မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သွန်သင်ခြင်းကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့’

‘သွန်သင်ခြင်းကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့’

‘သွန်သင်ခြင်းကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့’

“သင်တို့သည် ငါ့ကို ‘ဆရာ၊ သခင်’ ဟူ၍ ခေါ်တတ်ကြ၏။ ထိုသို့ခေါ်ခြင်းသည် လျောက်ပတ်ပေ၏။ အကြောင်းမူကား သင်တို့ခေါ်ကြသည့်အတိုင်း ငါမှန်၏။” (ယော. ၁၃:၁၃) ယေရှုသည် ယင်းစကားများဖြင့် မိမိ၏ဆရာအဖြစ်ကို အလေးပေးဖော်ပြခဲ့သည်။ ထို့နောက် ယေရှုကောင်းကင်သို့မတက်ကြွမီလေးတွင် မိမိ၏နောက်လိုက်များအား “သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ . . . သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) နောက်ပိုင်းတွင် တမန်တော်ပေါလုကလည်း ဘုရားသခင့်နှုတ်မြွက်တော်အကြောင်း သွန်သင်ပေးသူများ၏ အရေးပါသောကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်။ ခရစ်ယာန်အကြီးအကဲ တိမောသေအား ပေါလု ဤသို့ သတိပေးခဲ့သည်– “လူထုရှေ့ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ သွန်သင်ခြင်းတို့ကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။ . . . ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။”—၁ တိ. ၄:၁၃-၁၅

ထိုအချိန်ကကဲ့သို့ပင် ယနေ့လည်း လယ်ကွင်းလုပ်ငန်းနှင့် ခရစ်ယာန်အစည်းအဝေးများတွင် သွန်သင်ခြင်းသည် အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်နေဆဲပင်။ ကျွန်ုပ်တို့သည် သွန်သင်ခြင်းကို မည်သို့ အဆက်မပြတ် ကြိုးစားလုပ်ဆောင်နိုင်မည်နည်း၊ ဘုရားသခင့်နှုတ်မြွက်တော်အကြောင်း သွန်သင်ပေးသူများအဖြစ် တိုးတက်ရန် ယင်းက ကျွန်ုပ်တို့ကို မည်သည့်နည်းများဖြင့် ကူညီပေးနိုင်သနည်း။

ကြီးမြတ်သောဆရာကိုတုပပါ

ကြားနာသူများသည် ယေရှု၏သွန်သင်နည်းကို အလွန်နှစ်သက်ခဲ့ကြသည်။ နာဇရက်မြို့ရှိ တရားဟောရာနေရာတွင် ယေရှုဟောပြောစဉ် ကိုယ်တော်၏စကားများသည် ကြားနာသူတို့အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သည်ကို သတိပြုပါ။ ခရစ်ဝင်ကျမ်းရေးသူ လုကာက “ထိုသူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းပြောဆိုလျက်၊ နှစ်လို့ဖွယ်နှုတ်တော်ထွက်စကားကို အံ့သြကြ၏” ဟုမှတ်တမ်းတင်ခဲ့သည်။ (လု. ၄:၂၂) ယေရှု၏တပည့်များသည် ကြီးမြတ်သောဆရာ၏သွန်သင်နည်းကို တုပခဲ့ကြ၏။ တမန်တော်ပေါလုက ခရစ်ယာန်ချင်းများအား “ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့လည်း ငါ့ကို အတုယူကြလော့” ဟု အားပေးခဲ့သည်။ (၁ ကော. ၁၁:၁) ပေါလုသည် ယေရှု၏သွန်သင်နည်းကို တုပသောကြောင့် “လူရှေ့သူရှေ့တွင်လည်းကောင်း၊ တစ်အိမ်မှ တစ်အိမ်သွား၍လည်းကောင်း” သွန်သင်ရာတွင် အလွန်ထိရောက်ခဲ့သည်။—တ. ၂၀:၂၀

“ဈေး၌” သွန်သင်ခြင်း

ပေါလု၏ လူထုရှေ့သွန်သင်ခြင်းစွမ်းရည်ထက်မြက်မှုကို တမန်တော်အခန်းကြီး ၁၇ တွင်တွေ့ရသည်။ ယင်းတွင် ဂရိနိုင်ငံ၊ အေသင်မြို့သို့ ပေါလုလည်ပတ်ခြင်းအကြောင်း ဖတ်ရသည်။ မြို့၏ လမ်းများ၊ လူများသွားလာတတ်သည့်နေရာများတွင် ရုပ်ပုံများနှင့်ပြည့်နေသည်ကို ပေါလုတွေ့ရှိခဲ့သည်။ ပေါလု အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့မည်မှာ သေချာသည်။ သို့သော် သူသည် မိမိ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ခဲ့သည်။ ယင်းအစား သူသည် ဂျူးတို့၏ ‘တရားဟောရာနေရာ၌၊ လူအများစုဝေးရာဈေး၌ နေ့တိုင်းတွေ့ကြုံသောသူတို့နှင့် ကျိုးကြောင်းဆင်ခြင် ဆွေးနွေးလေ၏။’ (တ. ၁၇:၁၆၊ ၁၇) ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေပါတကား။ ကျွန်ုပ်တို့သည် နောက်ခံအမျိုးမျိုးရှိသူများကို အပြစ်ရှာဝေဖန်သည့်ပုံစံဖြင့်မဟုတ်ဘဲ ရိုသေလေးစားသည့်အပြုအမူဖြင့် ဟောပြောခြင်းသည် အချို့သူတို့အား နားထောင်လာစေမည်ဖြစ်ပြီး နောက်ဆုံးတွင် မှားယွင်းသောဝတ်ပြုရေး၏အချုပ်အနှောင်မှ လွတ်မြောက်စေမည်ဖြစ်သည်။—တ. ၁၀:၃၄၊ ၃၅; ဗျာ. ၁၈:၄

ပေါလု ဈေးတွင်ဟောပြောသည့်အခါ အများစုမှာ နားမထောင်ခဲ့ကြချေ။ နားထောင်နေသည့်ပရိသတ်ထဲတွင် အတွေးအခေါ်ပညာရှင်များပါဝင်ပြီး သူတို့၏ရှုမြင်ချက်များသည် ပေါလုဟောပြောသည့်အမှန်တရားနှင့် ဆန့်ကျင်သည်။ နားထောင်နေသူတို့ စတင်ငြင်းခုံလာသောအခါ ပေါလုသည် သူတို့၏ပြောစကားများကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။ အချို့သူတို့က သူ့အား “စကားအိုး” (စာသားအရ၊ “မျိုးစေ့ကောက်သူ”) ဟုပင် ခေါ်ဆိုခဲ့ကြသည်။ အခြားသူများက “ဤသူသည် တိုင်းတစ်ပါးနတ်ဘုရားတို့အကြောင်းကို ဟောပြောနေပုံရသည်” ဟုဆိုကြ၏။—တ. ၁၇:၁၈

သို့သော် ပေါလုသည် နားထောင်နေသူများ၏ ကဲ့ရဲ့ရှုတ်ချသည့်စကားများကြောင့် စိတ်မပျက်ခဲ့ပေ။ ယင်းအစား သူ၏သွန်သင်ချက်များအကြောင်း ရှင်းပြရန်တောင်းဆိုခံရသည့်အခါ ပေါလုသည် ယင်းကို အခွင့်အရေးအဖြစ်ရှုမြင်ကာ သူ၏သွန်သင်ခြင်းစွမ်းရည်ကိုအသုံးပြုပြီး ထိုးထွင်းသိမြင်မှုရှိရှိ ဟောပြောခဲ့သည်။ (တ. ၁၇:၁၉-၂၂; ၁ ပေ. ၃:၁၅) သူ၏ဟောပြောချက်ကို အသေးစိတ်လေ့လာပြီး ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေရန် ထောက်ကူသည့်အချက်များကို လေ့လာကြစို့။

နားထောင်သူလက်ခံနိုင်သည့်အချက်ကို အခြေခံပါ

ပေါလု ဤသို့ပြောခဲ့သည်– ‘အေသင်မြို့သားတို့၊ သင်တို့သည် အခြားသူတို့ထက် နတ်ဘုရားများကို အထူးကြည်ညိုသူများဖြစ်ကြောင်း အရာခပ်သိမ်းကို ထောက်၍ ငါသိမြင်၏။ . . . သင်တို့ကြည်ညိုကိုးကွယ်ရာများကို ကြည့်ရှုစဉ် “ငါတို့မသိသော ဘုရားသခင်အဖို့” ဟူ၍ ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုကိုလည်း တွေ့ပါ၏။ သို့ဖြစ်၍ သင်တို့မသိဘဲ ကိုးကွယ်သော ဘုရားသခင် အကြောင်းကို ငါပြောပြပါမည်။’—တ. ၁၇:၂၂၊ ၂၃

ပေါလုသည် မိမိ၏ပတ်ဝန်းကျင်ကို အသေအချာအကဲခတ်ကြည့်ရှုခဲ့သည်။ ထိုသို့အကဲခတ်ရာမှ သူဟောပြောရမည့်သူတို့အကြောင်း များစွာသိခဲ့ရသည်။ ကျွန်ုပ်တို့လည်း မျက်စိရှင်မည်ဆိုလျှင် အိမ်ရှင်နှင့်ပတ်သက်၍ တစ်စုံတစ်ခုကို သိရှိလာမည်ဖြစ်သည်။ ဥပမာ၊ ခြံဝင်းအတွင်းရှိ ကစားစရာအရုပ်များ၊ တံခါးပေါ်ရှိအမှတ်အသားများက ကျွန်ုပ်တို့အား များစွာပြောပြနိုင်သည်။ ကျွန်ုပ်တို့သည် အိမ်ရှင်၏အခြေအနေကိုသိမည်ဆိုလျှင် အဘယ်အကြောင်း ပြောဆိုရမည်ကိုသာမက မည်သို့ပြောဆိုရမည်ကိုပါ သိလာမည်ဖြစ်သည်။—ကော. ၄:၆

ပေါလုသည် အပြစ်ရှာဝေဖန်သည့်ပုံစံဖြင့် မဟောပြောခဲ့ပါ။ သို့သော် သူသည် အေသင်မြို့သားများ၏ဝတ်ပြုရေးမှာ လွဲမှားနေကြောင်း သိရှိခဲ့သည်။ စစ်မှန်သောဘုရားသခင်ကို သူတို့ မည်သို့ဝတ်ပြုနိုင်ကြောင်း ပေါလု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ (၁ ကော. ၁၄:၈) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောသည့်အခါ အပြုသဘောပါပါ၊ ရှင်းရှင်းလင်းလင်းဟောပြောဖို့ အလွန်အရေးကြီးသည်။

လိမ္မာပါးနပ်မှုရှိပါ၊ မျက်နှာမလိုက်ပါနှင့်

ပေါလု ဤသို့ဆက်ပြောခဲ့သည်– ‘လောကနှင့် လောက၌ရှိသမျှကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးပိုင်သရှင်ဖြစ်တော်မူ၍ လက်ဖြင့်လုပ်သော ဝတ်ပြုရာအိမ်များတွင် ရှိတော်မမူ။ ဘုရားသခင်သည် လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူသောကြောင့် တစ်စုံတစ်ခု လိုအပ်နေဘိသကဲ့သို့ လူတို့လက်ဖြင့် ပြုစုခြင်းကို ခံတော်မမူ။’—တ. ၁၇:၂၄၊ ၂၅

ပေါလုသည် ယေဟောဝါကို “ကောင်းကင်နှင့်မြေကြီးပိုင်သရှင်” အဖြစ် ပါးနပ်စွာရည်ညွှန်းကာ ကိုယ်တော်သည် အသက်ပေးရှင်ဖြစ်ကြောင်း အာရုံစိုက်စေခဲ့သည်။ ယေဟောဝါသည် အသက်၏ရင်းမြစ်ဖြစ်ကြောင်း ဝတ်ပြုရေးနှင့် ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးမှ စိတ်ရိုးမှန်သူများ သိရှိလာရန် ကူညီပေးခွင့်ရခြင်းသည် အခွင့်ထူးဖြစ်သည်။—ဆာ. ၃၆:၉

ထို့နောက် ပေါလု ဤသို့ဆက်ပြောသည်– ‘ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၍ သူတို့အတွက် အချိန်ကာလကိုလည်းကောင်း၊ နေရာဒေသကိုလည်းကောင်း ပိုင်းခြားသတ်မှတ်ပေးတော်မူ၏။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့နိုင်မည်အကြောင်းတည်း။ အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။’—တ. ၁၇:၂၆၊ ၂၇

ကျွန်ုပ်တို့သွန်သင်သည့်နည်းက ကျွန်ုပ်တို့ကိုးကွယ်သည့် ဘုရားသခင်သည် မည်သို့သောဘုရားသခင်မျိုးဖြစ်ကြောင်း အခြားသူများအား သိရှိစေသည်။ ယေဟောဝါသည် မျက်နှာလိုက်ခြင်းမရှိဘဲ လူအမျိုးမျိုးမှလူများကို “ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့နိုင်ရန်” ခွင့်ပြုတော်မူသည်။ ကျွန်ုပ်တို့လည်း အလားတူ မျက်နှာမလိုက်ဘဲ တွေ့ဆုံသမျှလူတို့ကို ဟောပြောကြသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူများအား ထာဝရကောင်းချီးခံစားရစေရန် ကိုယ်တော်နှင့်ပိုရင်းနှီးလာစေဖို့ ကျွန်ုပ်တို့ ကူညီပေးကြသည်။ (ယာ. ၄:၈) သို့သော် ဘုရားသခင်တည်ရှိမှုနှင့်ပတ်သက်၍ သံသယဝင်သူများကို ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်သနည်း။ ကျွန်ုပ်တို့သည် ပေါလု၏နမူနာကို လိုက်လျှောက်ကြသည်။ သူ ဆက်ပြောခဲ့သည့်အချက်ကို သတိပြုပါ။

‘ငါတို့သည် ကိုယ်တော်ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြပါ၏။ ထိုသို့နှင့်အညီ သင်တို့တွင် လင်္ကာဆရာအချို့က “ငါတို့သည်လည်း ဘုရားသခင်၏အနွယ်တော်ဖြစ်သည်” ဟုစပ်ဆိုကြ၏။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏အနွယ်တော် ဖြစ်ကြသည့်အတိုင်း ဘုရားသခင်သည် လူတို့ကြံဖန်လုပ်ရာနှင့် တူတော်မူသည်ဟု ငါတို့မထင်မမှတ်သင့်။’—တ. ၁၇:၂၈၊ ၂၉

ပေါလုသည် နားထောင်နေသူများ မိမိပြောဆိုရာကို လက်ခံပြီး စိတ်ဝင်စားမှုရှိစေရန် အေသင်မြို့သားများ သိရှိလက်ခံထားသော လင်္ကာများကို ကိုးကားခဲ့သည်။ ကျွန်ုပ်တို့လည်း နားထောင်နေသူများ လက်ခံနိုင်သည့်အကြောင်းအရာကို ကျိုးကြောင်းဆင်ခြင်ရန် ကြိုးစားကြသည်။ ဥပမာ၊ ဟေဗြဲလူများထံရေးသောသူ၏စာတွင် အသုံးပြုထားသော ဤဥပမာသည် ယနေ့လူများလက်ခံနိုင်သည့် အချက်ဖြစ်သည်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) အိမ်ရှင်များအား ဤရိုးရှင်းသောဥပမာကို ကျိုးကြောင်းဆင်ခြင်စေခြင်းဖြင့် ကျွန်ုပ်တို့ပြောဆိုသည့် အမှန်တရားကို အသိအမှတ်ပြုစေရန် ကူညီပေးနိုင်သည်။ ပေါလု၏ ထိရောက်သည့်သွန်သင်နည်း နောက်တစ်နည်းမှာ လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း သတိပြုပါ။

အချိန်ကာလ၏အရေးကြီးမှုကို အလေးပေးပြောဆိုပါ

ပေါလု ဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်သည် မသိနားမလည်သော အချိန်ကာလများကို မမှတ်သော်လည်း ယခုမူ နေရာခပ်သိမ်းမှ လူအပေါင်းတို့ နောင်တရကြရန် မိန့်တော်မူ၏။ အကြောင်းမူကား ခန့်ထားတော်မူသောသူအားဖြင့် လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူပြီ။”—တ. ၁၇:၃၀၊ ၃၁

ဆိုးညစ်မှုများကို ဘုရားသခင် ယာယီခွင့်ပြုထားခြင်းက ကျွန်ုပ်တို့၏စိတ်ရင်းမှန်ကို ပြသခွင့်ရရှိစေသည်။ ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်ကာလ၏ အရေးကြီးမှုကို အလေးပေးပြောဆိုရန်နှင့် မကြာမီရောက်လာတော့မည့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု၏ ကောင်းချီးများအကြောင်း အခိုင်အမာပြောဆိုရန် အလွန်အရေးကြီးသည်။—၂ တိ. ၃:၁-၅

တုံ့ပြန်မှုအမျိုးမျိုးကြုံရ

“အချို့သည် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားလျှင် ကဲ့ရဲ့ကြ၏။ အချို့ကမူ ‘ဤအကြောင်းကို နောက်တစ်ဖန် နားထောင်ဦးမည်’ ဟုဆိုကြ၏။ သို့နှင့် ပေါလုသည် ထိုသူတို့အလယ်မှ ထွက်သွားလေ၏။ အချို့မူကား ပေါလုနှင့်ပူးပေါင်း၍ ယုံကြည်သူများ ဖြစ်လာကြ၏။”—တ. ၁၇:၃၂-၃၄

အချို့သည် ကျွန်ုပ်တို့သင်ပေးရာကို ချက်ချင်းတုံ့ပြန်ကြသည်၊ အချို့မှာမူ ကျွန်ုပ်တို့၏ကျိုးကြောင်းဆင်ခြင်မှုကို လက်ခံရန် အချိန်လိုပေမည်။ သို့သော် အမှန်တရားအကြောင်း ကျွန်ုပ်တို့ ရိုးရိုးရှင်းရှင်းတင်ပြသောအခါ တစ်စုံတစ်ဦးသည် ယေဟောဝါနှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကို နားလည်လာနိုင်သည်၊ ဤနည်းဖြင့် ကိုယ်တော့်သားတော်ထံလူများကို ဘုရားသခင်သွေးဆောင်ရာ၌ ကျွန်ုပ်တို့ကို အသုံးပြုသည့်အတွက် အလွန်ကျေးဇူးတင်လေးမြတ်စရာပင်။—ယော. ၆:၄၄

ကျွန်ုပ်တို့သင်ယူနိုင်သည့် သင်ခန်းစာများ

ကျွန်ုပ်တို့သည် ပေါလု၏ဟောပြောပုံကို လေ့လာသည်နှင့်အမျှ အခြားသူများအား ကျမ်းစာအမှန်တရားအကြောင်း မည်သို့တင်ဆက်ရမည်ကို များစွာသင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင် လူထုဟောပြောချက်ပေးဖို့ အခွင့်အရေးရသည်ဆိုလျှင် မယုံကြည်သူများ နားလည်ပြီး ကျမ်းစာအမှန်တရားကို လက်ခံစေမည့် အသုံးအနှုန်းများကို လိမ္မာပါးနပ်စွာအသုံးပြုခြင်းဖြင့် ပေါလုကိုကြိုးစားတုပနိုင်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သောအမှန်တရားကို ရှင်းရှင်းလင်းလင်းတင်ပြလိုသော်လည်း တက်ရောက်လာသည့် မယုံကြည်သူများ၏ယုံကြည်ခြင်းကို အပြစ်ရှာဝေဖန်သည့်ပုံစံမျိုးမဖြစ်စေရန် ဂရုစိုက်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် ဟောပြောခြင်းလုပ်ငန်းတွင် လိမ္မာပါးနပ်စွာ နားဝင်စေရန် ဟောပြောဖို့ ကျွန်ုပ်တို့ ကြိုးစားကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ‘သွန်သင်ခြင်းကို ကြိုးစားလုပ်ဆောင်လော့’ ဟူသော ပေါလု၏အကြံပြုချက်ကို အမှန်လိုက်လျှောက်ကြသည်။

[စာမျက်နှာ ၃၀ ပါရုပ်ပုံ]

ပေါလု၏သွန်သင်နည်းသည် ရိုးရှင်းပြီး လိမ္မာပါးနပ်မှုရှိ

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ကျွန်ုပ်တို့ဟောပြောသူများ၏ခံစားချက်ကို ထည့်တွက်ပေးခြင်းဖြင့် ပေါလုကိုတုပကြ