောအခါမျှ မမွေးမြူမိပါစေနှင့်။ ယင်းအစား ကျွန်ုပ်တို့သည် ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အလုပ်များနေသင့်ပြီး ယေဟောဝါဘုရားသခင်သတ်မှတ်ထားသောအချိန်နှင့်ပတ်သက်၍ အလွန်အမင်းမစိုးရိမ်ခြင်းဖြင့် “ငါတို့သခင်၏စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်” နိုင်ပါစေ။—၂ ပေ. ၃:၁၅; တမန်တော် ၁:၆၊ ၇ ကိုဖတ်ပါ။

ကယ်တင်နိုင်သောဘုရားသခင်ကို ယုံကြည်ကိုးစားပါ

၁၇။ သစ္စာရှိခရစ်ယာန်များသည် ဂျေရုဆလင်မှထွက်ပြေးပါဟူသည့် ယေရှု၏သတိပေးချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ အဘယ်ကြောင့်နည်း။

၁၇ စီအီး ၆၆ တွင် ရောမစစ်တပ် ယုဒပြည်သို့ကျူးကျော်ဝင်ရောက်လာသောအခါ သစ္စာရှိသောခရစ်ယာန်များသည် ထွက်ပြေးပါဟူသည့် ယေရှု၏သတိပေးချက်အတိုင်း အခွင့်အရေးရသည်နှင့် မြို့တွင်းမှ ထွက်ပြေးခဲ့သည်။ (လု. ၂၁:၂၀-၂၃) သူတို့သည် အဘယ်ကြောင့် ပြတ်ပြတ်သားသားနှင့် ချက်ချင်းလုပ်ဆောင်ခဲ့ကြသနည်း။ ယေရှု၏သတိပေးချက်ကို သူတို့စိတ်စွဲမှတ်ခဲ့ကြသည်မှာ သေချာသည်။ ထို့ပြင် ခရစ်တော်ကြိုဟောခဲ့သကဲ့သို့ သူတို့၏ဆုံးဖြတ်ချက်ကြောင့် အခက်အခဲများကြုံတွေ့ရမည်ဖြစ်ကြောင်း မျှော်လင့်ခဲ့ကြမည်မှာ အမှန်ပင်။ တစ်ချိန်တည်းတွင် ယေဟောဝါသည် မိမိ၏သစ္စာရှိသူများကို ဘယ်သောအခါမျှ စွန့်ပစ်လိမ့်မည်မဟုတ်ကြောင်း သူတို့သိထားခဲ့သည်။—ဆာ. ၅၅:၂၂

၁၈။ လုကာ ၂၁:၂၅-၂၈ ပါယေရှု၏စကားများသည် ရောက်လာတော့မည့် ကြီးစွာသောဒုက္ခအပေါ် သင့်ရှုမြင်ပုံကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၈ လက်ရှိစနစ်အပေါ် အကြီးမားဆုံးဆင်းရဲဒုက္ခကျရောက်သောအခါ ယေဟောဝါတစ်ပါးတည်းသာလျှင် ကယ်တင်နိုင်ကြောင်း ကျွန်ုပ်တို့လည်း အပြည့်အ၀ ယုံကြည်ကိုးစားရမည်ဖြစ်သည်။ ကြီးစွာသောဒုက္ခစတင်ပြီးနောက်နှင့် လောကစနစ်တစ်ခုလုံးကို ယေဟောဝါ တရားမစီရင်မီ ကြားတစ်ချိန်ချိန်တွင် “လူတို့သည် မြေကြီးပေါ်၌ ဖြစ်ပျက်မည့်အရာများကိုမျှော်၍ ကြောက်လန့်သဖြင့် မေ့မြောသွားကြလိမ့်မည်။” ဘုရားသခင်၏ရန်သူများသည် ကြောက်လန့်တုန်လှုပ်နေကြသော်လည်း ယေဟောဝါ၏သစ္စာရှိကျေးကျွန်များမှာမူ ကြောက်စရာမလိုပါ။ ယင်းအစား သူတို့ကို ရွေးနုတ်မည့်အချိန် ရောက်လုနီးပြီကိုသိ၍ ဝမ်းမြောက်ကြလိမ့်မည်။—လုကာ ၂၁:၂၅-၂၈ ကိုဖတ်ပါ။

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အရာများကို ဆွေးနွေးမည်နည်း။

၁၉ လောကနှင့် ယင်း၏ “အရာများ” နှင့်သီးခြားနေသောသူတို့အတွက် စိတ်လှုပ်ရှားဖွယ်အနာဂတ်စောင့်ကြိုလျက်ရှိသည်။ ကျွန်ုပ်တို့ အသက်ရလိုလျှင် မကောင်းမှုများကို ရှောင်ကြဉ်ရုံထက်မက ပိုလုပ်ဆောင်ဖို့လိုကြောင်း၊ ယေဟောဝါနှစ်သက်သော အရည်အသွေးများကို မွေးမြူကာ ကိုယ်တော်နှစ်သက်သောအလုပ်များကို လုပ်ဖို့လိုကြောင်း နောက်ဆောင်းပါးတွင် ရှင်းပြပါလိမ့်မည်။—၂ ပေ. ၃:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 လောကစိတ်ဓာတ်က အားပေးအားမြှောက်ပြုနေသည့် အမူအကျင့်များအကြောင်း အကျယ်တဝင့်ရှင်းပြချက်ကို ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၂၉၆-၂၉၉ တွင်ကြည့်ပါ။

သင်ရှင်းပြနိုင်သလော

• အောက်ပါတို့သည် အဘယ်အရာကိုဆိုလိုသနည်း။

လက်ရှိ ‘ကောင်းကင်နှင့်မြေကြီး’

“အရာများ”

“ကောင်းကင်သစ်နှင့်မြေကြီးသစ်”

• ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဘုရားသခင်ကို အပြည့်အ၀ ယုံကြည်ကိုးစားကြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါရုပ်ပုံ]

သင်သည် မည်သို့ ‘နှလုံးကိုစောင့်ရှောက်’ ကာ လောကနှင့်သီးခြားဆက်နေနိုင်သနည်း

[စာမျက်နှာ ၆ ပါရုပ်ပုံ]

“ငါတို့သခင်၏စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်” ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြကြသနည်း