မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေ

ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေ

ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေ

“ပညာစကားကိုပြောတတ်၍ မေတ္တာတရား [ချစ်ခင်ကြင်နာမှု] အားဖြင့် နှုတ်မြွက်တတ်၏။” —သု. ၃၁:၂၆

၁၊ ၂။ (က) ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် အဘယ်အရည်အသွေးကို မွေးမြူသင့်သနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အကြောင်း ဆွေးနွေးကြမည်နည်း။

ရှေးခေတ်မှ ဘုရင်လေမွေလသည် မယ်တော်ထံမှ အရေးကြီးသောသတင်းစကားတစ်ရပ် ရရှိခဲ့ပြီး ယင်းတွင် ဇနီးကောင်းတစ်ဦးအတွက် အရေးပါသောအရည်အသွေးတစ်ခုကို ဖော်ပြထားသည်။ “ထိုသို့သောမိန်းမသည် . . . ပညာစကားကိုပြောတတ်၍ မေတ္တာတရား [ချစ်ခင်ကြင်နာမှု] အားဖြင့် နှုတ်မြွက်တတ်၏။” * (သု. ၃၁:၁၊ ၁၀၊ ၂၆) ချစ်ခင်ကြင်နာမှုကို ပညာရှိသောအမျိုးသမီးသာ တင်ပြရန်မဟုတ်ဘဲ ယေဟောဝါဘုရားသခင်၏ မျက်နှာသာရလိုသူအားလုံး တင်ပြရမည်ဖြစ်သည်။ (သု. ၁၉:၂၂ ကိုဖတ်ပါ။) စစ်မှန်သောဝတ်ပြုကိုးကွယ်သူအားလုံးသည် ချစ်ခင်ကြင်နာမှုဖြင့် ပြောဆိုသင့်သည်။

ချစ်ခင်ကြင်နာမှုဟူသည် အဘယ်နည်း။ မည်သူတို့အပေါ် တင်ပြရမည်နည်း။ ချစ်ခင်ကြင်နာစွာပြောဆိုရန် အဘယ်အရာက ထောက်ကူမည်နည်း။ ယင်းက မိသားစုဝင်များ၊ ခရစ်ယာန်ချင်းများနှင့် ဆက်ဆံရေးအပေါ် အဘယ်သက်ရောက်မှုရှိမည်နည်း။

တည်ကြည်သောမေတ္တာ၏လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော ကြင်နာမှု

၃၊ ၄။ (က) ချစ်ခင်ကြင်နာမှုဟူသည် အဘယ်နည်း။ (ခ) ချစ်ခင်ကြင်နာမှုသည် သာမန်ကြင်နာမှု သို့မဟုတ် လူသားချင်းကြင်နာမှုနှင့် မည်သို့ကွဲပြားသနည်း။

ချစ်ခင်ကြင်နာမှုဟူသောစကားလုံးအရ ချစ်ခြင်းနှင့် ကြင်နာခြင်းအရည်အသွေးနှစ်ခု ပါဝင်သည်။ ယင်းတွင် ကြင်နာမှုအရည်အသွေးပါရှိရာ အခြားသူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပြီး အကူအညီဖြစ်စေသော လုပ်ဆောင်မှုများ၊ ထောက်ထားစာနာသောစကားများဖြင့်ဖော်ပြခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာလည်း တစ်စိတ်တစ်ပိုင်းအနေနှင့်ပါဝင်ရာ ချစ်ခင်ကြင်နာမှုတင်ပြခြင်းသည် အခြားသူများကို ချစ်မြတ်နိုးခြင်းကြောင့် သူတို့၏အရေးကိုစိတ်ဝင်စားခြင်းဖြစ်သည်။ သို့သော် ချစ်ခင်ကြင်နာမှု၏ မူရင်းစကားလုံးသည် ချစ်ခြင်းမေတ္တာကြောင့် လှုံ့ဆော်ခံရသည့် ကြင်နာမှုတင်ပြခြင်းထက်မက ပို၍အဓိပ္ပာယ်ရှိသည်။ ချစ်ခင်ကြင်နာမှုသည် လူတစ်ဦးအပေါ် မေတ္တာပြရသည့်ရည်ရွယ်ချက်ပြည့်စုံသည်အထိ တလိုတလား သစ္စာရှိရှိဆက်၍ကူညီပေးသည့် ကြင်နာခြင်းမျိုးဖြစ်သည်။

ချစ်ခင်ကြင်နာမှုသည် သာမန်ကြင်နာမှုနှင့် ကွဲပြားသည်။ သာမန်ကြင်နာမှု သို့မဟုတ် လူသားချင်းကြင်နာမှုကို သူစိမ်းများအပေါ်တွင်ပင် တင်ပြနိုင်သည်။ တမန်တော်ပေါလုနှင့် အခြားသူ ၂၇၅ ယောက်တို့ သင်္ဘောပျက်ချိန်တွင် မော်လတာကျွန်းသားတို့သည် မိမိတို့ တစ်ခါမျှမမြင်ဖူးသောသူများကို ယင်းသို့သောကြင်နာမှု တင်ပြခဲ့ကြသည်။ (တ. ၂၇:၃၇–၂၈:၂) သို့သော် ချစ်ခင်ကြင်နာမှုမှာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းသူတို့ကြားရှိ တည်ကြည်သောတွယ်တာမှုဖြစ်သည်။ * ယင်းသည် “ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ” ကေနိလူတို့ပြခဲ့သော ချစ်ခင်ကြင်နာမှုမျိုးဖြစ်သည်။—၁ ရာ. ၁၅:၆

တွေးတောဆင်ခြင်ခြင်းနှင့်ဆုတောင်းခြင်း မရှိမဖြစ်လိုအပ်

၅။ ကျွန်ုပ်တို့၏လျှာကိုထိန်းရန် အဘယ်အရာက ကူညီပေးမည်နည်း။

ချစ်ခင်ကြင်နာမှုဖြင့်ပြောဆိုရန်မှာ အမြဲမလွယ်ကူပါ။ လျှာနှင့်ပတ်သက်၍ တပည့်ဖြစ်သူယာကုပ်က ဤသို့ရေးခဲ့၏– “လျှာကိုမူကား မည်သူမျှမထိန်းနိုင်။ ထိန်း၍မရသော၊ အကျိုးပျက်စေသောအရာဖြစ်၏။ သေစေတတ်သောအဆိပ်နှင့် ပြည့်လျက်ရှိ၏။” (ယာ. ၃:၈) ဤမျှထိန်းရခက်သော ကိုယ်အင်္ဂါကိုထိန်းချုပ်ရန် ကျွန်ုပ်တို့ကို အဘယ်အရာက အကူအညီပေးနိုင်သနည်း။ မိမိခေတ်ရှိ ဝတ်ပြုရေးခေါင်းဆောင်များကို ယေရှုပြောခဲ့သောစကားက ယင်းအဖြေတွေ့ရှိရန် အထောက်အကူပြုသည်။ ကိုယ်တော်က “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” ဟုပြောခဲ့သည်။ (မ. ၁၂:၃၄) ချစ်ခင်ကြင်နာမှုဖြင့်ပြောဆိုရန် ကျွန်ုပ်တို့၏နှလုံးထဲတွင် ယင်းအရည်အသွေးရှိလာအောင် ပြုလုပ်ရမည်။ ယင်းသို့ပြုနိုင်ရန် တွေးတောဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းက မည်သို့ကူညီပေးနိုင်ကြောင်း ကြည့်ကြစို့။

၆။ ယေဟောဝါ၏ ချစ်ခင်ကြင်နာမှုလုပ်ရပ်များကို ကျေးဇူးတင်လေးမြတ်စိတ်နှင့် အဘယ်ကြောင့် တွေးတောဆင်ခြင်သင့်သနည်း။

ယေဟောဝါဘုရားသခင်သည် ‘ကျေးဇူးပြုခြင်း [ချစ်ခင်ကြင်နာမှု] နှင့် ကြွယ်ဝတော်မူ’ ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ (ထွ. ၃၄:၆) ဆာလံဆရာကလည်း ‘အို ယေဟောဝါ၊ မြေကြီးသည် ကိုယ်တော်၏ . . . [ချစ်ခင်ကြင်နာမှု] နှင့် ပြည့်ဝပါ၏’ ဟု သီဆိုခဲ့သည်။ (ဆာ. ၁၁၉:၆၄) သမ္မာကျမ်းစာတွင် ယေဟောဝါသည် မိမိအားကိုးကွယ်သူတို့အပေါ် ချစ်ခင်ကြင်နာမှုပြခဲ့သည့် မှတ်တမ်းများစွာ ပါရှိသည်။ ‘ယေဟောဝါ စီရင်တော်မူသောအရာတို့ကို’ ကျေးဇူးတင်လေးမြတ်စိတ်နှင့် တွေးတောဆင်ခြင်ခြင်းက ဘုရားသခင်နှစ်သက်သော ယင်းအရည်အသွေးကို မွေးမြူလိုသောဆန္ဒရှိလာစေရန် လှုံ့ဆော်ပေးနိုင်သည်။—ဆာလံ ၇၇:၁၂ ကိုဖတ်ပါ။

၇၊ ၈။ (က) ယေဟောဝါသည် လောတနှင့်သူ၏မိသားစုအပေါ် ချစ်ခင်ကြင်နာမှု မည်သို့ပြခဲ့သနည်း။ (ခ) ဘုရားသခင်၏ချစ်ခင်ကြင်နာမှုကို ခံစားရသောအခါ ဒါဝိဒ်မည်သို့ ခံစားခဲ့ရသနည်း။

ဥပမာ၊ အာဗြဟံ၏တူ လောတနေထိုင်သော သောဒုံမြို့ကို ဖျက်ဆီးခါနီးတွင် သူတို့မိသားစုအား ယေဟောဝါ မည်သို့ကယ်တင်ခဲ့သည်ကို စဉ်းစားကြည့်ပါ။ မြို့ကိုဖျက်ဆီးမည့်အချိန်နီးလာသည့်အခါ ကောင်းကင်တမန်သည် လောတထံရာက်လာပြီး မိသားစုကိုခေါ်ကာ မြို့ထဲမှအမြန်ထွက်ရန် သူ့ကိုတိုက်တွန်းခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘သူသည် ဖင့်နွှဲသောအခါ ယေဟောဝါ သနားတော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ဆောင်ကြ၏။’ ယင်းကယ်နုတ်ခြင်းအကြောင်းတွေးတောခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံးကိုထိမိစေပြီး ယင်းသည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုလုပ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုရန် လှုံ့ဆော်ခံရသည်မဟုတ်လော။—က. ၁၉:၁၆၊ ၁၉

“သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏” ဟုသီဆိုခဲ့သော ရှေးအစ္စရေးဘုရင် ဒါဝိဒ်၏အဖြစ်အပျက်ကိုလည်း သုံးသပ်ကြည့်ပါ။ ဗာသရှေဘနှင့် မှားယွင်းပြီးနောက် မိမိ၏အပြစ်ကို ယေဟောဝါခွင့်လွှတ်ခဲ့သည့်အတွက် ဒါဝိဒ်အလွန်ကျေးဇူးတင်ခဲ့ပေမည်။ ဒါဝိဒ်သည် ဤသို့သီဆိုကာ ယေဟောဝါကို ချီးမွမ်းခဲ့သည်– ‘မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ယေဟောဝါကိုကြောက်ရွံ့သောသူတို့၌ . . . [ချစ်ခင်ကြင်နာမှု] သည် အားကြီးပေ၏။’ (ဆာ. ၁၀၃:၃၊ ၁၁) ဤအဖြစ်အပျက်များနှင့် အခြားကျမ်းစာမှတ်တမ်းများကို တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့နှလုံးတွင် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုအတွက် ကျေးဇူးတင်လေးမြတ်စိတ် ပြည့်လာစေပြီး ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းဖို့ လှုံ့ဆော်ခံရသည်မဟုတ်လော။ ကျွန်ုပ်တို့၏နှလုံးတွင် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာလေ စစ်မှန်သောဘုရားသခင်အား တုပလိုစိတ် ပိုတိုးများလာလေဖြစ်သည်။—ဧ. ၅:၁

၉။ ယေဟောဝါကိုဝတ်ပြုသူများ၏ နေ့စဉ်ဘ၀အသက်တာတွင် ချစ်ခင်ကြင်နာမှုတင်ပြရန် အဘယ်ခိုင်လုံသောအကြောင်းရင်းရှိသနည်း။

ယေဟောဝါသည် မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိသူများအပေါ် ချစ်ခင်ကြင်နာမှုဖြစ်သည့် ကိုယ်တော်၏တည်ကြည်သောမေတ္တာတင်ပြတော်မူကြောင်း ကျမ်းစာပုံနမူနာများက ဖော်ပြသည်။ အသက်ရှင်သောဘုရားသခင်နှင့် ယင်းသို့ဆက်ဆံရေးမျိုးမရှိသူများကော အသို့နည်း။ ယေဟောဝါသည် ထိုသူတို့ကို ခက်ထန်စွာ မကြင်မနာ ဆက်ဆံပါသလော။ ဝေးလေစွ။ “[ဘုရားသခင်] သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးညစ်သောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟု လုကာ ၆:၃၅ တွင် ဖော်ပြထားသည်။ “လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူ” သည်။ (မ. ၅:၄၅) အမှန်တရားကိုလက်ခံပြီး ယင်းအတိုင်းမလိုက်လျှောက်မီကပင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ချစ်ခင်ကြင်နာမှု သို့မဟုတ် သာမန်ကြင်နာမှုကို ခံစားခဲ့ကြရပြီးဖြစ်သည်။ သို့သော် ကိုယ်တော့်ကို ဝတ်ပြုသူများအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏တည်ကြည်သောမေတ္တာဖြစ်သည့် ခိုင်မြဲသောချစ်ခင်ကြင်နာမှုကို ခံစားရသူများဖြစ်လာကြသည်။ (ဟေရှာယ ၅၄:၁၀ ကိုဖတ်ပါ။) ယင်းအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြသည်။ ယင်းသည် ကျွန်ုပ်တို့၏အပြောအဆိုနှင့် နေ့စဉ်ဘ၀အသက်တာတွင် ချစ်ခင်ကြင်နာမှုတင်ပြရန် အလွန်ခိုင်လုံသောအကြောင်းရင်းဖြစ်သည်။

၁၀။ ချစ်ခင်ကြင်နာမှုကို ကိုယ်ပိုင်အရည်အသွေးတစ်ခုအဖြစ် မွေးမြူရာတွင် ဆုတောင်းခြင်းသည် အဘယ်ကြောင့် အဖိုးမဖြတ်နိုင်သည့် အကူအညီတစ်ခုဖြစ်သနည်း။

၁၀ ချစ်ခင်ကြင်နာမှုကိုမွေးမြူရန် အလွန်ထောက်အကူပြုသော အရာတစ်ခုမှာ ဆုတောင်းခြင်းဖြစ်သည်။ အကြောင်းမှာ ချစ်ခြင်းနှင့် ကြင်နာခြင်းသည် ချစ်ခင်ကြင်နာမှု၏အစိတ်အပိုင်းများဖြစ်ပြီး ယေဟောဝါ၏စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးများဖြစ်သည်။ (ဂလ. ၅:၂၂) ထိုစွမ်းအားတော်လမ်းညွှန်မှုကို ခံယူခြင်းဖြင့် ကျွန်ုပ်တို့၏နှလုံးတွင် ချစ်ခင်ကြင်နာမှုကို မွေးမြူနိုင်သည်။ ယေဟောဝါ၏စွမ်းအားတော်ကို တိုက်ရိုက်ရနိုင်သည့်နည်းမှာ ဆုတောင်းခြင်းဖြစ်သည်။ (လု. ၁၁:၁၃) ဘုရားသခင့်စွမ်းအားတော်ရရန် ထပ်ခါတလဲဆုတောင်းကာ ယင်း၏လမ်းညွှန်မှုကို လက်ခံသင့်သည်။ မှန်ပါသည်၊ ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုနိုင်ရန် တွေးတောဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ်သည်။

အိမ်ထောင်ဖက်အချင်းချင်း ချစ်ခင်ကြင်နာစွာပြောဆိုပါ

၁၁။ (က) လင်ယောက်ျားများ မိမိတို့ဇနီးအပေါ် ချစ်ခင်ကြင်နာမှုတင်ပြရန် ယေဟောဝါမျှော်လင့်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။ (ခ) လင်ယောက်ျားတစ်ဦး မိမိ၏အပြောအဆိုကို ထိန်းချုပ်ရာတွင် ချစ်ခင်ကြင်နာမှုက မည်သို့ကူညီပေးနိုင်သနည်း။

၁၁ တမန်တော်ပေါလုက လင်ယောက်ျားများအား “ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့” ဟုတိုက်တွန်းခဲ့သည်။ (ဧ. ၅:၂၅) ထို့ပြင် ပေါလုသည် အာဒံနှင့်ဧ၀အား ယေဟောဝါမိန့်တော်မူခဲ့သောစကားများဖြင့်လည်း သူတို့ကို သတိပေးခဲ့သည်။ သူဤသို့ရေးခဲ့၏– “ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်လာရလိမ့်မည်။” (ဧ. ၅:၃၁) လင်ယောက်ျားများ မိမိတို့ဇနီးအပေါ် ချင်ခင်ကြင်နာမှု အမြဲတင်ပြခြင်းဖြင့် စွဲစွဲမြဲမြဲသစ္စာရှိဖို့ ယေဟောဝါမျှော်လင့်ကြောင်း ထင်ရှားသည်။ တည်ကြည်သောမေတ္တာရှိသည့် လင်ယောက်ျားတစ်ဦးသည် မိမိဇနီး၏အမှားများကို လူပုံအလယ်တွင် ထုတ်ဖော်ပြောမည်မဟုတ်သကဲ့သို့ သူမကို ချိုးချိုးနှိမ်နှိမ် ပြောဆိုမည်လည်း မဟုတ်ချေ။ (သု. ၃၁:၂၈) အကြောင်းတစ်ခုခုကြောင့် ပြဿနာပေါ်လာလျှင် ချစ်ခင်ကြင်နာမှုရှိသော လင်ယောက်ျားသည် မိမိ၏ဇနီးအား အရှက်ရစေသည့်စကားများ မပြောမိစေရန် ထိန်းချုပ်မည်ဖြစ်သည်။

၁၂။ ဇနီးတစ်ဦးသည် ချစ်ခင်ကြင်နာမှုဖြင့် ပြောဆိုကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၂ ဇနီးများလည်း ချစ်ခင်ကြင်နာမှုဖြင့် ပြောဆိုသင့်သည်။ သူမ၏အပြောအဆိုတွင် လောကစိတ်ဓာတ် မလွှမ်းမိုးသင့်ချေ။ “ခင်ပွန်းကို အလွန်ရိုသေ” သောဇနီးသည် အခြားသူများရှေ့တွင် မိမိခင်ပွန်းအကြောင်း အပြုသဘောရှိရှိ ပြောဆိုခြင်းဖြင့် မိမိ၏ခင်ပွန်းကို အခြားသူများ ပို၍လေးစားလာစေသည်။ (ဧ. ၅:၃၃) ဖခင်အပေါ် သားသမီးများ ရိုသေလေးစားမှု မလျော့နည်းစေလိုသောကြောင့် သူမသည် ကလေးများရှေ့တွင် ခင်ပွန်းနှင့်သဘောထားမတိုက်ဆိုင်ခြင်း သို့မဟုတ် ခင်ပွန်း၏ဆုံးဖြတ်ချက်ကို စောဒကတက်ခြင်းတို့ ပြုလုပ်မည်မဟုတ်ပေ။ ယင်းကိစ္စများကို နှစ်ဦးတည်းဖြေရှင်းမည်ဖြစ်သည်။ “ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁၄:၁) သူမ၏အိမ်သည် မိသားစုတစ်ခုလုံးအတွက် သာယာချမ်းမြေ့ဖွယ်နေရာဖြစ်သည်။

၁၃။ ချစ်ခင်ကြင်နာမှုကို အထူးသဖြင့် အဘယ်နေရာတွင် ပြသင့်သနည်း၊ ယင်းကို မည်သို့ပြနိုင်သနည်း။

၁၃ နှစ်ဦးတည်း အိမ်၌ရှိနေချိန်တွင်ပင် အိမ်ထောင်ဖက်အချင်းချင်း လေးစားမှုရှိရှိ ဆက်၍ပြောဆိုရမည်ဖြစ်သည်။ ပေါလုဤသို့ရေးခဲ့သည်– “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။” ထို့နောက် ဤသို့ဆက်ရေးခဲ့သည်– “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ . . . ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။” (ကော. ၃:၈၊ ၁၂-၁၄) ကလေးများသည် အိမ်တွင် ချစ်ခင်ကြင်နာမှုဖြင့်ပြောဆိုသည်ကို အမြဲကြားရသည့်အခါ ယင်းသည် သူတို့ကို အကျိုးပြုရုံသာမက မိဘများ၏ စကားပြောဆိုပုံကို တုပရန် ပို၍အကြောင်းများသည်။

၁၄။ အိမ်ထောင်ဦးစီးများသည် မိမိတို့ပြုစုစောင့်ရှောက်ရသူများအား နှစ်သိမ့်ရန် မိမိတို့၏လျှာကို အဘယ်နည်းများဖြင့် အသုံးပြုနိုင်သနည်း။

၁၄ ယေဟောဝါနှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့ရေးခဲ့သည်– “. . . [ချစ်ခင်ကြင်နာမှု] ကြောင့် အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူပါ။” (ဆာ. ၁၁၉:၇၆သမ္မာ) မိမိလူမျိုးကို ယေဟောဝါ နှစ်သိမ့်ပေးသည့် ထင်ရှားသည့်နည်းမှာ သူတို့ကို တိုက်တွန်းနှိုးဆော်ခြင်းနှင့် လမ်းညွှန်ခြင်းအားဖြင့်ဖြစ်သည်။ (ဆာ. ၁၁၉:၁၀၅) အိမ်ထောင်ဦးစီးများသည် ကောင်းကင်ခမည်းတော်၏ ပုံသက်သေကိုတုပကာ မိမိတို့ပြုစုစောင့်ရှောက်ရသူများအား နှစ်သိမ့်ရန် မိမိတို့၏လျှာကို မည်သို့အသုံးပြုနိုင်သနည်း။ လိုအပ်သော လမ်းညွှန်မှုနှင့် အားပေးမှုတို့ကို ပေးခြင်းဖြင့် တုပနိုင်သည်။ အဖိုးတန်သမ္မာကျမ်းစာများကို သင်ပေးရန် မိသားစုဝတ်ပြုမှုညချမ်းသည် အလွန်ကောင်းသောအခွင့်အရေးဖြစ်သည်။—သု. ၂၄:၄

ယုံကြည်သူချင်းများအပေါ် တည်ကြည်သောမေတ္တာပြပါ

၁၅။ အသင်းတော်အတွင်းရှိ အခြားသူများကိုစောင့်မရန် အကြီးအကဲများနှင့် ရင့်ကျက်သူများသည် မိမိတို့၏လျှာကို မည်သို့အသုံးပြုနိုင်သနည်း။

၁၅ “. . . [ချစ်ခင်ကြင်နာမှု] နှင့်သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော်” ဟု ဘုရင်ဒါဝိဒ် ဆုတောင်းခဲ့သည်။ (ဆာ. ၄၀:၁၁) ဤအချက်နှင့်ပတ်သက်၍ ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများနှင့် ရင့်ကျက်သူများသည် ယေဟောဝါကို မည်သို့တုပနိုင်သနည်း။ ကျမ်းစာဆိုင်ရာအကြောင်းအရာကို အာရုံစိုက်လာရန် လူများအား လမ်းညွှန်ပေးရာတွင် ကျွန်ုပ်တို့၏လျှာကို အသုံးပြုခြင်းသည် အမှန်ပင် ချစ်ခင်ကြင်နာသောလုပ်ရပ်ဖြစ်သည်။—သု. ၁၇:၁၇

၁၆၊ ၁၇။ ချစ်ခင်ကြင်နာမှုဖြင့်ပြောဆိုကြောင်း တင်ပြနိုင်သည့်နည်းအချို့ကား အဘယ်နည်း။

၁၆ ခရစ်ယာန်တစ်ဦး သမ္မာကျမ်းစာမူများနှင့် ဆန့်ကျင်သည့်လုပ်ရပ်ကို ပြုလုပ်နေကြောင်း ကျွန်ုပ်တို့သိသည့်အခါ အဘယ်အရာပြုလုပ်သင့်သနည်း။ သူ့ကိုတည့်မတ်ပေးရန် ကျွန်ုပ်တို့၏လျှာကို အသုံးပြုဖို့ ချစ်ခင်ကြင်နာမှုက လှုံ့ဆော်ပေးသည်မဟုတ်လော။ (ဆာ. ၁၄၁:၅) ယုံကြည်သူချင်းတစ်ဦး ကြီးလေးသောအပြစ်ကို ကျူးလွန်နေကြောင်း ကျွန်ုပ်တို့သိသောအခါ အပြစ်ပြုသူအား “အသင်းတော်ရှိ အသက်ကြီးသူများကိုခေါ်” ရန် အားပေးဖို့ တည်ကြည်သောမေတ္တာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်၊ သို့မှသာ ‘သူတို့သည် ယေဟောဝါ၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေး’ နိုင်မည်ဖြစ်သည်။ (ယာ. ၅:၁၄) အပြစ်ပြုသူသည် အကြီးအကဲများထံ မသွားပါက ယင်းကို ကျွန်ုပ်တို့ အကြောင်းမကြားခြင်းသည် ချစ်ခင်ကြင်နာမှုတင်ပြရန် ပျက်ကွက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ထဲမှ အချို့သည် စိတ်ပျက်အားလျော့နေမည်၊ အထီးကျန်နေမည်၊ တန်ဖိုးမရှိဟု ခံစားနေရမည် သို့မဟုတ် စိတ်ပျက်စရာများဖြင့် မခံမရပ်နိုင်အောင် ဖိစီးခံနေရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏လျှာကို အသုံးပြုကာ ချစ်ခင်ကြင်နာမှုတင်ပြနိုင်သည့် နည်းလမ်းကောင်းတစ်ခုမှာ “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ခြင်းဖြစ်သည်။—၁ သက်. ၅:၁၄

၁၇ ဘုရားသခင့်ရန်သူများသည် ယုံကြည်သူချင်းများအကြောင်း ကောလာဟလသတင်းဖြန့်နေသည်ဆိုလျှင် ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ ကျွန်ုပ်တို့၏ညီအစ်ကိုများ၏ သစ္စာရှိမှုကို သံသယဝင်မည့်အစား ဆိတ်ဆိတ်နေခြင်းဖြင့် ယင်းကို ငြင်းပယ်သင့်သည်၊ သို့မဟုတ် စကားပြောဆိုနိုင်သည့်အခြေအနေရှိလျှင် အဘယ်ကြောင့် ဤသို့အခိုင်အမာပြောဆိုရသည်ကို မေးမြန်းပါ။ ဘုရားသခင့်လူမျိုး၏ရန်သူများသည် ညီအစ်ကိုများကို အန္တရာယ်ပြုရန်အတွက် သူတို့အဘယ်နေရာတွင်ရှိနေကြောင်း မေးမြန်းလှာသည်ဆိုလျှင် ကျွန်ုပ်တို့ညီအစ်ကိုများအပေါ်ထားရှိသော တည်ကြည်သောမေတ္တာကြောင့် သတင်းအချက်အလက်များကို ပြောပြမည်မဟုတ်ချေ။—သု. ၁၈:၂၄

ချစ်ခင်ကြင်နာသူသည် အသက်ကိုတွေ့လိမ့်မည်

၁၈၊ ၁၉။ ယုံကြည်သူချင်းများနှင့် ဆက်ဆံသောအခါ ချစ်ခင်ကြင်နာမှုဖြင့် အဘယ်ကြောင့် အမြဲပြောဆိုသင့်သနည်း။

၁၈ ယေဟောဝါကိုဝတ်ပြုသည့် ယုံကြည်သူချင်းများနှင့် ဆက်ဆံသည့်အခါတိုင်း တည်ကြည်သောမေတ္တာ ထင်ရှားသင့်သည်။ ခက်ခဲသည့်အခြေအနေများအောက်၌ပင် ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုသင့်သည်။ အစ္စရေးလူမျို၏ချစ်ခင်ကြင်နာမှုသည် “စောစောပျောက်တတ်သောနှင်းကဲ့သို့” ဖြစ်သောအခါ ယေဟောဝါမနှစ်သက်ခဲ့ချေ။ (ဟော. ၆:၄၊) သို့သော် ချစ်ခင်ကြင်နာမှုကို အမြဲတင်ပြသည်ကို ကိုယ်တော်နှစ်သက်တော်မူသည်။ ယင်းသို့တင်ပြသူကို မည်သို့ကောင်းချီးပေးကြောင်း သုံးသပ်ကြည့်ပါ။

၁၉ ကျမ်းစာက ဤသို့ဖော်ပြသည်– “ဖြောင့်မတ်ခြင်းတရားနှင့် . . . [ချစ်ခင်ကြင်နာခြင်း] ကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကို တွေ့တတ်၏။” (သု. ၂၁:၂၁) ဤသို့သောလူတစ်ဦးခံစားရသည့်ကောင်းချီးများတွင် အသက်ကိုတွေ့ခြင်းပါ၀င်သည်၊ ယင်းသည် ခဏသာတည်မည့်အသက်မဟုတ်ဘဲ အဆုံးမရှိသောအသက်ဖြစ်သည်။ “မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်” ရန် ယေဟောဝါ ကူညီပေးသည်။ (၁ တိ. ၆:၁၂၊ ၁၉) ထို့ကြောင့် ဆက်၍ ‘သနားခြင်းစိတ် [ချစ်ခင်ကြင်နာမှု] နှင့် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြု’ ကြပါစို့။—ဇာ. ၇:၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ချစ်ခင်ကြင်နာမှုဟူသော မူရင်းစကားလုံးကို စကားလုံးအမျိုးမျိုးဖြင့် ပြန်ဆိုကြသည်။ ဤစကားလုံးကို ယုဒသန်ကျမ်းစာတွင် မေတ္တာတရား၊ ကျေးဇူးပြု၊ ကရုဏာကျေးဇူး၊ ကရုဏာတော်၊ ကြည်ညိုသောစိတ်ဟူ၍ ပြန်ဆိုထားသည်။ မြန်မာဘာသာဖြင့် ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာတွင် မေတ္တာကရုဏာဟု ပြန်ဆိုထားသည်။

^ အပိုဒ်၊ 4 ချစ်ခင်ကြင်နာမှုသည် တည်ကြည်ခြင်း၊ မေတ္တာ၊ ကြင်နာမှုတို့နှင့် ကွဲပြားကြောင်း ဖော်ပြသည့် ထပ်ဆင့်အချက်အလက်များအတွက် မေ ၁၅၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃၊ ၁၈-၁၉ ကိုကြည့်ပါ။

သင်ရှင်းပြနိုင်သလော

• ချစ်ခင်ကြင်နာမှုကို သင်မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။

• ချစ်ခင်ကြင်နာမှုဖြင့် ပြောဆိုနိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။

• အိမ်ထောင်ဖက်များသည် မိမိတို့၏အပြောအဆိုတွင် တည်ကြည်သောမေတ္တာကို မည်သို့ဖော်ပြနိုင်သနည်း။

• ယုံကြည်သူချင်းများနှင့်ဆက်ဆံရာတွင် ချစ်ခင်ကြင်နာမှုကို မည်သို့ပြသနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါပုံစာ]

ယေဟောဝါ၏ ချစ်ခင်ကြင်နာမှုအကြောင်း ဒါဝိဒ်သီဆိုချီးမွမ်းခဲ့

[စာမျက်နှာ ၂၄ ပါပုံစာ]

သင်သည် မိသားစုဝတ်ပြုမှုညချမ်းကို ပုံမှန်ပြုလုပ်ပါသလော