မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

အပြစ်များသူအဖြစ် လူသိများသူတစ်ဦးကို ယေရှုက သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီဟု အဘယ်ကြောင့်ပြောနိုင်ခဲ့သနည်း။—လု. ၇:၃၇၊ ၄၈

ရှိမုန်အမည်ရှိ ဖာရှိရှဲတစ်ဦး၏နေအိမ်တွင် ယေရှု လဲလျောင်းစားသောက်နေစဉ် အမျိုးသမီးတစ်ဦးသည် ယေရှု၏ ‘နောက်တော်၌ ခြေရင်းနား’ သို့ရောက်လာကာ ယေရှု၏ခြေကို မျက်ရည်များဖြင့် စိုစေ၍ ဆံပင်ဖြင့်သုတ်လေသည်။ ခြေထောက်ကိုလည်းနမ်း၍ ဆီမွှေးဖြင့် လိမ်းလေသည်။ ထိုအမျိုးသမီးသည် “အပြစ်များသူအဖြစ် လူသိများ” သည်ဟု ခရစ်ဝင်ကျမ်းတွင် ဖော်ပြထား၏။ မစုံလင်သောလူသားတိုင်းသည် အပြစ်သားများဖြစ်ကြသည်၊ သို့သော် အလွန်ဆိုးသွမ်းသော အပြစ်ပြုသူများ သို့မဟုတ် နာမည်ဆိုးရှိသူများအတွက် သမ္မာကျမ်းစာတွင် ယင်းအသုံးအနှုန်းကို အသုံးပြုလေ့ရှိသည်။ ထိုအမျိုးသမီးသည် ပြည့်တန်ဆာတစ်ဦးဖြစ်ပုံရသည်။ ထိုသို့သောသူတစ်ဦးကို ယေရှုက “သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီ” ဟုပြောခဲ့သည်။ (လု. ၇:၃၆-၃၈၊ ၄၈) ယေရှု ထိုသို့ပြောရာတွင် အဘယ်အရာကို ဆိုလိုနေခြင်းနည်း။ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို မပေးဆက်ရသေးသောကြောင့် အဘယ်နည်းဖြင့် အပြစ်လွှတ်နိုင်သနည်း။

အမျိုးသမီး ယေရှု၏ခြေကိုဆေးပေးပြီး ဆီဖြင့်လိမ်းပြီးနောက် သူမ၏အပြစ်ကို ခွင့်မလွှတ်မီတွင် ယေရှုသည် အိမ်ရှင်ဖြစ်သူ ရှိမုန်အား အရေးပါသောအချက်ကိုရှင်းပြရန် ပုံဥပမာတစ်ခုကို အသုံးပြုခဲ့သည်။ ယေရှုသည် အပြစ်ကို ဆပ်၍မကုန်နိုင်သောအကြွေးဖြင့် နှိုင်းယှဉ်ကာ ရှိမုန်အား ဤသို့ပြောခဲ့သည်– “ကြွေးရှင်တစ်ဦး၌ မြီစားနှစ်ဦးရှိ၏။ တစ်ဦးတွင် ဒေနာရိငါးရာ၊ နောက်တစ်ဦးတွင် ငါးဆယ် အကြွေးရှိ၏။ သူတို့သည် ကြွေးဆပ်စရာ မရှိသောကြောင့် ကြွေးရှင်သည် ထိုသူနှစ်ဦးစလုံးကိုကျေးဇူးပြု၍ ကြွေးကိုလျှော်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။ ရှိမုန်ကလည်း သာ၍ကျေးဇူးခံရသောသူသည် သာ၍ချစ်လိမ့်မည် ဟုလျှောက်လျှင် ကိုယ်တော်က သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူ၏။” (လု. ၇:၄၁-၄၃) ကျွန်ုပ်တို့အားလုံးတွင် ဘုရားသခင်ကို နာခံရမည့်တာဝန်ရှိသည်။ ထို့ကြောင့် ကိုယ်တော့်ကိုမနာခံဘဲ အပြစ်ပြုသောအခါ ကိုယ်တော်ရသင့်ရထိုက်ရာကို ကျွန်ုပ်တို့ ပေးဆပ်ရန် ပျက်ကွက်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့တွင် အကြွေးများ ပုံလာသည်။ သို့သော် ယေဟောဝါသည် အကြွေးများကို တလိုတလား လျှော်ပစ်လိုက်သည့် ကြွေးရှင်နှင့်တူသည်။ ထို့ကြောင့် ယေရှုက မိမိနောက်လိုက်များအား ဤသို့ဆုတောင်းရန် သင်ပေးခဲ့သည်– “အပြစ်ကြွေးတင်သူတို့ကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။” (မ. ၆:၁၂) လုကာ ၁၁:၄ တွင် အပြစ်များကို အကြွေးများအဖြစ် ဖော်ပြထားသည်။

ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကို ယေရှုမပေးဆက်မီအချိန်က ဘုရားသခင်သည် အဘယ်နည်းဖြင့် အပြစ်များကို ခွင့်လွှတ်ခဲ့သနည်း။ ကိုယ်တော်၏စုံလင်သော တရားမျှတမှုတွင် အပြစ်အတွက် သေဒဏ်ခံရမည်ဟု တောင်းဆိုသည်။ ထို့ကြောင့် အာဒံသည် အပြစ်အတွက် သေဒဏ်ခံခဲ့ရ၏။ သို့သော် အစ္စရေးလူမျိုးအား ပေးခဲ့သောပညတ်တွင် အပြစ်ပြုသူသည် မိမိကျူးလွန်သောအပြစ်အတွက် တိရစ္ဆာန်တစ်ကောင်ကို ယေဟောဝါထံ ပူဇော်ခြင်းဖြင့် အပြစ်လွှတ်ခံရနိုင်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ပညတ်တရားအရ အရာခပ်သိမ်းနီးပါးကို အသွေးအားဖြင့် စင်ကြယ်စေရ၏။ အသွေးသွန်းလောင်းခြင်းမရှိဘဲ အပြစ်လွှတ်ခြင်းမရှိ။” (ဟေဗြဲ ၉:၂၂) ဤနည်းမှလွဲ၍ အခြားနည်းဖြင့် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုမရရှိနိုင်ကြောင်း ဂျူးများ သိထားကြသည်။ ထို့ကြောင့် အမျိုးသမီးအား ယေရှုပြောခဲ့သောစကားကို ကြားသူများက ယင်းအချက်ကို ကန့်ကွက်ကြခြင်းမှာ အဆန်းမဟုတ်ချေ။ ယေရှုနှင့်အတူ စားပွဲတွင်လျောင်းနေသူများက “အပြစ်များကိုပင်လွှတ်သော ဤသူကား မည်သူနည်း” ဟု စိတ်ထဲတွင် ဆင်ခြင်ခဲ့ကြသည်။ (လု. ၇:၄၉) ထို့ကြောင့် ဤမျှအပြစ်များသော အမျိုးသမီးသည် အဘယ်အရာပေါ်အခြေခံ၍ အပြစ်လွှတ်ခံရနိုင်သနည်း။

ပထမလူသားမောင်နှံ ပုန်ကန်ပြီးနောက် ယေဟောဝါ၏ရည်ရွယ်ချက်ကို ဖော်ပြသည့် ဦးဆုံးပရောဖက်ပြုချက်တွင် စာတန်နှင့် သူ၏အမျိုးအနွယ်ကြောင့် ဖနောင့်တွင်ဒဏ်ရာရမည့် “အမျိုးအနွယ်” ပေါ်ထွက်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (က. ၃:၁၅) ဘုရားသခင့်ရန်သူများကြောင့် ယေရှု အသတ်ခံရချိန်တွင် ဖနောင့်၌ ဒဏ်ရာရခဲ့သည်။ (ဂလ. ၃:၁၃၊ ၁၆) ခရစ်တော်သွန်းလောင်းခဲ့သောအသွေးသည် လူသားများအား အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေရန် ပေးဆက်ခဲ့သော ရွေးနုတ်ဖိုးဖြစ်သည်။ ယေဟောဝါ၏ရည်ရွယ်ချက် မပြည့်စုံစေရန် အဘယ်အရာကမျှ မတားဆီးနိုင်သောကြောင့် ကမ္ဘာဦး ၃:၁၅ ပါစကားများကို ပြောပြီးသည်နှင့် ဘုရားသခင့်အမြင်တွင် ရွေးနုတ်ဖိုးပေးပြီးသည့်အလားဖြစ်သည်။ ယခု မိမိ၏ကတိတော်များကို ယုံကြည်သူများအား ကိုယ်တော်ခွင့်လွှတ်နိုင်ပြီဖြစ်သည်။

ခရစ်ယာန်ခေတ်မတိုင်မီက လူများစွာကို ဖြောင့်မတ်သူများအဖြစ် ယေဟောဝါသတ်မှတ်ခဲ့သည်။ ယင်းတို့အထဲတွင် ဧနောက်၊ နောဧ၊ အာဗြဟံ၊ ရာခပ်နှင့် ယောဘတို့ပါဝင်သည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်ကတိတော်များပြည့်စုံလာရန် မျှော်လင့်ခဲ့ကြသည်။ တပည့်ယာကုပ် ဤသို့ရေးခဲ့သည်– “အာဗြဟံသည် ယေဟောဝါကို ယုံကြည်သဖြင့် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟု ယူမှတ်တော်မူ၏။” ရာခပ်နှင့်ပတ်သက်၍လည်း ယာကုပ် ဤသို့ပြောခဲ့သည်– ‘ပြည့်တန်ဆာရာခပ်သည်လည်း အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။’—ယာ. ၂:၂၁-၂၅

ရှေးအစ္စရေးဘုရင် ဒါဝိဒ်သည် ကြီးလေးသောအပြစ်များစွာ ကျူးလွန်ခဲ့သည်၊ သို့သော် သူသည် စစ်မှန်သောဘုရားသခင်ကို အခိုင်အမာယုံကြည်ခဲ့ပြီး အကြိမ်တိုင်း စစ်မှန်သောနောင်တ တင်ပြခဲ့သည်။ ထို့ပြင် သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “အသွေးတော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခွင့်ရရန် ဘုရားသခင်သည် ခရစ်တော်ကို အပြစ်ဖြေရာယဇ်အဖြစ် စေလွှတ်တော်မူ၏။ ဘုရားသခင်သည် သည်းခံတော်မူစဉ် အတိတ်မှအပြစ်များကို ခွင့်လွှတ်သဖြင့် ဖြောင့်မတ်တော်မူကြောင်း ဖော်ပြမည်အကြောင်းဖြစ်၏။ ယခုကာလ၌ ဖြောင့်မတ်တော်မူခြင်းကိုဖော်ပြ၍ ယေရှုကိုယုံကြည်သူအား ဖြောင့်မတ်ရာသို့ ရောက်စေသောအခါ၌ပင် ဖြောင့်မတ်တော်မူမည်အကြောင်းဖြစ်၏။” (ရော. ၃:၂၅၊ ၂၆) အနာဂတ်တွင်ပေးမည့် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေခံ၍ ယေဟောဝါသည် မိမိ၏တရားမျှတခြင်းဆိုင်ရာ စံနှုန်းများကို မချိုးဖောက်ဘဲ ဒါဝိဒ်၏ကြီးလေးသောအပြစ်များကို ခွင့်လွှတ်နိုင်ခဲ့သည်။

ယေရှု၏ခြေကို ဆီလိမ်းပေးခဲ့သော အမျိုးသမီး၏အခြေအနေသည်လည်း အလားတူပင်ဖြစ်သည်။ သူမသည် အကျင့်ပျက်ဘ၀ပုံစံဖြင့် နေထိုင်ခဲ့သော်လည်း နောင်တရခဲ့သည်။ သူမသည် အပြစ်မှ ရွေးနုတ်ခံရရန်လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး ရွေးနုတ်ဖိုးပေးရန် ယေဟောဝါစေလွှတ်လိုက်သူကို ကျေးဇူးတင်လေးမြတ်ကြောင်း လုပ်ရပ်ဖြင့် တင်ပြခဲ့သည်။ ပူဇော်ရာယဇ်ကို မပေးဆက်ရသေးသော်လည်း ထိုပူဇော်ရာယဇ်သည် အလွန်သေချာသောကြောင့် ယင်း၏တန်ဖိုးကို ထိုအမျိုးသမီးကဲ့သို့သောသူများအတွက် အသုံးပြုနိုင်သည်။ ထို့ကြောင့် ယေရှုက အမျိုးသမီးအား “သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီ” ဟုပြောခဲ့ခြင်းဖြစ်သည်။

ဤမှတ်တမ်းတွင် ရှင်းရှင်းလင်းလင်း ဖော်ပြသည့်အတိုင်း ယေရှုသည် အပြစ်ရှိသူများကို မရှောင်ခဲ့ချေ။ သူတို့အတွက် ကောင်းမှုများပြုခဲ့သည်။ ထို့ပြင် ယေဟောဝါသည် နောင်တရသည့် အပြစ်ပြုသူများကို တလိုတလား ခွင့်လွှတ်တော်မူသည်။ ယင်းသည် မစုံလင်သောလူသားများဖြစ်သည့် ကျွန်ုပ်တို့အတွက် အမှန်ပင် အားရှိစရာပါတကား။

[စာမျက်နှာ ၇ ပါရုပ်ပုံ]

ဤသူများသည် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခံရ