မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ပါ

ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ပါ

ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ပါ

‘သခင်၏အမှုတော်တွင် အလုပ်များလျက်နေကြလော့။’—၁ ကော. ၁၅:၅၈

၁။ မိမိ၏တပည့်များကို အဘယ်လုပ်ငန်းတွင်ပါဝင်ရန် ယေရှုဖိတ်ခေါ်ခဲ့သနည်း။

စီအီး ၃၀ ကုန်ခါနီးတွင် ရှမာရိနယ်ကိုဖြတ်၍ ခရီးသွားနေစဉ် ယေရှုသည် ရှုခါမြို့အနီးရှိ ရေတွင်းတစ်တွင်း၌ အမောဖြေနေသည်။ ထိုအချိန်တွင် တပည့်များအား “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” ဟုပြောခဲ့သည်။ (ယော. ၄:၃၅) ဤတွင် ပကတိရိတ်သိမ်းခြင်းကို ယေရှု ဆိုလိုနေခြင်းမဟုတ်ဘဲ မိမိ၏နောက်လိုက်များဖြစ်လာမည့် စိတ်နှလုံးရိုးဖြောင့်သူများကို စုသိမ်းခြင်းအကြောင်း ရည်ညွှန်းနေခြင်းဖြစ်သည်။ အမှန်တွင် ကိုယ်တော့်စကားများက တပည့်များအား ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပါဝင်ရန်ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ယင်းတွင် လုပ်စရာများစွာရှိနေပြီး အချိန်မှာ အနည်းငယ်သာကျန်တော့သည်။

၂၊ ၃။ (က) ရိတ်သိမ်းချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်ကြမည်နည်း။

ရိတ်သိမ်းခြင်းနှင့်ပတ်သက်သော ယေရှု၏စကားများသည် ယနေ့ ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိသည်။ ကမ္ဘာ့လယ်ကွင်း “မှည့်ဝင်း” နေသောအချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြ၏။ နှစ်စဉ် သန်းနှင့်ချီသောသူများသည် အသက်ပေးအမှန်တရားကို လေ့လာရန် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြပြီး ထောင်ပေါင်းများစွာသောသူတို့မှာ တပည့်သစ်များအဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် စပါးရှင်ဖြစ်သော ယေဟောဝါ၏ကြီးကြပ်မှုအောက် အရေးကြီးဆုံးရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရကြသည်။ သင်သည် ဤရိတ်သိမ်းခြင်းလုပ်ငန်းတွင် “အလုပ်များ” နေသလော။—၁ ကော. ၁၅:၅၈

မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်းတွင် ယေရှုသည် ရိတ်သိမ်းလုပ်သားများဖြစ်သောတပည့်များအား သူတို့၏တာဝန်အတွက် ပြင်ဆင်ပေးခဲ့သည်။ တပည့်များအား ယေရှုသွန်သင်ပေးခဲ့သော အရေးကြီးသည့်သင်ခန်းစာများစွာထဲမှ သင်ခန်းစာသုံးခုကို ဤဆောင်းပါးတွင် သုံးသပ်ကြမည်။ သင်ခန်းစာတစ်ခုစီတွင် ခေတ်သစ်စုသိမ်းခြင်းလုပ်ငန်း၌ အတတ်နိုင်ဆုံး ကြိုးစားပါဝင်နေသည့် ကျွန်ုပ်တို့အတွက် အလွန်အသုံးဝင်သည့် အရည်အသွေးတစ်ခုစီကို ဖော်ပြပါလိမ့်မည်။ ဤအရည်အသွေးတစ်ခုစီကို သုံးသပ်ကြည့်ကြစို့။

နှိမ့်ချမှုမရှိမဖြစ်လို

၄။ နှိမ့်ချမှု၏အရေးကြီးပုံကို ယေရှု မည်သို့ ရှင်းပြခဲ့သနည်း။

ဤမြင်ကွင်းကို စိတ်ကူးကြည့်ပါ– တပည့်များသည် ယခုလေးတင် မည်သူအကြီးမြတ်ဆုံးဖြစ်သည်ကို ငြင်းခုံခဲ့ကြ၏။ သူတို့၏မျက်နှာတွင် မယုံကြည်မှုများနှင့် ရန်လိုမှုများ ပေါ်လွင်နေမည်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ကလေးတစ်ဦးကိုခေါ်ကာ သူတို့အလယ်တွင် ရပ်စေခဲ့သည်။ ကလေးအား အာရုံစိုက်စေလျက် “မည်သူမဆို ဤသူငယ်ကဲ့သို့ နှိမ့်ချလျှင် ကောင်းကင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု ကိုယ်တော် ပြောသည်။ (မဿဲ ၁၈:၁-၄ ကိုဖတ်ပါ။) လူတစ်ဦးကို အာဏာ၊ စည်းစိမ်ချမ်းသာ၊ ထင်ပေါ်ကျော်ကြားမှုဖြင့် တိုင်းတာသော လောကကဲ့သို့ စဉ်းစားမည့်အစား မိမိတို့၏ ကြီးမြတ်မှုသည် အခြားသူများရှေ့တွင် ‘မိမိကိုယ်ကို သူငယ်ကဲ့သို့ပြောင်းလဲ’ ခြင်းအပေါ် မူတည်ကြောင်း တပည့်များ နားလည်ဖို့လိုသည်။ နှိမ့်ချမှုအစစ်အမှန်တင်ပြမှသာ ယေဟောဝါ သူတို့ကို ကောင်းချီးပေးကာ အသုံးပြုမည်ဖြစ်သည်။

၅၊ ၆။ ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်နိုင်ရန် ကျွန်ုပ်တို့ အဘယ်ကြောင့်နှိမ့်ချဖို့လိုသနည်း။ ရှင်းပြပါ။

ယနေ့အချိန်အထိ လောကမှလူများစွာတို့သည် မိမိတို့၏ဘ၀ကို အာဏာ၊ စည်းစိမ်ချမ်းသာ၊ ထင်ပေါ်ကျော်ကြားမှုများလိုက်စားခြင်းတွင် မြှုပ်နှံထားကြသည်။ ထို့ကြောင့် ဘုရားသခင်အကြောင်းသင်ယူကာ ကိုယ်တော့်အမှုဆောင်ဖို့ အချိန်အနည်းငယ်သာရှိကြ သို့မဟုတ် အချိန်လုံး၀ မပေးနိုင်ကြချေ။ (မ. ၁၃:၂၂) ယင်းအစား ယေဟောဝါ၏လူများသည် စပါးရှင်ထံမှ ကောင်းချီးများနှင့် မျက်နှာသာကိုရရန် အခြားသူများ၏အမြင်တွင် ‘မိမိကိုယ်ကို သူငယ်ကဲ့သို့ပြောင်းလဲ’ ရန်လိုလိုလားလားရှိကြသည်။—မ. ၆:၂၄; ၂ ကော. ၁၁:၇; ဖိ. ၃:၈

အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသော တောင်အမေရိကမှ ဖရန်စစ္စကိုအကြောင်း သုံးသပ်ကြည့်ပါ။ သူသည် လူငယ်အရွယ်တွင် တက္ကသိုလ်ဆက်မတတ်တော့ဘဲ ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။ သူ ဤသို့ပြောပြ၏– “ကျွန်တော် လက်ထပ်တဲ့အချိန်တုန်းက ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်အတွက် ငွေကြေးဖူဖူလုံလုံရှိစေမယ့် အလုပ်တစ်ခုကို လုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဘ၀ကို ရိုးရှင်းစေဖို့ ဆုံးဖြတ်ခဲ့ကြပြီး အချိန်ပြည့်ဓမ္မအမှုမှာ အတူတကွပါဝင်ခဲ့ကြတယ်။ နောက်ပိုင်း ကလေးတွေရလာတော့ ပိုခက်ခဲလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်။” အဆုံးတွင် ဖရန်စစ္စကို ဤသို့ပြောခဲ့သည်– “ကျွန်တော်ဟာ တခြားထပ်ဆင့်အထူးတာဝန်တွေအပြင် အကြီးအကဲတစ်ဦးအဖြစ် အနှစ် ၃၀ ကျော်အမှုဆောင်နိုင်ခဲ့တယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ကျွန်တော် တစ်ခါမှ နောင်တမရခဲ့ဖူးဘူး။”

၇။ ရောမ ၁၂:၁၆ တွင်တွေ့ရသော အကြံပြုချက်ကို သင်ကိုယ်တိုင် မည်သို့ ကြိုးစားကျင့်သုံးခဲ့သနည်း။

သင်သည် လောက၏ ‘စိတ်နေမြင့်’ သောသဘောထားကိုမတင်ပြဘဲ “နှိမ့်ချလျက်နေ” လျှင် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ထပ်ဆင့်ကောင်းချီးများနှင့် တာဝန်များစွာ ရရှိမည်ဖြစ်သည်။—ရော. ၁၂:၁၆; မ. ၄;၁၉၊ ၂၀; လု. ၁၈:၂၈-၃၀

လုံ့လဝီရိယရှိခြင်းက ကောင်းချီးများခံစားရစေ

၈၊ ၉။ (က) ယေရှုပြောခဲ့သည့် တဲလင့်ပုံဥပမာကို အကျဉ်းချုပ်ဖော်ပြပါ။ (ခ) ယင်းပုံဥပမာသည် အထူးသဖြင့် မည်သူတို့အတွက် ခွန်အားရှိစရာဖြစ်သနည်း။

ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်နိုင်ရန် လိုအပ်သော နောက်အရည်အသွေးတစ်ခုမှာ လုံ့လဝီရိယရှိခြင်းဖြစ်သည်။ ယင်းကို ယေရှုက တဲလင့်ပုံဥပမာတွင် ဖော်ပြခဲ့သည်။ * ယင်းဥပမာမှာ အခြားသောပြည်သို့မသွားမီ ကျွန်သုံးဦးအား မိမိ၏ဥစ္စာများကို အပ်နှင်းခဲ့သည့် လူတစ်ဦးအကြောင်းဖြစ်သည်။ ပထမကျွန်ကို ငါးတဲလင့်၊ ဒုတိယကျွန်ကို နှစ်တဲလင့်နှင့် တတိယကျွန်ကို တစ်တဲလင့်စီ အသီးသီးပေးအပ်ခဲ့သည်။ သခင်ထွက်ခွာသွားသည့်နောက် ပထမကျွန်နှစ်ဦးသည် မိမိတို့တဲလင့်များဖြင့် ဝီရိယစိုက်ထုတ်၍ ချက်ချင်း “ကုန်သွယ်” ခဲ့ကြသည်။ သို့သော် တတိယကျွန်မှာ “ပျင်းရိသောသူ” ဖြစ်သည်။ သူသည် မိမိ၏တဲလင့်ကို မြေကြီးတွင် မြှုပ်ထားလိုက်သည်။ သခင်ပြန်လာသောအခါ ပထမကျွန်နှစ်ဦးကို “များစွာသောအရာများအပေါ်ခန့်အပ်” ခြင်းဖြင့် ဆုချခဲ့သည်။ သို့သော် တတိယကျွန်ထံမှ တစ်တဲလင့်ကိုယူပြီးလျှင် သူ့ကို အိမ်မှနှင်ထုတ်လိုက်သည်။—မ. ၂၅:၁၄-၃၀

သင်သည် ယေရှု၏ပုံဥပမာမှ လုံ့လဝီရိယရှိသောကျွန်များကိုတုပကာ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံးပါဝင်လိုစိတ်ရှိမည်မှာ သေချာသည်။ သို့သော် သင့်လက်ရှိအခြေအနေများကြောင့် အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်လျှင်ကော အသို့နည်း။ သင်သည် စီးပွားရေးကျပ်တည်းမှုကြောင့် မိသားစုကိုထောက်ပံ့ရန် နာရီများစွာ အလုပ်လုပ်နေရပေမည်။ သို့မဟုတ် လူငယ့်ခွန်အားမရှိတော့သည့်၊ ကျန်းမာရေးမကောင်းတော့သည့်အခြေအနေတွင် ရှိနေပေမည်။ ယင်းသို့ဖြစ်သည်ဆိုလျှင် တဲလင့်ပုံဥပမာတွင် သင့်အတွက် ခွန်အားဖြစ်စေသည့်အချက်တစ်ချက် ပါရှိသည်။

၁၀။ တဲလင့်ပုံဥပမာမှသခင်သည် မျှတမှုရှိကြောင်း မည်သို့ပြသခဲ့သနည်း၊ ယင်းမှ သင်မည်သို့ခွန်အားရရှိသနည်း။

၁၀ ပုံဥပမာမှသခင်သည် မိမိကျွန်တစ်ဦးစီ၏ လုပ်ဆောင်နိုင်စွမ်းမတူကြောင်း သိရှိသည်။ ထို့ကြောင့် “တစ်ဦးစီ၏အစွမ်းအစကိုထောက်၍” တဲလင့်များကိုပေးအပ်ခဲ့သည်။ (မ. ၂၅:၁၅) မျှော်လင့်ထားသည့်အတိုင်း ပထမကျွန်သည် ဒုတိယကျွန်ထက် များစွာပိုလုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် သခင်သည် ထိုကျွန်နှစ်ဦးစလုံးအား “သစ္စာရှိသောကျွန်ကောင်း” ဟုပြောခြင်းဖြင့် သူတို့၏ လုံ့လဝီရိယစိုက်ထုတ်မှုကို အသိအမှတ်ပြုကာ တူညီသောဆုပေးအပ်ခဲ့သည်။ (မ. ၂၅:၂၁၊ ၂၃) အလားတူပင် သင်၏အခြေအနေသည် ကိုယ်တော့်အမှုတော်တွင် သင်၏ပါဝင်လုပ်ဆောင်နိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း စပါးရှင်ဖြစ်သော ယေဟောဝါဘုရားသခင် သိတော်မူသည်။ ကိုယ်တော်သည် သင်၏စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုပြီး ဆုချတော်မူမည်။—မာ. ၁၄:၃-၉; လုကာ ၂၁:၁-၄ ကိုဖတ်ပါ။

၁၁။ ခက်ခဲသည့်အခြေအနေကြားတွင် လုံ့လဝီရိယရှိရှိလုပ်ဆောင်ခြင်းဖြင့် ကြွယ်ဝစွာကောင်းချီးခံစားရကြောင်း ဥပမာပေးပါ။

၁၁ ဘရာဇီးနိုင်ငံမှ ခရစ်ယာန်ညီအစ်မ စဲလ်မီရာ၏ ပုံနမူနာက ဘုရားသခင့်လုပ်ငန်းတော်တွင် လုံ့လဝီရိယရှိရှိပါဝင်ရန်မှာ ဘဝအခြေအနေကောင်းဖို့မလိုကြောင်း ဖော်ပြသည်။ လွန်ခဲ့သောအနှစ်နှစ်ဆယ်က စဲလ်မီရာ၏ခင်ပွန်းသည် ဓားပြတိုက်ခံရပြီး သေနတ်မှန်ကာ သေဆုံးသွားခဲ့ရာ သူသည် ကျွေးမွေးရမည့်ကလေးသုံးယောက်နှင့် ကျန်ခဲ့သည်။ သူသည် အိမ်အကူအဖြစ် နာရီများစွာအလုပ်လုပ်ရပြီး လူကျပ်သောယာဉ်ဖြင့် ပင်ပင်ပန်းပန်းသွားလာရသည်။ ယင်းအခက်အခဲများကြားမှ သူသည် မှန်မှန်ရှေ့ဆောင်လုပ်နိုင်ရန် သူ၏အလုပ်များကို စနစ်တကျစီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ကလေးနှစ်ယောက်လည်း သူနှင့်အတူ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ သူဤသို့ပြောပြ၏– “နှစ်တွေတစ်လျှောက်မှာ လူအယောက်၂၀ ကျော်နဲ့ ကျမ်းစာသင်အံမှုပြုလုပ်ခဲ့ပြီး သူတို့တွေက ကျွန်မရဲ့ ‘မိသားစု’ ဝင်တွေလို ဖြစ်လာကြတယ်။ ဒီနေ့အချိန်အထိ သူတို့ရဲ့ မေတ္တာနဲ့ ခင်မင်ရင်းနှီးမှုကို ခံစားနေရတုန်းပဲ။ ဒါက ငွေနဲ့ဝယ်လို့မရတဲ့ ရတနာတစ်ပါးပါ။” စပါးရှင်သည် စဲလ်မီရာ၏ လုံ့လဝီရိယရှိရှိကြိုးစားမှုကို အမှန်ပင်ဆုချခဲ့သည်။

၁၂။ ဟောပြောခြင်းလုပ်ငန်းတွင် လုံ့လဝီရိယရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၂ သင့်လက်ရှိအခြေအနေများက ဓမ္မအမှုတွင် ပါဝင်နိုင်သည့်အချိန်ကို ကန့်သတ်ထားသည်ဆိုလျှင် ဓမ္မအမှုတွင် ပို၍ထိရောက်စွာလုပ်ဆောင်ခြင်းဖြင့် ရိတ်သိမ်းခြင်းလုပ်ငန်းတိုးတက်အောင် သင်လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ ပတ်စဉ်လုပ်ငန်းတော်အစည်းအဝေးမှ တင်ဆက်သည့် လက်တွေ့ကျအကြံပြုချက်များကို သေချာလိုက်နာမည်ဆိုလျှင် သင့်ဟောပြောခြင်းစွမ်းရည်နှင့် သက်သေခံနည်းပုံစံအသစ်များကို အသုံးပြုရာတွင် တိုးတက်လာမည်။ (၂ တိ. ၂:၁၅) ထို့ပြင် သိပ်အရေးမကြီးသည့်လုပ်ဆောင်မှုများကို အချိန်ပြောင်းလုပ်ခြင်း သို့မဟုတ် ယင်းတို့ကိုမလုပ်တော့ခြင်းဖြင့် အသင်းတော်လယ်ကွင်းလုပ်ငန်းတွင် ပုံမှန်ပါဝင်နိုင်မည်ဖြစ်သည်။—ကော. ၄:၅

၁၃။ လုံ့လဝီရိယရှိရန်နှင့် ယင်းကိုထိန်းသိမ်းထားရန် အဓိကလိုအပ်ချက်မှာ အဘယ်နည်း။

၁၃ လုံ့လဝီရိယရှိခြင်းသည် မေတ္တာနှင့် ကျေးဇူးတင်လေးမြတ်မှုမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း စိတ်စွဲမှတ်ပါ။ (ဆာ. ၄၀:၈) ယေရှု၏ပုံဥပမာမှ တတိယကျွန်က သခင်သည် တရားလွန်တောင်းဆိုသူ၊ မျှတမှုမရှိသူဟုရှုမြင်ကာ ကြောက်ရွံ့ခဲ့သည်။ သို့ဖြစ်၍ သူသည် မိမိ၏တဲလင့်ကိုသုံးကာ သခင့်ဥစ္စာကို တိုးပွားအောင်လုပ်မည့်အစား မြေကြီးတွင် မြှုပ်ထားခဲ့သည်။ ကျွန်ုပ်တို့တွင် ယင်းသို့လျစ်လျူရှုသောသဘောထားမျိုးမရှိစေရန် စပါးရှင်ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိအောင်လုပ်ပြီး ထိန်းသိမ်းထားဖို့လိုသည်။ ကိုယ်တော်၏ နှစ်လို့ဖွယ်အရည်အသွေးများဖြစ်သော မေတ္တာ၊ စိတ်ရှည်မှုနှင့် သနားကြင်နာမှုတို့ကို လေ့လာရန်၊ တွေးတောဆင်ခြင်ရန် အချိန်ယူပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သခင့်အမှုတော်တွင် အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်ရန် သင့်စိတ်နှလုံးက လှုံ့ဆော်ပါလိမ့်မည်။—လု. ၆:၄၅; ဖိ. ၁:၉-၁၁

‘သင်တို့သည် သန့်ရှင်းရမည်’

၁၄။ ရိတ်သိမ်းလုပ်သားဖြစ်လိုသူသည် အဘယ်အရေးကြီးသည့်တောင်းဆိုချက်ကို ပြည့်မီရန်လိုသနည်း။

၁၄ မိမိ၏မြေကြီးပေါ်ရှိကျေးကျွန်များထံမှ ဘုရားသခင်အလိုရှိသည့်အရာနှင့်ပတ်သက်၍ ဟေဗြဲကျမ်းစောင်ကို ကိုးကားကာ တမန်တော်ပေတရု ဤသို့ပြောခဲ့သည်– “သင်တို့ကိုခေါ်တော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့။” (၁ ပေ. ၁:၁၅၊ ၁၆; ဝတ်. ၁၉:၂; တရား. ၁၈:၁၃) ဤအချက်က ရိတ်သိမ်းလုပ်သားများသည် ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် သန့်ရှင်းရမည်ဖြစ်ကြောင်း အလေးပေးဖော်ပြသည်။ ယင်းအရေးကြီးသောတောင်းဆိုချက်ကိုပြည့်မီရန် ကျွန်ုပ်တို့သည် ပုံဆောင်သဘောအရ သန့်စင်ခံရရန် လိုသည်။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ ဘုရားသခင့်တရားစကားတော်အမှန်တရားအားဖြင့်ဖြစ်သည်။

၁၅။ ဘုရားသခင့်တရားစကားတော်အမှန်တရားတွင် အဘယ်အစွမ်းရှိသနည်း။

၁၅ ဘုရားသခင့်တရားစကားတော်အမှန်တရားကို သန့်စင်နိုင်စွမ်းရှိသည့်ရေနှင့် နှိုင်းယှဉ်ထားသည်။ စွမ်းအားတော်ဖွားခရစ်ယာန်များသည် ခရစ်တော်၏ စင်ကြယ်သောသတို့သမီးအလား ဘုရားသခင့်အမြင်တွင် သန့်ရှင်းသည်ဟု တမန်တော်ပေါလုရေးခဲ့သည်။ ခရစ်တော်သည် သူတို့ကို ‘တရားစကားတော်ရေအားဖြင့် သန့်ရှင်းစေ၍ အပြစ်အနာအဆာကင်းစေသည်။’ (ဧ. ၅:၂၅-၂၇) အစောပိုင်းတွင် ယေရှုလည်း ဘုရားသခင့်တရားစကားတော်၏ သန့်စင်စေနိုင်စွမ်းအကြောင်း ပြောခဲ့သည်။ မိမိ၏တပည့်များအား ယေရှုဤသို့ပြောခဲ့သည်– “သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်း [သန့်ရှင်း] လျက်ရှိကြ၏။” (ယော. ၁၅:၃) ထို့ကြောင့် ဘုရားသခင့်တရားစကားတော်အမှန်တရား၌ ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် သန့်စင်စေနိုင်သောအစွမ်းရှိသည်။ ယင်းသို့ ဘုရားသခင့်အမှန်တရား၏ သန့်စင်ပေးမှုကို လက်ခံမှသာလျှင် ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ကိုယ်တော်လက်ခံမည်ဖြစ်သည်။

၁၆။ ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် မည်သို့ဆက်၍သန့်ရှင်းနေနိုင်သနည်း။

၁၆ ထို့ကြောင့် ရိတ်သိမ်းလုပ်သားများဖြစ်နိုင်ရန် ကျွန်ုပ်တို့သည် ယေဟောဝါ၏အမြင်တွင် မသန့်ရှင်းသည့် အကျင့်အကြံမှန်သမျှကို ဦးစွာ စွန့်ပစ်ဖို့လိုသည်။ ရိတ်သိမ်းလုပ်သားတစ်ဦးအဖြစ် ဆက်၍အရည်အချင်းပြည့်မီနိုင်ရန် ကိုယ်ကျင့်တရား၊ ဝတ်ပြုရေးနှင့်ဆိုင်သည့် ယေဟောဝါ၏မြင့်မားသော စံနှုန်းများကိုကိုင်စွဲရာ၌ စံနမူနာဖြစ်ရမည်။ (၁ ပေတရု ၁:၁၄-၁၆ ကိုဖတ်ပါ။) တစ်ကိုယ်ရေသန့်ရှင်းမှုကို ကျွန်ုပ်တို့မပြတ်ဂရုစိုက်သကဲ့သို့ ဘုရားသခင့်တရားစကားတော်အမှန်တရား၏ သန့်စင်ပေးမှုကို ပုံမှန်ခံယူရမည်ဖြစ်သည်။ ယင်းတွင် ကျမ်းစာဖတ်ရှုခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းပါဝင်သည်။ ယင်းက ဘုရားသခင်၏သတိပေးချက်များကို ကျွန်ုပ်တို့၏ဘဝတွင် လက်တွေ့ကျင့်သုံးရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားအားထုတ်ခြင်းကိုလည်း ဆိုလိုသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်ပြုလိုသည့်ဆန္ဒနှင့် လောက၏ညစ်ညမ်းသောသြဇာလွှမ်းမိုးမှုများကို တိုက်လှန်နိုင်ရန် ထောက်ကူပေးမည်ဖြစ်သည်။ (ဆာ. ၁၁၉:၉; ယာ. ၁:၂၁-၂၅) ဘုရားသခင့်တရားစကားတော်အမှန်တရားသည် ကြီးလေးသောအပြစ်ကိုပင် “ဆေးကြောသန့်စင်” ပေးနိုင်ကြောင်း သိရခြင်းက ကျွန်ုပ်တို့အတွက် အလွန်နှစ်သိမ့်မှုဖြစ်စေသည်။—၁ ကော. ၆:၉-၁၁

၁၇။ ဆက်၍သန့်ရှင်းစွာနေနိုင်ရန် အဘယ်ကျမ်းစာသွန်သင်ချက်ကို ကျွန်ုပ်တို့ လိုက်လျှောက်ရမည်နည်း။

၁၇ ဘုရားသခင့်တရားစကားတော်အမှန်တရား၏ သန့်စင်ပေးမှုကို သင် လိုလိုလားလား လက်ခံပါသလော။ ဥပမာ၊ သင်သည် လောက၏ယုတ်ညံ့သောဖျော်ဖြေရေးများနှင့်ပတ်သက်၍ သတိပေးခံရသောအခါ မည်သို့တုံ့ပြန်သနည်း။ (ဆာ. ၁၀၁:၃) သင်နှင့်ယုံကြည်ခြင်းမတူသော ကျောင်းနေဖက်များ၊ အလုပ်ဖော်များနှင့် မလိုအပ်ဘဲ ပေါင်းသင်းခြင်းကို ရှောင်သလော။ (၁ ကော. ၁၅:၃၃) ယေဟောဝါ၏အမြင်တွင် သင့်အား မသန့်မရှင်းဖြစ်စေနိုင်သည့် သင်ကိုယ်တိုင်၏အားနည်းချက်များကို အောင်မြင်ကျော်လွှားနိုင်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားအားထုတ်နေပါသလော။ (ကော. ၃:၅) သင်သည် လောက၏နိုင်ငံရေးအငြင်းပွားမှုများ၊ လူမျိုးရေးစိတ်ဓာတ်ပါဝင်သည့် အားကစားပြိုင်ပွဲများနှင့် ကင်းကင်းရှင်းရှင်းနေပါသလော။—ယာ. ၄:၄

၁၈။ ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် သန့်ရှင်းနေခြင်းက သီးပွင့်ဖြစ်ထွန်းသောရိတ်သိမ်းလုပ်သားများဖြစ်နိုင်ရန် မည်သို့ထောက်ကူပေးသနည်း။

၁၈ ထိုကဲ့သို့သောကိစ္စရပ်များတွင် သင်၏သစ္စာရှိရှိနာခံခြင်းက ရလဒ်ကောင်းများ ရရှိစေသည်။ ကိုယ်တော်သည် မိမိ၏တပည့်များကို စပျစ်နွယ်ပင်၏အခက်များနှင့် နှိုင်းယှဉ်ကာ ဤသို့ပြောခဲ့သည်– “ငါ၌အသီးမသီးသော အခက်ရှိသမျှကို [ငါ့ခမည်းတော်] ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှ သာ၍အသီးသီးစေရန် ခုတ်ထွင်ရှင်းလင်းတော်မူ၏။” (ယော. ၁၅:၂) ကျမ်းစာအမှန်တရား၏သန့်စင်ပေးမှုကို သင်လက်ခံသည်နှင့်အမျှ သင်သည် ပို၍အသီးသီးနိုင်ပါလိမ့်မည်။

ယခုနှင့် အနာဂတ်တွင် ရရှိမည့်ကောင်းချီးများ

၁၉။ ရိတ်သိမ်းလုပ်သားများအဖြစ် ကြိုးစားအားထုတ်ခဲ့ကြသည့် ယေရှု၏တပည့်များ မည်သို့ကောင်းချီးခံစားခဲ့ရသနည်း။

၁၉ ယေရှု၏လေ့ကျင့်ပေးမှုကို လက်ခံကျင့်သုံးခဲ့ကြသည့် သစ္စာရှိတပည့်များသည် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် “မြေကြီးစွန်းတိုင်အောင်” သက်သေခံရန် သန့်ရှင်းသောစွမ်းအားတော်တန်ခိုးကို ရရှိခဲ့ကြသည်။ (တ. ၁:၈) သူတို့သည် နောက်ပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရစ်ယာန်သာသနာပြုများ၊ နယ်လှည့်အကြီးအကဲများအဖြစ်အမှုဆောင်ခဲ့ကြပြီး “ကောင်းကင်အောက်အရပ်ရပ်ရှိလူတို့” ကို သတင်းကောင်းဟောပြောရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ (ကော. ၁:၂၃) သူတို့ကိုယ်တိုင် ကောင်းချီးများစွာခံစားကြရပြီး အခြားသူများကိုလည်း များစွာရွှင်လန်းစေခဲ့ကြသည်။

၂၀။ (က) အဘယ်အရာလုပ်ဆောင်ရန် သင် စိတ်ပိုင်းဖြတ်ထားသနည်း။ (ခ) ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ခြင်းမှ သင် အဘယ်ကောင်းချီးများခံစားရသနည်း။

၂၀ နှိမ့်ချမှုတင်ပြခြင်း၊ လုံ့လဝီရိယစိုက်ထုတ်ခြင်းနှင့် ဘုရားသခင်၏မြင့်မားသောစံနှုန်းများကို စွဲကိုင်ခြင်းအားဖြင့် ယခုလုပ်ဆောင်လျက်ရှိသည့် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ ဆက်၍အပြည့်အဝနှင့် ထိထိရောက်ရောက် ပါဝင်နိုင်ပါလိမ့်မည်။ လောက၏ရုပ်ပစ္စည်းတပ်မက်မှုနှင့် အပျော်အပါးလိုက်စားသည့် ဘဝပုံစံကြောင့် များစွာသောသူတို့သည် နာကျင်မှုနှင့် စိတ်ပျက်မှုတို့ကို ခံစားနေရစဉ် ကျွန်ုပ်တို့သည် စစ်မှန်သောရွှင်လန်းမှုနှင့် ကျေနပ်ရောင့်ရဲမှုတို့ကို ခံစားကြရသည်။ (ဆာ. ၁၂၆:၆) အရေးအကြီးဆုံးမှာ ‘သခင်၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်ခြင်းသည် အချည်းနှီးမဖြစ်ကြောင်း’ သိရခြင်းဖြစ်သည်။ (၁ ကော. ၁၅:၅၈) စပါးရှင်ယေဟောဝါဘုရားသခင်သည် ‘ကျွန်ုပ်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် ကျွန်ုပ်တို့ပြသောမေတ္တာ’ ကို ထာဝစဉ်ဆုချပါလိမ့်မည်။—ဟေဗြဲ ၆:၁၀-၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 တဲလင့်ပုံဥပမာသည် ကောင်းကင်ခေါ်တော်မူခြင်းခံရသူတပည့်များနှင့် ယေရှု၏ဆက်ဆံရေးကို အဓိကဖော်ပြခြင်းဖြစ်သော်လည်း ယင်းတွင်ပါဝင်သောမူသည် ခရစ်ယာန်အားလုံးနှင့် သက်ဆိုင်သည်။

သင်မှတ်မိသလော

ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် သင် ကြိုးစားစဉ်-

• နှိမ့်ချမှုပြရန် အဘယ်ကြောင့် အရေးကြီးသနည်း။

• လုံ့လဝီရိယရှိရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်ပြီး ယင်းကို မည်သို့ဆက်ထိန်းသိမ်းနိုင်သနည်း။

• ကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးတွင် သန့်ရှင်းနေရန် အဘယ်ကြောင့်အရေးကြီးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

နှိမ့်ချခြင်းက ဘုရားသခင့်အမှုတော်ဆောင်နိုင်သည့် ရိုးရှင်းသောဘဝဖြင့် အသက်ရှင်ရန်ထောက်ကူပေးနိုင်